အခန်း (၂၄၉)
Vol. 21 Ch. 249
ချင်းရို့၏ ပုလဲမွေးမြူရေးစက်ရုံကို လင်းရွှေရှင်းရွာတွင် တည်ထောင်ခဲ့သည်။ စမ်းသပ်ရေးစခန်းက သုတေသနအဖွဲ့အစည်းကို ဆက်သွယ်ပေးကာ သူမအား အကူအညီနှင့် အထောက်အပံ့များစွာပေးခဲ့ပြီး မိခင်ပုလဲမုတ်ကောင်နှစ်သုတ်ပေးခဲ့သည်။
ချင်းရို့လည်း မုတ်ကောင်အမြောက်အမြားကို ဖမ်းရန်အတွက် ငါးဖမ်းကုမ္ပဏီရဲ့ ငါးဖမ်းလှေနဲ့ စာချုပ်ချုပ်ဆိုခဲ့သည်။
ချင်းရို့နှင့် နည်းပညာဝန်ထမ်းများဟာ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့သည်။ ပင်လယ်တံတိုင်းပေါ်မတက်ခင် အချိန်အတော်ကြာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ရောင်စုံဘောလုံးလေးတွေနဲ့ ကြိုးတွေဖြင့်တွဲလောင်းချိတ်ဆွဲထားတဲ့ကမာကောင်လေးတွေ သပ်သပ်ရပ်ရပ်စီတန်းနေသည်ကို တွေ့ရပေလိမ့်မည်။ သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးမှ အာဟာရများကို မိခင်ကမာကောင်တွေဆီ ဆောင်ကျဥ်းပေးလာမည်ပင်။
လှေငယ်လေးတစ်စင်းက ပင်လယ်ရေပြင်ပေါ်မှာ မျှောနေပြီး လှေပေါ်ရှိဝန်ထမ်းတွေက မုတ်ကောင်များ၏ကြီးထွားနှုန်းကို ပုံမှန်စစ်ဆေးကြ၏။
ပုလဲမွေးမြူရေးစက်ရုံဟု ဆိုကြသော်လည်း အမှန်တကယ်တွင် လူခုနစ်ဦး၊ ရှစ်ဦးသာ ရှိသော အလုပ်ရုံငယ်လေးတစ်ခုသာ။
ချင်းရို့၏ပုလဲမွေးမြူရေးစက်ရုံကို "ရွှင်ရို့" ဟုခေါ်သည်။ သူမဟာ နာမည်ပေးမတော်ပါချေ။ ပုလဲစက်ရုံတွေကို ဘာလွင့် ညာလွင့်ဆိုပြီး ခေါ်တတ်ကြပေမယ့် သူမကတော့ ဟိုင်လွင့်ရော ရိုလွင့်ပါ မခေါ်ချင်ကြချေ။ ထို့ကြောင့် သူမလည်း ကျပန်းနာမည်တစ်ခုမှည့်လိုက်သည်။
‘ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံ’ ဟူ၍။
ချင်းရို့က သူမတင်ပါးပေါ် လက်ထောက်ကာ ရိုးရိုးအုတ်အိမ်ပေါ်တွင် ချိတ်ထားသည့် သစ်သားဆိုင်းဘုတ်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ အလွန်ရိုးရှင်းလှ၏။ အိမ်ဆောက်ရသည်မှာ ငွေတော်တော်ကုန်ကျခဲ့ပြီး စက်ရုံအဖြစ်ရော အလုပ်သမားတွေအတွက် အိပ်ဆောင်အဖြစ်ပါ အသုံးပြုနိုင်လေသည်။
"ဒီပုလဲမွေးမြူရေးခြံက တကယ်ကို ရိုးရှင်းတာပဲ"
တကယ့်ကို နှလုံးသားမည်းနက်နေတဲ့အလုပ်ရုံလေးတစ်ခုအလား။ ဟားဟား... ကံကောင်းလို့ သူတို့က အစားအသောက်တွေမရောင်းဘဲ ပုလဲတွေပဲမွေးလို့ပေါ့။
... ခြုံငုံကြည့်ပါက ပုလဲမွေးမြူရေးစက်ရုံဖွင့်ခါစဖြစ်ပြီး ၁၉၈၀နှစ်ကုန်ပိုင်းတွင် ပထမအသုတ်ပုလဲတွေကို ထုတ်လုပ်မည်ဖြစ်သည်။
ပုလဲမွေးမြူရေးစက်ရုံကိစ္စ ပြီးစီးသွားသည့်အခါ ချင်းရို့လည်း ချုံကျိုးကျွန်းမှ ထွက်ခွာကာ ကွမ်ချန်သို့ပြန်လာခဲ့သည်။
ချင်းရို့က ဒီနှစ်တွေထဲမှာ ချုံကျိုးကျွန်းနှင့် ကွမ်ချန်ကြား အခေါက်ပေါင်းများစွာ သင်္ဘောစီးပြီးခဲ့လေပြီ။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကူးတို့သင်္ဘောတွေလည်း များစွာပြောင်းလဲသွားခဲ့သည်။ ဥပမာဆိုရသော် ညနေ ၇ နာရီ၊ ၈ နာရီလောက်မှာသာ ခရီးထွက်ပြီး နောက်နေ့ ထိုအချိန်လောက်မှာပဲ တည်နေရာကို ရောက်လေ့ရှိသည်။ ယခုအခါ သင်္ဘောတွေက အချိန်အပိုင်းအခြားအလိုက် ထွက်ခွာကြပြီဖြစ်သည်။
အရင်တုန်းက ပင်လယ်တစ်ဖက်ကမ်းရှိ အခြားကျွန်းတစ်ကျွန်းတွင် တောက်ပနေသော မီးရောင်များကိုကြည့်ပြီး မရေမတွက်နိုင်သော လူတွေပြေးခဲ့ရသည်။ ယခုအခါ ဆိပ်ကမ်းကို ဖွင့်လိုက်ပြီဖြစ်၏။
ဇူလိုင်လတွင် ရှန်းချန်နှင့် အခြားမြို့သုံးမြို့လည်း ပို့ကုန်အထူးဇုန်များကို စတင်စမ်းသပ်ခဲ့ရာ ၁၉၈၀ခုနှစ်များတွင် အထူးစီးပွားရေးဇုန်အဖြစ် တရားဝင်ဖြစ်လာတော့မည်ဖြစ်သည်။
ရွှေရောင်နေ့ရက်တွေ ရောက်လာတော့မည်ပင်။ ထိုအခါ ညဘက်တွင် လင်းထိန်နေသော သီးခြားကျွန်းလေးတစ်ကျွန်း မဟုတ်တော့ဘဲ နေရာတိုင်းတွင် မီးရောင်များလင်းထိန်နေပေလိမ့်မည်။
ချင်းရို့ ကျောင်းမပြန်ခင်မှာ ကွမ်ချန်၌ ကျွမ်းကျင်တဲ့ပန်းထိမ်ဆရာအိုတစ်ဦးကို သွားရှာခဲ့ပြီး ပုလဲသုတေသနစခန်းမှ သူမကိုပေးလိုက်သော ပုလဲနှစ်လုံးကိုပြကာ ပုလဲနားကွင်းတစ်စုံ ပြုလုပ်ပေးရန် ပန်းထိမ်ဆရာအိုကြီးကို တောင်းဆိုခဲ့သည်။
ချင်းရို့က နားကွင်းပုံသဏ္ဍာန်ကို အကြမ်းဖျင်းဆွဲပြခဲ့ပြီး ပန်းထိမ်ဆရာအိုကြီးအား ပုလဲထည့်ပေးရန် တောင်းဆိုလိုက်၏။
"ဒါ... ဒါက ပုလဲလား? အရမ်းလှတယ်!"
ပန်းထိမ်ဆရာအိုကြီးက သူ့လက်ထဲရှိ လှပတောက်ပြောင်နေသော မွေးပုလဲတစ်စုံကို ကြည့်လိုက်သည်။ ပုလဲလုံးဟာ လုံးဝိုင်း၍ လှပသလို ချောမွေ့တောက်ပြောင်နေပြီး နေရောင်အောက်တွင် ကျောက်မျက်ရတနာအသွင် ထင်ဟပ်နေလျက်။
"ဟုတ်ပါတယ်၊ ဒါတွေက တောင်ကျွန်းက မွေးပုလဲတွေပါ။ ဆရာကြီးက ကျွန်မအတွက် ပုလဲနားကပ် ကူလုပ်ပေးပါဦးရှင်"
ပန်းထိမ်ဆရာအိုကြီးနဲ့ ပြောဆိုပြီးနောက် ချင်းရို့လည်း ကျောင်းသို့ပြန်သွားခဲ့သည်။ ကျောင်းရှိဆရာများလည်း သူမက စက်ရုံတစ်ခုတည်ထောင်လိုကြောင်း သိထားခဲ့ကြသည်။ ကျောင်း၌ စက်ရုံတည်ထောင်လိုသော ကျောင်းသားများလည်းရှိကြပြီး သူမတစ်ယောက်တည်းမဟုတ်ပါချေ။
၁၉၇၇ နှင့် ၁၉၇၈ အတန်းများ၏ ကောလိပ်ကျောင်းသားများဟာ အလွန်ထူးခြားကြသည်။ တချို့က အသက်၁၀နှစ်ကွာကြသော ကျောင်းသားများလည်းရှိ၍ အများစုဟာ အဆက်အသွယ်တွေ၊ စုဆောင်းငွေတွေရှိကြလေ၏။
ယခုအခါ သူတို့လည်း ရင်းနှီးမြှုပ်နှံခြင်းနှင့် စက်ရုံတည်ထောင်ခြင်းတို့၏ လှိုင်းလုံးကြီးများကို အမီလိုက်နေကြသည်။ သတ္တိရှိသူတွေက ဘယ်လိုလုပ်ပြီးထိုင်စောင့်နေမှာလဲနော်။
သတ္တိရှိသူတွေဟာ အစားလွန်ပြီး သေဘိမ့်မယ်၊ ကြောက်ရွံ့သူတွေကတော့ ငတ်ပြီးသေလိမ့်မယ်...
ကျောင်းသားတော်တော်များများက စက်ရုံများနှင့် စားသောက်ဆိုင်များ အတူတကွ တည်ထောင်ရန် ငွေထုတ်ကြပြီး ကျောင်းရှိ ဆရာများကလည်း ယင်းအခြေအနေကို မြင်တွေ့ရသည့်အတွက် ဝမ်းသာနေကြသည်။
လက်တွေ့လုပ်ဆောင်ခြင်းသည် အမှန်တရားကို စမ်းသပ်ဖို့ တစ်ခုတည်းသော စံသတ်မှတ်ချက်ပင် မဟုတ်ပါလော။ ကျောင်းသားတွေက ကျောင်းမှာ ဘယ်လောက်ပဲအသိပညာဗဟုသုတတွေသင်ယူနေပါစေ၊ လက်တွေ့မှာ တက်ကြွစွာ အသုံးချသည်က ပိုကောင်းပေသည်။
ဥပမာအားဖြင့် သူတို့စီးပွားရေးစီမံခန့်ခွဲမှုဌာနမှ ကျောင်းသားတော်တော်များများဟာ စက်ရုံတွေဖွင့်ခဲ့ကြသော်လည်း ယခုအခါ အထည်စက်ရုံများနှင့် စည်သွပ်ဗူးစက်ရုံများမှာ ပိုမိုရေပန်းစားလေ၏။ ပုလဲမွေးမြူရေးစက်ရုံကို ဖွင့်လိုသော ချင်းရို့ကသာ ပို၍ထူးဆန်းနေလေရဲ့။
"ပုလဲ?"
"နင် ဘာလို့ ပုလဲမွေးမြူရေးစက်ရုံဖွင့်ချင်တာလဲ၊ နင့်မှာ ပိုက်ဆံရှိရင် အခုချက်ချင်း အထည်ချုပ်စက်ရုံ ဘာလို့မဖွင့်လိုက်လဲ"
အထည်ချုပ်စက်ရုံများသည် ကုန်ကျစရိတ်နည်းပါးပြီး အကျိုးသက်ရောက်မှုမြန်ဆန်ကာ ကုန်ကျစရိတ်လည်း လျင်မြန်စွာ ပြန်လည်ကာမိနိုင်သည်။
ကွမ်တုံပြည်နယ်ရှိလူတွေဟာ အထည်ချုပ်စက်ရုံအမျိုးမျိုးကို တည်ထောင်ကြမည်မဟုတ်ပေ။ ယခုအခါ အထည်ချုပ်စက်ရုံတွေ အရမ်းများလာသဖြင့် ရောင်းအားအတွက် စိတ်ပူစရာမလိုပေ။
တစ်တိုင်းပြည်လုံးမှာ အထည်တွေပြတ်လပ်ကုန်ပြီး လူတိုင်းဟာ ဆန်းသစ်လှပတဲ့အဝတ်အစားတွေကို ဝတ်ချင်ကြသလို ပန်းပွင့်အဝတ်အစားတွေ၊ ခေါင်းလောင်းဘောင်းဘီရှည်တွေ ဝတ်လိုကြသည်...
အခြားပြည်နယ်များရှိလူများလည်း အထည်ချုပ်စက်ရုံများသို့ လက်ကားဝယ်ယူရန် ကွမ်ချန်သို့ လာရောက်ကြသော်လည်း ချင်းရို့ကတော့ လက်ရှိအချိန်တွင် အထည်ချုပ်စက်ရုံစီးပွားရေးတွင် မပါဝင်လိုပါချေ။
ဒီမှာ အထည်ချုပ်စက်ရုံတွေ အရမ်းများနေပြီလေ၊ အနာဂတ်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာလိမ့်မယ်။ အထည်တွေကို အလေးချိန်ဖြင့်ရောင်းကြပြီး ဈေးနှုန်းလည်းတအားသက်သာတယ်။ အထည်တွေလက်ကားဝယ်ယူပြီး အိမ်ပြန်ရောင်းရင်လည်း အရမ်းတန်နေတာကြောင့် ဒီမှာ အထည်လက်ကားစက်ရုံဖွင့်ဖို့ စိတ်မဝင်စားတော့ပေ။
အဝတ်အစားတွေမရောင်းနိုင်တဲ့အခါ စုပုံကျန်နေလိမ့်မည်။ ချင်းရို့က ဖက်ရှင်ခေတ်ရေစီးကြောင်းကို သိပ်စိတ်မဝင်စားပါချေ။ ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ရတာမကြိုက်သလို အထည်စက်ရုံအတွက် အလွန်အကျွံအားစိုက်ထုတ်ချင်စိတ်လည်းမရှိပေ။
သူမက အဝတ်အစားစတိုင်အများကြီးသိပေမယ့် အဝတ်အစားဒီဇိုင်းတွေကို မဆွဲတတ်ဘူးလေ။ ဒီတော့ သူမ မသိတဲ့နယ်ပယ်တစ်ခုကို မျက်စိစုံမှိတ်လျှောက်သွားနေမယ့်အစား သူမကြိုက်တာပဲလုပ်တာပိုကောင်းတာပေါ့နော်။
"ဘာလို့လဲဆိုတော့ ငါက ပုလဲကြိုက်လို့လေ"
"နင့်ရဲ့ ပုလဲမွေးမြူရေးစက်ရုံက ငွေမရှာနိုင်မှာကို နင် မစိုးရိမ်ဘူးလား။ ပိုက်ဆံဆုံးရှုံးရင် အားလုံးသွားမှာနော်"
"အထည်ချုပ်စက်ရုံတွေ လည်ပတ်နေတဲ့လူတွေအတွက် နင် စိတ်မပူဘဲနဲ့၊ ငါ့အတွက်ဘာလို့ စိတ်ပူနေတာလဲ"
ချင်းရို့က ယခုအချိန်တွင် အထည်ချုပ်စက်ရုံမှ ငွေရှာနိုင်လား ငွေမရှာနိုင်ဘူးလားဆိုတာကို မသိပေ။ သို့သော်လည်း ၄င်းကြောင့် ဝင်ငွေရနိုင်ပြီး စျေးကွက်ထဲသို့ဝင်ရောက်ရန် အနည်းငယ်နောက်ကျခဲ့ပါက ပြိုင်ဆိုင်မှုပြင်းထန်နေမှန်းလည လူတိုင်းသိကြသည်။ မင်းသာ ဖောက်ထွက်ချင်ရင် အားထုတ်မှု အများကြီးလိုအပ်တယ်။
အနာဂတ်တွင် နို့လက်ဖက်ရည်ဆိုင်ဖွင့်သကဲ့သို့ပင်။ နို့လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ စိတ်အားထက်သန်သူတွေ မရေမတွက်နိုင်အောင်ရှိကြသည်။ အမှန်တကယ်မှာတော့ နို့လက်ဖက်ရည်ဆိုင်ဟာ အရှုံးပေါ်နှုန်းအမြင့်ဆုံးပင်။ နှစ်စဥ်နှစ်တိုင်း နို့လက်ဖက်ရည်ဆိုင်ကြီးကြီးသေးသေး အမျိုးမျိုးဟာ ဒေဝါလီခံနေရသော်လည်း နို့လက်ဖက်ရည်ဆိုင်ဟာ ငွေရှာနိုင်တယ်လို့ထင်ကာ ဖွင်ဖို့ကြိုးစားနေကြတဲ့လူတွေလည်း အများအပြားရှိနေဆဲ။
သည့်အပြင် အဝတ်အစားများ၏ စတိုင်လ်တွေဟာ အတုယူရန် လွယ်ကူလွန်းလှသဖြင့် ၎င်းတို့ကို ဒီဇိုင်းထုတ်ရန် လိုအပ်နေသေးသည်။ အဝတ်အစားများကို ရာသီတိုင်းတွင် အချိန်တိုင်းအပ်ဒိတ်လုပ်ဖို့လိုအပ်သလို အများစုကို ပြင်ပဂန္တဝင်ဖက်ရှင်ဒီဇိုင်နာများ၏ လက်ရာများမှ ကူးယူထားကြသည်ပင်။
အထည်ချုပ်စက်ရုံကို စီမံခန့်ခွဲရတာ အရမ်းအလုပ်ရှုပ်တယ်လေ။ ကိုယ့်ကိုကိုယ် ဘာလို့အပင်ပန်းခံရမှာတုန်းလို့။
သူမက အထည်ချုပ်စက်ရုံမဖွင့်သော်လည်း အခြားနည်းလမ်းနှင့် ငွေရှာနိုင်တာပဲကို။
"ဘာလို့လဲဆိုတော့ ငါက နင်ငွေမရှာနိုင်မှာကိုစိုးရိမ်လို့ပေါ့ဟာ" စွင်းဟုန်ဖင် တိတ်တဆိတ်ပီတိဖြာနေလျက်။
စွင်းဟုန်ဖင်သည် တခြားလူတွေ စက်ရုံဖွင့်ပြီး လွယ်လွယ်လေးငွေရှာနိုင်တာကို မြင်ရသဖြင့် သူမ အလွန်မနာလိုဖြစ်နေမိ၏။ သူမသာ အရင်းအနှီးရှိရင် သူမလည်း ပိုက်ဆံရှာဖို့အတွက် စက်ရုံတစ်ခုဖွင့်ရဲမှာလို့ ခံစားခဲ့ရပေမယ့် သူမ ရှက်ရွံ့ပြီး ချေးငွေမထုတ်ဝံ့ပေ။
တခြားသူတွေက အထည်ချုပ်စက်ရုံ သို့မဟုတ် စည်သွပ်ဘူးစက်ရုံတွေ ဖွင့်ကြသော်လည်း ချင်းရို့ကတော့ ပုလဲမွေးမြူရေးစက်ရုံဖွင့်တယ်ဆိုပဲ။ သူမက ပုလဲမွေးမလို့လား? ပုလဲတွေက ဘာအသုံးဝင်လို့လဲ?
ပုလဲတွေ တကယ်မွေးလို့ရလို့လား? ပုလဲမွေးတဲ့အကြောင်း လူတွေပြောကြတာ တစ်ခါမှမကြားဖူးပါဘူးနော်။
"ပုလဲမွေးတဲ့အကြောင်း နင် ကြားဖူးလား? ဒါမှမဟုတ် ပင်လယ်ရေထဲမှာ ပုလဲမွေးတာလား?" စွင်းဟုန်ဖင်က ကျိုးရှန်းရှန်းကို မေးလိုက်သည်။
"ငါလည်းမကြားဖူးဘူးဟ"
"ချင်းရို့ကို တစ်ယောက်ယောက်က လှည့်စားနေတယ်လို့ နင်ထင်လား၊ ဒါမှမဟုတ် သူမက ငါတို့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေတာများလား?"
"ငါလည်းမသိဘူးလေ"
xxx