အခန်း (၁၄၅-၁၄၆)
Vol. 13 Ch. 145-146
အပိုင်း (၁၄၅)
ထန်ထိုင်မြဲ့မင်၏ အမိန့်ပေးသံနှင့်အတူ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး လှုပ်ရှားလာတော့၏။ မြို့စား တစ်ဒါဇင်ကျော်၏ စစ်တပ်များ စတင် စုရုံးလာကြသည်။ လှိမ့်ဝင်လာသော တိမ်မဲကြီးများအလား စုစည်းလာကြ၏။
လေခွင်းမြို့ကို တိမ်မဲများ ဖုံးလွှမ်းလာတော့သည်။ အချိန်မရွေး ကြောက်မက်ဖွယ် မိုးကြိုးများအဖြစ် ပြောင်းလဲသွားကာ လေခွင်းမြို့ကို အမှုန့်ဖြစ်အောင် ပစ်ချတော့မည့်အလားပင်။ ကျင်းမိသားစု၊ ယွင်ကျုံးဟဲ့နှင့် လူတိုင်းကို အမှုန့်ဖြစ်သွားအောင် ခြေမှုန်းပစ်တော့မှာ ဖြစ်သည်။
စစ်သည် တစ်သိန်း ဆိုသည်မှာ လေခွင်းမြို့ရှိ ကျင်းမိသားစု စစ်တပ်ထက် ဆယ်ဆကျော် များပြားလှ၏။
လေခွင်းမြို့၊ မြို့စားအိမ်တော်အတွင်းတွင် ယွင်ကျုံးဟဲ့က ကောင်းကင်ယံတွင် တိမ်မဲများ စုရုံးလာပြီး လျှပ်စီးမိုးကြိုးများ ဖြစ်ပေါ်နေသည်ကို ခံစားနေရ၏။ လေခွင်းမြို့တွင် ရှိသမျှ စစ်တပ် အကုန်ပေါင်းလျှင်ပင် စစ်သည် တစ်သောင်း မပြည့်ချေ။
‘ရန်သူ တစ်သိန်းကို ရင်ဆိုင်ဖို့ ဒီတိုက်ပွဲကို ဘယ်လို တိုက်ရမလဲ။ တကယ်ပဲ ကျင်းကျုံးယွဲ့ ပြောသလို ရှုံးသွားရင် သူနဲ့အတူ ဓားပြ သွားလုပ်ရတော့မှာလား။ အဲဒီလိုဆိုရင် ကျင်းမိသားစုလည်း လုံးဝ ပျက်စီးသွားပြီ၊ လေခွင်းမြို့လည်း ထန်ထိုင်မြဲ့မင် လက်ထဲ ရောက်သွားပြီ၊ တာယင်အင်ပါယာရဲ့ စစ်ရေးဗျူဟာတွေလည်း လုံးဝ ကျရှုံးသွားပြီပေါ့။
ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့၊ ကျင်းကျုံးယွဲ့ကို ကယ်တင်ဖို့၊ တာယင်အင်ပါယာရဲ့ စစ်ရေးဗျူဟာတွေကို ကယ်တင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက ဒီတိုက်ပွဲကို နိုင်အောင် တိုက်ဖို့ပဲ။ ဒါပေမဲ့ လူတစ်သောင်း မပြည့်တဲ့ စစ်တပ်နဲ့ လူတစ်သိန်းကို တိုက်ဖို့ဆိုတာ ဘယ်လိုလုပ်ရမလဲ။’
ဤရက်ပိုင်း နေ့ရောညပါ ယွင်ကျုံးဟဲ့က ခေါင်းပူအောင် စဉ်းစားပြီး အနိုင်ရမည့် နည်းလမ်းကို ရှာဖွေနေခဲ့သည်။ ဤတိုက်ပွဲကိုသာ နိုင်သွားမည်ဆိုလျှင် သူက ကျင်းကျုံးယွဲ့ကို တာယင်အင်ပါယာ လက်အောက် ဝင်ရောက်လာအောင် အေးအေးဆေးဆေး ဖျောင်းဖျနိုင်မှာဖြစ်၏။
အဓိက အကျဆုံးအချက်မှာ ထန်ထိုင်မိသားစုကို လုံးဝ ပျက်စီးသွားအောင် လုပ်နိုင်မှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲအတွက် ထန်ထိုင်မိသားစုက အရာအားလုံးကို ပုံအောထားပြီး နှစ်တစ်ရာ သမိုင်းကြောင်းရှိသည့် မိသားစု၏ အင်အားအကုန်လုံးကို ထုတ်သုံးထားသောကြောင့်ပင်။
အကယ်၍ ဤတိုက်ပွဲသာ ရှုံးသွားမည်ဆိုပါက ထန်ထိုင်မိသားစု၌ အနာဂတ် ရှိတော့မည် မဟုတ်ပေ။
ယခုအချိန် ယွင်ကျုံးဟဲ့ကို ပိုင်ရှင်မဲ့ နယ်မြေ၌ အကြီးမားဆုံး ရန်သူ၊ အကြီးမားဆုံး ရန်ငြိုး ရှိသူက မည်သူနည်းဟု မေးလျှင် သေချာပေါက် ထန်ထိုင်မြဲ့မင်ဟု ဖြေပေလိမ့်မည်။ ထိုသူက မော့ချိုထက် ပိုပြီး ရက်စက်သလို ပိုပြီး ကောက်ကျစ်စဉ်းလဲသူပင်။
‘ဒီတိုက်ပွဲကို ဘယ်လို နိုင်အောင် တိုက်မလဲ။ ဘယ်လို နိုင်အောင် တိုက်မလဲ။’
ယွင်ကျုံးဟဲ့က မြေပုံရှေ့မှာ ရပ်ပြီး ခေါင်းနှင့်နံရံကို အသည်းအသန် ဆောင့်ကာ စဉ်းစားနေ၏။
‘နိုင်ချင်ရင် သာမန် လမ်းကြောင်းကနေ သွားလို့ မရဘူး။ သာမန် အခြေအနေအရဆိုရင် ဒီတိုက်ပွဲက သေချာပေါက် ရှုံးမှာပဲ။ ပြီးတော့ အချိန်ကလည်း သိပ်မကျန်တော့ဘူး။ ထူးခြားတဲ့ ဗျူဟာတစ်ခု လိုအပ်တယ်။’
ယွင်ကျုံးဟဲ့က ခေါင်းနှင့် နံရံကို အဆက်မပြတ် ဆောင့်နေသည်။
“ဒုန်း.... ဒုန်း... ဒုန်း…”
ခေါင်းပူအောင် စဉ်းစားပြီး ရှိသမျှ ဉာဏ်ပညာ အကုန်ထုတ်သုံးထားသည့်တိုင် အနိုင်ရမည့် နည်းလမ်းကို ရှာမတွေ့ချေ။ ဘေးပတ်လည်မှာ အမှောင်ထုကြီးပဲ ဖုံးလွှမ်းနေပြီး အလင်းရောင် နည်းနည်းလေးတောင် မတွေ့ရပေ။
ခေါင်းဆောင့်နေရင်းဖြင့် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကဲ့သို့ပင် လက်ဖဝါးကို ဖယောင်းတိုင်မီးပေါ် တင်ပြီး ကင်ကြည့်လိုက်၏။
အလွန် နာကျင်လှသည်။ အသားကျက်တော့မည်။
သို့ပေမည့် ထိုအချိန်မှာပဲ ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ရုတ်တရက် အလင်းတစ်ချက် လင်းလက်သွားတော့၏။
‘သေစမ်း… မဖြစ်နိုင်ဘူး။ တကယ်ကြီးလား။’
အကယ်၍ ဦးနှောက်ထဲတွင် ပေါ်လာသော ဤအရာက အမှန်သာဆိုလျှင် သူက အနိုင်ရမည့် နည်းလမ်းကို ရသွားရုံသာမက၊ ထန်ထိုင်မြဲ့မင်၏ စစ်သည် တစ်သိန်းကိုပါ လွယ်လွယ်ကူကူ အမြစ်ပြတ် ရှင်းလင်းပစ်နိုင်တော့မှာဖြစ်သည်။
စိတ်ထဲတွင် အမြဲတမ်း တွေးတောနေပါက တစ်နေ့တွင် သေချာပေါက် အဖြေထွက်လာမည်ဟူသော စကားတစ်ခွန်း ရှိ၏။
ဤရက်ပိုင်းအတွင်း ယွင်ကျုံးဟဲ့သည် ကိစ္စရပ်တစ်ခုကိုသာ အမြဲတမ်း တွေးတောနေခဲ့၏။ ထိုအရာက လေခွင်းမြို့ကို မည်သို့ ကယ်တင်မည်နည်း၊ ကျင်းမိသားစုကို မည်သို့ ကယ်တင်မည်နည်း၊ ထန်ထိုင်မြဲ့မင်၏ စစ်သည် တစ်သိန်းကို မည်သို့ အနိုင်ယူမည်နည်း ဆိုသည်ပင် ဖြစ်သည်။
သို့ပေမည့် အဖြေကို မရရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် နတ်ဘုရား တစ်ပါး မဟုတ်သောကြောင့်ပင်။
ပုံမှန်အခြေအနေအရ ဆိုလျှင် အလွန်တိုတောင်းသော အချိန်ကာလအတွင်း၌ လူတစ်သောင်းပင် မပြည့်သော လေခွင်းမြို့ စစ်တပ်ဖြင့် ဆယ်ဆမက များပြားသော ရန်သူကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ထို့အပြင် သူက အမှတ် (၉) လူနာ ကွမ်တမ်ကို အကြိမ်ကြိမ် လက်တွေ့ပုံဖော် တွက်ချက်ခိုင်းခဲ့သော်လည်း ရလဒ်များမှာ အတူတူပင် ဖြစ်နေခဲ့၏။
ထန်ထိုင်မြဲ့မင်က အပြတ်အသတ် အနိုင်ရရှိသွားပြီး လေခွင်းမြို့က ဆိုးရွားစွာ ရှုံးနိမ့်သွားခြင်းသာ ဖြစ်သည်။
အချို့သော ပုံဖော်တွက်ချက်မှုများတွင် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ နှစ်ဦးစလုံး တိုက်ပွဲတွင် ကျဆုံး သွားကြ၏။ ကျန်တစ်ဝက်သော ရလဒ်များတွင်မူ ကျင်းကျုံးယွဲ့က နောက်ဆုံး၌ လူရာဂဏန်းခန့်ကို ခေါ်ဆောင်ကာ ဖောက်ထွက်နိုင်ခဲ့သော်လည်း လေခွင်းမြို့မှာမူ ကျဆုံးသွားခဲ့ရဆဲပင်။
စစ်တပ်ချင်း မျက်နှာချင်းဆိုင် ရင်ဆိုင်ရသော တကယ့် စစ်မြေပြင်တွင် လှည့်ကွက် ဗျူဟာများ၏ အခန်းကဏ္ဍမှာ အလွန် သေးငယ်သွားတတ်ပေသည်။ သို့ပေမည့် အဖြေမှန်က အခြားတစ်နေရာတွင် ရှိနေနိုင်၏။
ယွင်ကျုံးဟဲ့၏ မသိစိတ်ထဲတွင် အခြား ပြဿနာတစ်ခုကို အမြဲတမ်း တွေးတောနေမိသည်။ သူကိုယ်တိုင်ပင် ထိုအရာကို တွေးတောနေမိမှန်း သတိမထားမိခဲ့ချေ။ ထိုအရာက ကျင်းမိသားစု၏ မျိုးရိုးစဉ်ဆက် ရတနာ ဖြစ်သော မြေပုံပင် ဖြစ်သည်။
မှန်ပေသည်။ ယွင်ကျုံးဟဲ့ မီးရှို့ပစ်လိုက်သောကြောင့် ပြာဖြစ်သွားပြီး မည်သည့် သတင်းအချက်အလက်မှ ထွက်ပေါ်မလာခဲ့သော ထိုမြေပုံကို ဆိုလိုခြင်း ဖြစ်သည်။ တကယ်တော့ အစတည်းက ထိုမြေပုံထံမှ မည်သည့် အချက်အလက်မှ မရရှိခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့၏ မသိစိတ်ထဲတွင် ထိုမြေပုံ၏ ပုံသဏ္ဌာန်က ပို၍ ရှင်းလင်းစွာ ထင်ဟပ်နေ၏။ တကယ်ကို ထူးဆန်းလှပေသည်။ မြေပုံကို မီးရှို့ပစ်လိုက်ပြီးနောက်မှ သူ၏ ဦးနှောက်ထဲတွင် ပိုမို ရှင်းလင်းလာခြင်း ဖြစ်သည်။
ရှင်းလင်းလာသည် ဆိုရာတွင် မြေပုံပေါ်ရှိ အက္ခရာများကို ဆိုလိုခြင်း မဟုတ်ပေ။ ထိုအရာများက တကယ့်ကို သရဲစာများဖြစ်ပြီး မည်သည့်အဓိပ္ပာယ်မှ မရှိချေ။
ယွင်ကျုံးဟဲ့၏ မှတ်ဉာဏ်ထဲတွင် ရှင်းလင်းနေသည်မှာ မြေပုံ၏ ပုံသဏ္ဌာန်ပင် ဖြစ်၏။ ၎င်းသည် ပုံမကျသော နဝဂံ (ကိုးထောင့်) ပုံစံလေး တစ်ခု ဖြစ်သည်။ ကြည့်လိုက်လျှင် ရိုးရိုးလေး ဆုတ်ဖြဲထားသော စက္ကူစလေး တစ်ခုအလား ဖြစ်နေသောကြောင့် မည်သူကမှ သတိထားမိမည် မဟုတ်ပေ။
သို့ပေမည့် ထိုမြေပုံ၏ ထောင့်တစ်ခုချင်းစီကို အလယ်ဗဟိုနှင့် မျဉ်းဖြောင့် ဆက်လိုက်ပါက တြိဂံ ကိုးခု ရရှိလာပေမည်။ အလယ်ရှိ ထောင့်ကိုးခု ပေါင်းလိုက်လျှင် သုံးရာ့ခြောက်ဆယ် ဒီဂရီ အတိအကျ ဖြစ်နေ၏။ ဟုတ်ပေသည်။ သုံးရာ့ခြောက်ဆယ် ဒီဂရီ ဖြစ်ရမည်သာ ဖြစ်သည်။
ဤသို့ဆိုလျှင် အကယ်၍ ထိုမြေပုံကို ကိုးကြိမ်တိုင်တိုင် လှည့်လိုက်ပြီး အလယ်ရှိ ထောင့်များ၏ ဒီဂရီ အတိုင်း လှည့်မည်ဆိုလျှင် လှည့်လိုက်သော အကြိမ်တိုင်းတွင် မြေပုံပေါ်ရှိ အက္ခရာများကို ပုံတူကူးဆွဲကြည့်မည် ဆိုလျှင်ကော။
တနည်းအားဖြင့် ဆိုရလျှင် တစ်ပုံစံတည်း တူသော မြေပုံ ကိုးခုကို ရေးဆွဲပြီး မတူညီသော ဒီဂရီများအတိုင်း ထပ်ကြည့်မည်ဆိုပါက မည်သို့သော ရလဒ်မျိုး ထွက်လာမည်နည်း။
ဤသည်မှာ ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ရုတ်တရက် ပေါ်လာသော အတွေးပင် ဖြစ်၏။ မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ရုတ်တရက်ကြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထို့နောက် ယွင်ကျုံးဟဲ့က ချက်ချင်း လက်တွေ့ လုပ်ဆောင်တော့၏။
စက္ကူ ကိုးရွက်ကို ယူကာ မြေပုံနှင့် တစ်ပုံစံတည်း တူအောင် ညှပ်လိုက်သည်။ ထို့နောက် အပေါ်ရှိ အက္ခရာများကိုလည်း တစ်ပုံစံတည်း တူအောင် ရေးဆွဲလိုက်၏။ ထိုမြေပုံ ကိုးခုကို သတ်မှတ်ထားသော ဒီဂရီများအတိုင်း ထပ်လိုက်ပြီး ရေဖြင့် အနည်းငယ် စွတ်လိုက်သည်။
ထို့နောက် ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွားရတော့၏။
အဘယ်ကြောင့်ဆိုသော် သူသည် ပြီးပြည့်စုံသော မြေပုံကြီး တစ်ခုကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ဤမြေပုံကို ရေးဆွဲခဲ့သူမှာ တကယ့်ကို ပါရမီရှင် တစ်ဦးပင်။ မည်သူမှ ဤမြေပုံ၏ လျှို့ဝှက်ချက်ကို အလွယ်တကူ ဖော်ထုတ်နိုင်မှာ မဟုတ်ချေ။
ဤမြေပုံက သရဲစာများအလား ဖြစ်နေသည်မှာ မဆန်းတော့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မြေပုံကြီး တစ်ခုလုံး၏ ထောင့်လေး တစ်ခုမျှသာ ဖြစ်နေသောကြောင့် ဖြစ်၏။ မြေပုံ အပြည့်အစုံ ရရှိရန်အတွက် တစ်ပုံစံတည်း တူညီသော မြေပုံ ကိုးခုကို လိုအပ်ပြီး တိကျသော ဒီဂရီများအတိုင်း ထပ်ကြည့်မှသာ ရနိုင်မှာ ဖြစ်သည်။
ထို့နောက် ယွင်ကျုံးဟဲ့က ထိုမြေပုံကြီးကို သေချာစွာ လေ့လာလိုက်၏။ ၎င်းသည် ပြီးပြည့်စုံသော မြေပုံကြီး ဖြစ်နေပြီဖြစ်ရာ နုဧကရာဇ်၏ သင်္ချိုင်းဂူ တည်နေရာ အတိအကျ ဘယ်မှာရှိသနည်း ဆိုသည်ကို သူ သိရှိရန် လိုအပ်၏။
နုဧကရာဇ်၏ သင်္ချိုင်းဂူက လာမည့် လေခွင်းမြို့ တိုက်ပွဲနှင့် မည်သို့ ဆက်စပ်မှု ရှိနေမည်ကို ယွင်ကျုံးဟဲ့ သေချာ မသိသေးသော်လည်း သူ၏ ဦးနှောက်ထဲတွင်မူ အဖြေတစ်ခု ရှိနေသကဲ့သို့ ခံစားရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ချင်ရှီဟွမ်ဧကရာဇ်၏ သင်္ချိုင်းဂူ ဒဏ္ဍာရီများကို အများအပြား ကြားဖူးထားသောကြောင့်ပင်။
ထိုနုဧကရာဇ်၏ သင်္ချိုင်းဂူထဲတွင်လည်း မြို့ရိုးများ၊ မြစ်များ၊ ရေကန်များနှင့် စစ်သည် သိန်းချီ ရှိနေသည်ဟု ဒဏ္ဍာရီများ ရှိနေ၏။ သို့ပေမည့် ထိုမြေပုံကို တစ်ချက် ကြည့်လိုက်သည်နှင့် ယွင်ကျုံးဟဲ့ ထပ်မံ အံ့ဩသွားရပြန်သည်။
အဘယ်ကြောင့်ဆိုသော် ဤမြေပုံသည် လေခွင်းမြို့၏ မြေမျက်နှာသွင်ပြင်မြေပုံ အတိအကျ ဖြစ်နေ၏။
သေချာပေါက် ဤမြေပုံပေါ်တွင် လေခွင်းမြို့၏ အဆောက်အအုံများကို အတိအကျ ပြသထားခြင်းတော့ မဟုတ်ပေ။
သို့ပေမည့် တောင်ကြား၏ မြေမျက်နှာသွင်ပြင် ကောက်ကြောင်းများက လေခွင်းမြို့၏ တည်နေရာနှင့် တစ်ပုံစံတည်း တူညီနေ၏။ ထို့အပြင် အပေါ်တွင် နုဧကရာဇ်၏ သင်္ချိုင်းဂူ အဝင်ဝကို အတိအကျ ပြသထားသေးသည်။
သို့ပေမည့် ၎င်းက အထူးဆန်းဆုံး မဟုတ်သေးချေ။ အထူးဆန်းဆုံး အချက်မှာ လေခွင်းမြို့ကို နုဧကရာဇ်၏ သင်္ချိုင်းဂူ အပေါ်တည့်တည့်တွင် တည်ဆောက်ထားခြင်းပင် ဖြစ်၏။
ပို၍ တိတိကျကျ ဆိုရလျှင် လေခွင်းမြို့၏ အကျယ်အဝန်းက နုဧကရာဇ်၏ သင်္ချိုင်းဂူ တစ်ဝက်ပင် မရှိချေ။ သင်္ချိုင်းဂူကြီး တစ်ခုလုံးက မိုင်ဆယ်ဂဏန်းခန့်အထိ ရှည်လျားပြီး လေခွင်းမြို့က ထိုသင်္ချိုင်းဂူ၏ အလယ်ဗဟို အပေါ်တည့်တည့်တွင် ရှိနေသည်။
ဆိုလိုသည်မှာ လေခွင်းမြို့၏ အောက်ဘက်တွင် အကုန်လုံး ဟာလာဟင်းလင်းကြီး ဖြစ်နေခြင်းပင်။ လေခွင်းမြို့၏ အရှေ့အနောက် မြေပြင်ကျယ်ကြီးများ၏ အောက်ဘက် မီတာဆယ်ဂဏန်း အကွာတွင် သင်္ချိုင်းဂူကြီး ရှိနေခြင်း ဖြစ်၏။
ဤသည်မှာ တကယ်ကို ယုံနိုင်စရာ မရှိလောက်အောင်ပင် ဖြစ်သည်။ ဤနုဧကရာဇ်က ရူးနေသည်လား။ မိမိအတွက် ဤမျှ ကြီးမားသော မြေအောက် သင်္ချိုင်းဂူကြီးကို တည်ဆောက်ခဲ့သည်တဲ့လား။ ဤသည်မှာ မည်မျှတောင် ကြီးမားသော စီမံကိန်းကြီးနည်း။
တာရှအင်ပါယာကြီး အဘယ်ကြောင့် ပြိုကွဲသွားရသနည်း ဆိုသည်မှာ မဆန်းတော့ချေ။ ဤမျှ ကြီးမားသော မြေအောက် သင်္ချိုင်းဂူကြီးကို တည်ဆောက်ရန် လူအင်အား၊ ငွေအင်အား မည်မျှတောင် အသုံးပြုခဲ့ရမည်နည်း။ နိုင်ငံတော်၏ ဘဏ္ဍာတိုက် တစ်ခုလုံး ပြောင်သွားမည်မှာ သေချာလှ၏။
အဓိက အကျဆုံးမှာ မြေအောက် သင်္ချိုင်းဂူကြီး တည်ဆောက်ပြီးသွားသည့်တိုင် လုံးဝ လျှို့ဝှက်ထားနိုင်ခဲ့ပြီး မည်သူကမှ တည်နေရာကို မသိခဲ့ကြခြင်းပင် ဖြစ်သည်။
ဤသည်က မည်သည့်အရာကို ဆိုလိုသနည်း။ မြေအောက် သင်္ချိုင်းဂူ တည်ဆောက်ရေးတွင် ပါဝင်ခဲ့သူ အားလုံးနီးပါး သတ်ဖြတ်ခံလိုက်ရသည် ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။
ဤနုဧကရာဇ်သည် ပုံမှန် လူသား တစ်ယောက် မဟုတ်ဘဲ တကယ်ကို ရူးသွပ်လွန်းသူ ဖြစ်သည်။ နုဧကရာဇ်၏ သင်္ချိုင်းဂူကို အသုံးပြု၍ ထန်ထိုင်မြဲ့မင်၏ စစ်သည် တစ်သိန်းကို မည်သို့ အနိုင်ယူမည်နည်း။
ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ပိုမို ရှင်းလင်းသော အဖြေတစ်ခု ရှိလာပြီ ဖြစ်၏။ သို့ပေမည့် သွားရောက် အတည်ပြုရန်တော့ လိုအပ်သေးသည်။
ယွင်ကျုံးဟဲ့က မြေပုံကို ယူကာ ကျင်းကျုံးယွဲ့ထံသို့ သွားလိုက်၏။
ကျင်းကျုံးယွဲ့က အံ့ဩတကြီးဖြင့် မေးလိုက်သည်။ “ဆိုလိုတာက ကျွန်မတို့ မိသားစုက မျိုးဆက်အဆက်ဆက် နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ အပေါ်မှာ နေလာခဲ့ကြတာပေါ့။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ မင်း ပိုပြီး ရဲရဲတင်းတင်း တွေးကြည့်လို့ ရတယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကျွန်မတို့ရဲ့ ဘိုးဘေးတွေက တကယ်တော့ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို အစောကြီးတည်းက တွေ့ခဲ့ပြီး အဲဒါကို အားကိုးပြီး အင်အားကြီးလာခဲ့တာ။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူတို့က နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ လျှို့ဝှက်ချက်ကို သားမြေးတွေကို မပြောပြခဲ့ဘဲ မြေပုံတစ်ခု အနေနဲ့ ချန်ထားခဲ့တာပဲ။”
ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်၏။ “ဒါမှမဟုတ် ပိုပြီး ရဲရဲတင်းတင်း တွေးကြည့်မယ်ဆိုရင် မင်းရဲ့ ကျင်းမိသားစု ဘိုးဘေးတွေက တာရှအင်ပါယာက လူတွေဖြစ်ပြီး နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ တည်ဆောက်ရေးမှာ တာဝန်ယူခဲ့ရသူတွေ ဖြစ်နိုင်တယ်။ သူ သေသွားတာ ဖြစ်နိုင်သလို အသက်ရှင် ကျန်ရစ်ခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒီမြေပုံက သူ ဆွဲခဲ့တာပဲ ဖြစ်ရမယ်၊ သူက တကယ့်ကို သင်္ချာ ပါရမီရှင် တစ်ယောက်ပဲ။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ရှင့်ထက်တောင် ပိုပြီး ပါရမီ ပါသေးလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ငါက အရူးတစ်ယောက်လေ၊ ဒါကြောင့် ငါ့ထက် ပိုတော်တဲ့ ပါရမီရှင်ဆိုတာ မမွေးသေးပါဘူး။”
...................အပိုင်း (၁၄၆)
ထို့နောက် သူတို့နှစ်ဦးက မြေပုံကို အသေအချာ လေ့လာကြတော့၏။
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဒါက အဝင်ဝလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
ကျင်းကျုံးယွဲ့က ဇဝေဇဝါဖြင့် ပြောလိုက်၏။ “ဘယ်နေရာလဲဆိုတာ ကျွန်မ သေချာ မမြင်ရဘူး။”
ဤမြေပုံက အတော်လေး အသေးစိတ် ကျသော်လည်း အလွန် သေးငယ်နေသောကြောင့် နုဧကရာဇ်၏ သင်္ချိုင်းဂူ အဝင်ဝ မည်သည့်နေရာတွင် ရှိသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ယွင်ကျုံးဟဲ့က ဦးနှောက်ထဲတွင် မြေပုံကို အဆများစွာ ချဲ့ကြည့်လိုက်ပြီး လေခွင်းမြို့၏ မြေမျက်နှာသွင်ပြင် မြေပုံနှင့် တိုက်ကြည့်လိုက်တော့မှ ရှင်းလင်းသွားတော့၏။
ထို့နောက် ယွင်ကျုံးဟဲ့က အံ့ဩစရာကောင်းသော အချက်တစ်ခုကို တွေ့လိုက်ရသည်။ နုဧကရာဇ်၏ သင်္ချိုင်းဂူ အဝင်ဝက မြို့စားအိမ်တော်ထဲမှာပင် ရှိနေခြင်း ဖြစ်၏။ ဆက်လက်ပြီး ယွင်ကျုံးဟဲ့က တွက်ချက်မှုများ ပြုလုပ်ကာ ထိုနေရာကို တိတိကျကျ မှတ်သားလိုက်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီနေရာက ဘယ်နေရာလဲ။”
ကျင်းကျုံးယွဲ့က တုန်ယင်နေသည့် အသံဖြင့် ဖြေလိုက်သည်။ “ကျွန်မ… ကျွန်မအဖေရဲ့ အခန်း”
ယွင်ကျုံးဟဲ့ အနည်းငယ် ကြောင်အသွားသည်။ ထို့နောက် သူနှင့် ကျင်းကျုံးယွဲ့တို့က မြို့စားဟောင်း ကျင်းအဲ့၏ အခန်းထဲသို့ သွားလိုက်ကြ၏။
ယခုချိန်တွင် အခန်းထဲ၌ ဆေးနံ့များ သိပ်မရတော့ချေ။ အဘယ်ကြောင့်ဆိုသော် မြို့စားဟောင်းက လေဖြတ်သွားသည်မှာ နှစ်နှစ်ကျော်နေပြီ ဖြစ်ပြီး ဆေးဝါးများကလည်း သိပ်အသုံးမဝင်တော့သောကြောင့် နေ့စဉ် အရည်များ တိုက်ကျွေးကာ အသက်ဆက်နေရုံသာ ရှိတော့သောကြောင့်ပင်။ ရာနှုန်းပြည့် သတိလစ်နေသော လူနာ တစ်ယောက် ဖြစ်နေပြီး ပြင်ပကမ္ဘာကို မည်သည့် တုံ့ပြန်မှုမှ မရှိတော့ချေ။
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့က ကုတင်ရှေ့တွင် ရပ်ကာ မလှုပ်မယှက် ပိန်ချုံးနေသော မြို့စားဟောင်း ကျင်းအဲ့ကို ကြည့်နေကြ၏။ ယွင်ကျုံးဟဲ့ကလည်း ဤမြို့စားဟောင်း ကျင်းအဲ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ဖူးသော်လည်း တကယ်ပင် ကယ်တင်၍ မရတော့ကြောင်း တွေ့ခဲ့ရသည်။
ကျင်းအဲ့ အဘယ်ကြောင့် လေဖြတ်သွားရသနည်း ဆိုသည်မှာ ယခုချိန်ထိ လျှို့ဝှက်ချက် တစ်ခု ဖြစ်နေဆဲပင်။ တာယင်အင်ပါယာ၏ လက်ချက်လားဆိုသည်ကို ယွင်ကျုံးဟဲ့လည်း မသိချေ။
သို့ပေမည့် အကြီးအကဲ ဖုန်းရှင်းမြဲ့က ဝန်ခံခဲ့ဖူး၏။ ကျင်းအဲ့၏ ရန်လိုမှုများကို အကြိမ်ကြိမ် ခံစားခဲ့ရသောကြောင့် တာယင်အင်ပါယာက သူ့ကို လုပ်ကြံရန် စဉ်းစားခဲ့ဖူးကြောင်း ပြောခဲ့သည်။
သို့ပေမည့် ဖုန်းရှင်းမြဲ့၏ စကားအရဆိုလျှင် ကျင်းအဲ့ကို လေဖြတ်အောင် လုပ်ခဲ့သည်မှာ တာယင်အင်ပါယာ မဟုတ်နိုင်ပေ။ ထိုသို့ဆိုလျှင် မည်သူနည်း။ ဤနောက်ကွယ်တွင် မည်သည့် အကြံအစည်များ ရှိနေသနည်း ဆိုသည်ကိုမူ လောလောဆယ် မည်သူမှ မသိနိုင်သေးချေ။
ကျင်းကျုံးယွဲ့ ငေးမောနေသည်ကို မြင်ချိန်မှာတော့ ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “သူ အင်အားအပြည့်နဲ့ ရှိနေတုန်းက ပုံစံကို ပြန်တွေးကြည့်နေတာ။ မနေ့ကလိုပဲ ခံစားရတယ်။ တကယ်လို့ တစ်နေ့နေ့ ကျွန်မလည်း ဒီလိုပုံစံ ဖြစ်သွားခဲ့ရင် ရှင် ကျွန်မကို သတ်ပစ်ရမယ်နော်။ ဒီလို အသက်မရှိတဲ့ လူသေကောင်လိုမျိုး လုံးဝ မနေချင်ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို တစ်နေ့နေ့ ငါလည်း ဒီလိုပုံစံ ဖြစ်သွားခဲ့ရင် မင်း ငါ့ကို သတ်မှာလား။”
ကျင်းကျုံးယွဲ့က အချိန်အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။ အဘယ်ကြောင့်ဆိုသော် အချို့အချိန်များတွင် ချစ်ရသူများအတွက် အသက်ရှင်နေခြင်းက မျှော်လင့်ချက် တစ်ခု ဖြစ်နေလေ၏။ အကယ်၍ တစ်နေ့နေ့ ပြန်နိုးလာခဲ့လျှင်ကော ဟူသော မျှော်လင့်ချက်မျိုးပင်။
ကျင်းကျုံးယွဲ့က ပြန်ဖြေလိုက်သည်။ “ကျွန်မလည်း ရှင့်ကို ကျွေးမွေးစောင့်ရှောက်ထားမှာပါ၊ ဒါပေမဲ့ ရှင့်ကို ရုပ်ဆိုးသွားအောင်တော့ အဖြစ်မခံဘူး။ ပြီးတော့ ရှင် သတိမရရင်တောင် သုံးလို့ရသေးတာပဲ။ ကျွန်မအတွက် အဖော်ရတာပေါ့။”
ယွင်ကျုံးဟဲ့မှာ ကြက်သီးများပင် ထသွားရ၏။ ‘လမင်းလေး… မင်းက ငါသိခဲ့သော လမင်းလေး ဟုတ်သေးရဲ့လား။ မင်းလိုမျိုး သန့်စင်တဲ့ နတ်သမီးလေးက ဒီလို စကားတွေ ပြောတာ သင့်တော်ရဲ့လား။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ အဝင်ဝက ဒီကုတင်အောက်မှာ ရှိတယ်။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ ယခု ကျင်းအဲ့ အိပ်နေသော ကုတင်က အတော်လေး ထူးဆန်းသည်။ သစ်သားဖြင့် လုပ်ထားခြင်း မဟုတ်ဘဲ ကျောက်စိမ်းကုတင် ဖြစ်နေ၏။
ထို့အပြင် နွေးထွေးသော ကျောက်စိမ်းကုတင် အမျိုးအစားဖြစ်၏။ ကုတင် တစ်ခုလုံးကို ကြီးမားသော ကျောက်စိမ်းတုံးကြီး တစ်တုံးတည်းမှနေ၍ ထွင်းထုထားခြင်း ဖြစ်သည်။
၎င်းသည် ရတနာတစ်ခု ဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော ရတနာတစ်ခု ဖြစ်ကြောင်း သေချာလှသည်။ သို့ပေမည့် ထင်ထားသလောက်တော့ တန်ဖိုးမကြီးလှချေ။
အဘယ်ကြောင့်ဆိုသော် ပုံမှန် ကျောက်စိမ်းများကဲ့သို့ ဖြူဖွေးကြည်လင်နေခြင်း မဟုတ်ဘဲ ကြီးမားသော ကျောက်တုံးကြီး တစ်တုံးနှင့် ပို၍ တူနေသောကြောင့် ဖြစ်၏။ အရောင်လေး အနည်းငယ် နွေးထွေးနေရုံသာ ရှိသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီကုတင်က သမိုင်းကြောင်း တော်တော် ကြာနေပြီလား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျင်းမိသားစု စတည်ထောင်တည်းက ဒီကုတင် ရှိနေတာပဲ။ ကျင်းမိသားစုရဲ့ မျိုးဆက်တိုင်းက ခေါင်းဆောင်တွေ ဒီကုတင်ပေါ်မှာ အိပ်ခဲ့ကြတာ”
ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ချက်ချင်းပဲ အခြားသော အတွေးများ ဝင်ရောက်သွားတော့၏။
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “မရဘူး…”
ယွင်ကျုံးဟဲ့ အနည်းငယ် ကြောင်အသွားကာ ပြောလိုက်၏။ “ငါ ဘာမှ မပြောရသေးဘူးလေ။”
ကျင်းကျုံးယွဲ့က တိုးညှင်းစွာ ပြောလိုက်သည်။ “ကျွန်မ ဒီကုတင်ပေါ်မှာ မအိပ်ချင်ဘူး။ နောက်လည်း ကျွန်မတို့ ဒီကုတင်ပေါ်မှာ မအိပ်ဘူး။ အရမ်း မာတယ် လုံးဝ မသက်သာဘူး။”
ယွင်ကျုံးဟဲ့က လေးနက်သည့် အသံဖြင့် ပြောလိုက်၏။ “ငါတို့က နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ အဝင်ဝကို လာရှာတာလေ။ လာအိပ်တာ မဟုတ်ဘူး။ နည်းနည်းလောက် လေးလေးနက်နက် နေပေးပါ။”
ထို့နောက် သူတို့နှစ်ဦးက မြို့စားဟောင်း ကျင်းအဲ့ကို သတိထားကာ အခြားနေရာသို့ ရွှေ့ပြောင်းလိုက်ကြ၏။ ထို့နောက် ကုတင်ပေါ်ရှိ အိပ်ရာခင်းများ အားလုံးကို ဖယ်ရှားလိုက်ချိန်မှာတော့ ကြီးမားသော ကျောက်စိမ်းကုတင် အလွတ်ကြီးသာ ကျန်ရစ်တော့သည်။
ထို့နောက် ယွင်ကျုံးဟဲ့က ထိုကုတင်မှာ မြေကြီးနှင့် တစ်ဆက်တည်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ လုံးဝ ရွှေ့၍ မရနိုင်ချေ။ ကုတင်ပုံစံ ထွင်းထုထားသော်လည်း တကယ်တမ်းတွင် ကြီးမားသော ကျောက်တုံးကြီး တစ်တုံးသာ ဖြစ်လို့နေ၏။
စက်ကိရိယာက ဘယ်မှာနည်း။ အဝင်ဝက ဘယ်မှာနည်း။
ယွင်ကျုံးဟဲ့က အပေါ်ရှိ အရေးအကြောင်းများကို သေချာစွာ လိုက်လံ ရှာဖွေနေမိ၏။ စက်ကိရိယာ တစ်ခုခု သေချာပေါက် ရှိရမည် ဖြစ်သည်။ လှည့်လိုက်သည်နှင့် လျှို့ဝှက်တံခါးက ပွင့်သွားမှာ ဖြစ်၏။ သို့ပေမည့် နာရီဝက်ခန့် လေ့လာကြည့်သည့်တိုင် မည်သည့်အရာကိုမှ မတွေ့ရချေ။
ကျင်းကျုံးယွဲ့က ဘာမှမပြောဘဲ အပြင်သို့ ထွက်သွား၏။ သူမ ပြန်ဝင်လာချိန်မှာတော့ လက်ထဲတွင် ပေါင်နှစ်ရာကျော် အလေးချိန်ရှိသော သံတူရွင်းကြီး တစ်ခု ပါလာသည်။ သူမက သံတူရွင်းကြီးကို မြှောက်ကာ ကျောက်စိမ်းကုတင်ကို ထုခွဲရန် ပြင်လိုက်၏။
ယွင်ကျုံးဟဲ့က တားလိုက်သည်။ “နေအုံး… နေအုံး။ လမင်းလေး… ဒီလောက် မကြမ်းတမ်းပါနဲ့။ ဉာဏ်ကို သုံးရမယ်။ ငါ့ကို နောက်ထပ် နာရီဝက်လောက် အချိန်ပေးပါ။ ငါ သေချာပေါက် ရှာတွေ့အောင် လုပ်မယ်။ အဝင်ဝကို သေချာပေါက် ရှာတွေ့မှာပါ။
ငါ့ရဲ့ ဉာဏ်ပညာကို မင်း ယုံကြည်ရမယ်။ ငါက နတ်ဆိုးတစ်ကောင်လောက် ဉာဏ်ကောင်းတဲ့သူလေ။ ဒီလို ကျောက်ကုတင်လေးရဲ့ စက်ကိရိယာကို ရှာဖို့ဆိုတာ ဘာမှ မခက်ပါဘူး။ ဘယ်လိုလုပ်ပြီး အကြမ်းဖက်ပြီး ထုခွဲလို့ ရမှာလဲ။”
နာရီဝက်ခန့် ကြာပြီးနောက် ယွင်ကျုံးဟဲ့က လက်လျော့ကာ ပြောလိုက်သည်။ “လမင်းလေး… ထုလိုက်တော့။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် သံတူရွင်းကြီးကို မြှောက်ကာ ပြင်းထန်စွာ ထုချလိုက်၏။
“ဘုန်း ဘုန်း ဘုန်း ဘုန်း…”
လေးချက်ခန့် ထုလိုက်သည်နှင့်တပြိုင်နက် ထိုကြီးမားသော ကျောက်ကုတင်ကြီးမှာ ကွဲအက်သွားတော့၏။ နောက်ထပ် လေးချက်ခန့် ထပ်မံ ထုလိုက်၏။ သူတို့နှစ်ဦးရှေ့တွင် အပေါက်တစ်ခု ပေါ်လာသည်။ တကယ်ပင် အဝင်ဝ ဖြစ်လို့နေသည်။
ရုပ်မြင်သံကြား ဇာတ်လမ်းများက လူကို ဒုက္ခပေးလှပေသည်။ တကယ်တမ်းတွင် မည်သည့် စက်ကိရိယာမှ မရှိခဲ့ချေ။
ယွင်ကျုံးဟဲ့ နားလည်သွားပြီ ဖြစ်၏။ ကျင်းမိသားစု၏ ဘိုးဘေးများက သင်္ချိုင်းဂူထဲသို့ ဝင်ရောက်ခဲ့ဖူးသည်။ ထို့နောက် သင်္ချိုင်းဂူထဲမှ ရတနာများကို အားကိုး၍ ကျင်းမိသားစု၏ ပထမဆုံး အင်အားစုကို တည်ထောင်ခဲ့ခြင်းပင် ဖြစ်၏။
ထိုနုဧကရာဇ်၏ သင်္ချိုင်းဂူကို ကာကွယ်ရန်နှင့် မျိုးဆက်အဆက်ဆက် ပိုင်ဆိုင်နိုင်ရန်အတွက် သူက သင်္ချိုင်းဂူ အဝင်ဝ အပေါ်တည့်တည့်တွင် အိမ်တော်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ပိုမို လုံခြုံစေရန် အဝင်ဝကို ကြီးမားသော ကျောက်တုံးကြီးဖြင့် ပိတ်ထားခဲ့၏။ လူများ မရိပ်မိစေရန် ထိုကျောက်တုံးကြီးကို ကုတင်ပုံစံ ထွင်းထုကာ ကျင်းမိသားစု၏ ခေါင်းဆောင် အဆက်ဆက်ကို ဤကုတင်ပေါ်တွင် အိပ်ခိုင်းခဲ့ခြင်း ဖြစ်၏။
ဤသည်မှာ တကယ်ကို ရယ်စရာ ကောင်းလွန်းလှပေသည်။ ကျင်းမိသားစု၏ ခေါင်းဆောင် အဆက်ဆက်က ထိုမြေပုံကို ကိုင်ဆောင်ကာ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးတွင် နေရာအနှံ့ လိုက်လံ တူးဖော်ခဲ့ကြ၏။ ရှေးဟောင်း သင်္ချိုင်းဂူ မည်မျှ တူးဖော်ခဲ့ဖူးသည်ကိုပင် မသိတော့ချေ။
သို့ပေမည့် နုဧကရာဇ်၏ သင်္ချိုင်းဂူကိုမူ ရှာမတွေ့ခဲ့ကြပေ။ တကယ်တမ်းတွင် တကယ့် နုဧကရာဇ်၏ သင်္ချိုင်းဂူမှာ သူတို့ အိပ်စက်နေသော အောက်တည့်တည့်တွင် ရှိနေလေ၏။ ကျင်းမိသားစု၏ ဘိုးဘေးက သူ၏ သားမြေးများကို တကယ့်ကို ကြီးမားသော ဟာသကြီး တစ်ခု လုပ်ဆောင်သွားခဲ့ခြင်းပင်။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကျွန်မ အရင် ဝင်ကြည့်မယ်။”
ယွင်ကျုံးဟဲ့က အတူတူ လိုက်ပါသွားလိုသော်လည်း သူ၏ ခန္ဓာကိုယ် အခြေအနေအရ ကျင်းကျုံးယွဲ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် မလိုက်တော့ချေ။
အကယ်၍ မြေပုံတွင် ပြထားသည့်အတိုင်း မြို့စားအိမ်တော် တစ်ခုလုံး၏ အောက်ဘက်တွင် နုဧကရာဇ်၏ သင်္ချိုင်းဂူ ရှိနေမည်ဆိုပါက နှစ်ရာချီ ပိတ်လှောင်ထားသော နေရာ၌ လေဝင်လေထွက် ရှိမည် မဟုတ်ပေ။
ယွင်ကျုံးဟဲ့က စိုးရိမ်သည့် လေသံဖြင့် ပြောလိုက်၏။ “သတိထားနော်။”
ကျင်းကျုံးယွဲ့က ချက်ချင်းပဲ အထဲသို့ ခုန်ဆင်းသွား၏။ ယွင်ကျုံးဟဲ့က အပြင်ဘက်တွင် တစ်ယောက်တည်း စောင့်ဆိုင်းနေတော့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ကျင်းကျုံးယွဲ့က ချက်ချင်း ပြန်ထွက်လာ၏။ သူမက အသက်ကို ပြင်းပြင်း ရှူရှိုက်နေရသည်။ ဤအမျိုးသမီးက တကယ်ကို အဆုတ်အား ကောင်းလှပေသည်။ ဆယ်မိနစ်ခန့် အသက်အောင့်ထားနိုင်သည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လမင်းလေး… ဘယ်လိုနေလဲ။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “အရမ်း မှောင်နေတယ်၊ ဘာမှ မမြင်ရဘူး။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ပြီးတော့ကော...”
ကျင်းကျုံးယွဲ့က စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်၏။ “အရမ်း မှောင်နေလို့ ဘာမှ မမြင်ရဘူးလို့ ပြောနေတယ်လေ။”
“ဟမ်... ကောင်းပါလေ။”
ဤသို့ဆိုလျှင် သူကိုယ်တိုင်ပင် နည်းလမ်းရှာ၍ သွားရောက် ကြည့်ရှုရတော့မှာ ဖြစ်၏။ ထို့နောက် စူးစမ်းလေ့လာရေး စတင်ရန် အချိန်ရောက်လာပြီ ဖြစ်သည်။
ပထမဦးစွာ အဆိပ်ငွေ့ကာကွယ်ရေး မျက်နှာဖုံး လိုအပ်၏။ ဤသည်မှာ ပြုလုပ်ရန် လွယ်ကူပေသည်။ မီးသွေးကို အသုံးပြုလိုက်လျှင် ရပြီ ဖြစ်၏။
သို့ပေမည့် နောက်ထပ် လိုအပ်သော အရာတစ်ခုကတော့ မလွယ်ကူလှချေ။ ၎င်းမှာ အောက်ဆီဂျင်ဗူးပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော မြေအောက် သင်္ချိုင်းဂူထဲတွင် လုံလောက်သော အောက်ဆီဂျင် ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အချိန်ကြာမြင့်စွာ နေပါက အသက်ရှူကျပ်၍ သေဆုံးသွားနိုင်ပေသည်။
ယွင်ကျုံးဟဲ့က မလုပ်နိုင်၍တော့ မဟုတ်ပေ။ သူ၏ စမ်းသပ်ခန်းထဲတွင် ပစ္စည်းများ အမြောက်အမြား စုဆောင်းထားပြီး ဖြစ်၏။
ထိုအထဲတွင် မရှိမဖြစ် ပြုလုပ်ရမည့် အရာတစ်ခု ပါဝင်သည်။ ၎င်းမှာ ယမ်းမှုန့်ပင် ဖြစ်၏။ မြို့စားအိမ်တော်ထဲသို့ မရောက်မီတည်းက ယွင်ကျုံးဟဲ့က ယမ်းမည်းများကို စတင် ပြုလုပ်နေခြင်း ဖြစ်သည်။
သို့သော်ငြား ယမ်းစိမ်း သတ္တုတွင်း မရှိသောကြောင့် အိမ်သာများထဲမှ လိုက်လံ ခြစ်ယူရရသဖြင့် ထုတ်လုပ်မှု ပမာဏက အလွန် နည်းပါးလို့နေသည်။ ထို့ကြောင့် သူက ထိုအရာများကို စမ်းသပ်ခန်းထဲတွင်သာ သိမ်းဆည်းထားရ၏။
နှစ်ဝက်ခန့် အချိန်ယူကာ ယမ်းမည်း အနည်းငယ်တော့ စုဆောင်းမိခဲ့သော်လည်း ထိုပမာဏဖြင့် စစ်တိုက်ရန်မှာမူ မဖြစ်နိုင်ချေ။ ဤအရာ၏ ဖျက်ဆီးနိုင်စွမ်းက ထင်ထားသလောက် မကြီးမားလှပေ။ ထို့အပြင် ဤမျှ ပမာဏလေးဖြင့် လူတစ်ထောင်ခန့်ကိုပင် သေဆုံးအောင် မလုပ်နိုင်ချေ။
သို့ပေမည့် ယမ်းစိမ်းကို ဓာတ်ခွဲကာ အောက်ဆီဂျင် ထုတ်ယူရန်မှာမူ မခက်ခဲလှပေ။ သို့သော် ပြဿနာက ယမ်းစိမ်းကို အပူချိန် ၄၀၀ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့်အထိ အပူပေးမှသာ အောက်ဆီဂျင် ထွက်လာမှာ ဖြစ်၏။
ဤသို့ အပူပေးရန် ခွက်ကို ရှာရခက်သော်လည်း ကြွေပုလင်းကို အသုံးပြုလိုက်လျှင် ရနိုင်ပေသည်။ သို့ပေမည့် ထွက်လာသော အောက်ဆီဂျင်ကို သန့်စင်ကာ အအေးခံပြီးမှသာ အသက်ရှူရန် အသုံးပြု၍ ရနိုင်ပေလိမ့်မည်။
အဓိက အကျဆုံးမှာ အပူချိန် ၄၀၀ ဒီဂရီအထိ ရရှိရန် မီးလိုအပ်ပြီး၊ မီးလောင်ကျွမ်းရန်အတွက်လည်း အောက်ဆီဂျင် လိုအပ်နေခြင်းပင်။ အစွမ်းကုန် ကြိုးစားကြည့်ခဲ့သော်လည်း နောက်ဆုံးတွင်မူ လက်လျှော့ လိုက်ရတော့၏။
ထို့နောက် ယွင်ကျုံးဟဲ့က ငါးကြီးများ၏ လေအိတ်များကို အသုံးပြု၍ လေများ အမြောက်အမြား မှုတ်သွင်းလိုက်သည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် လေလီတာ နှစ်ရာခန့် သယ်ဆောင်သွား၍ ရနိုင်မည် ဖြစ်၏။ ချွေချွေတာတာ အသုံးပြုမည်ဆိုလျှင် တစ်နာရီခန့် ခံနိုင်လောက်သည်။
သို့ပေမည့် ဤလောကတွင် လက်နှိပ်ဓာတ်မီး မရှိခြင်းကတော့ နှမြောစရာ ကောင်းလှ၏။ မြေအောက်ထဲတွင် လုံးဝ အမှောင်ကျနေမည်ဖြစ်ရာ ဘာမျှ မြင်ရမည် မဟုတ်ချေ။ မီးအိမ် ထွန်းမည်ဆိုပါကလည်း လေများကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
...........................