ဒါ ငါ့အသက်နဲ့ ရင်းနေတာ
Vol. 27 Ch. 262
ချန်ယွီ့၏ စကားကို နားထောင်ပြီးနောက် [နှစ်သုံးဆယ် စင်ဂယ်] က ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ဉာဏ်ရှိစွာဖြင့် ရှည်ရှည်ဝေးဝေး မေးမြန်းမနေခဲ့ချေ။ တောက်ပသည့် အနာဂတ်က သူ့ရှေ့တည့်တည့်မှာပဲ ရှိနေသည်။
ဖောင်းပွပွ အားကစား ဝတ်စုံတစ်ထည်ကို ဗီရိုထဲက အလျင်အမြန် ထုတ်ပြီးနောက် ကိုယ်ပေါသ်ို့ ပြောင်းလဲဝတ်ဆင်လိုက်သည်။ ပြီးသည့်နောက် အိမ်ထဲက အလျင်အမြန် ထွက်လာသည်။
တက္ကစီ ငှားပြီး ဖွင့်လျက်ရှိနေသေးသည့် ရွှေဆိုင်သို့ ချက်ချင်း ဦးတည်လိုက်၏။
ဖုန်းကို ကိုယ်နှင့် ကပ်ထားသည့်အတွက် ကွန်းမန့်များကိုတော့ သူ ဖတ်၍ မရချေ။
ချန်ယွီ့၏ စကားပြောသံကိုသာ ကြားနေရလေသည်။
အလားသဏ္ဌာန်တူစွာ ကြည့်ရှုသူများကလည်း သူ့ကို မမြင်နိုင်ဘဲ ရှေ့ရှိ မြင်ကွင်းကိုသာလျှင် ကင်မရာမှ တစ်ဆင့် မြင်တွေ့နေရ၏။
[နှစ်သုံးဆယ် စင်ဂယ်]နှင့် တစ်မြို့တည်း နေကြသည့် ကြည့်ရှုသူများက ဤရွှေဆိုင်သည် သူတို့ မြို့ရှိ အကြီးမားဆုံး ရွှေဆိုင်ကြီး ဖြစ်ကြောင်းကို ကွန်းမန့်ထဲတွင် ပြောပြနေကြသည်။
အခြားသော ကြည့်ရှုသူများမှာ နားလည် သဘောပေါက်သွားခဲ့ကြတော့၏။
အန်တီဟွမ်က [နှစ်သုံးဆယ် စင်ဂယ်]ကို ရုပ်ရည်ချောမောပြေပြစ်သည့် မိန်းကလေး တစ်ဦးနှင့် မိတ်ဆက်ပေးရုံမျှမက ၊ သူမ၏ နောက်ခံသည်လည်း အတော်လေး ထူးကဲလို့နေသည်။
သူမက ရွှေဆိုင်ပိုင်ရှင် သူဌေး သမီး တစ်ဦး ဖြစ်၏။
သူ့အမေက တစ်ဖက်သူကို ချမ်းသာသည့် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ပြောပြလာသည်မှာ မဆန်းတော့ချေ။
“ ဒေါက်တာချန် … မင်းပြောတဲ့နေရာကို ငါရောက်လာပြီ … နောက် ဘာဆက်လုပ်ရမလဲ ….”
“ ဒီတိုင်းပဲ တိုက်ရိုက်ဝင်သွားပြီး သူ့ကို ချစ်ရေးဆိုလိုက်ရမလား …. ဒါမှမဟုတ် ရွှေဝယ်သလိုလိုနဲ့ အီစီကလီ လုပ်လိုက်ရမလား ….”
[နှစ်သုံးဆယ် စင်ဂယ်]က သူ့ရှေ့ရှိ ရွှေဆိုင်ကြီးကို ကြည့်ရင်း မေးမြန်းလိုက်သည်။
ကြည့်ရှုသူများ၏ ခန့်မှန်ချက်က မှန်ကန်သည်။ အမျိုးသမီး၏ မိသားစုကလည်း တကယ်လည်း ရွှေဆိုင်ပိုင်ရှင်များ ဖြစ်ကြ၏။
အနှီ မိန်းကလေးကလည်း ရွှေဆိုင်၏ အရောင်းမန်နေဂျာတစ်ဦးပင်။
ဆိုင်က မပိတ်သိမ်းသေးသဖြင့် မိန်းမငယ်လေးသည်လည်း အတွင်းဘက်ထဲတွင် ကျိန်းသေပေါက် ရှိနေရမည်။
“ ခဏနေကျရင် ရွှေဆိုင် ဝင်ပေါက်ဝမှာ ဗန်တစ်စင်း ထိုးရပ်လာမယ် … ဗန်ထဲကနေ လူသုံးယောက် ဆင်းလာလိမ့်မယ် ….”
“ သူတို့ ဆိုင်ထဲ ရောက်သွားတာနဲ့ မင်း ချက်ချင်း ပြေးဝင်ပြီး အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းကြီး လုပ်လိုက်တော့ ….”
“ ဟမ် … အလှလေးကို ကယ်တင်တဲ့ သူရဲကောင်း ဟုတ်လား ….”
ချန်ယွီ့၏ စကားကို အရင်းအဖျား မရှိသဖြင့် [နှစ်သုံးဆယ် စင်ဂယ်]မှာ ကြက်သေသေသွားခဲ့သည်။
“ အဲ့သုံးယောက်က သူ့ကို ဗန်ကားထဲထည့်ပြီး ပြန်ပေးဆွဲသွားမလို့တော့ မဟုတ်လောက်ပါဘူးနော်…..”
“ ဘယ်နားကသာ …. အဲ့သုံးယောက်က ရွှေဆိုင်ကို ဓားပြတိုက်မယ့်သူတွေ …..”
“ ဘုရားရေ …..”
[နှစ်သုံးဆယ် စင်ဂယ်]သည် လမ်းပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားခဲ့သည်။
ကြောက်ရွံ့မှု လှိုင်းတံပိုးက ချက်ချင်းပဲ ရင်ထဲ တောက်လောင်နေသည့် အချစ်မီးများကို ငြိမ်းသေသွားစေခဲ့လေသည်။
ကြည့်ရှုသူများလည်း ပြောလာခဲ့ကြသည်။
“ ဒေါက်တာချန် … ဒါ နည်းနည်းလေး အန္တရာယ် များလွန်းတယ်လို့ မထင်ဘူးလား …..”
“ တစ်ယောက်တည်းနဲ့ ဓားပြသုံးယောက်ကို ရှင်းပစ်ဖို့က … ဒါ သိုးဝဝတစ်ကောင် ကျားခံတွင်းထဲ ခုန်ဆင်းတာ မဟုတ်တော့ဘူး …. ဖက်တီးဝက်တစ်ကောင် ကျားခံတွင်းထဲ ပြုတ်ကျတာ ဖြစ်သွားပြီ ….”
“ ဒါ အလှလေးကို ကယ်တင်မယ့် သူရဲကောင်းမှ မဟုတ်ဘဲ …. အလှလေးအတွက် အသက်ကို စတေးပစ်မယ့် သူရဲကောင်းဇာတ်လမ်း ဖြစ်သွားပြီလေ ….”
“ ရဲကို ဖုန်းဆက်လိုက်တာက ပိုပြီး အဆင်ပြေလောက်တယ် ….”
“ ငါလည်း ထောက်ခံတယ် …..”
“ ပေါက်ကရ အကြံတွေ ဇွတ်ပေးမနေကြစမ်းနဲ့ …. ဒေါက်တာချန်က သူ့ကို ဝင်သွားခိုင်းမှတော့ သေချာပေါက် အန္တရာယ် မရှိလို့ပေါ့ကွ …..”
“ မတော်လို့ ဓားပြတွေမှာ လက်နက်တွေ ဘာတွေ ပါလာခဲ့ရင် ဘယ်လိုလုပ်မှာ ….”
ဤကွန်းမန့် ထွက်ပေါ်လာသည်နှင့် စကားပြောခန်းမှာ အချိန်တစ်ခုမျှ တိတ်ဆိတ်သွားခဲ့သည်။
လက်နက်မဲ့ ဓားပြတွေကို [နှစ်သုံးဆယ် စင်ဂယ်] တစ်ယောက်တည်း အနိုင်ယူနိုင်ဖို့ဆိုတာ ဖြစ်နိုင်မယ်ထင်လား …
တကယ်လို့ ဖြစ်နိုင်တယ် ဆိုဦးတော့ ဓားပြတွေမှာ သေနတ်လို၊ ဓားလို လက်နက်မျိုးတွေ ပါလာခဲ့ရင် ဘယ်လိုလုပ်မှာ …
အဲ့လိုသာဆိုရင် အသက်အန္တရာယ် ရှိသွားပြီ မဟုတ်လား ….
“ ဒီရဲ့လူနာ …” ချန်ယွီ့ တည်ငြိမ်သည့် လေသံဖြင့် ဆိုလိုက်ပြီး “ ငါ မင်းကို ကြိုတင် သတိပေးထားပြီးသား … မင်း စင်ဂယ် ဖြစ်နေတဲ့ ပြဿနာကို မြန်မြန်ဖြေရှင်းချင်တယ်ဆိုရင် နည်းနည်းပါးပါး စွန့်စားရမှာပဲ …..”
“ ငါ မှတ်မိတယ် ဒေါက်တာချန် … ဒါပေမယ့် ဒါကြီးက စွန့်စားတာမှ မဟုတ်တာ … အသက်ကို ရင်းတာ ဖြစ်သွားပြီလေ …..”
[နှစ်သုံးဆယ် စင်ဂယ်]က ဘေးနားရှိသည့် သစ်ပင်တစ်ပင်ကို အားပြုရင်း ကြောက်ကြောက်လန့်လန့်နှင့် မတ်တပ်ပြန်ရပ်လိုက်သည်။
တစ်ချိန်တည်းမှာ ချန်ယွီ့ အဘယ်ကြောင့် အမှန်တရားကို နေရာသို့ ရောက်လာပြီးမှ ပြောလဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့သည်။
အကယ်၍ သူသာ အိမ်၌ရှိနေစဉ် အမှန်တရားကို သိရှိသွားခဲ့မည်ဆိုပါက သေအောင် ရိုက်ပြီး ခြိမ်းခြောက်လျှင်ပင် လုံးဝ ထွက်လာခဲ့မှာ မဟုတ်ချေ။
တစ်ဖက်က နတ်သမီးရှုံးအောင် လှနေပါစေ၊ သူ့အသက်ကို ရင်းပေးပြီးမှတော့ မချစ်နိုင်ပေ။ အထူးသဖြင့် နှစ်ယောက်က ဘာသံယောဇဉ်မှ မရှိနေချိန်တွင် ဖြစ်၏။
“ အခွင့်အရေးက အခု မင်းရဲ့ ရှေ့တည့်တည့်မှာပဲ …..” ချန်ယွီ့ ပြောလိုက်ပြီး “ ဘယ်လို ရွေးချယ်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် ….”
“ မင်းရဲကို ဖုန်းဆက်လို့လည်း ရတယ်….”
“ ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် သူနဲ့ သူ့မိသားစုဆီက ကျေးဇူးတင်မှုကိုပဲ ရမယ် …. “
“ လေးစားနှစ်သက်မှုကိုတော့ ရမှာ မဟုတ်ဘူး ….”
[နှစ်သုံးဆယ် စင်ဂယ်]မှာ ဆက်တိုက် သက်ပြင်းချနေမိ၏။
ချန်ယွီ့၏ ဆိုလိုရင်းကို သူ သဘောပေါက်သည်။ အလှလေးကို အန္တရာယ်တွင်းထဲက ကယ်တင်သည်က သူ၏ ရဲဝံ့မှုကို သက်သေပြရာ ရောက်သည်။
ဓားပြများ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့တုန်လှုပ်ခြင်း ကင်းစွာဖြင့် အသက်ကိုပင် ပဓာန မထားဘဲ မိန်းမငယ်လေးနှင့် ဆိုင်ရှိ ပစ္စည်းများအား ကာကွယ်ပေးခြင်း။
ထိုသို့သော လုပ်ရပ်က သူ ရဲကို ဖုန်းဆက်ပြီး အကြမ်းဖက် နှိမ်နှင်းရေး အရာရှိများအား လာရောက်ဖြေရှင်းပေးဖို့ တောင်းဆိုသည်နှင့် မတူညီပေ။
ဤသို့ဖြင့် [နှစ်သုံးဆယ် စင်ဂယ်] ဘေးကြပ်နံကြပ် ဖြစ်နေစဉ်မှာပဲ လိုင်စင် နံပါတ်ပြား မပါရှိသည့် ဗန်တစ်စင်းက လမ်းရှေ့တည့်တည့်တွင် ထွက်ပေါ်လာခဲ့သည်။
ကား၏ အရှိန်က ပုံမှန်အတိုင်းသာ ဖြစ်၏။ ဆယ်စက္ကန့်ကြာပြီးနောက် ဗန်ကားက ရွှေဆိုင်ရှေ့တွင် ရပ်တန့်သွားသည်။
ကားတံခါး ပွင့်လာခဲ့ပြီး တောင်တက် လွယ်အိတ်များ ၊ မျက်နှာဖုံးများနှင့် လူသုံးဦးက အောက်သို့ ဆင်းလာသည်။
“ ဒေါက် … ဒေါက်တာချန် … တကယ်လို့ ငါ ဝင်သွားလိုက်ရင် သေ … သေမှာလားဟင် ….”
“ မသေဘူး ….”
ချန်ယွီ့ တုံ့ဆိုင်းခြင်း မရှိ ဖြေဆိုလိုက်၏။
“ မသေဘူးဆိုမှတော့ … ဒါဆိုလည်း လောင်းကြေးထပ်ပြီကွာ ….”
[နှစ်သုံးဆယ် စင်ဂယ်]က ဘေးပတ်ဝန်းကျင်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး မြက်ခင်းဘေးနားရှိ အုတ်နီခဲတစ်လုံးကို ရှာတွေ့သွားခဲ့သည်။
သူ့အဖေနှင့်အမေ နှစ်သက်သည့် သီချင်းဟောင်း တစ်ပုဒ်က စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။
အချစ်အတွက် တိုက်ခိုက်ရဲတဲ့သူကပဲ အနိုင်ရမယ် ………
“ ထားလိုက်တော့ …. ငါ့ ဘဝ သာယာပျော်ရွှင်ဖို့အတွက် … ငါ ကိုယ်တိုင် တိုက်ခိုက်ပြီး ရယူမယ် ….”
သတိထားသည့်၊ ကြောက်ရွံ့သည့် စိတ်များအားလုံးကို လေထဲ လွင့်ပြယ်စေလိုက်သည်။ ပြီးသည့်နောက် အုတ်နီခဲကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း လမ်းတစ်ဖက်သို့ ကူး၍ ရွှေဆိုင်ထဲသို့ တန်းမတ်စွာ ဝင်ရောက်လာသည်။
တစ်ချိန်တည်းမှာပဲ အလုပ်ဆင်းဖို့အတွက် သန့်ရှင်းရေးလုပ်နေကြသည့် ဆိုင်ရှိ အမျိုးသမီး ဝန်ထမ်းများမှာ ကြမ်းပြင်တွင် ကြောက်ကြောက်လန့်လန့်နှင့် တစ်စုတစ်စည်းတည်း စုဝေးပြီး ဆောင့်ကြောင့်ထိုင်နေလျက် ရှိကြသည်။
ထိုအနက် တစ်ယောက်က ပုံထဲက မိန်းမပျိုလေး ဖြစ်၏။
“ ခွေးမသား မျိုးမစစ်တွေ … မြန်မြန် လက်မြှောက်ပြီး အရှုံးပေးစမ်း ….”
အရှိန်နှင့် ပြေးဝင်လာခဲ့ပြီးနောက် [နှစ်သုံးဆယ် စင်ဂယ်]က လက်ထဲရှိ အုတ်နီခဲကို မြှောက်လိုက်သည်။
သူရဲကောင်းဆန်ဆန် လေသံဖြင့် ဓားပြများကို အရှုံးပေးဖို့ ကျယ်လောင်စွာ သတိပေးလိုက်၏။
“ ဘယ်ဂျောင်က ထွက်လာတဲ့ ကြောင်တောင်တောင်ကောင်ပါလိမ့် ….”
ဓားပြများမှာ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ကြပြီး … ပြီးသည့်နောက် အူနှိပ်ပြီး ရယ်မောနေမိကြသည်။
[နှစ်သုံးဆယ် စင်ဂယ်]၏ အော်ဟစ်သံက ဓားပြများကို တွန့်ခနဲ ဖြစ်သွားစေလေသည်။
သူတို့တွေးထင်ထားခဲ့သည်က အရပ်ဝတ်နှင့် ရဲအရာရှိ တစ်ဦး ဖြစ်နေလိမ့်မည် ဟူ၍ပင်။
သို့သော် နောက်လှည့်ကြည့်ပြီး အဆီတဝင်းဝင်းနှင့် မျက်နှာပြင်ကျယ်ကြီးကို မြင်တော့ စိတ်ထဲ သက်သာရာရသွားခဲ့ပြီး သူရဲကောင်း ဖြစ်ချင်သည့် ကြောင်တောင်တောင်ကောင် တစ်ဦး ဖြစ်မည်ဟုသာ ယူဆလိုက်တော့သည်။
အုတ်နီခဲ တစ်လုံးကိုင်ပြီး ဓားပြကို ဟန့်တားချင်နေတယ်ပေါ့ … ဒီကောင့် ဦးနှောက်ထဲ ရေဝင်နေတာ ကျိန်းသေတယ် ….
ဓားပြတစ်ဦးက အိတ်ထောင်ထဲသို့ လက်နှိုက်ပြီး အနက်ရောင်ပစ်စတို တစ်လက်ကို ထုတ်ယူလိုက်သည်။
ပြောင်းဝက မီတာ အနည်းငယ် အကွာရှိ [နှစ်သုံးဆယ် စင်ဂယ်]ကို ချိန်ရွယ်ထားလေသည်။
ဤသည်ကို မြင်တော့ [နှစ်သုံးဆယ် စင်ဂယ်]မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်အထိ ကြောက်လန့်သွားခဲ့၏။ ခန္ဓာကိုယ်ထဲ ပွက်ပွက်ဆူနေသည့် သွေးများသည်လည်း ချက်ချင်း လက်ငင်း အေးခဲကုန်သည်။
ဓားပြသုံးဦးတွင် ဤအရာ ရှိနေသည်ဟု ချန်ယွီ့ သူ့အား ပြောမပြခဲ့ချေ။
“ ဦးနှောက် အဆီပိတ်နေတဲ့ကောင် … ဟမ့် ….” ဓားပြတစ်ဦးက ထေ့ငေါ့လှောင်ပြောင်သည့် လေသံဖြင့် “ မင်းကများ အဲ့ဒီ အုတ်ခဲလေးနဲ့ ငါတို့ကို ဟန့်တားချင်နေတယ်ပေါ့ …. ကိုယ့်ကိုယ်ကို အိပ်မက်မက်နေတယ် ထင်လား …..”
“ မြန်မြန် ကြမ်းပြင်ပေါ် ထိုင်ပြီး လက်တွေ ခေါင်းပေါ် တင်ထားစမ်း … မဟုတ်လို့ကတော့ နာသွားမယ် ….”
ပြောပြောဆိုဆိုနှင့် ဓားပြက ဆိုင်တံခါးပိတ်ဖို့ရာ ဟန်ပြင်လိုက်သည်။
သူ တံခါးဝသို့ ရောက်ခါနီးမှာပဲ ချန်ယွီ့၏ အသံက ဖုန်းထဲကနေ ထွက်ပေါ်လာသည်။
“ မင်း ဘာတွေ တုံ့ဆိုင်းနေတာ … သူ့ ခေါင်းတည့်တည့်ကို ထုချလိုက်လေ ….”
ချန်ယွီ့၏ အမိန့်ပေးသံကို ကြားတော့ [နှစ်သုံးဆယ် စင်ဂယ်]သည် အုတ်နီခဲကို ရုတ်ချည်း ပင့်မြှောက်ပြီး ဓားပြ၏ ခေါင်းကို ထုချလိုက်တော့သည်။
လက်ဝါးအရွယ်ခန့်ရှိသည့် အုတ်နီခဲက တစ်ဖက်သူ၏ ဦးခေါင်းနှင့် ထိတွေ့ပြီး ထက်ပိုင်းကျိုးသွားခဲ့၏။
ဓားပြက [နှစ်သုံးဆယ် စင်ဂယ်]ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
စကားပြောခန်းထဲတွင် အမျိုးမျိုးသော ကွန်းမန့်တို့ ပလူပျံအောင် တက်လာတော့၏။
[နှစ်သုံးဆယ် စင်ဂယ်]၏ လုပ်ရပ်က ဓားပြများကို ဒေါသထွက်သွားစေမည်မှာ ကျိန်းသေပေါက်ပင်။
သူ့အား တုံ့ဆိုင်းခြင်း မရှိ သေနတ်နှင့် ပစ်ခတ်လာလောက်၏။
“ သူတို့လက်ထဲ ရှိတဲ့ သေနတ်တွေက အတုတွေ … တံခါးနောက်မှာ လူဆိုးဖမ်းဂွတုတ် ရှိတယ် …. ညာဘက်ခြမ်းက ဓားပြကို အရင်ဆုံး အမှောက်သိပ်လိုက် ….”
“ သူ့မှာ ဆောင်ဓားပါလာတယ် ….”
ချန်ယွီ့ ဖုန်းထဲမှနေ၍ ပြောပြလာခဲ့သည်။
ဤစကားကြားတော့ [နှစ်သုံးဆယ် စင်ဂယ်]က တံခါးနောက်သို့ တွေဝေခြင်း မရှိ၊ ရွေ့လျားသွား၏။
ထင်မှတ်ထားသည့် အတိုင်း တံခါးဘေးတွင် လူဆိုးဖမ်းဂွတုတ် ရှိနေသည်။
၎င်းကို ကိုင်ဆွဲရင်း [နှစ်သုံးဆယ် စင်ဂယ်]သည် အံတင်းတင်းကြိတ်လျက် အခြားသော ဓားပြထံသို့ ပြေးဝင်လာခဲ့၏။