အထူးမိသားစု ပညာရေး
Vol. 27 Ch. 269
ဖုန်းခေါ်လာသူ၏ နာမည်ကို မြင်တော့ ကျန်းမေလိ လိုက်စထွင်းထဲက ထွက်ကာ ဖုန်းကိုင်ပြီး လမ်းလျှောက်သွားခဲ့၏။
တစ်ချိန်တည်းတွင် ကျန်းမေလိ ထွက်သွားခဲ့ပြီးနောက် ဒါဇင်ချီသည့် မိန်းကလေး ၊ ယောက်ျားလေးတို့က နေရာတွင် ထွက်ပေါ်လာသည်။
ဤလူများက ကျန်းမေလိနောက်သို့ တိတ်တိတ်လေး နောက်ယောင်ခံ လိုက်နေကြသူများပင်။
မိန်းကလေးများက [ဒီနေ့ ပျော်ပျော်နေမယ်]နှင့် သူမ၏ အခန်းဖော်များ ဖြစ်ကြ၏။
ကျန်းမေလိက အိပ်ခန်းထဲကနေ အလျင်အမြန်နှင့် ထွက်ပြေးသွားခဲ့သဖြင့် သူမ၏ နောက်လိုက်များသည်လည်း အလျင်အမြန် လူစုကွဲသွားခဲ့ကြသည်။
[ဒီနေ့ ပျော်ပျော်နေမယ်]ကတော့ သူမ၏ ဖုန်းကို ပျော်ရွှင်စွာ ကောက်ယူလိုက်ပြီး ချန်ယွီ့လိုက်စထွင်းနှင့် ပြန်လည်ချိတ်ဆက်လိုက်၏။
ချန်ယွီ့ ညွှန်ကြားသည့်အတိုင်း သူမ၏ အခန်းဖော် တစ်ချို့နှင့်အတူ ပန်းအုတ်ခံ သေးသေးလေး ဘေးနားသို့ ရောက်ရှိလာသည်။
ကျန်းမေလိ ပန်းအုတ်ခုံဘေးတွင် ထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ “ စောက်အဘိုးကြီး ….” သူမက ကျိန်ဆဲလိုက်ပြီး “ ကျွန်မ တစ်ခုခု ဖြစ်လို့ကတော့ ရှင်လည်း လွတ်နိုင်မယ် မထင်နဲ့ …..”
“ ကျွန်မ အဖမ်းခံရတာနဲ့ ရှင့်ကို အရင်ဆုံး ဖော်မှာ …..”
“ ကျွန်မရဲ့ မိသားစုဆီကနေ ငွေကျ အများကြီး ယူထားပြီး အခုကျတော့မှ ထွက်ပြေးချင်နေတယ်ပေါ့ …. ဟမ့် … အဲ့လိုလုပ်လို့ ရမလား …..”
“ ကျွန်မ ပြောလိုက်မယ် … တကယ်လို့ ကျွန်မသာ ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်သွားခဲ့လို့ကတော့ ရှင်လည်း ကောင်းကောင်းနေလို့ရမယ် မထင်နဲ့ …..”
“ ရှင့်ဇနီးရဲ့ အလှပြင်ဆိုင် ဘယ်မှာဖွင့်လဲ ကျွန်မသိတယ် … ရှင့်သား ကျောင်းတက်နေတဲ့ နေရာလည်း ကျွန်မ သိတယ် …..”
“ ဘုရားပြီး ငြမ်းဖျက် လုပ်ချင်နေတယ်ပေါ့ ဟုတ်လား … အိပ်မက်မက်နေလိုက် …..”
ကျန်းမေလိနှင့် ဖုန်းပြောနေသူက ကျောင်းအုပ်ကြီး ဖြစ်ကြောင်း ကြည့်ရှုသူတို့ ခန့်မှန်းဖို့ မခဲယဉ်းပေ။
“ ဒေါက်တာချန် … ကျွန်မ အခု ဘာလုပ်ရမလဲဟင် ….” [ဒီနေ့ ပျော်ပျော်နေမယ်]က စိုးရိမ်တကြီးနှင့် မေးမြန်းလိုက်၏။
“ ဘာမှမလုပ်နဲ့ … ဆက်ပြီး ရိုက်နေ …. သူ့ဝဋ်က မကြာခင် လာလိမ့်မယ် ….” ချန်ယွီ့ အေးစက်စွာ ပြုံးလိုက်ပြီး “ လိုက်စထွင်းက ခဏနေရင် ထရန်း ဖြစ်သွားလိမ့်မယ် … ဇာတိမှာ ရှိတဲ့ မင်းမိဘတွေလည်း ဗွီဒီယိုကို တွေ့တာနဲ့ ကျောင်းကို ချက်ချင်း ရောက်လာကြလိမ့်မယ် ….”
“ မင်းကို ဒီကျောင်းကနေ ထွက်ဖို့ ကူညီပေးရုံတင်မကဘူး … အိမ်ရောက်တာနဲ့ မင်းကို သေချာ ချော့ကြလိမ့်မယ် ….”
“ သူတို့က မင်း စိတ်ရောဂါ တစ်ခုခု ရသွားမှာကို ကြောက်နေကြတာ …..”
ဤစကားကြားတော့ [ဒီနေ့ ပျော်ပျော်နေမယ်]သည် အင်မတန် စိတ်လှုပ်ရှားလွန်း၍ ခုန်ဆွဆွ ဖြစ်သွားခဲ့၏။
နောက်ဆုံးတော့ ဤ အစုတ်ပလုတ် နေရာကြီးကနေ သူမ ထွက်သွားနိုင်တော့မည်။
ပျော်ရွှင်ပြီးနောက် [ဒီနေ့ ပျော်ပျော်နေမယ်]က တစ်ဖန် မေးလာခဲ့၏။ “ ကျန်းမေလိကရော တကယ်ပဲ ဖမ်းဆီးခံရပြီး ထောင်ကျသွားမှာလားဟင် ဒေါက်တာချန် ….”
“ ရှင် အစောတုန်းက ပြောခဲ့တာ သူ့အဖေက သူ့ကို ရတနာလေးတစ်ခုလို တန်ိဖုးထားပြီး ဘာတွေပဲ ဖြစ်လာဖြစ်လာ ၊ နောက်ဆက်တွဲ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကူညီပေးတယ်ဆို ….”
“ အရင်ကတော့ တကယ်လည်း အဲ့လိုပဲ …. ဒါပေမယ့် ဒီတစ်ခေါက်တော့ မတူတော့ဘူး ….”
“ သူ့အပြင်ကို သူ့အဖေလည်း ထောင်ထဲ ဝင်ရမှာ …..”
“ သူ့ ပြစ်ဒဏ်ကတော့ ကျန်းမေလိထက် သေးတယ် …. ဆယ်နှစ်လောက်ကြာပြီးတာနဲ့ ပြန်လွှတ်လာလိမ့်မယ် ….”
ချန်ယွီ့ အစောပိုင်းတွင်တုန်းက ပြောခဲ့သကဲ့သို့ ကျန်းမေလိ၏ ကိုယ်ကျင့်စရိုက်က မိသားစု၏ ဆုံးမသွန်သင်မှုနှင့် သက်ဆိုင်နေသည်။
ကျန်းမေလိ၏ ဖခင်သည်လည်း လမ်းဘေးလူမိုက်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။
နှစ်ရက် ၊ သုံးရက်နေတိုင်း နယ်မြေလုဖို့နှင့် ကာကွယ်ကြေးကောက်ခံဖို့ရာအတွက် အခြားသော လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။
ကျန်းမေလိ မွေးဖွားပြီး လအနည်းငယ်အကြာတွင် သူ့အဖေက နောက်ထပ် ရန်ပွဲတစ်ခု ဖြစ်ခဲ့သည်။
ထိုရန်ပွဲမှာပဲ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရပြီး မျိုးပွားနိုင်စွမ်း ကင်းမဲ့သွားခဲ့တော့၏။
ထိုအချိန်အခိုက်အတန့်မှ စတင်၍ ကျန်းမေလိ၏ ဖခင်သည် သူမကို တန်ဖိုးကြီး ရတနာတစ်ခုနှယ် စတင် ဆက်ဆံပေးလာတော့သည်။
သူမ သုံးလေးနှစ်သမီး ရောက်သည့်အရွယ်မှာပဲ ဖခင် ဖြစ်သူက သူ၏ အတွေးအခေါ်များကို သမီးဖြစ်သူခေါင်းထဲ ရိုက်သွင်းပေး၏။
အကယ်၍ တစ်စုံတစ်ယောက်က အမြင့်တွင် ရပ်တည်လိုလျှင် ရက်စက်ဖို့ လိုသည်။
အခြားသူများက မိမိကို ကြောက်ရွံ့နေမှသာ အနိုင်ကျင့်မခံရမှာ ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က လက်သီး တစ်ချက် ထိုးလာလျှင် ကိုယ်က လက်သီး ဆယ်ချက် ပြန်ထိုးဖို့လိုသည်။
ထိုကဲ့သို့သော စကားလုံးများကို နားနှင့် ထပ်ခါတလဲလဲ ကြားပြီးနောက် ကျန်းမေလိ၏ ကိုယ်ကျင့်စရိုက်သည်လည်း ပုံသွင်းပေးသည့်အတိုင်း ပြောင်းလဲလာခဲ့သည်။
“ ဒေါက်တာချန် … ကျွန်မ နောက်တစ်ခု မေးချင်တာ ရှိသေးတယ် ….” [ဒီနေ့ ပျော်ပျော်နေမယ်]က ထပ်မံ၍ မေးမြန်းလာခဲ့သည်။
“ ကျန်းမေလိရဲ့ မိသားစုက ပါဝါကြီးပြီး ချမ်းသာတယ်…. အဲ့တာကို သူက သူများပစ္စည်းတွေ ဘာလို့ လိုက်လုနေရတာလဲတဲ့ …..”
ချန်ယွီ့ လက်မောင်းပိုက်လျက် သက်ပြင်းချလိုက်သည်။ “ မကောင်းမွန်ခဲ့တဲ့ ရေရှည်သွန်သင်ဆုံးမမှုက သူ့ကို အင်မတန် ပြင်းထန်တဲ့ စွဲလမ်းမှု ရောဂါ တစ်ခုကို ဖြစ်ပေါ်စေတယ် ….”
“ ဒါက သူ့မိသားစု ချမ်းသာတာ ၊ မချမ်းသာတာနဲ့ မဆိုင်ဘူး … သူ နှစ်သက်တဲ့အရာက ကိုယ် ပိုင်ဆိုင်တာ မဟုတ်ဘူးဆိုရင် လုယူဖို့ ကြိုးစားမှာပဲ ….”
မကြာမီ ကျောင်းအနီးနားတစ်ဝိုက်တွင် ရဲကား အချက်ပေးသံတို့ ဆူညံလာသည်။
ရဲကား အများအပြားက အလွန်လျင်မြန်သည့် အမြန်နှုန်းဖြင့် ကျောင်းထဲသို့ ဝင်ရောက်လာခဲ့ကြ၏။
ပန်းခင်း အုတ်ခုံပေါ်တွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်နေသည့်ကျန်းမေလိမှာ ချက်ချင်းပဲ ရဲကားများ ဝိုင်းရံသည်ကို ခံလိုက်ရလေသည်။
တစ်ချိန်တည်းတွင် ကျန်းမေလိနှင့် ညှိနှိုင်းနေသည့် ကျောင်းအုပ်ကြီးလည်း လက်ပူးလက်ကြပ် အဖမ်းခံလိုက်ရ၏။
“ ဒေါက်တာချန် … ရှင်က တကယ့်ကို လူကောင်းတစ်ယောက်ပဲ … ဒီကျောင်းမှာ အနိုင်ကျင့်တတ်တဲ့လူကို ဖယ်ရှားပေးရုံတင်မကဘူး … ကျွန်မကိုလည်း ဒီနေရာကနေ ထွက်သွားဖို့ အခွင့်အရေး ပေးခဲ့တယ် ….”
ပြီးသည့်နောက် [ဒီနေ့ ပျော်ပျော်နေမယ်]၏ မျက်နှာထက်တွင် အခက်တွေ့သည့် အမူအရာက ဖြစ်ပေါ်လာပြီး “ ဟိုလေ ဒေါက်တာချန် … ရှင် ပန်းတွေရော လက်ခံလား ….”
“ ကျွန်မမှာ ပိုက်ဆံ အများကြီး မရှိလို့ပါ ….”
“ ဒါပေါ့ ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ဒီနေ့ တိုင်ပင်ဆွေးနွေးတာက နည်းနည်း ထူးခြားတယ်ဆိုတော့ ပုံမှန်အတိုင်း မတောင်းတော့ဘူး … ငါ့ဆီ ယွမ် ငါးဆယ်ပဲ လွှဲလိုက် ….”
“ ယွမ်ငါးဆယ်တည်းလား ….”
“ ကျွန်မ ရှင့် လိုက်စထွင်းတွေ ကြည့်နေကြပါ … ရှင်က အမြဲတမ်း ယွမ် တစ်သောင်း တောင်းနေကြပဲ မဟုတ်လား …..”
[ဒီနေ့ ပျော်ပျော်နေမယ်]က အံ့အားတကြီး မေးလာခဲ့သည်။
“ ပုံမှန်ဆိုရင်တော့ ယွမ် တစ်သောင်းကျတယ် …. ဒါပေမယ့် ဒီနေ့ကတော့ ထူးခြားတယ် …. ယွမ် ၅၀ ဆိုရင် လုံလောက်ပြီ … ပိုက်ဆံကို အခုလွှဲပေးလိုက် … ငါ ခဏနေကျရင် အနားယူတော့မှာ ….” ချန်ယွီ့က ယွမ်ငါးဆယ်ပဲ လိုချင်ကြောင်းကို အတည်ပြုနိုင်ပြီးနောက် [ဒီနေ့ပျော်ပျော်နေမယ်]သည် ပျော်ရွှင်ဝမ်းမြောက်သည့် အမူအရာကို လှစ်ဟာပြသလာသည်။
သူမက ချန်ယွီ့ကို ရက်ရက်ရောရော ကျေးဇူးတင်နေပြီး ယွမ် ငါးဆယ်ကို သူ့ထံသို့ လွှဲပေးလိုက်၏။
“ ကဲ … အခုကြည့်နေကြတဲ့သူတွေလည်း နောက်ကျနေပြီ … စောစောနားကြတော့ ….”
“ တကယ်လို့ အခု ကြည့်နေတဲ့လူတွေထဲမှာ ကျန်းမေလိ အနိုင်ကျင့်တာကို ခံရတဲ့လူတွေ ရှိနေရင် မနက်ဖြန် တိုင်လို့ရတယ် ….”
“ မနက်ဖြန်ကျရင် သက်ဆိုင်ရာဌာနက ဒီအမှုနဲ့ ပတ်သက်ပြီး ကြေညာစာတစ်စောင် ထုတ်ပြန်လာလိမ့်မယ် …”
လိုင်းပေါ်က မဆင်းမီ နစ်နာသူများအား မြန်နိုင်သမျှ မြန်မြန် တိုင်ကြားကြဖို့လည်း သတိပေးလိုက်သေး၏။
တိုင်ကြားချက်တို့ မြောက်များစွာ လက်ခံရရှိလေလေ၊ ကျန်းမေလိ ထောင်ထဲတွင် နေထိုင်ရမည့် အချိန်က ကြာမြင့်လေလေ ဖြစ်၏။ တိုင်ပင်ဆွေးနွေးမှု သုံးခု ပြီးဆုံးတော့ ချန်ယွီ့ ချက်ချင်းပဲ လိုင်းဆင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ ချန်ယွီ့ ဆေးကုခန်းနှင့် ၂၀ ကီလိုမီတာအကွာရှိ ဗီလာတစ်ခု၌ ။
ကြယ်အလင်း ရုပ်ရှင် ကုမ္ပဏီ၏ စီအီးအို ဝန်ရှင်းဟွေ့သည် သူ၏ ကွန်ပျူတာကို နက်မှောင်သည့် အမူအရာဖြင့် ပိတ်ချလိုက်၏။
တိုင်ပင်ဆွေးနွေးမှု သုံးခုလုံးကို ဝန်ရှင်းဟွေ့ အစမှ အဆုံးထိတိုင် ကြည့်ရှုခဲ့သည်။
နောက်ဆုံး တစ်ခုကို ကြည့်ရှုပြီးနောက် အင်တာနက် စခရင်ထဲကနေ လက်တစ်ဖက်ထွက်ပြီး ချန်ယွီ့ မျက်နှာကိုပင် ဘယ်ပြန်ညာပြန် ဖြတ်ရိုက်လိုက်ချင်သည်။
ကလင် ကလင် ကလင် …
ကွန်ပျူတာနံဘေးရှိ သူ့ဖုန်းက အသံမြည်လာခဲ့၏။
ဝန်ရှင်းဟွေ့ တုံ့ဆိုင်းခြင်း မရှိ ဖုန်းကို ကောက်ယူပြီး ကိုင်လိုက်သည်။
အိုမင်းသည့် အသံတစ်သံက ဖုန်းထဲကနေ ထွက်ပေါ်လာသည်။
“ ဘော့စ် … ငါနဲ့ ငါ့တပည့် သုံးရက်နေရင် မင်းရဲ့ နေရာကို ရောက်မယ် … အဲ့ ချန်ယွီ့ဆိုတဲ့ ငနဲကို နေ့လည်ပိုင်းလောက်ကျရင် သွားတွေ့မယ် …..”
“ ဘာအမှားအယွင်းမှ မရှိဘူးဆိုရင်တော့ မင်းရဲ့ ပြဿနာကို တစ်နာရီအတွင်းမှာပဲ ဖြေရှင်းပြီးလိမ့်မယ် …..”
“ ညကျရင် သူ့ခေါင်းကို မင်းဆီ အပ်ပေးမယ် … ပိုက်ဆံချေဖို့သာ အသင့်လုပ်ထားလိုက် ….”
“ ကောင်းတယ် … သိပ်ကောင်းတယ် ….”
ဝန်ရှင်းဟွေ့ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်ပြီး “ ဆရာယွမ် … ငါ ဒီကိစ္စ မင်းနဲ့ အပ်ထားမယ် … ချန်ယွီ့က အစွမ်းအစ တစ်ချို့တော့ရှိတယ် … သူ့ကို ကိုင်တွယ်တဲ့အချိန် သေချာ ဂရုစိုက်တာ အကောင်းဆုံးပဲ …. အလေးမသာမယ့် ဘယ်လို အခြေအနေမျိုးမှ မဖြစ်စေနဲ့ ….”
“ ဟားဟားဟား ….”
ဆရာယွမ်ဟု ဝန်ရှင်းဟွေ့ သမုတ်သည့် လူက ကျယ်လောင်စွာ အားပါးတရ ရယ်မောလိုက်၏။
“ ဘော့စ်ဝန် …. မင်း ငါ့ကို အထင်လာသေးနေတာပဲ ….”
“ ငါ ဒီနယ်ပယ်ထဲ နေလာတာ ဆယ်စုနှစ်နဲ့ချီနေပြီ … ကျွမ်းကျင်သူ မျိုးစုံနဲ့လည်း ကြုံဖူးတယ် ….”
“ အဓိက ဂိုဏ်းကြီး သုံးဂိုဏ်းက လူမဟုတ်သရွေ့ တစ်ခြား ဘယ်ကောင့်ကိုမှ ငါ ခေါင်းထဲ မထည့်ဘူး ….”
“ အရည်အချင်း နည်းနည်လေးရှိတဲ့ ကောင်စုတ်လေး တစ်ကောင်က ငါ့ရဲ့ ဧရာမ ရန်သူတော်ကြီးလိုမျိုး ဆက်ဆံခံရဖို့ မတန်ဘူး …..”
ဖုန်းချပြီးသည့်နောက်တွင် ဝန်ရှင်းဟွေ့၏ မျက်လုံးထဲ၌ ထိန်းချုပ်မရနိုင်သည့် မုန်းတီးမှုတို့ ပြည့်လျှံနေသည်။
ဤမျှ အချိန်ကြာအောင် သည်းခံခဲ့ပြီး နောက်ဆုံး၌ စစ်မှန်သည့် ကျင့်ကြံသူတစ်ဦးကို သူ ရှာတွေ့ခဲ့၏။
ချန်ယွီ့၏ အဆုံးသတ်နေ့ရက်တို့ မကြာမီ ရောက်ရှိလာတော့မည်။