← Chapters

စောဒကတက်ပွဲ

Vol. 27 Ch. 268

စောဒကတက်ပွဲ

Vol. 27 Ch. 268

ထိုသို့ လွန်ကြူးသည့် ကိစ္စရပ်မျိုး သူမ ဘယ်တုန်းကမျှ မကျူးလွန်ဖူးခဲ့ချေ။

သူမ၏ ဂျူနီယာများအပေါ် တင်းတင်းကြပ်ကြပ်ရှိသော်လည်း ယင်းက ၎င်းတို့၏ ကောင်းကျိုးအတွက် ဖြစ်၏။

နောင်တစ်ချိန် သူတို့တွေ ပြင်ပ လူ့လောကထဲ ရောက်ရှိသည့် အချိန်၌ သူမအား ကျိန်းသေပေါက် ကျေးဇူးတင်နေကြလိမ့်မည်။

“ ငိုးပဲ …. ဒီဝက်မမှာ မျက်နှာရော ရှိသေးရဲ့လားဟ …. ပေါက်ကရတွေ ပြောတာများ မျက်နှာ တစ်ချက်တောင် မနီသွားဘူး …..”

“ လူမှ မဟုတ်တာ ဒါပေါ့ …. ဘယ်လိုလုပ်ပြီး မျက်နှာရှိမှာ …..”

“ သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်တွေးကြည့်ရင် ထောင်တစ်သက်တစ်ကျွန်း ကျသွားခဲ့တယ်ဆိုရင်တောင် ဒီလို ကောင်မမျိုးကို သနားပေးနေစရာ အကြောင်းမရှိဘူး ….”

“ ညီကိုတို့ …. ငါတော့ ဖုန်းဆက်ပြီး သူ့ကို တိုင်ချက် ဖွင့်လိုက်ပြီ …. ငါတစ်ခုခု ဖြစ်သွားခဲ့ရင် မင်းတို့ ငါ့အတွက် တရားမျှတမှု ရှာဖွေပေးရမယ်နော်….”

“ ဒီကောလိပ်ကလည်း မျက်နှာနှစ်ဖက်လုပ်တဲ့နေရာမှာ တကယ့်ကို ပထမတန်းစားပဲ … သူတို့ရဲ့ အနာဂတ်က တောက်ပနေမယ်ဆိုတာ ငါလောင်းရဲတယ် …..”

ကြည့်ရှုသူများက သူမကို တိုင်တန်းနေတာ မြင်တော့ ကျန်းမေလိ ဒေါသထွက်သွားခဲ့သည်။

“ ချန်ယွီ့ …. နင် ဘယ်မှာရှိလဲဆိုတာ ငါ့ကို ပြောပြရဲလား ….”

“ ငါ့ကို အသရေဖျက်ပြီး စော်ကားတဲ့ အမှုနဲ့ နင့်ကို တရားစွဲမယ် ….”

“ ဒီလူတွေက သက်သေပဲ …. ငါ ဘာဆိုးရွားတာမှ မလုပ်ခဲ့ဘူးဆိုတာ သူတို့ သက်သေပြနိုင်တယ် ….”

ချန်ယွီ့ ကျန်းမေလိကို အရူးတစ်ယောက်အား ကြည့်နေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။

ကြည့်ရှုသူများလည်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ကြသည်။

“ ဘာမှ မသိတဲ့လူက အကြောက်အလန့် ကင်းတယ် …. အရှက်မရှိတဲ့ လူကလည်း အကြောက်အလန့်ကင်းတယ် ဆိုတာ တယ်မှန်နေပါလား….”

“ ဒေါက်တာချန်ကို ခြိမ်းခြောက်ဖို့ သူ့ကိုယ်သူ အရည်အချင်းမီတယ်လို့များ ထင်နေလား မသိဘူး …. စောက်ဖက်တီးမ … မင်းတော့ ကိုယ့်သေတွင်းကိုယ် တူးတာပဲ ….”

“ ဝက်မ … ဒေါက်တာချန်ကို မစော်ကားခင် အရင်က ငွေရောင်လှံ အာဏာရှင်လေး ဘာဖြစ်သွားလဲ တစ်ချက် စုံစမ်းကြည့်လိုက်ဦး ….”

“ ဒေါက်တာချန်ကြောင့်နဲ့ ထောင်နန်းစံလိုက်ရတဲ့လူတွေက နည်းတာ မဟုတ်ဘူးနော်…..”

“ တစ်ခြား ရာဇဝတ်သားတွေက ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲလာပြီး ကြိုးဝိုင်းထဲ ပတ်ပြေးဖို့ ကြိုးစားကြတယ် … မင်းကတော့ ခေါင်းထိုးပြီး ဝင်လာတဲ့ ပထမဆုံးတစ်ယောက်ပဲ …. “

တင်းတိပ်နှင့် ကောင်မလေးက ကျန်းမေလိ၏ နားထဲသို့ စကားတစ်ချို့ တီးတိုးပြောလိုက်၏။

ကျန်းမေလိ၏ မျက်လုံးသူငယ်အိမ်တို့ ကျုံ့ဝင်သွားခဲ့သည်။ ပြီးသည့်နောက် သူမ၏ ဖုန်းကို ထုတ်ပြီး အင်တာနက်ပေါ် အလျင်အမြန် ရှာဖွေလိုက်၏။

ဟူယွီ ပလတ်ဖောင်းထဲသို့ ဝင်ပြီး ‘ ငွေရောင်လှံ အာဏာရှင်လေး ‘ ၊ ချန်ယွီ့ ၊ … စသည့် စကားလုံးများအား ရိုက်ထည့်သည်။

ပေါ်လာသည့် အကြောင်းအရာများကို မြင်တော့ ကျန်းမေလိ ကြောက်လန့်လွန်း၍ သတိလစ် မေ့မြောလုနီးပါး ဖြစ်သွားခဲ့၏။

မောက်မာမှုခြင်း ယှဉ်မည်ဆိုလျှင် ငွေရောင်လှံအာဏာရှင်လေး ရှေ့မှောက်၌ သူမ၏ မောက်မာမှုလေးက မပြောပလောက်ပေ။

သူမက အားနည်းသူကို အနိုင်ကျင့်ဗိုလ်ကျတတ်သူ တစ်ဦးမျှသာ ဖြစ်၏။ လူသတ်သမား တစ်ဦး မဟုတ်ပေ။

ငွေရောင်လှံ အာဏာရှင်လေးကတော့ တစ်စုံတစ်ယောက်ကို သတ်ပြီးသည့်တိုင် မည်သည့်အရာမျှ ဖြစ်ပျက်မထားသကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နှင့် စားဝင်အိပ်ပျော်နိုင်သည်။

ကျန်းမေလိ သတ္တိ ဘယ်လောက်ကောင်းကောင်း ၊ လူသတ်ဝံ့လောက်သည်အထိတော့ မကောင်းသေးပေ။

အလွန်ဆုံး …. မတန်တဆ အတိုးနှုန်းများနှင့် ငွေချေးပြီး ညစ်ပတ်သည့် ကိစ္စရပ်တစ်ချို့ ပြုလုပ်ရုံမျှ ဖြစ်၏။

“ ချန် … ဒေါက်တာချန် … ငါ ငါ စောနက နင်နဲ့ လျှောက်ပြောနေတာပါ ….”

“ ငါက အမြဲတမ်း အရမ်း အရမ်းနဲ့မှ …… “

ကျန်းမေလိ စကားထစ်အထစ်အ ဖြစ်နေပြီး

“ လေးစားတယ် ….” တင်းတိပ်နှင့်ကောင်မလေးက စကားဝင်ဖြည့်ပေးလိုက်၏။

“ ဟုတ်တယ် ဟုတ်တယ် … ငါ နင့်ကို တစ်ချိန်လုံး လေးစားနေခဲ့တာပါ ဒေါက်တာချန် ….”

“ ငါတို့ချင်း ဝီချက် အပ်ကျရင်ကော …. တစ်ခုခု ပြောစရာရှိတယ်ဆိုရင် ဝီချက်မှာ သီးသန့်ပြောကြမယ်လေ ….”

ကျန်းမေလိ ကြောက်ရွံ့နေသည်ကို ကြည့်ရှုသူများ ရိပ်ဖမ်းမိဖို့ မခဲယဉ်းပေ။

သူမက ချန်ယွီ့နှင့် သီးသန့် စကားပြောချင်နေတာ ဖြစ်၏။

“ မိန်းကလေးကျန်း ….” ချန်ယွီ့ အေးစက်စွာ ဆိုလိုက်ပြီး “ အစောပိုင်းတုန်းက မင်းရဲ့ ပုံစံကိုပဲ ငါ ပိုပြီး သဘောကျတယ် ….”

“ အခုလို ရုတ်တရက်ကြီး ယဉ်ကျေးပြလာတယ်ဆိုတော့ လူတောင် နည်းနည်း ကြောက်လာသလိုပဲ ….”

“ ဒေါသမထွက်ပါနဲ့ ဒေါက်တာချန် … ငါ စောနက တကယ်ပဲ နင့်ကို လျှောက်စနေတာပါ …..” ကျန်းမေလိက တောင်းပန်တိုလျှိုးသည့် အပြုံးဖြင့် ပြောလိုက်ပြီး “ ဝီချက်နံပါတ်ပေးနော်… ငါ ချက်ချင်းပဲ အပ်လိုက်မယ် …..”

“ အဲ့ခါကျရင် ငါ့ရဲ့ စိတ်ရင်းလေးနက်မှုက ဘယ်လောက်တောင် ကြီးတယ်ဆိုတာ နင် ကျိန်းသေပေါက် ခံစားမိသွားလိမ့်မယ် ….”

ကျန်းမေလိ အမှန်တကယ် ကြောက်ရွံ့နေခဲ့၏။

ချန်ယွီ့နှင့် ငွေရောင်လှံအာဏာရှင်လေးတို့နှင့် ဆက်နွယ်နေသည့် အကြောင်းအရာပေါင်း တစ်ထောင်ခန့် ရှိသည်။

သတင်းတင်ပြသူများက ရာဇဝတ်မှုများကိုသာလျှင် မဟုတ်ဘဲ မိသားစု နောက်ခံကိုပါ ထည့်သွင်းရေးသားထားခဲ့ကြသည်။

ငွေရောင်လှံအာဏာရှင်လေး၏ ဖခင်က ဟန်ကျိုးမြို့၏ အကြီးမားဆုံး ဖျော်ဖြေရေး ကုမ္ပဏီပိုင်ရှင်ကြီး ဖြစ်၏။

သူ့ ပိုင်ဆိုင်မှု ဘီလီယမ် ဆယ်နှင့်ချီသည်။

တစ်ဖက်တွင်တော့ သူမ အဖေက သာမန် နိုက်ကလပ် ပိုင်ရှင်တစ်ဦးမျှပင်။

သူ့ ပိုင်ဆိုင်မှုများအားလုံး စုပေါင်းလိုက်လျှင်ပင် ဆယ်သန်းမှ သန်းနှစ်ဆယ်လောက်အထိသာ ရှိ၏။

အကယ်၍သာ ချန်ယွီ့က ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းမှန်း ကျန်းမေလိ စောစီး သိရှိခဲ့လျှင် သေအောင်ရိုက်သတ်လျှင်ပင် ချန်ယွီ့နှင့် စကားပြောခဲ့မှာ မဟုတ်ချေ။

“ မင်း ငါ့ကို တောင်းပန်ချင်တယ်ဆိုရင် ….” ချန်ယွီ့ မထေ့တထေ့ လေသံဖြင့် ပြုံးလျက် ပြောလိုက်ပြီး “ ငါတို့ နောက် နှစ် ၂၀ နေမှ ပြောကြတာပေါ့ ….”

ကျန်းမေလိ အံ့အားသင့်သွားခဲ့၏။

နှစ် ၂၀ နောက်ပိုင်းမှ ဆိုသည့် စကားလုံးကို သူမ နားမလည်ပေ။

လျင်သည့် ကြည့်ရှုသူ တော်တော်များများကတော့ အရိပ်ပြ ၊ အကောင်မြင်ကြပြီး ဖြစ်၏။

ဆိုလိုသည်က ကျန်းမေလိ ထောင်ဒဏ် နှစ် ၂၀ ကျသင့်လိမ့်မည် ဟူ၍ပင်။

ကွန်းမန့်များကို မြင်တော့ ကျန်းမေလိ ရင်ထဲ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သူမ ထောင်ထဲမဝင်ချင်ပေ။ နှစ် ၂၀ နေဖို့ မပြောနှင့်။ ရက် ၂၀ လေးမျှပင် သူမ နေဖို့ မလိုလားပေ။

ယခုအချိန်တွင် ချန်ယွီ့နှင့် စကားဆက်ပြောနေမည်ဆိုပါက ဘာတွေ ဖြစ်လာမလဲဆိုတာကို မည်သူမျှ မသိနိုင်ချေ။

ချန်ယွီ့ကိုလည်း ဂရုမစိုက်အားတော့ဘဲ ကျန်းမေလိ ဖုန်းကို ချက်ချင်း ပိတ်လိုက်၏။

“ စီနီယာ ….” ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက “ ဒီချန်ယွီ့မှာ အရည်အချင်းတစ်ချို့တော့ ရှိတယ် …. သူက စီနီယာရဲ့ ဇာတ်လမ်းတွေကို သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေရှေ့မှာ ဖွင့်ဟပြခဲ့တာဆိုတော့ စိုးရိမ်မိတာ သက်ဆိုင်ရာတွေ ……”

သူမ စကားမဆုံးခင်မှာပဲ ကျန်းမေလိက လေလိုအလျင်မျိုးဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းမေလိ အိပ်ခန်းအဆောင် တစ်လျှောက် ပြေးလွှားရင်း ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်၏။

စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက် အိုမင်းသည့် အသံတစ်သံက ဖုန်းထဲမှ ထွက်ပေါ်လာသည်

“ အဘိုးကြီး …. ကျွန်မ အခု ပြဿနာ တက်နေပြီ …. အရင်က လုပ်ထားတဲ့ ကိစ္စတွေ ရှင်းဖို့ စီစဉ်ပေးဦး …. တစ်ယောက်မှ မသိစေနဲ့ …..”

“ မဟုတ်လို့ကတော့ ကျွန်မ ထောင်ထဲ သွားရတော့မှာ ….”

“ ဒီတစ်ခေါက်ရော ဘာလုပ်ထားပြန်ပြီတုန်း …..”

ကျန်းမေလိ၏ ဖခင်က သူ့သမီးကို စိတ်တိုတိုနှင့် မေးမြန်းလိုက်၏။ ဤသမီးမိုက်တွင် အေးဆေးနေသည့် ရက်ဟူ၍ တစ်ရက်လေးမျှပင် မရှိချေ။ ယခင်ကလည်း ကျန်းမေလိ ရှုပ်ထားသည်များအား လိုက်ရှင်းပေးရင် တစ်နှစ်ပတ်လုံး သူ့မှာ ပင်ပန်းခဲ့ရလေသည်။

ရက်အနည်းငယ်ကြာတိုင်း ကျန်းမေလိက တစ်ခုမဟုတ်တစ်ခုတော့ ပြဿနာရှာတတ်၏။

မိန်းကလေးတစ်ယောက်၏ မျက်နှာကို ဖျက်စီးလျှင်ဖျက်စီး ၊ မဖျက်စီးလျှင် အတန်းဖော်တစ်ယောက်ယောက်ကို ထိခိုက်ဒဏ်ရာ ရအောင် ပြုလုပ်လေ့ရှိ၏။

သူ့ ဘဝတစ်လျှောက်လုံး ကျူးလွန်ခဲ့သည့် အမှုများပင် ကောလိပ်တက်သည့် သုံးနှစ်တာကာလအတွင်း သမီးဖြစ်သူ မွှေသည့် ပြဿနာများလောက် မများပြားပေ။

“ ကျွန်မက ဒီလောကကြီးထဲ ရှင့်ရဲ့ တစ်ဦးတည်းသော မိသားစုဝင် ….” ကျန်းမေလိက အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်ပြီး “ ကျွန်မ မရှိတော့ရင် ရှင် တစ်ကောင်ကြွက် ဖြစ်ပြီပဲ ….”

“ မြန်မြန် ဒီကိစ္စတွေ ဖြေရှင်းပေးဦး …..”

ဖုန်းချပြီးနောက် ကျန်းမေလိသည် ချန်ယွီ့ လှည့်ကွက်များ ထုတ်သုံးလာမည်ကို စိုးရိမ်ပူပန်နေမိသည်။

ဟူယွီ ပလတ်ဖောင်းကို ဒေါင်းလုတ်ဆွဲကာ သူမ၏ ဖုန်းနံပါတ်ကို အသုံးပြု၍ ယာယီ အကောင့်တစ်ခု ဖန်တီးလိုက်ပြီး ချန်ယွီ့၏ လိုက်စထွင်းအခန်းထဲသို့ ဝင်ရောက်လိုက်၏။

ထိုအချိန်၌ လိုက်စထွင်းခန်းတစ်ခုလုံးက တိုင်တန်းသည့် ပွဲကြီး တစ်ခုနှယ် ဖြစ်လို့နေသည်။

ကောလိပ်မှ များပြားလှသည့် ကျောင်းသားများက ဟိုဟိုဒီဒီ ထွက်ပေါ်လာကြပြီး စတင် တိုင်တန်းနေကြတော့သည်။

ကျန်းမေလိက ကျောင်းရှိ နွမ်းပါးသည့် ကျောင်းသူလေးများကို ပိုက်ဆံ အတင်းချေးခိုင်းရုံမျှမက အခြားသူများကိုလည်း ဓားပြတိုက်သေးသည်။

ကွန်ပျူတာများ၊ ဖုန်းများ ၊ တက်ဘလက်များ ၊ အလှပစ္စည်းများ ၊ လက်ဝတ်ရတနာများ ၊ ယုတ်စွအဆုံး မိန်းကလေးများ၏ ချစ်သူကောင်လေးကိုပင် ခိုးယူခဲ့သည်။

သုံးနှစ်တာ ကာလအတွင်း … ကျန်းမေလိ အနိုင်ကျင့်တာကို ခံရသည့် ကျောင်းသာအရေအတွက်က အနည်းဆုံး ၃၀၀ ကျော် ရှိ၏။

သူမက ဒါဇင်ချီသည့် လူတိုင်းများကို ဒဏ်ရာရစေပြီး မိန်းကလေး ငါးယောက်ထက်မနည်းကိုလည်း မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့သည်။

ကြည့်ရှုသူတစ်ဦးက ကောလိပ်၏ ကျောင်းအုပ်ကြီးသည် ကျန်းမေလိဖခင်၏ လူယုံ တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော်လာခဲ့သည်။

ကျန်းမေလိ တစ်ခုခု ဖြစ်ချိန်တိုင်း ကျောင်းအုပ်ကြီးက သူမအဖေထံသို့ အရင်ဦးဆုံး သတင်းပို့လေ့ရှိ၏။

ကျန်းမေလိ၏ ဖခင်က လျော်ကြေးပေးပြီး ကျောင်းအုပ်ကြီးကတော့ မီဒီယာ သတင်းများကို ဖိနှိပ်ပေးသည်။

ဤလူနှစ်ယောက်၏ အကူအညီအပေါ် မှီခိုအားထားပြု၍ ကျန်းမေလိသည် ယုတ်ညံ့လှသည့် ကိစ္စရပ်အများအပြားကို ကျူးလွန်ခဲ့ရုံသည့်တိုင် သတင်းတစ်ချက် မပေါက်ကြားရခြင်း ဖြစ်၏။

ကျန်းမေလိ လိုက်စထွင်းထဲ ထွက်ပေါ်လာသည်နှင့် လိုက်စထွင်း၏ ရေပန်းစားမှုသည်လည်း တိုးပွားလာခဲ့သည်။

လိုက်စထွင်း ကြည့်ရှုသူ အရေအတွက်က ငါးသန်းမှ ရှစ်သန်းအထိ တိုးမြင့်လာခဲ့၏။

ဖန်အရေအတွက် ဆယ်သန်းကျော်ရှိသည့် အင်တာနက် ဆယ်လီများပင် လိုက်စထွင်းလွှင့်ချိန်၌ ချန်ယွီ့လောက် ကြည့်ရှုသူ မများကြပေ။

ကလင် ကလင် ကလင် ….

ကျန်းမေလိ၏ ဖုန်းက ရုတ်ချည်း အသံမြည်လာသည်။

All Chapters