မင်းက ပေါင် ၂၀၀ ဟာကျူလီပဲ
Vol. 27 Ch. 263
“ စောက်ကျိုးနည်း … ဒါ Brutal Charge ရဲ့ လက်တွေ့ ဗားရှင်းပဲဟ …..”
“ အပေါ်ကလူ … ခင်များ ကိုယ့်အသက်ကိုယ် ကြေညာနေသလို ဖြစ်နေပြီနော်….”
“ ဒီကောင်သာ ရှေးခေတ်မှာ မွေးဖွားခဲ့ရင် လှံသမား ဖြစ်ဖို့ကောင်းတယ် …..”
“ သူ့ကြည့်ရတာ ကစားပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့်ပုံပဲ …..”
ချန်ယွီ့က အရုပ်သေနတ်ဆိုသည့် စကားကို ပြောထွက်လာပြီးနောက်တွင် ကြည့်ရှုသူများ၏ ကွန်းမန့်များက နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့ပြီး [နှစ်သုံးဆယ် စင်ဂယ်] ဓားပြများနှင့် တိုက်ခိုက်သည့် မြင်ကွင်းအား ပထမတန်းထိုင်ခုံကနေ ရှုစား အားပေးနေကြလေသည်။
အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေကြသည့် ဆိုင်ဝန်ထမ်းများမှာတော့ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ကြက်သေသေနေမိကြ၏။
စောနလေးတင်ပဲ လူသုံးဦးက ဆိုင်ထဲသို့ ရောက်ချလာပြီး ဓားပြတိုက်သည်ဟု ဟစ်ကြွေးခဲ့ကြသည်။
ပြီးသည့်နောက် ဓားပြတစ်ဦးက ပစ်စတိုတစ်လက်ထုတ်ပြီး ဆိုင်ဝန်ထမ်းများကို ကြောက်လန့်စိတ်များဖြင့် တုန်ယင်သွားစေခဲ့လေသည်။
သေနတ်၏ ဖိအားအောက်တွင် လူတိုင်း ခေါင်းများပေါ် လက်တင်ထားကြပြီး ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချကာ တုတ်တုတ်မျှ မလှုပ်ဝံ့ဘဲ ရှိနေကြ၏။
ဓားပြခေါင်းဆောင်က သေနတ်ကို ပြန်သိမ်းလိုက်သည့် အခိုက်အတန့်မှာပဲ ဖက်တီးတစ်ဦးက လက်ထဲတွင် အုတ်ခဲတစ်လုံး ကိုင်ထားပြီး ဆိုင်ထဲသို့ ပြေးဝင်လာသည်။
ဘာတွေ ဖြစ်နေလဲဆိုတာကို လူတိုင်း နားမလည်နိုင်သေးခင်မှာပဲ ဓားပြတစ်ဦးမှာ အုတ်ခဲဖြင့် ထုနှက်ခံလိုက်ရ၍ လဲကျသွားခဲ့၏။
[နှစ်သုံးဆယ် စင်ဂယ်]က ခွန်အားများ အားလုံးကို အသုံးပြုပြီး လူဆိုးဖမ်းဂွတုတ်ကို လက်ထဲတွင် ကိုင်ဆောင်ကာ အရှိန်ဖြင့် ရှေ့သို့ ထိုးသွင်းလာခဲ့၏။
ဓားပြက ဘေးသို့ ရှောင်တိမ်းလိုက်ပြီး ကြမ်းပြင်ထက်တွင် ခိုင်မာစွာ ရပ်တည်နေသည်။
လောကကြီးထဲ သေနတ်မြင်သည့်တိုင် မကြောက်ရွံ့သည့် အဆင်အခြင်မဲ့ လူတစ်ဦး ရှိနေသည်ကို သူ့မှာ မယုံကြည်နိုင် ဖြစ်နေမိသည်။
ထို့ပြင် ထိုလူက သေနတ်မကြောက်သည့် အပြင် သူစိမ်းများအတွက်ပါ သူ့ အသက်ကို စွန့်စားဝံ့နေသည်။
သူ အသိစိတ် ပြန်ဝင်လာသည့် အချိန်တွင်တော့ လူဆိုးဖမ်းဂွတုတ်က သူ့ ခန္ဓာကိုယ်နှင့် ထိတွေ့နေပြီး ဖြစ်၏။
ခွန်အားတစ်ရပ်က သူ့ခန္ဓာကိုယ်ကို နောက်သို့ တွန်းဆုတ်သွားစေသည်။
လှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ပြီးနောက် ဓားပြက ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး ဟန်ချက်ပျက်၍ ကြမ်းပြင်သို့ လဲကျသွားခဲ့၏။
“ အခု ဘယ်လိုလုပ်ကြမလဲ ဒေါက်တာချန် …..”
[နှစ်သုံးဆယ် စင်ဂယ်]က မောဟိုက်နေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။
“ မင်းက ဘာလုပ်ချင်တာ … သူ့ကို မလှုပ်နိုင်အောင် ရိုက်လေ …..”
“ နားလည်ပြီ …..”
ဤစကား ကြားတော့ [နှစ်သုံးဆယ် စင်ဂယ်]က လူဆိုးဖမ်းဂွတုတ်ကို သံတုတ်တစ်ချောင်းနှယ် ဝှေ့ယမ်းပြီး အောက်သို့ ကြမ်းတမ်းစွာ ရိုက်ချပစ်လိုက်သည်။
“ အောင်မယ်လေး တော်ပါတော့ ….”
“ ကယ်ကြပါဦး …..”
“ စောက်ဖက်တီး … မင်း ငါ့ကို ထပ်ရိုက်လို့ကတော့ အသက်ချင်း လဲပစ်မယ် … အိုက်ယိုး ငါ့ခြေထောက်တွေ …..”
“ ကိုယ့်ဆရာ … ငါတို့က ဓားပြလေးပဲ တိုက်တာပါကွာ … လူသတ်နေတာမျိုး မဟုတ်ရပါဘူး …..”
“ အစ်ကိုကြီး …. ကျေးဇူးပြုပြီး ဆက်မရိုက်ပါနဲ့တော့ …..”
အော်ဟစ်ငိုကြွေးသံများ အတွဲလိုက်ထွက်ပေါ်လာခဲံပြီး ဓားပြ၏ ခြေထောက်များသည်လည်း စတီးချောင်းကြောင့် ကျိုးကြေသွားခဲ့၏။
ခွန်အား များပြားစွာ အသုံးပြုထားသည့်အတွက် လူဆိုးဖမ်းတုတ်၏ ထိပ်ဖျားပိုင်းပင်လျှင် ကွေးကောက်လို့နေသည်။
ဓားပြ ခေါင်းဆောင်မှာ မျက်နှာကြီး စိမ်းပုပ်လာသည်အထိ ဒေါသထွက်နေတော့၏။
သူ့ဘယ်ညာကို ရှာဖွေကြည့်လိုက်သော်လည်း မည်သည့် လက်နက် တစ်စုံတစ်ရာကိုမျှ ရှာလို့ မတွေ့ချေ။
“ သားရီး …. ငါ့ကို မင့်ဓားပေးစမ်းကွာ …. ငါ ဒီဖက်တီးကို အရှင်လတ်လတ် ပိုင်းပစ်တော့မယ် ….”
ကြမ်းပြင်တွင် လဲလျောင်းရင်း မနားတမ်း အော်ဟစ်နေသည့် ဓားပြ၏ အပေါင်းအပါ တစ်ဦးက အတွင်းအိတ်ကပ်ထဲကနေ ဓားတစ်ချောင်းထုတ်ပြီး ခေါင်းဆောင်ထံ ပစ်ပေးလိုက်သည်။
“ ချီးတဲ့မှပဲ … သေချာကြည့်ပြီး ပစ်စမ်းပါဟ …”
ဓားက ဓားပြခေါင်းဆောင်ထံသို့ တန်းမတ်စွာ ပျံသန်းလာခဲ့ပြီး ခေါင်းကို ထိမှန်တော့မည့်နှယ် ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အချိန်မီ ရှောင်တိမ်းနိုင်လိုက်၍ပင်။
ဓားက ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့၏။
ပြုတ်ကျသွားသည့် ဓားကို ကောက်ယူရင်း ဓားပြခေါင်းဆောင်က လူသတ်လိုသည့် အသံဖြင့် “ သေချင်းဆိုး ဖက်တီး …. မင်းကို ဒီနေ့ ဆယ့်ရှစ်ပိုင်း မပိုင်းဘူးဆိုရင် မင်းရဲ့ မျိုးရိုးနာမည်ကို ယူပစ်လိုက်မယ် …..”
“ ငါ့မောင် …. သတိထားဦး …..”
စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသည့် သာယာနာပျော်ဖွယ် အသံတစ်သံက [နှစ်သုံးဆယ် စင်ဂယ်]၏ နားစည်ဝသို့ ဝင်ရောက်လာခဲ့ပြီး သူ မျက်လုံးထောင့်ကပ် ကြည့်လိုက်မိသည်။
ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး အားအင်များဖြင့် ပြည့်နှက်လာခဲ့၏။
ခါးလည်း မနာတော့။ ဟောဟဲလှိုက်နေသည့် အသံများလည်း ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျံတက်တော့မည့်နှယ် တက်ကြွဖျတ်လတ်နေလျက် ရှိတော့သည်။
အသံပေးလိုက်သူက ဤတစ်ပတ် ပိတ်ရက်တွင် သူနှင့် အတူ ဘလိုင်းဒိတ် တွေ့မည့် ရွှေဆိုင်ပိုင်ရှင် သမီးလေးပင်။
“ ဟယ်လီနာ … ဘာမှစိတ်မပူနဲ့ … ကိုယ်တစ်ယောက်လုံး ရှိနေသရွေ့ မင်းကို ဘယ်သူမှ မထိခိုက်စေရဘူး ……”
ထိုသို့ပြောပြီးနောက် ခက်ရင်းခွကို ပြန်ကောက်ပြီး ဓားပြခေါင်းဆောင်၏ မျက်နှာသို့ ဖြတ်ရိုက်ပစ်လိုက်သည်။
“ ဟင် …. နင် ငါ့ နာမည်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ ….”
ဆိုင်ဝန်ထမ်းများ အလယ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် ဟယ်လီနာက [နှစ်သုံးဆယ် စင်ဂယ်]ကို ဇဝေဇဝါ အကြည့်များဖြင့် ကြည့်လိုက်မိသည်။
ဒီလူက အရင် ဆိုင်ကို လာဖူးတဲ့ ဖောက်သည်များလား … ဒါမှမဟုတ် သူမနဲ့ တစ်နေရာမှာ သိဖူးတဲ့ လူများလား …
လိုက်စထွင်းထဲတွင်တော့ ကြည့်ရှုသူများက ခေါင်းပြုတ်မတတ် အော်ရယ်နေမိကြ၏။
ဒေသခံ ကြည့်ရှုသူများကတော့ ရဲစခန်းသို့ ဖုန်းဆက်နေနှင့်ပြီးကြလေပြီ။
နောက် လေးငါးမိနစ်နေလျှင် ရဲများ အခင်းဖြစ်သည့် နေရာသို့ ရောက်လာလောက်ပြီ ဖြစ်၏။
ဓားပြသုံးယောက်မှာ အတော်လေးကို မခံမရပ်နိုင် ဖြစ်နေမိကြသည်။ သူတို့လူနှစ်ယောက်က ဤမျှ လျှင်မြန်စွာ ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါချေ။
အချစ်၏ စွမ်းပကားက ဩချရလောက်သည်အထိကို အံ့ဩဖို့ ကောင်းလွန်းလှသည်။
မိန်းမပျိုလေး၏ စိုးရိမ်ပေးမှုကို ခံစားလိုက်ရတော့ [နှစ်သုံးဆယ် စင်ဂယ်]မှာ ချက်ချင်းပဲ သွေးအပြည့် ပြန်ဖြစ်သွားခဲ့တော့သည်။
“ ပြောခါမှ ဒီ ဓားပြသုံးကောင်က အားမနည်းလွန်းဘူးလားဟ ….”
“ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီကောင်တွေက လူသစ်လေးတွေဆိုတာ ပြောလို့ရတယ် …..”
“ အဲ့လိုပြောလို့တော့ ဘယ်ရမှာ …. လမ်းမှာ လူတစ်ယောက် အုတ်ခဲကြီးကိုင်ပြီး မင်းခေါင်းကို ဘလိုင်းကြီး လာထုရင် မင်းရော အချိန်မီ တုံ့ပြန်နိုင်မှာလားပြော …..”
“ ဓားပြခေါင်းဆောင် : သေချင်းဆိုးဖက်တီးကောင် ၊ မင်းက ပေါင် ၂၀၀ ဟာကျူလီပဲ … အောက်စည်းကို မရှိဘူး ….”
“ ဟားဟား … တကယ်လည်း အဲ့လိုတွေးနေလောက်တယ် …..”
“ ဖက်တီး … အဲ့ ဓားပြတွေကို ထွက်ပြေးခွင့် မပေးနဲ့ ….”
“ တစ်လက်မဆိုလည်း တစ်လက်မအလိုက် ဆိုတဲ့စကားက တယ်မှန်ပါလား ….”
“ ငါသာဆိုလို့ကတော့ ဘောတွေချည်း လှိမ့်ရိုက်မှာ ဟီးဟီး …..”
ကြည့်ရှုသူ အမြောက်အများမှာ လက်နက်နှင့် တိုက်ခိုက်ရေး ကျွမ်းကျင်သူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီး [နှစ်သုံးဆယ် စင်ဂယ်]ကို မည်သည့်နေရာများသို့ ရိုက်နှက်သည်က ပို၍ ထိရောက်ကြောင်းကို သင်ပြပေးနေကြသည်။
ကံမကောင်းစွာဖြင့် ၊ [နှစ်သုံးဆယ် စင်ဂယ်]က ဖုန်းကို ကိုယ်နှင့် ကပ်ထားသဖြင့် ၎င်းတို့ သင်ကြားပြသပေးသည်များအား မနာယူနိုင်ပေ။
ထိုအချိန်အခိုက်အတန့်၌ [နှစ်သုံးဆယ် စင်ဂယ်]၏ စိတ်ထဲတွင် သူ ကြည့်ခဲ့ဖူးသမျှ အက်ရှင်ဇာတ်ကားတိုင်းက သိုင်းကွက်မျိုးစုံ စိတ်ထဲ ပေါ်လာခဲ့သည်။
အနောက်ဘက်သို့ ခရီးသွားခြင်း မှတ်တမ်းဇာတ်လမ်းကို ပြန်မြင်ယောင်မိသွားခဲ့၏။
မျောက်မင်း သူတော်စင်စွန်း၏ ဟန်ပန်ကို အတုခိုးရင်း ဓားပြများအား ဘယ်ပြန်၊ညာပြန် ရိုက်နှက်နေလျက် ရှိတော့သည်။
ပေါင် ၂၀၀ ကျော်ဝိတ်နှင့် လက်ထဲရှိ လူဆိုးဖမ်းဂွတုတ်အား သစ်သားတုတ်သဖွယ်ဝှေ့ယမ်းနေသည်က ဓားပြများအတွက်ကတော့ အီစိမ့်ဖွယ်ရာကောင်းသည့် ရိုက်နှက်ချက်များပင်။
ဓားပြခေါင်းဆောင်မှာ ရိုက်နှက်ခံရလွန်း၍ အော်ငိုလုမတတ် ဖြစ်လာသည်။ သူ့လက်ထဲ ရှိသည့် ဓားလေးက ၂၀ စင်တီမီတာမျှသာ ရှည်လျားသဖြင့် [နှစ်သုံးဆယ် စင်ဂယ်]ကို ထိခိုက်အောင်လုပ်ဖို့ရာ မဆိုထားနှင့်၊ အနားပင် ကပ်၍မရချေ။
သူ ပြေးဝင်ဖို့ ကြိုးစားသည့် အချိန်တိုင်း [နှစ်သုံးဆယ် စင်ဂယ်]က ရိုက်နှက်နေသည်ကို ပြောင်းလဲလိုက်ပြီး သူ့အား ထိုးနှက်လာသည်။
တစ်ချက်ချင်းစီတိုင်းက သူ့ နံရိုးများကို ကျိုးကြေစေလုမတတ်ပင်။
“ ဝီးဝေါ် ဝီးဝေါ် ဝီးဝေါ် ….”
ဆူညံကျယ်လောင်သည့် ရဲကား အချက်ပေးသံများက အပြင်ဘက်မှ ပျံ့လွင့်လာခဲ့၏။
[နှစ်သုံးဆယ် စင်ဂယ်]မှာ ထိုအသံကြားတော့ ပို၍ပင် ယုံကြည်ချက် ရှိလာသည်။
ဓားပြခေါင်းဆောင်မှာတော့ သူ့ကြောင့် စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့တော့သည်။
[နှစ်သုံးဆယ် စင်ဂယ်] တိုက်ခိုက်သည်ကို ရပ်တန့်လိုက်သော်ငြားလည်း ဓားပြခေါင်းဆောင်မှာတော့ ရူးသွပ်နေသည့် လူတစ်ယောက်နှယ် သူ့လက်ထဲရှိ ဓားဖြင့် မျက်လုံးစုံမှိတ်ပြီး ဆက်တိုက်ဝှေ့ယမ်းနေလေသည်။
“ အောက်ကို ရိုက်ပြီး အမှောက်သိပ်လိုက်တော့ ….”
ချန်ယွီ့ အသံ ဖုန်းထဲက ထွက်ပေါ်လာသည်နှင့် [နှစ်သုံးဆယ် စင်ဂယ်]သည် တုံ့ဆိုင်းခြင်းမရှိ ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး လူဆိုးဖမ်းဂွတုတ် အဆုံးကို လက်ဖြင့် ကျစ်နေအောင် ဆုပ်ကိုင်ထားကာ လက်နှစ်ဖက်ဖြင့် သေချာအားထည့်ပြီး အံတင်းတင်းကြိတ်လျက် မာန်သွင်းလိုက်၏။
ဘန်းခနဲ မြည်ဟိန်းသံနှင့်အတူ လူဆိုးဖမ်းဂွတုတ်က ဓားပြခေါင်းဆောင်၏ ခြေထောက်သို့ အဟုန်ပြင်းစွာ ကျရောက်သွားခဲ့သည်။
အင်အားကို မည်သို့မျှ တောင့်ခံနိုင်ခြင်း မရှိဘဲ ဓားပြခေါင်းဆောင်သည် နေရာမှာတင် ကြမ်းပြင်သို့ လဲကျသွားခဲ့၏။ နာကျင်လွန်း၍ လက်ထဲရှိ ဓားကိုပင် လွှတ်ချလိုက်မိပြီး ဒဏ်ရာရသွားသည့် ခြေထောက်ကို ဆုပ်ကိုင်ကာ လူးလိမ့်အော်ဟစ်နေလေသည်။
“ မလှုပ်နဲ့ ….”
ရဲအရာရှိ အမြောက်အများက ရွှေဆိုင်ထဲသို့ ချင်းနင်းဝင်ရောက်လာခဲ့ကြ၏။
ပစ်စတို ဒါဇင်ခန့်က ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် ဓားပြများနှင့် [နှစ်သုံးဆယ် စင်ဂယ်]ကို အသီးသီး ချိန်ရွယ်ထားကြလေသည်။
“ ဘာတွေ ဖြစ်နေတာတုန်းဟ ….”
“ ကြည့်ရတာ တစ်ယောက်ယောက်က ဝင်ကူညီပေးလိုက်တာနဲ့တူတယ် …”
“ သုံးယောက် တစ်ယောက် … ပြီးတော့ ဓားပြတွေ လက်ထဲမှာ သေနတ်လည်း ရှိနေတယ် … ဒီလူ အရင်က လေ့ကျင့်ဖူးတာများလား … မဟုတ်ဘူးဆိုလည်း အထူးတပ်ဖွဲ့ တစ်ခုခုက အနားယူသွားတဲ့ စစ်သားဟောင်းများလား ….”
ရောက်ရှိလာကြသည့် ရဲအရာရှိများက တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လျက် အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။
ရှေ့ရှိ မြင်ကွင်းက မြင်နိုင်ရက်စရာပင် မရှိတော့ချေ။
ဓားပြတစ်ဦးက အုတ်ခဲဖြင့် ထုနှက်ခံထားရ၍ ကြမ်းပြင်တွင် သတိလစ် လဲလျောင်းနေသည်။
အခြား ဓားပြတစ်ဦးကလည်း အားအင်ချိနဲ့စွာ လဲလျောင်းနေလျက် ရှိ၏။ ခန္ဓာကိုယ်ကလည်း ဆန့်တငင်ငင် ဖြစ်ရင်း ပြင်းထန်သည့် ရိုက်နှက်ချက်များကြောင့် တွန့်လိမ်နေသည်။
ကျန်ဓားပြတစ်ဦးကတော့ သူ့ ခြေသလုံးကို ကိုင်ရင်း လူးလိမ့်နေသည်။
“ ဟယ်လီနာ … မင်း အဆင်ပြေတယ်မလား … ဘယ်နေရာ ထိခိုက်သွားသေးလဲ ….”
[နှစ်သုံးဆယ် စင်ဂယ်]က ခက်ရင်းခွကို ပစ်ချလိုက်၏။ မိန်းမပျိုလေးအား ကြောက်လန့်သွားသေးလားဟု သူရဲကောင်းဆန်ဆန် မေးမြန်းရန်လည်း မမေ့လျော့ခဲ့ချေ။
“ အဆင်ပြေတယ် … နင်ရော ဘာမှ မဖြစ်သွားဘူးမလားဟင် ….”
ဟယ်လီနာ မတ်တပ်ရပ်လိုက်ပြီး သူမ၏ အသံထဲတွင် နက်ရှိုင်းသော စိတ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ ငါ ဘာမှမဖြစ်ဘူး …”
[နှစ်သုံးဆယ် စင်ဂယ်]က ရူးကြောင်ကြောင် ရယ်မောလိုက်သည်။
လိုက်စထွင်းထဲရှိ ကြည့်ရှုသူများကလည်း လိုက်ပါရယ်မောနေမိကြ၏။
[နှစ်သုံးဆယ် စင်ဂယ်]၏ မျက်နှာကို သူတို့တွေ မမြင်ရသော်လည်း ရူးကြောင်ကြောင် ရယ်မောသံကတစ်ဆင့် စိတ်ခံစားချက် ကောင်းမွန်နေမှာကို ခန့်မှန်းကြည့်၍ ရလေသည်။