အခန်း (၁၄၃-၁၄၄)
Vol. 13 Ch. 143-144
အပိုင်း (၁၄၃)
တာယင်အင်ပါယာ၊ တောင်ပိုင်း စစ်သေနာပတိချုပ်ရုံး....
စတုတ္ထမင်းသား ယင်ချွဲ့က ဖုန်းရှင်းမြဲ့၏ သတင်းပို့ချက်ကို ကြားပြီးနောက် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီး မျက်မှောင်ကြုတ်သွားတော့၏။
ဖုန်းရှင်းမြဲ့က သတင်းပို့အပြီးတွင် မြေပြင်ပေါ်၌ ဒူးထောက်ဝပ်တွားလျက် မလှုပ်မယှက် နေနေသည်။
ဟေးလုံထိုင်၏ စည်းကမ်းအရ ယွင်ကျုံးဟဲ့၏ ဤလုပ်ရပ်က အထက်အမိန့်ကို ဖီဆန်ခြင်းဖြစ်ရာ ခေါင်းဖြတ် သတ်ရမည့် ပြစ်မှုပင် ဖြစ်၏။
ဖုန်းရှင်းမြဲ့က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့က ကျုပ်တို့ ဟေးလုံထိုင်က လူဆိုပေမဲ့ သူက ဟေးလုံထိုင်မှာ တစ်ရက်မှ မနေဖူးဘူး။ ဒါကြောင့် စည်းကမ်းတွေကို သိပ်နားမလည်တာပါ။”
သူ မည်သို့ပင် ပြောဆိုနေပါစေ အသုံးမဝင်ချေ။ ယွင်ကျုံးဟဲ့၏ ခေါင်းမာမှုကြောင့် အင်ပါယာက ခံစားရမည့် ဆုံးရှုံးမှုမှာ တွက်ချက်၍ မရနိုင်လောက်အောင် ကြီးမားလွန်းသောကြောင့် ဖြစ်၏။
စစ်ရေးဗျူဟာများ နှောင့်နှေးသွားသည်။ စစ်သည် သိန်းချီက အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေရပြီး နေ့စဉ်နှင့်အမျှ ကုန်ကျနေသော ရိက္ခာများကလည်း မရေမတွက်နိုင်အောင် များပြားလှပေသည်။
အဓိကအကျဆုံးမှာ နောက်ဆက်တွဲ စစ်ရေးဗျူဟာများကို လေခွင်းမြို့အပေါ်၌သာ အခြေခံ၍ ဆက်လက် အကောင်အထည်ဖော်၍ ရနိုင်ပါဦးမည်လား။ ယွင်ကျုံးဟဲ့ဆိုသော သူက ယုံကြည်ရပါဦးမည်လား။
အချိန်အတန်ကြာပြီးနောက် စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်၏။ “တောင်ပိုင်း စစ်သေနာပတိချုပ် တစ်ယောက်အနေနဲ့၊ စစ်တပ်ကြီးရဲ့ စစ်သူကြီး တစ်ယောက်အနေနဲ့ ကျုပ် တကယ် ဒေါသထွက်တယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရတော့ ဒီယွင်ကျုံးဟဲ့ကို ကျုပ် တော်တော် သဘောကျတယ်။”
ထို့နောက် သူက မြေပုံကြီးရှေ့သို့ သွားလိုက်သည်။ ဤမြေပုံကြီးပေါ်တွင် မြားများ၊ မျဉ်းများ အများအပြား ဆွဲထားပြီး အားလုံးက ယင်ချွဲ့ ကိုယ်တိုင် ဆွဲထားခြင်း ဖြစ်၏။ သူက အသက် သုံးဆယ်ကျော်သာ ရှိသေးသော်လည်း ဆံပင်များ တော်တော်များများ ဖြူနေပြီ ဖြစ်သည်။
ဤတောင်ပိုင်း စစ်သေနာပတိချုပ် ရာထူးကို ရရှိရန်အတွက် မြို့တော်တွင် သူက အခြားသူများနှင့် အပြင်းအထန် လျှို့ဝှက် ယှဉ်ပြိုင်ခဲ့ရပြီး နိုင်ငံရေး အရင်းအနှီးများ မည်မျှတောင် ပေးဆပ်ခဲ့ရသနည်း။ ဤရာထူးကို ရပြီးတည်းက သူက နေ့စဉ်နှင့်အမျှ အစွမ်းကုန် ထုတ်သုံးကာ ဤစစ်ပွဲကို နိုင်ရန်အတွက်သာ ကြိုးပမ်းနေခဲ့ခြင်း ဖြစ်၏။
ပိုင်ရှင်မဲ့ နယ်မြေ၏ စစ်ရေးဗျူဟာတွင် တာယင်အင်ပါယာက အတော်လေး အရှုံးပေါ်နေသည်။ အဘယ်ကြောင့် ဆိုသော် ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကို တောင်ပိုင်းကျိုးအင်ပါယာက အလွန်အမင်း ထိုးဖောက် ဝင်ရောက် ထားသောကြောင့်ပင်။
ယန်ဖြန်ရှန်၏ သစ္စာဖောက်မှုကြောင့် တာယင်အင်ပါယာက ပိုင်ရှင်မဲ့ နယ်မြေ၌ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရ၏။
ယင်ချွဲ့က အရာအားလုံးကို ရှင်းလင်းစွာ သိရှိထား၏။ ယန်ဖြန်ရှန် တစ်ယောက်တည်း၏ သစ္စာဖောက်မှုကြောင့် ပိုင်ရှင်မဲ့ နယ်မြေတွင် လျှို့ဝှက်ထားသော တာယင်အင်ပါယာ၏ စစ်သူကြီး ရာကျော် အားလုံး အမြစ်ပြတ် ရှင်းလင်းခံရပြီး ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။
စစ်သူကြီး ရာကျော်ဆိုသည်မှာ မည်မျှ တန်ဖိုးကြီးမားသော အရင်းအမြစ်နည်း။ သူတို့၏ လက်အောက်တွင် စစ်တပ် မည်မျှ ရှိနေမည်နည်း။
တိုက်ခိုက်ရေး စွမ်းရည်ကို ကြည့်မည်ဆိုလျှင် တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင်အင်ပါယာတို့မှာ မတိမ်းမယိမ်းပင် ဖြစ်၏။ အင်ပါယာကြီး နှစ်ခုစလုံး၏ စစ်တပ်များက သွေးချောင်းစီး တိုက်ပွဲများမှ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့်ပင်။
တာယင်အင်ပါယာက လွန်ခဲ့သော ဆယ်စုနှစ်မက နှစ်များအတွင်း စစ်ပွဲကြီးများ မရှိခဲ့သော်လည်း လွန်ခဲ့သော နှစ်တစ်ရာအတွင်း၌မူ နိုင်ငံပေါင်းများစွာကို ဖျက်ဆီးကာ ဤမျှ ကျယ်ဝန်းသော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
တောင်ပိုင်းကျိုးအင်ပါယာမှာမူ ပြောစရာပင် မလိုချေ။ ဤနှစ်များအတွင်း တောင်ပိုင်းလူရိုင်းများကို အဆက်မပြတ် တိုက်ခိုက်နေပြီး ပြည်နယ် ဆယ်ခုကျော်ကို တိုးချဲ့ သိမ်းပိုက်နိုင်ခဲ့၏။
နိုင်ငံတော်၏ အင်အားကို ကြည့်မည်ဆိုလျှင် တာယင်အင်ပါယာက နံနက်ခင်း နေမင်းကြီးအလား တက်ကြွပြီး အရှိန်အဟုန် ပြင်းပြင်းဖြင့် တိုးတက်နေ၏။ သို့ပေမည့် တောင်ပိုင်းကျိုးအင်ပါယာကလည်း မွန်းတည့်နေအလား တောက်ပနေဆဲပင် ဖြစ်သည်။
ဤစစ်ပွဲကို အနိုင်ရရန်ဆိုသည်မှာ တကယ်ကို မလွယ်ကူလှပေ။ အကယ်၍ ရှုံးနိမ့်သွားပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်း။
တာယင်အင်ပါယာ၏ တိုးတက်နေသော အရှိန်အဟုန်က ချက်ချင်း ရပ်တန့်သွားမည်ဖြစ်ပြီး နောက်ထပ် ဆယ်နှစ်ကျော်အတွင်း နိုင်ငံတော်ကြီးကို ထပ်မံ ချဲ့ထွင်ရန် အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။ ထာဝရ အခွင့်အရေး ဆုံးရှုံးသွားခြင်းလည်း ဖြစ်နိုင်၏။
သူ ယင်ချွဲ့၏ ဘဝကလည်း လုံးဝ ပြီးဆုံးသွားမည် ဖြစ်သည်။ ပိုမို မြင့်မားသော နေရာသို့ တက်လှမ်းရန် မဆိုထားနှင့်၊ ယခု နယ်စားဘွဲ့ကိုပင် ဆက်လက် ထိန်းသိမ်းနိုင်ရန် မသေချာတော့ချေ။ အသက်ရှင်လျှင်တောင် အသုံးမကျသော လူတစ်ယောက်အဖြစ်သာ နေထိုင်ရတော့မည် ဖြစ်၏။
ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့ဆိုတဲ့ လူက တကယ်ကို ခေါင်းမာလွန်းတယ်။”
စတုတ္ထမင်းသား ယင်ချွဲ့က ခေါင်းညိတ်လိုက်၏။ “ပြီးပြည့်စုံမှုကို ပြောရမယ်ဆိုရင် အရင်တုန်းက ယန်ဖြန်ရှန်ရဲ့ စွမ်းဆောင်ရည်က ပြီးပြည့်စုံခဲ့တာပဲ။ ဒါပေမဲ့ ရလဒ်က ဘယ်လိုလဲဆိုတာ ကျုပ်တို့ အားလုံး အသိပဲလေ။”
ဖုန်းရှင်းမြဲ့က ဦးညွှတ်ကာ မေးလိုက်၏။ “နောက်ဆက်ပြီး ဘာလုပ်ရမလဲဆိုတာ မင်းသား ဆုံးဖြတ်ပေးပါ။”
စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်သည်။ “ပထမအချက်… ယွင်ကျုံးဟဲ့နဲ့ ဆက်သွယ်မှုကို ဆက်လက် ထိန်းသိမ်းထားပြီး သူ့ရဲ့ တွေးခေါ်မှု အခြေအနေကို အမြဲ သိနေအောင် လုပ်ရမယ်။ လေခွင်းမြို့ရဲ့ ဒီတိုက်ပွဲက မျှော်လင့်ချက် လုံးဝ မရှိဘူးလို့ ထင်ရပေမဲ့ တကယ်လို့ သူက အံ့ဖွယ်ဖြစ်ရပ် တစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။
ဒုတိယအချက်… ဟေးလုံထိုင်က အတော်ဆုံး လူတွေကို လေခွင်းမြို့ ပတ်ဝန်းကျင်မှာ လျှို့ဝှက် ချထားရမယ်။ မျက်နှာ မပြရဘူး၊ ယွင်ကျုံးဟဲ့နဲ့လည်း မဆက်သွယ်ရဘူး၊ ယွင်ကျုံးဟဲ့ရဲ့ သရုပ်မှန်ကိုလည်း လုံးဝ အသိမခံရဘူး။ သူတို့ရဲ့ တစ်ခုတည်းသော တာဝန်က နောက်ပိုင်း လေခွင်းမြို့ ရှုံးသွားရင် ယွင်ကျုံးဟဲ့နဲ့ ကျင်းကျုံးယွဲ့ကို နည်းလမ်းပေါင်းစုံ သုံးပြီး ကယ်ထုတ်လာဖို့ပဲ။ စစ်မြေပြင်မှာ လုံးဝ အသေမခံနိုင်ဘူး။”
ဖုန်းရှင်းမြဲ့က ချက်ချင်း မြေပြင်ပေါ်တွင် ဝပ်တွားလိုက်မိသည်အထိ ထိတ်လန့်သွားတော့၏။
အကယ်၍ ဒုတိယအချက်သာ ဖြစ်ပေါ်လာခဲ့ပါက ယွင်ကျုံးဟဲ့က မည်သည့် အောင်မြင်မှုမှ မရရှိခဲ့သည့်အပြင် အင်ပါယာက ကြီးမားသော စျေးနှုန်းပေးပြီး သူနှင့် ကျင်းကျုံးယွဲ့ကို ကယ်ထုတ်ပေးရတော့မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ဤအရာက ဖုန်းရှင်းမြဲ့ကို တာယင်အင်ပါယာမှ အရေးကြီး ပုဂ္ဂိုလ်များက စတုတ္ထမင်းသား ယင်ချွဲ့အပေါ် ပေးထားသော မှတ်ချက်တစ်ခုကို သတိရသွားစေ၏။
ထိုသူက ဧကရာဇ် ဖြစ်ရန် မသင့်တော်ပေ။ လုံလောက်သော အေးစက်ရက်စက်မှု မရှိသလို ဧကရာဇ်တို့၏ လှည့်ကွက်များကိုလည်း သိပ်မကျွမ်းကျင်ဟု ဆိုကြသည်။
စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်၏။ “ကိစ္စရပ်တွေက အမြဲတမ်း ပြောင်းလဲနေပေမဲ့ အခြေခံကတော့ အတူတူပါပဲ။ လူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်မှ အောင်မြင်မှု ရလိမ့်မယ်။”
ဖုန်းရှင်းမြဲ့က ခါးသက်စွာဖြင့် ပြောလိုက်သည်။ “ကောင်းပါပြီ။”
ထို့နောက် သူက အလေးအနက် ဦးညွှတ်ပြီး စတုတ္ထမင်းသား၏ အမိန့်ကို အကောင်အထည်ဖော်ရန် ထွက်ခွာသွား၏။ အစမှအဆုံးတိုင်အောင် သူ၏ အခက်အခဲများကို တစ်ခွန်းမှ မပြောဆိုခဲ့ချေ။
အကယ်၍ လေခွင်းမြို့ တိုက်ပွဲတွင် ကျင်းကျုံးယွဲ့သာ ရှုံးနိမ့်သွားပြီး ထန်ထိုင်မြဲ့မင်က လေခွင်းမြို့ကို သိမ်းပိုက်သွားပါက အင်ပါယာက ထန်ထိုင်မြဲ့မင်နှင့် ဆွေးနွေးရမည်ဖြစ်ပြီး ပေးဆပ်ရမည့် စျေးနှုန်းက အလွန်အမင်း ကြီးမားသွားလိမ့်ပေလိမ့်မည်။
အဓိကအားဖြင့် ထန်ထိုင်မြဲ့မင်က တောင်ပိုင်းကျိုးအင်ပါယာဘက်သို့ ပါသွားရန် အလားအလာ များနေခြင်းပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် တာယင်အင်ပါယာက တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် သိန်းချီကို ရင်ဆိုင်ရမည့် အပြင် ပိုင်ရှင်မဲ့ နယ်မြေမှ စစ်သည် သိန်းချီကိုပါ ရင်ဆိုင်ရတော့ပေမည်။
အခြေအနေက ဤမျှအထိ ဆိုးရွားသွားခဲ့ပါက ဖုန်းရှင်းမြဲ့ သေချာပေါက် သေရမည်ဖြစ်ပြီး သူ၏ မွေးစားဖခင် အကြီးအကဲရွှီလည်း သေချာပေါက် သေရမှာ ဖြစ်သည်။
ဟေးလုံထိုင်၏ ခေါင်းဆောင်ကြီးပင်လျှင် ဆွဲသွင်းခံရနိုင်၏။ အဘယ်ကြောင့်ဆိုသော် ဟေးလုံထိုင်က ပိုင်ရှင်မဲ့ နယ်မြေတွင် နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ပြီး အင်ပါယာအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သောကြောင့် ဧကရာဇ်မင်းမြတ်က ဟေးလုံထိုင်မှာ အသုံးမကျတော့ဟု တွေးတောသွားနိုင်သောကြောင့်ပင်။
ဖုန်းရှင်းမြဲ့ ထွက်သွားပြီးနောက် စတုတ္ထမင်းသား ယင်ချွဲ့က သူ၏ နားထင်ကို ဖိနှိပ်လိုက်၏။ သူက ရက်ပေါင်းများစွာ မအိပ်ရသေးသောကြောင့် ခေါင်းများ မူးဝေနေခြင်း ဖြစ်သည်။ ယခု ယွင်ကျုံးဟဲ့၏ သတင်းကို ကြားလိုက်ရချိန်မှာတော့ ခေါင်းများ ပိုမို ကိုက်ခဲလာတော့၏။
ဘေးတွင် မည်သူမှ မရှိသည်ကို မြင်ချိန်မှာတော့ စတုတ္ထမင်းသား ယင်ချွဲ့က သူ၏ နဖူးဖြင့် နံရံပေါ်ရှိ မြေပုံကို သွားရောက် ဆောင့်လိုက်သည်။ အနည်းငယ် အားပါးတရပင် ဆောင့်လိုက်သေးသည်။
“ဒုန်း... ဒုန်း... ဒုန်း…”
ဤသို့ ပြုလုပ်လိုက်ခြင်းဖြင့် သူ၏ ခေါင်းကိုက်မှု အနည်းငယ် သက်သာသွားမည်ဟု ယူဆမိနေ၏။ သူ၏ ပခုံးပေါ်တွင် မည်မျှတောင် ကြီးမားသော ဖိအားများ ရှိနေမည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
အပြင်ဘက်မှ မိန်းမစိုး သိုင်းပညာရှင်က ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။ “မင်းသား… ဘာဖြစ်လို့လဲ။”
စတုတ္ထမင်းသား ယင်ချွဲ့က ခေါင်းဆောင့်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေသကဲ့သို့ ဟန်ဆောင်ကာ ဖြေလိုက်၏။ “ဘာမှမဖြစ်ပါဘူး။”
...............
ကျင်းကျိုးမြို့၊ တောင်ပိုင်းကျိုးအင်ပါယာ၏ မြောက်ပိုင်း စစ်သေနာပတိချုပ်ရုံး
မကြာမီ ဖြစ်ပေါ်လာမည့် စစ်ပွဲကြီးက တာယင်အင်ပါယာ၏ နိုင်ငံတော် ကံကြမ္မာနှင့် သက်ဆိုင်ရုံသာမက တောင်ပိုင်းကျိုးအင်ပါယာ၏ နိုင်ငံတော် ကံကြမ္မာနှင့်လည်း တိုက်ရိုက် ပတ်သက်နေသည်။
ဤမြောက်ပိုင်း စစ်သေနာပတိချုပ် ရာထူးမှာ တကယ်ကို နိုင်ငံတော် တစ်ခုလုံး၏ ကံကြမ္မာကို ထမ်းပိုးထားရပြီး အင်ပါယာ၏ စစ်တပ် တစ်ဝက်ခန့်ကို ကိုင်စွဲထားခြင်း ဖြစ်သည်။
တာယင်အင်ပါယာတွင် စတုတ္ထမင်းသား ယင်ချွဲ့က စစ်သေနာပတိချုပ် ဖြစ်သကဲ့သို့၊ တောင်ပိုင်းကျိုး အင်ပါယာတွင်မူ အိမ်ရှေ့စံမင်းသား ကျိုးလီက ကိုယ်တိုင် စစ်သေနာပတိချုပ်အဖြစ် တာဝန်ယူထားသည်။
မြို့စား နုလန်ဟောက် (ဒေါသလှိုင်း နယ်စား) က ဒုစစ်သေနာပတိချုပ်အဖြစ် တာဝန်ယူထားသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သူက တောင်ပိုင်းကျိုးအင်ပါယာအတွက် ကြီးမားသည့် အောင်မြင်မှုများစွာ ရယူပေးခဲ့၏။
တောင်ပိုင်း လူရိုင်းများကို တိုက်ခိုက်သော စစ်ပွဲများ၏ တစ်ဝက်ကျော်ကို အောက်ရှင်း(နုလန်ဟောက်) ကိုယ်တိုင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူက တောင်ပိုင်းကျိုးအင်ပါယာအတွက် စတုရန်းကီလိုမီတာ တစ်သန်းကျော်ခန့် ကျယ်ဝန်းသော နယ်မြေများကို တိုးချဲ့ပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် နင်အန်းနယ်စားကတော်က နုလန်ဟောက်၏ သားမှာ လောကတွင် အသုံးမကျဆုံး လူတစ်ယောက် ဖြစ်နေသော်လည်း ဧကရာဇ်မင်းမြတ်က အမြဲတမ်း ဆုချီးမြှင့်နေရသည်ဟု ပြောခဲ့ခြင်း ဖြစ်၏။
ဤမျှ ကြီးမားသော အောင်မြင်မှုများ ရှိနေသောကြောင့် အောက်ရှင်း၏ သားမှာ အသုံးမကျသူ ဖြစ်နေရန် မဆိုထားနှင့်၊ ဝက်တစ်ကောင် ဖြစ်နေလျှင်ပင် ဧကရာဇ်မင်းမြတ်က နှာခေါင်းပိတ်ကာ ဆုချီးမြှင့်ရမည်သာ ဖြစ်သည်။
တောင်ပိုင်းကျိုးအင်ပါယာအတွက်မူ အောက်ရှင်း၏ အောင်မြင်မှုများက အလွန် များပြားလွန်းသောကြောင့် ဧကရာဇ်မင်းမြတ်က သူ့ကို ဆက်လက် အသုံးမပြုချင်တော့ချေ။ ဆုချစရာ ဘာမှ မရှိတော့သောကြောင့် ဖြစ်၏။
သို့ပေမည့် ဤနိုင်ငံတော် ကံကြမ္မာနှင့် သက်ဆိုင်သော စစ်ပွဲကြီးက အလွန် အရေးကြီးလွန်းသောကြောင့် အောက်ရှင်းကို နောက်တစ်ကြိမ် ပြန်လည် အသုံးပြုကာ ဒုစစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခဲ့ရခြင်း ဖြစ်သည်။
သေချာသည်မှာ ဒုစစ်သေနာပတိချုပ်ဟု အမည်ခံထားသော်လည်း တကယ် စစ်တိုက်ရမည်မှာ အိမ်ရှေ့စံမင်းသား ကျိုးလီ မဟုတ်ဘဲ အောက်ရှင်းသာ ဖြစ်၏။
အကယ်၍ ပိုင်ရှင်မဲ့ နယ်မြေ၏ ဤစစ်ပွဲကြီးတွင် အနိုင်ရရှိသွားပါက တောင်ပိုင်းကျိုအင်ပါယာ၏ အင်ပါယာစနစ် အုတ်မြစ်ကို ပိုမို ခိုင်မာသွားစေမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် အောက်ရှင်းသည် မြို့စားကြီးအဖြစ် သေချာပေါက် ခန့်အပ်ခံရမည်ဟု လူတိုင်းက ပြောကြသည်။
တောင်ပိုင်းကျိုးအင်ပါယာတွင် မြို့စားကြီးအဖြစ် မခန့်အပ်သည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မြို့စားကြီး အများစုမှာ နိုင်ငံစတင် တည်ထောင်ချိန်က ခန့်အပ်ခဲ့ခြင်း ဖြစ်၏။
အခြား မျိုးရိုးမှ ဘုရင်အဖြစ် ခန့်အပ်ခြင်းမျိုးလည်း ရှိခဲ့ဖူးသော်လည်း ၎င်းမှာ ပြင်ပလူမျိုးများကိုသာ ခန့်အပ်ခြင်း ဖြစ်သည်။ ပြည်တွင်းတွင်မူ နိုင်ငံတည်ထောင်ချိန်နှင့် ပုန်ကန်မှု နှိမ်နင်းချိန်များမှလွဲ၍ ပုံမှန် ဧကရာဇ်များ လက်ထက်တွင် မြို့စားကြီး ခန့်အပ်ခြင်းမှာ အလွန် ရှားပါးလှပေသည်။
တောင်ပိုင်း အိမ်ရှေ့စံမင်းသား ကျိုးလီသည် ရှားရှားပါးပါး ချောမောသည့် အမျိုးသား တစ်ဦး ဖြစ်ပြီး ဓားရေး၊ စာရေး၊ စစ်တုရင် အားလုံးတွင် အလွန် ထူးချွန်သည့်အပြင် စစ်ရေးဗျူဟာတွင်လည်း အတော်လေး ကျွမ်းကျင်သူ ဖြစ်၏။ သူ၏ ရှေ့တွင် စစ်တုရင်ခုံ တစ်ခု ရှိနေပြီး ဘာအရုပ်မှ မရှိသေးချေ။
ကျိုးလီက ပြုံးလျက် မေးလိုက်သည်။ “ဘယ်လိုလဲ… မြို့စား နုလန်ဟောက် မအားဘူးလား။”
မိန်းမစိုးအိုကြီးက ဖြေလိုက်၏။ “မြို့စား နုလန်ဟောက်က အလုပ်များနေလို့ မင်းသားနဲ့ စစ်တုရင် မကစားနိုင်ဘူးတဲ့။ တောင်းပန်တယ်လို့ ပြောပါတယ်။”
အိမ်ရှေ့စံမင်းသား ကျိုးလီက ပြုံးလျက် ပြောလိုက်သည်။ “ရပါတယ်… ရပါတယ်… ကျုပ်က အရမ်း လောသွားတာပါ။”
ထို့နောက် သူက သူ့ကိုယ်သူ အားပေးသကဲ့သို့ ကိုယ်တိုင်ပင် စစ်တုရင် ကစားနေလိုက်၏။ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် ဖိတ်ခေါ်သည်ကိုတောင် မြို့စား နုလန်ဟောက် အောက်ရှင်းက ငြင်းပယ်ရဲသည်ဆိုမှတော့ ထိုသူ မည်မျှ မာနကြီးသနည်း ဆိုသည်ကို သိနိုင်ပေမည်။
....................
အပိုင်း (၁၄၄)
ကျိုးလီက ထပ်မေးလိုက်သည်။ “ယန်ဖြန်ရှန် ဘက်ကကော အောင်မြင်သွားပြီလား။”
မိန်းမစိုးအိုကြီးက ဖြေလိုက်၏။ “အောင်မြင်သွားပါပြီ။ ယွင်ကျုံးဟဲ့ကို တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှို လောက်ချန်းလို့ အောင်မြင်စွာ စွပ်စွဲနိုင်ခဲ့ပါပြီ။ ထန်ထိုင်မြဲ့မင်ကလည်း စစ်တပ်ကြီး စုရုံးပြီး လေခွင်းမြို့ကို လာတိုက်ဖို့ ပြင်နေပါပြီ။”
ကျိုးလီက ပြုံးလိုက်သည်။ “အို… ဒါဆို ကောင်းတာပေါ့။”
မိန်းမစိုးအိုကြီးက မေးလိုက်၏။ “ထန်ထိုင်မြဲ့မင်ဆီကို လူလွှတ်ပြီး ထပ်ဆွေးနွေးဖို့ လိုသေးလား။”
ကျိုးလီက ပြန်မေးလိုက်သည်။ “ကျုပ်တို့ရဲ့ စစ်တပ်တွေကို သူ့ရဲ့ စစ်တပ်ထဲ ရောထည့်ပြီး လေခွင်းမြို့ကို အတူတူ သွားတိုက်ဖို့လား။”
မိန်းမစိုးအိုကြီးက ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။”
ကျိုးလီက ခေါင်းခါယမ်းလိုက်သည်။ “မလိုတော့ပါဘူး။”
မိန်းမစိုးအိုကြီးက ပြောလိုက်၏။ “မင်းသား… ဒီထန်ထိုင်မြဲ့မင်က နည်းနည်း အရမ်း မာနကြီးလွန်းတယ်။ သူက တစ်ဖက်မှာ ကျုပ်တို့ဆီက အကူအညီတွေကို အပြည့်အဝ လိုချင်နေပြီး နောက်တစ်ဖက်မှာကျတော့ ဘာကတိမှ မပေးဘူး။ ကျုပ်တို့ အင်ပါယာရဲ့ စစ်တပ်တွေကို ပိုင်ရှင်မဲ့ နယ်မြေထဲ ဝင်ခွင့်မပြုသလို လေခွင်းမြို့ကို တိုက်မယ့် တိုက်ပွဲမှာလည်း ကျုပ်တို့ စစ်တပ်တွေကို မပါဝင်ခိုင်းဘူး။ ဒီလို ခေါင်းမာတဲ့သူမျိုးနဲ့ ပူးပေါင်းတာက ကျားဆီက အရေခွံ တောင်းနေသလိုပဲ။”
ကျိုးလီက ပြုံးလိုက်သည်။ “သူက စစ်တုရင် ကစားသူ ဖြစ်ချင်နေတာလေ။ ကျုပ်တို့ အင်ပါယာကြီး နှစ်ခုနဲ့အတူ စစ်တုရင် ကစားချင်နေတာဆိုတော့ အထင်သေးလို့တော့ မရဘူး။”
မိန်းမစိုးအိုကြီးက တီးတိုးမေးလိုက်၏။ “ဒါဆိုရင် ပိုပြီးတော့တောင်…”
အိမ်ရှေ့စံမင်းသားက လက်ကာပြပြီး ပြောလိုက်သည်။ “ကျုပ် ပြောပြီးသားပဲ။ ပိုင်ရှင်မဲ့ နယ်မြေရဲ့ ထောက်လှမ်းရေးနဲ့ သံတမန်ရေးရာ ကိစ္စ အားလုံးကို ယန်ဖြန်ရှန်ဆီ လွှဲပေးထားတာလို့။ သူ့ဆီ လွှဲပေးထားမှတော့ ဝင်မစွက်ဖက်ပါနဲ့။ သူ့အစီအစဉ်တွေ ပျက်စီးသွားမှာ စိုးတယ်။”
မိန်းမစိုးအိုကြီးက အားမလို အားမရ ပြောလိုက်၏။ “ကိစ္စက အရမ်း ကြီးမားလွန်းလို့ပါ။ ယန်ဖြန်ရှန်က ကျုပ်တို့လူ ဆိုပေမဲ့ သူက တာယင်အင်ပါယာမှာ ဆယ်နှစ်လောက် နေခဲ့ဖူးတယ်လေ။”
“ဒုန်း”
အိမ်ရှေ့စံမင်းသားက စစ်တုရင်ရုပ်ကို ချလိုက်သည့် အသံက အနည်းငယ် ပိုကျယ်သွားသည်။
ချက်ချင်းပဲ မိန်းမစိုးအိုကြီးက မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်တွားလိုက်ပြီး မလှုပ်မယှက် နေတော့၏။
အိမ်ရှေ့စံမင်းသား ကျိုးလီက ပြောလိုက်၏။ “သံသယရှိရင် မသုံးနဲ့၊ သုံးရင် သံသယမရှိနဲ့။ ကျုပ်က ယန်ဖြန်ရှန်ကို ယုံကြည်တယ်။ သူ့ရဲ့ သစ္စာစောင့်သိမှုနဲ့ ဉာဏ်ပညာက ကျုပ် တစ်သက်လုံး မြင်ဖူးသမျှထဲမှာ အတော်ဆုံးပဲ။
အဘိုး… အဘိုးက ကျုပ်ကို ကြီးပြင်းလာအောင် စောင့်ရှောက်ပေးခဲ့သူ ဆိုပေမဲ့ ယန်ဖြန်ရှန်ရဲ့ အတင်းအဖျင်းတွေကို ဆက်ပြောနေမယ်ဆိုရင် ကျုပ် ဆုံးဖြတ်ရ ခက်သွားလိမ့်မယ်။”
ချက်ချင်းပဲ ထိုမိန်းမစိုးအိုကြီးက မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်တွားလျက် ခေါင်းကို အကြိမ်ကြိမ် ဆောင့်ကာ ပြောလိုက်သည်။ “ကျုပ် မှားသွားပါတယ်။ မင်းသား ခွင့်လွှတ်ပါ။ မင်းသား ခွင့်လွှတ်ပါ။”
ကျိုးလီက သက်ပြင်းချကာ ပြောလိုက်၏။ “သူက သူ့အသက်နဲ့ ကျုပ်အပေါ် သစ္စာစောင့်သိခဲ့တယ်။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာအပေါ် သစ္စာစောင့်သိခဲ့တယ်။ သူ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့။”
မိန်းမစိုးအိုကြီးက ခေါင်းမှ သွေးထွက်သည်အထိ ဆောင့်လျက် တုန်ယင်စွာ ပြောလိုက်သည်။ “ကောင်းပါပြီ… ကျုပ်က မိန်းမစိုး တစ်ယောက်မို့လို့ ဉာဏ်မမီတာပါ။ မှားသွားပါတယ်။”
ကျိုးလီက ပြောလိုက်၏။ “အဘိုး ထပါတော့။ မိုးလည်း ချုပ်နေပြီ။ မြို့စား နုလန်ဟောက်က အရမ်း ပင်ပန်းနေလောက်ပြီ။ ကျုပ် စောဏက ဂျင်ဆင်းဆန်ပြုတ် ချက်ထားတယ်။ အဘိုး သွားပို့ပေးလိုက်ပါ။”
မိန်းမစိုးအိုကြီးက ဦးညွှတ်လျက် ပြောလိုက်သည်။ “ကောင်းပါပြီ။”
ထို့နောက် သူက ဂျင်ဆင်းဆန်ပြုတ်ကို ချိုင့်င့်ထဲသို့ သေချာ ထည့်ပြီး မြို့စား နုလန်ဟောက် အောက်ရှင်းထံ သွားပို့ရန် ပြင်လိုက်၏။
ကျိုးလီက မှာလိုက်သည်။ “အဘိုး… ဆန်ပြုတ် သွားပို့ရုံပဲ ပို့ပါ။ ကျုပ် ကိုယ်တိုင် ချက်ထားတယ်ဆိုတာ မပြောနဲ့နော်။ မြို့စား နုလန်ဟောက် စိတ်အနှောင့်အယှက် ဖြစ်သွားမှာစိုးတယ်။”
မိန်းမစိုးအိုကြီးက ဦးညွတ်လိုက်၏။ “ကောင်းပါပြီ မင်းသား”
........
မိန်းမစိုးအိုကြီး ထွက်သွားပြီးနောက် ကျိုးလီကလည်း စစ်တုရင် ဆက်မကစားတော့ဘဲ မြေပုံကြီးရှေ့သို့ သွားကာ အပြင်းအထန် စဉ်းစားနေ၏။ သူ၏ အကြည့်များကလည်း လေခွင်းမြို့၏ တည်နေရာဆီသို့သာ ရောက်နေသည်။
ဤစစ်ပွဲက ယင်ချွဲ့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သလို သူ ကျိုးလီ၏ ကံကြမ္မာကိုလည်း ဆုံးဖြတ်ပေးနိုင် ပေသည်။
လောက၏ အခြေအနေများက အချို့အချိန်များတွင် တကယ်ကို ဆန်းကြယ်လွန်းလှ၏။ အချို့လူများက သာမန် လူငယ်လေးများ ဖြစ်သော်လည်း အရေးကြီးသော အချိန်ရောက်ပါက လောက၏ အခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိကြ၏။
ဥပမာအားဖြင့် ယွင်ကျုံးဟဲ့၏ ယခုကဲ့သို့ ခေါင်းမာသော လုပ်ရပ်လေး တစ်ခုကပင် အင်ပါယာကြီး နှစ်ခု၏ စစ်သည် သိန်းချီ၏ လှုပ်ရှားမှုများကို တုန်လှုပ်သွားစေခဲ့သည်။
တကယ်ကို အမေဇုန်တောထဲမှ လိပ်ပြာလေး တောင်ပံခတ်လိုက်သည်နှင့် ပစိဖိတ်သမုဒ္ဒရာတွင် မုန်တိုင်းကြီး ဖြစ်သွားသကဲ့သို့ပင် ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့ကလည်း ဤသို့လုပ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။ သူက ကျင်းကျုံးယွဲ့ကို စိတ်ပျက်အောင် လုပ်ရက်ပါ့မည်လား။ မလုပ်ရက်ချေ။
ထိုသို့ဆိုလျှင် သူက တာယင်အင်ပါယာကိုကော စိတ်ပျက်အောင် လုပ်ရက်ပါ့မည်လား။ တကယ်တော့ မလုပ်ရက်ပေ။
အကယ်၍ လေခွင်းမြို့ထဲတွင်သာ နေမည်ဆိုပါက သေချာ မြင်ရမည် မဟုတ်ချေ။ သို့ပေမည့် အင်ပါယာကြီး နှစ်ခုဘက်မှနေ၍ ကြည့်မည်ဆိုပါက ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက စစ်တုရင်ခုံကြီး တစ်ခုသဖွယ် ဖြစ်နေသည်ကို တွေ့ရပေမည်။ လေခွင်းမြို့ကတော့ စစ်တုရင်ခုံ၏ အရေးအကြီးဆုံး နေရာပင် ဖြစ်၏။
စစ်တုရင် ကစားသူ နှစ်ဦးမှာ တာယင်အင်ပါယာ၏ စတုတ္ထမင်းသား ယင်ချွဲ့နှင့် တောင်ပိုင်းကျိုးအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျိုးလီ တို့ပင် ဖြစ်သည်။ ထန်ထိုင်မြဲ့မင်ကတော့ ပိုင်ရှင်မဲ့ နယ်မြေ၏ ခေါင်းဆောင်အနေဖြင့် တတိယမြောက် စစ်တုရင် ကစားသူ ဖြစ်လာရန် ကြိုးစားနေလေသည်။
ထိုသို့ဆိုပါက ဤစစ်တုရင်ခုံတွင် အရေးအကြီးဆုံး လူက မည်သူနည်း။ အရိပ်အလား လှုပ်ရှားနေသော ယန်ဖြန်ရှန်ပင် ဖြစ်၏။ သူက တစ်ခါမှ မျက်နှာ မပြဖူးသော်လည်း စစ်တုရင်ပွဲ တစ်ခုလုံး၏ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်သူ ဖြစ်နေ၏။
ယခုချိန်တွင် စစ်တုရင်ခုံ၏ အလယ်ဗဟို၌ ရှိနေသူက ဘယ်သူနည်း။ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ ဖြစ်၏။ ပို၍ တိတိကျကျ ပြောရလျှင် ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ဖြစ်သည်။
သို့ပေမည့် ခေါင်းမာသော သူကတော့ ဤအချက်ကို သိပ်ပြီး နားလည်ပုံ မပေါ်ချေ။ သူက ဤအချက်ကို ရှင်းလင်းစွာ သိသော်လည်း တကယ် ခံစားမိမည် မဟုတ်ပေ။
သူ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိ၏။ ကျင်းကျုံးယွဲ့ကို စိတ်ပျက်အောင် မလုပ်ဘူး၊ တာယင်အင်ပါယာကိုလည်း စိတ်ပျက်အောင် မလုပ်ဘူးဆိုသည်သာ ဖြစ်သည်။
အမှန်တကယ်တွင် တာယင်အင်ပါယာဆိုသည်မှာ သူ့အတွက် မှုန်ဝါးဝါးသာ ရှိသေး၏။ သူ့အတွက်တော့ တာယင်အင်ပါယာဆိုသည်မှာ ဖုန်းရှင်းမြဲ့ပင် ဖြစ်သည်။ သူ၏ ကံကြမ္မာကို အမြဲတမ်း စောင့်ကြည့်နေသော စတုတ္ထမင်းသား ယင်ချွဲ့ဆိုသည်ကို ယွင်ကျုံးဟဲ့က တစ်ခါမှ မမြင်ဖူးသလို သိပ်ပြီးတောင် မသိချေ။
သို့ပေမည့် ဖုန်းရှင်းမြဲ့ပင် ဖြစ်စေ၊ စတုတ္ထမင်းသား ယင်ချွဲ့ပင် ဖြစ်စေ သူ၏ ခေါင်းမာမှုကို အပြစ်မတင်နိုင်ပေ။ ယွင်ကျုံးဟဲ့ ကိုယ်တိုင်သာ သိ၏။ ယခုချိန်တွင် ကျင်းကျုံးယွဲ့ကို အမှန်အတိုင်း ဖွင့်ပြောလိုက်ပါက အရာအားလုံး ပျက်စီးသွားမည်သာ ဖြစ်သည်။ လမ်းခွဲရသည်အထိတောင် ဖြစ်သွားနိုင်၏။
ကျင်းကျုံးယွဲ့က ပုံမှန် အမျိုးသမီး တစ်ယောက် မဟုတ်ပေ။ သူမက သေရမည်ကို မကြောက်ချေ။ အမြဲတမ်း အတူတူ သေရန်၊ တိုက်ပွဲတွင် ရှုံးပါက ဓားပြ သွားလုပ်ရန်သာ စဉ်းစားနေသူ ဖြစ်၏။ ဤသို့သော မိန်းမမျိုးကို အတင်းအကျပ် ခိုင်းစေ၍ မရပေ။ သို့သော်ငြား သေချာပေါက် ကုတင်ပေါ်တွင် ဖျောင်းဖျ၍တော့ ရနိုင်ပေသည်။
...............
ထန်ထိုင်မြို့
ထန်ထိုင်မြဲ့မင်က အခန်းတွင်းရှိ ရေရဟတ်ဘေးတွင် ထိုင်ကာ လက်ဖက်ရည် ကျိုနေဆဲဖြစ်ပြီး စာရေးတော်ကြီး၏ သတင်းပို့ချက်ကို ကြားချိန်မှာတော့ ပြုံးလိုက်၏။
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့ ဆိုတဲ့ မိန်းမရဲ့ တုံ့ပြန်မှုက ငါ ထင်ထားတဲ့အတိုင်းပဲ။ သေချင် သေပါစေ ယွင်ကျုံးဟဲ့ကို ထုတ်မပေးဘူး။ ကောင်းတယ်… သိပ်ကောင်းတယ်။ ဒီလိုမှပေါ့။ ဒီလောကမှာ ဘယ်လို ရန်သူမျိုးက အကောင်းဆုံးလဲ။ စိတ်ခံစားမှု နောက်ကို လိုက်တဲ့ ရန်သူက ချစ်စရာ အကောင်းဆုံးပဲ။
စစ်ကြေညာစာ ထုတ်လိုက်တော့။ ပြီးရင် ချက်ချင်း စစ်တပ် စုရုံးမယ်။ စစ်သည် တစ်သိန်းနဲ့ လေခွင်းမြို့ကို အရပ်လေးမျက်နှာကနေ ဝိုင်းထား၊ ကျင်းမိသားစုကို လုံးဝ အမြစ်ပြတ် ချေမှုန်းပြီး လေခွင်းမြို့ကို သိမ်းပိုက်မယ်။”
စာရေးတော်ကြီးက ဦးညွှတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ… ဂုဏ်ပြုပါတယ် သခင်ကြီး… ဂုဏ်ပြုပါတယ်။ လေခွင်းမြို့ကို သိမ်းပိုက်နိုင်ရင် သခင်ကြီးရဲ့ ဘုရင်ဖြစ်မယ့် အိပ်မက်က တစ်ဝက်လောက် အောင်မြင်သွားပါပြီ။”
ထန်ထိုင်မြဲ့မင်က သက်ပြင်းချလိုက်သည်။ “ဟူး… အခက်အခဲတွေ အများကြီး ကြုံပြီးမှ လမ်းမှန်ပေါ် ပြန်ရောက်လာတော့တယ်။ အဲဒီ ယွင်ကျုံးဟဲ့က အရမ်း လှုပ်ရှားလွန်းတယ်။ သူသာ မဟုတ်ရင် ဒီလောက် စျေးကြီးပေးစရာ မလိုပါဘူး။”
ထိုအချိန်တွင် လူတစ်ယောက် ဝင်လာပြီး ဒူးထောက်ကာ လျှောက်တင်၏။ “သခင်ကြီး… သခင်ကြီးယန်ရဲ့ ကိုယ်စားလှယ် ရောက်လာပါတယ်။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်ပြီး လျှို့ဝှက်ခန်းအတွင်းသို့ ဝင်သွား၏။ ခဏအကြာတွင် ထန်ထိုင်မြဲ့မင်နှင့် ယန်ဖြန်ရှန်၏ ကိုယ်စားလှယ်တို့ တွေ့ဆုံကြသည်။
ထန်ထိုင်မြဲ့မင်က ပြုံးလျက် ပြောလိုက်၏။ “သခင်ကြီးယန်က အရမ်း အလုပ်များနေတာပဲ။”
ကိုယ်စားလှယ်က ပြန်ပြောလိုက်သည်။ “သခင်ကြီးယန်မှာ ပိုအရေးကြီးတဲ့ အလုပ်တွေ ရှိနေလို့ပါ။ တကယ်တော့ ဟေးလုံထိုင်မှာ ကျုပ်ရဲ့ ရာထူးက သခင်ကြီးယန်ထက် ပိုမြင့်ပါတယ်။ ပြီးတော့ ကျုပ်က အင်ပါယာရဲ့ နယ်စားဘွဲ့ကို မျိုးရိုးစဉ်ဆက် ဆက်ခံထားတာဖြစ်လို့ သခင်ကြီး ထန်ထိုင်နဲ့ အဆင့်အတန်း တူညီပါတယ်။”
ထန်ထိုင်မြဲ့မင်က ပြုံးလိုက်၏။ “ကျုပ် မေ့တော့မလို့ပဲ။ ခင်ဗျားက တောင်ပိုင်းကျိုးအင်ပါယာရဲ့ အသက်အငယ်ဆုံး နယ်စားလေးလေ။ အိမ်ရှေ့စံမင်းသားရဲ့ ညာလက်ရုံးပဲ။”
ကိုယ်စားလှယ်က ခေါင်းခါလိုက်သည်။ “ကျုပ်ရဲ့ နယ်စားဘွဲ့က ဘိုးဘေးတွေရဲ့ ကျေးဇူးကြောင့် ရလာတာပါ။ ကျုပ်နဲ့ ဘာမှ မဆိုင်ပါဘူး။”
ထန်ထိုင်မြဲ့မင်က မေးလိုက်၏။ “ခင်ဗျားလို အင်ပါယာရဲ့ နယ်စားတစ်ယောက်က ယန်ဖြန်ရှန်ရဲ့ အမိန့်ကို နာခံချင်နေတာလား။”
ကိုယ်စားလှယ်က ဖြေလိုက်သည်။ “ကျုပ် အလေးစားဆုံးက သခင်ကြီးယန်ပါပဲ။ သူ့အတွက် အလုပ်လုပ်ပေးရတာ ဂုဏ်ယူစရာပါ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် သိဖို့ လိုပါတယ်။ ကျုပ်က အရည်အချင်းလည်း မကြီးမားသလို ရည်မှန်းချက်လည်း မကြီးမားပါဘူး။”
ထန်ထိုင်မြဲ့မင်က လက်ခုပ်တီးကာ ပြောလိုက်၏။ “နယ်စားလုက တကယ် တော်ပါတယ်။ သခင်ကြီးယန်ဖြန်ရှန်က ပိုလို့တောင် တော်သေးတယ်။”
ကိုယ်စားလှယ်က လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားနဲ့ သခင်ကြီးယန်တို့က ကျုပ်ကို လွှတ်လိုက်တာ သခင်ကြီး ထန်ထိုင်ကို ဂုဏ်ပြုဖို့ပါ။ သခင်ကြီးရဲ့ ရည်မှန်းချက် အောင်မြင်တော့မယ်လေ။ လေခွင်းမြို့ကို သိမ်းပိုက်လိုက်တာနဲ့ ပိုင်ရှင်မဲ့ နယ်မြေရဲ့ အသက်သွေးကြောကို ကိုင်စွဲလိုက်နိုင်ပြီ ဖြစ်ပြီး ဘုရင်ရာထူး ရဖို့ကလည်း တစ်ဝက် ရောက်လာပြီပေါ့။”
ထန်ထိုင်မြဲ့မင်က ငြင်းဆန်လိုက်၏။ “မဖြစ်နိုင်ပါဘူး… မဖြစ်နိုင်ပါဘူး။ တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်မင်းမြတ်က အလွန် ဉာဏ်ပညာကြီးမားပြီး အစွမ်းထက်ပါတယ်။ ကျုပ် ထန်ထိုင်မြဲ့မင်က ဒီလို ကမောက်ကမ ခေတ်ကြီးမှာ အသက်ရှင်နေရတာကိုပဲ ဝမ်းသာနေပါပြီ။
ဘယ်လိုလုပ်ပြီး မဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုး ရှိရမှာလဲ။ ဘုရင်ဖြစ်ဖို့ဆိုတာ လုံးဝ မတွေးဖူးပါဘူး။ အိပ်မက်ထဲမှာတောင် မမက်ဖူးပါဘူး။ နယ်စားလုက အရည်အချင်း မကြီးမားသလို ရည်မှန်းချက်လည်း မကြီးမားဘူးလို့ ပြောတယ် မှတ်လား။ ကျုပ် ထန်ထိုင်မြဲ့မင်က အရည်အချင်း ပိုနည်းသလို ရည်မှန်းချက်ကလည်း ပိုနည်းပါတယ်။”
ကိုယ်စားလှယ်က မျက်မှောင်ကြုတ်သွား၏။ ထန်ထိုင်မြဲ့မင်ကဲ့သို့သော မြေခွေးအိုကြီးနှင့် ဆွေးနွေးရသည်မှာ တကယ်ကို ခေါင်းကိုက်စရာ ကောင်းလှသည်။
ကိုယ်စားလှယ်က ကမ်းလှမ်းလိုက်၏။ “အိမ်ရှေ့စံမင်းသားနဲ့ သခင်ကြီးယန်တို့က ကျုပ်ကို လွှတ်လိုက်တာ သခင်ကြီး ထန်ထိုင်ကို ပြောပြဖို့ပါ။ ဒီတစ်ခါ လေခွင်းမြို့ကို တိုက်မယ့် တိုက်ပွဲမှာ ကျုပ်တို့က စစ်တပ် တစ်တပ်ကို အလကား ပေးပြီး ကူညီပေးချင်ပါတယ်။ ဘယ်လောက် လိုချင်သလဲ အကုန် ပေးပါ့မယ်။
ပြီးတော့ ဘယ်တပ်မှူးချုပ်မှ ပါမှာ မဟုတ်ပါဘူး။ တပ်မှူးတောင် ပါမှာ မဟုတ်ပါဘူး။ စစ်တပ် တစ်ခုလုံးရဲ့ အမိန့်ပေးခွင့်ကို သခင်ကြီးဆီ အပ်နှင်းထားမှာပါ။ သူတို့ရဲ့ သေရေးရှင်ရေးကိုလည်း သခင်ကြီးကပဲ ဆုံးဖြတ်ပါ။”
ထန်ထိုင်မြဲ့မင်က ငြင်းပယ်လိုက်သည်။ “မလိုပါဘူး။ ကျုပ်ဆီမှာ စစ်သည် တစ်သိန်း ရှိပါတယ်။ ကျင်းမိသားစုကို ရှင်းလင်းဖို့နဲ့ လေခွင်းမြို့ကို သိမ်းပိုက်ဖို့ဆိုတာ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်။ လေခွင်းမြို့ကို တိုက်မယ့် တိုက်ပွဲက ပိုင်ရှင်မဲ့ နယ်မြေရဲ့ ကိစ္စပါ။ ထန်ထိုင်မိသားစုရဲ့ တာဝန်ပါ။ ဘယ်လိုလုပ်ပြီး တောင်ပိုင်းကျိုးအင်ပါယာကို ဒုက္ခပေးရက်မှာလဲ။”
ကိုယ်စားလှယ်က မေးလိုက်၏။ “တကယ် မလိုဘူးဆိုတာ သေချာလား။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်သည်။ “တကယ် မလိုပါဘူး။”
ကိုယ်စားလှယ်က မချိတင်ကဲမျက်နှာဖြင့် ဦးညွှတ်ကာ ပြောလိုက်၏။ “ဒါဆိုရင်လည်း ဒီကနေပဲ သခင်ကြီး ထန်ထိုင် အောင်မြင်မှုတွေ ရပါစေလို့ ဂုဏ်ပြုလိုက်ပါတယ်။”
................................