အခန်း (၂၅၀)
Vol. 21 Ch. 250
တစ်ပတ်ကြာသည့်အခါ ချင်းရို့၏ ပုလဲနားကပ်မှာ အဆင်သင့်ဖြစ်သွားခဲ့လေပြီ။ သူမ နားဖောက်ထားခဲ့သည်မှာ ကြာလှပြီဖြစ်၍ ပုလဲနားကပ်ပန်လိုက်ပြီး သူမရဲ့ဆံပင်ကောက်ကောက်လေးတွေကို ဖြေချလိုက်၏။ ထို့နောက် ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးကို ခေါ်ကာ သားတို့ဖေဖေကို သွားရှာဖို့အတွက် စစ်အကယ်ဒမီဆီ သွားလိုက်ကြသည်။
ဤကလေးငယ်လေးနှစ်ဦးဟာ ခုနစ်နှစ်အရွယ်ရှိပြီဖြစ်ပြီး လျင်မြန်စွာကြီးထွားလာသည့်အချိန်ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ချင်းရို့ သူတို့ကိုတွေ့တဲ့အခါတိုင်း ကလေးလေးနှစ်ယောက်ဟာ အရပ်ပိုရှည်သထက်ရှည်လာတယ်လို့ အမြဲလိုလိုခံစားမိလေ၏။
ချင်းရို့က ဒီကလေးနှစ်ယောက်ရဲ့ အာဟာရကို အထူးဂရုစိုက်၍ ပရိုတင်းဓာတ်များစွာကြွယ်ဝသော အစားအစာများကို ကျွေးမွေးခဲ့ပြီး နေ့တိုင်း နွားနို့အော်ဒါမှာပေးခဲ့သလို စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း အိမ်မှာ တိုဟူးဟင်းကို အမြဲချက်ကျွေးခဲ့သည်။
"မား!" ကလေးနှစ်ယောက်က သူတို့မေမေကိုတွေ့ကြတဲ့အခါ အမြဲတမ်းပွေ့ဖက်ကြသည်။
ချင်းရို့က ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ပွေ့ဖက်လိုက်ပြီးနောက် ကလေးနှစ်ယောက်ဟာ မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးလေးနဲ့ အရပ်ပိုရှည်လာတယ်လို့ သူမခံစားလိုက်ရလေသည်။ သူတို့မျက်ခုံးနှင့် မျက်လုံးပုံစံတွေက သူတို့ပါးပါးလုယန်နှင့် အရမ်းဆင်တူကြတာကြောင့် ဒီအရွယ်လေးနဲ့ ချောမောခန့်ညားတဲ့ကောင်လေးတွေအသွင်ရှိနှင့်နေပြီဖြစ်သည်။
လမ်းဆုံမှာ ရုပ်တူကြသောအမြွှာညီအကိုနှစ်ယောက် အတူတူပေါ်လာတဲ့အခါ လမ်းသွားလမ်းလာတော်တော်များများ အမြဲလိုလို နောက်ပြန်လှည့်ကြည့်ကြလိမ့်မည်။
ဖက်ထုပ်လေးက အပြုံးလေးနဲ့ပြောလာလေ၏။ "မားရေ မားကထပ်ပြီးလှလာပြန်ပြီနော်!"
"မားတို့ဖက်ထုပ်လေးက အရမ်းချိုတဲ့ပါးစပ်လေးရှိတာပဲကွယ်"
"မားမား အပြင်မှာ သားကို ဖက်ထုပ်လေးလို့ မခေါ်ပါနဲ့လို့၊ သားက လုဝေကျယ်ပါဆို"
ယခုအခါ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က သူတို့ရဲ့ နာမည်တွေရဲ့ အလှတရားနဲ့ တန်ဖိုးကို သိလာခဲ့ချေပြီ။ သူတို့ရဲ့အရင်ကအမည်ပြောင်များနှင့် နှိုင်းယှဉ်ပါက လုဝေကျိုးနှင့် လုဝေကျယ်ဆိုသောနာမည်ရင်းကို ပိုနှစ်သက်ကြသည်။
အစ်ကိုကြီးလုဝေကျိုးက သူ့လက်ထဲမှာ ဘတ်စကတ်ဘောကို ကိုင်ထားလျက်။ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ အခု ဘတ်စကတ်ဘောကစားတာကို အရမ်းသဘောကျနေလေရာ စစ်အကယ်ဒမီလာတိုင်း သူတို့ဖေဖေ၊ ဦးဦးတို့နဲ့ ကစားရန်အတွက် ဘတ်စကတ်ဘောယူသွားတတ်ကြသည်။
"ကောင်းပါပြီရှင် ရဲဘော်လုဝေကျယ်ရေ၊ ဒါ မားမားရဲ့အမှားပါနော်"
ချင်းရို့က ကလေးနှစ်ယောက်နှင့်အတူ ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်။ ဘတ်စ်ကားပေါ်ရှိ ခရီးသည်အများအပြားဟာ သူတို့သားအမိအပေါ် အကြည့်တွေရောက်လာကြ၏။ ချင်းရို့လည်း အခြားသူတွေရဲ့ အာရုံစိုက်ခံရသည်ကို အကျင့်ဖြစ်နေပြီဖြစ်၍ သုံးယောက်သား ထိုင်ခုံမှာပဲ တန်းစီကျပ်ညှပ်ထိုင်လိုက်ကြတော့သည်။
သူမဘေးက အဘွားတစ်ယောက်က မေးလာလေ၏။ "ဒါက နင့်မောင်လေးနှစ်ယောက်လား? သူတို့က အရမ်းချောကြတာပဲကွယ်"
"မဟုတ်ပါဘူးရှင်၊ ကျွန်မသားတွေပါ"
"အာ ကောင်မလေး၊ နင့်ကြည့်ရတာ ငယ်ငယ်လေးရှိသေးတာကို၊ နင့်သားတွေက ဒီလောက်တောင်ကြီးနေပြီလား" အဖွားက မျက်လုံးပြူးသွားပြီး သူမအား စိုက်ကြည့်ရင်း မဝံ့မရဲမေးလာလေသည်။ "သူတို့က နင့်သားအရင်းတွေရော ဟုတ်ရဲ့လား?"
ချင်းရို့: "…"
ရဲဘော်ရှောင်ချင်း တွေးနေမိသည်မှာ - ငါက မိထွေးနဲ့တူနေလို့လားဟ?
"ကျွန်မက သူတို့အမေရင်းပါ!"
ထိုအချိန်မှာပဲ လုဝေကျိုးနှင့် လုဝေကျယ်တို့က သူမကို "မားမား!" လို့ အော်ခေါ်လိုက်ကြသည်။
ချင်းရို့လည်း ကလေးတွေရဲ့ပခုံးပေါ် လက်တစ်ဖက်စီတင်လိုက်ပြီး ဒီကလေးလေးနှစ်ယောက်ဟာ တကယ်ပဲ သူတို့မေမေရဲ့ သားကောင်းလေးတွေဖြစ်တယ်လို့ ခံစားလိုက်ရသည်။
သူမလှည့်ပတ်ကြည့်နေရင်း နောက်နှစ်အနည်းငယ်ဆို ဒီကလေးနှစ်ယောက်ရဲ့အရပ်က သူမထက်ပိုရှည်နိုင်ချေရှိနေပြီလို့ တွေးနေမိလျက်။ ထိုအခါ သူမ အရှည်ရှည်ရှည်၊ သန်မာတဲ့သူမသားနှစ်ယောက်နဲ့ အပြင်ထွက်ချိန်တိုင်း ပိုလုံခြုံလိမ့်မှာပဲနော်။
လမ်းတွေကိုလည်း မကြာသေးခင်နှစ်များက တည်ဆောက်ထားပြီး ကားတွေက မနှေးလွန်း မမြန်လွန်း မောင်းနှင်နိုင်ကြပြီဖြစ်၏။ သို့သော် ဤခေတ်၌ ကားပိတ်ဆို့မှုနှင့် မီးပွိုင့်တွေမရှိတာကြောင့် နောက်ပိုင်းမျိုးဆက်များထက် ပို၍မြန်ဆန်လေသည်။ လမ်းတစ်လျှောက် ကားအနည်းငယ်သာရှိပြီး အများစုမှာ အနက်ရောင်စက်ဘီးများသာ။
မကြာမီတွင် သူတို့ ရောက်ပေတော့မည်။ ချင်းရို့ ကားပေါ်မှမဆင်းမီ ရင်းနှီးကျွမ်းဝင်နေသော အရပ်ရှည်ရှည် ခပ်ချောချောအမျိုးသားပုံရိပ်နှင့် သူ့ခြေထောက်နားက အရပ်ပုပုကလေးလေးနှစ်ယောက်ရဲ့ ပုံရိပ်တွေကို တွေ့လိုက်ရလေပြီ။
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့လည်း သူမအတိုင်းပင်၊ သူတို့ဖေဖေနဲ့ ညီမလေးတွေကိုကြည့်ဖို့ ကားပြတင်းပေါက်မှာ ကပ်နေကြ၏။
သူမတို့ ကားပေါ်မှဆင်းလိုက်သည်နဲ့ သူမကိုယ်သူမ အမျိုးသားရဲ့ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်ရင်း "လုယန်!" လို့ ဝမ်းသာအားရခေါ်လိုက်သည်။
ခဏတာခွဲခွာခြင်းဟာ ကြင်စဦးကာလထက် ပိုကောင်းလေသည်။ သူမတို့ အိမ်ထောင်သက် ၈နှစ်ကြာခဲ့ပြီဆိုပေမယ့် ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက်လွမ်းဆွတ်နေကြတုန်းပဲလေ၊ ခုနစ်နှစ်တာဟာ ဘာမှမဟုတ်သည့်နှယ်။
လုယန်က သူ့ရင်ခွင်ထဲမှာ သူ့ဇနီးလေးကို ပျော်ရွှင်စွာ ပွေ့ဖက်ထားရင်း သူမရဲ့နားရွက်နားရှိ ဆံပင်လေးတွေကို သပ်ပေးနေလျက် "ဇနီးလေး"လို့ တိုးတိုးလေးခေါ်လိုက်သည်။
သို့သို့နှင့်ရုန်ရုန်တို့လည်း သူတို့အစ်ကိုကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ကို ဝမ်းသာအားရခေါ်ကာ တစ်ယောက်စီပွေ့ဖက်လိုက်ကြသည်။ ချစ်စဖွယ်သို့ရုန်ညီအစ်မနှစ်ယောက်ဟာ အလှအပကြိုက်ကြလေသည်။ အစ်ကိုကောင်းတစ်ဦးအနေဖြင့် အကြီးဆုံးအစ်ကိုလုဝေကျိုးက ချက်ချင်းပြောလိုက်၏။
"ဒီနေ့ ငါ့ညီမလေးတွေရဲ့ ကျစ်ဆံမြီးက အရမ်းလှတာပဲနော်"
"ပါးပါးလုပ်ပေးတာလား ဖိုးဖိုးလုပ်ပေးထားတာလား"
"ပါးပါး လုပ်ပေးထားတာ"
"မမဟာကို ဖိုးဖိုးလုပ်ပေးထားတာ"
"ဖက်ထုပ်ကောကောက ဘယ်သူလဲဆိုတာ ညီမလေးတို့ ခန့်မှန်းကြည့်ကြနော်"
"ကောကောက?" ...
"မဟုတ်ဘူး ကောက မီးမီးတို့ရဲ့ ဝေကျိုးကောပါနော်..."
ကျန်းကောသုန့်သည် ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ရင်း သူ့ရှေ့ကမြင်ကွင်းကို မေးထောက်ကြည့်နေမိသည်။ အချိန်ကြာသွားသော်လည်း ဒီလိုရင်းနှီးကျွမ်းဝင်တဲ့မြင်ကွင်းကို ဘာကြောင့်မြင်နေရသေးတာလဲဆိုတာ သူအံ့အားသင့်နေတုန်းပင်။
- သူ့မိသားစုဝင်တွေက ဘာလို့ထပ်ပြီးနောက်ကျနေပြန်တာလဲကွာ။
ချင်းရို့နဲ့လုယန်တို့က ကလေးလေးယောက်ကို မိသားစုအဆောက်အအုံဆီသို့ ခေါ်ဆောင်သွားပြီး အိမ်ထဲဝင်လိုက်သည်နဲ့ သို့သို့နဲ့ ရုန်ရုန်လေးတို့က သူမလေးတို့ရဲ့မေမေပေါင်ကို ဖက်ထားကြရင်း ချွဲနေပါတော့သည်။
"မားမားရေ မီးမီး ကျစ်ဆံမြီးလှလှလေးလိုချင်တယ်လို့"
"ကျစ်ဆံမြီး"
ကလေးမလေးနှစ်ယောက်ကလည်း အရမ်းဥာဏ်ကောင်းကြသူများပင်။ သူတို့မိဘတွေဟာ တွေ့တွေ့ချင်း ခဏလောက်ပူးကပ်နေကြလိမ့်မယ်ဆိုတာ သူတို့သိထားကြသည်။ သူတို့က သေးသေးလေးမို့ သန်မာပြီးအရပ်ရှည်တဲ့သူတို့ပါးပါးကို မယှဥ်နိုင်ကြဘူးလေ။ အိမ်ပြန်ရောက်တာနဲ့ သူတို့မားမားကို သူတို့ပိုင်သွားကြမှာပါပဲနော်။
မားမားရဲ့ ကျစ်ဆံမြီးတွေက အကောင်းဆုံးပဲ!
"ကောင်းပြီ မားရေချိုးပြီးရင် ကျစ်ဆံမြီးလှလှလေးကျစ်ပေးမယ်နော်"
ယင်းသည်ကား သူမရောက်လာတိုင်း ဓလေ့တစ်ခုလိုပင်။ သူမရဲ့ချစ်သမီးလေးနှစ်ယောက်က လှလှပပဝတ်စားရတာ သဘောကျပြီး သူတို့ဆံပင်လေးတွေကို ကျစ်ဆံမြီးလှလှလေးကျစ်ရတာ ကြိုက်ကြသလို ဂုဏ်ယူတတ်ကြသည်။
ဒီအသေးလေးနှစ်ယောက်က အရမ်းအလှကြိုက်ကြတာဟာ ချင်းရို့ကိုယ်ဝန်ရှိချိန်မှာ ပုလဲအကြောင်းအမြဲတွေးနေတာကြောင့်လားမပြောတတ်ပေ။
"မားနဲ့အတူတူရေချိုးမယ်!"
"ဟုတ်ပြီ မားမားက သမီးတို့ကို ရေချိုးဖို့ခေါ်သွားပေးမယ်နော်"
သူမ ကားပေါ်မှဆင်းလာပြီး အိမ်ပြန်ရောက်သည်နှင့် ရေချိုးတတ်ကြောင်း လုယန်သိပေသည်။ သူမကိုယ်ပေါ်မှ ဖုန်မှုန့်တွေအားလုံး ဆေးကြောပြီးသွားမှသာ သမီးတွေအနားကပ်ပေလိမ့်မည်။
သူမမှာ idolပုံရိပ်ရှိပြီး သူမသမီးတွေကို မပွေ့ဖက်ခင် *ရှန်းရှန်းမားမားဖြစ်လာရမည်ဖြစ်သည်။ (*ရှန်းရှန်းမားမားဆိုတာက မွှေးကြိုင်နေတဲ့မားမားကိုပြောတာပါရှင်)
"မင်းရဲ့သမီးတွေကို နံစော်တယ်လို့ ပြောနေတယ်ပေါ့လေ၊ ဒါဖြင့် မင်းကရော? ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးနှင့် စိတ်ကြီးအဝင်ဆုံးမေမေဖြစ်တဲ့မင်းက ကိုယ်တို့မိသားစုမှာ အထူးခြားဆုံးပဲလေ မဟုတ်ဘူးလား"
"ကလေးတွေက ငယ်သေးတယ်လေ၊ ဘက်တီးရီးယားတွေကူးကုန်မှာ ကျွန်မကြောက်လို့ပါနော်။ ရေချိုးပြီးမှပဲ မားရဲ့ဘေဘီလေးတွေကို နမ်းတော့မယ်"
"သို့သို့နဲ့ရုန်ရုန်က ရှန်းရှန်းမားမားကို ကြိုက်လား?"
"ရှန်းရှန်းမားမားကိုကြိုက်တယ်"
xxx