← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 18 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 18 Ch. 219-220

အခန်း ၂၁၉ –

ငါးမရှိသောအရပ်တွင် ငါးမျှားထွက်ခြင်း ... ။

ရွာလူကြီးသည် သူတို့ဝိုင်းတွင် အကြာကြီးမနေဘဲ အခြားဧည့်သည်များကို နှုတ်ဆက်ရန် ထွက်ခွာသွားသည်။

ကူချန်က စားပွဲပေါ်ရှိ ဟင်းလျာများကို ပြန်ကြည့်ကာ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ‘တူ’ကိုင်လျက် မြည်းစမ်းကြည့်လေသည်။

အစားအသောက်များသည် မည်သည့် အရသာမျှမရှိဘဲ စက္ကူများကို ဝါးစားရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေ၏။

ထို့ကြောင့် ‘တူ’ပြန်ချလိုက်ပြီး ကြယ်ကမ္ဘာအတွင်းမှ လက်သုတ်ပဝါတစ်ခုကို ထုတ်ယူကာ ပါးစပ်သုတ်ဟန်ဖြင့် ထွေးထုတ် လိုက်ရသည်။

ဤအပြုအမူကြောင့် အစောပိုင်းက သူ့ကိုစကားပြောခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားမှ စူးစမ်းလာခဲ့သည်။

“ သခင်လေး ဘာလို့ ဒီလောက် နည်းနည်းလေးပဲ စားပြီး ရပ်လိုက်ရတာလဲ မင်း စားရတာ အဆင်မပြေလို့လား အပြင်လောကရဲ့ အစားအသောက်တွေက ဒီထက် ပိုစားကောင်းနေလို့လား။ ”

ကူချန်မှ မော့ကြည့်၏။ သူ့မေးခွန်းကို ပြန်မဖြေချေ။ တစ်ဖက်လူသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိ၏။ ယင်းကြောင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး၊

“ ဒီနေ့ရွာထဲမှာ မင်္ဂလာပွဲရှိတယ်လို့ ပြောကြတယ် တစ်စုံတစ်ယောက် လက်ထပ် လိုက်တာလား။ ”

-ဟု မေးမြန်းမိလေသည်။ ရုတ်တရက် လူလတ်ပိုင်းအရွယ် အမျိုးသားက ဝမ်းမြောက် ဝမ်းသာဖြင့် ပြန်ဖြေလာသည်။

“ ဟုတ်တယ် ... ဟုတ်တယ် ... ရွာမြောက်ပိုင်းက ... သူဌေးကြီးပိုင်ရဲ့သမီးလေး မင်္ဂလာဆောင်ပါ ... သခင်လေး မသိသေးဘူး ထင်တယ် မိန်းကလေးပိုင်က အရမ်းလှတယ်။ ”

“ ဪ ... ။ ”

ကူချန်မှ အသာအယာ ခေါင်းညိတ် ပြလိုက်၏။ တစ်ဆက်တည်းမှာပင် သံသယဖြင့် ပတ်ဝန်းကျင်ထံ အကဲခတ်နေခဲ့သည်။

ဒုတိယမြောက် စမ်းသပ်ချက်သည် မည်သည့်အရာဖြစ်မည်ကို လုံးဝနားမလည်နိုင် သေးချေ။

“ သူတို့သား ကြိုဆိုတဲ့အဖွဲ့ ရောက်လာပြီလား။ ”

ကူချန်မှ မေးသည်။

“ မရောက်သေးဘူးထင်တယ် ခုနက ရွာလူကြီးကို မေးကြည့်တော့လည်း မကြာခင် ရောက်လာလိမ့်မယ်လို့တော့ ပြောတယ် ... ရွာသူကြီးက ငါတို့ကို စိတ်အေးအေးထားပြီး စားသောက်နေဖို့ပဲမှာခဲ့တယ်။ ”

“ ဒါဆို မိန်းကလေးပိုင်ရဲ့ ... ခင်ပွန်းလောင်းက ဒီရွာကလူမဟုတ်ဘူးပေါ့ ဘယ်ရွာကလဲ။ ”

“ ဒါလည်း ... ငါ မသိဘူး၊ ဒီရွာသား မဟုတ်တာတော့သေချာတယ် ရွာပြင်ကနေ လာတဲ့သူလို့ပဲသိရတယ်။ ”

ကူချန်တစ်ယောက် တိတ်ဆိတ်သွား၏။ တစ်ဖက်လူသည် အပိုဇာတ်ကောင် တစ်ကောင် ဖြစ်ရပေမည်။ အသုံးဝင်သော အချက်အလက် မရရှိဘဲ ရှုပ်ထွေးသောမေးခွန်းများသာရှိ၏။

စားသောက်ပွဲတလျှောက် စားသောက်ဟန်ဖြင့် အစားအသောက်အားလုံး ကြယ်ကမ္ဘာအတွင်းသို့သာ ထွေးထုတ်နေခဲ့သည်။

တစ်ဖက်တွင် စားသောက်ပွဲ ပြီးဆုံးသွားသည့်တိုင် သတို့သားကြိုဆိုသည့် အဖွဲ့သည် ရွာထဲသို့ ရောက်မလာခဲ့ချေ။

များမကြာခင် ရွာလူကြီး ပြန်ရောက်လာပြီးနောက် ဖော်ရွေစွာဖြင့် သူ့အိမ်သို့ ခေါ်ဆောင်သွားလေသည်။

ရွာကလေးမှာ မကြီးမားလှဘဲ အိမ်ခြေအနည်းငယ်မျှသာ ရှိ၏။ အိမ်တိုင်းသည် ဖြူဖွေးသောနံရံများဖြစ်ကြပြီး နေရာအနှံ့တွင် မက်မွန်ပင်များ ပြည့်နှက်နေသည်။

ရွာလူကြီးက သူ့အိမ်သို့ ရောက်ရှိသည်နှင့် ငါးမျှားတံနှစ်ချောင်း ထုတ်ယူလာပြီး၊

“ သခင်လေး ငါးမျှားတတ်လား။ ”

-ဟု မေးမြန်းသည်။

“ နည်းနည်းပါ ... ။ ”

ရွာလူကြီးက ထိုအဖြေစကားကို ကြားလိုက်ရသည့်အခါ မျက်လုံးများ အရောင် လက်သွားပြီး တဟားဟား ရယ်မောလျက်၊

“ ဟားဟားဟား ... ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ ငါတို့တွေအတူတူ ငါးမျှား သွားရအောင်။ ”

-ဟု ဖိတ်ခေါ်လေသည်။

“ ကောင်းပြီ ... ။ ”

ကူချန်မှ ခေါင်းညိတ် သဘောတူလိုက်၏။ ဤရွာကလေးတွင် ထူးဆန်းမှုအချို့ ရှိနေသည်။ အကယ်၍ ရွာ၏လျှို့ဝှက်ချက်ကို စုံစမ်းလိုသော် ဤရွာလူကြီးထံမှတစ်ပါး အခြားမရှိနိုင်ချေ။

ထို့နောက် နှစ်ဦးသားအတူတူ လျှောက်လှမ်းကာ ရွာပြင်ရှိ စမ်းချောင်းလေးထံ ရောက်ရှိလာခဲ့ကြသည်။

စမ်းချောင်း၏ တစ်ဖက်ကမ်းတွင် အဖြူရောင် လယ်ကွင်းပြင်ကျယ်ကြီး ရှိနေ၏။ ထိုလွင်ပြင်ကို လယ်ကွက်ဧရိယာများသဖွယ် အနက်ရောင်မျဉ်းများဖြင့် စနစ်တကျ ရေးဆွဲပေးထားသည်။

လယ်ကွက်များအဆုံးတွင် တောင်တန်းများသည်လည်း မှိန်ဖျော့လျက် နှင်းမြူများထူထပ်စွာရစ်သိုင်းနေခဲ့သည်။

ရွာလူကြီးသည် အလွန်ပင် စိတ်လှုပ်ရှားနေပြီး ငါးစာများချိတ်များတွင် ချိတ်လျက် ငါးမျှားတံတစ်ချောင်းကို ကမ်းပေးလာ၏။

“ ဝှစ် ... ။ ”

ကူချန်မှ လက်ခံယူကာ ရေထဲလွှဲချလျက် ရွာသူကြီးအနားတွင် ဝင်ထိုင်လိုက်လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်လယ်ကွင်း၊ မက်မွန်ပင်နှင့် နှင်းမြူများသာရှိနေ၏။ အေးချမ်း ဆိတ်ငြိမ်လွန်းချေပြီ။

ငါးမျှားနေစဉ် ကူချန်မှ ရွာလူကြီးနှင့် စကားပြောရန်ပြင်တော့၏။

“ ရွာလူကြီး ... သတို့သားက အခုထိရောက်မလာသေးဘူးလား။ ”

ရွာလူကြီးက အကြည့်များကို ရေပြင်ပေါ်တွင်သာရှိစေပြီး လှည့်မကြည့်ဘဲ၊

“ ရောက်လာပြီလေ။ ”

-ဟု ပြန်ဖြေလာ၏။

“ ဟမ့် ... ရောက်လာပြီလား။ ”

ကူချန်မှ အံ့အားသင့်သွားသည်။ ထို့ကြောင့် ရွာလူကြီးကပြုံးရယ်ကာ၊

“ ဟုတ်တယ် သူ ရောက်လာတာ မကြာသေးဘူး ... ပုလွေမှုတ်တာ၊ ဗုံတီးတာတွေ ပါမလာတာမို့ ရွာသားတွေ မသိကြဘူး။ ”

-ဟု ဖြေ၏။

ထိုစကားကြားသောအခါ ကူချန်က တိတ်ဆိတ်သွားသည်။ သူ့ဝိညာဉ်အသိအပေါ် ကန့်သတ်ခံထားရသဖြင့် ရွာလူကြီးစကားမှာ မှားသည်လော၊ မှန်သည်လော မခွဲခြားနိုင်ချေ။

အချိန်များ ကုန်လွန်လာသည်အထိ ငါးတစ်ကောင်မျှလာဟပ်ခြင်း မရှိသောကြောင့် ကူချန်ကစမ်းချောင်းထဲသို့ ပြန်ကြည့်ကာ သံသယဝင်လာခဲ့သည်။

“ ဒီမှာ ငါးတွေရော ရှိရဲ့လား။ ”

“ မရှိဘူး ... ။ ”

နေဝင်ချိန်ရောက်လာပြီးဖြစ်သဖြင့် ရွာလူကြီးသည်လည်း ပျင်းရိငြီးငွေ့သွားပုံရကာ ချက်ချင်းမတ်တတ်ထရပ်လျက်၊

“ ငါးတွေအားလုံး ဟိုဘက်ကမ်းကို ရောက်သွားကြပြီ။ ”

-ဟု ပြန်ဖြေသည်။

“ ဒါဆို ဘာလို့ ငါးမရှိတဲ့နေရာမှာ ငါးလာမျှားနေရတာလဲ။ ”

ကူချန်မှ ရွာလူကြီးကို ထူးဆန်းစွာ ပြန်ကြည့်လိုက်သည်။ သူ့တို့နှင့်မလှမ်းမကမ်း၌ ကျောက်တံတားတစ်စင်းတည်ရှိ၏။ ထိုမှတဆင့် ကူးသွားကာ ငါးရှိသောအရပ်တွင် သွားရောက် မျှားသင့်သည်မဟုတ်လော။

ရွာလူကြီးက သူ့မေးခွန်းကို မဖြေဘဲ အနောက်ဘက် ကောင်းကင်ထံလှည့်ကြည့်ကာ ခေါင်းခါပြလျက်၊

“ နေဝင်သွားပြီ၊ ငါတို့ပြန်ကြရအောင် ဒီနေ့ညတော့ သခင်လေး ငါတို့အိမ်မှာပဲ တည်းခို လိုက်ပါ။ ”

-ဟု ဖိတ်ခေါ်လိုက်သည်။

ကူချန်မှ စကားမဆိုတော့ချေ။ ထို့နောက်တွင် နှစ်ယောက်သား ရွာထဲသို့ ပြန်လှည့်လာခဲ့သည်။ ရွာလူကြီးနေအိမ်သည် မထင်မရှား ခြံဝင်းလေးတစ်ခုဖြစ်၏။ အတွင်း၌ ဇီးပင်နှစ်ပင်ရှိသည်။

ရွာလူကြီး၏ ဇနီးသည် သာမန် ရွာသူတစ်ဦးသာဖြစ်ပြီး အလွန်ဖော်ရွေစွာ ကြိုဆို၏။

သူ့ကို ဧည့်သည်နားနေဆောင်တွင် နေရာချပေးလျက် ကုတင်နှင့်အိပ်ရာခင်းများ ခင်းကျင်းကာ ရေနွေးများယူဆောင်လာသည်။ ပြီး ခြေဆေးပေးရန် ပြင်ဆင်တော့၏။

“ ကျွန်တော့်ဘာသာပဲ လုပ်ပါ့မယ်။ ”

ကူချန်မှ သူကိုယ်တိုင် လုပ်ဆောင် လိုက်လေသည်။ ယွမ်ဖူအဆင့်သို့ ရောက်ရှိချိန်၌ လူတစ်ဦးသည် အစားစားရန် မလိုတော့ချေ။

ထို့ကြောင့် ခန္ဓာကိုယ်မှလည်း အညစ်အကြေးများ ထွက်ပေါ်လာခြင်း မရှိဘဲ စစ်မှန်သောစွမ်းအင်များ လည်ပတ်ရုံမျှဖြင့် အညစ်အကြေးကို ဖယ်ရှားနိုင်သည်။

သို့သော် ဤရွာ၏လျှို့ဝှက်ချက်ကို မသိရသေးမီတွင် သာမန်လူတစ်ယောက်အဖြစ် နေထိုင်ရန်သာ ဆုံးဖြတ်ထား၏။

ခြေလက်များ ဆေးကျောပြီးနောက် ရွာသူကြီးကတော်သည် ပြုံးလျက် ရေဇလုံများ ပြန်လည်သိမ်းဆည်းသွားသည်။

သို့သော် တံခါးဝရောက်သည့်အခါ၌ ခြေလှမ်းများ ရုတ်တရက်ရပ်လိုက်ပြီး ပြန်၍ လှည့်ကြည့်ကာ၊

“ သခင်လေး ... ညနက်တဲ့အခါ ရွာထဲမှာ ခွေးဆိုးတွေ အရမ်းသောင်းကျန်းတယ် အပြင် မသွားတာ အကောင်းဆုံးပါပဲ။ ”

-ဟု သတိပေးလေသည်။

“ ကျေးဇူးတင်ပါတယ်။ ”

ကူချန်မှ ပြုံးလျက် ခေါင်းညိတ်ပြ လိုက်သည်။ ညသန်းခေါင်ယံသို့ ရောက်ရှိချိန်၌ အိပ်စက်နေရာမှ ကူချန်က မျက်လုံးများဖွင့်ပြီး ဖြည်းညင်းစွာ ထထိုင်လာ၏။

ပြတင်းပေါက်မှတဆင့် ဖြူဖျော့သော လရောင်များ အခန်းအတွင်းသို့ ဖြာကျနေချေပြီ။ တစ်ရွာလုံးတိတ်ဆိတ်နေပြီး ပိုးမွှားလေးများ၏ အော်မြည်သံများသာ ကြားနေရ၏။

တံခါးဝသို့ ခြေသံလုံလုံ လျှောက်လှမ်းသွားကာ ပတ်ဝန်းကျင်ကို ခဏမျှ အကဲခတ်ကြည့်၏။ ပြီးနောက် အခန်းပြင်သို့ ဖြည်းညင်းစွာ လှမ်းထွက်လိုက်သည်။

ဤရွာသည် သေချာပေါက် ထူးဆန်းမှုရှိနေ၏။ ထို့ကြောင့် တစ်ဖက်လူမှ မလုပ်စေချင်သောအရာကို ပို၍ စူးစမ်းရန် လိုအပ်ချေမည်။

ဖြူဖျော့သော လရောင်များ ဖြာကျလျက် လေထဲတွင် မီးခိုးရောင်မြူများ ပြည့်နှက်နေ၏။ တိတ်ဆိတ်ငြိမ်းချမ်းမှုသည်သာ ကြီးစိုးလျက် ကမ္ဘာကြီး အိပ်မောကျနေသည်။

ထို့ကြောင့် ဘေးအခန်းနံရံသို့ကပ်၍ နားစွင့်ကြည့်လိုက်ရာ အခန်းအတွင်း အလွန်ပင် တိတ်ဆိတ်နေပြီး အသက်ရှူသံများ ဆိတ်သုဉ်း နေကြောင်း သိရှိလိုက်သည်။

“ အသက်တောင် မရှူကြဘူးလား။ ”

မျက်ခုံးပင့်လျက် နေအိမ်မှ လှမ်းထွက်လိုက်ကာ ရွာလမ်းမကြီးအတိုင်းပင် လျှောက်လှမ်းလာခဲ့၏။

လမ်းတလျှော်က သူကြီးကတော် သတိပေးခဲ့သည့် ခွေးဆိုးများကိုမူ မမြင်ရချေ။ တိတ်ဆိတ်ခြင်းသည်သာ ကြောက်စရာ ကောင်းလောက်ချေ၏။

ညအချိန်အခါအောက်တွင် ရွာကလေးတစ်ခုလုံး ရိုးရှင်းလှသော အဖြူနှင့် အမည်းအသွင်သာ ပြသနေသည်။

အဝေးရှိ သစ်ပင်များသည် အနက်ရောင် အရိပ်များဖြစ်ကြပြီး လေနှင့်အတူယိမ်းနွဲ့နေ၏။ ရွာတစ်ပါတ် လှည့်လည်ကြည့်ရှုလိုက်ပြီးနောက် မည်သည့်ထူးခြားမှုမျှ မတွေ့ရချေ။

ထို့ကြောင့် လမ်းဆုံတွင်ရပ်ကာ ရွာမြောက်ပိုင်းဆီသို့ အကြည့်များ ရောက်ရှိ သွားတော့၏။

“ အဲ့ဒီဘက်မှာလား။ ”

***

အခန်း ၂၂၀ -

ပိုင်အိမ်တော် ... ။

ရွာမြောက်ပိုင်းတွင် သူဌေးကြီးပိုင်၏ နေအိမ်ရှိသည်။ ယနေ့မင်္ဂလာပွဲသည် သူ့သမီး ဖြစ်၏။ ထိုအရပ်သို့ ယခုအချိန်အထိ မရောက်ဖူး သေးကြောင့် သတိရလာသည်။

“ စိတ်ဝင်စားစရာပဲ။ ”

ယင်းကြောင့် ရုတ်တရက် ပြုံးလိုက်၏။ ဤရွာငယ်လေးသည် စိတ်ဝင်စားစရာပေပင်။ အခြားသူများသည်လည်း မည်သို့ကြုံမည်ကို သိချင်လာခဲ့၏။

အဘယ်ကြောင့်ဆိုသော် ဤဒုတိယမြောက်စမ်းသပ်မှုသည် ပဟေဠိ ဖြေရသော ကစားပွဲတစ်ခုနှင့် တူနေသည်။

တစ်စုံတစ်ယောက်သည် အကြောင်းအရာမသိသော တစ်စုံတစ်ရာကို ရှာဖွေဖော်ရမည့်ပုံပေပင်။

လီကျန်းအကယ်ဒမီသည် တစ်ချိန်က ကျော်ကြားလှသော စာပေနှင့်တာအိုအကယ်ဒမီ ဖြစ်ကြောင်း ဤအချက်မှ သက်သေပြနေသည်။

အဘယ့်ကြောင့်ဆိုသော် စမ်းသပ်ချက်များ၌ပင် နက်ရှိုင်းသော လျှို့ဝှက် အဓိပ္ပာယ်များ ရှိနေချေပြီ။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေပြီး အဖြူအမည်းမြင်ကွင်အတိုင်း ရွာမြောက်ပိုင်းသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။

ရွာအလယ်သို့ ဖြတ်ကျော်လာစဉ် ကွင်းပြင်ကျယ်ကြီးထက်တွင် စည်ကားခဲ့သော လူအများ၏ အငွေ့အသက်ကိုရရှိစေ၏။

ဧရာမ ကုက္ကိုပင်ကြီးသည် လရောင်အောက်တွင် အနက်ရောင် အရိပ်ကြီး အဖြစ် ကျန်ရစ်ခဲ့သည်။

ထိုစဉ် မည်သည့်အရပ်မှ လာမှန်းမသိနိုင်သော လေပြေလေညင်းအချို့မှာ ဖြတ်တိုက်သွား၏။

သစ်ပင်၏ပင်စည်မှ ပတ်ဝန်းကျင် အရပ်ရပ်သို့ ဆက်သွယ်ချိတ်ဆွဲထားခဲ့သော အနီရောင်ဖဲကြိုးများမှာ ယိမ်းနွဲ့ကုန်သည်။

ယင်းသည် တိတ်ဆိတ်သော ညည့်ယံတွင် သစ်ပင်ကြီးအသက်ဝင်လာသကဲ့သို့ ခြောက်ခြား စရာပေပင်။

များမကြာခင် ရွာမြောက်ပိုင်းသို့ ရောက်ရှိသည့်အခါ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းတစ်ခုကို မြင်လိုက်ရ၏။

ဤသည်မှာ ရွာမြောက်ဘက်မှသည် ရွာကိုတစ်ပတ်ပတ်လျက် တောင်ဘက်ဆီသို့ စီးဆင်းနေခြင်းပေပင်။

စမ်းချောင်းပေါ်တွင် သစ်သား တံတားတစ်စင်း ရှိသည်။ သစ်သားတံတား၏ ဘေးနှစ်ဖက်တွင် မင်္ဂလာစာလုံးများကပ်ကာ နီရဲနေသောမီးပုံးများ ရှိနေ၏။

တံတားအဆုံးတွင် သစ်တောကြီးရှိကာ သစ်တောအတွင်းမှ မီးရောင်မှိန်ဖျော့ဖျော့များ ထွက်ပေါ်နေသည်။ ကူချန်မှ တံတားပေါ် လှမ်းတက်လိုက်၏။

“ ကျွီ ... ကျွီ ... ။ ”

တံတားပေါ်ရှိ သစ်သားပြားများသည် တကျွီကျွီမြည်သံများ ထွက်ပေါ်ပေးလာသည်။ သစ်သားပြားများကြားမှ အနက်ရောင်ရေများ စီဂဆင်းနေသည်ကို မြင်နိုင်မည်။

ထိုအနက်ရောင်စမ်းရေများသည် အောက်ခြေမရှိသကဲ့သို့ နက်ရှိုင်းစေးကပ်သည့် ခံစားချက်မျိုး ပေးစွမ်းလာသည်။

နေ့ခင်းဘက်က ရွာလူကြီးနှင့်အတူ ငါးမျှားထွက်ခဲ့စဉ် ဤစမ်းရေသည် ကြမ်းပြင်မှ ကျောက်စရစ်ခဲများကို မြင်ရစေခဲ့သည်။

တံတားအဆုံးဤ ‌ကျောက်ခင်းလမ်းလေး တစ်ခုမှ စီးကြိုနေသည်။ ထိုလမ်းကလေးသည် သူဌေးကြီးပိုင်၏စံအိမ်ထံ ဦးတည်နေနိုင်၏။

ကျောက်ခင်းလမ်း ဘေးနှစ်ဖက်ရှိ သစ်ပင်များသည် သစ်ကိုင်းသစ်ခက်များစွာဖြင့် ဝေဖြာနေသည်။ ဖြူဖျော့နေသော လရောင် အောက်တွင် ထိုသစ်ကိုင်းများသည် လက်တံများအလားပေပင်။

ကျောက်လမ်းမှ ဖြတ်သန်းလာသော မည်သူ့ကိုမဆို လိုအပ်ပါက ချက်ချင်းဖမ်းရန် အသွင်မျိုးရှိနေသည်။

အထူးသဖြင့် လမ်း၏ဘယ်ဘက်ခြမ်း ဖြစ်သည်။ ထိုဘက်ခြမ်းတွင် သစ်ပင်များသည် အဆုံးမရှိချေ။ ၎င်းတို့သည် သူ့ကိုစောင့်ကြည့် နေသည်ဟုပင် ခံစားရသည်။

များမကြာခင် သစ်တောကြီး အလယ်ရှိ စံအိမ်ကြီးတစ်လုံးကို မြင်လာရ၏။ မြေပြင်သည် ပတ်ဝန်းကျင်ထက် အနည်းငယ် ပိုမိုမြင့်မားကာ အိမ်အနောက်တွင် လယ်ကွင်းများ ရှိနေသည်။

‌ကျောက်ခင်းလမ်းလေးသည် ထိုစံအိမ်ဘေးမှဖြတ်လျက် တောင်ကုန်းပေါ်သို့ တက်ရောက် ပျောက်ကွယ်သွားသည်။

စံအိမ်တော်ခြံဝင်းသည် လေးထောင့်ပုံစံ ဖြစ်ပြီး အပြာရောင်အမိုးများနှင့် ဖြူဖွေးသော ခြံစည်းရိုးများရှိနေသည်။

ကျောက်ခမ်းလမ်းမှ ကြည့်သော် အိမ်တော်၏ ဘေးဘက်ကိုသာမြင်ကာ အိမ်ရှေ့ မျက်နှာစာထံ ပျပျလေးမျှ မြင်နိုင်၏။

အိမ်အိမ်၏ တံခါးဝတွင် ကျောက်ခြင်္သေ့ နှစ်ကောင်ရှိနေပြီး ဘေးနှစ်ဖက်တွင် အနီရောင် မီးအိမ်များစွာ ချိတ်ဆွဲထားသည်။ ပိုင်အိမ်တော် ဟူသည့် ဆိုင်းဘုတ်မှာ ထိုမီးရောင်အောက်၌ တောက်ပထင်ရှားချေပြီ။

“ အရမ်းတိတ်ဆိတ်လွန်းတယ်။ ”

တံခါးမကြီးသည် အနည်းငယ် ပွင့်ဟနေသော်လည်း ကာကွယ်စောင့်ရှောက်သူ တစ်ဦးတစ်ယောက်မျှ မရှိချေ။

ညာလက်ဖဝါးကို ဆန့်ထုတ်ကာ ကောင်းကင်တာအိုပေါင်းစည်းခြင်း တွက်ချက်မှု စတင်လိုက်သည်။ သို့သော် အချိန်အတော်ကြာ သည့်တိုင် မည်သည့် သတင်းအချက်အလက်မျှ တွက်ထုတ်မရဖြစ်နေ၏။

လီကျန်းအကယ်ဒမီသည် လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပြီး ဤနေရာသည် ဒုတိယမြောက် လျှို့ဝှက်နယ်မြေဖြစ်နိုင်၏။

ဆိုလိုသည်မှာ ဤနေရာရှိ ကောင်းကင်ကြီးသည် အတုဖြစ်ကာ လမင်းကြီး သည်လည်း အတုဖြစ်ချေမည်။ ထို့ကြောင့် တွက်ချက်ခြင်းမှာ အသုံးမဝင်နိုင်။

ချက်ချင်း ဂဏန်းသင်္ချာတွက်ချက်ခြင်းသို့ ပြောင်းလဲလိုက်သည်။ ဂဏန်းသင်္ချာတွက်ခြင်း နည်းစနစ်သည် မိမိကိုယ်ကိုဗဟိုပြုကာ တွက်ချက်ခြင်းဖြစ်၏။

ထို့ကြောင့် တွက်ချက်နိုင်သော ဧရိယာနယ်ပယ်နှင့် သတင်းအချက်အလက်မှာ ကန့်သတ်ချက်ရှိသည်။

“ အန္တရာယ်ရှိနေတာလား။ ”

အချိန်အနည်းငယ်မျှ တွက်ချက်ကြည့် ပြီးနောက် အံ့အားသင့်စွာဖြင့် ပိုင်အိမ်တော်ထံ မော့ကြည့်လိုက်သည်။

ဤရွာအတွင်းသို့ ဝင်ရောက်ချိန်မှစကာ အရာအားလုံးထူးဆန်းနေသော်လည်း အန္တရာယ် အချက်ပေးမှု လုံးဝမရှိချေ။

အဆုံးတွင် ဤသည်မှာ အကယ်ဒမီအတွက် တပည့်များအပေါ် ဒုတိယမြောက်စမ်းသပ်မှုသာ ဖြစ်လေသည်။ ယခုမူ ကွဲပြားနေ၏။

အကယ်ဒမီသည် တပည့်များကို ပြင်ပတပည့်နှင့် အတွင်းတပည့်ဟု ခွဲခြားသည်။ ထိုထဲတွင် အတွင်းတပည့်များကို အခြေခံ၊ အလယ်နှင့် အဆင့်မြင့်ဟူ၍ ထပ်မံခွဲခြား၏။

နှင်းပန်းဓားကျောင်းနှင့် နှိုင်းယှဉ်ပါက အခြေခံ၊ အလယ်နှင့် အဆင့်မြင့်သည် အမည်ခံ အတွင်းတပည့်၊ စစ်မှန်သော အတွင်းတပည့်နှင့် အမာခံတပည့်အဖြစ် မှတ်ယူနိုင်သည်။

ဒုတိယမြောက် စမ်းသပ်ချက်သည် အမည်ခံအတွင်းတပည့်အဆင့် စမ်းသပ်ချက် ဖြစ်ချေ၏။ ထို့ကြောင့် အန္တရာယ်ရှိသော်မှ စိုးရိမ်ခြင်းမရှိချေ။ ခရမ်းရောင်နေမင်း နယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက် ဖြေရှင်းနိုင်သင့်၏။

သို့သော် ယခုမူ တွက်ချက်မှုအဖြေအရ အန္တရာယ်ရှိနေကြောင်း ထင်ရှားစွာပြသနေ၏။ ယင်းသည် သူ့မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်သွားချေပြီ။

အတွေးဖြင့် ပွင့်ဟနေသော ခြံဝန်းတံခါးမှတဆင့် အတွင်းသို့လှမ်းကြည့် လိုက်သည်။

ပိုင်အိမ်တော်အတွင်း နီရဲနေသော မီးအိမ်များနှင့် အနီရောင်ဖဲကြိုးများ နေရာအနှံ့ ချိန်ဆွဲထားချေပြီ။ ညအမှောင်၌ သွေးမျက်ရည် ကျဆင်းနေသည့်အလား ခံစားရစေသည်။

ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်း ပြန်လှည့်ထွက်လာ၏။ သူ့အတွက်အန္တရာယ်ကို ခံယူရန် မလိုအပ်ချေ။ သက်တမ်းသည် အခြားသူများထက် နှစ်ဆရှိ၏။

“ ဟမ့် ... ပြန်ရောက်လာတာလား။ ”

သို့သော် ခဏအကြာတွင် ဤနေရာသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။

အဆုံး၌ ခေါင်းမော့လျက် သက်ပြင်းအသာချကာ ပိုင်အိမ်တော်အတွင်းသို့ လှမ်းဝင်လိုက်ရတော့၏။

ကြည့်ရသည်မှာ ဤနေရာရှိ စမ်းသပ်ချက်ကိုမကျော်ဖြတ်နိုင်ပါက အပြင်သို့ ပေးထွက်ဦးမည် မဟုတ်ချေ။

ပိုင်အိမ်တော်အတွင်း ကူချန်တစ်ယောက် လျှောက်လှမ်းလာခဲ့သည်။ လမ်းတလျှောက်၌ လူသူအရိပ်အယောင်မျှ မမြင်တွေ့ရချေ။

“ ဘယ်သူမှ မရှိဘူးလား။ ”

အိမ်တော်တစ်ခုလုံး ဗလာကျင်းနေပြီး လမ်းဘေးဝဲယာတွင် အနီရောင်မီးပုံးများကိုသာ ချိတ်ဆွဲထားသည်။ အစေခံများ၊ ဧည့်သည်နှင့် အိမ်ရှင်သည်ပင် မရှိချေ။

“ ဒါက အရမ်းတိတ်ဆိတ်လွန်းတယ်။ ”

ထို့ကြောင့် ခဏရပ်ကာ စဉ်းစားလိုက်၏။ အဆုံးတွင် ပိုင်အိမ်တော်၏ နောက်ဖေးဘက်သို့ အကြည့်များရောက်ရှိသွားပြီး ဆက်လျှောက် လာခဲ့သည်။

အနီရောင်ဖဲကြိုးများနှင့် မီးပုံးများသည် ထိုအရပ်သို့ညွှန်ပြနေ၏။ အကယ်၍ဤအိမ်တွင် ဖြေရှင်းစရာ ပြသနာတစ်စုံတစ်ရာရှိနေပါက ထိုအရပ်တွင် ဖြစ်ပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ယနေ့အတွက် အဓိကဇာတ်ကောင်သည် မင်္ဂလာပွဲဖြစ်ချေ၏။ သတို့သမီးအခန်းမှာ ရှာဖွေရန်မခက်ချေ။ နီရဲနေသောမီးအိမ်များသည် သူမ၏အခန်းဆီသို့ ညွှန်ပြထား၏။

သည့်ပြင် သတို့သမီးအခန်း ပြတင်းပေါက်စက္ကူတွင် ကြီးမားသော မင်္ဂလာ စာလုံးများကိုကပ်ထား၏။

ထို့နောက် ဖြူဖွေးနေသော အခန်းတံခါးဝရှေ့တွင် တခဏမျှရပ်လိုက်ကာ အသက်ပြင်းပြင်းရှူလျက်၊

“ သတို့သားက ဘယ်လိုပုံစံ ရှိမလဲဆိုတာ ကြည့်ရအောင်။ ”

-ဟု ရေရွတ်ပြီး တံခါးရွက်များကို တွန်းဖွင့်လိုက်သည်။

အခန်းအတွင်း ကြီးမားလှသော မင်္ဂလာစာလုံးများရေးထိုးသည့် စက္ကူမီးပုံးများ အရှိန်အဟုန်ဖြင့် တောက်လောင်နေ၏။

ထိုမီးရောင်အောက်တွင် အနီရောင် ပုတီးစေ့လိုက်ကာများနှင့် လိုက်ကာနောက်ရှိ ကုတင်တစ်လုံးကို မြင်နေရသည်။

ကုတင်ပေါ်တွင် နီနီရဲရဲဖြင့် ငြိမ်သက်စွာ ထိုင်နေသောလူရပ်တစ်ရိပ်ရှိနေ၏။ ဤသည်မှာ ယနေ့အတွက် ဇာတ်ကောင်ဖြစ်သော သတို့သမီးပေပင်။

ရုတ်တရက် တံခါးပွင့်သံကြောင့် ထိုလူရိပ်သည် အသက်ဝင်လာသည့်အလား ဆတ်ခနဲတုန်ရင်သွားခဲ့သည်ကို သတိထားမိ၏။ သို့သော် ချက်ချင်းပင်လူရိပ်သည်ရှက်ရွံ့ဟန်ဖြင့် နှုတ်ဆက်လာတော့သည်။

“ ငါ့ခင်ပွန်း ... နောက်ဆုံးတော့ မင်းရောက်လာပြီ။ ”

***

All Chapters