အခန်း (၂၄၃)
Vol. 21 Ch. 243
မိန်းကလေးတွေက သူတို့ဆံပင်တွေကို ကျစ်ဆံမြီးကျစ်ကာ စည်းနှောင်ထားတတ်ကြပြီး ဆံပင်ကောက်ခြင်းသည်လည်း ခေတ်စားနေလေ၏။ သူတို့ပုခုံးထက်မှာ ဆံပင်တွေချထားရင်ချထား၊ ဒါမှမဟုတ် ဆံပင်အဖျားနားတွေကို နည်းနည်းကောက်ထားကြသည်။
ပြီးခဲ့သည့်နှစ်တုန်းက ဆံပင်ကောက်ချင်လျှင် ခွင့်ပြုစာတစ်စောင်လိုအပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပို၍ပင်ပုံမှန်ဖြစ်လာ၏။ လမ်းဘေးရှိ ဆံပင်ညှပ်ဆိုင်များလည်း ဝင်ငွေကောင်းလာကြသလို ကျောင်းသားတွေကလည်း ဘယ်ဆံပင်ညှပ်ဆရာက အကောင်းဆုံးလဲဆိုတာ သီးသန့်ဆွေးနွေးတတ်ကြသည်။
ယောက်ျားလေးတွေကလည်း ဆံပင်ကောက်ကြပါသည်။ ထိုခေတ်၌ ယောက်ျားလေးတွေလည်း ဆံပင်အရှည်စထားလာကြပြီး ချောင်ချောင်စတိုင် ဆံပင်ခွေကောက်လာကြ၏။ ခေါင်းလောင်းဘောင်းဘီနှင့် မျက်နှာတစ်ဝက်လောက်ဖုံးနေတဲ့ နေကာမျက်မှန်ကို တွဲဖက်ဝတ်ဆင်ကာ ကျောင်းသူမိန်းကလေးတွေကို ချီတုံချတုံအမူအရာနဲ့ စတင်ပရောပရည်လုပ်ကြတော့သည်။
ချင်းရို့လို ငယ်ရွယ်ပြီး ချောမောလှပသောအမျိုးသမီးတွေကတော့ ကျောင်းတွင် အလွန်အာရုံစိုက်ခံရကာ ယောက်ျားလေးတော်တော်များများက သူမနဲ့ဒိတ်ချင်ကြ၏။ သူမမှာအိမ်ထောင်ရှိမှန်း သူတို့သိပြီးသားဖြစ်ရင်တောင် သူမနောက်ကနေလိုက်နေဆဲ။
"ကျွန်တော် တက္ကသိုလ်ကို ရောက်လာပြီးတော့မှ ကမ္ဘာကြီးအသစ်တစ်ခုပြောင်းလဲသွားသလိုပဲဗျာ။ အခု လူ့အဖွဲ့အစည်းက အရင်ကနဲ့မတူတော့ဘူးလေ။ အရာရာတိုင်းကို ပွင့်လင်းတဲ့စိတ်၊ ဖွံ့ဖြိုးတိုးတက်မှုအမြင်နဲ့ ကြည့်ပြီးတော့ အတိတ်က မမှန်ကန်ခဲ့တဲ့အရာတွေကို ပြုပြင်သင့်တယ်လေ"
"အရင်တုန်းကတော့ လူတိုင်း ကျေးလက်မှာပဲ မဖြစ်မနေလက်ထပ်ခဲ့ကြရတယ်။ အခု ကျွန်တော်တို့ မြို့ကိုပြန်ရောက်တဲ့အခါ အရင်တုန်းက မှားယွင်းခဲ့တဲ့ အိမ်ထောင်ရေးတွေကို လက်ပြနှုတ်ဆက်သင့်ပြီလေ"
"မင်းက အိမ်ထောင်ကျပြီးသားဆိုလည်း ဘာဖြသ်သလဲ? အိမ်ထောင်သည်တွေလည်း ပျော်ရွှင်မှုကို လိုက်ရှာပိုင်ခွင့်ရှိတယ်လေဗျာ"
ယခုအချိန်မှာ အလွန်ရှုပ်ထွေးလှသောအခိုက်အတန့်ပင်။ ပညာတတ်လူငယ်အများအပြားသည် သူတို့မွေးရပ်မြေ၊ မြို့အသီးသီးသို့ ပြန်သွားခဲ့ကြကာ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုအောင်မြင်ခဲ့ကြပြီး ဘဝသစ်တစ်ခုကို စတင်ခဲ့ကြသည်။ လူတော်တော်များများဟာ အတိတ်ကို လက်ပြနှုတ်ဆက်လိုက်ကြသည်။
- နောက်ပြီးတော့ သူတို့ရဲ့ အရင်အိမ်ထောင်တွေကို နှုတ်ဆက်လိုက်ကြပြီ...
ကျေးလက်ရှိ ဇနီးမယားနှင့် သားသမီးများကို စွန့်ပစ်ပြီး မြို့ကိုပြန်သွားတဲ့ ပညာတတ်လူငယ်အမျိုးသားများရှိသလို၊ ခင်ပွန်းနှင့် သားသမီးများကို စွန့်ပစ်လိုက်ပြီး မြို့ကိုပြန်သွားတဲ့ ပညာတတ်အမျိုးသမီးငယ်များလည်းရှိပေသည်။ ကွာရှင်းပြတ်စဲမှုလှိုင်းလုံးကြီးများဟာ နေရာတိုင်းတွင်ရှိနေဆဲ။
ဘယ်သူမှန်သလဲ မှားသလဲဆိုတာကို ပြောရခက်ပါ၏။ လူတွေက ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ အခွင့်အရေးရရန်အတွက် သူတို့ဘဝကို စွန့်စားကြလေ၏။
အိမ်ထောင်သည်အမျိုးသမီးပညာတတ်လူငယ်တချို့ဆိုရင်တော့ဖြင့် သူတို့ယောက္ခမတွေက သူတို့စာအုပ်တွေကို ဆုတ်ဖြဲပစ်ကြပြီး စာမေးပွဲဖြေဆိုရမည့်နေတွင် အပြင်မထွက်နိုင်အောင်လို့ တံခါးပိတ်ထားကြသလို ဝင်ခွင့်အကြောင်းကြားစာတွေကိုလည်းဖွက်ထားတတ်ကြသေးသည်... လူတော်တော်များများက တက္ကသိုလ်မတက်ခင်မှာ အတားအဆီးများစွာကို ကျော်ဖြတ်ခဲ့ရပြီး အတိတ်ကာလတွေကို ဘယ်တော့မှပြန်မသွားချင်ကြတော့ပေ။
တက္ကသိုလ်ကျောင်းဝင်းသို့ ဝင်ရောက်ပြီးနောက် လူတွေက "လွတ်လပ်သောအချစ်ရေး"ကို စတင်လိုကြသည်။
အတိတ်တုန်းက အိမ်ထောင်ပြုထားသည်ဖြစ်စေ မပြုထားသည်ဖြစ်စေ ယခုအချိန်မှာ လူတိုင်းအတွက် လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပျော်ရွှင်မှုကိုလိုက်ရှာရန် အခွင့်အရေးဖြစ်သည်လေ။
"ချင်းရို့ မင်း ငါ့ကိုအခွင့်အရေးတစ်ခုလောက်ပေးနိုင်မလား? မင်းအသက်က ၂၆၊ ၂၇နှစ်ပဲရှိပါသေးတယ်ကွာ၊ မင်းကငယ်သေးတော့ အခုလိုအချိန်ကောင်းကို ဆုပ်ကိုင်ထားသင့်တယ်နော်"
ခေါင်းလောင်းဘောင်းဘီဝတ်ထားသည့် လူငယ်တစ်ယောက်က ချင်းရို့ရှေ့တွင် မတ်တပ်ရပ်ကာ ချစ်မြတ်နိုးစွာ ပြောနေလေသည်။
ချင်းရို့နှင့် ချူကောတို့ အိပ်ဆောင်သို့ အတူတူပြန်လာချိန်တွင် လမ်းတစ်ဝက်မှာ အတားခံလိုက်ရ၏။ ချူကောက အရင်ဆုံးပြောလိုက်သည်။
"ငါတို့ရှောင်ချင်းက စစ်သားတစ်ယောက်နဲ့လက်ထပ်ထားတာနော်။ နင် ရှောင်ချင်းကို ထပ်ပြီးနှောက်ယှက်နေမယ်ဆိုရင် စစ်တပ်အိမ်ထောင်ရေးကို ဖျက်လိုဖျက်စီးလုပ်တဲ့ပြစ်မှုကို ကျူးလွန်နေတာပဲနော်"
ခေတ်ရှေ့ပြေးနေတဲ့စိတ်ထားရှိသူ လူငယ်လေးကတော့ ယစ်မူးနေဆဲဖြစ်ရာ "ရှောင်ရို့၊ မင်းရဲ့နှလုံးသားကို ငါရနိုင်မယ်ဆိုရင် ရာဇ၀တ်မှုကျူးလွန်လို့ ထောင်ထဲသွားဖို့လည်းဆန္ဒရှိပါတယ်ကွာ"
ချူကော: "…"
ချင်းရို့: "…"
သည်တစ်ယောက်က ပိုပြီးခေါင်းမာတာပဲဟ။ ချင်းရို့က မကြာသေးမီက သူမကိုလိုက်တဲ့သူအများအပြားကို ငြင်းပယ်ခဲ့ပြီးဖြစ်သည်။ တစ်ချို့က သူမလက်ထပ်ပြီးကြောင်းသိသည်နဲ့ ချက်ချင်းနောက်ဆုတ်သွားကြပြီး တချို့တစ်ဝက်က ဆက်လက်လိုက်ချင်ပေမယ့် သူမက တပ်မတော်မိသားစုဝင်မှန်းသိသွားကြတဲ့အခါ နောက်ဆုတ်သွားကြ၏။
ဟုတ်ပါတယ်၊ ယခုလိုအခြေအနေမျိုးလည်း ရှိလေရဲ့။ သူမရှေ့မှာ အရမ်းကိုချစ်ခင်နှစ်သက်တဲ့အသွင်ပြကာ သူမနှင့်အတူရှိကိုရှိရမှဖြစ်မယ်ဆိုတဲ့ လူတွေလည်းရှိသည်ပင်။
ချင်းရို့လည်း "ငါ့မှာ ကလေးလေးယောက်ရှိတယ်၊ ငါ့ကိုယ်တိုင်မွေးထားတဲ့ကလေးတွေပဲ၊ ငါ့ကလေးတွေအတွက် ပထွေးမရှာချင်ဘူး"ဟူ၍ ပြောရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
လူငယ်လေး: "ဟင်?!"
"ရို့... အာ... ငါ့ရဲ့ချစ်လှစွာသောရှောင်ရို့ရေ... မင်းက ပန်းလေးတစ်ပွင့်လို နူးညံ့သိမ်မွေ့တာလေ၊ ဘယ်လိုလုပ်ပြီး ကလေးမွေးထားတဲ့သူဖြစ်နိုင်မှာလဲ..."
ချင်းရို့ သူ့ကိုလျစ်လျူရှုကာ ချူကောနှင့်အတူတူ အိပ်ဆောင်ကို ပြန်လိုက်သည်။ ချူကောက သိချင်စွာဖြင့် "နင့်မှာ ကလေးလေးယောက်တကယ်ရှိတာလား? မင်းကိုယ်ပိုင်ကလေးတွေလား?"
"တကယ်ပဲလေ၊ အရင်က ငါ့မိသားစုပုံတွေကို နင့်ကိုပြဖူးတယ်မလား"
ချူကော: "ငါ...ငါထင်တာ... သမီးလေးအမြွှာကိုပဲ နင်မွေးခဲ့တယ်လို့ပေါ့၊ သားတွေကိုတော့... "
ချင်းရို့: "... ငါ့ယောက်ျားရဲ့ ဇနီးဟောင်းက ထားခဲ့တယ်လို့ထင်တာလား?"
ချူကော ကသိကအောက်ဖြစ်ဟန် ခေါင်းညိတ်ပြလိုက်သည်။
ချင်းရို့: "…"
လူတစ်ယောက်တည်းက အမြွှာတစ်စုံမွေးသည်မှာ ရှားပါးလှသလို အမြွှာနှစ်စုံဆိုသည်က မယုံနိုင်လောက်အောင် ရှားပါးလွန်းလှ၏။
တခြားသူတွေကိုပြောရင်တောင် ဘယ်သူယုံနိုင်မှာတုန်းလို့ ! ! !
"နင့်ကလေးတွေကို ငါတကယ်တွေ့ချင်လိုက်တာဟယ်" ချူကော မျှော်လင့်တကြီးပြောလိုက်သည်။
"အခွင့်အရေးရရင် ငါခေါ်လာခဲ့ပေးမယ်"
သူတို့နှစ်ယောက် အိပ်ဆောင်ကိုပြန်ရောက်တဲ့အခါ တော်တော်များများပြန်မရောက်ကြသေးပေ။ စင်္ကြံ၌ လူ ၃၊ ၄ယောက်က ကြွေပန်းကန်လုံးတွေနဲ့ စားသောက်နေကြသည်။
ကျောင်းသားတွေဟာ နေ့တိုင်း ကန်တင်းက ထမင်း သို့မဟုတ် ဘန်းမုန့်ပေါင်းတွေကိုသာစားရပြီး အသီးအရွက်မပါသဖြင့် သူတို့မွေးရပ်မြေကနေ ယူလာခဲ့တဲ့ ငရုတ်ဆော့စ်၊ ချင်းအစပ်၊ ပဲတီချဥ်နဲ့ အခြားဟင်းရွက်ချဥ်တွေကို စားရန် အဆောင်ပြန်လာကြ၏။
"ငါယူလာတဲ့ ပဲတီချဥ်ကိုမြည်းကြည့်"
"ငါ့ရဲ့ချင်းအစပ်ကိုစားလေ..."
ထို့ကြောင့် ညစာစားချိန်ရောက်တိုင်း အသီးအရွက်ချဉ်နံ့တွေဟာ အိပ်ဆောင်ထဲတွင် ပျံ့နေပေလိမ့်မည်။ ချင်းရို့က ရေနွေးအိုးကိုယူကာ ရေတည်လိုက်၏။ ချူကောက သူမအား လက်ဖက်ရည်လုပ်ဖို့ ရေနွေးတစ်ခွက်တောင်းလိုက်ပြီး အိပ်ရာပေါ်လဲလျောင်းရင်း မဂ္ဂဇင်းဖတ်နေပါတော့သည်။
ကျောက်ရှန်းရှန်းနှင့် စွန်းဟုန်ဖင်ပြန်လာလေပြီ။ စွန်းဟုန်ဖင်၏ကိုယ်ဝန်အတုကိစ္စဟာ ပေါ်သွားခဲ့သည်မှာ ကြာလှပြီဖြစ်၏။ ကျောင်းစတက်တဲ့နေ့မှာပဲ သူမကိုယ်တိုင်ဖွင့်ပြောခဲ့ခြင်းပင်။ ကျောင်းစစချင်းမှာပဲ အမျိုးသား အမျိုးသမီး လူပေါင်းမျိုးစုံဟာ စုဝေးနေကြကာ တချို့က သူတို့လက်တွဲဖော်အကြောင်းပြောပြနေကြသည်ကြောင့် သူမလည်း မနာလိုအားကျမိ၍ သူမသည်လည်း စင်ဂယ်ဖြစ်ကြောင်း နေရာတိုင်းတွင် ကြေညာဝင်ခဲ့လေသည်။
"ငါ အခုထိအိမ်ထောင်မပြုရသေးပါဘူး၊ ငါ့လက်တွဲဖော်ကိုတောင် ရှာမတွေ့သေးဘူးလို့!"
စွန်းဟုန်ဖင်က အရှက်မရှိအရေထူသူဖြစ်သည့်အလျောက် "ကျောင်းစတက်တဲ့နေ့မှာ ငါက နင်တို့ကို ဟာသလုပ်ချင်ရုံလေးပါဟာ"
"ငါတို့အားလုံးက တက္ကသိုလ်တက်နိုင်ကြတဲ့ အရည်အချင်းရှိအမျိုးသမီးတွေပါဟယ်၊ တစ်ခုခုမှားနေတယ်လို့ နင်တို့သိသင့်တယ်လေနော်။ ငါသာ တကယ်ကိုယ်ဝန်ရှိနေရင် အပေါ်ထပ်မှာအိပ်ဖို့ ပြောပါ့မလားဟာ။ ငါက လူတိုင်းကို နောက်ချင်ရုံလေးပါနော်"
ကျောက်ရှန်းရှန်း ပြောလိုက်၏။ "ကံကောင်းထောက်မလို့ နင့်မှာကိုယ်ဝန်မရှိတာ၊ နင်သာတကယ်ကိုယ်ဝန်ရှိနေရင် ငါတို့လည်း ဒုက္ခရောက်လိမ့်မယ်"
စွန်းဟုန်ဖင် ကိုယ်ဝန်ဟာအတုဖြစ်ကြောင်း သိရှိပြီးနောက် အိပ်ဆောင်ရှိအခြားလူတွေလည်း ပိုမိုသက်တောင့်သက်သာရှိလာကြသည်။ အိပ်ဆောင်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရှိနေပါက တကယ်ကို ဒုက္ခရောက်သည်ပင်။
"ပထမထပ်အိပ်ဆောင်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရှိတယ်လေ။ ပြီးတော့ သူမက အရမ်းနားညီးတာပဲတဲ့။ ညဘက်ဆို အပေါ်အိပ်စင်က နဲနဲလှုပ်တာက သူမကို အိပ်မရအောင်နှောင့်ယှက်နေတယ်ပြောသေးတာ။ ပြီးတော့ စာရွက်လှန်တာရော၊ ဟင်းရွက်ချဥ်နံ့တွေကိုပါ သူမသည်းမခံနိုင်ဘူးဆိုပဲဟ..."
"ဒီလောက်ပွတ်လောရိုက်နေတာဟယ်၊ တခြားလူတွေ အဲဒီမှာဘယ်လိုနေကြတုန်း၊ သူမတစ်ယောက်တည်းနေသင့်တာကို"
ကျောက်ရှန်းရှန်းနှင့် စွန်းဟုန်ဖင်တို့က ကျောင်းတွင် စတင်ဒိတ်လုပ်ရန် ဆွေးနွေးခဲ့ကြသည်။ ကျောက်ရှန်းရှန်းက ဆေးကျောင်းမှလူတစ်ယောက်နဲ့ဒိတ်နေစဉ် စွန်းဟုန်ဖင်က အထူးစကားပြောကောင်းသည့် တရုတ်ဌာနက ကောင်လေးကို တွေ့ခဲ့သည်။
စွန်းဟုန်ဖင် ဒိတ်နေတဲ့လူဟာ နောက်ခံမိသားစု သိပ်မကောင်းပါချေ။ သူ့နာမည်က လျိုချန်ရှန်းဖြစ်ပြီး သူလည်း ကျေးလက်သို့ အပို့ခံရသည့် ပညာတတ်လူငယ်တစ်ဦးဖြစ်ခဲ့သလို အိမ်ထောင်လည်းပြုဖူးသူပင်။
စွန်းဟုန်ဖင်က သူ့အတိတ်ကို စက်ဆုပ်သော်ငြား သူ့ရဲ့စကားကြွယ်မှုကို သဘောကျလေ၏။ သူဟာ တစ်ချိန်လုံး သူမကို ပျော်ရွှင်အောင်လုပ်ပေးတတ်သလို ရိုမန်တစ်လည်းဆန်လှသည်။
စွန်းဟုန်ဖင်သည် တခြားသူတွေ သူမကို မနာလိုအားကျစေရန် အိပ်ဆောင်ထဲ၌ သူမအတွက် လျိုချန်ရှန်းရေးပေးသော ရည်းစားစာတွေကို မကြာခဏဖတ်လေ့ရှိသည်။
အိမ်ထောင်သည်တွေလည်း မနာလိုအားကျကြ၏။
ဤအဆောင်ခန်းတွင် ချင်းရို့အပြင် ကလေးရှိသည့်အိမ်ထောင်သည် နောက်၃ယောက်ရှိလေသည်။ အချစ်မပါဘဲ ဘဝကိုသာ ကောင်းကောင်းနေထိုင်ကြသလို ယောက္ခမတွေ၊ ယောင်းမတွေနဲ့လည်း ရန်ဖြစ်စကားများလေ့ရှိသည်ပင်။
"အိမ်ထောင်မပြုရသေးတဲ့နင်တို့က ပိုကောင်းတာပေါ့ဟယ်"
"ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်စမယ်လို့ ဘယ်သူကထင်မှာလဲ? ငါသိခဲ့ရင် အိမ်ထောင်ပြုမှာမဟုတ်ဘူးလေ၊ ဒီလိုဆို အခု ကောလိပ်မှာ ပိုကောင်းတဲ့ယောက်ျားတစ်ယောက်ရှာနိုင်မှာဟာ"
"ဘာလဲ? နင်ရော ကွာရှင်းတော့မလို့လား?"
"မဟုတ်ဘူး မဟုတ်ပါဘူး၊ ငါ့မှာ ကလေးတစ်ယောက်ရှိနေပြီဟာ"
စွန်းဟုန်ဖင်က ချင်းရို့အား ဂုဏ်မောက်စွာကြည့်၍ "ချင်းရို့ရေ နင့်အတွက်တော့ သနားစရာပဲနော်။ နင်က ကျောင်းမှာအရမ်းနာမည်ကြီးနေပေမယ့် နင်ကအိမ်ထောင်ကျပြီးသား ကလေးအမေဖြစ်နေပြီလေ"
"လက်တွဲဖော်ရှာဖို့ ကောလိပ်ရောက်တဲ့အထိသာ နင်စောင့်လိုက်ရင် ပိုကောင်းမှာဟာ။ ဒီမှာက နင့်အတွက် ရွေးချယ်စရာ ယောက်ျားကောင်းတွေအများကြီးရှိတာကို"
"ဟုတ်ပါ့ဟယ်"
ကျောက်ရှန်းရှန်း ဆက်ပြောလေ၏။ "အရင်က ကေဒါရဲ့ သားတစ်ယောက်ရှိတယ်မလား။ ချင်းရို့ရေ နင်သာ သူနဲ့ဒိတ်ခဲ့ရင် သူ့ဆီကအဆက်အသွယ်တွေနဲ့ နင် စက်ရုံကောင်းတစ်ခုမှာ အလုပ်ရနိုင်ဖို့ ကူညီပေးနိုင်တယ်လို့ပြောတယ်ဟုတ်။ ဒါဆိုရင် အနာဂတ်မှာ နင်က အမျိုးသမီးစက်ရုံဒါရိုက်တာတောင် ဖြစ်လာနိုင်တယ်!"
"နင်က အမျိုးသမီးစက်ရုံဒါရိုက်တာမဖြစ်နိုင်ရင်လည်း စက်ရုံဒါရိုက်တာရဲ့ ဇနီးဖြစ်နိုင်သေးတယ်လေ!"
စွန်းဟုန်ဖင် မျက်စိတစ်ဖက်မှိတ်ပြကာ ပြုံးလိုက်သည်။
စွန်းဟုန်ဖင် ရယ်နေသော်လည်း သူမရဲ့ နှလုံးသားမှာ စိုးရိမ်ကြောင့်ကြနေလေသည်။ လျိုချန်ရှန်းက သူမကို အချစ်အရသာကို ခံစားစေခဲ့ပေမယ့် သူ့မိသားစုက အရမ်းဆင်းရဲလွန်းသည်။ စွန်းဟုန်ဖင်သည် မိသားစုအခြေအနေကောင်းရှိတဲ့ လက်တွဲဖော်ကောင်းတွေကို ရှာတွေ့သွားသည့် တခြားသူတွေကိုလည်း မနာလိုဖြစ်မိသည်။
ကံကောင်းထောက်မစွာဖြင့် ချင်းရို့ အိမ်ထောင်ကျပြီးခဲ့သည်မှာ ကြာလှပြီလေ။
"ငါက ငါ့ရဲ့လက်ရှိခင်ပွန်းကို အရမ်းကျေနပ်ပြီးသား"
ချူကော: "အရာရှိတစ်ယောက်နဲ့ လက်ထပ်ရတာ ကောင်းတယ်"
"တကယ်လား? ဒါပေမယ့် စစ်သားတွေက အချိန်အကြာကြီး အိမ်နဲ့ဝေးနေရတာဆို၊ တစ်ယောက်နဲ့တစ်ယောက်ဆုံဖို့ကမလွယ်ဘူးဆို။ နင်သာ ခေါင်းဆောင် ဒါမှမဟုတ် ရာထူးတစ်ခုခုရှိတဲ့သူကို လက်ထပ်ထားတာမဟုတ်ရင်တော့ စစ်သားရဲ့ဇနီးဖြစ်ရတာလဲ မလွယ်ဘူးတဲ့။ ချင်းရို့ရေ နင့်ယောကျ်ားကရော တပ်ရင်းမှူးလား?"
"အရင်က သူက ကပ္ပတိန်လေ၊ အခုတော့ စစ်အကယ်ဒမီမှာ ပညာသင်ကြားနေတာပဲ"
"အိုး.. အဲဒါဆို တပ်ရင်းမှူးပဲ၊ ကပ္ပတိန်ဆိုတာက များသောအားဖြင့် တပ်ရင်းမှူးအဆင့်ပဲလေ။ စစ်တပ်နဲ့သွားတဲ့အချိန်မှပဲ သူက တပ်ရင်းမှူးဖြစ်တာဆိုတော့ နင့်အတွက် သိပ်မလွယ်ခဲ့ဘူးပဲနော်"
"နင် မှားနေပြီ ရှောင်ချင်းရဲ့ယောကျ်ားက ရေတပ်ကလေ။ ရေတပ်ရဲ့ ကပ္ပတိန်က အနည်းဆုံးတပ်ရင်းအဆင့်ကေဒါဖြစ်မှာ"
"တကယ်? ဒါဆို နင့်ယောက်ျားက အသက်ဘယ်လောက်ရှိပြီလဲ?"
"၃၀စွန်းစွန်းပဲ"
"သူ ပင်လယ်ထဲ မကြာခဏသွားရပြီး အိမ်ပြန်မလာဘူးလား? နင့်ကလေးတွေကရော သူတို့အဖေကို မှတ်မိကြရဲ့လား?"
"သူဟာ မကြာမကြာ ပင်လယ်ခရီးထွက်ရတယ်"
"ရေတပ်လစာနဲ့ ထောက်ပံ့ကြေးက အရမ်းမြင့်မှာပဲနော် မှန်တယ်ဟုတ်?"
"မဆိုးပါဘူး"
xxx