အခန်း (၂၄၈)
Vol. 21 Ch. 248
ချင်းရို့သည် နောက်ထပ် အသိအကျွမ်းအနည်းငယ်ကို ရှာဖွေရန်လည်း ရည်ရွယ်ထားလေ၏။ ချုံကျိုးကျွန်းမှ ဒေသခံတစ်ဦးဖြစ်ရင် ပိုကောင်းပေသည်။ သို့မှသာ ရွာသားတွေ၊ တံငါလှေတွေနှင့် ဆက်ဆံရာတွင် ပို၍အဆင်ပြေပေမည်။ "ဒေါ်လေးဖူတို့မိသားစု အခုတလောဘယ်လိုလဲ?"
"သူတို့အိမ်မှာ တစ်ခုခုဖြစ်သွားတယ်ဟယ်"
ချင်းမျန့်သည် ဒေါ်လေးဖူမိသားစုလို့ ပြောလိုက်သည်နဲ့ သက်ပြင်းမချပဲမနေနိုင်တော့ပေ။
"သူ့သမီးမုန့်လန်က ပိုးသတ်ဆေးသောက်ပြီး သေလုနီးပါးပဲဟာ။ ကံကောင်းလို့ပေါ့ သူ့ယောက်မတွေ့သွားလို့ ဆေးရုံအချိန်မီတင်နိုင်ခဲ့တာလေ"
"သူမလက်ထပ်ခဲ့တဲ့ အဲဒီကောင်ကျိုးယွမ်ဖန်းက တကယ်တော့ လူကောင်းမဟုတ်ဘူး။ သူက ကောလိပ်ဝင်ခွင့်အောင်သွားပြီး မြို့ရောက်သွားတာနဲ့ အဲ့မှာပဲ နောက်ထပ်အမျိုးသမီးတစ်ဦးရှာလိုက်တယ်လေ။ အဲဒီအမျိုးသမီးက သူ့အတွက် သားတစ်ယောက်မွေးပေးထားသေး၊ သူတို့က လက်ထပ်လက်မှတ်လည်းရပြီးသွားပြီဆိုပဲ။ မုန့်လန်နဲ့ သူ့သမီးလေးက ရွာမှာ ကျစ်ရစ်ခဲ့တော့တာပေါ့ဟာ... မုန့်လန်နဲ့ သူမအကိုက သူ့ကိုရှာဖို့ ကျောင်းကိုရောက်သွားတော့ အဲဒီကလူတွေဆီက အရှက်ခွဲခံခဲ့ရတယ်လေ။ ပြန်လာတော့ သူမလည်း သိပ်မတွေးတော့ဘဲ သူမသမီးကိုပါ ခေါ်သွားလုနီးနီးဖြစ်... အခုနောက်ပိုင်း ဒေါ်လေးဖူလည်း သမီးနဲ့ မြေးမလေးကိုကြည့်ပြီး နေ့တိုင်းမျက်ရည်တွေသုတ်နေရရှာတာဟာ"
"ငါ တစ်ချက်သွားတွေ့ကြည့်လိုက်ဦးမယ်"
မရေမတွက်နိုင်သော ပညာတတ်လူငယ်များဟာ မြို့ကိုပြန်သွားပြီးနောက် ရွာမှ ဇနီးနှင့် သားသမီးများကို စွန့်ပစ်ခဲ့ကြလေသည်။ ဤကိစ္စသည်လည်း ဒေါ်လေးဖူတို့မိသားစုဆီ သက်ရောက်လိမ့်မယ်လို့ ချင်းရို့မမျှော်လင့်ထားမိခဲ့ပေ။
ချင်းရို့ ဒေါ်လေးဖူအိမ်သို့သွားကာ တံခါးခေါက်လိုက်၏။ ဒေါ်လေးဖူက ဟင်းသီးဟင်းရွက်ကြော်နေစဥ် သူမကို တွေ့လိုက်ရတော့ အရမ်းပျော်ရွှင်သွားကာ "ချင်းအငယ်မလေးရေ နင့်အစ်မနဲ့ ခဲအိုတို့ဆီ ထပ်လာလည်တာလားကွယ်"
ချင်းရို့ ဒေါ်လေးဖူကို ကြည့်လိုက်ရာ သူမဆံပင်အများစုမှာ အဖြူရောင်ပြောင်းနေပြီဆိုတာ တွေ့လိုက်ရလေသည်။
သူမ ဒေါ်လေးဖူနဲ့ စကားစမြည်ပြောလိုက်၏။
"နင် ငါတို့မုန့်လန်အကြောင်း ကြားပြီးပြီ မဟုတ်လား။ ဟင်း... အဒေါ်လည်း သူမကို ဘယ်လိုဆွဲဆောင်ရမှန်းမသိတော့ပါဘူးဟယ်။ ရှောင်ချင်းရေ နင်က ငယ်လည်းငယ်တယ်၊ ပညာလည်းတတ်တော့ ငါ့အတွက် မုန့်လန်ကို ကူညီဖြောင်းဖြပေးပါဦးနော်"
"ထွက်သွားတဲ့လူက ထွက်သွားတာပဲပေါ့လေ၊ ငါတို့လည်း ဆက်ရှင်သန်ရဦးမှာပဲ"
ချင်းရို့ ဖူမိသားစုအိမ်ခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။ အသက်၂၀ကျော်အရွယ် မိန်းမငယ်လေးမုန့်လန်သည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာအမူအရာမှာ မှိုင်တွေနေ၏။ သူမဘေးတွင် အသက်တစ်နှစ်ကျော်ကလေးမလေးတစ်ဦး လှဲနေလေသည်။
ချင်းရို့က ကလေးမလေးကို ပွေ့ဖက်ပြီး ချော့မြူလိုက်သည်။ မုန့်လန်က သူမသမီးရဲ့ အသံကိုကြားတဲ့အခါ မျက်ရည်တွေစီးကျလာပြီး
"မမချင်းရို့ ငါ ဘယ်လိုအသက်ရှင်ရမလဲဟင်? ကျိုးယွမ်ဖန်းက ငါတို့ကို မလိုချင်တော့ဘူးတဲ့။ သူက အပြင်မှာ နောက်တစ်ယောက်ရှိနေပြီ၊ သူက ငါသူ့ကို အရှက်မရှိမြူဆွယ်ခဲ့တာလို့ ပြောသေးတယ်..."
"ငါ့အမေက ငါ့ကိုဘာမှမပြောပြပေမယ့် ရွာထဲကလူတော်တော်များများက ငါ့နောက်ကွယ်မှာ ရယ်မောနေကြတာ။ ငါက အရှက်မရှိဘဲ မြို့ကပညာတတ်လူငယ်ကို မြူဆွယ်လို့ အခုလို အဖြစ်မျိုးကြုံရတာ ထိုက်တန်တယ်လို့ သူတို့ပြောနေကြတာ ငါသိတယ်"
"ငါ ငါ့မိဘတွေအပေါ် ရှက်မိတယ်..."
မုန့်လန် ဆို့နင့်နေကာ စကားတွေဗလုံးဗထွေးဖြစ်နေလေသည်။ မကြာသေးမီက အဖြစ်အပျက်များဟာ သူမကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။
သူမနဲ့ အစ်ကိုဖြစ်သူက ရန်ဖြစ်ငြင်းခုန်ရန် ကျိုးယွမ်ဖန်းကျောင်းကိုလိုက်သွားခဲ့ပေမယ့် သူမရော သူမအစ်ကိုပါ နှစ်ယောက်စလုံးက ကျွန်းပေါ်မှာ မွေးဖွားခဲ့ကြပြီး ရွာမှာပဲ ကြီးပြင်းခဲ့ကာ အပြင်လည်း တစ်ခါမှမရောက်ဖူးခဲ့ကြပေ။
အပြင်လောကကြီးဟာ ကွဲပြားခြားနားလွန်းလှ၏။ မြို့ထဲက အသစ်အဆန်းတွေကို တုန်လှုပ်စွာ ကြည့်နေခဲ့ရပြီး၊ ဘာကိုမှမထိဝံ့သလို ဘာမှလည်းမမေးရဲကြချေ။ သူမတို့ရဲ့ဒေသိယစကားကို သူတို့တွေ နားမလည်နိုင်ကြပေ။
ကျိုးယွမ်ဖန်းရဲ့ ကျောင်းသို့ သူတို့ရောက်သွားသောအခါ မရေမတွက်နိုင်သော အေးတိအေးစက်မျက်လုံးများစွာကို တွေ့ခဲ့ရသည်။ ထိုနေရာတွင် ဆံပင်ကောက်ထားပြီး အဝတ်ကောင်းတွေဝတ်ထားသော၊ တောက်ပပြီး ချောမောလှပတဲ့ မိန်းကလေးများစွာရှိနေသည်။
သူမကတော့ တောဆန်ကာ အသားမည်းပြီး ရုပ်ဆိုးအကျည်းတန်နေသလို မသေမသပ်အဝတ်အစားဖြင့် ကြည့်ပျော်ရှုပျော်ပင်ရှိမနေခဲ့။ ဖက်ရှင်ကျကျဝတ်စားထားသော ကျိုးယွမ်ဖန်းနှင့်ယှဥ်ပါက တစ်ယောက်က ကောင်းကင်မှာရှိနေပြီး နောက်တစ်ယောက်ကတော့ မြေမှုန်အလား။ ထိုနေရာရှိကျောင်းသားတွေဟာ ဖားပြုတ်က ငန်းသားစားဖို့ကြိုးစားနေတယ်လို့ပြောပြီး သူမအား လှောင်ရယ်ကြလေသည်။
"ကျိုးယွမ်ဖန်း ဒါက မင်းရဲ့ ကျေးလက်ကမိန်းမပေါ့လေ?"
"မင်း ဒီလိုမိန်းမမျိုးကိုရွေးသေးတယ်လားဟ?"
"မင်းက တကယ်ဇီဇာမကြောင်ဘူးပဲကွာ"
…
သူမနားထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့ အနှီစကားလုံးတွေဟာ အိပ်မက်ဆိုးအလား။ သူမ မျက်လုံးပိတ်လိုက်သည်နဲ့ အဲဒီလူတွေရဲ့ မတူမတန်ဆက်ဆံသလိုမျက်နှာတွေ၊ အညှာအတာမရှိစကားတွေကိုသာ ပြန်မြင်ယောင်ကြားယောင်နေမသည်။
မုန့်လန် အရမ်းနောင်တရနေမိ၏။ သူမ တစ်သက်လုံး ဒီကျွန်းပေါ်ကမထွက်ခဲ့သင့်တာ၊ သူမ ရွာကလူတစ်ယောက်နဲ့ပဲ လက်ထပ်ခဲ့သင့်တာ၊ ဒီလိုဆို သူမအစ်ကိုလည်း သူမနဲ့အတူတူ အရှက်ကွဲခဲ့ရမှာမဟုတ်ဘူးလေ။
မြို့ထဲကမှန်ထဲမှာ သူမ ဘယ်လောက်ဖရိုဖရဲဖြစ်နေသလဲဆိုတာ တွေ့လိုက်ရသည်။ မြို့သူမြို့သားတွေရဲ့ရှေ့မှာ သူမအစ်ကို ဘယ်လိုနှိမ့်ချအရှက်ကွဲခဲ့ရသလဲဆိုတာကို သူမမျက်လုံးတွေနဲ့ တွေ့ခဲ့ရသည်။
ကျောင်းသားတွေရဲ့ လှောင်ပြောင်ရယ်မောခံရခြင်းသာမက ရထားလက်မှတ်ရောင်းသူတွေဆီက အေးတိအေးစက်ဆက်ဆံခံရသည့်အပြင် စားပွဲထိုးတွေရဲ့ စိတ်မရှည်ဘဲ ရွံ့ရှာနေတဲ့အကြည့်တွေကို ခံစားခဲ့ရသည်။
မုန့်လန် သူမရဲ့နားရွက်ကို ဖုံးကွယ်ကာ ရှိုက်ကြီးတငင်ငိုလိုက်၏။ သူမ နားတွေရော မျက်လုံးတွေကိုပါ ဖုံးကွယ်ထားချင်သော်လည်း ထိုပုံရိပ်တွေနှင့် အသံတွေကို ကြားနေရဆဲပင်။
"မမချင်းရို့ ငါ အသက်ရှင်ဖို့ဘာအကြောင်းရှိသေးလို့လဲဟင်။ ငါ့မိဘတွေကို ဆွဲမချရအောင်လို့ ငါ့သမီးလေးကိုပါ ငါနဲ့အတူခေါ်သွားလိုက်မယ်လေ"
ချင်းရို့ သူမမျက်ရည်တွေကို သုတ်ပေးဖို့ လက်မြှောက်လိုက်ပြီး "ဒီလိုစကားတွေမပြောပါနဲ့ကွယ်။ နင့်ယောက်ျားက ဒီစကားတွေကြောင့် နာကျင်ရမှာမဟုတ်ပေမယ့် နင့်ကို ချစ်ကြတဲ့ နင့်မိဘတွေကပဲ နင့်အတွက် ဝမ်းနည်းနေရလိမ့်မယ်"
"ဒေါ်လေးသာ ကြားသွားခဲ့ရင် သူမနှလုံးသားကို ဓားထက်ထက်နဲ့ ထိုးနေတယ်လို့ ခံစားရမှာလေကွယ်"
"မုန့်လန် နင် ကောင်းကောင်းရှင်သန်နေထိုင်ရမယ်၊ နင့်ဘဝကို ကောင်းမွန်အောင်နေထိုင်ရမှာလေ။ နင် တခြားသူတွေဆီက လှောင်ပြောင်ကဲ့ရဲ့တာမခံချင်ဘူးဆိုရင် နင့်ကိုယ်နင် ပိုသန်မာအောင်လုပ်ရမယ်"
မုန့်လန် မျက်ရည်အပြည့်နဲ့ သူမရှေ့မှ ချင်းရို့ကိုကြည့်လိုက်သည်။ အစ်မချင်းရို့က အဲဒီနေ့က သူမမြင်ခဲ့တဲ့ကျောင်းသူတွေထက် ပိုလှပေမယ့် သူမကို ဘယ်တော့မှမလှောင်ပြောင်ဘဲ ညင်သာစွာ စကားပြောသူပင်။
"မမချင်းရို့ ငါလည်း နင့်လို ဖြစ်ချင်တယ်... ငါ စိတ်ကူးယဥ်နေတယ်လို့ နင်ထင်နေလားဟင်" မုန့်လန်က သူမကိုယ်သူမရယ်မောလိုက်ပြီး "ငါက ကျေးလက်မိန်းကလေးဖြစ်ပြီး ရုပ်ဆိုးအကျည်းတန်နေတာ။ ငါ မြို့ကလူတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး အိမ်ထောင်ပြုနိုင်မှာလဲနော်၊ ငါ့မှာ အသိပညာတောင်မရှိတဲ့ဟာ..."
"ငါ့လက်ကိုကြည့်လိုက်" ချင်းရို့ သူမရှေ့သို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
မုန့်လန်က သူမရှေ့မှာ ဖြန့်ပြလာတဲ့ နှင်းဖြူရောင်လက်ဖဝါးလေးကို မြင်လိုက်ရပြီး လက်ဖဝါးပေါ်မှာ ရွှေရောင်တောက်တောက်ပုတီးစေ့တစ်လုံးကို တွေ့လိုက်ရ၏။ ပြတင်းပေါက်မှ အလင်းရောင်ဟာ တောက်ပနေပြီး ရွှေရောင်ပုတီးစေ့ပေါ်မှာ ပြိုးပြိုးပြက်ပြက် ရောင်ပြန်ဟပ်နေလေရဲ့။
အရမ်းလှတာပဲ...
သူမမျက်လုံးရှေ့မှာ ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာလေ၏။
"ဒီရွှေပုလဲကို နင်တွေ့လား?"
"ငါတွေ့ပါတယ်"
"ဒါကိုကြိုက်လား?"
"ကြိုက်တယ်"
"နင့်ရဲ့ မမချင်းရို့နောက်လိုက်ပြီး ပုလဲမွေးချင်လား?"
xxx