အခန်း (၂၅၁)
Vol. 21 Ch. 251
ချင်းရို့က သူ့သမီးငယ်လေးနှစ်ယောက်ကို အတူတူရေချိုးရန် ခေါ်သွားခဲ့သည်။ မေမေနဲ့ သမီးလေးနှစ်ယောက်မှာ တခြားဝါသနာမရှိပေမယ့် သုံးယောက်ရေအတူတူချိုးရတာနှစ်ခြိုက်ကြ၏။ ထို့ကြောင့် ချင်းရို့က စူပါရေချိုးကန်ကြီးပြင်ဆင်ပေးထားရန် လုယန်အား အထူးတောင်းဆိုခဲ့သည်။ သူမရောက်မလာခင်တိုင်း လုယန်က သူ့ဇနီးလေးရေချိုးသန့်စင်ဖို့အတွက် ရေနွေးကြိုပြင်ပေးထားတတ်သည်။
ချင်းရို့ သမီးလေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဆပ်ပြာနဲ့ဆေးကြောပေးပြီးနောက် ကလေူမလေးနှစ်ယောက်ကို ထိန်းကိုင်ထားရင်း ရေနွေးဖြင့် ရေချိုးပေးနေရင်း ခဏတာသက်တောင့်သက်သာရှိတဲ့အချိန်မှာ ပျော်မွေ့နေခဲ့သည်။
သစ်သားအရုပ်လေးတွေက ရေပေါ်မှာ ပေါလောပေါ်နေလေရဲ့။
"မားမား ဘဲလေး..."
"အင်း ဘဲလေး" ချင်းရို့ အပြုံးလေးနှင့် သူ့သမီးနှစ်ယောက်ရဲ့ မျက်နှာသေးသေးလေးကို ဆွဲညှစ်လိုက်၏။
"မားမား အနမ်းပေး"
ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ကတော့ ရေမချိုးဘဲ စစ်အကယ်ဒမီရောက်ရောက်ချင်းမှာပင် ဘတ်စကတ်ဘောယူကာ ကျန်းမိသားစုရဲ့ သားတွေနှင့်အတူတူ ဘတ်စကက်ဘောကွင်းမှာ သွားကစားကြတော့သည်။ နောက်မှ ချွေးတွေရွှဲရွှဲစိုပြီး အိမ်ပြန်လာကြမှာ သေချာပါရဲ့။
ရေအပူချိန်က အေးစက်လာပြီဖြစ်၍ ချင်းရို့လည်း သမီးလေးနှစ်ယောက်နဲ့ အပြင်ထွက်လာခဲ့ကြပြီး သုံးယောက်သား ဆိုဖာပေါ်မှာ တိုးဝှေ့ထိုင်လိုက်ကြသည်။ ချင်းရို့ပုခုံးပေါ်မှာ ပုဝါတစ်ထည်ရှိနေပြီး သူမရဲ့ နက်မှောင်တဲ့ဆံကေသာတွေက ပုခုံးထက်မှာပျံ့ကျဲနေလျက်။ သူမက ကလေးမလေးနှစ်ယောက်ရဲ့ ဆံပင်ကို သုတ်ပေးလိုက်သည်။
သို့သို့နှင့် ရုန်ရုန်နှစ်ယောက်လုံးက သူတို့မေမေရဲ့ ဆံပင်ရှည်ရှည်လေးကို သဘောကျကြသည်။ အလှကြိုက်လာသည်နှင့်အမျှ ဆံပင်မညှပ်ချင်ကြတော့ဘဲ ဆံပင်ရှည်ရှည်လှလှလေးထားကာ ကျစ်ဆံမြီးလှလှလေးတွေကျစ်ထားတတ်ကြသည်။
"မားမား ပုံပြင်လေးပြောပြပါဦး"
"ရေသူမလေးရဲ့ ပူဖောင်းလေး..."
…
လုယန် အပြင်ဘက်မှ ဆူညံသံကြားတဲ့အချိန်တွင် မီးဖိုချောင်၌ မုန့်ညက်နယ်နေ၏။ သူ လျှောက်ထွက်လာကာ မီးဖိုချောင်တံခါးထောင့်မှာရပ်ပြီး ဧည့်ခန်းကိုကြည့်လိုက်ရာ မေမေနဲ့ သမီးလေးတွေ ဆိုဖာပေါ်မှာတိုးဝှေ့ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူတို့ရဲ့ မျက်ခုံးနှင့် မျက်လုံးတွေဟာ ဆင်တူကြသည်။ သို့သို့နှင့်ရုန်ရုန်တို့က သူတို့မေမေရဲ့ လက်နှစ်ဖက်ကိုဆွဲကာ လေထဲတွင် ခြေထောက်သေးသေးလေးတွေကို ကန်နေကြလျက်။
"မားမားရဲ့ ဆံပင်ကိုမဆွဲနဲ့လေ!"
"မားဆံပင်ကို ဘယ်သူတိတ်တိတ်လေးဆွဲတာလဲ၊ သို့သို့လား ရုန်ရုန်လား"
ချင်းရို့က ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူမရဲ့ဆံပင်ရှည်တွေဟာ အနောက်မှာဖြန့်ထားလျက်။ သူမရှေ့က သို့သို့နဲ့ ရုန်ရုန်တို့ဟာ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ သူတို့မေမေကို ကြည့်နေကြလေသည်။
ကလေးတွေရဲ့မျက်နှာသေးသေးလေးတွေဟာ ဖောင်းကစ်နေပြီး မျက်လုံးလေးတွေမှာလည်း ရေတွေပြည့်နေကာ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့ ကြိုးစားနေသည့်အလား - မီးမီးမဟုတ်ဘူးလို့!
ချင်းရို့က ဟန်ဆောင်ပန်ဆောင်ပြန်လှည့်လိုက်ရာ ခဏအကြာမှာပဲ ခေါင်းနောက်ဘက်က သူမဆံပင်ရှည်ရှည်တွေကို တစ်ယောက်ယောက် ဆွဲလိုက်တယ်လို့ ခံစားလိုက်ရသည်။
သူမ ဒေါသထွက်ပြီး ရယ်ချင်သလို ခံစားလိုက်မိ၏။
သူမ လှည့်ကြည့်လိုက်သည်နှင့် ကလေးမလေးနှစ်ယောက်ဟာ ရိုးသားပြီး အပြစ်ကင်းစင်ဟန်မျက်နှာထား လုပ်ထားပြန်သည်။
"ဝန်ခံလိုက်၊ ဝန်ခံရင် အပြစ်ပေါ့မယ်နော်။ မဝန်ခံရင်တော့ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမယ်။ သို့သို့ ရုန်ရုန် ဘယ်သူလုပ်တာလဲဆိုတာ ရိုးရိုးသားသားပြောလိုက်နော်"
"အဲဒါ သို့သို့လုပ်တာပါ"
"အဲဒါ သို့သို့လုပ်တာ"
ချင်းရို့ ပြုံး၍ "ဒါဆို သို့သို့ကဘယ်သူလဲ"
ညီအစ်မနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးပြပြီး "သူမက သို့သို့ပါ"
"ဒါဆို ဒီလိုလုပ်လိုက်လေ၊ မားမား လက်ညှိုးထိုးလိုက်နော်၊ မားမားလက်ညှိုးထိုးလိုက်တဲ့သူက သို့သို့ပဲ"
မိသားစုတွင် အမြွှာနှစ်စုံရှိသည်မှာ စွန်းဝူခုန်း အစစ်လား အတုလား ခွဲခြားဖို့ကြိုးစားနေရသော မြတ်စွာဘုရားနှင့် ကွမ်ရင်မယ်တော်ဖြစ်လာသလိုပဲလို့ နေ့တိုင်း ခံစားနေရလေသည်။
ကလေးမလေးနှစ်ယောက်ဟာ ချစ်စရာကောင်းသလို ဆိုးသွမ်းပြီး လှည့်စားတတ်ကြသည်။ ဥပမာဆိုရသော် မကောင်းတာတစ်ခုခုလုပ်ထားပြီးရင် သူတို့မဟုတ်တာမလုပ်ထားသလိုမျိုး အပြစ်ကင်းတဲ့မျက်နှာထားလေးဖြင့် လိမ္မာချင်ယောင်ဆောင်တတ်ကြသည်။
"သူမက သို့သို့ပဲ"
ထိုအခိုက်တွင် ဖေဖေလုယန်ရောက်လာပြီး အမေနှင့်သမီးဆီသို့ ဂျုံမှုန့်စွန်းထင်းနေတဲ့လက်ကို ဆန့်ထုတ်လိုက်သည်။
သို့ရုန်ညီအစ်မနှစ်ယောက်ဟာ သူတို့ဖေဖေရဲ့လက်ကို မြင်လိုက်သည်နှင့် ကွင်းကျပ်သွားစေသည့် မန္တန်ကြားလိုက်ရသော စွန်းဝူခုန်းလိုမျိုး ချက်ချင်းပင် ဖြူဖျော့သွားပြီး သူတို့မေမေ အနောက်မှာ ပုန်းလိုက်ကြသည်။
ရေချိုးပြီးသားဖြစ်ကြတဲ့ သို့ရုန်ညီအစ်မဟာ ဂျုံမှုန့်နှင့် မဖုံးလွှမ်းချင်ပါချေ။
"ပါးပါး ဝေးဝေးသွား!"
"အား မားမား ကယ်ပါဦးလို့!"
"ပါးပါး ဝေးဝေးသွား သွားပါဆို!"
ချင်းရို့က ကြက်ပေါက်ကလေးနှစ်ကောင်ကို အကာအကွယ်ပေးနေသည့် ကြက်အမေကြီးသဖွယ် ကလေးမလေးတွေရှေ့မှာ ရပ်လိုက်ပြီး လုယန်ကို ခေါင်းမော့ရင်ဆိုင်လိုက်ရာ ဂျုံ့မှုန့်ပေနေတဲ့လက်ကို အနီးကပ်မြင်လိုက်ရလေပြီ။
လုယန်လက်တွေဟာ သွယ်လျလျလက်ချောင်းတွေနှင့် ထင်ရှားတဲ့အချိုးအဆစ်တို့ဖြင့် အလွန်လှပလေသည်။ အထူးသဖြင့် သူ တယောတီးတဲ့အခါ ပိုပြီးလှပသည်ပင်။ သို့သော်လည်း ယခုတော့ သူ့လက်တွေမှာ ဂျုံမှုန့်တွေကပ်နေသောကြောင့် ဘယ်လိုမှအလှအပခံစားနိုင်စွမ်းမရှိတော့ပေ။ သူ့လက်တွေမှာ ဂျုံမှုန့်ကပ်နေတယ်လို့ပဲ မြင်နေမိပြီလေ။
"ရှင့်မုန့်ညက်နယ်ဖို့ပဲ မီးဖိုချောင်ကိုပြန်သွားလိုက်ပါတော့၊ ကျွန်မတို့အမေနဲ့သမီးတွေကြားကကိစ္စကို လာမရှုပ်နဲ့လေ"
ဖြူဖွေးသန့်ရှင်းနေပြီဖြစ်တဲ့ ချင်းရို့လည်း တစ်ဖက်လူရဲ့ ဂျုံမှုန့်ပေနေတဲ့လက်ကို သဘောမကျပါချေ။ သူမကိုယ်ကို နောက်ရို့ကာ ခြေထောက်ဆန့်ထုတ်၍ လုယန်ခါးကို ကန်လိုက်သည်။
"ရှင့်ဂျုံတွေကို သတိထားလေ၊ ကျွန်မကို မထိစေနဲ့!"
"မင်းဟာလေ တကယ်ပဲ ခွေးကိုက်ခံရတဲ့လွီတုံပင်းပဲ။ လူကောင်းတစ်ယောက်ရဲ့စေတနာကို မသိဘူးကွာ။ မင်းကို သမီးတွေရဲ့ အနိုင်ကျင့်တာမခံရအောင်လို့ ကိုယ်ကကာကွယ်ပေးတာလေ၊ ဒါပေမယ့် မင်းက ကိုယ့်ကို တကယ်ကြီးမောင်းထုတ်နေတာပဲ"
လုယန် ပြုံးလိုက်ပြီး လက်ဆန့်ထုတ်ကာ ချင်းရို့ပါးလေးကိုဆွဲလိုက်၍ အဖြူရောင်အစွန်းသုံးခု ကျန်ရစ်နေခဲ့တော့သည်။
ချင်းရို့ သူမမျက်နှာကို ဖုံးကွယ်လိုက်ကာ "!!!!"
သူမ သတိလက်လွတ်ဖြစ်သွားခဲ့လို့ မျက်နှာပေါ်မှာ ဂျုံမှုန့်တွေကပ်သွားပြီပဲ။
သို့သို့နှင့် ရုန်ရုန်က ဝမ်းသာအားရဖြင့် "မားမားက ကြောင်လေးဖြစ်သွားပြီ!"
"အကြင်နာမဲ့လှတဲ့ ဒီသမီးလေးနှစ်ယောက်ကတော့... ရှင်တို့သုံးယောက်က တစ်ဖွဲ့ထဲမဟုတ်လား!"
သို့သို့: "မီးတို့က မားမားဘက်ကပါနော်"
ရုန်ရုန်: "ပါးပါးကဆိုးတယ်!"
"ပါးပါးက သမီးတို့အတွက် လူဆိုးလုပ်တော့မှာလေ" လုယန် ကလေးမလေးတွေရဲ့မျက်နှာကို တစ်ဖက်စီညှစ်ပစ်လိုက်ရာ သူတို့လေးတွေလည်း ကြောင်လေးတွေဖြစ်သွားကြလေပြီ။
သည့်နောက် သူ့ရဲ့ ချောမောခန့်ညားတဲ့မျက်ခုံးကိုပင့်၍ ဂုဏ်မောက်စွာပြုံးနေရင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ အခုတော့ မေမေရော သမီးလေးတွေပါ သုံးယောက်စလုံး ပြန်သန့်ရှင်းရတော့မှာပေါ့"
ညီအစ်မနှစ်ယောက် အတူတူအော်ဟစ်ကြလေရဲ့။
"အား လူဆိုးကြီးပါးပါး!"
"ပါးပါးက ဆိုးတယ်!"
…
"လူဆိုးကြီးပါးပါးရေ ဝေးဝေးသွားပါတော့"
ချင်းရို့ သူ့ကိုမောင်းထုတ်ဖို့ လက်ဆန့်လိုက်သော်လည်း လုယန်က သူ့မျက်နှာသူ လက်ညှိုးညွှန်ပြနေသဖြင့် ချင်းရို့လည်း သမီးတွေရှေ့မှာ သူ့ပါးကို နှစ်ကြိမ်တိတိနမ်းလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
"မားမား မီးမီးလည်း အနမ်းလိုချင်တယ်"
"မီးမီးရောပဲ"
"မီးမီးတို့မျက်နှာမှာ ဂျုံမှုန့်တွေချည်းပဲဆိုတော့ မားမားက မနမ်းပါဘူးနော်။ လာခဲ့ မားမားနဲ့အတူတူ မျက်နှာသွားသစ်ကြမယ်"
ကျန့်မန်ထန်က ပထမထပ်တွင်နေထိုင်သည်ဖြစ်၍ မနီးမဝေးမှ ဘတ်စကတ်ဘောကစားကွင်းကို မြင်နေရပြီး ကလေးတွေအများကြီး ဆော့ကစားနေကြတာကို တွေ့နေရလေသည်။ သူတို့တွေထဲမှာ အမြွှာလေးတွေက တော်တော်လေးထူးချွန်ကြ၏။ အမြွှာလေးနှစ်ယောက်ဟာ ၇နှစ်၊ ၈နှစ်သာရှိသေးသော်လည်း သူ့ရဲ့၁၀နှစ်အရွယ်သားလေးလောက် အရပ်မြင့်နေကြလေပြီ။
သူ့မိသားစုတွင် သားငါးယောက်ရှိပေမယ့် တစ်ယောက်မှအရပ်အရမ်းမရှည်ကြပါချေ။ သူ့သား၅ယောက်လုံးဟာ အစားကြီးကြပြီး ဆိုးသွမ်းသလို အဆော့သန်ကြ၍ ကလေးတွေကို ထောက်ပံ့နိုင်ပါ့မလားလို့တောင် တွေးပူနေရသည်။
ဤကျောင်းကိုသူရောက်လာခါစက သူ့မိသားစုမှာ သားငါးယောက်ရှိတာကို ဘယ်သူမှမနာလိုအားကျခြင်းမဖြစ်ကြပေမယ့် လုမိသားစုမှာ သားနှစ်ယောက်သမီးနှစ်ယောက်ရှိတာကိုတော့ အားလုံးကမနာလိုအားကျနေကြသည်။
သူတို့ကလည်း သူတို့သားတွေကို သေချာပျိုးထောင်ထားခဲ့ကြသည်ပင်၊ အကြီးလေး လုဝေကျိုးက အစ်ကိုကြီးတစ်ယောက်၏ ဟန်ပန်အမူအရာရှိသလို ကျောင်းမှာ အဆင့်တွေလည်းကောင်းပြီး ယဥ်ကျေးကာ သူ့ညီလေး၊ ညီမလေးတွေကိုလည်း ဂရုစိုက်တတ်သည်...
သူ့မိသားစုမှာရော ဒီလိုသားကောင်းမျိုး ဘယ်လိုလုပ်ပြီးမပိုင်ဆိုင်ရတာလဲကွာ...
ကျန့်မန်ထန် သက်ပြင်းချလိုက်ပြီး သူ့မိန်းမ ထန်ယွီရုန်ကို ပြောလိုက်သည်။
"ငါတို့မှာ သားသုံးယောက် သမီးနှစ်ယောက်ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲနော်"
"ရှင်ပဲ သားတွေကိုကြိုက်တယ်ဆို? နောင်တစ်ချိန်မှာ ရှင့်သားတွေကြောင့် အများကြီးစိုးရိမ်စရာတွေရလာဦးမှာပဲ"
ကျန့်မန်ထန် စီးကရက်ကိုမီးညှိလိုက်ရင်း ထန်ယွီရုန်ရဲ့ဆံပင်တွေကိုကြည့်လိုက်တဲ့အခါ သူ့မျက်ခုံးတွေ တွန့်ချိုးသွားလျက်၊ "ဘယ်လိုဖြစ်ပြီး မင်းခေါင်းပေါ်မှာ သိုးမွေးတွေတင်ထားရတာလဲကွာ"
"ရှင် ခေတ်နောက်ကျနေတဲ့လူကြီးကတော့... ထပ်မပြောနဲ့တော့၊ ဒါက ဆံပင်ကောက်ထားတာလေ"
ချင်းရို့ဆံပင်ကောက်ထားပြီး မိသားစုအဆောက်အဦးဆီ ရောက်လာကတည်းက လူတော်တော်များများလည်း ဆံပင်ကောက်ကြတော့သည်။ ထန်ယွီရုန်လည်း ဆံပင်မကောက်ဘဲ မနေနိုင်တော့ပေ။
ထန်ယွီရုန်က သူမဆံပင်ကောက်ပြီးနောက်ပိုင်း သူမတစ်ကိုယ်လုံးကွဲပြားသွားတယ်လို့ ခံစားမိသည်။ မှန်ကိုကြည့်လိုက်တိုင်း အတိတ်က ကျေးလက်အမျိုးသမီးအသွင်အပြင်ကို မတွေ့ရတော့ဘဲ လူ့အဖွဲ့အစည်းအသစ်မှာ ခေတ်မီတဲ့မိန်းကလေးတစ်ဦးသဖွယ် ဖြစ်လာခဲ့လေပြီ။
ယခု သူမဟာ အိမ်မှာပဲ သားငါးယောက်ကိုဂရုစိုက်မနေတော့ဘဲ ပတ်ဝန်းကျင်ရှိ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကိုပါ စတင်အာရုံစိုက်လာခဲ့သည်။
"ကျွန်မတို့သားလေးတွေ အလားအလာပိုကောင်းလာကြပြီး ဇနီးလှလှလေးတွေနဲ့ လက်ထပ်ကြနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်"
ဘောလုံးကစားကြပြီးနောက် လုညီအစ်ကိုနှစ်ယောက်ဟာ ချွေးတရွှဲရွှဲဖြင့် မိသားစုအဆောက်အဦးဆီသို့ ကျန်းမိသားစုကလေးတွေနောက်ကနေ လိုက်လာခဲ့ကြပြီး အပေါ်တက်လာခဲ့သည်။
လုယန် သူတို့နှစ်ယောက်အတွက် တံခါးဖွင့်ပေးလိုက်၏။
"မားမား ညီမလေးတို့ရေ ကောကောတို့ ပြန်လာပြီ!"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေး နှစ်ယောက်စလုံး ချွေးတွေရွှဲနေကြလျက်။ သူတို့ဧည့်ခန်းထဲသို့ လှမ်းဝင်လာသည်နှင့် ညီမလေးနှစ်ယောက်ကို စနောက်ကျီစယ်ချင်သော်လည်း သို့ရုန်ညီအစ်မနှစ်ယောက်ကတော့ အလွန်ရက်စက်စွာဖြင့် မြန်မြန်ပြေးကာ သူတို့မေမေနောက်မှာ ဝင်ပုန်းလိုက်လေသည်။
"ကောကောက အရမ်းနံတာပဲ၊ ဒီကိုမလာခဲ့နဲ့ မီးမီးတို့နဲ့ မားမားက ရေချိုးပြီးသွားပြီလို့"
"ဆိုးတဲ့ကောကော ဝေးဝေးသွားနော်!"
"ကောကောလူဆိုး ဝေးဝေးသွား!"
လုဝေကျိုးနှင့် လုဝေကျယ်: "..."
"ခုနကပြန်လာတုန်းကတော့ ကောကောကိုပဲ အချစ်ဆုံးဆို၊ အခုတော့ ကောကောကိုမချစ်တော့ဘူးပေါ့လေ"
"ညီမဆိုးလေးတွေ"
"အသည်းနှလုံးမရှိတဲ့ ကောင်မလေးနှစ်ယောက်ပဲ"
ချင်းရို့ ပြုံးလိုက်ပြီး ညီအစ်ကိုနှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။ "မြန်မြန်ရေသွားချိုးလိုက်၊ ချွေးတွေကြောင့် အအေးမမိအောင်လို့ ဂရုစိုက်ကြနော်"
"နံလိုက်တာနော်" သို့ရုန်ညီအစ်မနှစ်ယောက်ကတော့ နှာခေါင်းအုပ်ထားလေရဲ့။
"ကောကော နံနံ"
"မြန်မြန်ရေသွားချိုးပါလို့"
xxx