← Chapters

အချစ်အတွက် အသက်ကိုပင် စွန့်၍

Vol. 27 Ch. 261

အချစ်အတွက် အသက်ကိုပင် စွန့်၍

Vol. 27 Ch. 261

ငါက စိတ်ကျန်းမာရေးဆရာ၀န်ဆိုတာ တကယ်ပါ

ဘာသာပြန် - ထွန်းလင်းအောင်

“ ဒီရဲ့လူနာ … သူ ဘာကြောင့် ဒီနည်းလမ်းနဲ့ မင်းရဲ့ ဘလိုင်းဒိတ်အပေါ် စံသတ်မှတ်နှုန်းတွေကို လျှော့ချနေတယ်လို့ ထင်လဲ ….” ချန်ယွီ့ ပြုံးလျက် မေးမြန်းလိုက်၏။

“ ငါ မသိဘူး ….”

[နှစ်သုံးဆယ် စင်ဂယ်]က နားမလည်နိုင်ခြင်းများနှင့် ခေါင်းကို ခါယမ်းလိုက်သည်။

“ သူ့မှာ ရှောင်းပင်းလို့ ခေါ်တဲ့ သမီးလေး တစ်ယောက်ရှိတာကို မင်း မှတ်မိလား ….”

“ ရှောင်ပင်း … ငါ လခွမ်း ….”

[နှစ်သုံးဆယ် စင်ဂယ်] ကြည့်ရသည်မှာ တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့ဟန်ရပြီး လေးပင်စွာ သက်ပြင်းချလိုက်သည်။ မျက်နှာကိုလည်း ဝဖိုင့်နေသည့် သူ့လက်များဖြင့် အုပ်ထားလိုက်သည်။

ချန်ယွီ့၏ အရိပ်အမြွက်ပေးမှုအောက်တွင် ပြဿနာ၏ အဓိကသော့ချက်ကို သူ နောက်ဆုံးတော့ ဖမ်းဆုပ်နိုင်သွားပြီ ဖြစ်၏။

သို့သော် သူ နားလည်သည်ဆိုတိုင်း … ကြည့်ရှုသူများလည်း နားလည်လိမ့်မည်လို့တော့ မဆိုလိုပေ။

“ ဒေါက်တာချန် … ရှောင်ပင်းက ဘယ်သူမို့လို့တုန်း … ဒီညီကိုက ဘာကြောင့်မို့ အဲ့လောက်ထိ ရှော့ခ်ရသွားခဲ့ရတာလဲ ….”

ချန်ယွီ့ ခေါင်းယမ်းလျက် ကြည့်ရှုသူတစ်ယောက် ပေးပို့လာသည့် ကွန်းမန့်ကို ကြည့်ရင်း ပြုံးလိုက်သည်။

“ ဒီရဲ့ လူနာ … မင်း မေးခွန်းရဲ့ အဖြေကို ရသွားပြီလို့ ငါ ယူဆတယ် ….”

[နှစ်သုံးဆယ် စင်ဂယ်]က ရောပြွမ်းနေသည့် စိတ်ခံစားချက်တို့နှင့်အတူ သက်ပြင်းချလိုက်၏။

“ ရှောင်ပင်းက အန်တီဟွမ်ရဲ့ … မဟုတ်သေးဘူး … အဘွားကြီးဟွမ်ရဲ့ တစ်ဦးတည်းသော သမီးပဲ ….”

“ ငါတို့ ငယ်ငယ်တုန်းက မကြာခဏ အတူ ကစားဖြစ်ခဲ့ကြတယ် … မူလတန်းကျောင်းနေဖော်၊ ကျောင်းနေဖက်တွေ ….”

“ အလယ်တန်းရောက်တော့ သူ့မှာ ဝက်ရူးပြန်ရောဂါ ရှိလာတယ် … အန်တီဟွမ်ကလည်း သူ့ကို ကျောင်းကနေ ထုတ်လိုက်တယ် …”

“ နောက်ပိုင်း ငါကြားမိတာတော့ ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေတယ်ဆိုပဲ … သူနဲ့ မတွေ့ဖြစ်တာတောင် နှစ်အတော်ကြာနေပြီ … သူ ဘယ်လို ပုံစံမှန်းတောင် ငါ မမှတ်မိတော့ဘူးရယ် …..”

[နှစ်သုံးဆယ် စင်ဂယ်]က ပြောရင်းဖြင့် ဒေါသထွက်လာခဲ့ကာ “ အဘွားကြီးဟွမ်က ငါ တခြားမိန်းကလေးတွေနဲ့ အဆင်ပြေသွားမှာကို ဟန့်တားချင်နေတယ် .. သူ့ရဲ့ ရည်ရွယ်ချက်က ငါ့ရဲ့ လက်တွဲဖော် ဖြစ်လာမယ့်သူရဲ့ စံနှုန်းတွေကို လျှော့ချပစ်ဖို့ပဲ …”

“ ဒေါက်တာချန် … မဟုတ်မှလွဲရော သူ့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်က သူ့သမီးနဲ့ ငါ့ကို ပေးစားမလို့တော့ မဟုတ်လောက်ပါဘူးမလား …”

ချန်ယွီ့၏ ခွန်းတုံ့ပြန်စကားက သူ့ဦးခေါင်းကို တင်းပုတ်ကြီးဖြင့် ထုနှက်လိုက်သည့်နှယ်ပင်။

အတိုင်းအတာ တစ်ခုအထိ သူ့ဘက်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည် ဆိုသော်ငြား ချန်ယွီ့၏ ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးမှုက သူ့ကို မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တောင့်တင်းသွားစေသည်။

“ သူ စဉ်းစားနေတာလည်း အဲ့လိုပဲ ….”

“ ဆယ်နှစ်ကျော်လောက် ဆေးကုသပြီးတဲ့နောက်မှာ သူ့သမီးရဲ့ အခြေအနေက အတော်လေး သက်သာလာနေပြီ … ဒါပေမယ့် တစ်ချက်တစ်ချက်တော့ ရောဂါက ပြန်ပြန် ထဖောက်နေသေးတုန်းပဲ ….”

“ အန်တီဟွမ်ရဲ့ ယောက်ျားက အရင် နှစ်အနည်းငယ်တုန်းကပဲ ဆုံးပါးသွားခဲ့ပြီ … ပြီးတော့ သူ့သမီးလေးက သူ့ရဲ့ အရာရာ ဖြစ်လာခဲ့တယ် ….”

“သမီးဖြစ်သူရဲ့ ရောဂါကြောင့် ပုံမှန်လိုတောင် အလုပ်မလုပ်နိုင်တာ အိမ်ထောင်ပြုပြီး ကလေးမွေးဖို့က စိတ်ကူးယဉ် အိပ်မက်ထက် မပိုနိုင်ဘူး ….”

“ အန်တီဟွမ်ကလည်း တစ်နေ့တစ်ခြား အသက်က ပိုပိုကြီးလာနေပြီ … သူ မရှိတော့ရင် သူ့သမီးလေးရဲ့ ဘဝက ဒုက္ခရောက်သွားမှာ ကျိန်းသေတယ် ….”

“ ဒါကြောင့်မို့ သူ မသေခင် သမီးဖြစ်သူကို အမြန် အိမ်ထောင်ချပေးရမယ် … သမီးလေးကို တစ်သက်လုံး သေချာ ကောင်းကောင်းမွန်မွန် ပြုစုပေးမယ့် ယောက်ျားတစ်ယောက်နဲ့ လက်ဆက်ပေးရမယ် ….”

အန်တီဟွမ်၏ အတွေးများကို ချန်ယွီ့ နားလည်ပေးနိုင်သည်။ သို့ပေမယ့် သူမ၏ လုပ်ရပ်ကိုတော့ သဘောမကျမိပေ။

အောက်တန်းကျသည့် နည်းလမ်းများဖြင့် တစ်ပါးသူ၏ အိမ်ထောင်ရေးကို ကဖျက်ကယှက်ပြုသည်က သမီးဖြစ်သူအတွက် ကောင်းမွန်သည့် အကျိုးဆက်တို့ ရှိလာမှာ မဟုတ်ချေ။

“ ဆိုတော့ … အဲ့ဒီလူက ငါပေါ့ ….”

[နှစ်သုံးဆယ် စင်ဂယ်]က သူ့ကိုယ်သူ ဒေါသတကြီးနှင့် လက်ညှိုးထိုးပြလိုက်၏။

“ မင်းက သူ့မျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့တယ် …” ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး “ မင်းရဲ့ စရိုက် ဘယ်လိုရှိတယ်ဆိုတာကို သူ ကောင်းကောင်း သိတယ် …

“ မင်းက ကရားရေလွှတ် စကားပြောတတ်ပေမယ့် စိတ်ရင်းနှလုံးကောင်းရှိတယ် … ပြီးတော့ တာဝန်ယူစိတ်လည်း ကြီးမားတယ် …”

“ မင်း သူ့သမီးနဲ့ လက်ထပ်လိုက်တာနဲ့ ရောဂါရှိတယ်ဆိုတဲ့ အကြောင်းအရင်းကြောင့် စွန့်ပစ်သွားတာမျိုး လုံးဝ လုပ်မှာ မဟုတ်ဘူး …”

“ ဒီတစ်ချက်ကိုတော့ သူ့ဘက်က ယုံကြည်ချက် အပြည့်ရှိတယ် ….”

“ မင်း သူ့သမီးနဲ့ လက်ထပ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကတော့ …..”

ချန်ယွီ့ မနေနိုင်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။

[နှစ်သုံးဆယ် စင်ဂယ်] သူ့သမီးလေးအား လက်ခံနိုင်စေရေးအတွက် အန်တီဟွမ်သည် အတော်လေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရ၏။

သူမက ဘလိုင်းဒိတ်ကုမ္ပဏီ၏ ပါတနာများအားလုံးကို ငြင်းပယ်ပြီး လုံးဝ မဖြစ်နိုင်သည့် အမျိုးမျိုးသော အမျိုးသမီးများနှင့် [နှစ်သုံးဆယ် စင်ဂယ်]ကို မိတ်ဆက်ပေးသည်။

ထိုးနှက်ချက်တွေ တစ်ချက်ပြီး တစ်ချက် ခံရပြီးနောက် မည်သူမဆို ယုံကြည်ချက် လျော့နည်းလာပြီး မိမိ၏ တွဲဖက်ပါတနာအပေါ် ထားရှိသည့် ကိုယ်ပိုင် စံချိန်စံနှုန်းတို့ ပြောင်းလဲသွားမည်က ထုံးစံပင်။

အဆုံးတွင် တစ်ဖက်က မိန်းကလေးတစ်ဦး ဖြစ်နေသရွေ့ အဆင်ပြေသည်ဟု လက်ခံလာသည်အထိ ဖြစ်သွားနိုင်သည်။

[နှစ်သုံးဆယ် စင်ဂယ်] စိတ်ဓာတ် အောက်ဆုံးထိုးကျနေပြီး မျှော်လင့်ချက်မဲ့ လမ်းပျောက်နေစဉ် အန်တီဟွမ်က သူ့သမီးလေး ရှောင်ပင်းကို ခေါ်လာပြီး သနားကြင်နာတတ်သည့် လူကြီးသူမ တစ်ယောက်အနေနှင့် [နှစ်သုံးဆယ် စင်ဂယ်]ကို မိတ်ဆက်ပေးလိမ့်မည်။

“ မင်းက မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ချင်တယ် … မင်းအမေဆို မင်းထက်တောင် ပိုပြီး စိတ်လောနေသေးတယ် ….”

“ မင်း စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်ကိုယ်ကို အဲ့လောက်တောင် ဘောင်မဝင်ရကောင်းလားလို့ ဝမ်းနည်းပြီး တစ်သက်လုံး လူပျိုကြီးပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ အချိန်မှာပဲ အန်တီဟွမ်က မင်းမိဘတွေဆီ အရင်ဦးဆုံး နှစ်သိမ့်ပေးလာမယ် …”

“ နှစ်သိမ့်ပေးရင်းနဲ့ သူတို့အိမ်က ရှောင်ပင်းလေးနဲ့ မင်းတို့နှစ်ယောက်ကို ဒိတ်ဖို့ အကြံပေးမယ် …”

ချန်ယွီ့ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

“ ချီးပဲ … တယ်ရက်စက်လိုက်တဲ့ စောက်အဘွားကြီး ….”

[နှစ်သုံးဆယ် စင်ဂယ်]က ဒေါသထွက်လွန်း၍ သူ့အံကို တင်းတင်းကြိတ်ထားမိသည်။

အကယ်၍ သူ့အမေကို သိမ်းသွင်းနိုင်ခဲ့လျှင် သူ့အဖေသည်လည်း သဘာဝအလျောက် သိမ်းသွင်းခံရပြီး ဖြစ်သွားလိမ့်မည်။

တစ်မိသားစုလုံးက စုပေါင်းပြီး သူ့ကို ဝိုင်းဝန်း ဖျောင်းဖျကြမည်ဆိုပါက သူ့ ယုံကြည်ချက်က ဘယ်လောက်ပဲ ခိုင်မာနေပါစေ၊ စတင်လှုပ်ခတ်လာနိုင်သည်။

ထို့ပြင် အန်တီဟွမ်၏ နှုတ်ပြောစွမ်းရည်က ဩချရလောက်အောင် ကောင်းမွန်ပြီး အမျိုးမျိုးသော စကားလုံးများကို သူ့နားထဲ ရိုက်သွင်း၍ ဦးနှောက်ဆေးလိမ့်မည်။

ထိုသို့ ဖြစ်လာပြီဆိုပါက သူ တကယ်လည်း ရှောင်ပင်းနှင့် ချိန်းတွေ့မိသွားနိုင်သည်။

သူ့အကြောင်းသူ ဘယ်သူကမျှ သူ့လောက် နားလည်နိုင်မှာ မဟုတ်ချေ။

[နှစ်သုံးဆယ် စင်ဂယ်]က ပေါ့ပြက်ပြက်နိုင်တယ်ထင်ရပေမယ့် သူ့တွင်လည်း သူ့စည်းနှင့်သူ ရှိသည်။ တစ်စုံတစ်ရာကို အစပြုမိလျှင် တစ်ဝက်တစ်ပျက်၌ မရပ်တန့်တတ်ပေ။

ဝက်ရူးပြန် လူနာတစ်ယောက်နှင့် တစ်ဘဝလုံး အချိန်ကုန်ဆုံးသွားရမည်ဆိုသည့် အတွေးကို စိတ်ကူးယဉ်မိတော့ သူ သတိလစ်လုနီးပါး ဖြစ်သွားခဲ့၏။

“ဒေါက်တာချန် … ငါ အဲ့လို လူနာတွေကို အထင်သေးတယ်ရယ်လို့တော့ မဟုတ်ပါဘူး … ငါ့ ပိုတဲ့ ငွေ တစ်ချို့တစ်ဝက်ကိုတောင် လိုအပ်နေတဲ့ အဖွဲ့အစည်းတွေဆီ လှူဒါန်းပေးတယ် ….”

“ ဒါပေမယ့် အဲ့လိုဆိုတိုင်း ငါ့ ကျန်တဲ့ ဘဝတစ်သက်လုံး အဲ့လိုလူစားမျိုးနဲ့ အချိန်ကုန်ဆုံးပေးနိုင်မယ်လို့တော့ မဆိုလိုဘူးလေ ….”

[နှစ်သုံးဆယ် စင်ဂယ်]က သူ့ခေါင်းကို တွင်တွင် ခါယမ်းလိုက်သည်။

အန်တီဟွမ် မရှိတော့လျှင် အန်တီဟွမ်ကိုယ်စား ရှောင်ပင်းကို သူ့ဘက်က အတတ်နိုင်ဆုံး စောင့်ရှောက်ပေးဖို့ ကူညီပေးနိုင်သည်။ သို့သော် လက်ထပ်ဖို့ကတော့ လုံးဝ ဖြစ်နိုင်မှာ မဟုတ်‌ချေ။

ရှောင်ပင်း ဝက်ရူးပြန်ရောဂါ စရှိစဉ်ကတည်းက [နှစ်သုံးဆယ် စင်ဂယ်] ဤတစ်ချက်ကို သိရှိထားခဲ့သည်။

ဝက်ရူးပြန် ရောဂါက မျိုးရိုးလိုက်တတ်၏။

သူ့ အိမ်ထောင်ကျနိုင်ချေ အလားအလာတို့က နည်းပါးသော်လည်းပဲ ဖြစ်နိုင်ချေကတော့ ရှိနေသေးဆဲပင်။

တစ်သက်လုံး လူပျိုသိုးကြီး ဘဝနှင့် အရိုးထုတ်ရပါမည်ဟု မည်သူကမျှ အာမ မခံနိုင်ချေ။

[နှစ်သုံးဆယ် စင်ဂယ်]မှာ ဤကိစ္စကို မည်သို့ စောဒကတက်ပြရမှန်းပင် မသိတော့အောင် ဖြစ်နေမိသည်။

ဇာတ်လမ်းအဖြစ်အပျက်ကို ပျော်ပျော်ရွှင်ရွှင်နှင့် ခံစားကြည့်ရှုနေကြသည့် ကြည့်ရှုသူများကလည်း စာနာသည့် ကွန်းမန့်တို့ စတင်ပေးပို့လာခဲ့ကြ၏။

[နှစ်သုံးဆယ် စင်ဂယ်]နေရာတွင် သူတို့ဆိုပါကလည်း …. လုံးဝ ဆန္ဒရှိမှာ မဟုတ်ချေ။

“ ရှောင်ပင်းက မင်းအတွက် ရဖို့ အလွယ်ကူဆုံး လက်တွဲဖော်ပဲ … “ ချန်ယွီ့ ပြောလိုက်ပြီး “ တကယ်လို့ မင်းက သူ့ကို လက်လျှော့လိုက်မယ်ဆိုရင် မင်းဘက်က အရှုံးပေးလိုက်ဖို့ပဲ ကျန်တယ် ….”

“ အဲ့ဒါကိုတောင် အချိန်တိုအတွင်း လက်ထပ်ချင်သေးတယ်ဆိုရင်တော့ အခြေအနေက နည်းနည်းလေးတော့ ကရိကထ များလိမ့်မယ် ….”

“ ကရိကထ များမှာကို ငါ မကြောက်ဘူး ဒေါက်တာချန် … အခက်အခဲတွေကို ငါ မစိုးရွံ့ဘူး …”

[နှစ်သုံးဆယ် စင်ဂယ်]သည် ချန်ယွီ့၏ ပြောစကားထဲတွင် မျှော်လင့်ချက်အနည်းငယ် ရှိသေးသည်ကို ခံစားမိပြီး “ ကျေးဇူးပြုပြီး နည်းလမ်း ပြောပြပေးပါ ….”

“ ငါက ဒီတိုင်း သာမန်ဆန်ပြီး ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပေါင်းသင်းချင်ရုံလေးပါပဲ … ငါ တောင်းဆိုနေတာတွေက မများပါဘူး … ဟုတ်တယ်မလား ….”

“ တကယ်လို့ သူက နည်းနည်းလေး ရုပ်ဆိုးမယ်ဆိုရင်တောင် ငါ လက်ခံတယ်ကွာ … ပုံမှန် ဖြစ်နေသရွေ့ အဆင်ပြေတယ် ….”

ချန်ယွီ့ စက္ကန့်အနည်းငယ်မျှကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

“ မင်း …. အလျင်လိုပြီး မြန်မြန်ဆန်ဆန်နဲ့ လက်ထပ်ချင်တယ်ဆိုရင် နည်းနည်းပါးပါး စွန့်စားဖို့ လိုအပ်မှာကိုတော့ စိုးရိမ်မိသား ….”

“ ရတယ် ဒေါက်တာချန် … ကိစ္စ မရှိဘူး … ဘယ်လိုမျိုး စွန့်စားရမယ်ဆိုတာကိုပဲ ပြောပြလိုက် …. မိန်းမရဖို့အတွက်ဆိုရင် မီးတောင်ကိုပဲ ကျော်ရကျော်ရ၊ ဓားပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ … အကုန် လုပ်မယ် ….”

[နှစ်သုံးဆယ် စင်ဂယ်]သည် သူ့ အစွမ်းကုန် ပေးဆပ်ပြီး ကြိုးစားဖို့အတွက် အဆင်သင့် ဖြစ်နေလျက်ရှိသည်။

သူ့တစ်သက်လုံး လူပျိုကြီး လုပ်ရမှာနှင့် နှိုင်းစာလျှင်၊ သူ့ ကျန်သည့် တစ်ဘဝလုံး ဝက်ရူးပြန်ရောဂါသည်နှင့် အချိန်ကုန်ဆုံးရမှာကို တွေးတောကြည့်လျှင် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုအတွက် နည်းနည်းပါးပါး စွန့်စားရသည်က ထိုက်တန်သည်။

“ ကဲ … ဒါဆိုရင်တော့ စောနက မင်းအမေ မင်းကို ပေးသွားတဲ့ ဓာတ်ပုံကို ပြန်ထုတ်လိုက်ဦး ….” ချန်ယွီ့ ပြောလိုက်သည်။

ဤစကားကြားတော့ [နှစ်သုံးဆယ် စင်ဂယ်]က စားပွဲပေါ်ရှိ ဓာတ်ပုံကို ချက်ချင်း ကောက်ယူလိုက်သည်။

“ သူက မင်းရဲ့ လက်တွဲဖော်ပဲ …”

ကြားလျှင်ကြားခြင်း … [နှစ်သုံးဆယ် စင်ဂယ်]သည် သူ့ တစ်ကိုယ်လုံး လေပေါ်မြှောက်တက်သွားသည့်နှယ် ခံစားလိုက်ရသည်။

ဦးခေါင်းထက်ရှိ မည်းမှောင်နေသည့် တိမ်စိုင်များလည်း ပျောက်ရှင်းမလှ၊ ပျောက်ရှသွားခဲ့၏။ ဘယ်တုန်းကမျှ မရှိခဲ့သကဲ့သို့ပင်။

“ မင်းတောင်းဆိုတဲ့အတိုင်းပဲ ….” ချန်ယွီ့က “ တကယ်လို့ သိပ်မကြာတဲ့ အနာဂတ်မှာ တစ်ယောက်ယောက်နဲ့ ဘလိုင်းဒိတ်သွားလုပ်ပြီး အလားအလာကောင်းတဲ့ လက်တွဲဖော်တစ်ယောက်ကို ရှာဖွေချင်တယ်ဆိုရင် ဒီ မိန်းကလေးကနေ စလို့ရတယ်….”

“ အခုချက်ချင်း လှုပ်ရှားလို့လွယ်မယ့် အားကစား ဝတ်စုံတစ်ထည် လဲပြီး အကောင့်ကို ဖုန်းထဲ ပြောင်းလိုက် ….”

“ ဖုန်းကို အင်္ကျီမှာ တပ်ပြီး တိပ်နဲ့ သေချာကပ်ထား … ပြီးရင် အခု အိမ်ထဲက ထွက်ပြီး သူ့ရဲ့ ရွှေဆိုင်ကို ချက်ချင်း ပြေးလိုက်တော့ …”

All Chapters