အခန်း (၁၄၇-၁၄၈)
Vol. 13 Ch. 147-148
အပိုင်း (၁၄၇)
အရာအားလုံး ပြင်ဆင်ပြီးစီးသွားချိန်မှာတော့ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့က လေအိတ်ကြီး နှစ်ခုကို လွယ်ကာ အဆိပ်ငွေ့ကာကွယ်ရေး မျက်နှာဖုံးများကို တပ်ဆင်လိုက်ကြ၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သွားကြစို့။”
ထို့နောက် သူတို့နှစ်ဦးက ကျောက်ကုတင်မှ ဖောက်ထားသော အပေါက်ထဲသို့ ဝင်ရောက်သွားကြသည်။ အပေါက်ထဲတွင် ကျောက်လှေကားများ ရှိ၏။
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ပွေ့ဖက်ကာ လျှပ်စီးအလား အလွန် လျင်မြန်စွာ ပြေးဆင်းသွားတော့သည်။ ယွင်ကျုံးဟဲ့၏ နှေးကွေးသော အရှိန်ဖြင့်ဆိုလျှင် မည်သည့်အချိန်မှ ရောက်မည်ကို မသိနိုင်ချေ။
ဤလျှို့ဝှက်လမ်းကြောင်းက တကယ်ကို နက်ရှိုင်းလွန်းလှပေသည်။ ကျင်းကျုံးယွဲ့၏ သိုင်းပညာက အလွန် မြင့်မားသော်လည်း မိနစ်အတော်ကြာအောင် မိုင်ချီ ပြေးဆင်းခဲ့ရ၏။
ထို့နောက် ကျင်းကျုံးယွဲ့ ရပ်တန့်ကာ ပြောလိုက်သည်။ “ရောက်ပြီ။”
ဟုတ်ပေ၏။ ရောက်ရှိသွားပြီ ဖြစ်သည်။ ရှေ့တွင် လမ်းမရှိတော့ဘဲ ဟာလာဟင်းလင်းကြီးသာ ရှိတော့သည်။ သို့သော်ငြား ၎င်းမှာ ခံစားချက် သက်သက်သာ ဖြစ်၏။ ဤနေရာက မိမိ၏ လက်ချောင်းငါးချောင်းကိုပင် မမြင်ရလောက်အောင် မှောင်မည်းနေသောကြောင့် မည်သည့်အရာကိုမှ မမြင်ရချေ။
ယွင်ကျုံးဟဲ့က ရှေ့တွင် အလွန် ကြီးမားသော နေရာလွတ်ကြီး တစ်ခု ရှိနေကြောင်း ခံစားမိ၏။ ဘာမျှ မမြင်ရသော်လည်း သိနေခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ဤနေရာလွတ်ကြီး၏ အမြင့်ဆုံး နေရာတွင် ရပ်နေခြင်း ဖြစ်ရမည်။
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ဆွဲခေါ်ကာ နံရံတွင် စမ်းကြည့်ခိုင်းရာ စက်သွား (Gear) ကိုးခု ရှိနေသည်ကို တွေ့ရ၏။ ထို့အပြင် လှည့်၍ရမည့်ပုံ ပေါ်သည်။ ၎င်းမှာ စက်ကိရိယာပင် ဖြစ်၏။ သေချာပေါက် စက်ကိရိယာပင် ဖြစ်သည်။
ထို့နောက် မီးအိမ်ကို ထွန်းရန် လိုအပ်လာပြီ ဖြစ်၏။ တန်ဖိုးရှိသော လေများကို အသုံးပြုရတော့မည် ဖြစ်သည်။ လေအိတ်တစ်ခုကို ဖွင့်ကာ မီးအိမ်ထဲသို့ လေဖြည်းဖြည်းချင်း မှုတ်သွင်းပြီး မီးထွန်းလိုက်၏။
ဤနေရာက အလွန် မှောင်မည်းနေသောကြောင့် အလင်းရောင် အနည်းငယ်လေး ရှိသည်ကိုပင် အလွန် လင်းထိန်နေသကဲ့သို့ ခံစားရသည်။
ယွင်ကျုံးဟဲ့က သေချာစွာ ကြည့်လိုက်ရာ နံရံတွင် တကယ်ပင် စက်သွား ကိုးခု ရှိနေသည်ကို မြင်လိုက်ရ၏။ စက်သွား တစ်ခုစီတွင် သွားကိုးချောင်း ပါရှိပြီး တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး ဟူ၍ စာလုံးများ ရေးထိုးထားသည်။ ၎င်းမှာ ရိုးရိုး စက်ကိရိယာ မဟုတ်ဘဲ လျှို့ဝှက်ကုဒ် စက်ကိရိယာ ဖြစ်နေ၏။ ဤစက်သွား ကိုးခုကို လှည့်ပြီးမှသာ တစ်စုံတစ်ခုကို ဖွင့်၍ရပေမည်။
သို့ပေမည့် ၎င်းမှာ ဂဏန်းကိုးလုံးပါသော လျှို့ဝှက်ကုဒ် ဖြစ်နေ၏။ တစ်ခုချင်းစီ စမ်းသပ်ကြည့်၍ မရနိုင်ချေ။ ဖြစ်နိုင်ခြေ သန်းပေါင်း ထောင်ချီ ရှိနေသောကြောင့် ဖြစ်၏။ တစ်ကြိမ် စမ်းသပ်ရန် တစ်မိနစ် ကြာမြင့်မည်ဆိုလျှင် အကုန်စမ်းသပ်ရန် နှစ်ပေါင်း နှစ်ထောင်ခန့် ကြာမြင့်မှာဖြစ်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့က တစ်ခုချင်းစီ စမ်းသပ်နေရန် မလိုအပ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူက လျှို့ဝှက်ကုဒ်ကို သိရှိထားပြီး ဖြစ်နေ၏။
ထိုမြေပုံက ပုံမကျသော နဝဂံ (ကိုးထောင့်) ပုံစံလေး ဖြစ်၏။ ထောင့်တစ်ခုချင်းစီကို အလယ်ဗဟိုနှင့် မျဉ်းဖြောင့် ဆက်လိုက်ပါက တြိဂံ ကိုးခု ရရှိလာမည် ဖြစ်သည်။ အလယ်ရှိ ထောင့်ကိုးခု ပေါင်းလိုက်ပါက သုံးရာ့ခြောက်ဆယ် ဒီဂရီရှိပြီး ထောင့်တစ်ခုချင်းစီတွင် တိကျသော ဒီဂရီများ ရှိကြ၏။
ဥပမာအားဖြင့် ပထမဆုံး ထောင့်မှာ ၃၅ ဒီဂရီ ရှိသည်။ ထို့ကြောင့် ပထမဆုံး စက်သွားကို လက်ယာရစ် ၃၅ ဒီဂရီ လှည့်လိုက်ရုံပင် ဖြစ်၏။ ကျင်းမိသားစု၏ ပထမဆုံး ဘိုးဘေးမှာ တကယ့် သင်္ချာ ပါရမီရှင် တစ်ဦးပင် ဖြစ်သည်ဟု ယွင်ကျုံးဟဲ့ မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်။
သို့ပေမည့် စဉ်းစားကြည့်လျှင်လည်း သဘာဝကျလှပေသည်။ ဤလူက နုဧကရာဇ်အတွက် သင်္ချိုင်းဂူ ဒီဇိုင်းဆွဲပေးခဲ့သူ ဖြစ်နိုင်ရာ သင်္ချာ ပါရမီရှင် ဖြစ်သလို ဒီဇိုင်း ပါရမီရှင်လည်း ဖြစ်ရပေလိမ့်မည်။
ယွင်ကျုံးဟဲ့က ပထမဆုံး စက်သွားကို သွားရောက် လှည့်ကြည့်လိုက်သည်။ သို့ပေမည့် အစွမ်းကုန် အားစိုက်လှည့်သည့်တိုင် အနည်းငယ်မျှပင် မရွေ့လျားချေ။
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျွန်မလုပ်မယ်၊ ဘယ်လောက် လှည့်ရမလဲသာ ပြောပြ။”
ယွင်ကျုံးဟဲ့က လင်းလက်နေသော ကျောက်တုံးကို ယူကာ စက်သွားတိုင်းတွင် တိကျသော မျဉ်းတစ်ကြောင်းစီ ဆွဲပေးလိုက်၏။ ထို့နောက် နံရံတွင်လည်း မျဉ်းတစ်ကြောင်းစီ ဆွဲပေးလိုက်သည်။ စက်သွားကို လှည့်ရမည့် ဒီဂရီအတိုင်း မျဉ်းနှစ်ကြောင်း ထပ်သွားအောင် လှည့်ရမှာဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “စက်သွား တစ်ခုချင်းစီကို လှည့်ပြီး မျဉ်းနှစ်ကြောင်း ထပ်သွားအောင် လုပ်လိုက်။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “နားလည်ပြီ။”
“ဂျောက်… ဂျောက်…”
စောစောက ယွင်ကျုံးဟဲ့ အားအကုန်သုံးသည့်တိုင် မရွေ့လျားသော စက်သွားကို ကျင်းကျုံးယွဲ့က အလွယ်တကူ လှည့်လိုက်နိုင်၏။ ဤတည်ဆောက်မှု နည်းပညာက ဤမျှတောင် အဆင့်မြင့်နေသည်လား။ အနည်းဆုံး နှစ်ထောင်ချီ ရှိနေပြီဖြစ်သော်လည်း ဤစက်သွားများက ယခုတိုင် လှည့်၍ရနေဆဲ ဖြစ်ပြီး သံချေးပင် မတက်ချေ။
ပထမတစ်ခု၊ ဒုတိယတစ်ခု၊ တတိယတစ်ခု၊ စတုတ္ထတစ်ခု… မကြာမီမှာပင် စက်သွား ကိုးခုလုံးကို လှည့်ပြီးသွား၏။
အဘယ်ကြောင့် မည်သည့် တုံ့ပြန်မှုမှ မရှိသနည်း။ တုံ့ပြန်မှု ရှိသင့်ပေသည်။ စက်သွား ကိုးခု၏ လှည့်ရမည့် ဒီဂရီများက အတိအကျ မှန်ကန်နေခြင်း ဖြစ်၏။ ဇာတ်လမ်းများထဲတွင်ကဲ့သို့ ဆိုလျှင် ချက်ချင်း ကြီးမားသော အသံကြီး ထွက်ပေါ်လာရမည် မဟုတ်ပါလား။
မကြာမီမှာပင် ယွင်ကျုံးဟဲ့က တုံ့ပြန်မှုကို ခံစားလိုက်ရ၏။ နံရံထဲမှ အသံများ၊ ရိုက်ခတ်သံများနှင့် ကြီးမားသော ရေစီးသံများ ထွက်ပေါ်လာသည်။
စက်သွား ကိုးခုကို လှည့်လိုက်ခြင်းက တစ်စုံတစ်ခုကို ဖွင့်လိုက်ခြင်း ဖြစ်မည်မှာ သေချာလှ၏။ ထိုမှတစ်ဆင့် ထုထည်ကြီးမားသော အရည်များ စီးကျလာပြီး ကြီးမားသော ဆွဲအားနှင့် ရေစီးအားကို အသုံးပြုကာ တစ်စုံတစ်ခုကို မောင်းနှင်နေခြင်း ဖြစ်ရမည်။
အချိန်အတန်ကြာပြီးနောက် နောက်ဆုံးတွင် ကြီးမားသော အသံကြီး ထွက်ပေါ်လာ၏။
“ဝုန်း… ဝုန်း… ဝုန်း…”
“ဒိုင်း… ဒိုင်း… ဒိုင်း…”
နေရာလွတ်ကြီး တစ်ခုလုံးတွင် ထူးဆန်းသော အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
ထို့နောက် ပထမဆုံး အလင်းတန်း တစ်ခု လင်းလက်လာ၏။ ဒုတိယ အလင်းတန်း၊ တတိယ အလင်းတန်း၊ စတုတ္ထ အလင်းတန်း၊ ပဉ္စမ အလင်းတန်း…
ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤအလင်းတန်းများက မီးရောင် မဟုတ်ဘဲ အပြင်မှ နေရောင်ခြည် တိုက်ရိုက် ဝင်လာခြင်း ဖြစ်သောကြောင့်ပင်။ ပို၍ တိတိကျကျ ပြောရလျှင် ရောင်ပြန်ဟပ်၍ ဝင်လာခြင်း ဖြစ်သည်။
အလင်းတန်း ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းမကသော နေရောင်ခြည်များက မှန်ပေါင်းများစွာမှတစ်ဆင့် ရောင်ပြန်ဟပ်ကာ ဝင်ရောက်လာခြင်း ဖြစ်သည်။ မူလက လုံးဝ မှောင်မည်းနေသော မြေအောက်ကမ္ဘာကြီးမှာ ချက်ချင်း လင်းထိန်သွားတော့၏။
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ လုံးဝ အံ့ဩမှင်တက်သွားကြသည်။ ဤသည်မှာ နုဧကရာဇ်၏ သင်္ချိုင်းဂူ ဖြစ်နေသည်လား။
ယွင်ကျုံးဟဲ့၏ ယခင် ခံစားချက်က မှန်ကန်လှ၏။ သူသည် ယခု မြေအောက်ကမ္ဘာ၏ အမြင့်ဆုံး နေရာတွင် ရပ်နေသောကြောင့် သင်္ချိုင်းဂူ တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှု၍ ရနေခြင်း ဖြစ်သည်။ ၎င်းမှာ တကယ့်ကို ခမ်းနားကြီးကျယ်သော မြေအောက်ကမ္ဘာကြီးပင် ဖြစ်၏။
အလွန် ရူးသွပ်လွန်းလှပေသည်။ ၎င်းသည် ကြီးမားသော မြေအောက် နန်းတော်ကြီး တစ်ခု ဖြစ်၏။ နုဧကရာဇ်က သူ၏ တာရှ နန်းတော်ကြီးကို မြေအောက်ထဲသို့ အကုန်အစင် ပြောင်းရွှေ့လာခဲ့ခြင်းပင် ဖြစ်သည်။
ဤသည်မှာ ရူးသွပ်နေခြင်းပင်။ ကြီးမားသော ကွင်းပြင်ကြီး၊ ထူထပ်ပြီး ခမ်းနားသော နန်းဆောင်များ၊ မြင့်မားသော မြို့ရိုးများ။ ထို့အပြင် နန်းဆောင်များထဲတွင် တကယ့်ကို မှူးမတ်များ၊ မိန်းမစိုးများ အများအပြား ရှိနေ၏။
နန်းဆောင်များ၏ အပြင်ဘက်တွင်လည်း စစ်သည် သိန်းချီ ရှိနေသည်။ သို့ပေမည့် အားလုံးက ရွှံ့ရုပ်များသာ ဖြစ်ကြ၏။ စစ်သည်ရွှံ့ရုပ်များကဲ့သို့ပင်။ ဧကရာဇ်တို့၏ အတွေးများက အကုန် အတူတူ ဖြစ်နေသည်လား။
နန်းတော် ကွင်းပြင်ကြီး၏ အရှေ့ဘက်တွင်မူ အခြား အရာတစ်ခု ရှိနေပြန်၏။ ၎င်းမှာ အလွန် ကြီးမားသော ရေကန်ကြီး တစ်ခု ဖြစ်ပြီး တကယ်ကို ကြီးမားလွန်းလှ၏။ ထို့အပြင် ယခု ရေလှိုင်းလေးများပင် ထနေသေးသည်။ ဤသည်မှာ အလွန် ရူးသွပ်လွန်းလှသည် မဟုတ်ပါလား။
ဤမြေအောက် သင်္ချိုင်းဂူကြီး တစ်ခုလုံးက မိုင်ဆယ်ဂဏန်းခန့်အထိ ရှည်လျားပြီး ဧရိယာ အကြီးဆုံးမှာ နန်းတော်ရှေ့ရှိ ရေကန်ကြီးပင် ဖြစ်၏။ ထို့အပြင် ထိုရေကန်၏ ရောင်ပြန်ဟပ်မှုက အတော်လေး ထူးဆန်းပြီး ပုံမှန် မဟုတ်ချေ။
ယွင်ကျုံးဟဲ့က သေချာစွာ ကြည့်လိုက်ရာ ထိုရေကန်မှာ ရိုးရိုးရေ မဟုတ်ဘဲ ပြဒါးများ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ပါးပါးလေးမျှသာ ရှိသည် ဆိုသော်လည်း ဤသည်မှာ အလွန် ရူးသွပ်ဖွယ်ကောင်းလှသည်။ နုဧကရာဇ်က ဤမျှ များပြားသော ပြဒါးများကို ဘယ်က ရလာသနည်း။
ဤမျှ များပြားလှသော ပြဒါးများက ယွင်ကျုံးဟဲ့အတွက်မူ အဖိုးမဖြတ်နိုင်သော ရတနာများပင် ဖြစ်၏။ ဤမျှ ကြီးမားသော သင်္ချိုင်းဂူကြီးတွင် ဤအရာများသာ ရှိမည် မဟုတ်ဘဲ၊ အခြား ရတနာများလည်း သေချာပေါက် ရှိဦးမည် ဖြစ်သည်။ သမိုင်းတစ်လျှောက် အကြီးမားဆုံး မြေအောက် သင်္ချိုင်းဂူကြီးတွင် အံ့မခန်း ရတနာများစွာ ရှိနေမည်မှာ သေချာလှ၏။
သို့ပေမည့် ယခုအချိန်မှာ ရတနာများကို စူးစမ်းရှာဖွေရမည့် အချိန် မဟုတ်ချေ။ ဤနုဧကရာဇ်၏ သင်္ချိုင်းဂူကို အသုံးပြု၍ နောက်လာမည့် စစ်ပွဲကို မည်သို့ နိုင်အောင် တိုက်မည်နည်း၊ ထန်ထိုင်မြဲ့မင်၏ စစ်သည် တစ်သိန်းကို မည်သို့ ချေမှုန်းမည်နည်း ဆိုသည်ကို စဉ်းစားရမည့် အချိန် ဖြစ်သည်။
ဤမျှ ကြီးမားသော မြေအောက်ကမ္ဘာကြီးကို မည်သည့်အရာဖြင့် ထောက်ခံထားသနည်း။ ကြီးမားသော ကျောက်တိုင်ပေါင်းများစွာဖြင့်ပင် ထောက်ထားခြင်းဖြစ်၏။ မဟုတ်လျှင် အပေါ်ရှိ မြေကြီးများ အစောကြီးတည်းက ပြိုကျလာပေလိမ့်မည်။
ယွင်ကျုံးဟဲ့က ရေတွက်ကြည့်လိုက်ရာ မြေအောက် သင်္ချိုင်းဂူကြီး တစ်ခုလုံးကို ကြီးမားသော ကျောက်တိုင်ပေါင်း ထောင်ချီဖြင့် ထောက်ခံထားကြောင်း တွေ့ရ၏။ နန်းတော်ဘက်တွင် ကျောက်တိုင်များ ပိုများပြီး ကြီးမားသော ပြဒါးရေကန်ကြီး ဘက်တွင်မူ ကျောက်တိုင်များ နည်းပါးနေသည်။
ယွင်ကျုံးဟဲ့က ဦးနှောက်ထဲတွင် လျင်မြန်စွာ တွက်ချက်နေ၏။ ဤမြေအောက် သင်္ချိုင်းဂူရှေ့ရှိ ရေကန်နှင့် တိုက်ဆိုင်နေသော မြေပြင်နေရာက လေခွင်းမြို့ တောင်ဘက်ရှိ ကြီးမားသော ကွင်းပြင်ကျယ်ကြီး ဖြစ်၏။
ဆိုလိုသည်မှာ ထန်ထိုင်မိသားစု၏ စစ်သည် တစ်သိန်းက လေခွင်းမြို့ကို လာရောက် တိုက်ခိုက်ပါက ထိုကွင်းပြင်ကျယ်ကြီးတွင်သာ စုရုံးရမည် ဖြစ်၏။ အခြား ရွေးချယ်စရာ နေရာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် စစ်သည် တစ်သိန်းကို နေရာချရန် ထိုကွင်းပြင်ကျယ်ကြီး တစ်ခုတည်းသာ ရှိသောကြောင့် ဖြစ်သည်။
ထိုအချိန်သို့ ရောက်ချိန်မှာတော့ ပြဒါးရေကန်ကို ထောက်ခံထားသော ကျောက်တိုင်များ ရုတ်တရက် ကျိုးကျသွားပါက မည်သို့ ဖြစ်လာမည်နည်း။ ထိုနေရာရှိ စတုရန်းကီလိုမီတာ အတော်များများ ကျယ်ဝန်းသော မြေပြင်ကြီး တစ်ခုလုံး ပြိုကျသွားမည်ဖြစ်ပြီး အပေါ်တွင် ရှိနေသော စစ်သည် တစ်သိန်းမှာ ချက်ချင်း မြေမြှုပ်ခံလိုက်ရပေမည်။
စစ်သည် တစ်သိန်းကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်မည်လား။ ဤအတွေးက တွေးကြည့်ရုံနှင့်ပင် ကြက်သီးထစရာ ကောင်းလွန်းလှပေသည်။ ဆိုလိုသည်မှာ ဤတိုက်ပွဲကို တိုက်စရာပင် မလိုတော့ဘူးလား။ မိနစ်အနည်းငယ် အတွင်းမှာပင် ရန်သူ့ စစ်တပ်ကြီးကို အကုန်အစင် သတ်ဖြတ်ပစ်ပြီး အပြီးတိုင် မြေမြှုပ်ပစ်နိုင်မည်လား။
အလွန် အံ့မခန်းဖြစ်ပြီး အလွန် ကြောက်စရာ ကောင်းလှ၏။ တကယ်ကို လက်တစ်ဖျစ်အတွင်းမှာပင် အမှုန့်ဖြစ်သွားမည်သာ ဖြစ်သည်။ ၎င်းမှာ ထန်ထိုင်မိသားစု၏ နှစ်တစ်ရာ စုဆောင်းထားသော အင်အားများ ဖြစ်ပြီး။ သူ၏ အရင်းအနှီးများ အားလုံး ဖြစ်သည်။
မူလက နိုင်ရန် လုံးဝ မဖြစ်နိုင်သော လေခွင်းမြို့ တိုက်ပွဲကို အားစိုက်စရာပင် မလိုဘဲ နိုင်သွားနိုင်မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ဤကြီးမားသော ကျောက်တိုင် ရာချီကို မည်သို့ ချိုးပစ်မည်နည်း။
အလွန် လွယ်ကူလှပေသည်။ ပထမဦးစွာ တစ်ဝက်ခန့်ကို အရင် ခုတ်ပိုင်းထားလိုက်မည်။ အနည်းငယ်သာ ချန်ထားရပေမည်။ ထို့နောက် ယမ်းမည်းများကို အသုံးပြု၍ ဖောက်ခွဲဖို့ စီစဉ်ထားရမည်။ ထန်ထိုင်မြဲ့မင်၏ စစ်တပ်ကြီး မြို့ရိုးအောက်သို့ ရောက်လာပြီး စုရုံးနေသော အချိန်သို့ ရောက်လျှင် စနက်ကြိုးကို မီးညှိလိုက်မှာ ဖြစ်၏။
ယမ်းများကို ဖောက်ခွဲကာ မြေအောက် သင်္ချိုင်းဂူ ပြဒါးရေကန် အပေါ်မှ ထောက်ထားသော ကျောက်တိုင်များကို အကုန်အစင် ဖောက်ခွဲပစ်လိုက်မည်။ စက္ကန့်ပိုင်းအတွင်း စတုရန်းကီလိုမီတာ အတော်များများ ကျယ်ဝန်းသော မြေပြင်ကြီး ပြိုကျသွားမှာဖြစ်ပြီး စစ်သည် တစ်သိန်း မြေမြှုပ်ခံလိုက်ရပေမည်။
ထိုအချိန်သို့ ရောက်လျှင် တကယ်ကို ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားလောက်သော မြင်ကွင်းမျိုး ဖြစ်လာပြီး အလွန်ကို ကြက်သီးထစရာ ကောင်းလောက်အောင် ကျေနပ်ဖွယ် ကောင်းမှာ သေချာ၏။
ပြီးပြည့်စုံလှသလို တုန်လှုပ်ဖွယ်လည်း ကောင်းလှပေသည်။
‘ထန်ထိုင်မြဲ့မင်… ခင်ဗျားတော့ ပြီးဆုံးသွားပြီ၊ မင်း၏ စစ်သည် တစ်သိန်းလည်း ပြီးဆုံးသွားပြီ။ အကြီးအကဲ ဖုန်းရှင်းမြဲ့… ကျုပ်တို့ နိုင်တော့မယ်။ စတုတ္ထမင်းသား… ကျုပ်တို့ နိုင်တော့မယ်။’
...............
အပိုင်း (၁၄၈)
ကျင်းကျုံးယွဲ့က သင်္ချိုင်းဂူထဲရှိ စစ်သည် သိန်းချီကို ကြည့်ကာ ရုတ်တရက် မေးလိုက်၏။ “ဒီထဲက မြင်းတစ်ကောင်ချင်းစီ၊ လူတစ်ယောက်ချင်းစီက အစစ်တွေလို့ ရှင် ထင်လား။ အသက်ရှင်နေတဲ့ အရာတွေများလား။”
ထိုစကားကြောင့် ယွင်ကျုံးဟဲ့မှာ အလွန် လန့်သွားတော့သည်။ “ငါ့ရဲ့ လမင်းလေး… မင်းရဲ့ ဒီအတွေးက လုံးဝ မရဘူးနော်။”
‘အရမ်း ရက်စက်လွန်းတယ်။ ချင်ရှီဟွမ် ဧကရာဇ်က အဲဒီလောက် အစွမ်းထက်တာတောင် စစ်သည်ရွှံ့ရုပ် အရေအတွက် တစ်သောင်းတောင် မပြည့်ဘူးလေ။ အခု ဒီသင်္ချိုင်းဂူကြီးထဲမှာ သောင်းဂဏန်းလောက် ရှိနေတယ်။ ဒီသင်္ချိုင်းဂူရဲ့ အရွယ်အစားကလည်း ချင်ရှီဟွမ် ဧကရာဇ်ရဲ့ သင်္ချိုင်းဂူထက် ပိုကြီးနေလောက်တယ်။’
ယွင်ကျုံးဟဲ့၏ ရင်ထဲတွင် အလွန် မကျေမနပ် ဖြစ်သွား၏။ ‘နုဧကရာဇ်… ခင်ဗျားရဲ့ တာရှအင်ပါယာက အဲဒီအချိန်တုန်းက ဘယ်လောက်ပဲ အစွမ်းထက်ခဲ့ပါစေ၊ တောင်ပိုင်းရဲ့ အင်အားကြီး နိုင်ငံတစ်ခုပဲ ရှိသေးတာလေ။
ခင်ဗျားရဲ့ နယ်မြေအကျယ်အဝန်းနဲ့ နိုင်ငံတော်အင်အားက ရှေးဟောင်း တရုတ်ပြည်က ချင်မင်းဆက်ထက် ပိုများနိုင်ပေမဲ့၊ တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုနဲ့ ပံ့ပိုးမှုအပိုင်းမှာတော့ ခင်ဗျားက ချင်ရှီဟွမ် ဧကရာဇ်ကို ဘယ်လိုမှ မမီနိုင်ဘူး။ ခင်ဗျားက ဘာလို့ ဒီလောက်ကြီးမားတဲ့ သင်္ချိုင်းဂူကို တည်ဆောက်ရတာလဲ။ ဘာလို့ ဒီလောက်များတဲ့ စစ်သည်ရွှံ့ရုပ်တွေကို ဖန်တီးထားရတာလဲ။’
“ရှင် ဘယ်လို ထင်လဲ။” ကျင်းကျုံးယွဲ့က ထပ်မေး၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “လမင်းလေး… သေချာပေါက် မဟုတ်ပါဘူး။ ဒီလောကမှာ ဒီလောက် ရူးသွပ်တဲ့ ဧကရာဇ်မျိုး မရှိပါဘူး။ တကယ်ကြီး စစ်သည် သိန်းချီကို အသက်ရှင်လျက် မြေမြှုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါတွေ အကုန်လုံး အတုတွေပါ။ ရွှံ့တွေနဲ့ ပုံလောင်းထားတဲ့ စစ်သည်ရွှံ့ရုပ်တွေပါ။”
ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်၏။ “ကျွန်မကတော့ လူအစစ်တွေနဲ့ တူတယ်လို့ ထင်တယ်။”
ထို့နောက် သူမက ဘာစကားမှ ထပ်မဆိုတော့ဘဲ သင်္ချိုင်းဂူထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားတော့သည်။
ယွင်ကျုံးဟဲ့က အော်လိုက်၏။ “လမင်းလေး… သတိထား၊ အဆိပ်ငွေ့တွေ ရှိတယ်။”
ရှေ့ရှိ ပြဒါးရေကန်ကြီးမှာ တည်ငြိမ်နေပုံ ရသော်လည်း အငွေ့ပျံမှုများ သေချာပေါက် ရှိနေပေလိမ့်မည်။ ပြဒါးငွေ့ဆိုသည်မှာ အလွန် ပြင်းထန်သော အဆိပ်ပင် ဖြစ်၏။
သို့ပေမည့် ကျင်းကျုံးယွဲ့က အလွန် မြန်ဆန်လွန်းလှ၏။ ယွင်ကျုံးဟဲ့ အော်ဟစ်သတိပေးချိန်မှာပဲ သူမက အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အချိန်တိုလေးအတွင်းမှာပဲ သူမက ပြန်လည် ရောက်ရှိလာသည်။ ထို့အပြင် ကြီးမားသော စစ်သည်ရွှံ့ရုပ်ကြီး တစ်ခုကိုပါ သယ်ဆောင်လာခဲ့၏။
ကြောက်မက်ဖွယ် အကောင်းဆုံးမှာ သူမက ခုန်ဆင်းသွားချိန်တွင် အလွန် မြန်ဆန်သကဲ့သို့ ထိုစစ်သည်ရွှံ့ရုပ်ကြီးကို သယ်ဆောင်လာချိန်တွင်လည်း အလွန် မြန်ဆန်နေခြင်းပင် ဖြစ်သည်။
‘ဒါက မီတာဆယ်ဂဏန်းလောက် မြင့်တဲ့ ချောက်ကမ်းပါးလေ။ မင်းက ပေါင်ရာချီ လေးတဲ့ အရာကြီးကို သယ်လာတာတောင် ဒီလောက် မြန်မြန် တက်နိုင်သေးတာလား။ သိုင်းပညာ မြင့်မားတာက ဒီလောက်တောင် အထင်ကြီးစရာ ကောင်းသလား။ ပိုင်ယင်မြို့မှာ သွားပြီး ပညာသင်ခဲ့ဖူးတာက ဒီလောက်တောင် အထင်ကြီးစရာ ကောင်းသလား။’
ယခုအချိန်တွင် သိုလှောင်ထားသော လေများ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ရာ မြေပြင်ပေါ်သို့ အမြန် ပြန်တက်ရပေတော့မည်။
မြေပြင်ပေါ်သို့ ပြန်ရောက်ချိန်မှာတော့ ထိုကြီးမားသော စစ်သည်ရွှံ့ရုပ်ကြီးကို ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့၏ ရှေ့တွင် ချထားလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် ချင်ရှီဟွမ် ဧကရာဇ်၏ စစ်သည်ရွှံ့ရုပ်များလောက် သေသပ်လှပခြင်း မရှိချေ။ အသက်ဝင်နေသကဲ့သို့ မရှိသည့်အပြင် အရောင်များလည်း မှေးမှိန်နေပြီး ညစ်ထေးထေး ဖြစ်နေကာ သိပ်ပြီး ခန့်ညားပုံ မပေါ်ပေ။
တာရှအင်ပါယာ၏ နုဧကရာဇ်က အတော်လေး ကြွားဝါတတ်သူ ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ တွေ့လိုက်ရ၏။ ချင်ရှီဟွမ် ဧကရာဇ်၏ စစ်သည်ရွှံ့ရုပ်များမှာ အရပ် ၁.၇၇ မီတာသာ ရှိသော်လည်း ဤစစ်သည်ရွှံ့ရုပ်မှာ နှစ်မီတာကျော်ပင် မြင့်မားနေသည်။
‘လေလုံးထွားနေတာလား။ တာရှအင်ပါယာရဲ့ သမိုင်းကြောင်းကို ကျုပ် မဖတ်ဖူးဘူးလို့ ထင်နေလား။’
နှစ်တစ်ထောင်မျှသာ ကွာဟသော်လည်း တာရှအင်ပါယာ၏ သမိုင်းကြောင်း မှတ်တမ်းများက သိပ်မများလှချေ။ သမိုင်းကွက်လပ်ကြီး တစ်ခုအလား ဖြစ်နေ၏။ အခြားသော အင်ပါယာ မင်းဆက်များ၏ သမိုင်းကြောင်း မှတ်တမ်းများမှာမူ အလွန် အသေးစိတ်ကျလှ၏။
အချုပ်အားဖြင့် ဆိုရလျှင် ဤလောကကြီးက တာရှအင်ပါယာကို တရားဝင် မင်းဆက်တစ်ခုအဖြစ် အသိအမှတ် မပြုကြဘဲ ရုတ်တရက် ပေါ်ထွက်လာသော အင်ပါယာတစ်ခု အဖြစ်သာ သတ်မှတ်ထားကြခြင်း ဖြစ်သည်။
ယခုခေတ်ရှိ နိုင်ငံများမှ ဧကရာဇ်များဖြစ်စေ၊ ဘုရင်များဖြစ်စေ အားလုံးမှာ ဘုရင်မျိုးရိုးမှ ဆင်းသက် လာကြသူများချည်း ဖြစ်သည်။ သူတို့က အချင်းချင်း အသိအမှတ် ပြုကြ၏။
တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင်အင်ပါယာတို့မှာ သေရေးရှင်ရေး တိုက်ခိုက်နေကြပြီး တစ်ဖက်နိုင်ငံကို ချက်ချင်း ဖျက်ဆီးပစ်ချင်နေကြသော်လည်း နိုင်ငံနှစ်ခုစလုံးက တစ်ဖက် ဧကရာဇ်၏ တရားဝင်မှုကို အသိအမှတ် ပြုကြသလို၊ တစ်ဖက်နိုင်ငံ၏ စာမေးပွဲ အောင်မြင်မှုများကိုပင် အပြန်အလှန် အသိအမှတ် ပြုကြသည်။
ဆိုလိုသည်မှာ လူတစ်ယောက် တောင်ပိုင်းကျိုးအင်ပါယာ၏ စာမေးပွဲ အောင်မြင်ထားလျှင် တာယင်အင်ပါယာကို ပြောင်းရွှေ့သွားမည်ဆိုလျှင်လည်း ထိုအောင်မြင်မှု အဆင့်အတန်းကို ဆက်လက် ခံစားခွင့် ရှိသည် ဆိုခြင်းပင်။
တာရှအင်ပါယာသည် ယခုကဲ့သို့သော အခွင့်အရေးမျိုးကို တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးချေ။ အထူးသဖြင့် နုဧကရာဇ်နှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများမှာ အလွန်ပင် ရှားပါးလှပြီး၊ ယွင်ကျုံးဟဲ့သည် လက်လှမ်းမီသမျှ စာအုပ်အနည်းငယ်ကို အကုန်အစင် ဖတ်ရှုလေ့လာပြီး ဖြစ်၏။
ထို့အပြင် ထိုစာအုပ်များထဲမှ သူ ရှာဖွေတွေ့ရှိခဲ့သည်မှာ တာရှအင်ပါယာသည် ဤလောကကြီးအတွက် တိုင်းတာ၍ မရနိုင်သော ပံ့ပိုးမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မူလက ကမ္ဘာ၏တောင်ပိုင်းဒေသသည် လူရိုင်းများသာ ကြီးစိုးရာ နယ်မြေဖြစ်ခဲ့သော်လည်း၊ တာရှအင်ပါယာက သိမ်းပိုက်ပြီးနောက် မြို့ပြများစွာ တည်ဆောက်၍ ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ခဲ့သည်။ ထိုကြောင့်သာလျှင် တောင်ပိုင်းဒေသသည် ယနေ့ကဲ့သို့ တဖြည်းဖြည်း စည်ကားလာခဲ့ခြင်း ဖြစ်၏။
၎င်းမှာ တရုတ်သမိုင်းရှိ ချင်နှင့် ဟန်မင်းဆက်ခေတ်များက ကွမ်တုံးနှင့် ဖူကျန့် ဒေသများ၏ ဖြစ်ရပ်နှင့် ဆင်တူလှသည်။ ယခင်က ထိုဒေသများသည် အလွန်ခေါင်ဖျားပြီး အပြစ်ဒဏ်ကျသူများကိုသာ နယ်နှင်ဒဏ်ပေးရာ နေရာများ ဖြစ်ခဲ့သော်လည်း၊ ထန်နှင့် စုန့်မင်းဆက်များ ရောက်ရှိလာချိန်တွင်မူ နိုင်ငံတော်၏ စီးပွားရေး ဗဟိုချက်မအဖြစ်သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။
ထို့ကြောင့် တစ်ဖက်မှ ကြည့်မည်ဆိုလျှင် လက်ရှိ တောင်ပိုင်းကျိုးအင်ပါယာ၏ အင်အားကြီးမားလာမှုသည် တာရှအင်ပါယာ ချမှတ်ပေးခဲ့သော ခိုင်မာသည့် အခြေခံအုတ်မြစ်များနှင့် လုံးဝခွဲခြား၍ မရနိုင်ချေ။
“လမင်းလေး… မင်း ဘာလုပ်မလို့လဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
ကျင်းကျုံးယွဲ့က ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထကာ ဖြေလိုက်သည်။ “အထဲမှာ လူအစစ် ပါမပါ ခွဲကြည့်မလို့။”
ယွင်ကျုံးဟဲ့မှာ ဆွံ့အသွားတော့၏။
‘မင်းက တကယ်ကို စွဲလမ်းနေတာပဲ။ ကြည့်လိုက်တာနဲ့ လူအစစ် မဖြစ်နိုင်မှန်း သိသာနေတာပဲလေ။ ဒီစစ်သည်ရွှံ့ရုပ်က နှစ်မီတာကျော်တောင် မြင့်တာ။ တာရှအင်ပါယာမှာ ယောင်မင် (တရုတ်ဘတ်စကက်ဘော ကစားသမား) တွေ အများကြီး ရှိနေတယ်လို့ ထင်နေတာလား။’
“ခွမ်း”
ကျင်းကျုံးယွဲ့က ပုဆိန်ဖြင့် တစ်ချက်တည်း ခုတ်ချလိုက်ချိန်မှာတော့ ထိုစစ်သည်ရွှံ့ရုပ်၏ အပြင်ခွံက ချက်ချင်း ကွဲအက်သွားတော့သည်။
ထို့နောက် ယွင်ကျုံးဟဲ့မှာ ကြက်သီးများ ထသွားပြီး လန့်ဖြတ်သွားတော့၏။ အဘယ်ကြောင့်ဆိုသော် လူအစစ်၏ မျက်နှာတစ်ခုက သူ၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာသောကြောင့်ပင်။
ဤစစ်သည်ရွှံ့ရုပ်ထဲတွင် တကယ်ကြီး လူအစစ် တည်ရှိလို့နေသည်။ ‘ဒီ နုဧကရာဇ်က ရူးနေတာပဲ။ သေချာပေါက် ရူးနေတာ။ သူက နတ်ဘုရား ဖြစ်ချင်နေတာ။ သေသွားပြီးရင်လည်း လောကကြီးကို ဆက်လက် အုပ်ချုပ်ချင်နေတာ။ ဒါကြောင့်မို့ ဒီလောက်များတဲ့ လူအစစ် စစ်သည်တွေကို အသေခံ မြေမြှုပ်ခိုင်းခဲ့တာပဲ။’
ကျင်းကျုံးယွဲ့က ပုဆိန်ဖြင့် လျင်မြန်စွာ ခုတ်ခွဲလိုက်ရာ မကြာမီမှာပင် စစ်သည်ရွှံ့ရုပ်၏ အပြင်ခွံ တစ်ခုလုံး ကွာကျသွားတော့၏။
ထို့နောက် ပြီးပြည့်စုံသော ရှေးဟောင်း စစ်သည်တော် တစ်ဦးက ယွင်ကျုံးဟဲ့၏ မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။
၎င်းမှာ လူအစစ် စစ်သည်တော် ဖြစ်ပြီး လက်နက် အပြည့်အစုံ တပ်ဆင်ထားကာ၊ သံချပ်ကာဝတ်စုံ အစစ်ကို ဝတ်ဆင်ထားပြီး၊ စစ်သုံး ဓားရှည်အစစ်ကို ကိုင်ဆောင်ထား၏။
ထို့အပြင် သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာလည်း လွန်ခဲ့သော နှစ်တစ်ထောင်က အမူအရာအတိုင်း မူးယစ်နေပြီး ရူးသွပ်နေသည့် ပုံစံမျိုး ဖြစ်နေသည်။
သို့ပေမည့် စက္ကန့်အနည်းငယ် အကြာ၌ ထိုလူ၏ အရေပြားများက စတင် မည်းနက်လာပြီး လျင်မြန်စွာ ပုပ်သိုးလာတော့၏။
ဤဖြစ်စဉ်က အလွန် မြန်ဆန်လှသည်။ မိနစ်အနည်းငယ် အတွင်းမှာပင် လူတစ်ကိုယ်လုံးက အသက်ဝင်နေသည့် ပုံစံမှနေ၍ ပုပ်သိုးနေသော အလောင်း တစ်လောင်းအဖြစ် ပြောင်းလဲသွားတော့သည်။
အကြောင်းရင်းကို ယွင်ကျုံးဟဲ့ သိလိုက်၏။ ဤအသေခံ မြေမြှုပ်ခံရသော စစ်သည်များ အားလုံးမှာ ဆေးတစ်မျိုးမျိုး တိုက်ကျွေးခံခဲ့ရပြီး မူးယစ်နေချိန်တွင် ရွှံ့များဖြင့် ပိတ်လှောင်ကာ စစ်သည်ရွှံ့ရုပ်အဖြစ် ပုံသွင်းခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အပူပေးကာ ရေဓာတ်ကို ခမ်းခြောက်စေခဲ့ခြင်း ဖြစ်၏။
ဤသို့ဖြင့် နှစ်တစ်ထောင် ကြာမြင့်သည့်တိုင်အောင် အလောင်းများက မပုပ်မသိုးဘဲ ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့ပေမည့် အပြင်ခွံကို ခွာချလိုက်ပြီး လေနှင့် ရေဓာတ်တို့ ထိတွေ့သွားချိန်မှာတော့ လျင်မြန်စွာ ပုပ်သိုးသွားတော့၏။
ယွင်ကျုံးဟဲ့ တကယ်ကို အံ့ဩမှင်တက်သွားရသည်။ ‘ဒီ နုဧကရာဇ်က သေချာပေါက် အရူးပဲ။ လုံးဝကို ရူးသွပ်နေတဲ့သူပဲ။ သူ့ရဲ့ သင်္ချိုင်းဂူထဲမှာ စစ်သည်ရွှံ့ရုပ် ဘယ်လောက် ရှိလဲ။ သောင်းဂဏန်းလောက် ရှိမယ်။ အဲဒီထက်တောင် ပိုများနိုင်သေးတယ်။ အကုန်လုံးက လူအစစ် စစ်သည်တွေကို အသေခံ မြေမြှုပ်ထားတာလား။
ဆိုလိုတာက သူက စစ်သည် တစ်သိန်းလောက်ကို အသေခံ မြေမြှုပ်ခဲ့တာပေါ့။ နုဧကရာဇ် လက်ထက် ပြီးတဲ့နောက်ပိုင်း တာရှအင်ပါယာ ကြီး ဘာလို့ အလျင်အမြန် ပြိုကွဲသွားရသလဲဆိုတာ မဆန်းတော့ဘူး။ ဒီလောက် ရူးသွပ်တဲ့ ဧကရာဇ် ရှိနေရင် နိုင်ငံ မပျက်စီးဘဲ နေပါ့မလား။ ဒါက သာမန် အာဏာရှင် တစ်ယောက်ရဲ့ လုပ်ရပ်မျိုး မဟုတ်တော့ဘူး။
ဒါပေမဲ့ ကျင်းကျုံးယွဲ့က ဒီစစ်သည်ရွှံ့ရုပ်ထဲမှာ လူအစစ် ရှိနေတယ်ဆိုတာကို တစ်ချက် ကြည့်လိုက်တာနဲ့ သိသွားတယ်ပေါ့။ ငါ့ရဲ့ လမင်းလေး… မင်းကလည်း ပုံမှန်လူ မဟုတ်ဘူးပဲ။ မင်းရဲ့ အတွင်းစိတ်ထဲမှာလည်း ရက်စက်မှုတွေ ရှိနေတာ သေချာတယ်။’
သို့ပေမည့် ယွင်ကျုံးဟဲ့က ချက်ချင်းပဲ နားလည်သွား၏။ အဘယ်ကြောင့်ဆိုသော် ကျင်းကျုံးယွဲ့၏ အတွင်းစိတ်က တကယ်ပဲ ရက်စက်သောကြောင့် ဖြစ်သည်။
ယခင်က လေခွင်းချိုင့်ဝှမ်းနှင့် ချိုရွှေမြို့တို့၏ တိုက်ပွဲတွင် သူမက လူမည်မျှကို သတ်ပစ်ခဲ့သနည်း။ ယခု သစ်ရွက်ကြွေနယ်မြေကို သွားရောက် တိုက်ခိုက်ချိန်တွင်လည်း နောက်ဆုံး၌ မော့မိသားစု၏ ထွက်ပြေးသော စစ်သည်များ အားလုံးကို အကုန်အစင် သတ်ပစ်ခဲ့သည် မဟုတ်ပါလား။
ထို့အပြင် သူမက လူထောင်ပေါင်းများစွာကို သတ်ပစ်ပြီးနောက်တွင်လည်း မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ မရှိခဲ့ချေ။ အိပ်မက်ဆိုးများ မက်ခြင်းမျိုး မရှိဘဲ ယခင်ကဲ့သို့ပင် တည်ငြိမ်ပြီး အထီးကျန်ဆန်သော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတတ်၏။
သူမက စစ်ပွဲများကို အလွန် နှစ်သက်ပြီး သတ်ဖြတ်ခြင်းကို သဘောကျကာ သူမ၏ ရင်ထဲတွင် တရားမျှတမှု ဆိုသည့် အယူအဆ သိပ်မရှိလှချေ။ ထို့အပြင် သူမက ဤအချက်ကို အနည်းငယ်မှ ဖုံးကွယ်ထားခြင်း မရှိပေ။
“အောက်ထျန်း… ကျွန်မ ဒီလို လုပ်တာကို ရှင် မကြိုက်ဘူးလား။”
ကျင်းကျုံးယွဲ့က အလွန် အကဲဆတ်စွာဖြင့် မော့ကြည့်ကာ မေးလိုက်၏။ “ကျွန်မ ဒီစစ်သည်ရွှံ့ရုပ်ကို ခွဲလိုက်တဲ့ အချိန်မှာ ဒီလောက်တောင် စိတ်လှုပ်ရှားမနေသင့်ဘူး မှတ်လား။ ဒီလိုဆိုရင် ကျွန်မက စိတ်ဝေဒနာရှင် တစ်ယောက်လို ဖြစ်နေမလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါပြီး ပြောလိုက်သည်။ “ငါက လူယုတ်မာလေ။ မိန်းမတွေကို လိမ်စားတဲ့သူ။ မင်းထက် ပိုကောင်းမယ်လို့များ ထင်နေလား။ ငါက လူယုတ်မာ၊ မင်းက မိန်းမဆိုး။ ငါတို့နှစ်ယောက်က တကယ့်ကို ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ ခွေးလင်မယားပဲ။”
ကျင်းကျုံးယွဲ့က ပုဆိန်ကို ချထားလိုက်ပြီး ရှေ့တိုးကာ ယွင်ကျုံးဟဲ့၏ လည်ပင်းကို ဖက်လိုက်၏။ “တကယ်တော့ ကျွန်မက တစ်သက်လုံး အိမ်ထောင်ပြုဖို့ လုံးဝ မတွေးခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ အိမ်ထောင်ပြုပြီးသွားရင် ကျွန်မရဲ့ အရာအားလုံးက ပေါ်သွားမယ်ဆိုတာ သိနေလို့ပဲ။ ကျွန်မရဲ့ အတွင်းစိတ်ထဲက အမှောင်ထုတွေ၊ ရက်စက်မှုတွေ၊ အစွန်းရောက်မှုတွေနဲ့ ရူးသွပ်မှုတွေ အကုန်လုံး ပေါ်လာမှာလေ။
ရှင်က ကျွန်မကို လက်ထပ်ဖို့ အတင်းအကျပ် လုပ်ခဲ့တာဆိုတော့ ဒီလို အဆိုးမြင်စရာတွေ အကုန်လုံးကို ရှင်ပဲ တာဝန်ယူရမယ်။ ရှင့်မှာ ရွံရှာခွင့် မရှိဘူး။” ကျင်းကျုံးယွဲ့က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က မနေနိုင်တော့ဘဲ သူမ၏ ပန်းပွင့်လေးများအလား လှပသော နှုတ်ခမ်းလေးကို ထပ်မံ နမ်းလိုက်မိ၏။
ကျင်းကျုံးယွဲ့ အဘယ်ကြောင့် ဤမျှ လှပနေရသနည်းဆိုသည်ကို ယခုမှ သူ နားလည်သွားတော့သည်။ သူမက ရက်စက်သောကြောင့် ဖြစ်၏။ အဆိပ်ပြင်းသော ပန်းများက ပို၍ လှပသကဲ့သို့၊ အဆိပ်ပြင်းသော မှိုများက ပို၍ လှပသကဲ့သို့ပင်။ အဆိပ်ပြင်းသော အမျိုးသမီးများကလည်း ပို၍ လှပကြသည်။
“ကျွန်မက ရက်စက်တဲ့ မိန်းမတစ်ယောက်ပါ။ ဒါပေမဲ့ ရှင့်ကိုတော့ လုံးဝ… လုံးဝ အထိခိုက်ခံမှာ မဟုတ်ဘူး။ ကျွန်မ ရှင့်ကို သေချာ ကာကွယ်ပေးမယ်။ ကမ္ဘာမြေရဲ့ အဆုံးထိတိုင်အောင် ရှင့်ကို ကာကွယ်ပေးသွားမယ်။” ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ကြည့်ကာ ကျိန်ဆိုသည့် လေသံဖြင့် ပြောလိုက်၏။
............................