အခန်း (၂၄၆)
Vol. 21 Ch. 246
ကဲ အခု တကယ့်မွေးမြူရေးလုပ်ငန်းစဉ်ကို ကြည့်ကြပါစို့။
ဤနေရာရှိသုတေသီများဟာ ပုလဲအရွယ်အစား ၁၅မီလီမီတာကျော်ရှိသော ဧရာမအကြီးစား "ပုလဲဘုရင်များ"ကို မွေးမြူနိုင်အောင်လို့ ပိုမိုအာရုံစိုက်ကြသည်။
ချင်းရို့သည် သာမန်ရေငန်ပုလဲတွေမွေးမြူရန် ရည်ရွယ်ချက်ဖြင့် ပုလဲစက်ရုံကို ဖွင့်လှစ်မည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် အရွယ်အစား ၆ မှ ၁၂ မီလီမီတာခန့်ရှိသော အရည်အသွေးမြင့် စင်းလုံးချောပုလဲလုံးအမြောက်အမြား လိုအပ်ပေသည်။
ပုလဲဆိုသည်မှာ ပုံသဏ္ဍာန်ပို၍လုံးဝိုင်းလေလေလေ၊ အရွယ်အစားပိုကြီးလေလေ၊ လိုင်းတွေပိုနည်းလေလေ၊ ပို၍တန်ဖိုးကြီးလေဖြစ်သည်။
အရွယ်အစား ၁၂မီလီမီတာအောက် ပုလဲများ၏ဈေးနှုန်းမှာ အတော်လေးအဆင်ပြေသော်လည်း ပုလဲလုံးပိုကြီးလာလေလေ ဈေးပိုကြီးလာလေလေပင်။ ဧရာမပုလဲများကိုမူ ပြတိုက်လေလံပွဲများနှင့် ပြပွဲများတွင်သာ အသုံးပြုကြသည်။
သာမန်ပုလဲလည်ဆွဲတစ်ကုံးကို ၆ မှ ၈ မီလီမီတာပုတီးစေ့များနှင့် သီထားခဲ့ပါက အလွန်လှပလေ၏။ ပုလဲလည်ဆွဲသေးသေးလေးတွေ ဝတ်ထားတဲ့ မိန်းမငယ်လေးတွေဟာ ပိုမိုသိမ်မွေ့ကျက်သရေရှိနေသလို သက်လတ်ပိုင်းနှင့် အသက်ကြီးသူတွေက ပုလဲကြီးကြီးတွေဝတ်ရတာ နှစ်ခြိုက်ကြ၏။ မတူညီတဲ့အရွယ်အစားအမျိုးမျိုး၊ ကွဲပြားတဲ့ပုံသဏ္ဍာန်အမျိုးမျိုးရှိသော ပုလဲလည်ဆွဲကြီးတွေကို အထပ်ထပ်ဝတ်ဆင်တဲ့အခါ အလွန်နှစ်လိုဖွယ်ကောင်းလှသည်။
ချီဖောင်အင်္ကျီနှင့် ပုလဲလည်ဆွဲအထပ်ထပ်ဝတ်ဆင်ထားခြင်းဖြင့် ကျက်သရေရှိပြီး အံ့အားသင့်ဖွယ် အသွင်အပြင်ကို ရရှိစေမည်ပင်။
"ဒီပုလဲနှစ်လုံးကို ငါတို့သုတေသနစခန်းက မွေးမြူထားတာတွေလေ၊ မင်းကိုပေးလိုက်မယ်"
ချင်းရို့ ပုလဲမွေးမြူရေးစခန်းမှ မထွက်ခွာမီ ယောင်ချန်းထိုက်က သုတေသနစခန်းဝန်ထမ်းများကိုယ်စား သူမအား ရေငန်ပုလဲ(မြိတ်ပုလဲ)နှစ်လုံးပေးခဲ့သည်။ သူတို့ဂရုတစိုက်ရွေးချယ်ပေးထားသော ရေငန်ပုလဲနှစ်လုံးဟာ အချင်း ၈မီလီမီတာခန့်ရှိပြီး လုံးဝန်းကာ တောက်ပြောင်နေသည်။
"မင်းလိုမိန်းမလှလေးတစ်ယောက်က ပုလဲဝတ်လိုက်ရင် ပိုလှမှာလို့ သူတို့တွေသီးသန့်ပြောနေကြတာလေ" ယောင်ချန်းထိုက် နောက်ပြောင်လိုက်သည်။
သူတို့ရဲ့ သုတေသနစခန်းသို့ ချင်းရို့ ရောက်ရှိလာပြီးနောက် နုပျိုလှပသော ဤအမျိုးသမီးငယ်လေးဟာ သုတေသနစခန်းရှိ လူငယ်များစွာ၏အာရုံစိုက်မှုကိုခံခဲ့ရသည်။ ဒီလိုလှပချောမောတဲ့ မိန်းကလေးကို သဘောမကျဖို့ဆိုတာ ခက်ခဲသည်လေ။
သူမက အိမ်ထောင်ကျပြီးဖြစ်သလို ကလေးမွေးပြီးသူဖြစ်လို့ လူငယ်လေးတွေအသည်းကွဲသွားကြတာတော့ သနားစရာပါပဲ...
"ကျွန်တော်တို့သုတေသနစခန်းမှာက ယောကျ်ားတွေချည်းပဲ။ ဒီပုလဲတွေက လှပပေမယ့် ကျွန်တော်တို့အမျိုးသားတွေလက်ထဲမှာ ကြည့်လို့မကောင်းဘူးလေ၊ ဟားဟား..."
ဤခေတ်၌ လူတော်တော်များများအတွက်ပုလဲဆိုသည်မှာ ရှားပါးလှ၏။ လူအများစုအတွက်မူ ငတ်မွတ်ခေါင်းပါးခြင်းမှ ထွက်လာခါစဖြစ်နေ၍ သူတို့ရဲ့ဝမ်းကိုသာ ဖြည့်ရန် ပိုကြိုးစားနေကြသည်။ တခြားအဝတ်အစားနဲ့ လက်ဝတ်ရတနာတွေအကြောင်းမတွေးခင်မှာ သူတို့ရဲ့ဗိုက်ကိုအရင်ဖြည့်ရပေမည်။
တရုတ်နိုင်ငံမှာ အထည်ကောင်းတွေ အမြောက်အမြားမထုတ်လုပ်သဖြင့် သူတို့ခန္ဓာကိုယ်ကိုတောင် မဖုံးကာနိုင်သေးတဲ့နေရာတွေ အများကြီးရှိနေဆဲပင်။ အချို့နေရာများတွင် မိသားစုတစ်စုထဲက ညီအကိုသုံးယောက်မှာ ဘောင်းဘီတစ်ထည်သာရှိပြီး အပြင်ထွက်တဲ့သူက ထိုဘောင်းဘီကို ဝတ်ဆင်သွားရကာ အိမ်မှာကျန်ခဲ့တဲ့သူတွေက ကိုယ်လုံးတီးနေကြရသည်။
ချင်းရို့ ပုလဲနှစ်လုံးကို ဘေးဖယ်လိုက်ပြီး သုတေသနစခန်းမှ သုတေသီများစွာကို တောက်ပစွာ ပြုံးပြလျက်
"အခု ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေက အနီရောင်ဝတ်စုံလှလှလေးတွေ ၀တ်ဆင်လာကြသလိုမျိုး အနာဂတ်မှာလည်း ဒီလိုလှပတဲ့ပုလဲလက်ဝတ်ရတနာတွေကို ၀တ်ဆင်နိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်"
ချင်းရို့အပြုံးလေးကြောင့် ယောင်ချန်းထိုက် အနောက်မှ သုတေသီလူငယ်နှစ်ဦး ရှက်သွားခဲ့လေသည်။
သူတို့အရှေ့က ချင်းမျိုးရိုးအမည်ရှိ ဤအမျိုးသမီးဟာ အလွန်လှပသူပင်။ သူမဆံပင်ကိုခွေထားကာ သူမဆံပင်ရှည်ရှည်လေးတွေဟာ ပုခုံးထက်မှာ ရေညှိတွေလို ပျံ့ကျဲနေလျက်။ သူမမျက်နှာလေးက လှပပြီး နှစ်လိုဖွယ်ကောင်းသလို သူမမျက်လုံးလေးတွေဟာလည်း ပင်လယ်ပြင်ထဲမှာ တလက်လက်တောက်ပနေတဲ့ကြယ်လေးတွေလိုမျိုး လင်းလက်တောက်ပနေလွန်း၍ သူမမျက်လုံးတွေထဲသို့ တိုက်ရိုက်ကြည့်ဖို့ မဖြစ်နိုင်ပါချေ။ ဒီအမျိုးသမီးလေးဟာ ဟောင်ကောင်ကျွန်းပေါ်ရှိ အမျိုးသမီးကြယ်ပွင့်တွေထက်တောင် ပိုလှပါသေးသည်။
- အိမ်ထောင်ကျပြီးသားဖြစ်တာတော့ ဝမ်းနည်းစရာပါပဲ...
ချွေးမင်ကျန့်သည် ယောင်ချန်းထိုက်နောက်မှာရပ်နေရင်း သူ့မျက်လုံးတွေက ချင်းရို့အနောက်သို့ တဝဲလည်လည်ကပ်ပါသွားကာ ထွက်သွားဖို့ တွန့်ဆုတ်နေခဲ့သည်။ သူမကိုလက်ထပ်ခွင့်ရတဲ့ ထိုအမျိုးသားကို သူ တိတ်တိတ်လေးမနာလိုဖြစ်နေမိလျက်။
သူမလို လှပချောမောတဲ့အမျိုးသမီးကို လက်ထပ်နိုင်တာ ဘယ်လိုလူမျိုးပါလိမ့်?
ချင်းရို့က သုတေသနစခန်းမှ ထွက်ခွာခဲ့ပြီး ယောင်ချန်းထိုက်နှင့် ချွေးမင်ကျန့်တို့ကတော့ သူမအကြောင်းပြောနေကြဆဲ။
ယောင်ချန်းထိုက်က ချွေးမင်ကျန့်ရဲ့ အာရုံတွေပြန်စုစည်းလာအောင်လို့ သူ့ပခုံးကို ပုတ်လိုက်ပြီး "ကြည့်မနေနဲ့တော့၊ မင်းမျက်လုံးကြီးကျွတ်ကျတော့မယ်ကွ။ ရဲဘော်ချင်းက သွားပြီလေ"
ချွေးမင်ကျန့်: "အနာဂတ်မှာ သူမရဲ့ ပုလဲမွေးမြူရေးကိစ္စနဲ့ ပတ်သက်ပြီး နည်းပညာဆိုင်ရာလမ်းညွှန်မှုပေးရမယ်ဆိုရင် ကျွန်တော်လုပ်မယ်ဗျာ"
"မင်းက စေတနာ့ဝန်ထမ်းလုပ်ချင်တယ်ပေါ့? မင်း ဘာလုပ်ချင်နေတာတုန်းကွာ? သူမကအိမ်ထောင်ကျပြီးသားနော်၊ သူမက တပ်မတော်ဇနီးသည်မို့လို့ ပေါက်ကရအတွေးတွေ စဉ်းစားမနေနဲ့တော့"
ချွေးမင်ကျန့် သက်ပြင်းချရင်း "လူတိုင်းက အလှအပကို မြတ်နိုးကြတယ်လေ။ ဒီလိုလှပတဲ့မိန်းကလေးကို အကြိမ်နည်းနည်းလောက်ထပ်မကြည့်ဘဲ မနေနိုင်လို့ပါဗျာ"
"ရှောင်ချင်းပြောတာကို မင်းမကြားဘူးလား၊ သူမက ကလေးလေးယောက်မိခင်ပါတဲ့"
"မင်းက တစ်စုံတစ်ယောက်ရဲ့ ပထွေးဖြစ်ချင်ပေမယ့် သူတို့က မင်းကို အခွင့်အရေးမပေးဘူးနော်"
ချွေးမင်ကျန့်: "…"
သူမယောကျ်ားအတွက် ကလေးလေးယောက်တောင်မွေးပေးထားတဲ့ ချောမောလှပပြီးကျက်သရေရှိတဲ့ အလှလေးကို လက်ထပ်ထားရတဲ့ ထိုအမျိုးသားကို ဘယ်ယောက်ျားက မနာလိုမဖြစ်ဘဲနေမှာတုန်း။ ဒီအကြောင်းကို ပိုတွေးလေလေ၊ ပိုပြီးတော့မနာလိုဖြစ်လေလေပဲကွာ!!
ဒီကမ္ဘာမှာ ဒီလိုကံကောင်းတဲ့ယောကျ်ားတစ်ယောက် ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲကွာ...
"ကျွန်တော်လည်း သူများရဲ့ပထွေးမဖြစ်ချင်ပါဘူးဗျာ၊ ကိုယ့်အတိုင်းအတာကိုယ်သိပါတယ်"
ယောင်ချန်းထိုက်က သူ့နောက်ကလူတွေကို ပြောလိုက်၏။
"ချွေးမင်ကျန့် မင်းနဲ့ လင်းကွေ့ရှန်းက ချင်းရို့ပုလဲမွေးမြူရေးစက်ရုံက လူတွေကို ဆက်သွယ်ပြီး ညွှန်ကြားချက်တွေကို မှတ်တမ်းတင်ဖို့ တာဝန်ရှိတယ်"
ချွေးမင်ကျန့်နှင့် လင်းကွေ့ရှန်းတို့ ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ချွေးမင်ကျန့်သည် ဤတာဝန်ကိုရရှိပြီးနောက် အလွန်ပျော်ရွှင်နေလျက်။ သူက ချင်းရို့ကို များများတွေ့ရရုံတင်မက မျက်မြင်တွေ့ရတော့မည်လေ။ ပုလဲအကြီးစားထုတ်လုပ်သည့်မြင်ကွင်းကို သူမြင်ချင်နေမိပြီ။
အနာဂတ်မှာ လမ်းပေါ်၌ ပုလဲတွေ ၀တ်ဆင်ထားတဲ့ လှပတဲ့အမျိုးသမီးတွေကို မင်းမြင်နိုင်မှာပါလေ...
ချွေးမင်ကျန့်နှင့် လင်းကွေ့ရှန်း ကန်တင်းတွင် အတူတူထိုင်စားနေကြရင်း စကားစမြည်ပြောနေကြလျက်။
ချွေးမင်ကျန့်ဟာ ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်ပြီး များသောအားဖြင့် သိပ်လေးလေးနက်နက်မရှိပါချေ။ လင်းကွေ့ရှန်းကတော့ အတော်လေးတိတ်ဆိတ်နေတတ်သည်။ နေ့တိုင်း သူ့ရဲ့သုတေသနအလုပ်တွေလုပ်ပြီးနောက် အိပ်ဆောင်သို့ ပြန်လာကာ စာအုပ်တွေဖတ်နေလေ့ရှိသည်။
လင်းကွေ့ရှန်းက ပုလဲမွေးမြူရေးကို စိတ်မဝင်စားသလို ဤမဖွံ့ဖြိုးတဲ့ကျွန်းပေါ်မှာ နေချင်စိတ်မရှိဘဲ ထွက်ခွာရန် နည်းလမ်းကိုသာ ကြိုးစားရှာဖွေနေခဲ့သည်။
ဤကျွန်းပေါ်မှာနေထိုင်ရတဲ့ဘဝဟာ ခါးသီးလွန်းသော်လည်း ရေလက်ကြားဖြတ်သွားသော နေရာဟာ မြေကြီးတုန်ခါစပြုနေပြီဖြစ်သည်။ သူက ကွမ်ချန်ကိုသွားကာ ပိုကျယ်ပြောတဲ့နေရာမှာ နေချင်လေသည်။
"ပုလဲတွေက အရမ်းလှတာပဲ၊ ပုလဲတွေက အလှလေးတွေနဲ့ပဲ လိုက်ဖက်မှာ။ ငါတို့လိုယောက်ျားကြီးတွေဝတ်လို့မရဘူး"
ချွေးမင်ကျန့် ရယ်မောကာဖြင့် "ဒါပေမယ့် ငါကတော့ မုတ်ကောင်တွေကို ဖွင့်ရတာကြိုက်တယ်ကွ၊ ငါ ဖွင့်လိုက်တဲ့အချိန် ပုလဲတွေရှာတွေ့တဲ့ အံ့ဖွယ်ခံစားချက်မျိုးကို သဘောကျတယ်။ ရဲဘော်ချင်း ပြောတာမှန်တယ်၊ ပုလဲတိုင်းက ထူးခြားနေရောပဲ၊ သူမလည်း ပုလဲကြိုက်တယ်၊ ငါလည်း ပုလဲတွေကိုကြိုက်တယ်"
"ငါတို့သုတေသနစခန်းမှာရှိတဲ့ မုတ်ကောင်တွေက အရမ်းတန်ဖိုးကြီးတာပဲ၊ ငါတို့ သာမန်ကာလျှံကာဖွင့်လို့မရဘူး။ အထဲမှာ ပုလဲရှိမရှိသိဖို့ ဓာတ်မှန်ရိုက်ရမယ်၊ ပြီးတော့ သေချာမှဖွင့်နိုင်တာလေ... ငါ မုတ်ကောင်ဖွင့်တဲ့အချိန်တိုင်းဟာ မှော်ဆန်တဲ့ အတွေ့အကြုံတစ်ခုပဲလို့ တွေးမိတယ်ကွာ"
ချွေးမင်ကျန့်က စိတ်အားထက်သန်စွာ စကားပြောနေသော်လည်း လင်းကွေ့ရှန်းက လျစ်လျူရှုထားမြဲ။ ချွေးမင်ကျန့်စကားတွေကို နားထောင်ပြီးနောက် လင်းကွေ့ရှန်းက သူ့ကိုမေးလိုက်၏။
"ချင်းရို့ဆိုတဲ့အမျိုးသမီးက ပုလဲမွေးမြူရေးစက်ရုံကို ဖွင့်နိုင်မယ်လို့ မင်းတကယ်ထင်နေတာလား?"
"ဘာလို့မဖြစ်နိုင်ရမှာလဲ?"
"ငါတော့မထင်ပါဘူး၊ သူမသာ ယောက်ျားတစ်ယောက်ဆိုရင်တော့ အောင်မြင်နိုင်ပါသေးတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်အနေနဲ့ ဘာတွေများလုပ်နိုင်မှာမို့လဲ?"
လင်းကွေ့ရှန်းက ခေါင်းယမ်းလိုက်ပြီး ချင်းရို့ဟာ ချောမောလှပသူမှန်း သူသိသော်လည်း အမျိုးသမီးတစ်ယောက်ရဲ့အလှအပဟာ အမျိုးသားတွေအတွက်သာဖြစ်ပြီး ပုလဲလိုမျိုး လှပတဲ့ပစ္စည်းတွေဟာလည်း အမျိုးသားတွေက အမျိုးသမီးတွေကို ပေးသင့်တာလေ။
လင်းကွေ့ရှန်းသည် အမျိုးသမီးတွေဆိုတာ အိမ်မှာပဲနေသင့်ပြီး ကလေးတွေကိုပြုစုစောင့်ရှောက်သင့်တယ်လို့ ခံစားမိသည်ပင်။ ဂနာမငြိမ်အမျိုးသမီးတွေကသာ လျှောက်သွားနေမှာလို့ ယူဆသည်။
ချင်းရို့ကဲ့သို့သောအမျိုးသမီးဟာ ကောလိပ်ကျောင်းသူဖြစ်ရင်တောင် ဘာစွမ်းရည်ရှိမှာမို့လို့လဲ?
သူမက စီးပွားရေးစီမံခန့်ခွဲမှုပညာကို လေ့လာရင်လည်း အစိုးရပိုင်စက်ရုံမှာပဲ ရိုးရိုးသားသားအလုပ်လုပ်သင့်ပြီး အိမ်ထောင်ပြုဖို့ ယောကျ်ားကောင်းတစ်ယောက်ကိုရှာ၍ သူမယောကျ်ားနှင့် ကလေးတွေကိုပဲ စောင့်ရှောက်သင့်တာလေ။
ချွေးမင်ကျန့် "မိန်းမတစ်ယောက်ရဲ့ အရည်အချင်းတွေကို လျှော့မတွက်နဲ့"
"ဟားဟား"
လင်းကွေ့ရှန်း အတန်ကြာရယ်မောနေရင်း "မင်း စောင့်ကြည့်နေလိုက်စမ်းပါ၊ ဒီအမျိုးသမီးနဲ့ မွေးမြူရေးစက်ရုံက နှစ်ဝက်ထက်တောင်ကြာကြာခံမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ဘာပုလဲတွေလဲ? သူတို့ကဖြင့် ပုလဲရဲ့အရိပ်ကိုတောင် မမွေးမြူနိုင်ဘဲနဲ့"
"ဒီလောက်စောစောကောက်ချက်မချလိုက်နဲ့လေ"
ချွေးမင်ကျန့်က ချင်းရို့၏အစီအစဉ်မှာ ရှုထောင့်တိုင်းကို အသေးစိတ်ထည့်သွင်းစဉ်းစားထားပြီး သူတို့သိပ္ပံသုတေသီများထက်ပင် အသေးစိတ်အချက်အလက်များကို အာရုံစိုက်ထားသေးသည်။ လင်းရွှေပုလဲမွေးမြူရေးစက်ရုံဟာ အလားအလာကောင်းရှိပြီး ချွေးမင်ကျန့်လည်း ဤပုလဲမွေးမြူရေးစက်ရုံနှင့်ပတ်သက်ပြီး အလွန်အကောင်းမြင်လေသည်။
လင်းကွေ့ရှန်း ပြောလိုက်သည်။ "ဒါဆို ငါတို့လောင်းကြေးထပ်ကြမယ်ဆိုရင်ရော? သူမရဲ့ ပုလဲမွေးမြူရေးစက်ရုံက တစ်နှစ်ကြာရင် ဖွင့်နိုင်မှာမဟုတ်တော့ဘူးလို့ ငါလောင်းတယ်ကွာ၊ ငါတို့ရဲ့ လမ်းညွှန်မှုတွေဟာ အလကားပဲဖြစ်သွားမှာ"
"မင်းနဲ့ငါ အလောင်းအစားလုပ်ကြတာပေါ့။ ရှုံးတဲ့သူက စားသောက်ဆိုင်တစ်ဆိုင်မှာ အသားဟင်းတွေအများကြီးပါတဲ့ ထမင်းတစ်နပ်လိုက်ကျွေးရမယ်ကွာ!"
"ကောင်းပြီလေ"
နှစ်ယောက်သား high fiveလုပ်လိုက်ပြီး အလောင်းအစားလုပ်လိုက်ကြလေပြီ။ "မင်းမှတ်မိနေရမယ်နော်!"
"မှတ်ထားလိုက်၊ လောင်ယောင်ကို သက်သေခံခိုင်းကြတာပေါ့"
ချွေးမင်ကျန့် သူ့ပေါင်သူရိုက်ကာ "ဒီလိုအလှလေးကို လက်ထပ်ခွင့်ရတဲ့ ရဲဘော်ချင်းရဲ့ ခင်ပွန်းက ဘယ်လိုလူမျိုးလဲဆိုတာ ငါတကယ်မြင်ဖူးချင်လိုက်တာကွာ!"
xxx