← Chapters

အခန်း (၂၄၀)

Vol. 20 Ch. 240

အခန်း (၂၄၀)

Vol. 20 Ch. 240

လုယန် ကွမ်ချန်စစ်အကယ်ဒမီသို့ သတင်းပို့လိုက်သည်။ သူတို့အထူးလေ့ကျင့်ရေးသင်တန်းမှာ လူ ၁၂ ယောက်ရှိပြီး အားလုံးက အသက် ၃၀ကျော်ကြလေပြီ။ သူတို့တွေက အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်နှင့် မြောက်တရုတ်ပင်လယ်တို့ရှိရေတပ်များမှ ရောက်လာသူများပင်။

လူ ၁၂ ယောက်တွင် ၁၀ယောက်က အိမ်ထောင်ပြုခဲ့ပြီးဖြစ်သော်လည်း ကုချန်နှင့် တုဖေးဖန်အမည်ရှိတဲ့ လူတစ်ယောက်ကတော့ အိမ်ထောင်မပြုရသေးပေ။

ယခုတစ်ကြိမ်တွင် လုကောက လက်မထပ်ရသေးသူမဟုတ်တော့ဘဲ သူ့တွင် ဇနီးနှင့်သားသမီးတွေရှိနေပြီဖြစ်သည်။

အတန်းထဲတွင် အရင်တုန်းကအတူတူကျောင်းတက်ခဲ့သော အသိအကျွမ်းဟောင်း ရှဲ့ကျန့်ယွင်နှင့်လည်း တွေ့ဆုံခဲ့သည်။ သူ လုယန်ကိုတွေ့တဲ့အခါ "အဲဒီတုန်းက ငါပေးခဲ့တဲ့ ရေဒီယိုကော ဘယ်လိုလဲကွ?" လို့မေးလိုက်သည်။

"ငါကောင်းကောင်းသိမ်းထားတယ်"

လုယန် ပြုံး၍ အတိတ်နေ့ရက်တွေကို ပြန်သတိရမိသွားရသည်။ ဘတ်စ်ကားပေါ်မှာ သူ့ကို ပြန်ပြုံးပြနေတဲ့သူမလေးဟာ ပန်းတစ်ပွင့်လို လှပလွန်းလှပြီး အဲဒီနေ့ရဲ့ ပုံရိပ်ဟာ သူ့နှလုံးသားထဲမှာ အမြဲတမ်းရေးထွင်းထားသလိုပင်။

"လက်ထပ်ပြီးတဲ့ဘဝကရော ဘယ်လိုလဲ?"

"မင်းမှာကလေးဘယ်နှစ်ယောက်ရှိပြီလဲ?"

…

ကျောင်းနေရာကို အရင်လက်နက်တိုက်နေရာမှ ပြောင်းထားခဲ့သဖြင့် လေဆိပ်နှင့်နီးပြီး မြို့နှင့်ဝေးလေ၏။ ချင်းရို့တည်ရှိရာ လင်းနန်တက္ကသိုလ်ကျောင်းဝင်းသည် စစ်အကယ်ဒမီနှင့် တော်တော်ဝေးပြီး ကားဖြင့်သွားရန် တစ်နာရီခန့်ကြာသည်။

လုယန်က ယာယီမိသားစုအခန်းတစ်ခုကို နေရာရထားသဖြင့် လုကျုံးရီနှင့်ကျန်းဖျင်တို့လည်း မြေးမလေးတွေနဲ့အတူတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ လောင်လုဇနီးမောင်နှံဟာ စစ်အကယ်ဒမီ၏အငွေ့အသက်ကို အလွန်နှစ်သက်ကြ၏။ လုယန် အတန်းပြီးချိန်ညနေပိုင်း၌ တစ်နှစ်ကျော်အရွယ်သမီးလေးနှစ်ယောက်ကို အဖော်ပြုပေးရန် အိမ်ပြန်လာခဲ့သည်။

ညနေခင်း၌ ဘတ်စကတ်ဘောကွင်းတွင် ကျောင်းသားတော်တော်များများ ဘတ်စကတ်ဘောကစားနေကြလျက်။ လုယန်က လက်တစ်ဖက်စီတွင် သမီးလေးတွေကို ချီထားရင်း ကွင်းနဲ့ခပ်လှမ်းလှမ်းမှာ လမ်းလျှောက်နေခဲ့သည်။

"ပါးပါး... ဘောလုံး!" ရှောင်သို့သို့က ရှေ့ကိုလက်ညှိုးထိုးပြလိုက်၏။

"ဟီးဟီး" အငယ်လေးရှောင်ရုန်ရုန်ကလည်း ဘောလုံးကိုကြည့်၍ ပြုံးနေလေသည်။

…

ဤအဖေနဲ့သမီးများအတွဲဟာ စစ်အကယ်ဒမီမှာ မျက်စိဖမ်းစားဖွယ်ပင်။ ဟုတ်တာပေါ့၊ တစ်ချိန်က လူတွေရဲ့ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်ခဲ့တဲ့ ချောမောခန့်ညားသောကပ္ပတိန်လုတော့ မဟုတ်ပါပေ၊ ဤစစ်အကယ်ဒမီတွင် အမျိုးသားတွေသာ ကြီးစိုးနေတာကြောင့် ချောမောခန့်ညားတဲ့အမျိုးသားတွေကို ဘယ်သူမှအာရုံစိုက်မနေဘဲ လုယန်လက်ထဲက ချစ်စရာကောင်မလေးနှစ်ယောက်ကိုပဲ ပိုအာရုံစိုက်နေကြပေသည်။

- ရုပ်ချင်းဆင်တူတဲ့ အမြွှာမိန်းကလေးတွေ!!

ကလေးငယ်နှစ်ယောက်ဟာ သူတို့မေမေနဲ့ အလွန်ဆင်တူကြ၍ ငယ်ငယ်လေးကထဲက အလှလေးတွေဖြစ်နေလေပြီ။ နေ့တိုင်း ကောင်းကောင်းကျွေးမွေးပျိုးထောင်ခံထားရတာဆိုတော့ ပြောနေစရာပင်မလို၊ သွားဖြူဖြူလေးနဲ့ နှုတ်ခမ်းလေးတွေရဲနေပြီး နဖူးပေါ်က အနီစက်လေးကြောင့် ပိုမိုချစ်စရာကောင်းနေသည်မှာ တရုတ်နှစ်သစ်ကူးပန်းချီပုံတွေထဲက ဖူဝါထက်ပင် ပိုလှပနေပါသေးရဲ့။

ဤခေတ်တွင် လူတော်တော်များများက သမီးမိန်းကလေးတွေထက် သားယောကျ်ားလေးတွေကိုသာ ပို၍ဦးစားပေးတတ်ကြသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် သမီး
ထက် သားတစ်ယောက်ကိုသာ ပို၍အလိုရှိကြ၏။ မိသားစုမှာ သားယောကျ်ားလေးတွေ ပိုများလေလေ မျက်နှာပိုပွင့်လေလေပင်။ သမီးတွေကို သူတို့ သိပ်ဂရုမစိုက်ကြပေ၊ နောက်တစ်ချိန်မှာ တခြားမိသားစုထဲကို လက်ထပ်ဝင်သွားရမယ့် သမီးမိန်းကလေးတွေကို ပျိုးထောင်ရတာ ပိုက်ဆံဖြုန်းသလိုပဲလို့ တွေးကြ၏။

သူတို့အတန်းထဲတွင် ကျန်းမန်ထန်လို့ အမည်ရှိတဲ့လူတစ်ယောက်ရှိ၏။ သူ့ဇနီးသည်က သားချည်းပဲ ၅ယောက်ဆက်တိုက်မွေးထားသဖြင့် သူ့မွေးရပ်မြေမှာရော၊ တပ်မတော်ထဲမှာပါ သူ့ကိုယ်သူအလွန်ဂုဏ်ယူစရာကောင်းတယ်လို့ ထင်နေလျက်။

ရန်ချွမ်ကျုံးလို့ခေါ်တဲ့ နောက်တစ်ယောက်လည်းရှိပါသေးသည်။ သူ့ဇနီးသည်က သမီးမိန်းကလေးနှစ်ယောက်မွေးထားသည်ပင်၊ အကြီးမလေးကို ကျောင်းတိ၊ အငယ်မလေးကို ဖန့်တိလို့နာမည်ပေးထား၏။ ယခု သူ့ဇနီးသည်မှာ ကိုယ်ဝန်ရှိနေပြန်ပြီဖြစ်ရာ သူတို့နှစ်ယောက်စလုံး သားယောကျ်ားလေးမွေးလာဖို့ မျှော်လင့်နေကြလေပြီ။

သူတို့မိသားစုနှစ်စုထဲက တစ်စုဟာ သား၅ယောက်ရှိသည်ကြောင့် နေတိုင်းဆူညံပွတ်လောရိုက်နေပြီး မားမားကျန်းရဲ့ အော်ငေါက်သံ၊ သစ်သားတုတ်နဲ့ လိုက်ရိုက်သံတွေကို ကြားနိုင်မည်ပင်၊ တစ်ဖက်တွင်မူ ရန်ချွမ်ကျုံးရဲ့ သမီးနှစ်ယောက်နှင့် ကိုယ်ဝန်ဆောင်ဇနီးရှိနေ၍ ရန်ချွမ်ကျုံးက ကျန်းမန်ထန်ကို အမြဲရှောင်တတ်သည်။

ကျန်းမန်ထန်က ရန်ချွမ်ကျုံး၏ရှေ့တွင် ပိုသာတယ်လို့ ခံစားရသဖြင့် သူတို့ဆုံတွေ့တိုင်း စကားနည်းနည်းပိုပြောတတ်သည် - "ငါ့ကို ကျန်းမန်ထန်လို့ နာမည်ကောင်းပေးထားတဲ့ ငါ့အဖေကြောင့်ပဲ၊ နောင်ကျ ငါ့ဆီမှာ သားစဉ်မြေးဆက်တွေ အများကြီးရှိနိုင်လိမ့်မယ်"

"ကလေးတွေအများကြီးကို ပြုစုပျိုးထောင်ဖို့ဆိုတာလည်း စိတ်ပူစရာပါပဲကွာ" ကျန်းမန်ထန်က ညည်းညူသလိုနဲ့ ကြွားဝါနေခြင်းပင်။ သူ့မိသားစုမှာ သားယောက်ျားလေး ၅ယောက်ရှိသောကြောင့် ကြွားဝါပြောဆိုနိုင်၍ လူတွေ သူ့ကိုအားကျမနာလိုဖြစ်ကြသည်။

အမှန်ပင်ညည်းညူနေခြင်းသာ။ သူ့အိမ်မှာ သားယောကျ်ားလေး ၅ယောက်ရှိ၍ သူ့ဇနီးက အလုပ်မလုပ်ဘဲ ကလေးတွေကို ဂရုစိုက်ဖို့ အိမ်မှာပဲနေသည်။ ကလေးဆိုးလေးတွေဟာ နေ့တိုင်း သူတို့အဝတ်အစားတွေ စုတ်ပြဲနေသဖြင့် အဖာအထပ်ထပ်နှင့်ဖြစ်နေ၍ ကြည့်ရတာ ညစ်ပတ်ပြီး အရုပ်ဆိုးနေသလိုပင်။ သူတို့မိသားစုဟာ အလွန်ချိုးခြံချွေတာရသည်။

ကျန်းမန်ထန်သည် ဆင်းရဲသော်လည်း သားအများကြီးမွေးထားလို့ နောင်တမရပါပေ။ သူ့မိသားစုမှာ သားယောကျ်ားလေးတွေအများကြီးရှိတာကြောင့် အခြားမိသားစုတွေဆီက အနိုင်ကျင့်ခံရမှာကို မကြောက်ခဲ့ချေ။ ခြံဝိုင်းထဲမှာ သူ့မိသားစုကို ဘယ်သူက အနိုင်ကျင့်ဝံ့မှာလဲဟေ့?

ဆင်းရဲတာက အဆင်ပြေပါတယ်၊ ဆင်းရဲတာက စိတ်အေးသက်သာပါတယ်...

ယင်းကား ရုပ်ပိုင်းဆိုင်ရာဆင်းရဲခြင်းသာ၊ သို့သော် ကျန်းမန်ထန်ကတော့ ကျေနပ်နေလေ၏။ အထူးသဖြင့် သူ ရန်ချွမ်ကျုံးလို "ကံမကောင်းသူတစ်ဦး"နှင့် တွေ့ဆုံသောအခါ စကားအနည်းငယ်စနောက်ရန် ရန်ချွမ်ကျုံးထံပြေးသွားတတ်သည်

"မင်းနာမည်က ချွမ်ကျုံးလေ၊ မင်းရဲ့မျိုးဆက်ကို မပြန့်ပွားနိုင်ရင် မင်းဘယ်လိုလုပ်မတုန်း?"

"မင်းမိန်းမက ဒီတစ်ခါတော့ သားတစ်ယောက်မွေးသင့်တယ်ကွာ"

"မင်း ငါ့ကို သမီးတစ်ယောက်ပေးမယ်လို့ ​ပြောထားတာ၊ အလဲအလှယ်အနေနဲ့ ငါလည်း သားတစ်ယောက်ပေးမယ်ဆိုရင်ရော၊ ဘယ်လောက်ကောင်းလိုက်သလဲ..."

…

ရန်ချွမ်ကျုံးအမည်ကို သူ့အဖေက မှည့်ပေးခဲ့ခြင်းပင်။ ကျေးဇူးသိတတ်ပြီး နာခံတတ်သည်။ သူ့သမီးနှစ်ယောက်ကိုလည်း ကျောင်းတိ၊ ဖန့်တိဟူ၍ သူတို့အဖိုးမှည့်ပေးထား၏။ သူသည် မိသားစုထဲတွင် တစ်ဦးတည်းသောသားဖြစ်တာကြောင့် ဒီမျိုးဆက်ကို အဆုံးသတ်ခွင့်မပေးနိုင်ပါချေ။

ကျန်းမန်ထန်ရှေ့မှာ ရန်ချွမ်ကျုံး မကြာခဏ အရှက်ကွဲရတယ်လို့ ခံစားခဲ့ရတာကြောင့် သူ့သမီးလေးတွေကို ပွေ့ဖက်ခဲပြီး နီးနီးကပ်ကပ်မနေခဲ့ပေ။

ရန်ချွမ်ကျုံးရဲ့မျက်လုံးထဲတွင် သူ့သမီးနှစ်ယောက်နဲ့ နေ့တိုင်းအပြင်ထွက်နေတဲ့လုယန်ဟာ အရမ်းထူးခြားနေပုံရသည်။

လုယန်ဟာ ထူးဆန်းနေသူဟု သူတစ်ယောက်တည်းသာထင်သည်မဟုတ်၊ ကျန်းမန်ထန်လည်း ထိုနည်းလည်းကောင်းပင် ခံစားခဲ့ရသည်။

"အမြွှာသမီးလေးတွေရှိတာ ထူးဆန်းတယ်ဆိုပေမယ့် အရမ်းကြီးလည်းမဟုတ်ပါဘူးကွာ ဟုတ်တယ်မလား?"

"အဲဒါက သမီးနှစ်ယောက်ပဲလေ"

…

လုယန်အတန်းပြီးနောက် မိသားစုအိမ်ဆီ ပြန်လာခဲ့သည်။ အိမ်ရှိကလေးမလေးနှစ်ယောက်က သူတို့ဖေဖေပြန်အလာကို စောင့်မျှော်နေတတ်ကြသည်။ သူတို့လမ်းလျှောက်တတ်ပြီးသိပ်မကြာခင်မှာပဲ သူတို့ဖေဖေရဲ့ ရင်ခွင်ထဲကို ခြေထောက်တိုတိုလေးတွေနဲ့ ပျော်ရွှင်စွာပြေးဝင်တတ်ကြသည်။

"ပါးပါး..."

"သမီးအလိမ္မာလေးတွေ"

လုယန်ပြုံးပြီး သူ့သမီးနှစ်ယောက်ကို ကောက်ချိလိုက်သော်လည်း သို့သို့နဲ့ ရုန်ရုန်လေးက အခုမှလမ်းလျှောက်တတ်ခါစဖြစ်၍ သူတို့ဘာသာ လမ်းလျှောက်လိုကြ၏။ ကလေးမလေးတွေဟာ မကိုင်ဘဲ လမ်းလျှောက်တတ်ရန် ကြိုးစားနေဆဲ။ ညီအစ်မနှစ်ယောက်က သူတို့ခေါင်းတွေကိုမော့၍ သူတို့ဖေဖေခြေထောက်နားမှာ ပတ်လျှောက်နေလေသည်။

ဟိုဘက်အိမ်က ကျန်းမန်ထန်က ဤမြင်ကွင်းကိုမြင်တဲ့အခါ နောက်ပြောင်လေသည်။

"မင်းရဲ့သမီးလေးနှစ်ယောက်ကို စေ့စပ်ထားပြီးပြီလား? အနာဂတ်မှာ ငါ့သားလေးနဲ့ လက်ထပ်ကြမလား?"

သူပြောပြီးသည်နှင့် နောက်ထပ်ယောက်ျားတစ်ယောက်ရဲ့အသံက ထွက်လာခဲ့သည်။ "မင်းရဲ့သားလေးက အရမ်းဆိုးသွမ်းတဲ့ဟာ။ ငါ့သားကိုလာကြည့်လိုက်၊ သူက သူ့အဖေလို ချောမောခန့်ညားနေရောပဲကွ၊ လောင်လု ငါတို့မိသားစုနဲ့ လက်ထပ်ဖို့ စဉ်းစားပေးဦးကွာ"

xxx

All Chapters