← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 13 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 13 Ch. 149-150

အပိုင်း (၁၄၉)

ထို့နောက် ယွင်ကျုံးဟဲ့က ဤအသေခံ မြေမြှုပ်ခံရသော စစ်သည်တော်ကို စတင် လေ့လာတော့သည်။

စစ်သည်ရွှံ့ရုပ်၏ အပြင်ခွံကို ခွာချလိုက်ပြီးနောက် သူ၏ အရပ်က တကယ်ပင် နှစ်မီတာခန့် ရှိနေကြောင်း တွေ့ရ၏။ သာမန်လူများနှင့် ယှဉ်လျှင် တကယ့်ကို လူသန်ကြီးတစ်ဦးပင် ဖြစ်၏။

တကယ်ကို ပုံမှန် မဟုတ်ချေ။ ဤလောကရှိ အမျိုးသားများ၏ ပျမ်းမျှ အရပ်မှာ တစ်မီတာ ခြောက်ဆယ်ကျော်ခန့်သာ ရှိ၏။ နှစ်မီတာ မြင့်သော သူများ မရှိသည်တော့ မဟုတ်သော်လည်း အလွန် ရှားပါလှသည်။

“ဒီလို အရပ်မြင့်တဲ့ စစ်သည်ရွှံ့ရုပ်တွေက နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲမှာ ဘယ်လောက်လောက် ရှိမလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

ကျင်းကျုံးယွဲ့က ဖြေသည်။ “ဒါတွေက နုဧကရာဇ်ရဲ့ ကိုယ်ရံတော်တွေပဲ။ လူတစ်သောင်းလောက် ရှိမယ်။”

“တစ်သောင်း ဟုတ်လား။” ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွား၏။

‘ဒါက ပိုပြီးတောင် ပုံမှန် မဟုတ်တော့ဘူးလေ။ နုဧကရာဇ်က နိုင်ငံတစ်ခုလုံးကနေ လိုက်ရှာရင်တောင် နှစ်မီတာ မြင့်တဲ့ လူသန်ကြီး တစ်သောင်းလောက် ရဖို့ဆိုတာ အရမ်း ခက်ခဲမှာပဲ။’

ထို့နောက် ယွင်ကျုံးဟဲ့က ဤအသေခံ စစ်သည်တော်၏ သံချပ်ကာဝတ်စုံနှင့် လက်နက်များကို စတင် လေ့လာတော့၏။

တောက်ပနေသည်ဟု မဆိုနိုင်သော်လည်း တကယ်ပင် ပုပ်သိုးဆွေးမြေ့နေခြင်း မရှိချေ။ သံချပ်ကာပြားများကို ဆက်သွယ်ထားသော ကြိုးများက ပုပ်သိုးပြတ်တောက်နေသော်လည်း ဤသံချပ်ကာပြားများကမူ အကောင်း ပကတိအတိုင်း ရှိနေဆဲ ဖြစ်ပြီး သံချေးပင် သိပ်မတက်သေးချေ။

ဆိုလိုသည်မှာ ဤသံချပ်ကာပြားများကို သားရေကြိုးများဖြင့် ပြန်လည် ဆက်သွယ်လိုက်ရုံဖြင့် သံချပ်ကာဝတ်စုံ အသစ် တစ်စုံ ဖြစ်လာနိုင်ပေသည်။ စစ်သုံး ဓားရှည်များကိုလည်း လေ့လာကြည့်၏။

ကျင်းကျုံးယွဲ့က သူမ၏ ဓားရှည်တစ်လက်ကို ထုတ်ယူကာ အချင်းချင်း ခုတ်ကြည့်လိုက်သည်။

“ချလွမ်”

ကျင်းမိသားစုက ဈေးကြီးပေး ဝယ်ယူထားသော ဓားရှည်မှာ ချက်ချင်းပဲ နှစ်ပိုင်း ပြတ်သွားတော့၏။

ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩသွားရသည်။ ‘ဒါ… ဒါက တကယ်ကို ယုံနိုင်စရာ မရှိလောက်အောင်ပါပဲ။ နှစ်တစ်ထောင် ကြာအောင် သိမ်းဆည်းထားတဲ့ ဓားရှည်က ရွှံ့တွေနဲ့ ပိတ်လှောင်ထားလို့ လေနဲ့ မထိတွေ့ခဲ့ဘူး ဆိုပေမဲ့ ဒီလောက်တောင် ထက်မြက်နေသေးတာက လုံးဝ ပုံမှန် မဟုတ်ဘူးလေ။ နုဧကရာဇ်က လွန်ခဲ့တဲ့ နှစ်တစ်ထောင်တည်းက ရှိခဲ့တာ။ သူ့ရဲ့ သံရည်ကျိုနည်းပညာက အခုခေတ်ထက်တောင် သာလွန်နေတာလား။’

ယွင်ကျုံးဟဲ့က ဤဓားရှည်များကို သေချာ ကြည့်လိုက်ရာ ဓားသွားများတွင် အပြာရောင် သန်းနေကြောင်း တွေ့ရ၏။ အလွန် တင်းကျပ်သော အပူပေး အအေးခံခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းထားကြောင်း သိသာလှပေသည်။

‘ဒီဓားရှည်တွေက သံမဏိတွေ ဖြစ်နေတာလား။ ဒီလောကမှာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တည်းက သံမဏိတွေ ရှိနေခဲ့တာလား။’

ယွင်ကျုံးဟဲ့သည် သံမဏိထုတ်လုပ်နည်းကို အဖိုးတန် စစ်ရေးဗျူဟာမြောက် အရင်းအမြစ်တစ်ခုအဖြစ် အသုံးချကာ ငွေကြေးအမြောက်အမြား ရှာဖွေရန်ပင် ကြံစည်ထားခဲ့ဖူး၏။

သို့ပေမည့် ယခု နုဧကရာဇ်၏ သင်္ချိုင်းဂူအတွင်း၌ သံမဏိဓားရှည်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိလိုက် ရချိန်မှာတော့ သူ၏ အတွေးများမှာ ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ အကောင်းဆုံးဓားများမှအစ ပိုင်ရှင်မဲ့နယ်မြေမှ ထိပ်တန်းလက်နက်များအထိ အားလုံးမှာ သံဓားများသာ ဖြစ်ကြပြီး၊ မည်သည့်လက်နက်မှ သံမဏိအဆင့်သို့ မမီကြချေ။ ထိုသို့ဆိုလျှင် နုဧကရာဇ်၏ သံရည်ကျိုနည်းပညာက သမိုင်းထဲမှာ ပျောက်ကွယ်သွားခဲ့သည်လား။

အခြေအနေများက တကယ်ပင် ရယ်စရာကောင်းလှသည်။ အတိတ်က ယွင်ကျုံးဟဲ့သည် ထန်ထိုင်မြဲ့မင်ကို လှည့်စားရန်အတွက် သံမဏိဓားအချို့ကို ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး၊ အားအင်အမြောက်အမြား အသုံးချကာ သံမဏိစပ် ဓားမြှောင်တစ်လက်ကိုပင် ဖန်တီးခဲ့သေးသည်။

ထိုဓားကို ရှေးဟောင်းပစ္စည်းကဲ့သို့ဖြစ်အောင် ပြုပြင်ပြီး နုဧကရာဇ်၏ သင်္ချိုင်းဂူမှ တူးဖော်ရရှိခြင်းဖြစ်ကြောင်း လိမ်ညာခဲ့စဉ်က ထန်ထိုင်မြဲ့မင်က လုံးဝမယုံကြည်ခဲ့ပေ။

သို့သော်ငြား ယခုအခါတွင်မူ သူလိမ်ညာခဲ့သည့်အတိုင်း နုဧကရာဇ်၏ ဂူအတွင်း၌ တကယ့်ဓားကောင်းများ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ကံကြမ္မာ၏ ပြက်ရယ်ပြုမှုကို သူ ကိုယ်တိုင် ခံစားလိုက်ရတော့သည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လမင်းလေး… ငါတို့တော့ ချမ်းသာပြီ။ တကယ် ချမ်းသာပြီ။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ တကယ် ချမ်းသာသွားပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နုဧကရာဇ်၏ သင်္ချိုင်းဂူထဲတွင် စစ်သည်ရွှံ့ရုပ် တစ်သိန်းနီးပါး ရှိနေသောကြောင့်ပင်။

ယခုတွေ့ရသော နှစ်မီတာကျော် မြင့်သည့် နုဧကရာဇ်၏ ကိုယ်ရံတော်များမှာ လူတစ်သောင်းခန့်သာ ရှိသော်လည်း ကျန်ရှိသော သာမန် စစ်သည်များ၏ သံချပ်ကာဝတ်စုံနှင့် လက်နက်များကလည်း များစွာ နိမ့်ကျမည် မဟုတ်ချေ။

သံချပ်ကာဝတ်စုံနှင့် ဓားရှည် တစ်သိန်းနီးပါး.... ဤသည်မှာ တကယ်ကို မရေမတွက်နိုင်သော ကြီးမားလှသည့် စည်းစိမ်ကြီးပင် ဖြစ်၏။

ဤသင်္ချိုင်းဂူထဲတွင် ရွှေငွေရတနာများ ရှိမရှိ ဆိုသည်မှာ လုံးဝ အရေးမကြီးတော့ချေ။ ကျင်းကျုံးယွဲ့က ထိုအရာများကို စိတ်မဝင်စားသလို ယွင်ကျုံးဟဲ့ကလည်း စိတ်မဝင်စားပေ။

သို့ပေမည့် အနည်းငယ် ထူးဆန်းနေသည်မှာ ဤနုဧကရာဇ်၏ သင်္ချိုင်းဂူထဲတွင် ဤမျှများပြားသော ရတနာများ ရှိနေပါလျက်နှင့် ကျင်းမိသားစု၏ ဘိုးဘေးများက အဘယ်ကြောင့် အားလုံးကို မတူးဖော်ဘဲ မိမိတို့၏ အင်အားကို တိုးချဲ့ရန် အသုံးမပြုခဲ့သနည်း ဆိုသည်ပင်။

ဤအထဲရှိ ရတနာများက နိုင်ငံငယ်လေး တစ်ခု တည်ထောင်ရန် လုံလောက်ပေသည်။ သို့ပေမည့် ယွင်ကျုံးဟဲ့က ထိုအကြောင်းရင်းကို ချက်ချင်းပဲ နားလည်သွား၏။

ဤသံချပ်ကာဝတ်စုံနှင့် လက်နက် တစ်သိန်းကို သူ၏ ရှေ့တွင် ချထားပေးလျှင်တောင် သူက စစ်သည် တစ်သိန်းကို ဖန်တီးနိုင်မည်လား။ မဖန်တီးနိုင်ချေ။

စစ်သည် တစ်သိန်း ဆိုသည်မှာ အနည်းဆုံး ပြည်သူ သုံးလေးသန်းခန့် လိုအပ်ပြီး၊ စတုရန်းကီလိုမီတာ နှစ်သိန်းခန့် ကျယ်ဝန်းသော နယ်မြေ လိုအပ်ကာ၊ မရေမတွက်နိုင်သော ဆန်စပါးများနှင့် အခွန်ငွေများ ရှိမှသာ ကျွေးမွေးနိုင်မှာ ဖြစ်သည်။

သံချပ်ကာဝတ်စုံနှင့် လက်နက်များ ရှိရုံဖြင့် စစ်တပ် ရှိလာမည်ဟု မဆိုနိုင်ချေ။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ ချမ်းသာသွားပြီ ဖြစ်၏။

“အချစ်လေး… မင်း ချမ်းသာသွားပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

“ပြင်ပြောမယ်၊ ကျွန်မတို့ ချမ်းသာသွားပြီ။” ကျင်းကျုံးယွဲ့က ပြောလိုက်၏။

“လမင်းလေး… မင်းကို တစ်ခု ပြစရာရှိတယ်။ လိုက်ခဲ့” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့က သူ၏ စမ်းသပ်ခန်းလေးထဲသို့ ပြန်သွားကာ ယမ်းမည်း တစ်ထုပ်ကို ယူလိုက်သည်။ သူတို့နှစ်ဦး လက်ချင်းချိတ်ကာ မြို့ပြင်ရှိ လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုဆီသို့ သွားလိုက်ကြ၏။

“လမင်းလေး… မင်းက မီးကို အကြိုက်ဆုံး မှတ်လား။ ဒါက မီးရဲ့ အဆင့်မြင့် ပုံစံတစ်မျိုးပဲ။ မင်း သေချာပေါက် ကြိုက်မှာပါ။”

ယွင်ကျုံးဟဲ့က စွန့်ပစ်ထားသော ကျောက်အိမ်လေး တစ်ခုထဲသို့ ဝင်သွားကာ ယမ်းထုပ်ကို အထဲတွင် ထားလိုက်ပြီး ရှည်လျားသော စနက်ကြိုးကို အပြင်သို့ ဆွဲထုတ်လာခဲ့သည်။

“လမင်းလေး… မင်း လာမီးညှိလိုက်။”

ယွင်ကျုံးဟဲ့က မီးတုတ်ကို ကျင်းကျုံးယွဲ့ထံ ကမ်းပေးလိုက်၏။

ကျင်းကျုံးယွဲ့၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး မွေးနေ့လက်ဆောင် ရရှိသော မိန်းကလေးငယ် တစ်ဦးအလား ဖြစ်နေ၏။ သူမက အသက်အောင့်ကာ မီးတုတ်ဖြင့် စနက်ကြိုးကို မီးညှိလိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို ဆွဲကာ အဝေးသို့ အမြန်ပြေးသွားပြီး ကျောက်တုံးကြီး တစ်ခုနောက်တွင် ပုန်းအောင်းနေလိုက်၏။

“ဝုန်း”

ခဏအကြာတွင် နားကွဲမတတ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွား၏။ ထို့နောက် ထိုစွန့်ပစ်ထားသော ကျောက်အိမ်လေးမှာ အမှုန့်ဖြစ်သွားပြီး နေရာအနှံ့ လွင့်စင် သွားတော့သည်။

ယွင်ကျုံးဟဲ့က မျက်မြင်အကျိုးသက်ရောက်မှု ပိုမို ကြီးမားစေရန်အတွက် ယမ်းမည်း ပေါင်ဆယ်ဂဏန်းခန့်ကို တစ်ခါတည်း အသုံးပြုလိုက်ခြင်း ဖြစ်၏။

ကျင်းကျုံးယွဲ့ လုံးဝ အံ့ဩမှင်တက်သွား၏။ ဤအရာက သူမကို လုံးဝ ဖမ်းစားသွားနိုင်ခဲ့၏။ သူမက ဤအရာကို နှစ်သက်သည်။ ဤအရာကို သဘောကျသည်။

အလွန် ကြီးမားသော ဖျက်ဆီးနိုင်စွမ်း ရှိပြီး အလွန် ကြီးမားသော သတ်ဖြတ်နိုင်စွမ်း ရှိရာ သူမ၏ အတွင်းစိတ်ထဲမှ သတ်ဖြတ်လိုသော ဆန္ဒများနှင့် လုံးဝ ကိုက်ညီနေ၏။

သူမက ယွင်ကျုံးဟဲ့ကို ဆွဲကာ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တိုက်ရိုက် သွားရောက်ပြီး ယမ်းငွေ့အနံ့များကို လောဘတကြီး ရှူရှိုက်နေတော့သည်။ ‘အရမ်း မွှေးတယ်။ အရမ်း ဆွဲဆောင်မှု ရှိတာပဲ။’

ထို့အပြင် သူမ၏ စိတ်ကိုပင် လှုပ်ရှားသွားစေခဲ့၏။ ထို့ကြောင့် သူမက ယွင်ကျုံးဟဲ့ကို ထပ်မံ တွန်းလှဲလိုက်တော့၏။

“လမင်းလေး… ဒါ… ဒါက လူသူကင်းမဲ့တဲ့ တောထဲမှာလေ။ မကောင်းပါဘူး။”

နာရီဝက်ခန့် ကြာပြီးနောက် ကျင်းကျုံးယွဲ့၏ လှပသော မျက်နှာလေးမှာ နီမြန်းနေပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အောက်ထျန်း… ဒီတိုက်ပွဲ ကျွန်မတို့ သေချာပေါက် နိုင်ပြီ။”

ယွင်ကျုံးဟဲ့က အသက်ကို ပြင်းပြင်း ရှူနေရင်း ခေါင်းညိတ်လိုက်၏။

“ထန်ထိုင်မြဲ့မင်ရဲ့ စစ်သည် တစ်သိန်းက ကျွန်မတို့ မြို့ရိုးအပြင်ဘက်က ကွင်းပြင်ကြီးမှာ စုရုံးလိမ့်မယ်။ အဲဒီနေရာက နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲက ပြဒါးရေကန်ကြီးနဲ့ တည့်တည့်ပဲလေ။ ကျွန်မတို့က အဲဒီ ကြီးမားတဲ့ ကျောက်တိုင်တွေကို အကုန်လုံး ဖောက်ခွဲပစ်လိုက်မယ်။ အဲဒီအခါကျရင် မိုင်နဲ့ချီ ကျယ်ဝန်းတဲ့ မြေပြင်ကြီး တစ်ခုလုံး ပြိုကျသွားပြီး ထန်ထိုင်မြဲ့မင်ရဲ့ စစ်သည် တစ်သိန်းကို အကုန်လုံး မြေမြှုပ်ပစ်လိုက်လို့ ရပြီ။” ကျင်းကျုံးယွဲ့က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ မင်းနဲ့ ငါ့ရဲ့ အတွေးက တစ်ထပ်တည်းပဲ။”

ကျင်းကျုံးယွဲ့၏ ဖြူဖွေးနုနယ်သော အသားအရေလေးတွင် ကြက်သီးများပင် ထနေ၏။ သူမ အလွန် စိတ်လှုပ်ရှားနေကြောင်း သိသာလှသည်။

“အဲဒီနေ့ ရောက်လာဖို့ကို ကျွန်မ မစောင့်နိုင်တော့ဘူး။”

ထို့နောက် ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ခုနက ပေါက်ကွဲသွားတဲ့ အရာကို ဘယ်လို ခေါ်လဲ။”

“အဲဒါက မင်းကို ပေးတဲ့ လက်ဆောင်မို့လို့ လမင်းမီးလို့ ခေါ်တယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။

“အရမ်း စိတ်ကူးယဉ်ဆန်တာပဲ။ ကျွန်မ အရမ်း သဘောကျတယ်။ ပြီးတော့ ကျွန်မ ရှင့်ကို ချစ်တယ်။” ကျင်းကျုံးယွဲ့က မီးတောက်ကြီး တစ်ခုအလား ထပ်မံ ခုန်အုပ်လာပြန်၏။

ယွင်ကျုံးဟဲ့ဆီမှ ညည်းညူသံများက အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

ယွင်ကျုံးဟဲ့ လက်ထပ်ခွင့် တောင်းတုန်းက ကြီးမားသည့် ကျောက်မျက်ရတနာ လက်စွပ်ကြီး ပေးသည်ကို ကျင်းကျုံးယွဲ့က သိပ်ပြီး သဘောကျတဲ့ပုံ မပြခဲ့ပေ။ သို့သော်ငြား အခု ယမ်းမည်းများကို လက်ဆောင်ပေးလိုက် ချိန်မှာတော့ ယခုအထိ စိတ်လှုပ်ရှားလိမ့်မည်ဟု မထင်ခဲ့ချေ။

‘ငါက မင်းကို ယမ်းမည်းတွေ လက်ဆောင်ပေးတာကို မင်းက စိတ်ကူးယဉ်ဆန်တယ်လို့ ပြောတယ်ပေါ့။ မင်းရဲ့ အတွင်းစိတ်က တကယ်ကို ရက်စက်လွန်းတာပဲ။’

နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် ကျင်းကျုံးယွဲ့က တီးတိုးရေရွတ်လိုက်သည်။ “လမင်းမီး… လမင်းမီး… ဒီနာမည်က အရမ်း လှတာပဲ။”

ကျင်းကျုံးယွဲ့၏ မျက်ဝန်းများက ရေအလား နူးညံ့နေ၏။ “အောက်ထျန်း… ဒါက ရှင် ကျွန်မကို ပေးတဲ့ ပြိုင်ဘက်ကင်းတဲ့ လက်ဆောင် တစ်ခုပဲ။ ဒီနေ့ကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

အောက်ထျန်း… ကျွန်မ ကျိန်ဆိုတယ်။ ကမ္ဘာမြေရဲ့ အဆုံးထိတိုင်အောင် ရှင့်ကိုကာကွယ်ပေးမယ်။ ရှင့်ရဲ့ ဆံပင်တစ်ပင်ကိုတောင် အထိခိုက် မခံဘူး။ တခြားသူတွေကိုလည်း ရှင့်ရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခိုက်ခွင့် မပေးဘူး။ ကျွန်မကို ယုံပါ။”

ယွင်ကျုံးဟဲ့က အသက်ကို အငမ်းမရ ရှူနေရ်း မေးလိုက်သည်။ “လမင်းလေး… ငါ အရမ်း ဝမ်းသာပါတယ်။ ဒါပေမဲ့ မင်းက ကမ္ဘာမြေရဲ့ အဆုံးထိတိုင်အောင် ငါ့ကို ကာကွယ်ပေးမယ်လို့ ပြောနေတာ နည်းနည်းတော့ ထူးဆန်းနေတယ်။ ယေဘုယျအားဖြင့်တော့ ယောက်ျားက မိန်းမကို ကာကွယ်ပေးရတာ မဟုတ်ဘူးလား။”

ကျင်းကျုံးယွဲ့က သူမ၏ လက်ကို ယွင်ကျုံးဟဲ့ရှေ့သို့ ဆန့်ထုတ်ကာ လက်သီးဆုပ်ပြလိုက်ပြီး မေးလိုက်၏။ “ဒါက ဘာလဲ။”

“လက်သီးလေ။” ယွင်ကျုံးဟဲ့က ဖြေသည်။

“ဟုတ်တယ်... လက်သီး”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “သဲအိတ်လောက် ကြီးတဲ့ လက်သီးပဲ။”

ယွင်ကျုံးဟဲ့မှာ ဆွံ့အသွားတော့သည်။ ‘မင်းရဲ့ သဲအိတ်က အရမ်း သေးလွန်းပါတယ်။ ပြီးတော့ ဒီလို ကြည်လင်နေတဲ့ ပန်းရောင် သဲအိတ်မျိုး ဘယ်မှာ ရှိလို့လဲ။’

နောက်တစ်စက္ကန့်တွင် ကျင်းကျုံးယွဲ့၏ ပန်းရောင် လက်သီးလေးက ပြင်းထန်စွာ ထိုးချလိုက်၏။

“ဝုန်း”

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ ဘေးရှိ သစ်ပင် တစ်ပင်မှာ သူမ၏ လက်သီးချက်ကြောင့် ချက်ချင်း ကျိုးပဲ့သွားတော့၏။ ပန်းကန်လုံးအရွယ်ခန့် ရှိသော သစ်ပင် တစ်ပင်ကို သူမ၏ နုနယ်သော လက်သီးလေးဖြင့် တစ်ချက်တည်း ထိုးချိုးလိုက်ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့မှာ ခေတ္တမျှ အသက်ရှူရပ်သွားမတတ် ဖြစ်သွား၏။

ကျင်းကျုံးယွဲ့၏ ပန်းရောင် လက်သီးလေးကို ပြန်ကြည့်လိုက်ရာ ဒဏ်ရာ အနည်းငယ်မှ မရှိချေ။

သူမက ပန်းရောင် လက်သီးလေးကို ညင်သာစွာ မှုတ်လိုက်ပြီး မေးလိုက်သည်။ “အခု ထူးဆန်းသေးလား။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။

ကျင်းကျုံးယွဲ့က မေးသည်။ “ရှင်က ကျွန်မကို ကာကွယ်ပေးမှာလား၊ ကျွန်မက ရှင့်ကို ကာကွယ်ပေးရမှာလား။”

“မင်းက ငါ့ကို ကာကွယ်ပေးတာပါ သူရဲကောင်းမလေးရယ်..” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။

ထို့နောက် သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ တကယ်လို့ သူ၏ ရင်ဘတ်ကိုသာ ဤကဲ့သို့သော လက်သီးလေးနှင့် ထုခံလိုက်ရမည် ဆိုပါက အသားစများ ဖြစ်သွားမည်မှာ ကျိန်းသေပေါက်ပင်။

ကျင်းကျုံးယွဲ့က ထပ်ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ကျွန်မ ရှင့်ကို ချစ်တယ်။ တစ်သက်လုံး ရှင့်ကို ကာကွယ်ပေးသွားမယ်။”

“နားထောင်ရတာ နည်းနည်း ထူးဆန်းပေမဲ့ ငါ တကယ် ဝမ်းသာပါတယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

.......................

အပိုင်း (၁၅၀)

“အောက်ထျန်း… ကျွန်မတို့ လမင်းမီးတွေ သွားလုပ်ကြရအောင်။ များများ လုပ်လေ ကောင်းလေပဲ။ မြို့စားအိမ်တော် တစ်ခုလုံး ပြည့်သွားအောင် လုပ်ကြမယ်။” ကျင်းကျုံးယွဲ့က ပြောလိုက်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပြီးတော့ မင်းက မီးနဲ့ ရှို့လိုက်ပြီး မြို့စားအိမ်တော် တစ်ခုလုံးကို အမှုန့်ဖြစ်သွားအောင် လုပ်မလို့လား။”

ကျင်းကျုံးယွဲ့ အနည်းငယ် ကြောင်အသွားက ပြောလိုက်၏။ “အရင်ကတော့ အဲဒီလို မတွေးခဲ့ပါဘူး။ ဒါပေမဲ့ အခု ရှင် ပြောလိုက်တော့ အဲဒီလို တကယ် လုပ်ချင်သွားပြီ။ စိတ်လှုပ်ရှားလွန်းလို့ တစ်ကိုယ်လုံးတောင် တုန်လာပြီ။”

‘လမင်းလေး… ငါ မှားသွားတယ်။ ငါက စိတ်ကျန်းမာရေးဆေးရုံရဲ့ ဆရာဝန်ကြီး တစ်ယောက်အနေနဲ့ လူနာကို အစွန်းရောက်တဲ့ဘက် ရောက်အောင် မလမ်းညွှန်သင့်ဘူး။ ငါတို့ X စိတ်ကျန်းမာရေးဆေးရုံမှာ ကုတင် တစ်လုံး လွတ်နေသေးတယ်။ မင်း လာတက်ဖို့ စဉ်းစားအုံးမလား။ အဲဒီကျရင် ငါတို့ နှစ်ယောက် စိတ်ကျန်းမာရေး ဆေးရုံထဲမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့။’

ထိုအချိန်တွင် ကျင်းကျုံးယွဲ့က ရုတ်တရက် ပြောလိုက်သည်။ “အောက်ထျန်း… ကျွန်မ နာမည် ပြောင်းချင်လာပြီ။”

“နာမည် ပြောင်းချင်တယ်။ ဘာလို့လဲ။”

ယွင်ကျုံးဟဲ့က သူ၏ တွေးခေါ်မှုများက အတော်လေး ဆန်းကြယ်နေပြီဟု ထင်ထားသော်လည်း အချို့အချိန်များတွင် ကျင်းကျုံးယွဲ့၏ တွေးခေါ်မှုများကို လိုက်မမီနိုင်ကြောင်း တွေ့လိုက်ရ၏။

အနည်းဆုံး ယခုအချိန်တွင် ကျင်းကျုံးယွဲ့ ဘာကြောင့် ဤစကားကို ပြောရသနည်း ဆိုသည်ကို သူ တကယ် နားမလည်ချေ။

သူတို့နှစ်ဦးက မျက်နှာချင်းဆိုင်၍ တစ်လက်မပင် မကွာသော အကွာအဝေးမှ အချင်းချင်း၏ မျက်နှာများကို အပြန်အလှန် ကြည့်နေကြ၏။

“အောက်ထျန်း… ရှင့်ရဲ့ ဒီမျက်နှာက အရမ်း ချောမောလွန်းလို့ အစစ်နဲ့တောင် မတူဘူး။” ကျင်းကျုံးယွဲ့က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “မင်းရဲ့ မျက်နှာကမှ အစစ်နဲ့ မတူတာ။ အရမ်းကို ပြီးပြည့်စုံလွန်းလို့ ကောင်းကင်ဘုံက တမင် ဖန်တီးပေးထားသလိုပဲ။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကျွန်မ အရမ်း ထူးဆန်းတဲ့ စာအုပ်တစ်အုပ် ဖတ်ဖူးတယ်။ အဲဒီထဲမှာ လူတွေရဲ့ အရေခွံကို ဆုတ်ခွာပြီး သူ့ကိုယ်ပေါ်မှာ ပြန်ဝတ်ထားနိုင်တဲ့ မကောင်းဆိုးဝါး တစ်ကောင် ရှိတယ်တဲ့။ ကျွန်မ ထင်တာ ရှင်က အဲဒီ မကောင်းဆိုးဝါးပဲ ဖြစ်မယ်။”

ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “ဒါဆို ငါက မင်းရဲ့ အရေခွံကို ဆုတ်ခွာပြီး ငါ့ကိုယ်ပေါ်မှာ ဝတ်ထားလိုက်မယ်လေ။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ပြီးရင် ညတိုင်း ရှင့်ကိုယ်ရှင် ပြန်အိပ်မှာလား။”

ယွင်ကျုံးဟဲ့မှာ ကြက်သီးများပင် ထသွားရ၏။ ‘လမင်းလေး… မင်းက ကားမောင်းနေတာ မဟုတ်ဘူး၊ ဒုံးပျံ မောင်းနေတာပဲ။ ဖြည်းဖြည်း မောင်းပါအုံး၊ ငါ လိုက်မမီတော့ဘူး။’

...............

နောက်ထပ် တစ်လ ကြာပြီးနောက် ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက လုံးဝ ပွက်လောရိုက်သွားတော့၏။ ထန်ထိုင်မြဲ့မင်က နယ်စားများမဟာမိတ်အဖွဲ့၏ ကိုယ်စား လေခွင်းမြို့သို့ ပထမဆုံး သံတမန်အဖွဲ့ကို စေလွှတ်ခဲ့သည်။

အကြောင်းအရာမှာ တစ်ခုတည်းသာ ဖြစ်သည်။ တောင်ပိုင်းကျိုးအင်ပါယာ၏ သူလျှို လောက်ချန်း ဖြစ်သော ယွင်ကျုံးဟဲ့ကို ထုတ်ပေးရန်၊ မဟုတ်ပါက အကျိုးဆက်ကို တာဝန်ယူရမည် ဟူ၍ ဖြစ်သည်။

ကျင်းကျုံးယွဲ့က လုံးဝ ဂရုမစိုက်ဘဲ နယ်စားများမဟာမိတ်အဖွဲ့၏ သံတမန်များကို ပြင်းထန်စွာ ရိုက်နှက်ကာ လေခွင်းမြို့မှ နှင်ထုတ်ပစ်လိုက်၏။

ထို့နောက် ထန်ထိုင်မြဲ့မင်က ဒုတိယမြောက် သံတမန်အဖွဲ့ကို ထပ်မံ စေလွှတ်ပြန်သည်။ အကြောင်းအရာက အတူတူပင် ဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ သူလျှို ယွင်ကျုံးဟဲ့ကို ထုတ်ပေးရန်၊ မဟုတ်ပါက နယ်စားများ မဟာမိတ်အဖွဲ့က စစ်ရေးအရ အရေးယူမည် ဟူ၍ ဖြစ်သည်။

ကျင်းကျုံးယွဲ့က ဤတစ်ကြိမ်တွင် သံတမန်များ၏ လက်နှစ်ဖက်ကို ခုတ်ဖြတ်ကာ လေခွင်းမြို့မှ နှင်ထုတ် ပစ်လိုက်၏။

ဤအချိန်တွင် နယ်စားများမဟာမိတ်အဖွဲ့ တစ်ခုလုံး အပြင်းအထန် ဒေါသထွက်သွားကြတော့သည်။

‘ခင်ဗျား ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ ဆိုတဲ့ မျက်နှာဖြူလေးကို အသေအလဲ ကာကွယ်ပေးချင်ရင်လည်း နေပါစေ။ နိုင်ငံနှစ်ခု စစ်ဖြစ်ရင်တောင် သံတမန်ကို မသတ်ရဘူး ဆိုတဲ့ စည်းကမ်း ရှိတာကို ခင်ဗျားက သံတမန်တွေရဲ့ လက်ကိုပါ ခုတ်ဖြတ်ရဲတယ်ပေါ့။ အရမ်း ရိုင်းစိုင်းပြီး မောက်မာလွန်းတယ်။’

ထန်ထိုင်မြဲ့မင်က တတိယမြောက် သံတမန်အဖွဲ့ကို စေလွှတ်ကာ နောက်ဆုံး ရာဇသံ ပေးပို့လိုက်၏။

ကျင်းကျုံးယွဲ့ အနေဖြင့် ယွင်ကျုံးဟဲ့ကို ချက်ချင်း ထုတ်ပေးရန်၊ မဟုတ်ပါက ကျင်းမိသားစု တစ်ခုလုံး အမှုန့်ဖြစ်သွားမည် ဖြစ်ကြောင်း၊ ကြိုတင် မသတိပေးဘူးဟု မပြောရန် ဟူ၍ ဖြစ်သည်။

ကျင်းကျုံးယွဲ့က ဤတစ်ကြိမ်တွင် နယ်စားများမဟာမိတ်အဖွဲ့၏ သံတမန် ကိုးဦးစလုံး၏ ခေါင်းများကို ကိုယ်တိုင် ခုတ်ဖြတ်ပစ်လိုက်၏။

သူမ၏ ဤမျှ ပြင်းထန်သော တုံ့ပြန်မှုက နယ်စားများမဟာမိတ်အဖွဲ့ကို လုံးဝ အံ့ဩသွားစေခဲ့သည်။

‘ဒီ… ဒီလောက်တောင် ရူးသွပ်နေတာလား။ အရင် ပိုင်ယင်ဆားကွင်း ကပ်ဘေးတုန်းက ခင်ဗျားက အကြိမ်ကြိမ် အလျှော့ပေးပြီး သည်းခံနေခဲ့တာလေ။ အခုကျမှ ဘာလို့ ရူးသွပ်တဲ့အထိ တုံ့ပြန်နေရတာလဲ။ အရူးပဲ… သေချင်နေတာ သေချာတယ်။

ထန်ထိုင်မြဲ့မင်က စစ်တိုက်ဖို့ အကြောင်းပြချက် ရှာနေတာကို ခင်ဗျား သိရက်နဲ့ အခုလို အခွင့်အရေးကို လက်နှစ်ဖက်နဲ့ ဆက်သလိုက်တာလား။

ခင်ဗျား အခု ဒေါသထွက်အောင် လုပ်လိုက်တာက ထန်ထိုင်မြဲ့မင် တစ်ယောက်တည်း မဟုတ်ဘူး၊ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက မြို့စားတွေ အကုန်လုံးကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ။ ခင်ဗျား သတ်ပစ်လိုက်တဲ့ သံတမန်တွေက ထန်ထိုင်မိသားစုက လူတွေချည်းပဲ မဟုတ်ဘူးလေ။ ကျင်းမိသားစုက ဒီလောက်တောင် အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။’

ကျင်းကျုံးယွဲ့၏ ဤမျှအထိ ပြင်းထန် ရက်စက်သော တုံ့ပြန်မှုများကြောင့် နယ်စားများမဟာမိတ်အဖွဲ့ တစ်ခုလုံး အပြင်းအထန် ဒေါသထွက်သွားကြတော့၏။ မြို့စားတိုင်းနီးပါးက သူမကို ဘုံရန်သူအဖြစ် သတ်မှတ်လိုက် ကြသည်။

ထို့နောက် ထန်ထိုင်မြဲ့မင်က မဟာမိတ်အဖွဲ့ ခေါင်းဆောင် အမည်ဖြင့် စစ်ကြေညာစာ တစ်စောင်ကို ထုတ်ပြန်လိုက်၏။ စစ်ကြေညာစာတွင် ကျင်းကျုံးယွဲ့ကို အပြစ်ကြီး ဆယ့်ကိုးခုဖြင့် စွပ်စွဲထားသည်။ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ တောင်ပိုင်းကျိုးအင်ပါယာနှင့် ပူးပေါင်းခြင်းတို့မှာ အခြေခံ အပြစ်များသာ ဖြစ်၏။

အချုပ်အားဖြင့် ထိုစစ်ကြေညာစာတွင် ကျင်းကျုံးယွဲ့နှင့် ယွင်ကျုံးဟဲ့တို့ ခွေးလင်မယား နှစ်ဦးမှာ အလွန် ယုတ်မာရိုင်းစိုင်းပြီး ကောင်းကင်နှင့် မြေကြီးက ခွင့်မလွှတ်နိုင်သောသူများ ဖြစ်သောကြောင့် သေဒဏ် ပေးသင့်သည်ဟု ရေးသားထားသည်။

ဤစစ်ကြေညာစာက ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားတိုင်း၏ အိမ်တော်သို့ ရောက်ရှိသွားသည်။ ကျင်းကျုံးယွဲ့၏ သံတမန်များကို ရက်စက်စွာ သတ်ဖြတ်မှုများကပါ ပေါင်းစပ်သွားချိန်မှာတော့ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို လုံးဝ မီးမွှေးလိုက်သကဲ့သို့ ဖြစ်သွားတော့၏။

ထန်ထိုင်မြဲ့မင်က ဉာဏ်ပညာကြီးမားသော ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပြီး အခြေအနေ ဖန်တီးခြင်းနှင့် မိမိဘက် ပါသူများကို စုစည်းကာ ဆန့်ကျင်သူများကို ဖယ်ရှားခြင်းတို့ကို အလွန် ကျွမ်းကျင်သူ ဖြစ်၏။ ကျင်းကျုံးယွဲ့က ဤမျှအထိ ပူးပေါင်းပေးလိမ့်မည်ဟု သူ မထင်ထားခဲ့သောကြောင့် ရလဒ်က သူ မျှော်လင့်ထားသည်ထက်ပင် ပိုမို ပြီးပြည့်စုံသွားခဲ့သည်။

သူ၏ ရူးသွပ်သော အခြေအနေ ဖန်တီးမှုများအောက်တွင် မြို့စားအားလုံးက ရပ်တည်ချက် ရွေးချယ်ရတော့မှာ ဖြစ်၏။

လေခွင်းချိုင့်ဝှမ်းရှိ ကျင်းမိသားစုမှာ နာမည်ဆိုးဖြင့် ကျော်ကြားသွားပြီး ပိုင်ရှင်မဲ့ နယ်မြေ၏ ဘုံရန်သူ ဖြစ်သွားတော့သည်။

ဤအချိန်တွင် လေခွင်းချိုင့်ဝှမ်းကို သနားရန် မဆိုထားနှင့် ကျင်းကျုံးယွဲ့ကို မတိုက်ခိုက်ပါက သူတို့ကိုယ်တိုင်ပင် အပြစ်သားများအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

လဝက်ခန့်ကြာအောင် အခြေအနေ ဖန်တီးပြီးနောက် ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးတွင် ကျင်းကျုံးယွဲ့ကို တိုက်ခိုက်မည့် အသံများက တောက်လောင်နေသော မီးတောက်များအလား ပိုမို ပြင်းထန်လာပြီး ပိုမို ကျယ်လောင်လာသည်။

မြို့စားတိုင်းက လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစုကို ပူးပေါင်းတိုက်ခိုက်မည့်အကြောင်း စစ်ကြေညာစာများ အသီးသီး ထုတ်ပြန်ကြသည်။ နေ့စဉ်နှင့်အမျှ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ကို ရူးသွပ်စွာ ဆဲဆိုထားသော စာစောင် ရာပေါင်းများစွာ ထွက်ပေါ်နေပြီး သူတို့၏ ဘိုးဘေးဘီဘင် အဆက်ဆက်အထိ ဆဲဆိုကာ အစွမ်းကုန် စော်ကား နှိမ့်ချနေကြ၏။

အထူးသဖြင့် ယွင်ကျုံးဟဲ့ ဖြစ်သည်။ သူ၏ အရှက်မရှိသော ကိစ္စများ အားလုံးကို ဖော်ထုတ်ခံရပြီး အလွန် အောက်တန်းကျသော၊ ယုတ်မာသော၊ ရမ္မက်ကြီးသော၊ လောဘကြီးသော အမျိုးသား တစ်ယောက်အဖြစ် သတ်မှတ်ခံရ၏။ ဤကဲ့သို့သော လူမျိုးက ချေးတွင်းထဲမှ လောက်ကောင်များထက်ပင် ပို၍ ရွံစရာကောင်းပြီး အောက်တန်းကျသည်ဟု ပြောနေကြသည်။

စစ်ကြေညာစာ ထောင်သောင်းမကက နှင်းပွင့်များအလား ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး၏ ကောင်းကင်ယံတွင် ပျံဝဲနေတော့၏။

တာယင်အင်ပါယာဘက်မှ ကြည့်နေသူများလည်း အံ့ဩသွားကြသလို၊ တောင်ပိုင်းကျိုးအင်ပါယာဘက်မှ ကြည့်နေသူများလည်း အံ့ဩသွားကြသည်။

‘ဒါ… ဒါက ဘာအခြေအနေလဲ။ ဒါက ကျုပ်တို့ အင်ပါယာကြီး နှစ်ခုရဲ့ စစ်ပွဲကြီး ဖြစ်မယ့် ဇာတ်ခုံလေ။ ကျုပ်တို့ စစ်တောင် မစရသေးဘူး၊ ခင်ဗျားတို့ ပိုင်ရှင်မဲ့ နယ်မြေက လူတွေက တကယ့်ကို ကြီးမားတဲ့ စစ်ပွဲကြီး ဖြစ်တော့မယ့် ပုံစံမျိုးနဲ့ အရင်ဆုံး ပွက်လောရိုက်နေကြပြီလား။’

ဆဲဆိုမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် ထန်ထိုင်မြဲ့မင်၏ အမိန့်ပေးသံနှင့်အတူ ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားများ အားလုံး စုပေါင်းကာ မဟာမိတ်တပ်ကြီး ဖွဲ့စည်းပြီး လေခွင်းချိုင့်ဝှမ်းကို တိုက်ခိုက်ရန်နှင့် ကျင်းမိသားစုကို ဤလောကမှ အပြီးတိုင် ဖျက်ဆီးပစ်ရန် ပြင်ဆင်ကြတော့၏။

ချက်ချင်းပဲ စတုရန်းကီလိုမီတာ ငါးသိန်းခန့် ကျယ်ဝန်းသော ပိုင်ရှင်မဲ့ နယ်မြေ၏ မြေပြင်ကြီး တစ်ခုလုံး ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားတော့သည်။ မြို့စား ဒါဇင်ကျော်၏ စစ်တပ်များ စတင် စုရုံးလာကြသည်။

မူလ ထန်ထိုင်မြဲ့မင်၏ အစီအစဉ်အရဆိုလျှင် မြို့စားများ၏ စစ်တပ်များကို နေရာလေးခုတွင် စုရုံးစေပြီး လေခွင်းချိုင့်ဝှမ်းကို အရပ်လေးမျက်နှာမှ တိုက်ခိုက်ရန် ဖြစ်သည်။ သို့ပေမည့် ဤအခြေအနေ ဖန်တီးမှုက ဤမျှအထိ အောင်မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထန်ထိုင်မြဲ့မင်၏ ဂုဏ်သတင်းက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးရှိ မြို့စားများ အားလုံးက မိုးလေဝသကို လိုက်ပါပြောင်းလဲသည့် နဂါးများအလား ချက်ချင်း လိုက်ပါလာကြ၏။

ဇာတ်လမ်းက ဤနေရာအထိ ရောက်လာပြီ ဖြစ်ရာ ကျင်းမိသားစုကို ဖျက်ဆီးပြီး လေခွင်းမြို့ကို သိမ်းပိုက်ခြင်းမှာ အသေးအဖွဲ ကိစ္စလေး တစ်ခုသာ ဖြစ်သွားတော့၏။ ပို၍ အရေးကြီးသည်မှာ သူ၏ အာဏာကို အင်ပါယာကြီး နှစ်ခုကို ပြသရန် ဖြစ်သည်။

‘ကျုပ် ထန်ထိုင်မြဲ့မင်က ဘယ်လောက်တောင် ဩဇာအာဏာ ကြီးမားသလဲ၊ ဘယ်လောက်တောင် မြင့်မြတ်သလဲ။ ပိုင်ရှင်မဲ့ နယ်မြေရဲ့ အရှင်သခင်လို့တောင် ခေါ်လို့ရတယ်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ စစ်သည် တစ်သိန်းကို ခေါ်ယူနိုင်တယ်။

ခင်ဗျားတို့ အင်ပါယာကြီး နှစ်ခုက အင်အားကြီးတယ် ဆိုပေမဲ့ ကျုပ်တို့ ပိုင်ရှင်မဲ့ နယ်မြေက မြို့စား သုံးဆယ်ကျော် ပေါင်းလိုက်ရင်လည်း စစ်သည် နှစ်သိန်းလောက် ရှိတယ်။ ဒီစစ်သည် နှစ်သိန်းက ကျုပ် ထန်ထိုင်မြဲ့မင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။

ဒါကြောင့် နောက်လာမယ့် စစ်တုရင်ပွဲကြီးမှာ ကျုပ် ထန်ထိုင်မြဲ့မင်ကလည်း စစ်တုရင် ကစားသူ တစ်ယောက်ပဲ။ ကျုပ်က ကိုယ်ပိုင် နယ်မြေနဲ့ ဘုရင်ဖြစ်ချင်တာ။ ကျုပ် ထန်ထိုင်မြဲ့မင် လက်ထဲက စစ်သည် နှစ်သိန်းနဲ့ ခင်ဗျားတို့ အင်ပါယာကြီး နှစ်ခုရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်သလို၊ ခင်ဗျားတို့ရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။’

ဤဇာတ်လမ်းကြီးကို ပုံဖော် ကပြရန်အတွက် ထန်ထိုင်မြဲ့မင်က လေခွင်းမြို့ကို တိုက်ခိုက်မည့် နေ့ရက်ကို လဝက်ကျော်ခန့် ရွှေ့ဆိုင်းလိုက်ပြီး ခမ်းနားကြီးကျယ်သော သစ္စာဆိုပွဲကြီး တစ်ခုကို ကျင်းပရန် ပြင်ဆင်လိုက်၏။

သစ္စာဆိုပွဲဟု ဆိုသော်လည်း တကယ့်ကို ကြီးမားသော စစ်ရေးပြပွဲကြီး တစ်ခုပင် ဖြစ်၏။ ထန်ထိုင်မြို့ပြင်ရှိ ကြီးမားသော ကွင်းပြင်ကျယ်ကြီးတွင် စစ်သည် တစ်သိန်း စုရုံးနေကြသည်။

စစ်သည် တစ်သောင်းကျော်လျှင်ပင် အဆုံးအစမရှိသကဲ့သို့ ထင်ရတတ်သည်။ ယခု စစ်သည် တစ်သိန်း ဆိုလျှင်တော့ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်နေသကဲ့သို့ပင်။ ဤစစ်သည် တစ်သိန်းက မြေပြင်ပေါ်တွင် နေရာယူထားချိန်မှာတော့ တကယ်ကို မည်းမှောင်နေပြီး အဆုံးအစမရှိသကဲ့သို့ ဖြစ်နေတော့၏။

ယခင်က ထန်ထိုင်မြဲ့မင်က တကယ့် စစ်သည် တစ်သိန်းကို စုရုံးနိုင်မည်ဟု မထင်ထားခဲ့ချေ။ အများဆုံး ခြောက်သောင်း၊ ခုနစ်သောင်းခန့်သာ စုရုံးနိုင်ပြီး တစ်သိန်းဟု ကြေညာမည်ဟုသာ တွေးထားခဲ့၏။ သို့ပေမည့် ရူးသွပ်နေသော ကျင်းကျုံးယွဲ့က သူ့ကို ကူညီပေးခဲ့သည် မဟုတ်ပါလား။

သံတမန်များကို သတ်ဖြတ်လိုက်သည့် လုပ်ရပ်က အခြား မြို့စားများကို လုံးဝ ဒေါသထွက်သွားစေခဲ့သည်။ ထို့ကြောင့် ဤစစ်သည် တစ်သိန်းမှာ တကယ်ကို အစစ်အမှန် စစ်သည် တစ်သိန်း ဖြစ်လာခဲ့၏။

ထန်ထိုင်မြဲ့မင်က အမြင့်ဆုံး စင်မြင့်ပေါ်တွင် ရပ်ကာ နောက်ဆုံး စစ်ကြေညာစာကို ကျယ်လောင်စွာ ဖတ်ကြားလိုက်သည်။

ဤစစ်ကြေညာစာက အလွန် စိတ်အားထက်သန်ဖွယ် ကောင်းပြီး အဆင့်အတန်း အလွန် မြင့်မားလှ၏။ လေခွင်းမြို့ ကျင်းမိသားစုကို တိုက်ခိုက်ခြင်းမှာ ထန်ထိုင်မြဲ့မင်အတွက် မဟုတ်ဘဲ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး အတွက်၊ လောက၏ တရားမျှတမှုအတွက် ဖြစ်သည်ဟု ထင်မှတ်သွားစေ၏။

ဤစစ်ကြေညာစာက စာလုံးရေ တစ်ထောင်ခန့်သာ ရှိသော်လည်း စာလုံးတစ်လုံးချင်းစီက ရွှေထက်ပင် တန်ဖိုးကြီးမားလှသည်။

စစ်ကြေညာစာ ဖတ်ကြားအပြီးတွင် ထန်ထိုင်မြဲ့မင်က စစ်သူကြီးအလံကို ထန်ထိုင်ကျင့်ထံသို့ လွှဲပြောင်း ပေးအပ်လိုက်၏။

ယခုအချိန်မှစ၍ ထန်ထိုင်မိသားစု၏ သခင်လေး ထန်ထိုင်ကျင့်သည် ဤစစ်သည် တစ်သိန်းပါဝင်သော မဟာမိတ်တပ်ကြီး၏ စစ်သူကြီးချုပ် ဖြစ်လာပြီး၊ ဒုတိယ မြို့စားကြီး နင်မိသားစု၏ သခင်လေး နင်ဝူကျီက ဒုစစ်သူကြီး ဖြစ်လာခဲ့သည်။

“ပိုင်ရှင်မဲ့ နယ်မြေရဲ့ အနာဂတ်အတွက်၊ လောကရဲ့ တရားမျှတမှုအတွက်၊ ခင်ဗျားတို့ကို ကျုပ် အမိန့်ပေးတယ်။ ကျင်းမိသားစုကို အမြစ်ပြတ် ရှင်းလင်းပစ်ကြ။” ထန်ထိုင်ကျင့်က အမိန့်ပေးလိုက်သည်။

တပ်မှူးများ အားလုံးက ကြားသည်နှင့်တပြိုင်နက် ဦးညွှတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “ကျုပ်တို့ ကျိန်ဆိုပါတယ်။ ဒီတိုက်ပွဲမှာ ကျင်းမိသားစုကို ဒီလောကကနေ အပြီးတိုင် ဖျက်ဆီးပစ်ပါ့မယ်။ ကျင်းကျုံးယွဲ့နဲ့ ယွင်ကျုံးဟဲ့ဆိုတဲ့ ခွေးလင်မယား နှစ်ယောက်ကို အရေခွံဆုတ်၊ အကြောဖြတ်ပြီး အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်ပါ့မယ်။”

“အမြစ်ပြတ် ရှင်းလင်းပစ်.....”

“အမြစ်ပြတ် ရှင်းလင်းပစ်....”

စစ်သည် တစ်သိန်းက တပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြရာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး ကောင်းကင်နှင့် မြေကြီးပင် တုန်လှုပ်သွားတော့၏။

...............................

All Chapters