အခန်း (၂၄၄)
Vol. 21 Ch. 244
ချင်းရို့ဟာ ရေတပ်အရာရှိတစ်ဦးနှင့် လက်ထပ်ထားကြောင်းသိရှိသွားကြပြီးနောက် အခြားလူတွေက အရမ်းစပ်စုချင်ကြသော်လည်း ချင်းရို့ကတော့ သူမပါးစပ်ကို တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး သူမယောက်ျားအကြောင်းကို မပြောပြပေ။
လုယန်သည် စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လုစန်းကျဲဆီမှာနေထိုင်သော ချင်းရို့တို့သားအမိတွေကို တွေ့ဆုံရန်အတွက် သမီးလေးတွေကိုပါ အတူတူခေါ်လာခဲ့သည်။
ဟုတ်တာပေါ့၊ လုစန်းကျဲနေရာဟာ အိမ်ထောင်သည်တွေ နေထိုင်ရန်မသင့်တော်ပါချေ။ ချင်းရို့လည်း အရမ်းရှက်ရွံ့တတ်လွန်းတာကြောင့်ပါပဲ။
လုကောက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သူ့ဇနီးလေးကို မိသားစုအဆောက်အဦးဆီသို့သာ ဆွဲခေါ်သွားနိုင်ခဲ့သည်။
သိပ်မကြာခင်မှာပဲ စာသင်နှစ်ပြီးဆုံးသွားခဲ့ပြီး ၁၉၇၈ နွေရာသီဟာ နောက်ထပ်ကောလိပ်ဝင်ခွင့်စာမေးပွဲစတင်ခဲ့ကာ ကျောင်းသားသစ်တွေကို စက်တင်ဘာလမှာကြိုဆိုကြပြီး နှစ်ကုန်တွင် အစည်းအဝေးကျင်းပခဲ့ကြသည်။ နောက်နှစ်မှာတော့ နွေဦးလေညင်းက ကမ္ဘာမြေကို မှုတ်ထုတ်တော့မှာပင်။
၁၉၇၉၌ လူအဖွဲ့အစည်းဟာ ပို၍ပင်ပြောင်းလဲလာခဲ့သလို အထူးသဖြင့် ကွမ်ချန်လမ်းမပေါ်တွင် နိုင်ငံခြားသားများစွာရောက်လာတတ်ပြီး နိုင်ငံခြားသားများစွာနှင့် ပြည်ပမှပြန်လာကြတဲ့လူတွေဟာ တရုတ်တွင် ရင်းနှီးမြှုပ်နှံလိုကြကာ စက်ရုံများတည်ဆောက်လိုကြသည်။ ဤနွေဦးရာသီတွင် စက်ရုံအမျိုးမျိုးဖွင့်လှစ်ခဲ့ကြသည်။
ယခင်က ဆေးဘက်ဆိုင်ရာကုသမှုအတွက် သီးသန့်အသုံးပြုသော အအေးခန်းနှင့် ရေခဲသေတ္တာများကို ယခုအခါ အရပ်သားတွေပါ အသုံးပြုဖို့အတွက် ဖွင့်လှစ်ခဲ့ပြီး အပေါ်နှင့်အောက်အလွှာပါသော အစိမ်းရောင်ရေခဲသေတ္တာငယ်တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ လုစန်းကျဲတောင် တစ်လုံးဝယ်ပြီး အိမ်မှာထားထားခဲ့သည်။
ကွမ်ချန်ရှိဆိုင်များတွင် နိုင်ငံခြားမှတင်သွင်းသော ကာလာတီဗီများ၊ ကင်မရာများ၊ ဗီဒီယိုအသံဖမ်းစက်များ၊ အဝတ်လျှော်စက်များ စသဖြင့်အမျိုးမျိုးကို သင်၀ယ်ယူနိုင်သည်... နိုင်ငံခြားမှတင်သွင်းသောပစ္စည်းတွေက အလွန်ဈေးကြီးသလို အိမ်သုံးပစ္စည်းတွေက ပိုလို့တောင် ဈေးကြီးသေးသည်။ ဒေါ်လာရာချီ၊ ထောင်ချီကုန်သွားမှာတော့ ဖြတ်ခနဲပါပဲ။
အရင်တုန်းကလူတွေဟာ လုပ်ခလစာ ယွမ်ဆယ်ဂဏန်း၊ ရာဂဏန်းရရင်ကိုပဲ အရမ်းကျေနပ်နေကြပေမယ့် ယခုအခါ ထိုပိုက်ဆံနည်းနည်းလေးနဲ့ အသုံးစရိတ်မှာ မလုံလောက်ကြတော့ပေ။
အရင်တုန်းကတော့ လူတွေ လက်ထဲမှာ ပိုက်ဆံနည်းနည်းရှိလာတဲ့အခါ အိမ်မှာပဲစုဖြစ်ကြပြီး ဘာမှဝယ်စရာမရှိခဲ့။ သို့သော် ယခုအခါ ဈေးကွက်၌ ကုန်ပစ္စည်းများစွာရှိ၍ လူတွေလည်း အကုန်လုံးကို ဝယ်ချင်နေကြလျက်။ သူတို့လက်ထဲက ပိုက်ဆံတွေဟာ အရမ်းနည်းနေပြီလေ!
ထက်မြက်သူများဟာ နွေဦးလေကိုအမှီလိုက်ကာ ငွေရှာကြတော့သည်။ ကျေးလက်ဒေသရှိလူတွေက မြေယာစာချုပ် ချုပ်ဆိုကြစဥ် မြို့တွင်းရှိလူတွေကလည်း မော်တော်ယာဉ်နှစ်စီးကိုစာချုပ်ချုပ်ရန် သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုသို့သွားခဲ့ကြပြီး ခရီးဝေးသွားလာရန် နေရာအများအပြားသို့ အသွားအပြန်ပြေးဆွဲခဲ့ကာ အသွားအပြန်ခရီးစဥ်တစ်ခုအတွက် ယွမ်ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာ ဝင်ငွေရနိုင်သည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဝင်ငွေရရုံတင်မက လမ်းဘေးဈေးသည်များလည်း ထို့အတူပင်။ ယခုအခါ လမ်းဘေးဈေးဆိုင်အမျိုးမျိုးရှိလာကြပြီ၊ နာရီပြင်ဆိုင်များ၊ စက်ဘီးပြင်ဆိုင်များ၊ အထည်ရောင်းသူများ၊ အဆာပြေရောင်းသူများ... နေရာတိုင်း စည်ကားသိုက်မြိုက်နေပြီး လူတွေကလည်း နေရာတိုင်းမှာ ပိုက်ဆံကုန်နေကြလေသည်။
နိုင်ငံခြားရုပ်ရှင်တွေနဲ့ နိုင်ငံခြားသီချင်းတွေကို မိတ်ဆက်လိုက်ခြင်းဟာလည်း လူတွေရဲ့နေ့စဉ်ဘဝကို သက်ရောက်စေခဲ့သည်။ ရော့ခ်ဂီတကို နေရာတချို့တွင် စတင်တီးခတ်ခဲ့ကြပြီး ဖျော်ဖြေပွဲများကဲ့သို့သော နေရာသစ်များလည်း ပေါ်ပေါက်လာခဲ့လေပြီ။
ဟိုတယ်အနီးတွင် ဖျော်ဖြေရေးခန်းမများစွာ ဖွင့်လှစ်ထားပြီး အချို့မှာ ဟိုတယ်ကနေ ဖွင့်ထားသည်ပင်။ ပြင်ပမှတင်သွင်းသည့် ခေတ်မီဆန်းသစ်တဲ့သီချင်းတွေဟာ လမ်းမတွေပေါ်တွင် ထွက်ပေါ်လာကာ လူများစွာက သီချင်းနားဆင်ရန်၊ ကခုန်ရန်အတွက် ဂီတခန်းမများသို့သွားရသည်ကို နှစ်သက်ကြလေသည်။
…
ဟုတ်ပါတယ်၊ အချို့နေရာများဟာ တက်ကြွစည်ကားလာကြ၏၊ ဆိုလိုသည်မှာ တခြားအရာတွေကို စွန့်ပယ်လိုက်တာကြောင့် ဈေးကွက်ထဲမှာလည်း ညှိုးနွမ်းစပြုလာခဲ့သည်။
ပထမအချက်မှာ အစိုးရပိုင်စားသောက်ဆိုင်များတွင် စားသုံးသူဦးရေလျော့နည်းသွားခဲ့သည်။ အမျိုးမျိုးသော လမ်းဘေးဈေးဆိုင်ငယ်လေးများကြောင့် လူအနည်းငယ်သာ သူတို့ဘဝကိုကျေနပ်စေဖို့အတွက် အစိုးရပိုင်စားသောက်ဆိုင်များသို့ သွားလာကြတော့သည်။ လူတွေက စျေးသက်သက်သာသာနဲ့ အရသာရှိရှိစားဖို့အတွက် လမ်းဘေးဆိုင်တွေမှာစားရန် ရွေးချယ်ခဲ့ကြသည်။
အနုပညာအဖွဲ့ကဲ့သို့သော အနုပညာအဖွဲ့အစည်းများသည်လည်း လူအများအာရုံစိုက်ခံရခြင်းမှ လျော့ကျလာလေပြီ။ လူတွေက အနုပညာအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကို ကြည့်ရတာ မကြိုက်ကြတော့ပေ။ လူတိုင်းဟာ ခေတ်မီသောနိုင်ငံခြားရုပ်ရှင်များကို ကြည့်ရှုရန်၊ ဖျော်ဖြေပွဲခန်းမများတွင် ကခုန်ကြရန်... စသဖြင့် ဖျော်ဖြေရေးလှုပ်ရှားမှုများစွာရှိလာခဲ့ပြီဖြစ်သည်။
ဆိုတော့ ဘာကြောင့်အနုပညာအဖွဲ့တွေကိုကြည့်နေဦးမှာလဲ၊ ပြည်တွင်းအနုပညာအဖွဲ့ အများအပြားသည်လည်း အစိုးရပိုင်မှ ပုဂ္ဂလိက စာချုပ်ချုပ်ခြင်းသို့ ပြောင်းလဲလိုက်ကြ၏။ အဖွဲ့ခေါင်းဆောင်တွေက သရုပ်ဆောင်တွေကို ငွေရှာရန်အတွက် နေရာတိုင်းမှာဖျော်ဖြေကြဖို့ ခေါ်ဆောင်သွားခဲ့သည်။
၁၉၇၉ခုနှစ် ဒုတိယနှစ်ဝက်တွင် ချင်းရို့က ချုံကျိုးကျွန်းသို့ ပြန်လာခဲ့ပြီး လင်းရွှေတွင် ပုလဲမွေးမြူရေးစက်ရုံဖွင့်ရန် စီစဉ်လေသည်။
ယခုနှစ်တွင် တောင်တရုတ်ပင်လယ်အဏ္ဏဝါဗေဒအသင်းသည် လုချန်၌ အပူပိုင်းအဏ္ဏဝါဇီဝသုတေသနစခန်းတစ်ခုကို တည်ထောင်ခဲ့ပြီး ရေငန်ပုလဲမွေးမြူခြင်းဆိုင်ရာ သုတေသနနှင့် စူးစမ်းလေ့လာစမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။ ချင်းရို့က ရေငန်ပုလဲမွေးမြူရေးအတွက် သုတေသနစခန်းမှ ဝန်ထမ်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည်။
တခြားနိုင်ငံတွေ ပုလဲလောကကို လွှမ်းမိုးထားသည့်အခြေအနေကို ချိုးဖျက်ရန်အတွက် သူတို့နိုင်ငံဟာ ၁၉၆၀ပြည့်လွန်နှစ်များအစောပိုင်းတွင် ပုလဲမွေးမြူရေးနည်းပညာကို စတင်သုတေသနလုပ်ခဲ့ကြသည်။
ကမာပုလဲတွေထဲမှာ လိပ်ပြာမုတ်ကောင်အဖြူဟာ အကြီးဆုံးဖြစ်ပြီး ဤကဲ့သို့သောမုတ်ကောင်မျိုးဖြင့် မွေးမြူထားသော ပုလဲများဟာ အရွယ်အစားကြီးမားကာ အရည်အသွေးကောင်းမွန်လှတာကြောင့် လူအများကြားတွင် ရေပန်းစားလေသည်။
လုချန်သုတေသနစခန်းမှ နောက်ဆုံးပေါ်နည်းပညာမှာ လိပ်ပြာမုတ်ကောင်အဖြူ၏ ပင်မမွေးမြူခြင်းနည်းပညာဖြင့် မွေးပုလဲဖန်တီးခြင်းဖြစ်ကာ ယခုအချိန်တွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပုလဲများကို ဘယ်လိုဖွဲ့စည်းထားကြောင်း လူအတော်များများမသိကြပေ။ သဘာဝပုလဲများနှင့် မွေးပုလဲများရှိပေသည်။ အမှန်တကယ် နှိုင်းယှဥ်ကြည့်ပါက သဘာဝပုလဲနှင့် မွေးပုလဲကြားက ကွာခြားချက်သိပ်မရှိပါချေ။
သဘာဝပုလဲများဖွဲ့စည်းပုံမှာ မတော်တဆတစ်ခုပင်၊ ပင်လယ်ထဲတွင် လွတ်လွတ်လပ်လပ်မျှောနေသော ကမာကောင်က တစ်နေ့တွင် သူ့ကိုယ်ထဲသို့ သဲတစ်မှုန် မတော်တဆဝင်လာ၍ စက်ဆုပ်သလိုခံစားရပြီး အဆိုပါသဲတစ်မှုန်ကို ထုပ်ပိုးဖွက်ထားရင်း အချိန်ကြာလာသည်နှင့်အမျှ ပုလဲများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။
လူလုပ်မွေးပုလဲများမှာ ဖန်တီးတုပမွေးမြူခြင်းဖြစ်ပြီး မုတ်ကောင်ထဲသို့ အူတိုင်နှင့် ကျောက်တုံးသေးသေးလေးတွေကို ထည့်ထားကြသည်။
xxx