← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 18 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 18 Ch. 213-214

အခန်း ၂၁၃ -

ကောင်းကင်အက်ကွဲကြောင်းနှင့် နက်ရှိုင်းသော ချောက်ကမ်းပါး။

အရိုးဖြူတံဆိပ်သည် စူးရှသော အလင်းတန်းများ ရုတ်ချည်း ထုတ်လွှတ်လာ၏။ ရောက်ရှိနေသူ လူအများစုသည်လည်း သူတို့၏ အရိုးဖြူတံဆိပ်များကို ချက်ချင်း ထုတ်ယူ ကြည့်လိုက်ကြသည်။

ထိုတံဆိပ်များမှ အလင်းရောင်သည် ကျောက်တံခါးကြီးနှင့် အပြန်အလှန် ရောင်ပြန် ဟပ်နေသယောင်ပေပင်။

သို့သော် လူတိုင်းသည် ထိုသို့သော အရိုးဖြူတံဆိပ်များရှိနေကြသည် မဟုတ်ချေ။ ခရမ်းရောင်နေမင်းနယ်ပယ် (၅)ဦးနှင့် ယွမ်ဖူ နယ်ပယ်ကျင့်ကြံသူ အချို့တွင်သာ အရိုးဖြူ တံဆိပ်များ ပိုင်ဆိုင်ထား၏။

တံဆိပ်ရှိသူများက ကျောက်တံခါးထံ စိတ်လှုပ်ရှားစွာ မော့ကြည့်စဉ် တံဆိပ်မရှိသူများ သည်လည်း သူတို့ထံသို့ လောဘများဖြင့် ကြည့်လာကြတော့သည်။

ကူချန်သည်ပင် အကြည့်အချို့ကို လက်ခံရရှိခဲ့၏။ ရုတ်တရက် ကျောက်တံခါးနှင့် နီးကပ်စွာရှိနေသော အရိုးဖြူတံဆိပ်ပိုင်ရှင်တွင် အလင်းစက်ဝန်းတစ်ခု ပေါ်လာသည်။

“ ရွှီး ... ။ ”

ထိုအလင်းစက်ဝန်းသည် ပူဖောင်းတစ်လုံးကဲ့သို့ သူ့အဖွဲ့သားများအပေါ် သိုင်းခြုံကာ ကျောက်တံခါးထံဆွဲယူသွား၏။

“ အတူတူ ရပ်ကြ ... ။ ”

ထိုမြင်ကွင်းကြောင့် အခြားသော အရိုးဖြူတံဆိပ်ကိုင် တစ်စုံတစ်ယောက်သည် လေသံနှိမ့်၍ သူ့အဖွဲ့ထံပြောကြားလိုက်သည်။

တစ်ဆက်တည်းမှာပင် သူ့အရိုးဖြူတံဆိပ်သည် အလင်းစက်ဝိုင်းအဖြစ် ပြောင်းလဲပြီး အခြားသူများကိုလွှမ်းခြုံလာ၏။

“ အားလုံးလာခဲ့ ... ။ ”

ဤနည်းဖြင့် လန်မိသားစုမှလန်ဝမ်၊ နဂါးတောင်ဝှေးကိုင် အဘွားအိုနှင့် ကန္တာရဓားပြ စန်းချန်တို့သည်လည်း အလင်းစက်ဝန်းများဖြင့် လေထဲမျောပါသွားကြ၏။

“ ဟမ့် ... ။ ”

ဤမြင်ကွင်းက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲဖြစ်လာစေသည်။ ရုတ်တရက် ကူချန်၏နောက်ကျောဘက်မှ လေခွင်းသံနှင့် အတူ ရွှေဝါရောင်အလင်းဖြင့် ဓားတစ်လက် ပျံသန်းလာ၏။

ယင်းကြောင့် ကူချန်တစ်ယောက် မျက်ဝန်းများအေးစက်သွားကာ ချက်ချင်းပင် လှည့်ကြည့်လိုက်လေသည်။

ထိုရွှေဝါရောင်ဓားပျံသည် လေထုအလယ် ရပ်တန့်အေးခဲသွားပြီးနောက် လက်မဝက်မျှပင် ရှေ့ဆက်မတိုးနိုင်ဖြစ်သွား၏။

“ ဘယ်လိုဖြစ်နိုင်မှာလဲ ... ငါ့ရဲ့ထက်မြက်လှတဲ့ ရွှေပျံလွှားဓားပျံက ဘာလို့ ရှေ့မတိုးတော့တာလဲ။ ”

မနီးမဝေးတွင် ထိုဓားဖြင့် တိုက်ခိုက်ခဲ့သည့်လူသည် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားပြီး ထိတ်လန့်တကြား အာမေဋိတ်သံထွက်ပေါ်လာ၏။

“ ခရစ် ... ။ ”

ကူချန်မှ ပြန်မဖြေချေ။ တစ်ဖက်လူကို စိုက်ကြည့်လိုက်၏။ အတွေးတစ်ချက်တည်းဖြင့် ရပ်တန့်နေသောဓားပျံသည် တဖြည်းဖြည်း အက်ကွဲကြေမွှသွားတော့သည်။

တစ်ဆက်တည်းမှာပင် လေထုထဲတွင် နက်မှောင်သောရေစက်ပေါင်း ထောင်နှင့်ချီ၍ ပေါ်ထွက်လာ၏။

ထိုအနက်ရောင် ရေစက်များသည် နှင်းပွင့်များကြားတွင် ပုလဲနက်များအလား လှပစွာ တောက်ပနေသည်။

“ သွား ... ။ ”

ကူချန်မှ ခပ်တိုးတိုးအမိန့်ပေးကာ တစ်ဖက်လူကိုလျစ်လျူရှုပြီး ကျောက်တံခါးထံ ပြန်လှည့်ကြည့်လိုက်တော့၏။ သူ့လက်ထဲရှိ အရိုးဖြူတံဆိပ်သည် သူ့ကိုခေါ်ယူနေချေပြီ။

“ ရွှပ် ... ။ ”

“ မကောင်းတော့ဘူး ... ။ ”

အနက်ရောင် ရေစက်များဖြင့် ပစ်ခတ်ခံလိုက်ရသော် လုပ်ကြံသူတစ်ယောက် ကြောက်လန့်တလား အော်ဟစ်လိုက်၏။

“ အသက်ဝင် ... ။ ”

လုပ်ကြံသူမှ ဝိညာဉ်စွမ်းအင်ကို အလင်းဒိုင်းအဖြစ် ချက်ချင်းခံယူလိုက်တော့၏။

“ ဘန်း ... ။ ”

“ ဘန်း ... ဘန်း ... ။ ”

အနက်ရောင် ရေစက် ထောင်ပေါင်းများစွာသည် မိုးရွာချလိုက်သည့် အလား အလင်းဒိုင်းပေါ် ကျရောက်လာ၏။

ထိုအသံသည် ငှက်ပျောရွက်ပေါ် မိုးပေါက်ကျသံကဲ့သို့ တဖုန်းဖုန်းနှင့် မြည်ဟည်း နေချေပြီ။

လုပ်ကြံသူခမျာ အံကြိတ်၍ ခံယူနေသော်လည်း ရေစက်တစ်စက်ချင်းစီသည် တောင်တစ်လုံးအလား လေးလံလှသဖြင့် နွမ်းနယ်လာတော့၏။

“ ငါ့ကို ကယ်ပါ။ ”

“ စွပ် ... စွပ် ... စွပ် ... ။ ”

“ အား ... ။ ”

သို့သော် မည်သူမျှ ဆန္ဒမရှိချေ။ မိုးရေစက်များသည် အဆက်မပြတ်တိုးဝင်နေပြီး အလင်းဒိုင်းကိုဖြတ်ကျော်ကာ သူ့ခန္ဓာကိုယ်ကို အသားပုံအဖြစ် ပြောင်းလဲပစ်လိုက်တော့၏။

“ ဘယ်လောက် ရက်စက်လဲ။ ”

ဤမြင်ကွင်းကြောင့် ကူချန်ထံမှ တံဆိပ်ကိုလုယူလိုသော အခြားနှစ်ယောက်မှာ ချက်ချင်းတုန့်ဆိုင်းသွားကြသည်။

အစောပိုင်းက သူတို့နှစ်ယောက် ခြေတစ်လှမ်း နောက်ကျခဲ့သည်မှာ ကံကောင်း သွားချေပြီ။ မဟုတ်သော်။

“ ငါတို့ နောက်ကျသွားကံကောင်းတယ် မဟုတ်ရင် အသားပုံဖြစ်သွားမှာ သေချာတယ်။ ”

“ ဒီကောင်လေးက ရုပ်ချောပေမယ့် ရက်စက်လွန်းတယ် ... သူ ခရမ်းရောင်နေမင်း နယ်ပယ် ကျင့်ကြံသူပဲဖြစ်ရမယ် အထဲမှာ သူ့ကိုလုံးဝ ရန်မစမိစေနဲ့။ ”

ထိတ်လန့်မှုများနှင့်အတူ နှစ်ယောက်သား သက်ပြင်းချလိုက်၏။ သည့်နောက် အချင်းချင်း ပြန်ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုက်ကြသည်။

“ ညီအစ်ကို ... ငါတို့နှစ်ယောက် အတူတူသွားမလား။ ”

“ သဘာဝပါပဲ။ ”

ပထမလူမှ အကြံပြုသည်။ ဒုတိယလူသည်လည်း ငြင်းဆန်ခြင်းမရှိချေ။ ချက်ချင်းသဘောတူလိုက်၏။

ထိုအချိန်တွင် ကူချန်၏ခန္ဓာကိုယ်ကို အလင်းစက်ဝိုင်းလွှမ်းခြုံလျက် ကျောက်တံခါးထံ သယ်ဆောင်သွားလေသည်။

ကျောက်တံခါး အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များ ချက်ချင်းပင် ထွက်ပေါ်လာ၏။

အရိုးဖြူတံဆိပ်များသည် လူတိုင်းတွင် ရှိနေသည်မဟုတ်သောကြောင့် အခွင့်အရေးကို လုယူရန် ကြိုးစားကုန်ကြသည်မှာ သဘာဝပေပင်။

တစ်ကိုယ်တော် ကျင့်ကြံသူများပင် အချင်းချင်းပူးပေါင်းကာ တံဆိပ်ပိုင်ရှင်များကို သတ်ရန် ပူးပေါင်းလိုက်ကြ၏။

“ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက အဲဒီရှန်ရှင်းနယ်ပယ်ကျင့်ကြံသူက တကယ့်ကို ပါးနပ်ခဲ့တာပဲ ... ဒီလိုရုန်းရင်းဆန်ခတ် အခြေအနေမျိုးကနေ လွတ်မြောက်နိုင်တာ မယုံနိုင်စရာပဲ။ ”

ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးနေသော ထိုမြင်ကွင်းများထံပြန်လှည့်ကြည့်ကာ ကူချန်မှ ချီးကျူးရေရွတ်လိုက်သည်။

အကယ်၍ တစ်ဖက်လူသည်သာ ကူမိသားစုမှ ဘိုးဘေးဆိုသော် မိသားစုအတွင်း၌ များစွာ အသုံးဝင်လာနိုင်ပေမည်။

ထိုသူသည် ရဲစွမ်းသတ္တိရှိပြီး ဗျူဟာများ ပိုင်နိုင်ချေ၏။ သို့သော် မျှော်လင့်ချက် မရှိချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် နှစ်ပေါင်းတစ်ရာတိုင်အောင် ပျောက်ကွယ်နေခဲ့ သဖြင့် သေဆုံးသွားနိုင်ချေရှိ၏။

ထို့နောက် ကူချန်၏အာရုံသည် ကျောက်တံခါးကြီးအတွင်း ဖြတ်သန်းရာသို့ ပြန်လည်ရောက်ရှိလာသည်။ ဤတံခါးသည် တည်နေရာရွေ့ပြောင်း အစီရင်များကဲ့သို့ မူးဝေခြင်း မရှိခဲ့ချေ။

မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့မှ ကမ္ဘာကြီးသည် လုံးဝပြောင်းလဲသွားခြင်းသာ ဖြစ်လေသည်။ အတွင်းရှိ မြင်ကွင်းများသည် အနည်းငယ် တုန်လှုပ်စရာပေပင်။

ကောင်းကင်သည် မြစိမ်းရောင်ဖြစ်ပြီး နေကို မမြင်ရဘဲ မည်သည့်အရပ်မှလာသည် မသိသော အလင်းရောင်များသာ ရှိနေသည်။

ထူးခြားမှုအနေဖြင့် မြစိမ်းရောင် ကောင်းကင်တွင် အက်ကွဲကြောင်းကြီးတစ်ခု နက်မှောင်စွာတည်ရှိနေခြင်းဖြစ်သည်။

၎င်းသည် ကောင်းကင်ကို အတင်းအဓမ္မ ဆွဲဖြဲထားသည်နှင့်တူ၏။ ထိုသို့ကောင်းကင်ကြီး အောက်၌ တောင်ကိုမှီ၍ဆောက်လုပ်ထားသော အဆောက်အဦးများစွာ ရှိနေသည်။ သို့သော် အားလုံးပျက်စီးနေချေပြီ။

ထိုအဆောက်အဦး ဧရိယာကြီးသည် မိုးကုပ်စက်ဝိုင်းတဆုံးရှည်လျားလှပြီး ယခင်က မည်မျှစည်ကားခဲ့မည်ကို ခန့်မှန်းနိုင်မည်။

ထို့ပြင် အဆောက်အဦးများကြား အဆုံးမရှိဟုထင်ရစေသော ချောက်နက်ကြီး တစ်ခုသည်လည်း ရှိနေပြန်သည်။

ထိုချောက်နက်ကြီးသည် ကောင်းကင် အက်ကွဲကြောင်းနှင့်အပြိုင် မိုင်ပေါင်းများစွာတိုင် ရှည်လျားနေသည်။

ကူချန်တစ်ယောက် အဆိုပါချောက်နက်ကြီးထံ ငေးကြည့်လျက် တစ်စုံတစ်ရာကို ချက်ချင်းသတိရသွားကာ မျက်ခုံးပင့်လိုက်တော့သည်။

“ ဒါ ... ဓားရည်ရွယ်ချက် ... ။ ”

***

အခန်း ၂၁၄ -

လီကျန်းအကယ်ဒမီ ... ။

ထိုသို့ထူးဆန်းသော မြင်ကွင်းထံမှ ရင်းနှီးနေသောခံစားချက်ကို ကူချန်တစ်ယောက် ရရှိလိုက်သည်။ ဤသည်မှာ ဓားဖြစ်၏။

အေးစက်ခြင်း၊ အထီးကျန်ခြင်း၊ ရက်စက်ခြင်း၊ တိကျခြင်း၊ သွေးဆာခြင်းစသည့် အငွေ့အသက်များ ပါဝင်နေသည့် ဓားတစ်လက်ပေပင်။

ထိုဓားသည် သူ့နှလုံးသားကိုပင် အနည်းငယ်တင်းကျပ်လာစေသည်။ သည့်စဉ် မြင်ကွင်းများ ရုတ်ချည်း လှုပ်ခတ်လာ၏။

“ ဒါက ... ။ ”

အဆုံးတွင် ပုံရိပ်များ ဖြတ်ပြေးနေပြီး ကမ္ဘာကြီးတစ်ခုအသွင် ပြတ်သားစွာမြင်လာရ ချေပြီ။ ငြိမ်းချမ်းပြီး သက်ဝင်လှုပ်ရှားနေသော နယ်မြေတစ်ခုဖြစ်၏။ ကန္တာရမဟုတ်ချေ။

ဆိုလိုသည်မှာ ယခုကန္တာကြီးတွင် စိမ်းလန်းသောရှုခင်းများ၊ မြို့ကြီးတစ်မြို့နှင့် လူ အများစည်ကားရာ ဈေးမြို့ကြီးတစ်ခု ရှိနေခဲ့လေသည်။

“ ရွှပ် ... ။ ”

ထိုသို့ငြိမ်ချမ်းနေစဉ်မှာပင် ရုတ်တရက် ထူးဆန်းလှသည့် ဓားအလင်းတစ်လက်သည် ကောင်းကင်ကိုခွဲ၍ ကျဆင်းလာ၏။

“ ဝုန်း ... ။ ”

ထိုဓားသည် မိုင်ပေါင်းတစ်ထောင် ရှည်လျားကာ မြေပြင်သို့ ကျရောက်သောအခါ အောက်ခြေမမြင်ရသည့် ချောက်ကမ်းပါးပြီး ဖြစ်ပေါ်လာစေသည်။

အကျိုးဆက်အနေဖြင့် ဒေသတစ်ခုလုံး ပြင်းထန်သောအပျက်အစီးများ ဖြစ်ပေါ်လာ၏။ ပြန့်ကားသွားဓားစွမ်းအင်များ ကျရောက်ရာ အရပ်တိုင်း အမှုန့်ဖြစ်ကုန်သည်။

မြေပြင်ပေါ်ရှိ သက်ရှိအားလုံး၏ အသက်စွမ်းအားများသည်ပင် ဝါးမြိုခြင်းခံရပြီး သေမင်းတမန် နယ်မြေအဖြစ် ပြောင်းလဲသွား စေတော့၏။

တစ်ချိန်က မိုးကောင်းကင်အောက်တွင် ကြီးမားကျယ်ပြန့်လွန်းသော ဂိုဏ်းကြီးသည် ဓားတစ်ချက်ဖြင့် ပျက်စီးသွားရချေပြီ။

ကူချန်တစ်ယောက် မျက်မှောင်ကြုတ် သွားတော့၏။ မြင်လိုက်ရသော ပုံရိပ်များသည် သူ့အတွက် ပြတ်သားလွန်းနေသည်။ ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ရသကဲ့သို့ ခံစားရ၏။

“ ဘာတွေဖြစ်ခဲ့တာလဲ။ ”

ဤပုံရိပ်ယောင်များသည် ဝင်ရောက်လာ သူတိုင်းကို မြင်ရစေသည်လော။ သို့မဟုတ် သူ တစ်ယောက်တည်းပင်လော။

အတွေးများမဆုံးခင် အရိုးဖြူတံဆိပ်မှ ထွက်ပေါ်နေသော အလင်းစက်ဝန်းသည် သူ့ကို ကျယ်ပြန့်သည့် ရင်ပြင်ကြီးတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။

ထိုရင်ပြင်သည် အပျက်အစီးနယ်မြေ၏ အလယ်ဗဟိုတွင်တည်ရှိပြီး ဆယ်မိုင်ကျော်ခန့် ကျယ်ဝန်းလှ၏။ မြေပြင်တွင် ကျောက်ဖြူများ ခင်းကျင်းထားသည်။

ယင်းကြောင့် ဤရင်ပြင်တွင် ရပ်နေရခြင်းသည် အလွန်သေးနုပ်လွန်းသည်ဟု ခံစားလာရစေ၏။ ရင်ပြင်၏ မလှမ်းမကမ်းတွင် ချောက်နက်ကြီးမှာ စတင်နေပြီး ထိုမှတဆင့် နယ်မြေတစ်ခုလုံးကို ကူးဆက်သွားသည်။

ရင်ပြင်ညာဘက်တွင် ရွှေပြာရောင် ကျောက်ဆောင်တစ်ခုရှိ၏။ ကျောက်ဆောင်မှာ ပေပေါင်းရာချီမြင့်မားပြီး ခန့်ညားထည်ဝါသည်။ ၎င်းအပေါ်တွင် ကြီးမားထင်ရှားလှသော စာလုံးအချို့ထွင်းထုထား၏။

“ လီကျန်းအကယ်ဒမီ။ ”

အရိုးဖြူတံဆိပ်ပိုင်ရှင် အခြားလူများ သည်လည်း ဤရင်ပြင်ပေါ်၌ပင် ရှိနေကြသည်။ အတော်များများသည် သူ့ကဲ့သို့ပင် အံ့ဩစွာ ပတ်ဝန်းကျင်ထံကြည့်နေ၏။

“ ဒါက လျှို့ဝှက်နယ်မြေကြီးပဲ ထိပ်တန်းဂိုဏ်းကြီးတွေမှာပဲ ဒီလိုခမ်းနားတဲ့ လျှို့ဝှက်နယ်မြေမျိုးပိုင်ဆိုင်တာ။ ”

လူတိုင်း၏ အတွေးထဲတွင် သူတို့ ကံကောင်းကြောင်း နားလည်လာ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့ဘဲ ရေရွတ်လိုက်တော့သည်။

“ မှန်တယ် ကမ္ဘာကြီးမှာ နာမည်ကြီးဂိုဏ်းတွေသာ လျှို့ဝှက်နယ်မြေတွေ ပိုင်ဆိုင်ကြတယ်... ဒီလိုလျှို့ဝှက်နယ်မြေတွေကို အကျယ်အဝန်းအလိုက် ကောင်းကင်လှိုဏ်ဂူ၊ ရတနာနယ်မြေနဲ့ မြင့်မြတ်မြေဆိုပြီး ...

... ခွဲခြားထားတယ် မကြာသေးခင်က ချန်ယွမ်နိုင်ငံကိုရောက်လာကြတဲ့ နှင်းပန်းဓား ကျောင်းတောင် ကောင်းကင်လှိုဏ်ဂူအဆင့် လျှို့ဝှက်နယ်မြေပဲ ပိုင်ဆိုင်တယ်။ ”

တစ်စုံတစ်ဦးမှ ထိုသူစကားကို တုန့်ပြန်ဆွေးနွေးလာသည်။

“ ဒါဆို ဒီလီကျန့်အကယ်ဒမီက နှင်းပန်းဓားကျောင်းထက်တောင် ပိုအစွမ်းထက် တယ်လို့ မင်းပြောချင်နေတာလား။ ”

“ သေချာပေါက်ပဲ ... ။ ”

လူများစွာက အကြောင်းအရာထဲ ဝင်ရောက်ဆွေးနွေးလာတော့သည်။ မည်သူမဆို စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်လာ၏။

ဤနေရာသည် ထိပ်တန်းဂိုဏ်းကြီး၏ အပျက်အစီးများဖြစ်ပါက အခွင့်အရေးများစွာ ရှိနေမည်မှာ သေချာချေပြီ။

ဟိုင်လန်နိုင်ငံမှ လန်ဝမ်သည်ပင် စိတ်လှုပ်ရှားမှုများ မထိန်းနိုင်တော့ဘဲ အင်္ကျီထဲ ဝှက်ထားသောလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

သူတို့သည် ဤနယ်မြေသို့ ယခုမှပင် ရောက်ဖူးခြင်းဖြစ်သော်လည်း လက်ရှိအချိန်၌ ရောက်ရှိလာသူများထဲတွင် ကျွမ်းကျင်သူ အများဆုံးဖြစ်သည်။ ထို့ကြောင့် အကျိုးအမြတ် အများဆုံး ရနိုင်မည်မှာ သဘာဝဖြစ်၏။

“ ဒီမှာဘာကို စောင့်နေကြတာလဲ။ ”

တစ်စုံတစ်ယောက်က ပတ်ဝန်းကျင်ထံဝေ့ဝဲကြည့်ကာ မေးမြန်း၏။ မည်သူမျှပြန်မဖြေချေ။ အချိန်များ တရွေ့ရွေ့ ကုန်လွန်လျက် အလင်းစက်ဝန်းများ တဖြည်းဖြည်း ထပ်မံဝင်ရောက်လာလေသည်။

အချို့သည် သွေးသံရဲရဲဖြင့် ကျောက်တံခါးဝင်ပေါက်တွင် တိုက်ပွဲပြင်းထန် ခဲ့ကြောင်း ပြသနေ၏။

နောက်ဆုံးအလင်းစက်ဝန်း ရောက်ရှိလာချိန်၌ လေထုအလယ်အလင်းများ ရစ်သိုင်းကာ အဖိုးအိုတစ်ယောက်ပုံသဏ္ဌာန် ဖြစ်ပေါ်လာတော့သည်။

ထိုသူသည် ခန္ဓာကိုယ်အထက်ပိုင်းသာ ပါရှိပြီး အောက်ပိုင်းတွင် တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်နေခဲ့၏။

သူသည် မုတ်ဆိတ်၊ မျက်ခုံးနှင့် ဆံပင်များဖြူများရှိနေကာ အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသည်။ မျက်နှာထားသည် တင်းမာအေးစက်နေ၏။

“ လီကျန်းအကယ်ဒမီကနေ ... ကြိုဆိုပါတယ် ငါက မင်းတို့ရဲ့စမ်းသပ်မှုအတွက် လမ်းပြမဲ့သူပါ ... ငါတို့လီကျန်းအကယ်ဒမီဟာ နှစ်ပေါင်း(၁၂၉,၀၀၀)တိုင် သမိုင်းကြောင်းကို ...

... ပိုင်ဆိုင်ခဲ့တယ် ... ငါတို့ကျောင်းမှာ ဌာနကြီး (၁၂)ခုရှိနေပြီး အဲဒီဌာနတွေကတော့ စာပေ၊ ဓား၊ ဓားမော့ ... အစရှိသဖြင့် အမျိုးအစား အစုံအလင်ပါရှိပါတယ် ...

... ပထမအဆင့်စမ်းသပ်မှုအပေါ် အောင်မြင်သူတွေဟာ အမည်ခံတပည့်ရာထူးကို ရရှိနိုင်ပြီး ... ဒုတိယစမ်းသပ်မှုကို အောင်မြင်ရင် တပည့်အဖြစ် လက်ခံပါမယ် ... ။ ”

ထိုအဘိုးအိုက ရှည်လျားစွာ မိတ်ဆက်စကားဆိုလာသည်။ သူ့အသံသည် အေးစက်ပြီး အသက်မဲ့လှ၏။ အချို့နေရာတွင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသဖြင့် နားလည်ရန် ခက်ခဲချေပြီ။

ဤသည်မှာ ဝိညာဉ်အပိုင်းအစတစ်ခု မဟုတ်ဘဲ ကြိုတင်မှတ်တမ်းတင်ထားသော ပုံရိပ်တစ်ခုမျှသာ ဖြစ်လေသည်။

***

All Chapters