← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 14 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 14 Ch. 151-152

အပိုင်း (၁၅၁)

ထန်ထိုင်မြဲ့မင်က ဤစစ်သည် တစ်သိန်းကို ကြည့်ပြီး မိုးကြိုးသံအလား ဟစ်ကြွေးသံများကို ကြားရချိန်မှာတော့ တစ်ကိုယ်လုံး သွေးများ ဆူပွက်လာပြီး သူ၏ ဘဝက အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရင်ဆိုင်ရချိန်တွင် ကဗျာတစ်ပုဒ်လောက် ရွတ်ဆိုသင့်ပေသည်။ ထန်ထိုင်မြဲ့မင်က ချည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပညာရှင် တစ်ဦးအလား ဖြစ်လို့နေ၏။

သူကိုယ်တိုင်က အမြဲတမ်း ပြောလေ့ရှိသည်။ သူက အရည်အချင်း နည်းပါးသလို ရည်မှန်းချက်ကလည်း ပိုနည်းကြောင်း၊ ဘုရင်ဖြစ်ရန် လုံးဝ မရည်ရွယ်ခဲ့ဘဲ ဤကမောက်ကမ ခေတ်ကြီးတွင် အသက်ရှင်နေရုံသာ မျှော်လင့်ကြောင်း ပြောလေ့ရှိသည်။

ထို့အပြင် သူ့ကိုယ်သူ အထီးကျန်တောင်တန်း အဘိုးအို ဟု ခေါ်ဆိုကာ နေ့စဉ် လက်ဖက်ရည်ကျိုခြင်း၊ စာဖတ်ခြင်းများသာ ပြုလုပ်လေ့ရှိ၏။

ထို့ကြောင့် သူက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ကဗျာတစ်ပုဒ် ရွတ်ဆိုလိုက်သည်။

“တံပိုးသံက မိုးကောင်းကင်ကို ခွဲထုတ်၍

စည်သံသည် မြေပြင်ကို တုန်လှုပ်စေ၏။

ထန်ထိုင်မှ ထွက်ခွာသောအခါ

စစ်သည်သိန်းချီသည် မိုးတိမ်လှိင်းကဲ့သို လှည့်လည်လိုက်ပါလာသည်။

ထမင်းတစ်လုတ်တွင် တာရှမြို၏ အမှတ်တရများ ဝင်နစ်၊

စာမျက်နှာတစ်ရွက်တွင် နုဧကရာဇ်၏ ရိပ်ယောင် ထင်ရှားနေ၏။

စစ်မြေပြင်တွင် ခြေလှမ်းချတိုင်း ဗျူဟာများ ကောင်းကင်ထက် ပြန့်နှံ၊

အရက်ခွက်ကို ကိုင်လျက်ပင် ရန်သူတို့၏ အာဏာကို ချိုးဖောက်နိုင်၏။

“ပညာရှင်” ဟု ခေါ်သော်လည်း ဓားကို မသိဟု မထင်နှင့်။

ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသော ဓားသွားသည်

ကြာပန်းပွင့်ကဲ့သို့ သန့်ရှင်းလှပကာ

တစ်ခါတည်းဖြင့် ကမ္ဘာကြီးကို တောက်ပစေတတ်၏။”

(Lu You ၏ ကဗျာကို ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။)

တစ်ကွင်းလုံးရှိ စစ်သည် တစ်သိန်းက တိတ်ဆိတ်စွာဖြင့် ထန်ထိုင်မြဲ့မင်၏ ကဗျာရွတ်ဆိုသံကို နားထောင် နေကြ၏။

သူတို့က နားမလည်ကြသော်လည်း အလွန် အထင်ကြီးစရာ ကောင်းပြီး ရဲစွမ်းသတ္တိများ ပြည့်ဝနေသည်ဟု ခံစားရသည်။

ကဗျာရွတ်ဆို အပြီးတွင် ထန်ထိုင်မြဲ့မင်က ဓားကို ဆွဲထုတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “စစ်တပ်ကြီး ထွက်ခွာမယ်။ လေခွင်းမြို့ကို ရှင်းလင်းပစ်ကြ။”

ချက်ချင်းပဲ စစ်သည် တစ်သိန်းက ကြီးကျယ်ခမ်းနားစွာဖြင့် ဒီရေလှိုင်းကြီးများအလား လေခွင်းချိုင့်ဝှမ်းရှိရာသို့ ပြင်းထန်စွာ စီးဆင်းလာကြတော့သည်။

ထိုအချိန်တွင် လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစု၏ ကပ်ဘေးကြီးက တကယ် ကျရောက်လာခဲ့ပြီ ဖြစ်၏။

.................

ထန်ထိုင်မြို့နှင့် လေခွင်းမြို့ကြား အကွာအဝေးမှာ မိုင်ခြောက်ရာခန့်သာ ရှိသောကြောင့် အထူးလေ့ကျင့် ထားသော ကင်းထောက်မြင်းစီးတပ်အတွက်ဆိုလျှင် အများဆုံး နှစ်ရက်သာ ကြာမြင့်မှာ ဖြစ်၏။ သို့ပေမည့် စစ်သည် တစ်သိန်းပါဝင်သော စစ်တပ်ကြီးအတွက်မူ အနည်းဆုံး လဝက်ခန့် ကြာမြင့်ပေလိမ့်မည်။

ထို့အပြင် ဤစစ်သည် တစ်သိန်း၏ ချီတက်မှုက ထန်ထိုင်မြဲ့မင်၏ အင်အားပြပွဲ တစ်ခုနှင့် ပို၍ တူနေ၏။ တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင်အင်ပါယာတို့ကို တမင် သက်သက် ပြသနေခြင်း ဖြစ်သည်။ တကယ့်ကို ကြီးကျယ်ခမ်းနားလှပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းသွားမတတ် ရှိနေ၏။

ထိုအချိန်အတွင်း လေခွင်းမြို့က ဘာတွေ လုပ်နေသနည်း။ သူတို့က ပို၍ ရူးသွပ်သော အလုပ်တစ်ခုကို လုပ်နေကြ၏။ အိမ်သာများ၏ အောက်ခြေမှ ယမ်းစိမ်းများကို လိုက်လံ ခြစ်ယူနေကြခြင်းပင်။

တကယ့်ကို လူတိုင်း ပါဝင်လှုပ်ရှားနေကြခြင်းဖြစ်ပြီး လေခွင်းမြို့အတွင်းသာမက နယ်မြေတစ်ခုလုံးရှိ အိမ်သာများ အားလုံးတွင် လိုက်လံ ခြစ်ယူနေကြခြင်း ဖြစ်၏။ အိမ်သာများတွင်သာမက နံရံခြေရင်းများတွင်ပါ လိုက်လံ ခြစ်ယူနေကြသေးသည်။

အဘယ်ကြောင့် နံရံခြေရင်း၌ ယမ်းစိမ်းများ ရှိနေရသနည်း။ ထိုအကြောင်းကို နေရာတကာ အပေါ့သွားတတ်သည့် ယောက်ျားနှင့် ခွေးများကို မေးကြည့်ရပေမည်။

ယွင်ကျုံးဟဲ့မှာ နောက်ဆုံး၌ အသက်နည်းနည်း ရှူချောင်သွားပြီ ဖြစ်၏။ သူက နေ့စဉ် စမ်းသပ်ခန်းလေး ထဲတွင်သာ နေကာ ယမ်းစိမ်းများကို ကျိုချက်ပြီး ယမ်းမည်းများ ပြုလုပ်နေရသည်။

ကျင်းကျုံးယွဲ့၏ နှိပ်စက်မှုကြောင့် အသက်ရှူရပ်သွားမည့် အရေးကို စိုးရိမ်စရာ မလိုတော့ချေ။

သို့ပေမည့် သုံးရက်ခန့် ကြာချိန်မှာတော့ သူကိုယ်တိုင်ကပင် မနေနိုင်တော့ဘဲ အနှိပ်စက်ခံရန် သွားရောက်တော့သည်။

ဤကဲ့သို့ လူတိုင်း ပါဝင်လှုပ်ရှားမှုကြောင့်သာ ယမ်းမည်း ထုတ်လုပ်မှုက အသုံးပြု၍ ရနိုင်သည့် အဆင့်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်၏။

သေချာသည်မှာ ဤပမာဏက ကျောက်တိုင် ရာချီကို ဖောက်ခွဲရန်သာ လုံလောက်ပြီး၊ ယမ်းမည်း ပေါင်သောင်းချီကို အသုံးပြုကာ စစ်တိုက်မည် ဆိုသည်မှာမူ လုံးဝ မဖြစ်နိုင်သေးချေ။ အလွန်ဆုံး အသံကျယ်ကျယ် မြည်ရုံလောက်သာ ရှိသေးသည်။

နယ်စားများမဟာမိတ်အဖွဲ့၏ စစ်သည် တစ်သိန်းက လေခွင်းချိုင့်ဝှမ်း နယ်မြေအတွင်းသို့ မဝင်ရောက်လာမီကပင် နယ်မြေတစ်ခုလုံးက စတင် ကမောက်ကမ ဖြစ်နေပြီ ဖြစ်သည်။

ပထမဆုံး ကမောက်ကမ ဖြစ်လာသည်မှာ မကြာသေးမီကမှ ပြန်လည် သိမ်းပိုက်ထားသော စတုရန်း ကီလိုမီတာ တစ်ထောင့်သုံးရာ ကျယ်ဝန်းသည့် သစ်ရွက်ကြွေနယ်မြေပင် ဖြစ်၏။

ဤနေရာက ကြီးမားသော စပါးကျီကြီးဖြစ်ပြီး လူဦးရေ နှစ်သိန်းကျော် နေထိုင်ကြသည်။

လူကောင်းများက အနိုင်ကျင့်ခံရတတ်သည်ဆိုသော စကားရှိ၏။ ယွင်ကျုံးဟဲ့က လွတ်လပ်စွာ အုပ်ချုပ်ခွင့် ပြုသော မူဝါဒကို ချမှတ်ခဲ့သောကြောင့် သစ်ရွက်ကြွေနယ်မြေကို သိမ်းပိုက်ပြီးနောက်တွင်လည်း လယ်ယာမြေများကို ပြန်လည် မတိုင်းတာခဲ့သလို စာရင်းများလည်း အသစ် မလုပ်ခဲ့ချေ။

မူလ လယ်သမားများက မူလ လယ်ယာမြေများကိုသာ ဆက်လက် စိုက်ပျိုးခွင့် ရရှိပြီး၊ ရိတ်သိမ်းရရှိသော ဆန်စပါး၏ သုံးဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့် ပေးထားခဲ့၏။

ဤကောင်းမွန်သော မူဝါဒများမှာ သစ်ရွက်ကြွေနယ်မြေကို အေးချမ်းစွာ အကူးအပြောင်း ဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်တွင် အထွက်နှုန်း အလွန် ကောင်းမွန်ပြီး တစ်ဧကလျှင် ပိဿာ နှစ်ရာကျော် ထွက်ရှိရာ နှစ်သီးစားဆိုလျှင် ပိဿာ လေးရာခန့် ရရှိမှာဖြစ်၏။

သစ်ရွက်ကြွေနယ်မြေတွင် လယ်ယာမြေ ဧက တစ်သန်း ရှိရာ လူတစ်ဦးလျှင် ပျမ်းမျှ ငါးဧကခန့် လုပ်ကိုင်ရပြီး တကယ်တမ်းတွင် ထိုထက်ပင် ပိုများနိုင်သေးသည်။

ထွန်ယက်ရန် နွားများကို သစ်ရွက်ကြွေနယ်မြေ ရဲတိုက်က ထောက်ပံ့ပေးပြီး ရေသွင်းစနစ်များလည်း ပြည့်စုံစွာ ရှိနေ၏။

ထို့ကြောင့် အိမ်ထောင်စု တစ်စုတွင် လုပ်သား လေးငါးယောက် ရှိပါက တစ်နှစ်လျှင် ဆန်စပါး ပိဿာ တစ်သောင်းကျော် ရရှိနိုင်ပြီး မိသားစုဝင် ခုနစ်ယောက် ရှစ်ယောက်ကို လုံလောက်စွာ ကျွေးမွေးနိုင်သည့် အပြင် ပိုလျှံသည်များကိုပါ ရောင်းချနိုင်သောကြောင့် ဘဝက အလွန် သာယာနေပြီ ဖြစ်သည်။

ယခုတစ်ကြိမ် အာဏာလွှဲပြောင်းမှုတွင် ကျင်းမိသားစုက လူမသတ်သလို ဒုက္ခလည်း မပေးခဲ့ချေ။ ထို့ကြောင့် သစ်ရွက်ကြွေနယ်မြေရှိ လူနှစ်သိန်းကျော်မှာ မူလက စိုးရိမ်ပူပန်နေခဲ့ကြသော်လည်း မကြာမီ အေးချမ်းသွားကာ မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။

ထို့အပြင် ယခင် မော့မိသားစု အုပ်ချုပ်စဉ်ကထက်ပင် ပို၍ အဆင်ပြေလာကြသေး၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ဖိနှိပ်ခဲ့သော မော့မိသားစု၏ အရာရှိများ အားလုံး အသတ်ခံလိုက်ရသောကြောင့်ပင်။

သို့ပေမည့် လူများ၏ လောဘက နဂါးတစ်ကောင်ကိုတောင် မြိုချချင်တဲ့ မြွေတစ်ကောင်လိုဖြစ်သည်။ သစ်ရွက်ကြွေနယ်မြေရှိ သီးစားလယ်သမားများအတွက်လည်း ထိုနည်းတူပင် ဖြစ်၏။

ယွင်ကျုံးဟဲ့၏ ကောင်းမွန်သော မူဝါဒများနှင့် သစ်ရွက်ကြွေနယ်မြေတွင် စစ်သည် နှစ်ထောင်ပင် ပြည့်အောင် မချထားခြင်းကြောင့်၊ ဤလများအတွင်း နေ့စဉ်နှင့်အမျှ ကျင်းကျုံးယွဲ့နှင့် ယွင်ကျုံးဟဲ့တို့ကို လောကတွင် အယုတ်မာဆုံး၊ အရက်စက်ဆုံးနှင့် အောက်တန်းအကျဆုံး လူများအဖြစ် ပုံဖော်ထားသော စစ်ကြေညာစာ များကြောင့် သစ်ရွက်ကြွေနယ်မြေရှိ ပြည်သူများမှာ စတင် လှုပ်ရှားလာကြတော့၏။

သူတို့ ဘာလုပ်ရန် ပြင်ဆင်နေကြသနည်း။ သူတို့က ဆူပူမှုများကို အခွင့်ကောင်းယူကာ သစ်ရွက်ကြွေ နယ်မြေရှိ ကျင်းမိသားစု၏ အရာရှိများနှင့် စစ်တပ်များကို မောင်းထုတ်ပြီး ဤလယ်ယာမြေများကို ရေရှည် သိမ်းပိုက်ထားရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စာချုပ်များတွင် ဤလယ်ယာမြေများက ကျင်းမိသားစု ပိုင်ဆိုင်ပြီး သူတို့က သီးစားလယ်သမားများသာ ဖြစ်ကြောင်းကို ရှင်းလင်းစွာ ရေးသားထားသောကြောင့်ပင်။

သို့ပေမည့် ကျင်းမိသားစု၏ အရာရှိများနှင့် စစ်တပ်ကိုသာ မောင်းထုတ်လိုက်နိုင်ပါက ဤလယ်ယာမြေများက သူတို့အပိုင် ဖြစ်သွားနိုင်၏။ နယ်စားများမဟာမိတ်အဖွဲ့၏ တပ်ကြီး ရောက်လာချိန်မှာတော့ သူတို့က စားစရာ၊ သောက်စရာများဖြင့် ကြိုဆိုလိုက်ပါက ဤကိစ္စကို အောင်မြင်စွာ ဖြေရှင်းနိုင်မည်ဟု တွေးတောထားကြသည်။

ထို့ကြောင့် ဤတစ်လ၊ နှစ်လအတွင်း သစ်ရွက်ကြွေနယ်မြေတွင် ဆူပူအုံကြွမှုများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့၏။

ကျင်းမိသားစုမှ စေလွှတ်ထားသော အောက်ခြေ အရာရှိများလည်း အကြောင်းရင်း မသိရဘဲ သေဆုံးသွား ခဲ့ရသည်။

အထူးသဖြင့် ကျင်းမိသားစု စစ်တပ်က ဆန်စပါး လာရောက် ကောက်ခံချိန်တွင် အပြင်းအထန် ဟန့်တားခံရပြီး ပြင်းထန်သော ပဋိပက္ခများ ဆယ်ကြိမ်မက ဖြစ်ပွားခဲ့၏။

ထို့အပြင် ပဋိပက္ခများက တစ်နေ့တခြား ပိုမို ပြင်းထန်လာခဲ့၏။ သစ်ရွက်ကြွေနယ်မြေတွင် ကျင်းမိသားစု၏ စစ်တပ်က လူနှစ်ထောင်ပင် မပြည့်ချေ။ သို့ပေမည့် စုရုံးလာသော ခွန်အားကြီးမားသည့် လယ်သမားများမှာမူ သောင်းချီ ရှိနေသည်။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း သစ်ရွက်ကြွေနယ်မြေမှ သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်ရှိ လာတော့သည်။

ယနေ့တွင်မူ အဆိုးရွားဆုံး သတင်းဆိုးကြီး ရောက်ရှိလာခဲ့၏။

စစ်ဗျူဟာမှူး ဇိုအန်က စစ်တပ်ကို ဦးဆောင်ကာ ဆန်စပါး ကောက်ခံရန် သွားရောက်ချိန်တွင် သစ်ရွက်ကြွေနယ်မြေရှိ လယ်သမားများ၏ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးသော ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရသည်။

လယ်သမား ခြောက်သောင်းကျော်က ဇိုအန်၏ စစ်သည် နှစ်ထောင်မပြည့်သော စစ်တပ်ကို ဝိုင်းရံကာ၊ ထမ်းပိုးများ၊ ပေါက်ပြားများ ကိုင်ဆောင်ပြီး ဆူပူအုံကြွကြတော့၏။

လူအမြောက်အများက သစ်ရွက်ကြွေနယ်မြေ ရဲတိုက်အတွင်းသို့ ဝင်ရောက်ကာ ဆန်စပါးများ၊ ရွှေငွေများ၊ ထွန်ယက်ရန် နွားများနှင့် စစ်မြင်းများကိုပါ လုယူကြသည်။

ကျင်းကျုံးယွဲ့မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့၏။ “ရှင်တို့ သစ်ရွက်ကြွေနယ်မြေက လယ်သမားတွေကပါ အခက်အခဲ ကြုံနေချိန်မှာ အခွင့်ကောင်းယူပြီး လုယက်ကြတယ်ပေါ့။ ကျွန်မတို့ သစ်ရွက်ကြွေနယ်မြေကို ပြန်ရတုန်းက ကြီးမားတဲ့ ရှင်းလင်းမှုတွေ၊ စစ်ဆေးမှုတွေ လုပ်သင့်တာ။ ဒါပေမဲ့ ကျွန်မတို့ မလုပ်ခဲ့ဘူး။

တကယ်ဆို လယ်ယာမြေတွေကို ပြန်တိုင်းပြီး မော့မိသားစုရဲ့ ခွဲဝေမှုတွေကို လုံးဝ ဖျက်သိမ်းကာ အသစ်ပြန်လည် ခွဲဝေပေးသင့်တာ။ စကားနားထောင်တဲ့သူကို လယ်ယာမြေ ပိုပေးပြီး၊ စကား နားမထောင်တဲ့သူကို လျှော့ပေးတာ ဒါမှမဟုတ် သိမ်းယူတာမျိုး လုပ်သင့်တာ။

ဒါပေမဲ့ ဆောင်းစပါး စိုက်ပျိုးရေး နောက်ကျမှာ စိုးလို့ အဲဒီကိစ္စကို ရွှေ့ဆိုင်းခဲ့ပြီး ဘာမှ မပြောင်းလဲဘဲ မော့မိသားစုရဲ့ ခွဲဝေမှုအတိုင်းပဲ ဆက်ထားပေးခဲ့တယ်။ လူဟောင်းတွေပဲ လယ်ဟောင်းတွေကို ဆက်စိုက်ခိုင်း ခဲ့တယ်။

အရင်က မော့မိသားစုက ဆန်စပါး ရှစ်ဆယ်ရာခိုင်နှုန်း ယူပေမဲ့၊ ကျွန်မတို့ ကျင်းမိသားစုက ခုနစ်ဆယ် ရာခိုင်နှုန်းပဲ ယူတာလေ။ ဒီနှစ်မှာ သစ်ရွက်ကြွေနယ်မြေက အုပ်ချုပ်သူ ပြောင်းသွားပေမဲ့ ရှင်တို့ သီးစား လယ်သမားတွေက သမိုင်းတစ်လျှောက် အကောင်းဆုံး ဘဝကို ရနေတာ မဟုတ်ဘူးလား။ ဘာလို့ ဆူပူအုံကြွချင်နေကြတာလဲ။ ဘာလို့ ပုန်ကန်ချင်နေကြတာလဲ။”

ကျင်းကျုံးယွဲ့၏ စရိုက်အရဆိုလျှင် တိုက်ရိုက် သတ်ဖြတ်ပစ်ပေလိမ့်မည်။ သူမ၏ အတွင်းစိတ်ထဲတွင် ဖျက်ဆီးလိုစိတ်များ ပြည့်နှက်နေသည် မဟုတ်ပါလား။ ပုန်ကန်သူ အကုန်လုံးကို သတ်ပစ်လိုက်မှာ ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့က သူမ၏ လက်ကို ကိုင်ကာ ညင်သာစွာ ပြောလိုက်၏။ “စစ်ဗျူဟာမှူး ဇိုအန်ကို ပြန်ဆုတ်လာခိုင်းလိုက်ပါ။ အဲဒီ ဆန်စပါးတွေကိုလည်း မယူနဲ့တော့။ အဲဒီ လယ်ယာမြေတွေကို သူတို့ လုချင်တယ်ဆိုရင်လည်း လောလောဆယ် လုထားခိုင်းလိုက်ပါ။”

ကျင်းကျုံးယွဲ့က အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။ “ဒီလောကမှာ ရိုးသားဖြူစင်တဲ့ လူဆိုတာ မရှိဘူး။ လူတွေရဲ့ စိတ်က အကုန် ယုတ်မာကြတာပဲ။”

ယွင်ကျုံးဟဲ့က ဘာမှ ထပ်မပြောတော့ချေ။ လူ့သဘာဝဆိုသည်မှာ အလွန် ရှုပ်ထွေးလှပြီး အလှပဆုံး အရာများ ရှိသလို အကျည်းတန်ဆုံး အရာများလည်း ရှိနေသောကြောင့် ဖြစ်၏။

ကျင်းကျုံးယွဲ့၏ အမိန့်ပေးသံနှင့်အတူ စစ်ဗျူဟာမှူး ဇိုအန်က စစ်သည် နှစ်ထောင်မပြည့်သော စစ်တပ်ကို ဦးဆောင်ကာ သစ်ရွက်ကြွေနယ်မြေမှ ဆုတ်ခွာလာခဲ့သည်။

သစ်ရွက်ကြွေနယ်မြေမှ သောင်းချီသော သူပုန်များက ချက်ချင်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ သူတို့ အောင်ပွဲခံနိုင်ခဲ့ပြီ ဖြစ်ပြီး နောက်ပိုင်းတွင် သစ်ရွက်ကြွေနယ်မြေက သူတို့ပိုင် ဖြစ်သွားပေတော့မည်။

“ခင်ဗျားတို့ သွားချင်ရင် သွားလို့ ရတယ်။ ဒါပေမဲ့ ဆန်စပါးတွေ အကုန်လုံး ထားခဲ့ရမယ်။” သူပုန်ခေါင်းဆောင်က အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။

စစ်ဗျူဟာမှူး ဇိုအန်က ပြောလိုက်၏။ “ဒီဆန်စပါးတွေက အရင်က ကျုပ်တို့ ကောက်ခံထားတဲ့ အခွန်တွေနဲ့ စစ်ရိက္ခာတွေလေ။”

သူပုန်ခေါင်းဆောင်က ခေါင်းခါလိုက်သည်။ “ဒါတွေ ကျုပ်တို့ ဂရုမစိုက်ဘူး။ အသက်ရှင်ချင်ရင် သစ်ရွက်ကြွေ နယ်မြေကနေ ထွက်သွား။ အခုကစပြီး သစ်ရွက်ကြွေနယ်မြေက ကျုပ်တို့ပိုင်တဲ့ သစ်ရွက်ကြွေနယ်မြေပဲ။ ခင်ဗျားတို့ ကျင်းမိသားစုနဲ့ ဘာမှ မဆိုင်တော့ဘူး။ ဒီက ဆန်စပါး တစ်စေ့လေးတောင် ယူသွားလို့ မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစုကလည်း သိပ်မကြာခင် သေတော့မှာပဲလေ။”

ထိုအချိန်တွင် ဘေးရှိ ခေါင်းဆောင်အချို့က မနေနိုင်ဘဲ ပြောလိုက်ကြ၏။ “ခေါင်းဆောင်ကြီး… ဒီလူ နှစ်ထောင်ကို သတ်ပြီး သူတို့ ခေါင်းတွေကို ထန်ထိုင်မဟာမိတ်ခေါင်းဆောင်ဆီ ဆက်သလိုက်ရင် ဘယ်လိုလဲ။ ဒါဆို ကြီးမားတဲ့ အောင်မြင်မှုရပြီး နောင်ကျရင် ခေါင်းဆောင်ကြီးက သစ်ရွက်ကြွေနယ်မြေရဲ့ မြို့စား ဖြစ်လာနိုင်တယ်။ ကျုပ်တို့လည်း အရာရှိ ဖြစ်လာနိုင်တာပေါ့။”

သူပုန်ခေါင်းဆောင်မှာ အလွန် စိတ်ဝင်စားသွားသည်။

စစ်ဗျူဟာမှူး ဇိုအန်က ထိုစကားများကို ကြားချိန်မှာတော့ မျက်နှာပျက်သွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ စစ်သည် နှစ်ထောင်က တပြိုင်နက်တည်း ဓားများ ဆွဲထုတ်လိုက်ကြရာ သူပုန် ငါးသောင်း၊ ခြောက်သောင်းခန့်မှာ အလွန် လန့်သွားကြ၏။

“ထွက်သွား”

သစ်ရွက်ကြွေနယ်မြေ သူပုန်ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။ “လေခွင်းမြို့ကို ပြန်ပြီး ကျင်းကျုံးယွဲ့ ခွေးလင်မယားနဲ့ အတူ သွားသေလိုက်ကြ။ ကျုပ်တို့ သစ်ရွက်ကြွေနယ်မြေကနေ ချက်ချင်း ထွက်သွား။ မဟုတ်ရင် သွားလို့ မရတော့ဘူး။”

စစ်ဗျူဟာမှူး ဇိုအန်က အမိန့်ပေးလိုက်၏။ “စစ်သည် အားလုံး… ဆန်စပါးတွေကို ထားခဲ့ပြီး လေခွင်းမြို့ကို ပြန်ဆုတ်မယ်။”

ထို့နောက် ကျင်းမိသားစု၏ စစ်သည် နှစ်ထောင်က အလွန် ဝမ်းနည်း နာကြည်းစွာဖြင့် သစ်ရွက်ကြွေနယ်မြေမှ ဆုတ်ခွာလာခဲ့ကြသည်။

သစ်ရွက်ကြွေနယ်မြေမှ သူပုန် သောင်းချီက လက်ခုပ်တီးကာ ရယ်မောပြီး ဝမ်းသာအားရ အော်ဟစ်နေကြသည်။ အချို့သော လူမိုက်များက မိမိတို့၏ အင်္ဂါများကို ထုတ်ကာ ဆီးသွား၍ပင် နှုတ်ဆက်ကြသေး၏။

“ကျင်းမိသားစုက စစ်သူကြီးတွေ… ကျုပ်ရဲ့ သေးလေး နည်းနည်းလောက် မြည်းသွားအုံးမလား။ ဟား ဟား ဟား”

“ပြန်သွားကြတော့… သိပ်မကြာခင်မှာ ခင်ဗျားတို့ရဲ့ မြို့စား ကျင်းကျုံးယွဲ့က အရင် မုဒိမ်းကျင့်ခံရပြီးမှ အသတ်ခံရတော့မှာ။ ဟား ဟား ဟား”

ကျင်းမိသားစု၏ စစ်သည် နှစ်ထောင်မှာ အလွန် အရှက်ရပြီး ဒေါသထွက်လွန်းသောကြောင့် သူပုန်များကို သတ်ပစ်ချင်နေကြသော်လည်း စစ်မိန့်ရှိနေသောကြောင့် တိတ်ဆိတ်စွာသာ ဆုတ်ခွာလာခဲ့ရ၏။

ထို့နောက် ဤသစ်ရွက်ကြွေနယ်မြေ သူပုန်များက သစ်ရွက်ကြွေနယ်မြေ ရဲတိုက်အတွင်းသို့ ချက်ချင်း ဝင်ရောက်ကာ သူတို့ကိုယ် သူတို့သစ်ရွက်ကြွေနယ်မြေ၏ အုပ်ချုပ်သူများအဖြစ် သတ်မှတ်လိုက်ကြသည်။

သူတို့က ကျင်းမိသားစု၏ အလံကို ဆွဲချကာ အကြိမ်တစ်ရာမက နင်းခြေပြီးနောက် မီးရှို့ပစ်လိုက်ကြ၏။

ထို့နောက် နယ်စားများမဟာမိတ်အဖွဲ့၏ အလံကို လွှင့်ထူလိုက်ကြသည်။ သို့ပေမည့် ဤအလံမှာ အလျင်စလို ပြုလုပ်ထားသောကြောင့် အလွန် ကြမ်းတမ်းပြီး စောင်းရွဲ့နေလေသည်။

“အားလုံးပဲ ပြင်ဆင်ထားကြ… အကောင်းဆုံး ဆန်စပါးတွေ၊ အရက်တွေ၊ သစ်သီးတွေ ပြင်ဆင်ပြီး ထန်ထိုင်မိသားစုရဲ့ မဟာမိတ်တပ်ကြီးကို ကြိုဆိုကြမယ်။”

....................

အပိုင်း (၁၅၂)

ထန်ထိုင်ကျင့် ဦးဆောင်သော စစ်သည် တစ်သိန်းပါဝင်သည့် မဟာမိတ်တပ်ကြီးက လေခွင်းချိုင့်ဝှမ်းဆီသို့ ဆက်လက် ချီတက်လာနေ၏။

လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး တိမ်မဲများ ဖုံးလွှမ်းနေပြီး ဤမျှ ကြီးမားသော ဖိအားကို လုံးဝ မခံနိုင်တော့ချေ။

ယခင် ဆန်စပါး ပြတ်လပ်မှု အကျပ်အတည်းတုန်းက လူတစ်သိန်းကျော် ထွက်ပြေးသွားခဲ့ကြ၏။

ယခု နယ်စားများမဟာမိတ်အဖွဲ့က ကျင်းမိသားစုကို အားလုံး ပေါင်းတိုက်မည်ဟု ပြောချိန်မှာတော့ လေခွင်းချိုင့်ဝှမ်း နယ်မြေအတွင်းရှိ ပြည်သူများ ပိုမို ထိတ်လန့်လာကြတော့သည်။

ရက်အနည်းငယ် အတွင်းမှာပင် လေခွင်းချိုင့်ဝှမ်းရှိ နယ်မြေ ဆယ်ခုကျော်အနက် နယ်မြေ ငါးခုက ကျင်းမိသားစုမှ ခွဲထွက်ကြောင်း ကြေညာလိုက်ပြီး နယ်စားများမဟာမိတ်အဖွဲ့ကို သစ္စာခံကာ ကောင်းကင်ဘုံ၏ အလိုကို လိုက်နာပြီး မဟာမိတ်တပ်ကြီးကို ကြိုဆိုမည်ဟု ကြေညာလိုက်ကြ၏။

ထိုမျှမက လေခွင်းမြို့ကိုပါ ပူးပေါင်း တိုက်ခိုက်မည်ဟု ဆိုကြသေးသည်။ သေချာသည်မှာ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး၏ စစ်တပ် အများစုက လေခွင်းမြို့တွင်သာ ရှိနေသောကြောင့် ထိုနယ်မြေများတွင် စစ်တပ် ရှိလျှင်တောင် အနည်းငယ်သာ ရှိပေလိမ့်မည်။

ကျန်ရှိသော နယ်မြေ အများစုကတော့ ဤမျှအထိ ပြတ်သားစွာ မလုပ်ဆောင်ရဲကြဘဲ အရေးကြီးသော အချိန်တွင် ကျင်းမိသားစုကို နောက်ကျောမှ ဓားဖြင့် မထိုးဝံ့ကြချေ။

သို့ပေမည့် သူတို့က ကျင်းကျုံးယွဲ့၏ အမိန့်ဖြစ်သော စစ်တပ်နှင့် ပြည်သူများ အားလုံး လေခွင်းမြို့အတွင်းသို့ ဝင်ရောက်ရန် ဆိုသည်ကိုလည်း မနာခံလိုကြပေ။

ဤရက်ပိုင်းအတွင်း ကျင်းကျုံးယွဲ့၏ မြို့စားအိမ်တော်က အမိန့်များ အဆက်မပြတ် ထုတ်ပြန်နေခဲ့၏။

လေခွင်းချိုင့်ဝှမ်းရှိ ပြည်သူများ အားလုံးနှင့် စစ်တပ်များ အားလုံး လေခွင်းမြို့အတွင်းသို့ အမြန်ဆုံး ဝင်ရောက် ခိုလှုံကြရန် အမိန့်ပေးခဲ့သည်။ သို့ပေမည့် အမိန့်ကို တကယ် နာခံသူမှာ သုံးဆယ်ရာခိုင်နှုန်းပင် မပြည့်ချေ။

လူတိုင်း၏ အမြင်တွင် ထန်ထိုင်မြဲ့မင်က ကျင်းမိသားစုကိုသာ ဖျက်ဆီးလိုခြင်းဖြစ်ပြီး သူ သိမ်းပိုက်လိုသည်မှာ လေခွင်းမြို့သာ ဖြစ်၏။ ဤအချိန်တွင် လေခွင်းမြို့ထဲသို့ ဝင်သွားခြင်းမှာ သေတွင်းထဲသို့ ဝင်သွားခြင်းပင် မဟုတ်ပါလား။

သူတို့က အရေးကြီးသော အချိန်တွင် ကျင်းမိသားစုကို နောက်ကျောမှ ဓားဖြင့် ထိုးသည့် လုပ်ရပ်မျိုး မလုပ်ရဲသော်လည်း ကျင်းကျုံးယွဲ့နှင့်အတူ အသေခံရန် ဆိုသည်မှာလည်း အလွန် ခက်ခဲလှပေသည်။

တစ်လတိတိ ကြာပြီးနောက်တွင်မူ နယ်မြေ ငါးခုက စစ်သည် တစ်ထောင်နှင့် ပြည်သူ သောင်းချီကို ခေါ်ဆောင်ကာ လေခွင်းမြို့အတွင်းသို့ ဝင်ရောက်လာကြ၏။

ကျန်ရှိသော နယ်မြေများကမူ ကျင်းကျုံးယွဲ့၏ အမိန့်ကို လုံးဝ ဂရုမစိုက်ကြတော့ချေ။ သူတို့က လေခွင်းမြို့ ကျရှုံးမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

ကျင်းမိသားစု ပျက်စီးသွားကာ ထန်ထိုင်မြဲ့မင်က လေခွင်းမြို့၏ အရှင်သခင်သစ် ဖြစ်လာမည့် အချိန်ကို စောင့်နေကြ၏။ ထိုအခါမှ အရှင်သခင်သစ်ကို သစ္စာခံရန် ပြင်ဆင်နေကြခြင်းပင်။

တကယ့်ကို ဘေးအန္တရာယ် ကြုံလာချိန်တွင် ကိုယ့်လမ်းကိုယ် သွားကြခြင်းပင်။ တိုက်ပွဲ မစတင်မီကပင် လေခွင်းမြို့ သေချာပေါက် ကျရှုံးမည်ဖြစ်ပြီး ကျင်းမိသားစု သေချာပေါက် ပျက်စီးမည်ဟု လူတိုင်းက ထင်မြင်နေကြ၏။ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးက လုံးဝ သစ္စာဖောက်ခံလိုက်ရပြီ ဖြစ်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထန်ထိုင်ကျင့် ဦးဆောင်သော စစ်သည် တစ်သိန်းပါဝင်သည့် မဟာမိတ်တပ်ကြီးက နောက်ဆုံး၌ လေခွင်းချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။

သူ၏ အမိန့်ပေးသံနှင့်အတူ စစ်သည် တစ်သိန်းက လေးဖွဲ့ခွဲကာ တစ်ဖွဲ့က ပိုင်ယင်နယ်မြေကို သွားတိုက်ပြီး၊ တစ်ဖွဲ့က လန်ထျန်နယ်မြေကို သွားတိုက်၏။ တတိယ တစ်ဖွဲ့က သစ်ရွက်ကြွေနယ်မြေကို သွားတိုက်ပြီး နောက်ဆုံးတစ်ဖွဲ့က လေခွင်းမြို့၏ အခြားသော နယ်မြေများကို သွားတိုက်ကြသည်။

ပိုင်ယင်နယ်မြေနှင့် လန်ထျန်နယ်မြေတို့မှာ ဆားထွက်ရှိရာ နေရာများဖြစ်ပြီး လေခွင်းချိုင့်ဝှမ်း၏ စီးပွားရေး အသက်သွေးကြောများ ဖြစ်ကြ၏။

သစ်ရွက်ကြွေနယ်မြေကတော့ ပြောစရာပင် မလိုချေ။ ရိက္ခာ အသက်သွေးကြောဖြစ်ပြီး မဟာမိတ်တပ်ကြီး၏ အဓိက သိမ်းပိုက်ရမည့် ပစ်မှတ်လည်း ဖြစ်သည်။

လေခွင်းချိုင့်ဝှမ်း၏ လွတ်လပ်စွာ အုပ်ချုပ်ခွင့်ပြုသော မူဝါဒအောက်တွင် သစ်ရွက်ကြွေနယ်မြေရှိ လယ်သမားများမှာ သိပ်ပြီး ဒုက္ခမရောက်ခဲ့ကြချေ။ အာဏာလွှဲပြောင်းမှု ဖြစ်ပေါ်ခဲ့သော်လည်း လယ်ယာမြေ အများစုမှာ ဒုတိယသီးနှံ (ဆောင်းစပါး) ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြ၏။

ယခုအချိန်က ဆောင်းစပါး ရိတ်သိမ်းချိန် ဖြစ်သည်။ သစ်ရွက်ကြွေနယ်မြေက အလွန် မြေသြဇာ ကောင်းမွန်သောကြောင့် ဆန်စပါးများသာမက အသီးအနှံများလည်း အမြောက်အမြား ထွက်ရှိ၏။ ထို့ကြောင့် ထန်ထိုင်မြဲ့မင်က ဤအချိန်ကို ရွေးချယ်၍ စစ်ချီလာခြင်းမှာလည်း အလွန် ကောက်ကျစ်စဉ်းလဲလှပေသည်။

စစ်သည် နှစ်သောင်းက မော့မိသားစု နယ်မြေကို ရှောင်ကွင်း၍ သစ်ရွက်ကြွေနယ်မြေအတွင်းသို့ ဝင်ရောက်လာကြ၏။

သစ်ရွက်ကြွေနယ်မြေ၏ သူပုန်ခေါင်းဆောင်က စောစောတည်းက စောင့်ဆိုင်းနေပြီး လူသောင်းချီကို ဦးဆောင်ကာ အသီးအနှံများ၊ ပန်းများ၊ အရက်များ ကိုင်ဆောင်လျက် နယ်စားများ မဟာမိတ်တပ်ကြီးကို လမ်းဘေး တစ်ဖက်တစ်ချက်မှ ကြိုဆိုနေကြသည်။

ထို့အပြင် သူက လူထောင်ပေါင်းများစွာ ပါဝင်သော ပြည်သူ့စစ်တပ် တစ်တပ်ကိုလည်း သေချာစွာ ဖွဲ့စည်းထားပြီး လမ်းဘေးတွင် တန်းစီ ရပ်ခိုင်းထားသေး၏။

သစ်ရွက်ကြွေနယ်မြေသို့ ဝင်ရောက်လာသော စစ်သည် နှစ်သောင်း၏ စစ်သူကြီးမှာ ထန်ထိုင်ဖန် ဖြစ်၏။ သူ ဦးဆောင်လာသော စစ်သည် နှစ်သောင်းမှာ ထန်ထိုင်မိသားစု၏ စစ်သည်များ မဟုတ်ဘဲ အခြား မြို့စားများ၏ မဟာမိတ်တပ်များသာ ဖြစ်သည်။

သစ်ရွက်ကြွေနယ်မြေ သူပုန်ခေါင်းဆောင်က ရှေ့တိုးလာပြီး ဦးညွှတ်လျက် လျှောက်တင်လိုက်၏။ “စစ်သူကြီးကို သတင်းပို့ပါတယ်။ ကျုပ်တို့က ကျင်းမိသားစုရဲ့ သူပုန်တွေကို မောင်းထုတ်လိုက်ပြီး လူရာဂဏန်းလောက်ကိုလည်း သတ်ပစ်လိုက်ပါပြီ။ ကျုပ်တို့က တရားမျှတမှု ဘယ်ဘက်မှာ ရှိတယ်ဆိုတာ သိသလို ကောင်းကင်ဘုံရဲ့ အလိုကိုလည်း လိုက်နာတတ်ပါတယ်။”

ထန်ထိုင်ဖန်က ခန့်ညားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သူပုန်ခေါင်းဆောင်ကို ကြည့်ကာ စကားတစ်ခွန်းမှ မဆိုချေ။

သူပုန်ခေါင်းဆောင်က ဆက်ပြော၏။ “ယွင်ကျုံးဟဲ့က အလွန် အောက်တန်းကျပြီး အရှက်မရှိတဲ့သူပါ။ ကျင်းကျုံးယွဲ့ကလည်း မိန်းမပျက် တစ်ယောက်ပါ။ ဒီခွေးလင်မယား နှစ်ယောက်က ဒီလောကမှာ အသက်ရှင်နေဖို့ ဘယ်လို မျက်နှာမျိုး ရှိသေးလို့လဲ။

ကျုပ်တို့ သစ်ရွက်ကြွေနယ်မြေက ပြည်သူတွေက သခင်ကြီး ထန်ထိုင်ရဲ့ စစ်ကြေညာစာကို ဖတ်ပြီး အရမ်း ဒေါသထွက်သွားလို့ ကျင်းမိသားစုရဲ့ အရာရှိတွေကို သတ်ပြီး ခွဲထွက်လိုက်တာပါ။ နောက်ပိုင်းမှာ ကျုပ်တို့လည်း စစ်တပ် ဖွဲ့စည်းပြီး မဟာမိတ်တပ်ကြီးနဲ့ အတူတူ လေခွင်းမြို့ကို သွားတိုက်ပါ့မယ်။ ကျင်းကျုံးယွဲ့နဲ့ ယွင်ကျုံးဟဲ့ဆိုတဲ့ ခွေးလင်မယား နှစ်ယောက်ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်ပါ့မယ်။

ကဲ... မဟာမိတ်တပ်ကြီးကို ကြိုဆိုကြ...”

သူပုန်ခေါင်းဆောင်၏ အမိန့်ပေးသံနှင့်အတူ တေးဂီတသံများ ထွက်ပေါ်လာပြီး မဟာမိတ်တပ်ကြီးကို အစားအသောက်များဖြင့် အားပါးတရ ကြိုဆိုကြတော့၏။

ထန်ထိုင်ဖန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ဓားရှည်ကြီးကို ရုတ်တရက် ဆွဲထုတ်ကာ ထိုသူပုန်ခေါင်းဆောင်၏ ခေါင်းကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

“ရွှစ်.... ဘုတ်”

စက္ကန့်ပိုင်းအတွင်း ခေါင်းပြတ်ကျသွား၏။

ထန်ထိုင်ဖန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကျင်းမိသားစုရဲ့ သူပုန်တွေက ကျုပ်တို့ မဟာမိတ်တပ်ကြီး ဝင်လာတာကို ဟန့်တားရဲတယ်ပေါ့။ သတ်...”

ထန်ထိုင်ဖန်၏ အမိန့်ပေးသံနှင့်အတူ စစ်သည် နှစ်သောင်းက ကျားရိုင်းများအလား ပြေးဝင် တိုက်ခိုက် ကြတော့သည်။ ချက်ချင်းပဲ သစ်ရွက်ကြွေနယ်မြေမှ ဖွဲ့စည်းထားသော ပြည်သူ့စစ် ထောင်ပေါင်း များစွာမှာ အသတ်ခံလိုက်ရတော့၏။

မြေပြင် တစ်ခုလုံးတွင် သွေးများ၊ ခေါင်းပြတ်များ ပြည့်နှက်သွား၏။ ဤသည်မှာ တကယ့် သတ်ဖြတ်ပွဲကြီးပင် ဖြစ်သည်။

ထို့နောက် ထန်ထိုင်ဖန်၏ စစ်သည် နှစ်သောင်းက သစ်ရွက်ကြွေနယ်မြေ တစ်ခုလုံးကို အားစိုက်ထုတ်စရာပင် မလိုဘဲ သိမ်းပိုက်လိုက်တော့၏။

ထို့နောက် သစ်ရွက်ကြွေနယ်မြေမှ လယ်သမားများမှာ ဒုက္ခရောက်ကြတော့သည်။ အပင်ပန်းခံ ရိတ်သိမ်း ထားသော ဆန်စပါးများ အားလုံး အကုန်အစင် လုယူခံလိုက်ရ၏။ ဤဆောင်းစပါး ရိတ်သိမ်းမှုက လဝက်ကျော် ကြာမြင့်ခဲ့ပြီး သုံးပုံတစ်ပုံကျော်ကို လေခွင်းမြို့သို့ သယ်ဆောင်သွားပြီး ဖြစ်သည်။

သို့ပေမည့် နောက်ပိုင်းတွင် သစ်ရွက်ကြွေနယ်မြေမှ လယ်သမားများက ကျင်းမိသားစုကို ဆန့်ကျင်ကာ ကျန်ရှိသော ဆန်စပါး ခုနစ်ဆယ်ရာခိုင်နှုန်းကို သူတို့က သိမ်းပိုက်ထားခဲ့ကြ၏။ ယခုတော့ ဤဆန်စပါးများ အားလုံးကိုပါ အကုန်အစင် လုယူခံလိုက်ရပြီ ဖြစ်၏။

ထိုမျှမက သစ်ရွက်ကြွေနယ်မြေရှိ အမျိုးသမီးများစွာလည်း မုဒိမ်းကျင့် ခံခဲ့ရ၏။ သစ်ရွက်ကြွေနယ်မြေရှိ လယ်သမားများမှာ ကယ်သူမဲ့ ဖြစ်နေကြတော့သည်။

‘သေသင့်တဲ့ နယ်စားများမဟာမိတ်တပ်ကြီး... အရင်က ကျင်းမိသားစုရဲ့ စစ်တပ် ဝင်လာတုန်းကတောင် ကျုပ်တို့ကို ဒီလောက် ဒုက္ခမပေးခဲ့ဘူးလေ။ စားဖို့ ဆန်စပါးတွေတောင် ချန်ထားပေးခဲ့သေးတယ်။ အခု ခင်ဗျားတို့ မဟာမိတ်တပ်ကြီး ရောက်လာတော့ ကျုပ်တို့ရဲ့ ဆန်စပါးတွေကို အကုန် လုသွားတယ်။

ကျုပ်တို့ ဆောင်းတွင်းကို ဘယ်လို ဖြတ်သန်းရတော့မလဲ။ ကျင်းမိသားစုရဲ့ စစ်တပ် ဝင်လာတုန်းက ကျုပ်တို့ရဲ့ မိန်းမတွေကိုလည်း မစော်ကားခဲ့ပါဘူး။ ခင်ဗျားတို့ မဟာမိတ်တပ်ကြီးက လူတွေ အကုန်လုံးက တိရစ္ဆာန်တွေလား။’

သို့ပေမည့် မဟာမိတ်တပ်ကြီးဘက်ကလည်း အကြောင်းပြချက် ရှိ၏။

‘ခင်ဗျားတို့လို အသုံးမကျတဲ့ လယ်သမားတွေကို ကျုပ်တို့ မဟာမိတ်တပ်ကြီးက ကျင်းမိသားစုရဲ့ ဖိနှိပ်မှုအောက်ကနေ အပင်ပန်းခံ ကယ်တင်ပေးခဲ့ရတာလေ။ ခင်ဗျားတို့ရဲ့ ဆန်လေး နည်းနည်း စားတာ ဘာဖြစ်လဲ။ ခင်ဗျားတို့ရဲ့ မိန်းမလေး နည်းနည်းနဲ့ အိပ်တာ ဘာဖြစ်လဲ။’

အချုပ်အားဖြင့် ဤစစ်သည် နှစ်သောင်းက သစ်ရွက်ကြွေနယ်မြေသို့ ဝင်ရောက်လာပြီးနောက် ဤနယ်မြေရှိ လူနှစ်သိန်းကျော်မှာ လုံးဝ ဒုက္ခရောက်သွားကြတော့သည်။

မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေပြီး ရက်အနည်းငယ် အတွင်းမှာပင် လူသောင်းချီ သေဆုံး ဒဏ်ရာရခဲ့ကြသည်။ သစ်ရွက်ကြွေနယ်မြေမှ ပြည်သူများမှာ နေ့စဉ် ငိုကြွေးနေကြရပြီး အလွန်လည်း နောင်တရလို့နေကြ၏။

‘ဘာဖြစ်လို့ အရင်တုန်းက ထန်ထိုင်မြဲ့မင်ရဲ့ စကားကို နားယောင်ပြီး ကျင်းမိသားစုကို ဘာလို့ ပုန်ကန်ခဲ့မိတာလဲ။ ကျင်းမိသားစုရဲ့ စစ်တပ်ကို ဘာလို့ မောင်းထုတ်ခဲ့မိတာလဲ။ အခု ကျုပ်တို့ ဒုက္ခရောက်နေတော့ ကယ်မဲ့လူ မရှိတော့ဘူး။’

“သခင်ကြီး… မဟာမိတ်တပ်ကြီးက သစ်ရွက်ကြွေနယ်မြေမှာ အရမ်း လွန်ကဲနေပါပြီ။ ဒီလို မီးရှို့သတ်ဖြတ် လုယက်နေတာ တကယ်ကို ကောင်းကင်ဘုံရဲ့ အလိုနဲ့ ဆန့်ကျင်နေပါတယ်။”

အကြံပေး တစ်ဦးက လျှောက်တင်လိုက်သည်။ “ဒီသစ်ရွက်ကြွေနယ်မြေက ပြည်သူတွေက သခင်ကြီးရဲ့ ကြေညာချက်ကို ဖတ်ပြီး ကျင်းမိသားစုကို ပုန်ကန်ခဲ့ကြတာပါ။ ဇိုအန်ကို မောင်းထုတ်ခဲ့တာလည်း သူတို့ပါပဲ။ ပြီးတော့ သူတို့က ပြည်သူ့စစ်ဖွဲ့ပြီး ကျုပ်တို့နဲ့အတူ လေခွင်းမြို့ကို သွားတိုက်ချင်နေကြတာပါ။”

ထန်ထိုင်မြဲ့မင်က လက်ဖက်ရည်ကို ဆက်လက် ကျိုနေရင်း တည်ငြိမ်စွာ မေးလိုက်၏။ “ရှုတာ… ဒီလယ်သမားတွေက မင်းရဲ့ မိဘတွေလား။”

အကြံပေးက ဖြေလိုက်သည်။ “မဟုတ်ပါဘူး။ ကျုပ်က ပညာတတ် မျိုးရိုးက လာတာပါ။ ဘယ်လိုလုပ်ပြီး ဒီလို အဆင့်နိမ့်တဲ့ မိဘတွေ ရှိမှာလဲ။”

ထန်ထိုင်မြဲ့မင်က ထပ်မေး၏။ “ဒါဆို ဒီလယ်သမားတွေက မင်းရဲ့ ညီအစ်ကိုတွေလား။”

အကြံပေးက ပြန်ဖြေလိုက်သည်။ “ပိုလို့တောင် မဟုတ်သေးပါဘူး။”

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “ဒါဆို မင်းက သူတို့ သေတာ ရှင်တာကို ဘာလို့ ဂရုစိုက်နေတာလဲ။”

အကြံပေးက လျှောက်တင်လိုက်သည်။ “သခင်ကြီး… ကျုပ်တို့ ထန်ထိုင်မိသားစုက ဘုရင်ဖြစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် နာမည်ကောင်းက သေချာပေါက် အရေးကြီးပါတယ်။”

ထန်ထိုင်မြဲ့မင်က ရှင်းပြလိုက်၏။ “စစ်တပ် အရင် ရှိရမယ်၊ ပြီးမှ နာမည်ကောင်း ရမှာ။ စစ်တပ်က ပိုအရေးကြီးလား၊ သစ်ရွက်ကြွေနယ်မြေက ပြည်သူတွေက ပိုအရေးကြီးလား။”

အကြံပေး အနည်းငယ် တုန်လှုပ်သွားကာ ဖြေလိုက်သည်။ “သေချာပေါက် စစ်တပ်က ပိုအရေးကြီးတာပေါ့။”

ထန်ထိုင်မြဲ့မင်က ဆက်ပြော၏။ “ဒီတစ်ခါ စစ်သည် တစ်သိန်းမှာ ခုနစ်သောင်းက တခြား မြို့စားတွေရဲ့ မဟာမိတ်တပ်တွေပဲ။ ငါက သူတို့ကို အခြေခံ ရိက္ခာနဲ့ လစာ ပေးထားပေမဲ့ သူတို့ရဲ့ စိတ်နှလုံးကို သိမ်းပိုက်ဖို့တော့ မလုံလောက်သေးဘူး။ ငါ ထန်ထိုင်မြဲ့မင် နောက်ကို လိုက်တာက တခြား မြို့စားတွေ နောက်လိုက်တာထက် ပိုကောင်းတယ်လို့ သူတို့ကို ထင်စေချင်ရင် ဘယ်လိုလုပ်ရမလဲ။”

မည်သို့လုပ်ရမည်နည်း။ ကျိန်းသေပေါက် ဤစစ်တပ်ရှိ စစ်သည်များ၏ တိရစ္ဆာန်ထက် ဆိုးယုတ်သည့် စိတ်ယုတ်၊ စိတ်မာများကို လွှတ်ပေးပြီး သူတို့ကို ချမ်းသာအောင် လုပ်ပေး၊ သူတို့ကို ဖျက်ဆီးခွင့် ပေး၊ သူတို့ကို ပျော်ရွှင်ခွင့် ပေးရမှာဖြစ်သည်။

ထို့ကြောင့် ထန်ထိုင်မြဲ့မင်၏ စစ်မိန့်များတွင် မီးရှို့သတ်ဖြတ်လုယက်ခြင်း မပြုရဟူသော စကား တစ်ခွန်းမှ မပါဝင်ခဲ့ချေ။

အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှ၏။ မဟာမိတ်တပ်ကြီးကို လေခွင်းချိုင့်ဝှမ်း နယ်မြေအတွင်း လွတ်လပ်စွာ ရမ်းကားခွင့် ပေးထားခြင်းပင် ဖြစ်သည်။

လေခွင်းချိုင့်ဝှမ်း၏ ငွေကြေး၊ ရိက္ခာနှင့် အမျိုးသမီးများကို အသုံးပြုကာ ဤစစ်တပ်၏ စိတ်နှလုံးကို သိမ်းပိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး၊ ဤစစ်တပ်ကို ပိုမို အလွယ်တကူ အမိန့်ပေးစေခိုင်းနိုင်ရန် ဖြစ်၏။

ထန်ထိုင်ကျင့်၏ အမိန့်ပေးသံနှင့်အတူ နေရာလေးခုခွဲ၍ လေခွင်းချိုင့်ဝှမ်း နယ်မြေအတွင်းသို့ ဝင်ရောက် တိုက်ခိုက်ရာတွင် မည်သည့် ခုခံမှုမှ မကြုံတွေ့ခဲ့ရဘဲ ဝါးလုံးခွဲသကဲ့သို့ အလွယ်တကူ အောင်မြင်ခဲ့၏။

စစ်သည် သောင်းချီက လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ ဆယ်ရက် အတောအတွင်းမှာပဲ လေခွင်းမြို့မှလွဲ၍ ကျန်ရှိသော နယ်မြေအားလုံး ကျရှုံးသွားခဲ့၏။ အရေးအကြီးဆုံး ဖြစ်သော ပိုင်ယင်နယ်မြေနှင့် လန်ထျန်နယ်မြေတို့လည်း ပါဝင်သည်။

................

All Chapters