အခန်း (၁၃၉-၁၄၀)
Vol. 13 Ch. 139-140
အပိုင်း (၁၃၉)
အခြေအနေများက ရုတ်တရက် ရှုပ်ထွေးသွားခဲ့၏။ သို့ပေမည့် သေချာသည်မှာ စစ်ပွဲကြီးက အမှန်တကယ် ဖြစ်ပေါ်လာတောမှာ ဖြစ်၏။
ပိုင်ရှင်မဲ့ နယ်မြေ၏ အချက်အချာကျသော နေရာတွင် ရှိနေသော လေခွင်းမြို့သည် မကြာမီ လေဆင်နှာမောင်း၏ ဗဟိုချက် ဖြစ်လာတော့မည်။ ရှေ့ဆက်ရမည့် အခြေအနေများမှာ ပိုမို ရှုပ်ထွေးဆန်းကြယ်လာကာ ပိုမို အန္တရာယ် များလာတော့မှာ ဖြစ်သည်။
ထန်ထိုင်ဖန်က အေးစက်စွာ ပြုံးလိုက်၏။ “အခု သက်သေ အခိုင်အလုံ ရှိနေပြီ။ ယွင်ကျုံးဟဲ့ ခင်ဗျား ဘာပြောစရာ ရှိသေးလဲ။ လက်နက်ချ အဖမ်းမခံသေးဘူးလား။”
လေခွင်းချိုင့်ဝှမ်းမှ အရာရှိများ အားလုံး တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြ၏။ မည်သူမှ ရှေ့တိုး၍ မတားဆီးရဲကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင်လည်း ဤအရာက လုံးဝ သေချာနေပြီ ဖြစ်သောကြောင့်ပင်။
ယွင်အောက်ထျန်းသည် လောက်ချန်းသာ ဖြစ်သည်။ လောင်းကစားရုံတွင် လောင်းကစားဘုရင် ယွင်ဝမ်ရွှယ်ကို အနိုင်ယူနိုင်သူမှာ လောက်ချန်း မဟုတ်လျှင် မည်သူ ဖြစ်နိုင်ဦးမည်နည်း။
ယွင်ကျုံးဟဲ့၏ ငွေတစ်သန်းကျော်မှာလည်း တောင်ပိုင်းကျိုးအင်ပါယာမှ ရလာခဲ့ခြင်း ဖြစ်သောကြောင့် အလွန် ဆန်းကြယ်လှ၏။
ခိုင်လုံသော သက်သေများ ထင်ရှားသော လက္ခဏာများ အားလုံးက အချက်တစ်ချက်ကို အပြည့်အဝ သက်သေပြနေပြီ ဖြစ်သည်။ ယွင်ကျုံးဟဲ့သည် တောင်ပိုင်းကျိုးအင်ပါယာမှ လေခွင်းမြို့တွင် ထားရှိသော အမြင့်ဆုံး သူလျှို လောက်ချန်း ဖြစ်သည်။
တကယ့်ကို ထူးဆန်းလွန်းလှသည်။ ယွင်ကျုံးဟဲ့သည် လောက်ချန်းကို ရှာဖွေရန် နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း ယခုကဲ့သို့ ယုတ္တိမတန်သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြပေ။
ထန်ထိုင်ဖန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “မြို့စား ကျင်းကျုံးယွဲ့ ကျုပ်တို့ ပိုင်ရှင်မဲ့ နယ်မြေရဲ့ သံမဏိစည်းမျဉ်းက ရှင်းရှင်းလင်းလင်း ရှိပါတယ်။ အင်ပါယာကြီး နှစ်ခုနဲ့ ပူးပေါင်းကြံစည်ရင် သေဒဏ်ပဲ။ အင်ပါယာကြီး နှစ်ခုရဲ့ သူလျှိုတွေ ပိုင်ရှင်မဲ့ နယ်မြေမှာ အဖမ်းခံရရင် သေဒဏ်ပဲ။ သူ့ရာထူး ဘယ်လောက် ကြီးကြီး ဘယ်လောက်ပဲ အကျိုးပြုခဲ့ပါစေ သေချာပေါက် သေရမယ်။
ယွင်ကျုံးဟဲ့က ခင်ဗျားနဲ့ မင်္ဂလာဆောင်ခဲ့တယ် ဆိုပေမဲ့ သူက နာမည်ခံ ခင်ဗျားရဲ့ ခင်ပွန်း ဆိုတာ ကျုပ်တို့ အားလုံး သိကြပါတယ်။ ခင်ဗျားရဲ့ ဒိုင်းကာ သက်သက်ပါပဲ။ ခင်ဗျားနဲ့ သူ တကယ် ဘာမှ မဖြစ်ခဲ့ကြသလို အစစ်အမှန် သံယောဇဉ် ဆိုတာလည်း ရှိမှာ မဟုတ်ဘူး။”
ကျင်းကျုံးယွဲ့၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ တကယ် ဘာမှ မဖြစ်ခဲ့ဘူး ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ သူတို့ ဘာလုပ်ခဲ့သနည်းဟုသာ မေးသင့်ပေသည်။
ထန်ထိုင်ဖန်က ဆက်ပြောလိုက်၏။ “ဒါ့ကြောင့် ယွင်ကျုံးဟဲ့ကို အပ်လိုက်ဖို့ဆိုတာ ခင်ဗျားအတွက် သံယောဇဉ် ဖြတ်ရတာမျိုးတောင် မဟုတ်လောက်ဘူး။”
ယခုအချိန်၌ ထန်ထိုင်မိသားစုက မနေ့ညက အဘယ်ကြောင့် မလှုပ်ရှားခဲ့သနည်း ဆိုသည်ကို ယွင်ကျုံးဟဲ့ နားလည်သွားပြီ ဖြစ်၏။ အကယ်၍ မနေ့ညကသာ လှုပ်ရှားခဲ့လျှင် မင်္ဂလာပွဲ ပျက်စီးသွားပေမည်။ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ ချောမွေ့စွာ လက်ထပ်ပြီး လင်မယားအဖြစ် အမည်ခံလိုက်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
မည်သို့ပဲ ဖြစ်စေ ထန်ထိုင်မိသားစု အမြင်တွင် ကျင်းကျုံးယွဲ့ အနေဖြင့် ဆင်းရဲနွမ်းပါးသော မျိုးရိုးမှ ဆင်းသက် လာသည့် ယွင်ကျုံးဟဲ့ကို အမှန်တကယ် သဘောကျမှာ မဟုတ်သောကြောင့် ဇနီးမောင်နှံ အစစ်အမှန် ဖြစ်လာမည် မဟုတ်ကြောင်း ယုံကြည်ထားကြ၏။
ယနေ့ ယွင်ကျုံးဟဲ့ကို ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်လိုက်လျှင် ကျင်းကျုံးယွဲ့သည် ချက်ချင်း မုဆိုးမ ဖြစ်သွားပေမည်။
မုဆိုးမ ဖြစ်သွားသည်နှင့် တန်ဖိုး မရှိတော့ဘဲ ထိုလောက်အထိ မာနကြီးနိုင်တော့မည် မဟုတ်ပေ။ ထိုအခါ ထန်ထိုင်ကျင့်၏ တရားမဝင် ဇနီး ဖြစ်လာရန် စိတ်ပိုင်းဆိုင်ရာ အတားအဆီး မရှိတော့မည် မဟုတ်လား။ တကယ့်ကို ယုတ်မာလွန်းသော အကြံအစည်သာ ဖြစ်တော့၏။
ထန်ထိုင်ဖန်က ဆက်ပြောလိုက်သည်။ “မြို့စား ကျင်းကျုံးယွဲ့... ခင်ဗျားရဲ့ ဖခင် မြို့စား ကျင်းအဲ့က ခွန်အားဗလ ပြည့်ဝနေချိန်မှာ ရုတ်တရက် လေဖြတ်သွားခဲ့တာ သေချာပေါက် လုပ်ကြံခံရတာပဲ။ တောင်ပိုင်းကျိုးအင်ပါယာ မဟုတ်ရင် တာယင်အင်ပါယာပဲ။
ဒါကြောင့် ဒီအင်ပါယာကြီး နှစ်ခုကို ခင်ဗျား အရိုးထဲထိ မုန်းတီးနေမှာပဲ။ လုံးဝကို သမုဒ္ဒရာလို နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ရှိနေမှာပေါ့။ ယွင်ကျုံးဟဲ့က တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှို လောက်ချန်း အဖြစ်နဲ့ ခင်ဗျား အနားမှာ ပုန်းအောင်းနေခဲ့တာ ငွေနဲ့ အလှအပကို လိမ်ညာဖို့တင် မဟုတ်ဘူး ကျင်းမိသားစုရဲ့ နှစ်တစ်ရာ သက်တမ်းရှိတဲ့ အခြေခံအုတ်မြစ်ကြီးကို အမြစ်ဖြတ်ပစ်ဖို့ပဲ။
ကျုပ်တို့က ယွင်ကျုံးဟဲ့ကို ဖမ်းဆီးပြီး သတ်ဖြတ်တာက ခင်ဗျားအတွက် အိမ်တွင်းရေး ရှင်းလင်းပေးတာပဲ။ ခင်ဗျားရဲ့ အခြေခံအုတ်မြစ်အတွက် စဉ်းစားပေးတာလည်း ဖြစ်တယ်။”
ကျင်းကျုံးယွဲ့၏ မျက်နှာသည် ရေခဲတမျှ အေးစက်နေပြီး စကားတစ်ခွန်းမှ မဆိုပေ။
ထန်ထိုင်ဖန်က အေးစက်စွာ ပြုံးကာ မေးလိုက်၏။ “ယွင်ကျုံးဟဲ့ ခင်ဗျား ကိုယ့်သဘောနဲ့ကိုယ် လိုက်ခဲ့မလား။ ဒါမှမဟုတ် ကျုပ်တို့ အတင်းအဓမ္မ ဖမ်းရမလား။ အဲဒီလိုဆိုရင်တော့ အမြင်မတော် ဖြစ်သွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့ စကားတစ်ခွန်းမှ မဆိုဘဲ ကျင်းကျုံးယွဲ့ကိုသာ စိုက်ကြည့်နေသည်။
ထန်ထိုင်ဖန်က ကျင်းကျုံးယွဲ့ကို ကြည့်ကာ ပြောလိုက်၏။ “သေချာတာပေါ့။ မြို့စား ကျင်းကျုံးယွဲ့ မျက်နှာကို ထောက်ထားတဲ့ အနေနဲ့ ခင်ဗျားကို အခွင့်အရေး ပေးပါ့မယ်။ ခင်ဗျား ကိုယ်တိုင် အိမ်တွင်းရေး ရှင်းလင်းပေးလိုက်ရင်ရော။ ယွင်ကျုံးဟဲ့ကို ဒီနေရာမှာတင် သတ်လိုက်ရင် ကျုပ်တို့ ဘာမှ ထပ်မပြောဘဲ ချက်ချင်း ထွက်သွားပေးမယ်။
ဒါတင် မကသေးဘူး။ ဒီကိစ္စကို လုံးဝ လျှို့ဝှက်ပေးထားမယ်။ ခင်ဗျားက လိမ်ညာခံရပြီး တောင်ပိုင်းကျိုး အင်ပါယာရဲ့ သူလျှိုကို လက်ထပ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပြဘူး။ ဒီလိုဆိုရင် ခင်ဗျားရဲ့ ဂုဏ်သတင်းနဲ့ အခြေခံအုတ်မြစ်အတွက်လည်း ကောင်းတယ်။ ယွင်ကျုံးဟဲ့ကိုတော့ ရုတ်တရက် သေဆုံးသွားတယ်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့။”
ကျင်းကျုံးယွဲ့က ယခုတိုင် စကားတစ်ခွန်းမှ မဆိုသေးပေ။
ထန်ထိုင်ဖန်က သတိပေးလိုက်၏။ “မြို့စား ကျင်းကျုံးယွဲ့… ခင်ဗျား ကိုယ်တိုင် ယွင်ကျုံးဟဲ့ကို မသတ်ဘူးဆိုရင် ကျုပ်တို့က သူ့ကို ခေါ်သွားတော့မယ်။ အဲဒီအချိန်ကျရင် အခြေအနေတွေကို ထိန်းချုပ်ရ ခက်သွားလိမ့်မယ်။”
ကျင်းကျုံးယွဲ့ လုံးဝ မလှုပ်ရှားပေ။ သူမ၏ ခန္ဓာကိုယ်သည် အလွန် လှပသော ရုပ်တုတစ်ခုအလား ရပ်တန့်နေ၏။
ထန်ထိုင်ဖန်က ခေါင်းညိတ်ပြသည်။ “မြို့စား ကျင်းကျုံးယွဲ့က မသတ်ချင်ဘူး ဆိုတော့လည်း ကျုပ်တို့ပဲ သတ်ရတော့မှာပေါ့။ ဒီလိုဆိုရင်တော့ ခင်ဗျားရဲ့ ဂုဏ်သတင်းအတွက် နည်းနည်း ထိခိုက်သွားနိုင်တယ်။”
ပြောပြောဆိုဆိုဖြင့် ထန်ထိုင်ဖန်က သံကြိုးလက်ထိပ်များကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးလာပြီး အော်ဟစ်လိုက်၏။ “ယွင်ကျုံးဟဲ့ကို လက်ထိပ်ခတ်ပြီး တရားဝင် ခေါ်သွားစမ်း။”
ထိုစဉ်မှာပဲ ကျင်းကျုံးယွဲ့က ဓားကို ဆွဲထုတ်လိုက်တော့သည်။
“ရွှမ်း”
ကျင်းကျုံးယွဲ့က ဓားဖြင့် တစ်ချက်တည်း ခုတ်ချလိုက်၏။
ထန်ထိုင်ဖန် ကိုင်ဆောင်ထားသော လက်ထိပ်မှာ ချက်ချင်းပဲ နှစ်ပိုင်း ပြတ်သွားတော့သည်။
“ထွက်သွား… မဟုတ်ရင် ကျွန်မဓားက ဘယ်လောက် မြန်လဲဆိုတာ စမ်းကြည့်ချင်လို့လား။ ကျွန်မရဲ့ ယောက်ျားကို ရှင်တို့ လက်ဖျားနဲ့တောင် ထိရဲရင် ရှင်တို့ အားလုံးကို အကုန် သတ်ပစ်မယ်။” ကျင်းကျုံးယွဲ့က အေးစက်သော အသံဖြင့် အော်လိုက်ပြီး သူမ၏ မျက်ဝန်းများတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။
ထန်ထိုင်ဖန်က အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။ “မြို့စားကျင်းကျုံးယွဲ့… အကျိုးဆက်ကို ခင်ဗျား သိသင့်တယ်။”
“အကျိုးဆက်… ဘာအကျိုးဆက်လဲ။” ကျင်းကျုံးယွဲ့က မေးလိုက်၏။
“ယွင်ကျုံးဟဲ့က ရန်သူ့နိုင်ငံက သူလျှိုပဲ။ တကယ်ဆို နေရာတင် သတ်ပစ်ရမှာ။ ခင်ဗျားက သူ့ကို ကာကွယ်ပေးနေတယ်ဆိုတော့ လေခွင်းချိုင့်ဝှမ်းက ပိုင်ရှင်မဲ့ နယ်မြေရဲ့ ဘုံရန်သူ ဖြစ်သွားလိမ့်မယ်။”
ထန်ထိုင်ဖန်က အေးစက်စွာ ပြုံးလျက် ဆက်ပြော၏။ “အဲဒီအချိန်ကျရင် ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေ အားလုံး စုပေါင်းပြီး လာတိုက်ကြလိမ့်မယ်။ ခင်ဗျားရဲ့ လေခွင်းချိုင့်ဝှမ်း အမှုန့်ဖြစ်သွားပြီး ကျင်းမိသားစုရဲ့ နှစ်တစ်ရာ သမိုင်းကြောင်းလည်း တစ်စစီ ဖြစ်သွားလိမ့်မယ်။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ယွင်ကျုံးဟဲ့… ရှင်က တောင်ပိုင်းကျိုး အင်ပါယာရဲ့ သူလျှိုလားဆိုတာ ဒီမှာရှိတဲ့ လူတိုင်းကို ပြောပြလိုက်ပါ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကျုပ် မဟုတ်ဘူး။”
“ဟား ဟား ဟား ဟား…” ထန်ထိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ယွင်ကျုံးဟဲ့… ကျုပ်ဆီမှာ ခိုင်လုံတဲ့ သက်သေတွေ အကုန်ရှိတယ်။ ခင်ဗျားက မဟုတ်ဘူး ပြောရုံနဲ့ ပြီးသွားပြီလား။”
ထန်ထိုင်ဖန်က မျက်လုံးကို ကျဉ်းကာ ဆက်ပြော၏။ “ခင်ဗျားက တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှို မဟုတ်ဘူးဆိုရင် သက်သေပြလေ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပိုင်ယင်ဆားကွင်း လူသတ်ပွဲကြီးတုန်းကလိုပဲပေါ့။ ထန်ထိုင်မိသားစုရဲ့ ခွင့်ပြုချက်နဲ့ မော့ချိုက အဆိပ်ခတ်ထားတဲ့ ဆားတွေကို စီစဉ်ပြီး လူရာဂဏန်းလောက်ကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ လူရာဂဏန်းလောက်ကို ခေါ်ပြီး ပိုင်ယင်ဆားကွင်းကို စစ်ဆေးဖို့ သွားခဲ့တယ်။ အဲဒီအချိန်မှာ ဆားတွင်း ပြိုကျပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်။
ပြီးတော့ ဒီလောက်ကြီးမားတဲ့ အပြစ်ကြီးကို ကျုပ်တို့ ကျင်းမိသားစုအပေါ် ပုံချခဲ့တယ်။ အဲဒီတုန်းက ခင်ဗျားတို့ရဲ့ မေးခွန်းကလည်း အတူတူပဲ။ ဒီကိစ္စကို ကျင်းမိသားစုက မလုပ်ခဲ့ဘူးဆိုတာ သက်သေပြပါတဲ့။”
ထိုစကားကြောင့် လေခွင်းချိုင့်ဝှမ်းမှ အရာရှိများ အားလုံး စဉ်းစားခန်း ဝင်သွားကြ၏။
‘တခြားသူက ကိုယ့်ကို လုပ်ကြံစွပ်စွဲတဲ့အခါ ကိုယ်မဟုတ်ကြောင်း သက်သေပြဖို့ အသည်းအသန် ကြိုးစားနေရမယ်လား။ အဲဒီလိုဆိုရင် ရန်သူရဲ့ ကျော့ကွင်းထဲကို လုံးဝ ကျရောက်သွားတာနဲ့ အတူတူ မဟုတ်ဘူးလား။’
တစ်ခါတစ်ရံတွင် အမှန်တရား ဆိုသည်မှာ လုံးဝ အသုံးမဝင်ချေ။ ဥပမာအားဖြင့် ပိုင်ယင်ဆားကွင်း လူသတ်ပွဲကြီး၏ အမှန်တရားဆိုလျှင် လုံးဝ အသုံးမဝင်ခဲ့ပေ။ ၎င်းမှာ ရန်သူများက သူတို့၏ လျှို့ဝှက် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် အသုံးပြုသော နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။
ထို့အပြင် ကိစ္စရပ်တစ်ခုက အခြေအနေ တစ်ခုသို့ ရောက်ရှိသွားချိန်မှာတော့ အမှန်တရားက သူ့အလိုလို ပေါ်ထွက်လာပေလိမ့်မည်။
ဥပမာအားဖြင့် ယခုအချိန်တွင် ပိုင်ယင်ဆားကွင်း လူသတ်ပွဲကြီးကို မော့မိသားစုက ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက သိရှိသွားကြပြီ ဖြစ်သော်လည်း ထိုသို့ သိရှိရခြင်းက မည်သည့်အဓိပ္ပာယ် ရှိတော့မည်နည်း။
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ကျုပ်ကို တောင်ပိုင်းကျိုးအင်ပါယာက သူလျှို လောက်ချန်းအဖြစ် စွပ်စွဲဖို့ ထန်ထိုင်မိသားစုက တော်တော်လေး အားထုတ်ခဲ့ရတာပဲ။ ယန်ဖြန်ရှန်က လောက်ချန်းနဲ့ ဆက်သွယ်ဖို့အတွက် အမိန့်တော်စာရဲ့ သစ်သားရိုးတံထဲမှာ လျှို့ဝှက်သင်္ကေတတွေ ထည့်ထားခဲ့တယ်ဆိုတဲ့ကိစ္စကို ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလောက် တိတိကျကျ သိနေရတာလဲ။ တောင်ပိုင်းကျိုးအင်ပါယာက မိန်းမစိုးက ဝန်ခံလိုက်လို့လား။”
ထန်ထိုင်ဖန်က ပြန်ပြောသည်။ “ဟုတ်တော့ကော ဘာဖြစ်လဲ။”
ယွင်ကျုံးဟဲ့က အေးစက်စွာ ပြုံးလိုက်၏။ “ယန်ဖြန်ရှန် ဆိုတာ ဘယ်သူလဲ။ ပိုင်ရှင်မဲ့ နယ်မြေမှာ ရှိတဲ့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ထောက်လှမ်းရေး ဘုရင်ကြီးလေ။ သူက လောက်ချန်းနဲ့ ဆက်သွယ်ရင် တိုက်ရိုက် ဆက်သွယ်မှာပေါ့။ နန်းတော်က မိန်းမစိုး တစ်ယောက်ကတစ်ဆင့် ဘယ်လိုလုပ် ဆက်သွယ်မှာလဲ။
ပြီးတော့ လျှို့ဝှက်ကုဒ်တွေ မသုံးဘဲ သာမန်စာသားတွေနဲ့ ဆက်သွယ်တယ်တဲ့လား။ လျှို့ဝှက်ကုဒ်တွေ သုံးလိုက်ရင် ဖွင့်ချတဲ့အခါ သက်ရောက်မှု မကြီးမားမှာ၊ လူတွေကို မအံ့ဩစေမှာ စိုးလို့လား။”
ထန်ထိုင်ဖန်က တောင်းဆိုလိုက်သည်။ “သက်သေပြ… ခင်ဗျားက တောင်ပိုင်းကျိုးအင်ပါယာက သူလျှို လောက်ချန်း မဟုတ်ဘူးဆိုတာ သက်သေပြစမ်း။”
ယွင်ကျုံးဟဲ့က အေးစက်စွာ ပြုံးလျက် ပြောလိုက်၏။ “ခင်ဗျားက ထန်ထိုင်မြဲ့မင်ရဲ့ မယားငယ်နဲ့ ဖောက်ပြန်မနေဘူးဆိုတာ သက်သေပြစမ်း။”
“ရိုင်းစိုင်းလိုက်တာ။ သေချင်နေတာလား။” ထန်ထိုင်ဖန် အလွန် ဒေါသထွက်သွားပြီး ဓားကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ကို ခုတ်ပိုင်းရန် ပြင်လိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်ကို တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှို လောက်ချန်းလားလို့ မေးရင် ကျုပ်က မဟုတ်ဘူးလို့ပဲ သေချာပေါက် ဖြေမှာပဲ။ ဒါပေမဲ့ ခင်ဗျားက အတင်းအဓမ္မ စွပ်စွဲပြီး ကျုပ်ကို ခုတ်သတ်ချင်တယ်၊ ဖမ်းချင်တယ်ဆိုရင်တော့ ကျုပ်မိန်းမရဲ့ သဘောဆန္ဒကိုပဲ မေးကြည့်လိုက်တော့။”
ကျင်းကျုံးယွဲ့က ပြတ်သားစွာ ပြောလိုက်၏။ “ထန်ထိုင်ဖန်… ထွက်သွားစမ်း။”
ထန်ထိုင်ဖန်က အေးစက်စွာ ပြောလိုက်သည်။ “မြို့စားကျင်းကျုံးယွဲ့… ကျုပ် ဒီမြို့စားအိမ်တော်ကနေ ထွက်သွားရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခင်ဗျား သိရဲ့လား။”
ကျင်းကျုံးယွဲ့က ပြန်ဖြေ၏။ “ကျွန်မ ပြောပြီးသားပဲ။ အဆိုးဆုံး ဖြစ်လာရင်တောင် ကျွန်မက လူတွေ အကုန်လုံးကို ခေါ်ပြီး ဓားပြ သွားလုပ်မယ်လို့။”
ထန်ထိုင်ဖန်က ဆက်ပြောသည်။ “ခင်ဗျားက ရန်သူ့နိုင်ငံက သူလျှိုကို ကာကွယ်ပေးတာ ရန်သူ့နိုင်ငံနဲ့ ပူးပေါင်းတာပဲ။ ခင်ဗျားက ပိုင်ရှင်မဲ့ နယ်မြေရဲ့ ဘုံရန်သူ ဖြစ်သွားပြီ။ ခဏနေရင် ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေ အားလုံး စုပေါင်းပြီး ခင်ဗျားကို လာတိုက်ကြလိမ့်မယ်။ ခင်ဗျားရဲ့ လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစု လုံးဝ ပျက်စီးသွားပြီပဲ။”
ကျင်းကျုံးယွဲ့၏ လှပသော မျက်နှာလေး အနည်းငယ် တုန်ယင်သွားကာ ပြောလိုက်၏။ “တကယ်လို့ ကျွန်မက ကျွန်မယောက်ျားကို ထုတ်ပေးလိုက်မယ်ဆိုရင် ကျွန်မတို့ ကျင်းမိသားစု တကယ်ပဲ လုံးဝ ပျက်စီးသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။”
ထန်ထိုင်ဖန်က အေးစက်စွာ ပြုံးလိုက်သည်။ “ဒါဆိုရင်လည်း သွားခွင့်ပြုပါအုံး။ ခင်ဗျား နောင်တမရဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ နောင်တရရင်လည်း အသုံးမဝင်တော့ပါဘူး။”
ထို့နောက် ထန်ထိုင်ဖန်က သိုင်းပညာရှင် တစ်ဒါဇင်ကျော်ကို ခေါ်ဆောင်ကာ ချက်ချင်း ထွက်ခွာသွားတော့၏။
မကြာမီမှာပဲ မြို့စားအိမ်တော် အပြင်ဘက်ရှိ ထန်ထိုင်မိသားစု၏ သိုင်းပညာရှင် တစ်ထောင်ကျော်လည်း အလုံးအရင်းဖြင့် ထွက်ခွာသွားကြသည်။
..............
အပိုင်း (၁၄၀)
ထန်ထိုင်ဖန်က အိမ်တစ်အိမ်အတွင်းသို့ ရောက်ရှိသွားပြီးနောက် ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ထုတ်ပေးဖို့ ငြင်းဆန်လိုက်ပါတယ်။”
ထန်ထိုင်ကျင့်၏ မျက်ဝန်းများတွင် လူသတ်ချင်စိတ်များ ဖြတ်ပြေးသွားသည်။
“ကျုပ်က သူ့ကို အသက်ရှင်ခွင့် ပေးချင်သေးတာ။ အခုတော့ သူ ကိုယ်တိုင် အဲဒီအခွင့်အရေးကို ဖျက်ဆီးပစ်လိုက်ပြီပဲ။” ထန်ထိုင်ကျင့်က အေးစက်စွာ ပြောလိုက်၏။
ဘေးရှိ ထန်ထိုင်မိသားစု၏ စာရေးတော်ကြီးက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့လို နောက်ခံသမိုင်းကြောင်း ရှုပ်ထွေးတဲ့သူ ရှိနေတာ တကယ်ကို ကျေးဇူးတင်စရာပဲ။ ပြီးတော့ သူက လောင်းကစားဝိုင်းမှာ လောင်းကစားဘုရင် ယွင်ဝမ်ရွှယ်ကိုတောင် နိုင်ခဲ့သေးတယ်။
လောက်ချန်း (ခေါင်းပုံဖြတ်သူ/သူလျှို) ဆိုတဲ့ နာမည်နဲ့ ဘယ်လောက်တောင် လိုက်ဖက်လိုက်သလဲ။ ဒါကြောင့် သူ့ကို စွပ်စွဲပြီး လေခွင်းမြို့လို အချက်အချာကျတဲ့ နေရာကို သိမ်းပိုက်ဖို့ အခွင့်အရေး ရသွားတာပေါ့။”
ထန်ထိုင်ကျင့်က ပြတင်းပေါက်တွင် ရပ်ကာ မလှမ်းမကမ်းရှိ မြို့စားအိမ်တော်ကို ငေးကြည့်နေ၏။ သူက လက်ကို ဆန့်ထုတ်ကာ အနည်းငယ် ဆုပ်ချေလိုက်ရာ မြို့စားအိမ်တော် တစ်ခုလုံးကို ချက်ချင်း အမှုန့်ဖြစ်သွားအောင် လုပ်ပစ်ချင်နေသည့်အလားပင်။
“သာမန်လူ တစ်ယောက်က အဖိုးတန် ရတနာကို ပိုင်ဆိုင်ထားရင် အဲဒါကပဲ သူ့အတွက် အပြစ်တစ်ခု ဖြစ်လာတာပဲ။” သူက ဖြည်းညင်းစွာ ပြောလိုက်၏။
ဤစကား၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှပေသည်။ ကျင်းမိသားစုမှာ အပြစ်မရှိသော်လည်း လေခွင်းမြို့၏ စစ်ရေးဗျူဟာ အချက်အချာကျမှုက အလွန် အရေးပါနေသောကြောင့် ကျင်းမိသားစုသည် အကြိမ်ကြိမ် ဒုက္ခရောက်နေရခြင်း ဖြစ်သည်။
ယခင်ကဆိုလျှင် ထန်ထိုင်မိသားစုသည် လေခွင်းမြို့ကို သိမ်းပိုက်ရန် ကြိုးစားမည် မဟုတ်ချေ။ သို့ပေမည့် ယခု အင်ပါယာကြီး နှစ်ခု၏ စစ်ပွဲကြီး ဖြစ်ပေါ်တော့မည်ဖြစ်ရာ ထန်ထိုင်မိသားစု အနေဖြင့် ဤမြို့ကို မဖြစ်မနေ သိမ်းပိုက်ရတော့မည် ဖြစ်၏။
မူလက သွေးထွက်သံယို မဖြစ်စေမည့် နည်းလမ်းကို အသုံးပြုရန် ကြိုးစားခဲ့ကြသည်။ ဥပမာအားဖြင့် ထန်ထိုင်ကျင့်က ကျင်းကျုံးယွဲ့ကို လက်ထပ်ခြင်းမျိုး ဖြစ်၏။ သို့ပေမည့် ဤလမ်းကြောင်းက ပိတ်ဆို့သွားခဲ့သည်။
နောက်ထပ် နည်းလမ်းတစ်ခုမှာ ထန်ထိုင်ဝူယန်ကို ကျင်းဝူပြန်းနှင့် လက်ထပ်စေပြီးနောက် ထန်ထိုင်မိသားစုက ကျင်းကျုံးယွဲ့ကို သတ်ပစ်ကာ ကျင်းဝူပြန်းကို ရုပ်သေးရုပ် မြို့စားအဖြစ် တင်မြှောက်၍ ထန်ထိုင်မိသားစုက ထိန်းချုပ်ရန် ဖြစ်သည်။ သို့ပေမည့် ဤအစီအစဉ်လည်း ကျရှုံးသွားခဲ့၏။
ကျင်းကျုံးယွဲ့က သစ်ရွက်ကြွေနယ်မြေကို သွားရောက် တိုက်ခိုက်ချိန်တွင် ထန်ထိုင်မိသားစုက လူသိရှင်ကြား စစ်တပ် စေလွှတ်၍ မရသောကြောင့် မော့မိသားစု၏ စစ်တပ်အတွင်းသို့ သိုင်းပညာရှင် အချို့ကို လျှို့ဝှက် ထည့်သွင်းကာ ကျင်းကျုံးယွဲ့ကို လုပ်ကြံရန် ကြိုးစားခဲ့ကြသည်။
ရလဒ်မှာ ကျင်းကျုံးယွဲ့က ထိုလုပ်ကြံသူများ ရှိနေမှန်းကိုပင် လုံးဝ မသိလိုက်ချေ။ အဘယ်ကြောင့်ဆိုသော် မတော်တဆ အကုန်လုံးကို သတ်ပစ်လိုက်မိသောကြောင့် ဖြစ်၏။ တကယ်ကို သေမင်းနတ်သမီးပင်။
ကျင်းကျုံးယွဲ့ကို လုပ်ကြံရန်ဆိုလျှင် ထန်ထိုင်ကျင့် သို့မဟုတ် ထန်ထိုင်မြဲ့မင် ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်မှသာ ဖြစ်နိုင်တော့မည် ဖြစ်၏။ သို့ပေမည့် ဤအရာကလည်း မဖြစ်နိုင်တော့ချေ။
သို့သော်ငြား ဤနေရာတွင် ယုတ္တိမတန်သော ပြဿနာတစ်ခု ရှိလာသည်။ ယွင်ကျုံးဟဲ့ကို လုပ်ကြံခဲ့သော ထိုမြားပစ်သမား ဖြစ်သည်။
ယခင် ခန့်မှန်းချက်အရ ထိုသူမှာ ထန်ထိုင်မြဲ့မင်က ယွင်ကျုံးဟဲ့ကို သတ်ရန် စေလွှတ်လိုက်သူ ဖြစ်ရမည်ဟု ထင်ခဲ့ကြ၏။ သို့သော်ငြား ယခု အချိန်မှာတော့ မဟုတ်ကြောင်း တွေ့ရ၏။
အဘယ်ကြောင့်ဆိုသော် ထန်ထိုင်မြဲ့မင်သည် ယွင်ကျုံးဟဲ့ကို သတ်ရန် ရည်ရွယ်ထားသော်လည်း ယွင်ကျုံးဟဲ့ကို ရိုးရိုးလေး သတ်ပစ်ရန် မဟုတ်ချေ။ သူ၏ ရည်မှန်းချက်က ယွင်ကျုံးဟဲ့ကို သတ်ပစ်ရုံသာမက လေခွင်းမြို့ကိုပါ သိမ်းပိုက်ရန် ဖြစ်သည်။
ထိုအချိန်က မော့ချိုနှင့် ယွင်ကျုံးဟဲ့တို့ သိုင်းပြိုင်မည် ဆိုသည့် အဆိုပြုချက်မှာ ယုတ္တိမတန်သော်လည်း သိုင်းပြိုင်ပွဲ၏ ရလဒ်ဖြင့် သစ်ရွက်ကြွေနယ်မြေ၏ ပိုင်ဆိုင်မှုကို ဆုံးဖြတ်မည်ဟု သဘောတူခဲ့ကြသည်။ လူတိုင်း၏ အမြင်တွင် ယွင်ကျုံးဟဲ့ သေချာပေါက် သေရမှာ ဖြစ်၏။
ထိုသို့ဆိုလျှင် ကျင်းမိသားစုသည် သစ်ရွက်ကြွေနယ်မြေကို အမြဲတမ်း လက်လွှတ်ရမည်ဖြစ်ပြီး ဆန်စပါး ပြတ်လပ်မှု အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မှာ ဖြစ်၏။ ထို့နောက် လေခွင်းမြို့ကြီး ပြိုကွဲသွားပေလိမ့်မည်။
ထိုအချိန်သို့ ရောက်ချိန်မှာတော့ ထန်ထိုင်မိသားစုက ဆွေမျိုးတော်စပ်သူ အနေဖြင့်လည်းကောင်း၊ နယ်စားများ မဟာမိတ်အဖွဲ့ ခေါင်းဆောင် အနေဖြင့်လည်းကောင်း ဒုက္ခသည်များကို ကယ်တင်မည်ဟူသော အကြောင်းပြချက်ဖြင့် လေခွင်းမြို့သို့ ဝင်ရောက်ကာ အုပ်ချုပ်ရန် အခွင့်အရေး ရရှိသွားမှာဖြစ်သည်။
ပိုင်ယင်ဆားကွင်း ကပ်ဘေးတည်းက စတင်၍ မော့မိသားစုက အကောင်အထည် ဖော်ခဲ့သည် ဆိုသော်လည်း နောက်ကွယ်မှ အမှန်တကယ် ကြိုးကိုင်နေသူမှာ အမြဲတမ်း ထန်ထိုင်မြဲ့မင်သာ ဖြစ်၏။
မော့မိသားစုက သစ်ရွက်ကြွေနယ်မြေကို ရရှိမည်ဖြစ်ပြီး ထန်ထိုင်မိသားစုက လေခွင်းမြို့ကို သိမ်းပိုက်မည် ဆိုသည့် ရည်မှန်းချက်က မည်သည့်အခါကမှ မပြောင်းလဲခဲ့ချေ။
ယခု ယွင်ကျုံးဟဲ့ကို တောင်ပိုင်းကျိုးအင်ပါယာ၏ သူလျှို လောက်ချန်းအဖြစ် စွပ်စွဲခြင်းမှာလည်း ထန်ထိုင်မိသားစု၏ နောက်ဆုံး အကြံအစည်ပင် ဖြစ်၏။
ထန်ထိုင်မိသားစုက အမှန်တရားကို လုံးဝ ဂရုမစိုက်ချေ။ အစမှအဆုံးတိုင်အောင် ထန်ထိုင်မြဲ့မင်က စစ်တုရင်ပွဲကြီး တစ်ပွဲကို ကစားနေခြင်း ဖြစ်သည်။
သေချာပေါက် ယွင်ကျုံးဟဲ့ကလည်း အမှန်တရားကို ဂရုမစိုက်ပေ။ အကယ်၍ သူက တောင်ပိုင်းကျိုးအင်ပါယာ၏ သူလျှို မဟုတ်ကြောင်း သက်သေပြရန် အသည်းအသန် ကြိုးစားနေမည်ဆိုပါက တကယ့်ကို ရယ်စရာ ကောင်းနေပေလိမ့်မည်။
ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ထန်ထိုင်မိသားစုကို သတ်ပစ်ကာ မိသားစု တစ်ခုလုံးကို မျိုးဖြုတ်ပစ်ရန်သာ ဖြစ်သည်။
မြို့စားအိမ်တော်အတွင်းတွင် တိမ်မဲများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေ၏။
ထိုနေရာရှိ အရာရှိ နှစ်ဆယ်ကျော်မှာ ကြီးမားသော ဘေးအန္တရာယ်ကြီး ကျရောက်လာတော့မည့်အလား အလွန် ထိတ်လန့်နေကြသည်။
သူတို့၏ ရင်ထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နှက်နေ၏။ ‘ဘာလို့ အမြဲတမ်း လေခွင်းမြို့ပဲ ဒုက္ခရောက်နေရတာလဲ။ ဘယ်တော့မှ ပြီးဆုံးမှာလဲ။’
အစပိုင်းတွင် တောဝက်နယ်မြေ၏ ပုန်ကန်မှု ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် နယ်စားများမဟာမိတ်အဖွဲ့က လေခွင်းချိုင့်ဝှမ်းနှင့် ချိုရွှေမြို့တို့၏ တိုက်ပွဲ အမှန်တရားကို စုံစမ်းစစ်ဆေးပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ပိုင်ယင်ဆားကွင်း လူသတ်ပွဲကြီး ဖြစ်ပေါ်လာကာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး အလုံးစုံ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရ၏။
နှစ်ဝက်ခန့် ကြာမြင့်ပြီးနောက် သခင်လေး ယွင်အောက်ထျန်း၏ ဉာဏ်ပညာကြီးမားသော စီမံခန့်ခွဲမှုများကြောင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ခဲ့ပြီး သစ်ရွက်ကြွေနယ်မြေနှင့် ဆန်စပါး တင်းပေါင်း တစ်သန်းကျော်ကို ပြန်လည် ရယူနိုင်ခဲ့သည်။
အောင်ပွဲ ရရှိသွားပြီဟု ထင်ရပြီး တည်ငြိမ်အေးချမ်းသော ဘဝကို ရရှိတော့မည်ဟု ထင်မှတ်ခဲ့ရသည် မဟုတ်ပါလား။ အောင်ပွဲ၏ အရသာကိုပင် မခံစားလိုက်ရသေးမီမှာပင် ပို၍ ကြီးမားသော အကျပ်အတည်းနှင့် အမှောင်ထုကြီးက ကျရောက်လာပြန်၏။
‘ကျုပ်တို့ လေခွင်းချိုင့်ဝှမ်းက တစ်ရက်လေးတောင် အေးအေးဆေးဆေး မနေရတော့ဘူးလား။ အောင်ပွဲ တစ်ခု ရလိုက်တာနဲ့ ချက်ချင်းပဲ ပိုကြီးမားတဲ့ ကပ်ဘေးကြီးက ဖိချလာတော့တာပဲလား။’
ကျင်းကျုံးယွဲ့က အေးစက်တင်းမာသည့်လေသံဖြင့် ပြောလိုက်သည်။ “ပထမအချက်… ကျွန်မက ယွင်ကျုံးဟဲ့ကို ဘယ်တော့မှ ထုတ်ပေးမှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ လုံးဝ မထုတ်ပေးနိုင်ဘူး။ သူက ကျွန်မယောက်ျား ဖြစ်ရုံတင် မကဘူး၊ ကျွန်မ ကာကွယ်ပေးထားတဲ့ ယောက်ျားလည်း ဖြစ်တယ်။
ဒုတိယအချက်… ဘေးအန္တရာယ် ကြုံလာရင် ကိုယ့်လမ်းကိုယ် သွားကြတာ သဘာဝပါပဲ။ အရာရှိမင်းတို့အနေနဲ့ ဒီအခွင့်အရေးကို ယူပြီး လေခွင်းချိုင့်ဝှမ်းကနေ ထွက်သွားချင်တယ်ဆိုရင်လည်း ကျွန်မ လုံးဝ မတားဆီးသလို အပြစ်လည်း မတင်ပါဘူး။”
ယခင် ပိုင်ယင်ဆားကွင်း ကပ်ဘေးတုန်းက လေခွင်းချိုင့်ဝှမ်း၏ အရာရှိ အများစု ထွက်ပြေးသွားခဲ့ကြ၏။ ယခု အရာရှိ နေရာများ အားလုံး ပြန်လည် ပြည့်စုံလာချိန်တွင် ပို၍ ကြီးမားသော အကျပ်အတည်းတစ်ခု ထပ်မံ ကျရောက်လာပြန်သည်။ သို့ပေမည့် ဤတစ်ကြိမ်တွင်မူ အရာရှိ အားလုံးက မလှုပ်မယှက် ရပ်နေကြ၏။
“မြို့စားမင်း… အခြေအနေက ထူးဆန်းနေတယ်။”
ရုတ်တရက် အရာရှိ တစ်ဦးက ပြောလိုက်သည်။ “တကယ်လို့ သခင်လေး ယွင်ကျုံးဟဲ့က လေခွင်းမြို့မှာ ရှိတဲ့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အမြင့်ဆုံး သူလျှိုဆိုရင် ကျုပ်တို့ နောက်ကွယ်မှာ တောင်ပိုင်းကျိုးအင်ပါယာ ရှိနေပြီပေါ့။ ထန်ထိုင်မိသားစုက ပိုင်ရှင်မဲ့ နယ်မြေရဲ့ တောင်ဘက်မှာရှိပြီး တောင်ပိုင်းကျိုးအင်ပါယာနဲ့ အရမ်း နီးကပ်တယ်။ ဒါကြောင့် သူတို့က ကျုပ်တို့ လေခွင်းမြို့ကို လာတိုက်ရဲမှာ မဟုတ်ဘူး။”
“ဟုတ်တယ်… ဟုတ်တယ်… ဟုတ်တယ်။ အခု ထန်ထိုင်မိသားစုက ကျုပ်တို့ လေခွင်းမြို့ကို လာတိုက်မယ်လို့ ခြိမ်းခြောက်နေတယ်။ တကယ်လို့ သခင်လေး ယွင်ကျုံးဟဲ့က တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှိုသာဆိုရင် တောင်ပိုင်းကျိုးအင်ပါယာက ဒီတိုင်း ရပ်ကြည့်နေပါ့မလား။”
“ဟုတ်တယ်။ သခင်လေး ယွင်ကျုံးဟဲ့က တကယ်သာ တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှိုဆိုရင် ထန်ထိုင် မိသားစုက ကျုပ်တို့ကို လုံးဝ လာရန်စရဲမှာ မဟုတ်ဘူး။”
ထို့နောက် လူငယ် အရာရှိတစ်ဦး ရှေ့ထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မြို့စားမင်း… အရင် ပိုင်ယင်ဆားကွင်း ကပ်ဘေးတုန်းက သတ္တိကြောင်တဲ့သူတွေ အကုန် ထွက်သွားကြပြီ။ တခြားသူတွေ ဘယ်လိုပဲ နေနေ၊ ကျုပ်ကတော့ လေခွင်းမြို့နဲ့အတူ အသေခံပါ့မယ်။”
ထို့နောက် ဒုတိယလူ၊ တတိယလူ၊ စတုတ္ထလူ ထွက်လာကြ၏။ နောက်ဆုံးတွင် အရာရှိ အားလုံး ရှေ့ထွက်လာကြပြီး ဦးညွှတ်လျက် ပြောလိုက်ကြသည်။ “ကျုပ်တို့ လေခွင်းမြို့နဲ့အတူ အသေခံပါ့မယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “အားလုံးပဲ… ဒီတစ်ကြိမ်က ပိုင်ယင်ဆားကွင်း ကပ်ဘေးလောက် ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာကို ကျွန်မ ပြောပြရလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ဟုတ်တယ်။ ပိုင်ယင်ဆားကွင်း ကပ်ဘေးတုန်းက ရန်သူတွေက ကျုပ်တို့ကို ပိတ်ဆို့အရေးယူပြီး တဖြည်းဖြည်း ငတ်သေအောင် လုပ်ဖို့ပဲ ရည်ရွယ်ခဲ့တာ။ အခုတော့ ရန်သူတွေက စိတ်မရှည်တော့ဘူး။ ကျုပ်တို့ကို တိုက်ရိုက် လာသတ်တော့မှာ။
နောက်လာမယ့် အရာတွေက ပိတ်ဆို့အရေးယူမှုတွေ မဟုတ်တော့ဘူး။ စစ်တပ်ကြီး စုရုံးပြီး ကျုပ်တို့ လေခွင်းမြို့ကို လာတိုက်ပြီး အမြစ်ပြတ် ချေမှုန်းပစ်တော့မှာ၊ မိုးကြိုးပစ်ချသလို အရှိန်အဝါနဲ့ ကျုပ်တို့ကို တစ်ခါတည်း အသေသတ်တော့မှာပဲ။”
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “အရာရှိမင်းတို့ အားလုံးက ဘာကြောင့် ကျုပ်တို့ လေခွင်းမြို့က ဘယ်တော့မှ မအေးချမ်းရတာလဲလို့ အမြဲ မေးနေကြတယ် မှတ်လား။ ပိုင်ယင်ဆားကွင်း ကပ်ဘေး၊ ဆန်စပါး ပြတ်လပ်မှု အကျပ်အတည်းတွေကို ကျော်ဖြတ်ပြီး သစ်ရွက်ကြွေနယ်မြေကို ပြန်ရလာတာတောင် အောင်ပွဲရဲ့ အရသာကို မခံစားလိုက်ရဘဲ ချက်ချင်း ပိုကြီးမားတဲ့ အကျပ်အတည်း ကျရောက်လာရတာလဲ။ ဘာလို့ အမြဲတမ်း ပြဿနာတွေ ရှိနေရတာလဲ။ ဘာကြောင့်လဲ။”
လူတိုင်းက နားစွင့်နေကြ၏။
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “အကြောင်းရင်းက အရမ်း ရိုးရှင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့က လေခွင်းမြို့ ဖြစ်နေလို့ပဲ။ ကျုပ်တို့က ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးရဲ့ အချက်အချာအကျဆုံး နေရာမှာ ရှိနေလို့ပဲ။ သာမန်လူ တစ်ယောက်က အဖိုးတန် ရတနာကို ပိုင်ဆိုင်ထားရင် အဲဒါကပဲ သူ့အတွက် အပြစ်တစ်ခု ဖြစ်လာတာပဲလေ။ ကျုပ်တို့ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ အားလုံးရဲ့ မြစ်ဖျားခံရာက ထန်ထိုင်မိသားစုပဲ။”
……………..
စာကြည့်ခန်းအတွင်းတွင် ခန့်ညားသော မြို့စားဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင်းကျုံးယွဲ့က မြေပုံကို အချိန် ကြာမြင့်စွာ စိုက်ကြည့်နေ၏။
ယွင်ကျုံးဟဲ့က ရှေ့တိုးလာကာ သူမ၏ ခါးလေးကို ညင်သာစွာ ဖက်လိုက်သည်။
ကျင်းကျုံးယွဲ့က မှီချလာပြီး သူမ၏ ပါးပြင်လေးဖြင့် ယွင်ကျုံးဟဲ့၏ ပါးကို ပွတ်သပ်လိုက်၏။
ယွင်ကျုံးဟဲ့က ငါ့ကို မထုတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဟု မပြောခဲ့သလို၊ ကျင်းကျုံးယွဲ့ကလည်း ရှင့်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ မပြောခဲ့ချေ။
အရာအားလုံးက စကားဖြင့် ပြောပြရန် မလိုဘဲ နားလည်နေကြ၏။
“ထန်ထိုင်မြဲ့မင်က စစ်တုရင်ပွဲကြီး တစ်ပွဲ ကစားနေတာ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အရင်က သူ့ကို အထင်သေးမိခဲ့တယ်။”
“အင်း” ကျင်းကျုံးယွဲ့က နှာခေါင်းသံလေးဖြင့် တုံ့ပြန်၏။
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “အစကတော့ သူက ရည်မှန်းချက် ကြီးမားရုံပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ သူက ရည်မှန်းချက် ကြီးမားရုံသာမက အခြေအနေကိုပါ သေချာ သုံးသပ်တတ်တယ်ဆိုတာ သိလာရတယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “သူက တောင်ပိုင်းကျိုးအင်ပါယာဘက်ကို ပါသွားပြီလို့ ရှင် ထင်လား။”
“မပါသေးဘူး။ ဒါပေမဲ့ ပူးပေါင်းနေပြီ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “အင်ပါယာကြီး နှစ်ခုရဲ့ စစ်ပွဲကြီးက ဖြစ်တော့မှာမို့လို့ သူက လေခွင်းမြို့ကို အလောတကြီး သိမ်းပိုက်ဖို့ ကြိုးစားနေတာ။ လေခွင်းချိုင့်ဝှမ်းရဲ့ အချက်အချာအကျဆုံး နေရာကို သိမ်းပိုက်ပြီး ဈေးကိုင်ဖို့၊ တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်ပုတ်တာကို စောင့်ကြည့်ဖို့ လုပ်နေတာပဲ။”
ထန်ထိုင်မြဲ့မင်က တကယ်ပင် စစ်တုရင်ပွဲကြီး တစ်ပွဲ ကစားနေခြင်း ဖြစ်၏။
သူက စစ်တုရင်ရုပ် တစ်ရုပ် ဖြစ်ရန် ဆန္ဒမရှိဘဲ အင်ပါယာကြီး နှစ်ခုနှင့်အတူ စစ်တုရင်ကစားသူ တစ်ဦး ဖြစ်လာရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူ၏ ရည်မှန်းချက်က တကယ်ကို ကြီးမားလွန်းလှပေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ငါတို့ နောက်ဆက်ပြီး ဘာဖြစ်လာမလဲဆိုတာ ဆက်တွေးကြည့်ရအောင်။”
“အင်း” ကျင်းကျုံးယွဲ့က တုံ့ပြန်သည်။
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “နောက်ပိုင်းမှာ ထန်ထိုင်မြဲ့မင်က တရားမျှတမှုဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေ အားလုံးကို စုစည်းကာ မဟာမိတ်တပ်ကြီး ဖွဲ့ပြီး ငါတို့ လေခွင်းမြို့ကို လာတိုက်လိမ့်မယ်။ ဒီစစ်တပ်ကြီးရဲ့ အရေအတွက်က အရမ်း များပြားလိမ့်မယ်။ ငါတို့ထက် ဆယ်ဆလောက် ပိုများလိမ့်မယ်။”
“အင်း…”
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “လေခွင်းမြို့ကို သိမ်းပိုက်ပြီးသွားရင် ထန်ထိုင်ကျင့်က စစ်သည် တစ်သိန်းကျော်ကို ဦးဆောင်ပြီး လေခွင်းမြို့ကို စောင့်ကြပ်လိမ့်မယ်။ ဒါက ပိုင်ရှင်မဲ့ နယ်မြေရဲ့ အချက်အချာကျတဲ့ နေရာလေ။
အဲဒီနောက်မှာ အင်ပါယာကြီး နှစ်ခုရဲ့ စစ်ပွဲကြီး ဖြစ်လာပြီး နှစ်ဖက်စလုံး အထိနာကြလိမ့်မယ်။ ထန်ထိုင်မြဲ့မင်ရဲ့ စစ်သည် တစ်သိန်းကျော်က လေခွင်းမြို့လို အရေးကြီးတဲ့ နေရာကို သိမ်းပိုက်ထားတဲ့အတွက် အရေးကြီးတဲ့ အချိန်ရောက်ရင် စစ်ပွဲရဲ့ အနိုင်အရှုံးကိုတောင် ဆုံးဖြတ်ပေးနိုင်လိမ့်မယ်။
အင်ပါယာကြီး နှစ်ခုက အပြင်းအထန် တိုက်ခိုက်ပြီး အင်အားကုန်ခမ်းကာ နှစ်ဖက်စလုံး အထိနာသွားတဲ့ အချိန်ကျရင် စစ်သည် တစ်သိန်းကျော်ကို ကိုင်စွဲထားတဲ့ ထန်ထိုင်မြဲ့မင်က စစ်ပွဲရဲ့ အခြေအနေကို ဆုံးဖြတ်ပေးမယ့် အဓိက အင်အားစု ဖြစ်လာလိမ့်မယ်။
အဲဒီအချိန်ကျရင် ထန်ထိုင်မြဲ့မင်က ဈေးကိုင်ပြီး အများကြီး တောင်းဆိုနိုင်ပြီပေါ့။ ထန်ထိုင်မြဲ့မင်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ကိုယ်ပိုင် နယ်မြေရရှိပြီး ဘုရင်အဖြစ် အသိအမှတ်ပြုခံရဖို့ပဲ။”
.........................