← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 18 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 18 Ch. 215-216

အခန်း ၂၁၅ -

မှင်ရနံ့များ သင်းပျံ့သွားခြင်း ... ။

“ ငါ့ရဲ့အကယ်ဒမီကို ဝင်ရောက်လို သူတွေဟာ အရည်အချင်းသုံးမျိုးထဲက တစ်ခုကို သက်သေပြရမယ် ... အဲဒါတွေကတော့ ပါရမီ၊ ကံကြမ္မာနဲ့ ဇွဲလုံ့လတို့ပဲ ...

... ကောင်းပြီ ... အခုအသက်သုံးရှိုက်စာ အချိန်ရမယ် မင်းတို့စမ်းသပ်ဖြေဆိုလိုတဲ့ဌာနကို စိတ်ထဲကနေရွေးချယ်ပါ ... ကဲ စရအောင်။ ”

အဖိုးအိုက အသံသည် ချက်ချင်း တိတ်ဆိတ်သွားကာ ကွယ်ပျောက်တော့သည်။ ကူချန်မှ တုန့်ဆိုင်းခြင်းမရှိ ဓားဌာနကို ချက်ချင်း ရွေးချယ်လိုက်၏။

ဤနေရာနှင့် ပတ်သက်၍ မည်သည့် အချက်အလက်မျှမရှိသဖြင့် အကျိုးအမြတ် အရှိဆုံးဖြစ်မည့်အရာကိုသာ ဦးစားပေး ရွေးချယ်လိုက်ခြင်းပေပင်။

“ ကောင်းပြီ... အားလုံးက ... ရွေးချယ်ပြီးကြပြီမို့ အခုမင်းတို့ကိုသက်ဆိုင်ရာ ဌာနတွေဆီ ပို့ဆောင်ပေးတော့မယ် ...

... အဲဒီမှာ မင်းတို့နဲ့ သက်ဆိုင်တဲ့ စမ်းသပ်မှုတွေကိုဖြေဆိုပါ အောင်မြင်သူတွေကို အကယ်ဒမီကနေ ဆုလာဘ်ကို ချီးမြှင့်မယ် ... ဒုတိယအဆင့်အတွက်လည်း ဆက်ပြီး ဖြေဆိုခွင့်ပေးမယ်။ ”

အဖိုးအိုစကားဆုံးသည်နှင့် လူတိုင်း၏ခန္ဓာကိုယ်အပေါ် အလင်းမှိန်မှိန်များ လွှမ်းခြုံလာခဲ့သည်။

အမြင်အာရုံများ ခဏတာမျှ ဝေဝါးသွားပြီးနောက် ကိုယ်အလေးချိန်သည် မရှိတော့သည့်အလား ခံစားလိုက်ရ၏။

များမကြာခင် ကူချန်သည် ကျောက်ဖြူရင်ပြင်အစား အလွန်မြင့်မားသော သစ်ပင်ကြီးအောက်တွင် ရပ်နေသည့် သူ့ကိုယ်သူ ပြန်တွေ့လိုက်ရသည်။

တစ်ဆက်တည်းမှာပင် သစ်ပင်ကြီးထံ မော့ကြည့်လျက် အံ့အားသင့်သွားရပြန်သည်။ ပင်စည်သည်ပင် တစ်မိုင်ခန့်ရှိပြီး အမြင့်ပေသည် ထောင်ချီမြင့်မားချေ၏။

ကြီးမားလှသော သစ်ကိုင်းများ၊ သစ်ရွက်များသည် ကောင်းကင်ကိုထီးသကဲ့သို့ အုပ်မိုးဖုံးလွှမ်းနေပြီး ဧရိယာအကျယ်သည် မိုင်ပေါင်းထောင်သောင်းချီနေချေပြီ။

“ ဒါ ... ဒါက ... ။ ”

ရုတ်တရက် အာမေဍိတ်သံကြောင့် ကူချန်တစ်ယောက် သတိပြန်ဝင်လာတော့၏။ သူ့ပတ်ဝန်းကျင်တွင် သံသယနှင့် အံ့ဩရိပ်များ ယှဉ်တွဲနေသော လူချို့ရောက်ရှိနေသည်။

“ လူတိုင်း ဒီကိုဘယ်လိုလုပ် ရောက်လာရတာလဲ အားလုံးဓားဌာနကိုပဲ ရွေးလိုက်ကြတာလား။ ”

ကူချန်မှ မျက်ခုံးပင့်ကာရေရွတ်လိုက်၏။ ထိုလူများသည်လည်း သတိဝင်လာပြီး သူကဲ့သို့ ဤပြဿနာအပေါ် သတိထားကုန်သည်။

“ နေပါဦး ... မင်းက ဓားသမားမဟုတ်ဘူးလား ဘာလို့ ဆေးဝါး ဖော်စပ်ခြင်း ဌာနကိုရောက်နေတာလဲ ... ။ ”

“ ဟမ် ... ဆေးဝါးဖော်စပ်ခြင်းဌာန ဟုတ်လား ... ။ ”

“ ဟုတ်တယ် ။ ”

“ ဒါက ဓားဌာန မဟုတ်ဘူးလား။ ”

“ မဟုတ်ဘူး ... ။ ”

“ ဟာသပဲ ... ငါက ဓားဌာနကိုရွေးခဲ့တာ ... ဘယ်လိုလုပ်ပြီး ဆေးဝါးဖော်စပ်ခြင်းဌာနဆီကို ရောက်နေရတာလဲ။ ”

“ ပါးစပ်ပိတ်ထားကြစမ်း။ ”

ဟိုင်ရှင်းဂိုဏ်းမှ အဘွားအိုသည် ကြမ်းပြင်ပေါ် နဂါးတောင်ဝှေးဖြင့် ဆောင့်လျက် အော်ဟစ်ဟိန်းဟောက်လိုက်၏။ သို့မှသာလျှင် လူတိုင်း ပါးစပ်ပိတ်သွားသည်။

သူမသည် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူဖြစ်ကြောင်း လူတိုင်းသိထားချေပြီ။ ထို့နောက် အဘွားအိုမှ၊

“ မင်းတို့ ဘယ်ဌာနကိုပဲ ရွေးရွေး နောက်ဆုံးတော့ ဒီကိုပဲရောက်လာမှာ ပါးစပ် ပိတ်ထားပါ။ ”

-ဟု ဆိုလိုက်၏။

“ ဒါဆို ... ဒါက လူတိုင်းကို ပူးတွဲစမ်းသပ်မယ်လို့ ဆိုလိုတာလား။ ”

တစ်စုံတစ်ယောက်က ရှုူပ်ထွေးစွာမေးမြန်းလိုက်သည်။ အဘွားအိုမှ စိတ်မရှည်တော့ဘဲ၊

“ မဟုတ်ဘူး ... ဒီနေရာရဲ့ အစီရင်တွေက ပြဿနာရှိနေတာ။ ”

-ဟု ပြန်ဖြေလိုက်၏။

“ ငါထင်တဲ့အတိုင်းပါပဲ။ ”

ကူချန်မှ ခေါင်းညိတ်လိုက်သည်။ ဂိုဏ်းကြီးတစ်ခုလုံး ပျက်စီးသွားသည့်နောက်၌ အစီရင်များ အကောင်းအတိုင်း မကျန်တော့ သည်မှာ သဘာဝပေပင်။

“ ဝှစ် ... ။”

ရုတ်တရက် လေအေးတစ်ချက် တိုက်ခတ်သွားပြီး ကောင်းကင်မှသစ်ရွက်များ ကြွေကျလာတော့သည်။

“ ဟမ့် ... ။ ”

လူတိုင်းက သစ်ရွက်များထံ မော့ကြည့်လိုက်ကြ၏။ ဤသစ်ရွက်များသည် လက်ဖဝါးခန့်သာရှိသော်လည်း မြေပြင်ပေါ် ကျရောက်ပြီးနောက် စားပွဲနှင့်ထိုင်ခုံများအဖြစ် ပြောင်းလဲသွားတော့သည်။

တစ်ဆက်တည်းမှာပင် လေထုအလယ်၌ ဝတ်ရုံဖြူနှင့်လမ်းပြသူအဖိုးကြီး ပြန်ပေါ်လာ၏။ အဖိုးကြီးမှ အေးစက်သော အသွင်ဖြင့်ပင်။

“ လီကျန့်အကယ်ဒမီမှ ကြိုဆိုပါတယ် စာပေနဲ့တာအိုဆိုတာ စာပေကနေတစ်ဆင့် လောကရဲ့အမှန်တရားကို သိမြင်ဖို့ပါပဲ ...

... စကားလုံးတွေက ယဉ်ကျေးမှုကို သယ်ဆောင်ပေးသလို လောကကြီးအတွင်း သန်မာတဲ့ စည်းမျဉ်းတွေလည်း ဖြစ်ပါတယ် ...

... ဒါကြောင့် စာပေသမားတွေဟာ စာပေကိုလေ့လာပြီး အမှန်တရားကို မှတ်တမ်း တင်ကြပါတယ် ... ကဗျာတွေနဲ့ ရန်သူတွေကို နှိမ်နင်းသတ်ဖြတ်နိုင်ပါတယ် ...

... ဒီကနေ့ လီကျန့်အကယ်ဒမီရဲ့ ပထမဆုံးစမ်းသပ်မှုဟာ လက်ရေးလှရေးခြင်းပဲ မင်းတို့ရဲ့ ဆန္ဒနဲ့ခံစားချက်တွေပေါ်လွင်တဲ့ စာသားရေးပြပါ ဖြေဆိုချိန်(၁၅)မိနစ်ရမယ် ...

... သတ်မှတ်ချိန်အတွင်း မပြီးမြောက်သူတွေဟာ စမ်းသပ်မှုကျရှုံးတယ် စကားမပြောရဘူး ... သတ်မှတ်ထားတဲ့ နေရာကနေ ထွက်မသွားရဘူး ...

... စည်းကမ်းဖောက်ဖျက်သူတွေကို အကယ်ဒမီကနေနှင်ထုတ်မယ် ... ကဲစမ်းသပ်မှု စတင်ပြီ။ ”

အဖိုးအိုစကားအဆုံးတွင် လူတိုင်းရှေ့ရှိ စားပွဲများပေါ်သို့ စက္ကူ၊ မင်၊ စုတ်တံနှင့် မင်ကျောက်တို့ ရောက်ရှိလာသည်။

ဤတစ်ကြိမ်တွင် အဖိုးအိုသည် ပျောက်ကွယ်မသွားဘဲ လေထုထဲရပ်လျက်ဖြင့် စာမေးပွဲကြီးကြပ်သူအလားရှိနေ၏။

“ မင်းနောက်နေတာလား ... ငါက မီးစွမ်းအင်အထူးပြုဌာနကိုရွေးတာ ... ဒီစာပေ ဌာနနဲ့ ဘာဆိုင်လို့လဲ ဒါမတရားဘူး။ ”

ရုတ်တရက် တစ်စုံတစ်ယောက်သည် စာရေးကိရိယာများထံငုံ့ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

“ စမ်းသပ်မှုအတွင်း ဆူညံသူကို နှင်ထုတ်မယ်။ ”

အဖိုးအိုက အေးစက်စွာ ဆိုလိုက်သည်။ မကျေမနပ် အော်ဟစ်နေသူသည် သူ့စားပွဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

ထိုမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်ကုန်ကာ ပါးစပ်ပိတ်ထားလိုက်သည်။ ဤအခွင့်အရေးသည် တစ်သက်တွင် တစ်ကြိမ် ရရန် မလွယ်ချေ။ ထို့ကြောင့် မည်သူမျှ မဖြုန်းတီးလိုသည်မှာ သဘာဝပေပင်။

အခြားတစ်ဖက်တွင် ယခင်အကြိမ်များ၌ ဝင်ရောက်ဖူးသူများသည် စားပွဲပေါ်တွင်ထိုင်ကာ မင်သွေးနေကြပြီဖြစ်၏။

သို့တိုင် လူတိုင်းသည် မျက်မှောင်ကြုတ်လျက် စက္ကူဖြူကို ငေးကြည့် နေဆဲဖြစ်၏။ ဤစမ်းသပ်မှုသည် လွယ်ကူ သယောင် ရှိသော်လည်း ခက်ခဲလှ၏။

ခံစားချက်များကို စကားလုံးအနည်းငယ်ဖြင့် ထပ်တူကျအောင် ဖော်ပြရန်သည်မလွယ်ကူချေ။ ကူချန်က ဟိုင်ရှင်းဂိုဏ်းမှ အဘွားကြီးထံ လှည့်ကြည့်လိုက်သည်။

သူမသည် မင်သွေးပြီးစာရေးရန် ပြင်နေသော်လည်း ပတ်ဝန်းကျင်မှအကြည့်များ လက်ခံရှိနေသဖြင့် အာရုံမစိုက်နိုင်ဖြစ်နေ၏။

အဘွားအိုက ရွေးချယ်စရာ မရှိတော့ဘဲ သူမထံဦးတည်နေသော ဝိညာဉ်အသိများကို ပိတ်ဆို့ရန် ဝိညာဉ်အသိထုတ်လွှတ်လိုက်၏။

“ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုထပ်ကြည့်ရင် အပြင်ရောက်တာနဲ့ အသေသတ်မယ်။ ”

အဖွားအိုက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကာ အသံတိတ်ခြိမ်းခြောက်၏။ သို့မှသာ လူတိုင်း၏အကြည့်များ ဆုတ်ခွာသွား ကြလေသည်။

အဆုံးတွင် အဖွားအိုသည် စိတ်ကို တည်ငြိမ်အောင်ထားလျက် စုတ်တံကိုင်ပြီး ‘ငြိမ်သက်ခြင်း’-ဟု ရေးသားလိုက်၏။

“ ဟမ့် ... ။ ”

စာလုံးများသည် စက္ကူပေါ်တွင် ထင်ရှားစွာပေါ်လာပြီး ချက်ချင်းပင်ပြန်လည် ပျောက်ကွယ်သွားချေပြီ။

ဆိုလိုသည်မှာ သူမစိတ်နှလုံးသည် အမှန်တကယ်ငြိမ်သက်ခြင်းမရှိဟု အဓိပ္ပါယ် ရချေ၏။ အခြားသူများသည်လည်း ထိုနည်းတူ တုပကာ ရေးလာကြ၏။

သို့သော် ပျောက်ကွယ်ကုန်သဖြင့် အကြိမ်ကြိမ် ပြန်ရေးနေရသည်။ အချို့သည် စိတ်နှလုံးငြိမ်းအေးခြင်း ဆေးပြားများကိုပင် သောက်သုံးခဲ့၏။

ထိုနည်းလမ်းသည် သူတို့ကို ပို၍ပင် ခက်ခဲသွားစေသည်။ စိတ်လှုပ်ရှားမှုမရှိသော် လုံးဝအေးစက်နေသော နှလုံးသားသည် မည်သို့သောခံစားချက်ရမည်နည်း။

ဆိုလိုသည်မှာ ခံစားချက်များသည် တုပ၍မရနိုင်ချေ။ ၎င်းနှင့် ထပ်တူကျသော ဝါကျဟူသည် ကဗျာတစ်ပုဒ်ဖြစ်၏။

ကူချန်က သူ့အကြည့်ကိုပြန်ရုတ်ကာ မင်ကျောက်ဖြင့် မင်သွေးနေရာမှ တွေးတောနေ ခဲ့လေသည်။ သူသည် စာပေသမား မဟုတ်ချေ။ ခံစားချက်များကို စကားလုံးအဖြစ် ဖော်ပြရန် ခက်ခဲ၏။

သို့သော် အချို့စကားလုံးများသည် သူနှင့်ရင်းနှီးပြီးသားပေပင်။ အဆုံး၌ စုတ်တံကို ကောက်ကိုင်ပြီး စာရေးရန်ပြင်သည်။

“ ရွှပ် ... ။ ”

စက္ကူပေါ် စုတ်တံချလိုက်သည်နှင့် ထက်ရှသောရောင်ဝါများ ထွက်ပေါ်လာကာ စက္ကူကိုပိုင်းဖြတ်သွား၏။

သို့သော် စက္ကူသည် ချက်ချင်း ပြန်ဆက်သွားပြီး အဆုံးတွင် ‘ဓား’ဟူသည့် စာလုံး နက်ရှိုင်းစွာပေါ်လာတော့သည်။

“ ဖရူး ... ။ ”

မခြောက်သေးသော မင်ရည်များမှာ သက်ရှိအလားလှုပ်ခတ်လာပြီး ထိုစက္ကူဖြူပေါ်မှ တစ်ပေခန့် မြင့်သော မှင်သစ်ပင်အဖြစ် ရုတ်ချည်းကြီးထွားလာ၏။

ထိုမှင်သစ်ပင်တွင် ပန်းဖူးလေးများ စတင်ပွင့်အာလာကာ ပတ်ဝန်းကျင်တစ်ခုလုံး မှင်ရနံ့များ သင်းပျံ့သွားလေသည်။ ယင်းသည် အခြားသူများအာရုံကို ဆွဲဆောင်သွားတော့၏။

“ ဘာတွေဖြစ်နေတာလဲ။ ”

***

အခန်း ၂၁၆ -

ဆုလာဒ်နှစ်ဆလား ... ။

“ ဘာတွေဖြစ်နေတာလဲ။ ”

“ ငါလည်းမသိဘူး တစ်ယောက်ယောက် စာမေးပွဲအောင်သွားပြီထင်တယ် ဟိုမှာအဲဒီလူပဲ သူ့ကိုသိတဲ့လူရှိလား။ ”

“ ဟင့်အင်း တစ်ခါမှမမြင်ဖူးဘူး ... အပြင်မှာတုန်းက သူကိုယ်သူချန်ယွမ်နိုင်ငံကလို့ ပြောနေတာကြားတာပဲ။ ”

“ အိုး ... ချန်ယွမ်နိုင်ငံက ကျင့်ကြံသူတွေတောင် ဒီကိုရောက်လာ ကြတာလား။ ”

ကူချန်ဖန်တီးလိုက်သော ဖြစ်စဉ်သည် ဘေးပတ်ဝန်းကျင်မှ လူအများကို ချက်ချင်း အာရုံစိုက်မိသွားစေသည်။

ယခင်က တစ်ကြိမ်ရောက်ရှိ ထားသူများသည်ပင် အံအားသင့်စွာ ကူချန်ထံသို့ လှည့်ကြည့်လာကြ၏။

စက္ကူပေါ်မှ မှင်စက်များကြားတွင် နက်ပြာရောင်သစ်ပင်တစ်ပင် ယိမ်းထိုးလှုပ်ခတ် နေတော့သည်။ ထိုအပင်ပေါ်တွင် မှင်ရောင် ပန်းလေးများ ဒါဇင်နှင့်ချီ ပွင့်လန်းနေ၏။

သင်းပျံ့နေသော မှင်ရနံ့များသည် မြင်သူတိုင်းကို စိတ်ကြည်လင်စေပြီး တကယ် လှပလွန်းသည်။

“ ထူးဆန်းတယ် ... ။ ”

ဟိုင်ရှင်းဂိုဏ်းမှ နဂါးတောင်ဝှေးနှင့် အဘွားအိုသည် အေးစက်သောအသွင်မျိုးဖြင့် စူးစိုက်ကြည့်နေ၏။

သူမှတ်မိသရွေ့ ယခင်အကြိမ်တွင် စမ်းသပ်မှုအောင်မြင်သော လက္ခဏာများသည် စက္ကူပေါ်မှ အလင်းတန်းများ ထွက်ပေါ် လာရုံသာ ဖြစ်သည်။

ယခုကဲ့သို့ မှင်သစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာသည်မှာ သံသယဝင်စရာဖြစ်၏။ ယခုတစ်ကြိမ် အမှတ်ပေးစည်းမျဉ်းများသည် ပြောင်းလဲသွားသည်လော။

သို့မဟုတ် တစ်ဖက်လူရေးသားသော ပုံစံတွင် တစ်ခုခုထူးခြားမှု ပါရှိနေသည်လော။ စသဖြင့် မခွဲခြားနိုင်တော့ချေ။

ဟိုင်ရှင်းဂိုဏ်းမှ အဘွားအိုအပြင် ကန္တာရဓားပြ (၁၃)ပါး ခေါင်းဆောင်စန်းချန်နှင့် လန်မိသားစုဝင်များသည်လည်း မျက်မှောင်ကြုတ်ကုန်ကြ၏။

ကူချန်သာလျှင် လူတိုင်းအပေါ် လျစ်လျူရှုလျက် သူ့ရှေ့မှမှင်သစ်ပင်လေးထံ စူးစမ်းနေခဲ့သည်။ ရနံ့သည် စိတ်ဝိညာဉ်ကို လန်းဆန်း တည်ငြိမ်စေ၏။

ဤအရာသည် ကြယ်ကမ္ဘာအတွင်းရှိ ကျောက်စိမ်းသစ်ခွကဲ့သို့ သိသာထင်ရှားခြင်းမျိုး မရှိသော်လည်း သေချာပေါက် ကျင့်ကြံမှုကို သက်ရောက်မှုပေးလေသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် ၎င်းသစ်ပင်ကိုသိမ်းဆည်းရန် လက်လှမ်းလိုက်ချိန်တွင် ချက်ချင်းအရည်ပျော် ကျသွားပြီး စက္ကူဖြူပေါ်ပြန်ရောက်သွား၏။

တစ်ဆက်တည်းမှာပင် ‘ဓား’ဟူသည့် စာလုံးလေးသည် အသက်ဝင်လာပြီး ရောင်ဝါ ထွက်ပေါ်လာခဲ့သည်။

ကြည့်ရုံဖြင့် ထက်ရှသော ရောင်ဝါကို ခံစားချက်ပေးကာ အရေပြားများထံဓားဦးဖြင့် ထိုးဆွနေသည့်အလား စူးရှရှခံစားချက်များ ပေးစွမ်းနေတော့၏။

“ ဒါက ကွန်ဖြူးရှပ်တာအိုနဲ့ ဓားတာအိုရဲ့ တာအိုသဘောတရားလား။ ”

ရုတ်တရက် စိတ်ဝင်စားသွားပြီး စုတ်တံကိုပြန်ကိုင်ကာ ‘ရေ’ဟူသောကားလုံး ချရေးကြည့်လိုက်သည်။

“ ဝေါ ... ။ ”

ချက်ချင်းပင် တောင်ကျစမ်းရေများ စီးဆင်းလာသကဲ့သို့ ကြည်လင်သော ရေစီးသံ ထွက်ပေါ်လာသည်။ အပူတပြင်း စာရေးရန် ကြိုးစားနေကြသော လူအုပ်ကြီးသည်လည်း ချက်ချင်းမော့ကြည့်လိုက်ပြန်၏။

သူတို့ခေါင်းပေါ်သို့ ရေတံခွန်ကြီး ပြိုကျလာသည့်အလား ခံစားလိုက်ရသဖြင့် ကူချန်ထံသို့ လှည့်ကြည့်လိုက်ကြသည်။

“ သူပဲလား။ ”

“ ဒီကောင် ဘယ်သူလဲ။ ”

“ ဒီကောင် ရေးသမျှ ... အကုန်လုံး အောင်မြင်နေတာလား စမ်းရေစီးသံတွေတောင် ကြားနေရတယ် ထူးဆန်းတယ်။ ”

တစ်စုံတစ်ယောက်မှ သည်းမခံနိုင်ဘဲ မှတ်ချက်ပေးရာ လူအများ၏ဆွေးနွေးသံများ ထွက်ပေါ်အလာခဲ့သည်။

“ ဟမ့် ... အရင်က စမ်းသပ်မှု အောင်မြင်ကြောင်းကို အလင်းပြရုံတုန့်ပြန်တာ မဟုတ်ဘူးလား ... အခုကျမှ ဘာလို့ထူးခြားတဲ့ ဖြစ်စဉ်မျိုးတွေ ပြသနေရတာလဲ။ ”

“ ငါကြားဖူးတာတော့ စာပေနဲ့ တာအိုဘာသာကျင့်ကြံသူတွေက သူတို့ရေးတဲ့ စကားလုံးတိုင်း အစွမ်းထက်ပြီး ဒီလိုထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်တတ်တယ်တဲ့ ဒီလူက အဲဒီလို အရည်အချင်းမျိုး ရှိနေတာများလား။ ”

အကယ်သာ တစ်ဖက်လူသည် စာပေပညာရှင်တစ်ဦးဖြစ်သော် ယခုစမ်းသပ်မှု၌ များစွာ အားသာချက် ရှိနေနိုင်ပေမည်။

ဟိုင်ရှင်းဂိုဏ်းမှ အဘွားအိုခမျာ စိတ်လှုပ်ရှားလျက် ချက်ချင်းပင် အသံလွှင့်ပြီး သူ့လူများကို သတိပေးလိုက်သည်။

“ စိတ်အေးအေးထားကြ ... သူ့ကို ဂရုမစိုက်ကြနဲ့ ငါတို့သာစမ်းသပ်မှုအောင်မြင်ရင် ဒုတိယအဆင့် တက်ခွင့်ရလိမ့်မယ်။ ”

လက်ရှိ ဖြေဆိုနေသူသည် လူပေါင်း (၁၀၀)နီးပါးရှိသည်။ ထိုထဲတွင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ(၄၀)ကျော်ပါဝင်ကာ ကျန်သူများမှာ ချီစုစည်းခြင်းနယ်ပယ်နှင့် ရှန်ရှင်းနယ်ပယ် ဖြစ်ချေ၏။

ကူချန်တစ်ယောက် လေထုအလယ်ရှိ ရေစီးသံများကြောင့် သက်သောင့်သက်သာပင် ဖြစ်လာခဲ့သည်။

ရွှင်မြူးလျက် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လိုက်သောအခါ လူတိုင်းသည် သူ့ကို လျစ်လျူရှုကာ စာရေးရန် ကြိုးစားနေ၏။

“ ငါအောင်မြင်ပြီ ... ဟားဟားဟား။ ”

(၁၅)မိနစ်ခန့် ကြာပြီးနောက် တစ်စုံတစ်ယောက်သည် စမ်းသပ်မှုကို ဒုတိယ လူအဖြစ် အောင်မြင်သွားခဲ့သည်။

သူ့ရှေ့ရှိ စက္ကူဖြူပေါ်တွင် အလင်းများ တလက်လက်ထွက်ပေါ်လျက် ရွှင်မြူးနေသော အော်ဟစ်သံသာ ပဲ့တင်ထပ်နေ၏။ သို့သော် ကူချန်၏ ဖြစ်စဉ်နှင့်ယှဉ်သော် များစွာ မှိန်ဖျော့လွန်းချေပြီ။

အချိန်များကုန်လွန်လာသည်နှင့်အမျှ အဆိုပါမှိန်ဖျော့ဖျော့အလင်းများ အများအပြား ထွက်ပေါ်လာကာ အောင်မြင်ကုန်ကြ၏။

များမကြာမီ အဖြူရောင်ဝတ်စုံနှင့် လမ်းပြဆိုသူက ရုတ်တရက် အသက်ဝင်လာပြီး၊

“ ဖြေဆိုချိန် ကုန်ဆုံးပြီ ... ဖြေဆိုသူ (၁၁၂)ယောက်ထဲက (၃၆)ယောက်စမ်းသပ်မှုကို အောင်မြင်ပါတယ်။ ”

-ဟု ကြေငြာလိုက်သည်။

သူ့စကားဆုံးသည်နှင့် ကျရှုံးသူများသည် အော်ဟစ်ဆဲဆိုလိုကြသော်လည်း ချက်ချင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားကြတော့၏။

ရင်ပြင်အတွင်း လူ (၃၆)ယောက်သာ ကျန်ရှိခဲ့၏။ သို့အချိန်တွင် အဖြူရောင်ဝတ်ရုံဖြင့် လမ်းပြသူသည်၊

“ ပထမအဆင့် အောင်မြင်သူတွေကို ဂုဏ်ပြုပါတယ် ... အခုချိန်ကစပြီး မင်းတို့ဟာ ငါ့အကယ်ဒမီရဲ့ ပြင်ပတပည့်တွေပဲ ဒါပေမဲ့ ပြင်ပတပည့်တွေက အကယ်ဒမီထဲမှာ နေထိုင်ခွင့် မရှိသေးဘူး ...

... မင်းတို့တွေ အကယ်ဒမီထဲကို ဝင်ချင်တယ်ဆိုရင် ဒုတိယအဆင့်စမ်းသပ်မှုကို ထပ်ဖြေရလိမ့်မယ် စဉ်းစားဖို့ အချိန် (၁၀) စက္ကန့်ပေးမယ် ...

... ဒီအချိန်အတွင်း ကန့်ကွက်သူ မရှိရင် နောက်တစ်ဆင့်ကို ဆက်လက်ဖြေဆိုမယ်လို့ မှတ်ယူမယ်။ ”

-ဟု ပြောကြားလာသည်။ လူတိုင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ တုန့်ပြန်မှုများ မပြုကြချေ။ ထို့ကြောင့် အဖြူဝတ်လူမှ၊

“ ကောင်းပြီ အချိန်စေ့ပြီ၊ အခု ကျန်နေတဲ့ (၃၆)ယောက်လုံး ပထမအဆင့်အောင်မြင်တာမို့ ထျန်းလန်ဝံပုလွေမွေး စုတ်တံတစ်ချောင်းနဲ့ အဆင့်(၈)ဆေးပြား (၁၀)ပြားစီရမယ်။ ”

-ဟု ဆက်ပြောသည်။ သူ့စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏မျက်ဝန်းများ အံ့အားသင့် ပျော်ရွှင်သွားကြ၏။

အဆင့် (၈) ဆေးပြားဟူသည် ပြင်ပကမ္ဘာတွင် တန်ဖိုးကြီးသော အရာပေပင်။ ယွမ်ဖူအဆင့်တက်လှမ်းရန် အထောက်အကူပြု ဆေးဝါးများအားလုံးသည် အဆင့်(၈)ဖြစ်၏။

ပထမအဆင့် စမ်းသပ်မှုအပြီးမှာပင် ထိုသို့သောဆုလာဘ်များကို ပေးနေရာ မည်မျှ ကံကောင်းခြင်းများ ထပ်မံရရှိနိုင်မည်ကို မှန်းဆလာကုန်ကြသည်။

“ ဝမ် ... ။ ”

ထိုစဉ် ကူချန်ရှေ့၌ အလင်းများ ရစ်သိုင်းလာပြီး အဖြူရောင်ဝံပုလွေမွေးစုတ်တံ တစ်ချောင်းနှင့် ဆေးပုလင်းတစ်လုံး ထွက်ပေါ် လာတော့၏။

ထိုမြင်ကွင်းထံ သတိထားမိကုန်သော လူအုပ်ကြီးမှာ လောဘမီးတောက်လောင်ကာ ဝိုင်အုံကြည့်လာခဲ့သည်။ သူတို့သည်လည်း ဤဆုလာဘ်မျိုး ရရှိပေမည်။

“ ဝမ် ... ။ ”

ကြည့်နေဆဲမှာပင် လေထုအလယ် လှိုင်းဂယက်ထလာပြီး နော်ကထပ် စုတ်တံနှင့် ဆေးပုလင်းတစ်လုံး ထပ်ပေါ်လာ၏။ လူအုပ်ကြီးမှာ မျက်ခုံးပင့်သွားသည်။

“ ဟမ် ... သူ့ကို နှစ်ဆပေးတာလား။ ”

“ ဝမ် ... ။ ”

“ ဒါ ... ။ ”

“ ဝမ် ... ။ ”

ကူချန်သည်ပင် ဇဝေဇဝါဖြင့် ထိုဆုလာဒ်များထံငေးကြည့်နေစဉ် ထပ်မံ၍ ဝဲဂယက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကာ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

“ ဝမ် ... ဝမ် ဝမ်။ ”

***

All Chapters