အခန်း (၂၆၇)
Vol. 27 Ch. 267
“ အင်တာနက်ပေါ်မှာပဲ အာလောက်ချောင်ဝံ့ပြီး အပြင်မှာကျ ဘာတစ်ခုမှ သုံးစားမှ မရတဲ့ကောင်တွေ ….” ကွန်းမန့်ခန်းထဲတွင် သူမအား ဆဲဆိုကြိမ်းမောင်းနေသည့် ကွန်းမန့်အရေအတွက်တို့ သိသိသာသာ လျော့နည်းသွားတာကို တိထားမိတော့ ကျန်းမေလိက နှာမှုတ်လိုက်ပြီး “ အခုတော့ နင်တို့ကောင်တွေ ကြောက်ရကောင်းမှန်း သိပြီပေါ့ ….”
“ ချန်ယွီ့ … နင်က တကယ်ပဲ အတိအကျ ဘာလုပ်တဲ့လူလဲ …” ဟိန်ဟန်ထုတ်ပြီးနောက် ကျန်းမေလိက နားဝေတိမ်တောင် လေသံဖြင့် မေးမြန်းလိုက်ပြီး “ ငါ အဲ့လောက် လူအများကြီးကို စုစည်းနိုင်မှန်း နင် ဘယ်လိုလုပ်ပြီး သိနေတာလဲ … ပြီးတော့ အဲ့လူတွေက တိုက်ခိုက်တဲ့နေရာမှာ တော်တယ်ဆိုတာကိုရော နင် ဘယ်လိုလုပ်ပြီး သိနေတာ ….”
“ ဟားဟား …..”
“ ငါ ပြောပြီးပြီလေ … ငါက စိတ်ကျန်းမာရေးဆရာဝန်ပါဆိုနေ ….” ချန်ယွီ့ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး “ စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက လူတစ်ယောက်ရဲ့ အထောက်အထားနဲ့ သူ ဖြတ်သန်းခဲ့တဲ့ အတိတ်အတွေ့ကြုံတွေကို ပြောစကားတွေ ၊ မျက်နှာ အမူအရာတွေ ၊ သူတို့ရဲ့ အမူအကျင့်တွေကနေ တစ်ဆင့် ခန့်မှန်းကြည့်လို့ရတယ် ….”
“ မင်းက ဖုန်းကောတစ်ချက် ဆက်ရုံနဲ့ လူဒါဇင်ကျော် စုစည်းနိုင်ရုံတင် မကဘူး … ဒီလိုမျိုးတွေ လုပ်နေတာလည်း ငယ်ငယ်လေးတုန်းကတည်းကပဲ ….”
“ မင်း မူလတန်းတက်တော့ အခန်းထဲက ကောင်လေးတစ်ယောက်ရဲ့ ဂိမ်းစက်ကို စိတ်ဝင်စားသွားပြီး ကစားချင်တယ် …”
“ အဲ့မှာ ကောင်လေးက မင်းကို ဒေါသတကြီးနဲ့ တွန်းထုတ်ခဲ့တယ် … ညနေခင်း ကျောင်းဆင်းချိန်ရောက်တော့ မင်းက ကောင်လေးရဲ့ ခေါင်းကို သစ်သားတုတ်နဲ့ ရိုက်နှက်ခဲ့တယ် ….”
“ အဲ့ကောင်လေး ခေါင်းတစ်ခုလုံး သွေးချင်းချင်းရဲနေတော့မှပဲ ရိုက်နှက်တာကို ရပ်တန့်ခဲ့တယ် ….”
“ ကောင်လေးရဲ့ မိသားစုဝင်တွေကလည်း မင်းမိသားစုရဲ့ အနေအထားကြောင့်မို့ ဘာမှ မပြောရဲခဲ့ကြဘူး ….”
“ ဂျူနီယာ အထက်တန်းကျောင်း ရောက်လာပြီးတဲ့နောက်မှာ မင်းရဲ့ မောက်မာစီးပိုးတဲ့ အကျင့်စရိုက်က ပိုပြီး ပြင်းထန်လာတယ် ….”
“ အမြင်မကြည်တဲ့လူတွေကို အနိုင်ကျင့်တယ်ဆိုတာက မင်းဘဝရဲ့ တစ်စိတ်တစ်ပိုင်းလိုတောင် ဖြစ်သွားခဲ့ပြီ …”
“ မင်းကြိုက်နှစ်သက်တဲ့ အရာက အရာပစ္စည်းပဲ ဖြစ်ဖြစ် ၊ လူတိရစ္ဆာန်ပဲ ဖြစ်ဖြစ် ၊ မင်းလိုချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို ရအောင် ယူတယ် ….”
“ အထက်တန်းရောက်တော့ မင်းက ကျောင်းရဲ့ လူမိုက် ဖြစ်လာပြီ ….”
“ မင်းနဲ့ ဘယ်သူပဲ တွေ့ပါစေ ၊ သူတို့က ရှောင်ပေးရတယ် … ဆရာတွေတောင် ခြွင်းချက် မထားဘူး ….”
“ တစ်နေ့မှာ ဆရာအတတ်သင် ကောလိပ်တစ်ခုကနေ ဘွဲ့ရခဲ့ပြီး မင်းတို့ကျောင်းကို တာဝန်ကျလာတဲ့ ဆရာမတစ်ယောက် ရောက်လာတယ် … သူက မင်းရဲ့ နောက်ခံတွေကို မသိဘူး …. မင်းက အတန်းဖော် သူငယ်ချင်း တစ်ယောက်ကို အနိုင်ကျင့်နေတာ မြင်တော့ မနေနိုင်ဘဲ ဆူမိသွားခဲ့တယ် ….”
“ မင်းက အဲ့တာကို စိတ်ထဲ တေးမှတ်ထားပြီး နေ့လည် ထမင်းစားကျောင်းဆင်းချိန်မှာ ဆိုးတူဆိုးဖက် သူငယ်ချင်းတစ်ချို့နဲ့ အဲ့ဒီ ဆရာမကို အဝတ်တွေ တစ်စစီ ဆွဲချွတ်ပြီး ကိုယ်တုံးလုံးနဲ့ ကျောင်းရဲ့ အမှိုက်ပုံထဲမှာ သွားပစ်ထားတယ် ….”
“ အဲ့ဒီ သတင်းက ဒေသတွင်း သတင်းစာတွေမှာ ပါလာတဲ့အထိ ပေါက်ကွဲထွက်သွားခဲ့တယ် ….”
“ အဲ့မှာ မင်းအဖေ သူ့တစ်သက်မှာ ပထမဆုံးအကြိမ်အနေနဲ့ မင်းကို ဆုံးမဖြစ်ခဲ့တာပဲ …”
“ ဒါပေမယ့် မင်းကတော့ သူ့စကားကို နားမထောင်ရုံတင် မကဘူး … ပါးနှစ်ချက် ဖြတ်ရိုက်လိုက်ပြီး ကိုယ့်အဖေကို ဆုချလိုက်တယ် …”
“ အဲ့လို ဖြစ်ခဲ့တာတောင်မှ မင်းအဖေက မင်းကို အဖိုးတန် ကလေးလေး တစ်ယောက်လို တန်ဖိုးထား ချစ်မြတ်နိုးနေတုန်းပဲ ….”
“ အဲ့ဒီ ဖြစ်ရပ်တဲ့ အကျိုးဆက်တွေက ဆိုးရွားလွန်းတာကြောင့် မင်းအဖေက သူ့ အဆက်အသွယ်တွေကို အသုံးချပြီး မင်းရဲ့ နာမည်ကို ပြောင်း ၊ ပြီးတဲ့နောက်မှာ နောက် ကျောင်းတစ်ခုဆီ ရွှေ့ပြောင်းပေးတယ် ….”
ကြည့်ရှုသူများမှာ ကြက်သေသေသွားခဲ့ကြသည်။
သူမက တကယ့်ကို လူရမ်းကား တစ်ဦး ဖြစ်၏။
မူလတန်းကျောင်းကတည်းက လူများကို စတင် ရိုက်နှက်နေပြီး အထက်တန်းရောက်တော့ ကျောင်းက ဆရာများကိုပင် ခေါင်းထဲ မထည့်တော့ချေ။
အတန်းဖော်သူငယ်ချင်းများ ၊ ဆရာများ ၊ နောက်ဆုံး သူ့မိဘပါမချန် ရိုက်နှက်၏။
“ မိခင်တစ်ယောက်ရဲ့ အလိုလိုက်မှုက ကလေးကို ပျက်စီးစေတယ်တဲ့ … ဖခင်လည်း ထိုနည်းလည်းကောင်းပဲ ….”
“ ငါ့မှာသာ သူ့လို သမီးမျိုး ရှိလို့ကတော့ မိသားစုထဲကနေ သေချာပေါက် မောင်းထုတ်ပြီး ကလေး အသစ်ပဲထပ်ယူလိုက်မယ် ….”
“ သူ့ အဖေက ဘာလုပ်တာလဲတဲ့ … သူ့ကြည့်ရတာ အတော်လေး လွှမ်းမိုးမှုရှိတဲ့ပုံပဲ ….”
“ ကျောထောက်နောက်ခံ မကောင်းဘဲ အဲ့လို မောက်မာချင်တိုင်း မောက်မာနိုင်ပါ့မလား ငါ့ကောင်ရာ …. သေချာပေါက် ရှိတာပေါ့ ….”
“ မင်းတို့ကောင်တွေ ‘အနောက်အရပ်သို့ ခရီးသွားခြင်း မှတ်တမ်း ‘ ကို ကြည့်ဖူးကြတယ်မလား … အဲ့ထဲမှာ ကျောထောက်နောက်ခံ မရှိတဲ့ကောင်တွေကျတော့ သေတဲ့ထိ ရိုက်နှက်ခံရပြီး နောက်ခံရှိတဲ့ကောင်တွေကျတော့ သူတို့ဘာသာ လုပ်ချင်တာလုပ် ၊ နောက်ဆုံးမှာ ကယ်ပေးမယ့်သူ ရှိပြီးသား …”
( နတ်မင်းတစ်ပါးရဲ့ တပည့်တစ်ယောက်က ကလေးတွေစားပြီး နတ်ဆိုးဖြစ်နေတာလေ … ဝူခုန်းက နှိမ်နင်းနိုင်တယ်ဆိုပေမယ့် နောက်ဆုံးမှာ နတ်ဆိုးရဲ့ ဆရာက ပေါ်လာပြီး သူ့တပည့်ကို ကယ်သွားတာ ရောင်းရင်းတို့ မှတ်မိကြလား ၊ အဲ့တစ်ချက်ကို ပြောချင်တာ ဖြစ်ပါလိမ့်မယ် )
“ ဖက်တီးမလေး …. မင်း ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ထောင်နန်းစံရဖို့ မဝေးတော့ဘူးနော်….”
ချန်ယွီ့၏ ပရိသတ်များသည် ဤမျှ သိတတ်သည့် သမီးလေးတစ်ယောက်အား နှစ်တစ်ရာနေ၍ တစ်ယောက်ပင် မတွေ့ခဲ့ဖူးကြချေ။
ကျန်းမေလိက အံကို တင်းတင်း ကြိတ်ထားပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လူသတ်ချင်စိတ်တို့ ဖြာထွက်နေသည်။
သူမ၏ နောက်လိုက်များမှာ ကျန်းမေလိ ဤမျှ အတိုင်းအတာအထိ ဒေါသထွက်နေတာကို ပထမဆုံးအကြိမ် မြင်ဖူးသဖြင့် သူမအား ဝိုင်းဝန်းဖျောင်းဖျကြတော့သည်။
သူမတို့လည်း ပါဝင်ငြှိစွန်းသွားမှာကို စိုးရိမ်နေကြ၏။
ချီတုံချတုံ ဖြစ်စွာဖြင့် … အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်ယောက်က ထွက်ပြီး စကားဦးဆောင်ပြောပေးဖို့ရာ မျှော်လင့်နေကြသည်။
“ ချန်ယွီ့ … နင် သေချင်နေတာလား …” ကျန်းမေလိ ဟိန်းဟောက်လိုက်၏။
“ သေချင်နေလား မေးခါမှ မင်းအနိုင်ကျင့်တာကို ခံခဲ့ရတဲ့ လူတော်တော်များလည်း အဲ့လို အတွေးမျိုး ရှိကြတယ် ….”
ချန်ယွီ့က မော်ကြွားစွာဖြင့် မေးထောက်လိုက်ပြီး “ ဥပမာပေးရရင် မင်း အမှိုက်ပုံထဲ လွင့်ပစ်ခဲ့တဲ့ ဆရာမပေါ့ ….”
“ အဲ့ကိစ္စ ဖြစ်ပျက်ပြီးတ့နောက်မှာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ပြင်းပြင်းထန်ထန်ကို ထိခိုက်သွားခဲ့တယ် … စိတ်ကျန်းမာရေး ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပြီး … ကိုယ့်ကိုယ်ကို သတ်သေဖို့ တစ်ကြိမ်မက ကြိုးစားခဲ့ဖူးတယ် ….”
“ ဒီမှာဆိုလည်း မင်း အနိုင်ကျင့်တာကို ခံခဲ့ရတဲ့ ယောက်ျားလေး တော်တော်များများက မတူညီတဲ့ စိတ်ကျန်းမာရေး ပြဿနာ မျိုးစုံနဲ့ ရင်ဆိုင်နေရတယ် ….”
“ စောနလေးတင်ပဲ ကွန်းမန့်ထဲ တစ်ယောက်က သူ့မှာသာ မင်းလို သမီးမျိုးရှိလို့ကတော့ အိမ်ကနေ ကန်ထုတ်ပစ်တယ်ဆိုတဲ့ စကားကို ငါ ထောက်ခံတယ် .. မင်းအဖေလည်း အဲ့လို စဉ်းစားဖူးတယ် ….”
“ ကံဆိုးချင်တော့ စိတ်ကသာ ဆန္ဒရှိပေမယ့် ခန္ဓာကိုယ်ကတော့ မလိုက်နိုင်တော့ဘူးလေ ….”
“ ကလေးနှစ်ယောက် အဖေ ဖြစ်နိုင်မယ့် စွမ်းရည်ကို ဆုံးရှုံးသွားခဲ့တာ အချိန်အတော်ကြာပြီ ….”
ကျန်းမေလိကို ဆဲဆိုရင်း ငြင်းခုန်နေကြသည့် ကြည့်ရှုသူများမှာ ဤစကားကြားတော့ ချက်ချင်းပဲ ကျယ်လောင်စွာ ဟားတိုက်ရယ်မောလာခဲ့ကြသည်။
အခြားသူများကို ထေ့ငေါ့လှောင်ပြောင်ချိန်တွင် ရုန့်ရင်းကြမ်းတမ်းသည့် မည်သို့သော စကားလုံးကိုမျှ ချန်ယွီ့ ဘယ်တော့မှ မသုံးနှုန်းခဲ့ပေ။
ကျန်းမေလိ၏ ဖခင်က အသစ်တစ်ယောက်လိုချင်သော်လည်း သူ့မှာ လုပ်နိုင်သည့် အားအင်သည်ကား ကင်းမဲ့နေရသည်။
ဆိုလိုသည်က … သူမ၏ ဖခင်သည် မြုံနေပြီး နောက်ကလေး တစ်ယောက် မွေးဖွားဖို့ရာအတွက် မစွမ်းဆောင်နိုင်တော့ကြောင်း ဆိုလိုနေသည်။
ဤမျှ နှုတ်ဆိုးသည့် လူတစ်ယောက်ကို ကျန်းမေလိ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။ သူမ၏ မျက်နှာတစ်ပြင်လုံး ဝက်အသည်းကဲသို့ နီစွေးနေလျက်ရှိတော့၏။
“ စီနီယာ … ဒီ အမှိုက်ကို အဖက်လုပ်ပြီး စကားပြောနေစရာ မလိုပါဘူး ….” ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက နှစ်သိမ့်ပေးလိုက်၏။
“ ဖြန်း …”
ကျန်းမေလိက ဒေါင်ကောင်းကောင်းနှင့် မိန်းကလေး၏ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်ပြီး လက်ညှိုးငေါက်ငေါက် ထိုးလျက် “ နင့် စောက်ပါးစပ်ကို ပိတ်ထား … ငါ သေအောင် ဆောင့်ကန်ပစ်မိတော့မယ် ….”
ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက ချက်ချင်းပဲ သူမ၏ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
“ မင်း မေးသင့်တာက အချစ်ရေးရာ ကိစ္စတွေကို မဟုတ်ဘူး … ငွေနဲ့ အလုပ်အကိုင်လမ်းကြောင်းပဲ ….”
“ ဒီလောက် အသက် ငယ်ငယ်လေးနဲ့တောင် တခြားသူတွေဆီကနေ အရင်းနည်းနည်းနဲ့ အမြတ်များများ ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိနေပြီ ….”
“ မင်းတို့ ကောလိပ် အိပ်ခန်းတွေက စုတ်ချာနေတယ်ဆိုပေမယ့် ကျောင်းကတော့ မားကတ်တင်းစကေး တော်တော်ကောင်းတယ်လို့ ပြောရမယ် …”
“ နှစ်တိုင်းနှစ် ကျောင်းသားသစ်တွေ ရဖို့အတွက် ငွေတွေကိုပုံအောပြီးသုံးတယ် …”
“ အဲ့တာကြောင့်လည်း နာမည်သတင်းက ဆိုးရွားတယ်ဆိုပေမယ့် အမှန်တရားကို မသိကြတဲ့ ကျောင်းသားသစ် တော်တော်များများကတော့ နှစ်တိုင်းနှစ် ရောက်လာနေကြမြဲပဲ …”
“ မင်းက သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကြည့်ပြီး ကျောင်းသားသစ်တွေထဲက နွမ်းပါးပြီး ငွေကြေးအဆင်မပြေတဲ့ ကျောင်းသူလေးတွေကို ရွေးထုတ်တယ် …”
“ ပြီးရင် အတင်းအကြပ် ငွေချေးခိုင်းတယ် ….”
“ အတိုးနှုန်းကလည်း ကိုးကျပ်ယူရင် ဆယ့်သုံးကျပ် ပြန်ပေးရတယ် … အတိုးပေါ် အတိုးဆင့်လာတာနဲ့ ကျောင်းသူလေးတွေက ဘယ်လိုမှ ပြန်မဆပ်နိုင်ကြတော့ဘူး ….”
“ သူတို့ ပြန်မဆပ်နိုင်တော့တဲ့အခါကျရင် မင်းက နိုက်ကလပ်မှာ အလုပ်လုပ်ဖို့ သူတို့ကို မိတ်ဆက်ပေးတယ် ….”
“ အဲ့ကို ရောက်သွားတာနဲ့ သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ဆုံးရှုံးသွားရုံတင် မကဘူး ၊ ဂုဏ်သိက္ခာလည်း စော်ကားခံရပြီ …”
“ တကယ်လို့ တစ်ယောက်ယောက်က ရဲကို ဖုန်းဆက်ပြီး ထွက်ပြေး လွတ်မြောက်ချင်တယ်ဆိုရင် မင်းက သူတို့ တင်ထားတဲ့ အကြွေးစာချုပ်တွေ ထုတ်ပြီး ခြိမ်းခြောက်တယ် …”
“ တကယ်လို့ တစ်ယောက်ယောက်က ရဲကို ဖုန်းဆက်ပြီး တစ်ခြားနည်းလမ်းနဲ့ မင်းကို တိုင်တန်းမယ်ဆိုရင် သူတို့ တင်ထားတဲ့ အကြွေးတွေကို မိဘတွေက ပြန်ဆပ်ရတယ် …”
ကျန်းမေလိ မည်သို့မျှ ဆက်နားမထောင်နိုင်တော့ပေ။
“ နင့် ပါးစပ်ပေါက်ကို ပိတ်ထား …” ကျန်းမေလိ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး “ နင့်စောက်ပါးစပ်ကို မပိတ်ထားရင် ကျိန်းသေပေါက် နောင်တရသွားစေရမယ် ….”
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာမှတစ်ဆင့် ချန်ယွီ့သည် ကျန်းမေလိ၏ နောက်ကြောင်းကို ဖောက်ထွင်းမြင်တွေ့ပြီး ဖြစ်သည်။ ဤ မိန်းမက အနိုင်ကျင့်တတ်သည့် နတ်ဆိုးတစ်ကောင်ပင်။
သူမ၏ ဖခင်က သူ့သမီးလေးကို ဤပုံစံနှင့် ပြင်ပ လူ့လောကထဲ လွှတ်ပေးလိုက်မည်ဆိုပါက ထောင်ထဲတန်းရောက်သွားမှာကို စိုးရိမ်သောကြောင့် ငွေကုန်ကြေးကျနှင့် အဆက်အသွယ် အမြောက်အများကို အသုံးပြုပြီးကောလိပ်တာဝန်ခံ တစ်ယောက် ဖြစ်လာခဲ့သည်။
ထို့ကြောင့်လည်း ကျန်းမေလိမှာ ဤကျောင်းတွင် ပညာသင်ခွင့် ရရှိနေခြင်း ဖြစ်၏။
ကျန်းမေလိ လုပ်ချင်တိုင်းလုပ်ပြီး မည်သည့် အကျိုးဆက်ကိုမျှ မခံစားရသည်မှာလည်း ဤအကြောင်းအရင်းကြောင့်ပဲ ဖြစ်သည်။
ကျန်းမေလိ၏ ဖခင်တွင် ကောင်းမွန်သည့် ရည်ရွယ်ချက်တို့ ရှိသည်ဟု ဆိုရမည်။ အကယ်၍ ကျန်းမေလိသာ ကောလိပ်မတက်ဘဲ ပြင်ပလူ့လောကသို့ တန်းပို့ပေးလိုက်မည်ဆိုပါက လူ့အဖွဲ့အစည်း တစ်ရပ်လုံး ပရမ်းပတာတွေ ဖြစ်ပြီး အခုလောက်ဆို ထောင်ထဲ ရောက်နေလောက်ပြီ ဖြစ်၏။
သို့ပေမယ့်လည်း ကံမကောင်းသည့် ကျောင်းသားလေးများမှာ ဖခင်ဖြစ်သူ၏ အနှီ ဆုံးဖြတ်ချက်ကြောင့် ဒုက္ခရောက်နေကြလေသည်။
ကျန်းမေလိက လောဘကြီးသည့် နတ်ဆိုးမ တစ်ကောင်ကဲ့သို့ သူမ၏ ပစ်မှတ်ထားခြင်းကို ခံရသည့် ကျောင်းသားများ အားလုံး တစ်ယောက်ပြီး တစ်ယောက် ကံဆိုးကုန်ကြ၏။
“ နင့်မှာ ဘာသက်သေမှ မရှိပါဘူး … နင်ပြောချင်တာ လျှောက်ပြောနေလို့ရတယ် ….”
ကျန်းမေလိက ချန်ယွီ့ အစောပိုင်းတွင် ပြောခဲ့သည့် စကားများအားလုံးကို ငြင်းဆန်လိုက်သည်။