← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 13 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 13 Ch. 141-142

အပိုင်း (၁၄၁)

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “သူက ဘယ်နိုင်ငံဘက်ကို ယိမ်းမယ်လို့ ရှင် ထင်လဲ။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “တောင်ပိုင်းကျိုးအင်ပါယာ”

ကျင်းကျုံးယွဲ့က မေး၏။ “ဘာလို့လဲ။ ထန်ထိုင်မိသားစုက တောင်ပိုင်းကျိုးအင်ပါယာနဲ့ ပိုနီးလို့လား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ဒါက အကြောင်းရင်း တစ်ခုပါ။ ပိုအရေးကြီးတဲ့ အကြောင်းရင်းက တောင်ပိုင်းကျိုး အင်ပါယာမှာ တခြား မျိုးရိုးကနေ ဘုရင်အဖြစ် တင်မြှောက်ခံရတဲ့ သာဓက ရှိနေလို့ပဲ။”

တောင်ပိုင်းကျိုးအင်ပါယာတွင် အခြားမျိုးရိုးမှ ဘုရင်တစ်ပါး တကယ် ရှိနေ၏။

အသစ် သိမ်းပိုက်ထားသော တောင်ပိုင်း လူရိုင်းတိုက်ကြီးတွင် ရှီမိသားစုက တောင်ပိုင်းကျိုးအင်ပါယာ၏ ဘုရင်အဖြစ် အောင်မြင်စွာ ခန့်အပ်ခံခဲ့ရပြီး ပြည်နယ်နှစ်ခုနီးပါးကို အုပ်ချုပ်ခွင့် ရရှိခဲ့သည်။

အကြောင်းမှာ ထိုနေရာက အင်ပါယာ၏ အလယ်ဗဟိုနှင့် အလွန် ဝေးကွာလွန်းပြီး ကမ်းရိုးတန်း ဒေသလည်း ဖြစ်ကာ အင်အားကြီးမားသော ရေတပ်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ မြို့စား နုလန်ဟောက်သည် တောင်ပိုင်း လူရိုင်းများကို နှိမ်နင်းရာတွင် ကြီးမားသော စစ်ရေးအောင်မြင်မှုများ ရရှိခဲ့ပြီး နိုင်ငံပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့သလို ရှီမိသားစုကိုလည်း အကြိမ်ကြိမ် သွားရောက် တိုက်ခိုက်ခဲ့သည်။

သို့ပေမည့် ပုန်ကန်မှုကို နှိမ်နင်းပြီး၍ ပြန်လှည့်လာသည်နှင့် တပြိုင်နက် နောက်တစ်ကြိမ် ထပ်မံ ပုန်ကန်ကြ ပြန်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်ကြီး ပြန်လည် ချီတက်လာချိန်မှာတော့ ရှီမိသားစုက သင်္ဘောများပေါ်သို့ တက်ကာ ထွက်ပြေးလွတ်မြောက်သွားကြပြန်သည်။

ဤသို့ဖြင့် အကြိမ်ကြိမ် ဖြစ်ပေါ်နေသောကြောင့် အလွန် ပင်ပန်းလာကြ၏။ ထို့ကြောင့် နုလန်ဟောက်က ရှီမိသားစုနှင့် စေ့စပ်ဆွေးနွေးခဲ့သည်။ ခင်ဗျားတို့ ဆက်ပြီး မပုန်ကန်ကြနဲ့တော့။ ကျုပ်က ဧကရာဇ်မင်းမြတ်ဆီ သွားပြောပြီး ခင်ဗျားတို့ကို ကိုယ်ပိုင် နယ်မြေ ပေးကာ ဘုရင်အဖြစ် ခန့်အပ်ပေးမယ်ဟု ပြောခဲ့၏။

ဤသို့ဖြင့် တောင်ပိုင်းကျိုးအင်ပါယာတွင် ပထမဆုံးသော အခြားမျိုးရိုးမှ ဘုရင် ပေါ်ထွက်လာခဲ့ပြီး နုလန်ဟောက်သည်လည်း တောင်ပိုင်းကျိုးအင်ပါယာ၏ အာဏာအရှိဆုံး အရာရှိများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

ထိုအချိန်မှစ၍ ရှီမိသားစုက နောက်ထပ် လုံးဝ မပုန်ကန်တော့ဘဲ တောင်ပိုင်းကျိုးအင်ပါယာ၏ သစ္စာရှိ အမှုထမ်းများ ဖြစ်လာသကဲ့သို့ တောင်ပိုင်း လူရိုင်းတိုက်ကြီး တစ်ခုလုံးလည်း ငြိမ်းချမ်းသွားကာ တောင်ပိုင်းကျိုး အင်ပါယာ၏ အုပ်ချုပ်မှုအောက်သို့ တဖြည်းဖြည်း ရောက်ရှိသွားခဲ့၏။

ထို့ကြောင့် ဤအရာက ထန်ထိုင်မြဲ့မင်အတွက် စံပြ ဖြစ်လာခဲ့သည်။

‘ရှီမိသားစုက ပင်လယ်ကို အားကိုးထားနိုင်သလို ကျုပ်တို့ ပိုင်ရှင်မဲ့ နယ်မြေကလည်း အနောက်ပိုင်း လျန်အင်ပါယာနဲ့ နယ်စပ်ချင်း ဆက်နေတာပဲ။ ရှီမိသားစုက ကိုယ်ပိုင် နယ်မြေနဲ့ ဘုရင်ဖြစ်လာနိုင်ရင် ကျုပ်ရဲ့ ထန်ထိုင်မိသားစုကလည်း မဖြစ်နိုင်စရာ အကြောင်း မရှိဘူး။’

ကိုယ်ပိုင် နယ်မြေနှင့် ဘုရင်ဖြစ်လာရန်အတွက် အဖိုးတန်သော အင်အားတစ်ခု လိုအပ်သည်။ စစ်သည် သိန်းချီကို ကိုင်စွဲထားပြီး လေခွင်းမြို့လို အချက်အချာကျသော နေရာကို သိမ်းပိုက်ထားရန် လိုအပ်၏။

ထို့ကြောင့် ထန်ထိုင်မိသားစုက မဟာမိတ်အဖွဲ့ ခေါင်းဆောင် အနေဖြင့် မည်သည့် မြို့စားကမှ အင်ပါယာကြီး နှစ်ခုနှင့် မပူးပေါင်းရန်၊ ပူးပေါင်းပါက ပိုင်ရှင်မဲ့ နယ်မြေ၏ ဘုံရန်သူအဖြစ် သတ်မှတ်ကာ နှိမ်နင်းမည်ဟု အမြဲတမ်း ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ထန်ထိုင်မိသားစုက လေခွင်းမြို့ကို လာတိုက်ဖို့ စစ်တပ် ဘယ်လောက် စုရုံးထားမယ်လို့ ရှင် ထင်လဲ။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “သေချာပေါက် လူတစ်သိန်းလို့ ကြေညာလိမ့်မယ်။ ငါတို့ထက် ဆယ်ဆ ပိုများတယ်။”

“တစ်သိန်း ဟုတ်လား။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်း အစွမ်းထက်တယ်လို့ ထင်ပေမဲ့ စစ်သည် တစ်သိန်းကိုတော့ သေချာပေါက် မနိုင်နိုင်ဘူး။”

မှန်ပေသည်။ ပုံမှန် အခြေအနေအရ ဆိုလျှင် ထန်ထိုင်မိသားစုက စစ်သည် တစ်သိန်း စုရုံးကာ လေခွင်းမြို့ကို လာတိုက်ပါက လေခွင်းမြို့ သေချာပေါက် ပျက်စီးသွားမှာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်များအတွင်း ထန်ထိုင်မိသားစုက လေခွင်းမြို့အတွင်းသို့ သူလျှို မည်မျှ ထည့်သွင်းထားသည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။ အရေးကြီးသော အချိန်ရောက်ပါက ထိုသူလျှိုများက ချက်ချင်း ပုန်ကန်ကြပေလိမ့်မည်။

ကျင်းကျုံးယွဲ့၏ လက်အောက်တွင် အလွန်ဆုံး လူတစ်သောင်းသာ ရှိသည်။ ထိုအထဲမှ နှစ်ထောင်က သစ်ရွက်ကြွေနယ်မြေတွင် ရှိနေသောကြောင့် လက်အောက်တွင် လူတစ်သောင်းပင် မပြည့်ချေ။

မော့မိသားစုကို လုပ်ကြံရန် သံချပ်ကာဝတ်စုံ သုံးထောင်တွင် အာဆင်းနစ် အဆိပ်များ ထည့်သွင်းထား ခဲ့သောကြောင့် ကျန်ရှိသော စစ်သည် ထောင်ပေါင်းများစွာမှာ သံချပ်ကာဝတ်စုံများ မရှိကြပေ။

ထန်ထိုင်မိသားစုက သံရည်ကျိုခြင်း လုပ်ငန်းကို အဓိက လုပ်ကိုင်သောကြောင့် သံချပ်ကာဝတ်စုံများ အမြောက်အများ ပိုင်ဆိုင်ထား၏။ ထို့ကြောင့် နှစ်ဖက် စစ်တပ်အင်အား ကွာဟချက်က အလွန် ကြီးမားလို့နေ၏။

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ထန်ထိုင်မိသားစုက စုရုံးထားတဲ့ မြို့စား မဟာမိတ်တပ်ကြီး တစ်သိန်းက ကျွန်မတို့ လေခွင်းမြို့ကို ဘယ်လောက်ကြာရင် လာတိုက်မယ်လို့ ရှင် ထင်လဲ။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “မြန်မယ်။ အရမ်း မြန်လိမ့်မယ်။”

ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ကျွန်မ ပြောပြီးသားပဲ။ အဆိုးဆုံး ဖြစ်လာရင် ကျွန်မက ရှင်တို့ကို ခေါ်ပြီး ဓားပြ သွားလုပ်မယ်လို့။ တောင်ပေါ်မှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေကြမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသိုင်းပညာက မြင့်တော့ ရှင့်ကို ကာကွယ်ပေးနိုင်ပါတယ်။”

‘ဓားပြ လင်မယား လုပ်ကြမလို့လား။ အဲဒါလည်း မဆိုးပါဘူး။’

ယွင်ကျုံးဟဲ့က ယခင် ဟောင်းနွမ်းနေသော ခြံဝင်းလေးအတွင်းသို့ ပြန်သွားကာ စမ်းသပ်မှုများ ဆက်လက် ပြုလုပ်နေ၏။ ထိုအချိန်မျိုးတွင် မည်သူမှ ခြံဝင်းအနီးသို့ လာခွင့် မရှိချေ။

ထိုအချိန်တွင် ဗီရိုထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ကလေး… မင်း အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။”

တာယင်အင်ပါယာ ဟေးလုံထိုင်မှ ဖုန်းရှင်းမြဲ့၏ အသံပင် ဖြစ်၏။

‘ဆရာကြီး… ခင်ဗျားက တကယ်ကို ကုတင်အောက်၊ ဗီရိုထဲ စတဲ့နေရာတွေမှာ ဘယ်လိုလုပ် ပုန်းနေနိုင်တာလဲ။’

မှန်ပေ၏။ တစ်နှစ်တိတိ ကြာပြီးနောက် ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့ကို အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီး သူမ၏ ခင်ပွန်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။

“ဟို လောက်ချန်းဆိုတဲ့ သူလျှိုကို ရှာတွေ့ပြီလား။” ဖုန်းရှင်းမြဲ့က မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ဖြေ၏။ “မတွေ့သေးဘူး။ တကယ်ကို ရှာမတွေ့တာ”

ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “ထန်ထိုင်မိသားစုက မင်းကို တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှို လောက်ချန်းလို့ စွပ်စွဲလိုက်တယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “ဟုတ်တယ်။ ပြီးတော့ ကျုပ်ကို ထုတ်ပေးဖို့ ကျင်းကျုံးယွဲ့ကို ခြိမ်းခြောက်တယ်။ ကျင်းကျုံးယွဲ့က ငြင်းလိုက်တော့ ထန်ထိုင်မိသားစုက စစ်ကြေညာသွားတယ်။ မကြာခင် ထန်ထိုင်မိသားစုက စစ်သည် တစ်သိန်းနဲ့ လေခွင်းမြို့ကို လာတိုက်တော့မယ်။”

ဖုန်းရှင်းမြဲ့ အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆရာကြီး… ထန်ထိုင်မိသားစုနဲ့ ကျုပ်တို့ တာယင်အင်ပါယာတို့ ဆွေးနွေးနေတာ ရှိလား။”

“ရှိတယ်။”

ဖုန်းရှင်းမြဲ့က ဖြေ၏။ “ထန်ထိုင်မိသားစုက ငါတို့နဲ့ ဆွေးနွေးနေတာ သုံးနှစ်ကျော်နေပြီ။ ဒါပေမဲ့ သူက မြေခွေးအိုကြီးပဲ။ ဘယ်တော့မှ တကယ့် ကတိကဝတ်မျိုး မပေးဘူး။ ဟိုဘက်ဒီဘက် ယိမ်းပြီး ဈေးကိုင်နေတာပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါကြောင့် တာယင်အင်ပါယာက အဆိပ်ရှိတဲ့ ရတနာပုလဲကြီး သုံးပြီး သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာပေါ့။ ပြီးတော့ နည်းနည်းလေး လိုတော့တာ အောင်မြင်ဖို့။ ဒီအတိုင်းသာ ဆက်သွားရင် နှစ်နှစ်အတွင်း ထန်ထိုင်မြဲ့မင်က အဲဒီပုလဲကြီးကြောင့် အဆိပ်သင့် သေသွားမှာပဲ။”

ဖုန်းရှင်းမြဲ့က အတည်ပြု၏။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ဒါပေမဲ့ အဲဒါကို ကျုပ်က ဖျက်ဆီးပစ်လိုက်မိတယ်။”

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ဒီကိစ္စအတွက် မင်းမှာ လုံးဝ အပြစ်မရှိဘူး။ ပြီးတော့ အခုချိန်မှာ ထန်ထိုင်မြဲ့မင်က သေလို့ မဖြစ်သေးဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာလို့လဲ။ ထန်ထိုင်ကျင့်ကြောင့်လား။”

ဖုန်းရှင်းမြဲ့က ဖြေ၏။ “ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ထန်ထိုင်ကျင့်က တောင်ပိုင်းကျိုးအင်ပါယာဘက်ကို အရမ်း ယိမ်းနေတယ်။ တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က သူ့ကို သမက်တော်အဖြစ်တောင် ရွေးချယ်နိုင်တယ်။”

‘ဒါကြောင့်ကိုး။ ဒီလူက တကယ့်ကို ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ ပါရမီရှင်ပဲ။ ဒါကြောင့် ပိုင်ရှင်မဲ့ နယ်မြေက လူတွေကို အကုန်လုံး အထင်သေးနေတာပဲ။’

ဖုန်းရှင်းမြဲ့က ဆက်ပြောသည်။ “ဧကရာဇ်မင်းမြတ်နဲ့ စစ်တပ်ကို ဦးဆောင်နေတဲ့ တတိယမင်းသားတို့က လေခွင်းမြို့ကို ထန်ထိုင်မိသားစုလက်ထဲ လုံးဝ အရောက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားတယ်။ ထန်ထိုင်မြဲ့မင်က စစ်တုရင် ကစားသူ ဖြစ်ချင်နေတာ၊ စစ်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ချင်နေတာ လုံးဝ မဖြစ်နိုင်ဘူး။ ငါတို့ တာယင်အင်ပါယာက ကျင်းကျုံးယွဲ့ကို လက်ခံနိုင်ပေမဲ့ ထန်ထိုင်မြဲ့မင်ကိုတော့ လက်မခံနိုင်ဘူး။”

ရန်သူ ဖြစ်နေသော်လည်း ယွင်ကျုံးဟဲ့က ထန်ထိုင်မြဲ့မင်ကို အလွန် အထင်ကြီး လေးစားမိ၏။ တကယ့်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။ အစကတော့ ပိုင်ရှင်မဲ့ နယ်မြေကို တစ်ခုတည်းအဖြစ် ပေါင်းစည်းချင်ရုံပဲလို့ ထင်ခဲ့တာ။ အခုတော့ သူက အင်ပါယာကြီး နှစ်ခုရဲ့ စစ်ပွဲကြီး အနိုင်အရှုံးကိုတောင် ဆုံးဖြတ်ချင်နေတာပဲ။ ဒီလောက် ကြီးမားတဲ့ ရည်မှန်းချက်နဲ့ သတ္တိမျိုးက တကယ်ကို အံ့မခန်းပဲ။

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ကလေး… အခုက အခွင့်ကောင်းပဲ။ ထန်ထိုင်မိသားစုက စစ်သည် တစ်သိန်းနဲ့ လေခွင်းမြို့ကို လာတိုက်တော့မယ်။ ကျင်းကျုံးယွဲ့ လက်အောက်က လူထောင်ဂဏန်းလောက်နဲ့ ဒီစစ်သည် တစ်သိန်းကို လုံးဝ မခုခံနိုင်ဘူး။ စစ်ဖြစ်ရင် သေချာပေါက် သေမှာပဲ။”

ယွင်ကျုံးဟဲ့က တိတ်ဆိတ်နေ၏။

ဖုန်းရှင်းမြဲ့က ဆက်ပြောသည်။ “အခုချိန်မှာ လေခွင်းမြို့ ကျင်းမိသားစုကို ကယ်တင်ပေးနိုင်တာ ငါတို့ တာယင်အင်ပါယာ တစ်ခုတည်းပဲ ရှိတယ်။ မင်းက ဒီအခွင့်အရေးကို ယူပြီး ကျင်းကျုံးယွဲ့ကို ငါတို့ တာယင်အင်ပါယာ လက်အောက် ဝင်ရောက်လာအောင် ဖျောင်းဖျလိုက်ပါ။”

ယွင်ကျုံးဟဲ့ ဆက်လက် တိတ်ဆိတ်နေဆဲပင်။

ဖုန်းရှင်းမြဲ့က ကမ်းလှမ်းချက်များကို ပြောပြ၏။ “ကိုယ်ပိုင် နယ်မြေနဲ့ ဘုရင်ဖြစ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါတို့က ကျင်းကျုံးယွဲ့ကို လေခွင်းနယ်စားအဖြစ် ခန့်အပ်ပေးနိုင်တယ်။ မျိုးရိုးစဉ်ဆက် ဆက်ခံခွင့်လည်း ပေးမယ်။

ဒါတင်မကဘူး၊ ကျင်းကျုံးယွဲ့က အလွန် အတော်ဆုံး စစ်သူကြီး တစ်ယောက် ဖြစ်တဲ့အတွက် ဧကရာဇ် မင်းမြတ်က သူ့ကို စစ်တပ်အာဏာ ကိုင်စွဲခွင့် ပေးမယ်။ သူ့ရဲ့ ကျင်းမိသားစု စစ်တပ်ကို အင်ပါယာက တစ်ယောက်မှ မထိဘူး။ ပြီးတော့ သူ့ကို နောက်ထပ် စစ်သည် သုံးသောင်း ထပ်ပေးပြီး ကွပ်ကဲခိုင်းမယ်။”

ဤကမ်းလှမ်းချက်က တကယ်ကို အလွန် ရက်ရောလွန်းလှပေသည်။

“ဒါတင်မကသေးဘူး။ ဒီနိုင်ငံတော်အဆင့် စစ်ပွဲကြီးက အောင်မြင်မှုတွေရဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ စစ်ရေးအောင်မြင်မှုတွေ လုံလောက်အောင် ရရင် ကျင်းကျုံးယွဲ့က မြို့စားကြီးအဆင့်အထိ တိုးမြှင့်ခံရနိုင်တယ်။ အနာဂတ်မှာ မင်းတို့ရဲ့ ကလေးတွေလည်း အင်ပါယာရဲ့ မြို့စားကြီးတွေ ဖြစ်လာလိမ့်မယ်။ မျိုးဆက်အဆက်ဆက်ပေါ့။”

ဖုန်းရှင်းမြဲ့က ဆက်ပြော၏။ “ဒါပေမဲ့ မင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဧကရာဇ်မင်းမြတ်က နည်းနည်း တွေဝေနေတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာအဓိပ္ပာယ်လဲ။”

“ဧကရာဇ်မင်းမြတ်က မင်းလို ကဗျာစာပေ ပါရမီရှင်ကို ဟေးလုံထိုင်မှာ ထားတာ နှမြောစရာ ကောင်းတယ်လို့ ပြောတယ်။ မင်းကို အိမ်ရှေ့စံရဲ့ အကြံပေးအရာရှိအဖြစ် ခန့်အပ်ပြီး နောင်တစ်ချိန်မှာ ဝန်ကြီးချုပ် ဖြစ်လာအောင် လုပ်ပေးချင်နေတာ။”

“ဒါပေမဲ့ အကြီးအကဲရွှီက မင်းဟာ ငါတို့ ဟေးလုံထိုင်ရဲ့ လူပဲလို့ ပြောထားတယ်။ အရပ်ဘက် အရာရှိ မလုပ်ခိုင်းဘူးတဲ့။ အဲဒီ အရပ်ဘက် အရာရှိတွေဆိုတာ နေ့တိုင်း ငါတို့ ဟေးလုံထိုင်ရဲ့ စောင့်ကြည့်တာကို ခံနေရတာလေ။ မင်းရဲ့ အနာဂတ်က ဟေးလုံထိုင်မှာပဲ ရှိတယ်။ မင်းက နယ်စားကြီး ကျင်းကျုံးယွဲ့ရဲ့ ခင်ပွန်း ဖြစ်လာရင်တောင်၊ ရှေ့တန်း သူလျှိုအဖြစ် မလုပ်ရတော့ရင်တောင် ဟေးလုံထိုင်ရဲ့ အာဏာကို ကိုင်စွဲနိုင်မှာပါပဲ။”

ဖုန်းရှင်းမြဲ့က ထပ်ပြော၏။ “ငါ့ကလေး… မင်းရဲ့ တာဝန်က မကြာခင် အောင်မြင်တော့မယ်။ မကြာခင် ပြီးဆုံးတော့မယ်။ မင်း မကြာခင် အိမ်ပြန်နိုင်တော့မယ်။ ဧကရာဇ်မင်းမြတ်က လျှို့ဝှက်အမိန့်တော် ချမှတ်ပြီး မြို့တော်မှာ ကြီးမားတဲ့ အိမ်တော်ကြီး တစ်ခုကို ရှာဖွေပြီး အတွင်းပိုင်း ပြင်ဆင်မှုတွေ စလုပ်နေပြီ။

ကျင်းကျုံးယွဲ့က ခမ်းနားကြီးကျယ်တာကို ကြိုက်ရင် ခမ်းနားကြီးကျယ်အောင် လုပ်ပေးမယ်။ အိမ်တော်ရဲ့ ဆိုင်းဘုတ်ကိုတော့ အလွတ်ထားသေးတယ်။ နောင်ကျရင် နယ်စားအိမ်တော်လို့ ရေးမလား၊ မြို့စားကြီး အိမ်တော်လို့ ရေးမလား မသေချာသေးလို့လေ။

မြို့တော်ကို ပြန်ရောက်ရင် ဒီအိမ်တော်ကြီးက မင်းရဲ့ အိမ်ပဲ။ ဧကရာဇ်မင်းမြတ်ရော၊ အိမ်ရှေ့စံမင်းသားပါ မင်းလို ပါရမီရှင်ကို မြန်မြန် တွေ့ချင်နေကြပြီ။ ဟေးလုံထိုင်က အကြီးအကဲကြီးကလည်း မင်းကို မြန်မြန် တွေ့ချင်နေပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။”

ဖုန်းရှင်းမြဲ့က တိုက်တွန်းလိုက်၏။ “သွားတော့… ဒါက အခွင့်ကောင်းပဲ။ ကျင်းကျုံးယွဲ့ကို ငါတို့ တာယင် အင်ပါယာ လက်အောက် ဝင်ရောက်လာအောင် ဖျောင်းဖျလိုက်ပါ။ မင်းရဲ့ တာဝန်က မကြာခင် ပြီးဆုံးတော့မယ်။ မင်း မကြာခင် အိမ်ပြန်နိုင်တော့မယ်။

ကျင်းကျုံးယွဲ့က သဘောတူလိုက်တာနဲ့ ငါတို့ တာယင်အင်ပါယာရဲ့ စစ်တပ်တွေက လေခွင်းမြို့ထဲကို လျှို့ဝှက် ဝင်ရောက်လာလိမ့်မယ်။ တတိယမင်းသားက ကိုယ်တိုင် ပြောထားတယ်။ ကျင်းမိသားစုက သစ္စာခံမယ်ဆိုရင် အင်ပါယာက ဘာကိုပဲ ပေးဆပ်ရပါစေ လေခွင်းမြို့နဲ့ ကျင်းမိသားစုကို ကာကွယ်ပေးမယ်။ တောင်ပိုင်းကျိုး အင်ပါယာနဲ့ စစ်ပွဲ စောစော ဖြစ်ရမယ်ဆိုရင်တောင် ကိစ္စမရှိဘူးတဲ့”

ဤအချိန်တွင် ဖွင့်ပြောရတော့မည်လား။

.......................

အပိုင်း (၁၄၂)

ထိုည မြို့စားအိမ်တော်၏ အမိုးပေါ်၌ ယွင်ကျုံးဟဲ့က နောက်တစ်ကြိမ် သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး မျက်ဖြူများပင် လန်နေပြီ ဖြစ်၏။ ခြေလက်များ အားလုံး တဆတ်ဆတ် တုန်ယင်နေကာ အသက်ကို ပြင်းပြင်း ရှူနေရသည်။ နိဗ္ဗာန်နှင့် ငရဲကို တကယ်ပင် ခံစားလိုက်ရ၏။

ကျင်းကျုံးယွဲ့ကမူ ဒူးနှစ်ဖက်ကို ဖက်ကာ လမင်းကြီးကို မော့ကြည့်နေသည်။ ယခုအချိန်တွင် သူမက အလွန် တည်ငြိမ်ပြီး နူးညံ့နေပုံ ရသော်လည်း စောစောကမူ ရူးသွပ်နေသော ကျားမကြီး တစ်ကောင်အလား ဖြစ်ခဲ့၏။ ဤအမျိုးသမီးက တကယ်ကို စွဲလမ်းစရာ ကောင်းလို့နေသည်။

“လမင်းလေး… လမင်းကို ဘာလို့ ကြည့်နေတာလဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူက မင်းလောက် မလှပါဘူး။”

“ကျွန်မ လမင်းကို မကြိုက်ဘူး။”

ကျင်းကျုံးယွဲ့က ဖြေသည်။ “အရမ်း မှောင်တယ်၊ ပြီးတော့ အပူဓာတ်လည်း မရှိဘူး။ ကျွန်မက နေမင်းကို ကြိုက်တယ်။ မီးကို ကြိုက်တယ်။”

ယွင်ကျုံးဟဲ့က ဖုန်းရှင်းမြဲ့ ပြောခဲ့သော စကားများကို ပြန်တွေးနေမိ၏။

ယခုအချိန်တွင် ကျင်းကျုံးယွဲ့အား သူ၏ အစစ်အမှန် သရုပ်ကို ဖွင့်ပြောကာ တာယင်အင်ပါယာ လက်အောက်သို့ ဝင်ရောက်ရန် ဖျောင်းဖျသိမ်းသွင်းရမည်။

ကြည့်ရသည်မှာ ဤသည်က တကယ်ကို အခွင့်ကောင်း တစ်ခုပင်။ ထန်ထိုင်မိသားစု၏ စစ်သည် တစ်သိန်းက လေခွင်းမြို့ကို လာတိုက်တော့မည် ဖြစ်ရာ အနိုင်ရရန် မျှော်လင့်ချက် လုံးဝ မရှိတော့ချေ။

လေခွင်းမြို့ ပျက်စီးတော့မည် ဖြစ်ပြီး ကျင်းမိသားစုလည်း ပျက်စီးတော့မှာ ဖြစ်သည်။ ထို့အပြင် တာယင်အင်ပါယာပေးသော ကမ်းလှမ်းချက်များကလည်း အလွန် ရက်ရောလွန်းလှပြီး တကယ်ကို ကြီးမားလွန်းလှ၏။

“လမင်းလေး… မင်း ငါ့ကို သတ်မှာလား။” ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်သည်။

ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်၏။ “မသတ်ဘူး။ ကျွန်မ ရှင့်ကို လက်ထပ်လိုက်တဲ့ အချိန်ကစပြီး ရှင့်ကို ဘယ်တော့မှ သတ်မှာ မဟုတ်ဘူး။”

သူမက လှည့်ကြည့်ကာ ယွင်ကျုံးဟဲ့ကို သေချာ စိုက်ကြည့်ရင်း ဆက်ပြောသည်။ “တစ်နေ့နေ့ ကျွန်မ အိပ်ပျော်နေတုန်း ရှင်က ကျွန်မနှလုံးသားကို ဓားနဲ့ လာထိုးမယ်၊ ပြီးတော့ အဲဒါကို ကျွန်မ သိသွားရင်တောင် ရှင့်ကို သတ်မှာ မဟုတ်ဘူး။ ကျွန်မက လှည့်ထွက်သွားမယ် ဒါမှမဟုတ် ဝမ်းနည်းပူဆွေးစွာနဲ့ ရှင့်ရဲ့ ဓားအောက်မှာ အသေခံလိုက်မယ်။”

ယွင်ကျုံးဟဲ့က သူမ၏ အပြစ်ကင်းစင်ပြီး လှပလွန်းလှသော ကိုယ်လုံးလေးကို ငေးကြည့်နေမိ၏။

ဤသည်မှာ ကောင်းကင်ဘုံက ဖန်တီးပေးထားသော လက်ရာတစ်ခုအလား ဖြစ်ပြီး လက်ထပ်ပြီး ရက်ပိုင်းအတွင်းမှာပင် ဤကိုယ်လုံးလေးက ကျင်းကျုံးယွဲ့က သူ့ကို ပေးအပ်သော အလှပဆုံး လက်ဆောင် တစ်ခု ဖြစ်လာခဲ့သည်။

သူမ၏ ခန္ဓာကိုယ် နေရာတိုင်းကို ယွင်ကျုံးဟဲ့ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်၏။ ကျင်းကျုံးယွဲ့နှင့် ပိုမို နီးကပ်လာလေလေ၊ သူမ၏ အထီးကျန်မှုနှင့် ဝမ်းနည်းမှုများကို ပိုမို ခံစားလာရလေလေ ဖြစ်၏။

ထို့ကြောင့် လက်ထပ်ပြီးသည်နှင့် တပြိုင်နက် သူတို့နှစ်ဦးက အချင်းချင်း အသည်းအသန် ဖက်တွယ်ကာ နွေးထွေးမှုကို ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။

သူမက လမင်းကို မကြိုက်သည်မှာ အလွန် အေးစက်ပြီး အထီးကျန်ဆန်သောကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။ သူမက မီးတောက်ကိုသာ နှစ်သက်ပြီး ပူလောင်မှုကို ခံစားရခြင်းကို နှစ်သက်ကြောင်း ပြောခဲ့၏။

ထို့ကြောင့် ယွင်ကျုံးဟဲ့က သူမ၏ ကလေးဘဝသည် မည်မျှ အထီးကျန်ခဲ့မည်နည်းဟု တွေးတောမိကာ နားလည်ပေးနိုင်လာသည်။

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “အောက်ထျန်း… ရှင် ကျွန်မကို နောက်ဆုံး အနေနဲ့ အမှန်အတိုင်း ဖွင့်ပြောတော့မလို့လား။”

သူမက ယွင်ကျုံးဟဲ့ကို သေချာ စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများတွင် အနည်းငယ် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ရှိနေ၏။ သူမက သေရမည်ကို မကြောက်သလို ရှုံးနိမ့်ရမည်ကိုလည်း မကြောက်ချေ။

ထို့နောက် ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ရှင် ပြောပါ။ အမှန်အတိုင်း ဖွင့်ပြောလိုက်ပါ။ ကျွန်မ ပြောခဲ့သလိုပဲ၊ ရှင် ဘယ်သူပဲဖြစ်ဖြစ်၊ ရှင့်ရဲ့ တကယ့် သရုပ်မှန်က ဘာပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကို လုံးဝ မသတ်ဘူး။ ရှင့်ရဲ့ ဆံပင်တစ်ပင်ကိုတောင် မထိခိုက်စေဘူး။ ရှင်က ကျွန်မကို သတ်ချင်ရင်တောင် ကျွန်မက ရှင့်ကို ပြန်မသတ်ဘူး။ အလွန်ဆုံး ဝမ်းနည်းစွာနဲ့ ထွက်သွားရုံပဲ ရှိမှာပါ။

အောက်ထျန်း… ရှင် ပြောပါ။ အမှန်အတိုင်း ဖွင့်ပြောလိုက်ပါ။”

လင်မယားဆက်ဆံရေးဆိုသည်မှာ အလွန် နီးကပ်နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ဖြစ်ကြောင်း ဝန်ခံရပေမည်။ ကျင်းကျုံးယွဲ့က စကားတစ်ခွန်းမှ မဆိုခဲ့သော်လည်း ယွင်ကျုံးဟဲ့ကမူ ခံစားသိရှိနေ၏။

အကယ်၍ သူက ယခုအချိန်တွင် လမင်းလေး… ငါက တာယင်အင်ပါယာရဲ့ သူလျှိုပါ။ မင်း တာယင် အင်ပါယာကို အညံ့ခံလိုက်ပါ။ မင်း ဘာမှမဖြစ်စေရဘူးလို့ ငါ အာမခံတယ်။ ပြီးတော့ တစ်သက်လုံး ချမ်းသာကြွယ်ဝပြီး ကျင်းမိသားစုလည်း မျိုးဆက်အဆက်ဆက် အေးချမ်းသွားမယ် လို့သာ ပြောလိုက်မည်ဆိုပါက ထိုစကား ထွက်ပေါ်သွားသည်နှင့်တပြိုင်နက် သူတို့နှစ်ဦး၏ သံယောဇဉ်လည်း ပြီးဆုံးသွားပေလိမ့်မည်။

ကျင်းကျုံးယွဲ့က သူ၏စကားကို နားထောင်မည်၊ မထောင်မည်ဆိုသည်ကို ဘေးဖယ်ထားလျှင်ပင် ယွင်ကျုံးဟဲ့၏ အလိုလိုသိစိတ်အရ ကျင်းကျုံးယွဲ့သည် ယခုအချိန်တွင် တာယင်အင်ပါယာထံသို့ လုံးဝ အညံ့ခံမည် မဟုတ်ချေ။

သာမန် အမျိုးသမီးတစ်ဦးသာဆိုလျှင် ဤကဲ့သို့သော အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်၊ တာယင်အင်ပါယာ၏ ဤမျှ ရက်ရောသော ကမ်းလှမ်းချက်မျိုးနှင့် ကြုံတွေ့ရချိန်တွင် သေချာပေါက် လက်ခံမည်သာ ဖြစ်၏။

သို့ပေမည့် ကျင်းကျုံးယွဲ့က ပုံမှန် အမျိုးသမီးတစ်ဦး မဟုတ်ပေ။ သူမသည် အနည်းငယ် ရူးသွပ်နေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် သူမ၏ တစ်ဦးတည်းသော အမျိုးသား ဖြစ်ပြီး သူမ၏ ရင်တွင်းသို့ ပထမဆုံး ဝင်ရောက်လာနိုင် ခဲ့သော အမျိုးသားလည်း ဖြစ်၏။

သို့ပေမည့် သူတို့နှစ်ဦး၏ သံယောဇဉ်မှာ ခွဲခြား၍မရလောက်အောင် ခိုင်မာနေခြင်းမျိုးတော့ မဟုတ်ဘဲ ဖြတ်တောက်၍ ရနိုင်သေးသည်။

ဤဆက်ဆံရေးတွင် ကျင်းကျုံးယွဲ့က သူ့ထက် ပိုမို တက်ကြွပြီး၊ ပိုမို ရဲရင့်ကာ ယွင်ကျုံးဟဲ့ထံသို့ ပိုမို မြန်ဆန်စွာ ချဉ်းကပ်လာခဲ့သည် ဆိုသော်လည်း အကယ်၍ ယွင်ကျုံးဟဲ့ကသာ သူမကို စိတ်ပျက်အောင် လုပ်လိုက်မည်ဆိုပါက သူမသည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ချက်ချင်း ကျောခိုင်းထွက်ခွာသွားမှာ ဖြစ်၏။

အရေးအကြီးဆုံးအချက်မှာ သူမသည် သေရမည်ကို ကြောက်ရွံ့သော အမျိုးသမီးမျိုး မဟုတ်ခြင်းပင်။

သူမ အမြဲတမ်း နှုတ်ဖျားမှ ထုတ်ပြောလေ့ရှိသော စကားများမှာ သတ်မည်၊ တိုက်မည်၊ အမြစ်ပြတ် ခြေမှုန်းမည် စသည့် စကားများသာ ဖြစ်၏။

အညံ့ခံခြင်းနှင့် လက်နက်ချခြင်းဟူသော စကားလုံးများမှာ သူမ၏ အဘိဓာန်တွင် ရှိပုံမပေါ်ချေ။ အကယ်၍ အညံ့ခံ လက်နက်ချရမည်ဆိုလျှင်ပင် အောင်နိုင်သူတစ်ဦး၏ ဂုဏ်သိက္ခာဖြင့်သာ လုပ်ဆောင်မှာ ဖြစ်သည်။

ခင်ပွန်းတစ်ဦးအနေဖြင့် သူမကို ချစ်မြတ်နိုးပါက သူမ၏ မာနကို မချိုးနှိမ်သင့်ပေ။ ထို့အပြင် ယွင်ကျုံးဟဲ့ လက်ထပ်ခွင့် တောင်းဆိုစဉ်ကလည်း သူမက ပြတ်သားစွာ ပြောဆိုခဲ့ဖူး၏။

ကျင်းကျုံးယွဲ့အနေဖြင့် ဤလင်မယားဆက်ဆံရေးကို လုံးဝ သစ္စာမဖောက်ရဟု ပြောခဲ့သည်။ ယွင်ကျုံးဟဲ့၏ အစစ်အမှန် သရုပ်က မည်သို့ပင် ရှိစေကာမူ၊ မည်သူ့အတွက် အလုပ်လုပ်ပေးနေသည်ဖြစ်စေ ကျင်းကျုံးယွဲ့ကို အခြားမည်သူ့ထက်မဆို ဦးစားပေးရမည်ဟု ပြောခဲ့ခြင်းလည်း ဖြစ်သည်။

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ပြောလေ။”

ယွင်ကျုံးဟဲ့က ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါ ဖွင့်ပြောစရာ ဘာမှမရှိပါဘူး။ ဖွင့်ပြောရမယ် ဆိုရင်တောင် ဒီတိုက်ပွဲ ပြီးမှပဲ ပြောမယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ကျင်းကျုံးယွဲ့၏ လှပသော မျက်ဝန်းများက အရောင်လင်းလက်သွားပြီး မျက်ရည်စများပင် ရစ်ဝဲလာ၏။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒီတိုက်ပွဲမှာ ကျွန်မတို့က ရန်သူ တစ်သိန်းကို ရင်ဆိုင်ရနိုင်တယ်။ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးနဲ့ ရန်သူဖြစ်သွားပြီး သေချင်လည်း သေသွားနိုင်တယ်နော်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “တကယ်လို့ အခုချိန်မှာ တစ်ယောက်ယောက်က လာပြီး မင်းသာ နိုင်ငံတစ်ခုခုကို အညံ့ခံလိုက်ရင် လေခွင်းမြို့ရဲ့ အကျပ်အတည်း ပြေလည်သွားမယ်လို့ ပြောလာရင် လက်ခံမှာလား။”

ကျင်းကျုံးယွဲ့က ခေါင်းယမ်းလိုက်သည်။ “လက်မခံဘူး။ ကျွန်မ သေရင်သေပါစေ၊ ဒီလိုအချိန်မှာ လုံးဝ အညံ့မခံနိုင်ဘူး။”

ဤသည်မှာ အဖြေပင် ဖြစ်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါကြောင့် ငါက မင်းနဲ့အတူတူ ဒီတိုက်ပွဲကို အဆုံးထိ တိုက်မယ်။ သေရင်တောင် မင်းနဲ့အတူ သေမယ်။ တခြားကိစ္စတွေကို ငါတို့ လင်မယား နှစ်ယောက် အတူတူ ဒီအကျပ်အတည်းကို ကျော်ဖြတ်ပြီးမှပဲ ပြောကြတာပေါ့။

အနည်းဆုံးတော့ ဒီတိုက်ပွဲ မတိုင်ခင်အထိ ငါတို့ လင်မယားကြားမှာ ဘာအနှောင့်အယှက်မှ မရှိစေရဘူး။ ငါက မင်းနဲ့အတူ အသက်ရှင်ရင် အတူရှင်မယ်၊ သေရင် အတူသေမယ်။”

နောက်တစ်စက္ကန့်တွင် ကျင်းကျုံးယွဲ့က ချက်ချင်း ခုန်အုပ်လာတော့၏။

နာရီဝက်ခန့် ကြာပြီးနောက် ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို အသက်ရှူကူပေးနေရ၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့မှာ တကယ်ပင် အသက်ရှူကျပ်ပြီး သေလုမျောပါး ဖြစ်နေသောကြောင့်ပင်။

မဖြစ်နိုင်ချေ။ ဤမျှ လှပလွန်းသော နတ်သမီးလေးကို လုံးဝ မလက်ထပ်သင့်ပေ။ အထူးသဖြင့် ခန္ဓာကိုယ် အချိုးအစား ဤမျှ ပြည့်စုံလှပသော နတ်သမီးလေးကို ပို၍ မလက်ထပ်သင့်ချေ။

အကြမ်းတမ်းဆုံးနှင့် အသန်မာဆုံး နတ်သမီးလေးကိုဆိုလျှင် ပိုလို့တောင် လက်မထပ်သင့်သေး၏။ တကယ်ပင် အသက်တိုသွားနိုင်ပေသည်။ တစ်နေ့နေ့တွင် ရုတ်တရက် သေဆုံးသွားခဲ့လျှင်တောင် ယွင်ကျုံးဟဲ့က အံ့ဩမည် မဟုတ်ချေ။

ယွင်ကျုံးဟဲ့က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “လမင်းလေး… ငါတို့ တိုင်ပင်ရအောင်။ မင်း ဒီလောက် မကြမ်းတမ်းလို့ မရဘူးလား။”

ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ ရင်ခွင်ထဲတွင် မှီလျက် ညင်သာစွာ ပြေလိုက်၏။ “ကျွန်မ ကတိပေးပါတယ်။ ရှင့်ကို သေချာ ကာကွယ်ပေးပါ့မယ်။ ရှင့်ကို ဘာဒဏ်ရာမှ ပေးမှာ မဟုတ်ပါဘူး။”

ဤစကားက နားထောင်ရသည်မှာ အနည်းငယ် ထူးဆန်းနေ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “စစ်သည် တစ်သိန်းကို ရင်ဆိုင်ရမှာ ငါတို့ နိုင်ပါ့မလား။”

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “မနိုင်ရင် ကျွန်မက ရှင့်ကို ခေါ်ပြီး ဓားပြ သွားလုပ်မယ်။ ရှင့်ကို ပျော်ရွှင်အောင် ထားမယ်လို့ ကတိပေးတယ်။ အသားတွေ အများကြီး စားမယ်၊ ရွှေတွေကို အများကြီး ခွဲယူမယ်။”

သူမ၏ ရည်မှန်းချက်က နေ့စဉ်နှင့်အမျှ ဓားပြလုပ်ရန်သာ စဉ်းစားနေသည်လား။

ကျင်းကျုံးယွဲ့က တိုးညင်းစွာ ရေရွတ်လိုက်၏။ “ကျွန်မ ရှင့်ကို တကယ် ချစ်မိသွားပြီထင်တယ် ယွင်ကျုံးဟဲ့...”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အရင်တုန်းက မင်း ငါ့ကို ချစ်တာက အတုအယောင်လား။”

ကျင်းကျုံးယွဲ့က ခေါင်းလေးစောင်းကာ ချစ်စဖွယ်မူရာဖြင့် ပြောလိုက်၏။ “မဟုတ်ဘူး… မနေ့ကထက် ဒီနေ့ ပိုချစ်လာတာ။ ပြီးတော့ ကျွန်မ ရှင့်ကို ချစ်တာက ရှင် ကျွန်မကို ချစ်တာထက် ပိုများတယ်လို့ ခံစားမိတယ်။”

.................

ယွင်ကျုံးဟဲ့က သူ၏ စမ်းသပ်ခန်းငယ်လေးဆီသို့ ပြန်လာခဲ့သည်။

ယွင်ကျုံးဟဲ့က တိုးညင်းစွာ ပြောလိုက်၏။ “တောင်းပန်ပါတယ် အကြီးအကဲ ဖုန်းရှင်းမြဲ့...”

ဗီရိုထဲမှ အနည်းငယ် တုန်ယင်နေသည့် အသံ ထွက်ပေါ်လာသည်။ “ဟင်...”

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ကျုပ် သူ့ကို အမှန်အတိုင်း မပြောဖြစ်ခဲ့ဘူး။”

ဖုန်းရှင်းမြဲ့က အသံအက်အက်ဖြင့် မေးလိုက်သည်။ “ဘာ… ဘာလို့လဲ။”

ယွင်ကျုံးဟဲ့က တိုးညှင်းစွာ ဖြေလိုက်၏။ “ကျုပ်တို့ နှစ်ယောက်ကြားက သံယောဇဉ်ကို ကျုပ် သစ္စာမဖောက်နိုင်လို့ပါ။”

ဤအချိန်တွင် ဖုန်းရှင်းမြဲ့က ဤသို့ဆိုလျှင် အင်ပါယာကို သစ္စာဖောက်ရက်သည်လားဟု ပြန်လည် မေးခွန်း ထုတ်သင့်ပေသည်။

သူ့အတွက် အင်ပါယာက မည်မျှတောင် ပေးဆပ်ခဲ့ရသနည်း။ သူ၏ သရုပ်မှန်ကို ဖုံးကွယ်ရန် အင်ပါယာက လူရာထောင်ချီကို ပြောင်းရွှေ့ပေးခဲ့ရ၏။

အုပ်ချုပ်ရေးမှူးအဆင့် အရာရှိကြီးများချည်း လေးဦးတိုင်တိုင် ရှိခဲ့သည်။ နင်ချင်းကဲ့သို့ သူ လိမ်လည်ခဲ့ဖူးသော အမျိုးသမီး တစ်ဦးကိုတောင် အင်ပါယာက ကြီးမားသော စျေးနှုန်းပေး၍ သဲလွန်စမကျန်အောင် ပြောင်းရွှေ့ပေးခဲ့ရသည်။

ထို့အပြင် ဧကရာဇ်မင်းမြတ် ကိုယ်တိုင်က တောင်ပိုင်းကို လျှို့ဝှက်အမိန့်တော်ဖြင့် သတိပေးခဲ့ရသေး၏။

စစ်ရေးဗျူဟာ အားလုံးက လေခွင်းမြို့ကို သိမ်းပိုက်ရန် ဟူသော အချက်အပေါ်တွင်သာ အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်သည်။

ယခု သူက သံယောဇဉ်ကို သစ္စာမဖောက်နိုင်သောကြောင့် အမှန်အတိုင်း မပြောဆိုခဲ့ခြင်းက မည်မျှ ကြီးမားသော အန္တရာယ်များနှင့် အခက်အခဲများကို ဖြစ်ပေါ်လာနိုင်မည်ကို သိပါရဲ့လား။

သို့ပေမည့် ဖုန်းရှင်းမြဲ့က အပြစ်တင်စကား တစ်ခွန်းမှ မဆိုခဲ့ချေ။

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ကျုပ်က သူနဲ့အတူ ဒီတိုက်ပွဲကို အဆုံးထိ တိုက်ချင်တယ်။ နိုင်အောင် တိုက်ပြီးမှ တာယင်အင်ပါယာ လက်အောက်ကို အေးအေးဆေးဆေး ဝင်ရောက်လာအောင် လုပ်မယ်။ အဲဒီအချိန်ကျရင် သူက ကျုပ်စကားကို သေချာပေါက် နားထောင်မှာပါ။”

ဖုန်းရှင်းမြဲ့က အလွန် နာကျင်သွားသော်လည်း အပြစ်တင်စကား မဆိုရက်ခဲ့ပေ။ အချို့သော လူများအတွက် အပြစ်တင်ခြင်းမှာ အချည်းနှီးသာ ဖြစ်ကြောင်း သိထားသောကြောင့်ပင်။

ဖုန်းရှင်းမြဲ့က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အရူးတွေ… မင်းတို့ အကုန်လုံး အရူးတွေပဲ။ ဒီတိုက်ပွဲကို မင်းတို့ နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျင်းကျုံးယွဲ့က သဘောမတူသရွေ့ ငါတို့ အင်ပါယာရဲ့ စစ်တပ်တွေက လေခွင်းမြို့ထဲကို လျှို့ဝှက် ဝင်လာလို့ မရဘူး။ ဒါတင်မကဘူး၊ အင်ပါယာရဲ့ နယ်စပ်က လေခွင်းမြို့နဲ့ မိုင်ရာချီ ဝေးတယ်။ တကယ်လို့ မင်းတို့ ရှုံးသွားရင် ငါတို့က မင်းကို လာကယ်ချင်ရင်တောင် အရမ်း ခက်ခဲလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “တကယ်လို့ ရှုံးသွားရင် ခင်ဗျားတို့လည်း ကျုပ်ကို လာကယ်စရာ မလိုတော့ပါဘူး။ အင်ပါယာက ကျုပ်အပေါ် အကြွေးမတင်ပါဘူး။ ကျုပ်ကသာ အင်ပါယာအပေါ် အကြွေးတင်တာပါ။”

ဖုန်းရှင်းမြဲ့မှာ ဆွံ့အသွားရပြန်၏။ အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်သည်။ “ဒီကိစ္စက အရမ်း ကြီးမားလွန်းတယ်။ ငါ ဆုံးဖြတ်လို့ မရဘူး။ စတုတ္ထမင်းသားဆီ သွားပြီး သတင်းပို့ရလိမ့်မယ်။”

.........................

All Chapters