← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 14 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 14 Ch. 153-154

အပိုင်း (၁၅၃)

အောင်ပွဲ သတင်းများက ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးသို့ နှင်းပွင့်များအလား ပျံ့နှံ့သွားတော့၏။

ဤအောင်ပွဲများမှာ တကယ်ပင် အားစိုက်ထုတ်စရာ မလိုဘဲ ရရှိခဲ့ခြင်း ဖြစ်သော်လည်း အလွန် ချဲ့ကား၍ ရေးသားကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် မဟာမိတ်အဖွဲ့ ခေါင်းဆောင် ထန်ထိုင်မြဲ့မင်၏ ဉာဏ်ပညာကြီးမားသော ဦးဆောင်မှုအောက်တွင် ကျုပ်တို့ မဟာမိတ်တပ်ကြီးက အောင်ပွဲများ ဆက်တိုက် ရရှိနေပါသည် ဟူ၍ ဖြစ်၏။

ဤစစ်သည် တစ်သိန်းနှင့် ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးတွင် နေ့စဉ်နှင့်အမျှ ထန်ထိုင်မြဲ့မင် ဟူသည့် နာမည် တစ်ခုတည်းကိုသာ ကြားနေရသည်။

ဤသည်ကပင် သူ၏ ရည်ရွယ်ချက် ဖြစ်သည်။ စစ်ပွဲများမှတစ်ဆင့် ဩဇာအာဏာ တည်ဆောက်ရန်၊ ပုဂ္ဂိုလ်ရေး ဂုဏ်သတင်း တည်ဆောက်ရန် ဖြစ်၏။

သို့ပေမည့် ဤစစ်ပွဲက အလွန် သေးငယ်ပြီး အလွန် လွယ်ကူလွန်းလှသည်။ ထို့ကြောင့် အစွမ်းကုန် ချဲ့ကား၍ ဝါဒဖြန့်ရတော့သည်။

အချုပ်အားဖြင့်ဆိုရလျှင် လူတိုင်းက ထန်ထိုင်မြဲ့မင်ကို ပိုင်ရှင်မဲ့ နယ်မြေ၏ အမြင့်ဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ်လာစေရန် တဖြည်းဖြည်း ဖန်တီးနေခြင်း ဖြစ်သည်။ မဟာမိတ်အဖွဲ့ခေါင်းဆောင် အဖြစ်သာမကဘဲ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး၏ ဘုရင်အဖြစ် သတ်မှတ်လာစေရန် ဖြစ်၏။

မြို့စား အများအပြားမှာ စိတ်ထဲတွင် မကျေနပ်ကြသော်လည်း ဤအချိန်တွင် အသံမထွက်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် အသံထွက်လိုက်သည်နှင့် ကျင်းမိသားစုကို သနားသည်ဟု သတ်မှတ်ခံရမှာဖြစ်ပြီး ပိုင်ရှင်မဲ့ နယ်မြေ၏ ဘုံရန်သူ ဖြစ်သွားပေလိမ့်မည်။

မိမိဘက်ပါသူများကို စုစည်းကာ ဆန့်ကျင်သူများကို ဖယ်ရှားခြင်းက ဤမျှ ကြောက်မက်ဖွယ် ကောင်းလှ၏။ အသံတစ်သံတည်းသာ ရှိခွင့်ပြုပြီး ကွဲလွဲသောအသံ ထွက်ရဲပါက သေလမ်းရှာခြင်းပင် ဖြစ်သည်။

နောက်ပိုင်းတွင် ကျင်းမိသားစုကို ဖျက်ဆီးပြီးနောက် ထန်ထိုင်မြဲ့မင်က ဤမဟာမိတ်တပ်ကြီးကို ဖျက်သိမ်းခြင်း မပြုပါက သူသည် တကယ်ပင် ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး၏ ဘုရင် ဖြစ်လာတော့မှာဖြစ်၏။

ထို့အပြင် အင်ပါယာကြီး နှစ်ခု၏ စစ်သည် သန်းချီ ပါဝင်သော ဖိအားများအောက်တွင် မဟာမိတ်တပ်ကြီးမှာ ဖျက်သိမ်းရန် မဆိုထားနှင့် ပို၍ပင် စုစည်းလာပေလိမ့်မည်။

ကြောက်ရွံ့မှုများကြောင့် ဤမြို့စားများ အားလုံးက စုပေါင်းကာ အချင်းချင်း အားကိုးကြမည် ဖြစ်ရာ ဤအချိန်က ရည်မှန်းချက် ကြီးမားသော ထန်ထိုင်မြဲ့မင်အတွက် အခွင့်အရေးလည်း ဖြစ်၏။

ဤဆယ်ရက်ကျော် အတွင်း၌ လေခွင်းမြို့၊ မြို့စားအိမ်တော်သို့ သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်ရှိ လာခဲ့သည်။ နယ်မြေ တစ်ခုပြီးတစ်ခု ကျရှုံးသွားခဲ့၏။ နောက်ဆုံးတွင် နယ်မြေ အားလုံး ကျရှုံးသွားပြီး လေခွင်းမြို့မှာ အထီးကျန် မြို့တစ်မြို့ ဖြစ်သွားတော့သည်။

သို့ပေမည့် ကျင်းကျုံးယွဲ့ကမူ နေ့စဉ်နှင့်အမျှ ပန်းပွင့်လေးများအလား ပြုံးရွှင်နေပြီး အလွန် လှပနေ၏။ ယခင်က သူမသည် အပြုံးအတော်လေး ရှားပါးပြီး အချိန်ပြည့် ရေခဲအလား အေးစက်နေတတ်သူဖြစ်ရာ ယခုအခြေအနေမှာ တကယ်ကို ပုံမှန် မဟုတ်ချေ။

ကျင်းကျုံးယွဲ့က ပြုံးရွှင်နေရုံသာမက အလွန် စိတ်လှုပ်ရှားပြီး တက်ကြွနေ၏။ တစ်ရက်လျှင် နှစ်ကြိမ်ခန့် မဟာမိတ်တပ်ကြီး ဘယ်ရောက်နေပြီလဲဟု မေးတတ်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်တည်းက အရာအားလုံး ပြင်ဆင်ပြီးစီးနေပြီ ဖြစ်သောကြောင့်ပင်။

မြို့စားအိမ်တော် ရှေ့ရှိ စတုရန်းကီလိုမီတာ အတော်များများ ကျယ်ဝန်းသော မြေပြင်၏ အောက်ဘက်တွင် နုဧကရာဇ်၏ သင်္ချိုင်းဂူ ရှိနေပြီး အများစုမှာ ပြဒါးရေကန်ကြီး ဖြစ်၏။ ထောက်ထားသော ကြီးမားသည့် ကျောက်တိုင် ရာချီကို တစ်ဝက်ခန့် ခုတ်ပိုင်းထားပြီး အလယ်တွင် အပေါက်ဖောက်ကာ ယမ်းမည်းများ ထည့်သွင်းထားပြီး ဖြစ်သည်။ စုစုပေါင်း ယမ်းမည်း ပေါင်သောင်းချီ ရှိ၏။

ထို့အပြင် ယွင်ကျုံးဟဲ့ တီထွင်ထားသော အလိုအလျောက် မီးညှိစနစ်ကိုလည်း အားလုံး တပ်ဆင်ပြီးစီးနေပြီ ဖြစ်၏။ စစ်တပ်ကြီး ရောက်လာသည်နှင့် ဤစနစ်ကို စတင် လည်ပတ်နိုင်ပြီ ဖြစ်သည်။

အမိန့်ပေးလိုက်သည်နှင့် ယမ်းမည်း ပေါင်သောင်းချီ ပေါက်ကွဲသွားမည်ဖြစ်ပြီး ကျောက်တိုင် ရာချီ ကျိုးကျသွားမည် ဖြစ်သည်။ ထိုအချိန်သို့ ရောက်လျှင် ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားကာ အရာအားလုံး ပြောင်းလဲသွားမှာ ဖြစ်၏။

ထိုမြင်ကွင်းကို တွေးမိတိုင်း ကျင်းကျုံးယွဲ့မှာ စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ကိုယ်လုံး နီမြန်းလာပြီး ယွင်ကျုံးဟဲ့ထံ သွားရောက်ကာ နှိပ်စက်တော့သည်။

.................

“မွေးပြီ… မွေးပြီ… ယောကျ်ားလေး၊ ယောကျ်ားလေးပဲ…”

ဝမ်းသာအားရ ငိုကြွေးသံနှင့်အတူ ယွင်ကျုံးဟဲ့၏ ပထမဆုံး ကလေးလေးသည် နောက်ဆုံးတွင် ဤလောကသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ရွှီအန်းထင်က မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။

မူလ အစီအစဉ်အရဆိုလျှင် လွန်ခဲ့သော နှစ်လတည်းက သူမကို ပြောင်းရွှေ့ပေးရမှာဖြစ်ပြီး တာယင်အင်ပါယာ ကလည်း ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။

သို့ပေမည့် ရွှီအန်းထင်က လုံးဝ မသွားဘဲ နောက်ဆုံးအချိန်အထိ ယွင်ကျုံးဟဲ့နှင့် အတူတူနေမည်ဟု ခေါင်းမာခဲ့၏။ ရွေးချယ်စရာ မရှိတော့သောကြောင့် မြို့စားအိမ်တော်အတွင်း၌သာ မွေးဖွားခဲ့ရခြင်း ဖြစ်သည်။

“ကောင်းကင်ဘုံ… အောက်ထျန်းနဲ့ တကယ် တူတာပဲ၊ အရမ်း တူတယ်။” လေခွင်းကတော်က ကလေးလေးကို ပွေ့ချီကာ မျက်ရည်များပင် ကျလာတော့၏။

အဘယ်ကြောင့်ဆိုသော် သူမက မိမိကိုယ်ကို ပြန်လည် သတိရသွားသောကြောင့် ဖြစ်သည်။ ယခင်က သူမသည် ကလေး မရနိုင်သောကြောင့် ကလေးရရန် အလွန် မျှော်လင့်ခဲ့ရ၏။ နောက်ဆုံးတွင် အသက်ထက်ဝက်ခန့် စတေးခံကာ ကျင်းဝူပြန်းကို မွေးဖွားနိုင်ခဲ့သည်။

ထို့နောက် မြေးလေး ချီပွေ့ချင်လာပြန်၏။ သို့ပေမည့် ငယ်စဉ်က ဉာဏ်ကောင်းခဲ့သော ကျင်းဝူပြန်းသည် ရုတ်တရက် ဦးနှောက်ချို့ယွင်းသွားပြီး ရူးကြောင်ကြောင် ဖြစ်သွားကာ ယခုအချိန်အထိ အိမ်ထောင်မပြု၊ ကလေး မရသေးချေ။

ကျင်းကျုံးယွဲ့နှင့် ပတ်သက်၍မူ အမြဲတမ်း အေးစက်နေတတ်ပြီး သူမ၏ သွေးသားရင်း မဟုတ်သောကြောင့် ပို၍ပင် မရင်းနှီးချေ။

ယခု ယွင်ကျုံးဟဲ့၏ သားလေးကို ပွေ့ချီထားရချိန်တွင် သူမ၏ နှလုံးသားများ အရည်ပျော်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမက မြေးလေး ပွေ့ချီချင်နေခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။

“အမေ… ကျွန်မကို ပေးချီပါအုံး။” ကျင်းကျုံးယွဲ့က ဘေးမှနေ၍ ပြောလိုက်၏။

လေခွင်းကတော် အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ ကျင်းကျုံးယွဲ့ကို သူမ နားလည်ထား၏။ အပေါ်ယံတွင် ကျင်းကျုံးယွဲ့သည် ပုံမှန်ဖြစ်ပြီး ဉာဏ်ပညာ ကြီးမားသော်လည်း လေခွင်းကတော်က သူမ၏ အတွင်းစိတ်ထဲမှ အစွန်းရောက်မှုများကို သိထားသည်။

ဤကလေးလေးက ရွှီအန်းထင် မွေးဖွားထားခြင်းဖြစ်ရာ ကျင်းကျုံးယွဲ့က ကလေးလေးကို တစ်ခုခု လုပ်မည်ကို လေခွင်းကတော် စိုးရိမ်နေမိ၏။

ကျင်းကျုံးယွဲ့က ဘာမှ မပြောတော့ဘဲ ကလေးလေးကို တိုက်ရိုက် လုယူလိုက်သည်။

ဤကလေးလေးက တကယ်ပင် ယွင်ကျုံးဟဲ့နှင့် အလွန်တူပြီး မွေးခါစမှာပင် အလွန် နူးညံ့ ချောမောလို့နေ၏။

ကလေးလေးက မျက်လုံးဖွင့်ရန် ကြိုးစားနေသော်လည်း ဖွင့်၍ မရချေ။ အနည်းငယ် ဖွင့်ကြည့်လိုက်ချိန်မှာတော့ မည်းနက်သော မျက်ဝန်းလေးများက ရတနာများအလား တောက်ပနေသည်။

ကျင်းကျုံးယွဲ့၏ ရင်ထဲတွင် အလွန် နူးညံ့သွားကာ ဤကလေးလေးကို ရင်ခွင်ထဲတွင် ညင်သာစွာ ပွေ့ဖက်လိုက်၏။

“ကလေးလေး… နောက်ဆိုရင် အမေ ကာကွယ်ပေးရမယ့်သူ နောက်ထပ် တစ်ယောက် တိုးလာပြန်ပြီ။” ကျင်းကျုံးယွဲ့က တိုးညင်း ညင်သာစွာ ပြောလိုက်သည်။

မိနစ်အနည်းငယ်ခန့် ပွေ့ချီထားပြီးနောက် သူမက ကလေးလေးကို ရွှီအန်းထင်၏ ဘေးတွင် ချထားပေးကာ ပြောလိုက်၏။ “ပင်ပန်းသွားပြီ။”

ရွှီအန်းထင်၏ မျက်ဝန်းများတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေတော့သည်။ “ကျေးဇူးတင်ပါတယ် မြို့စားမင်း...”

ယွင်ကျုံးဟဲ့က ဘေးတွင် အလုပ်ရှုပ်နေ၏။ သူက ဆရာဝန် တစ်ယောက်ဖြစ်ရာ အချိန်အတန်ကြာမှသာ သူ၏ ပထမဆုံး ကလေးလေးကို ပွေ့ချီခွင့် ရတော့သည်။ အလွန် ထူးဆန်းသော ခံစားချက်ပင်။ ကြက်သီးများ ထသွားသလို ခံစားရပြီး အိပ်မက်မက်နေသလိုလည်း ခံစားရ၏။

ထိုအချိန်တွင် အပြင်ဘက်မှ လန်ပိ၏ အသံ ထွက်ပေါ်လာသည်။ “မြို့စားမင်း… သခင်လေးယွင်… ရန်သူတွေ ရောက်လာပြီ။”

ယွင်ကျုံးဟဲ့က ကလေးလေးကို လန်ပိ၏ ဘေးတွင် မချိတင်ကဲ ပြန်ထားလိုက်ကာ ညင်သာစွာ ပြောလိုက်၏။ “သေချာ အနားယူပါ။ မစိုးရိမ်နဲ့။ ဒီအိမ်ကြီးက အရမ်း ခိုင်ခံ့ပါတယ်။ နောက်ပိုင်းမှာ ကြီးမားတဲ့ တုန်ခါမှုတွေ ဖြစ်လာရင်တောင် မကြောက်နဲ့နော်။ ကျွန်မ သတင်းပို့တဲ့အခါကျရင် ကလေးလေးရဲ့ နားကို သေချာ ပိတ်ထားပေးပါ။”

ရွှီအန်းထင်က ခေါင်းညိတ်ပြလိုက်သည်။

ယွင်ကျုံးဟဲ့က စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ရွှီအန်းထင်က တကယ်ကို ခေါင်းမာလွန်းလှသည်။ သူမသာ အစောကြီးတည်းက ပြောင်းရွှေ့သွားသင့်ပေသည်။ ယခု တိုက်ပွဲကြီးက စတင်တော့မှာဖြစ်ပြီး မြို့စားအိမ်တော်တွင် မွေးခါစ ကလေးလေး တစ်ယောက်ပါ တိုးလာခဲ့၏။ အကယ်၍ အနည်းငယ် လွဲချော်သွားပါက မည်သို့ လုပ်ရမည်နည်း။

“ရွှီး… ရွှီး… ရွှီး… ရွှီး…”

ထိုအချိန်၌ ဟေးလုံထိုင်မှ သိုင်းပညာရှင် ရာဂဏန်းခန့်က သစ်တောများတစ်လျှောက် မြို့စားအိမ်တော်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာကြ၏။ အဘယ်ကြောင့်ဆိုသော် မြို့စားအိမ်တော်က တောင်ကုန်းပေါ်တွင် ရှိသောကြောင့် ဖြစ်သည်။

တိုက်ပွဲ စတင်ပြီးနောက် နယ်စားများမဟာမိတ်အဖွဲ့၏ စစ်သည် တစ်သိန်းက လေခွင်းမြို့အတွင်းသို့ ဝင်ရောက် လာချိန်တွင် ဤဟေးလုံထိုင် သိုင်းပညာရှင် ရာဂဏန်းခန့်က အားလုံး ထွက်ပေါ်လာကာ ယွင်ကျုံးဟဲ့၊ ကျင်းကျုံးယွဲ့၊ ရွှီအန်းထင်၊ ကလေးလေးနှင့် ကျင်းဝူပြန်းတို့ကို ကယ်ထုတ်သွားမှာဖြစ်၏။

ထိုသူများက အသေခံ ဖောက်ထွက်ကာ ယွင်ကျုံးဟဲ့နှင့် တခြားသူများအားလုံးကို တာယင်အင်ပါယာ နယ်မြေအတွင်းသို့ ပို့ဆောင်ပေးပေလိမ့်မည်။

ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့က တောင်ကုန်းပေါ်ရှိ မြို့စားအိမ်တော်၏ အမြင့်ဆုံး နေရာတွင် ရပ်နေကြ၏။

နယ်စားများမဟာမိတ်အဖွဲ့၏ စစ်သည် တစ်သိန်းက ဧရာမ သားရဲကြီး တစ်ကောင်အလား ကြီးကျယ်ခမ်းနားစွာ ချဉ်းကပ်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

တောင်ဘက်မှ လူရှစ်သောင်း၊ မြောက်ဘက်မှ လူနှစ်သောင်းဖြင့် အရပ်မျက်နှာ နှစ်ခုမှ ညှပ်၍ တိုက်ခိုက်လာခြင်း ဖြစ်၏။

တကယ်ကို မည်းမှောင်နေသော ဒီရေလှိုင်းကြီးများအလား စီးဆင်းလာပြီး မြေကြီး တစ်ခုလုံး၏ အရောင်ပင် မည်းနက်သွားတော့သည်။

“ဒုန်း.... ဒုန်း.. ဒုန်း…”

မြေကြီး တစ်ခုလုံး အဆက်မပြတ် တုန်ခါနေ၏။

နယ်စားများမဟာမိတ်အဖွဲ့၏ စစ်သည် တစ်သိန်းက လေခွင်းမြို့နှင့် ပိုပို၍ နီးကပ်လာသည်။ ဆယ်မိုင်၊ ရှစ်မိုင်၊ ငါးမိုင်...

တစ်နာရီတိတိ ကြာပြီးနောက် စစ်သည် တစ်သိန်းက မြို့ရိုးအောက်သို့ ရောက်ရှိလာကြပြီ ဖြစ်၏။ သေချာသည်မှာ သူတို့ကိုယ်တိုင် ငရဲပြည်ဆီသို့ သွားနေမှန်း လုံးဝ မသိရှိခြင်းပင်။

……………….

လေခွင်းမြို့သည် တောင်ကြားတစ်ခုအတွင်းတွင် တည်ရှိပြီး ရှည်လျားကျဉ်းမြောင်းသော မြေမျက်နှာသွင်ပြင် ရှိ၏။ အရှေ့နှင့် အနောက်ဘက်တို့တွင် ပင်လယ်ရေမျက်နှာပြင်ထက် မီတာတစ်ထောင်ကျော် မြင့်မားသော တောင်တန်းကြီးများက ကာရံထားသောကြောင့် စစ်ချီရန် လုံးဝ မဖြစ်နိုင်သလောက် ဖြစ်နေသည်။

တောင်နှင့် မြောက်ဘက်တို့တွင် မြို့ရိုးနှစ်ခုက ပိတ်ဆို့ထားပြီး အလယ်တွင် လေခွင်းမြို့ တည်ရှိ၏။ အရှေ့မှ အနောက်သို့ အကျယ်မှာ တစ်မိုင်ခွဲခန့်သာ ရှိသော်လည်း တောင်မှ မြောက်သို့ အရှည်မှာမူ ငါးမိုင်ကျော်ခန့် ရှိ၏။

ဤအကြောင်းကြောင့်ပင် ထန်ထိုင်ကျင့်က အရပ်လေးမျက်နှာမှ ဝိုင်းရံတိုက်ခိုက်သည့် ထူးခြားသော ဗျူဟာကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ မြောက်ဘက် မြို့ရိုးကို နင်ဝူကျီက စစ်သည် နှစ်သောင်းဖြင့် ပိတ်ဆို့ထားမှာဖြစ်ပြီး ထန်ထိုင်ကျင့်က အဓိက အင်အားဖြစ်သော စစ်သည် ရှစ်သောင်းဖြင့် တောင်ဘက် မြို့ရိုးကို အဓိက တိုက်ခိုက်မှာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တောင်ဘက်တွင် မြေမျက်နှာသွင်ပြင်က ပိုမို ကျယ်ဝန်းပြီး မြို့ရိုးအရှည်ကလည်း သုံးမိုင်ခန့် ရှိသောကြောင့် စစ်သည် ရှစ်သောင်းခန့် အကြိတ်အနယ် နေရာယူနိုင်၏။ မြောက်ဘက် မြို့ရိုးမှာမူ တစ်မိုင်ခွဲခန့်သာ ရှည်လျားသောကြောင့် စစ်တပ်ကြီး နေရာယူရန် လုံးဝ မဖြစ်နိုင်ချေ။

ထို့အပြင် ထန်ထိုင်ကျင့်က သိုင်းပညာရှင် တစ်ထောင်ကျော်ကိုလည်း စေလွှတ်ထားသေး၏။ သူတို့က အရှေ့နှင့် အနောက်ရှိ တောင်တန်းကြီးများမှတစ်ဆင့် လေခွင်းမြို့အတွင်းသို့ ခိုးဝင်ကာ မြို့စားအိမ်တော်ကို ရုတ်တရက် ဝင်ရောက် စီးနင်းကြမှာ ဖြစ်သည်။ ဤစစ်ရေးဗျူဟာက တကယ့်ကို ပြီးပြည့်စုံပြီး အမှားအယွင်း မရှိနိုင်သော အစီအစဉ် ဖြစ်၏။

“ချီတက်… ချီတက်… ချီတက်… ချီတက်”

အမိန့်ပေးသံနှင့်အတူ ထန်ထိုင်ကျင့် ဦးဆောင်သော စစ်သည် ရှစ်သောင်းက ညီညာသော ခြေလှမ်းများဖြင့် ဆက်လက် ချီတက်လာကြသည်။ ချက်ချင်းပဲ မြေကြီး တစ်ခုလုံး တုန်ခါသွားတော့၏။ လေခွင်းမြို့ ဘေးတစ်ဖက်တစ်ချက်ရှိ တောင်တန်းများပေါ်မှ ငှက်များစွာလည်း လန့်ဖျပ်၍ ထပျံသွားကြသည်။

စစ်အင်အား ကွာဟချက်က အလွန် ကြီးမားလွန်းလှသောကြောင့် ဤတိုက်ပွဲတွင် အနိုင်ရရုံသာမက ဩဇာအာဏာကိုလည်း ပြသရမည်ဖြစ်ပြီး ခမ်းနားကြီးကျယ်ရန်လည်း လိုအပ်ပေသည်။ ဤသည်မှာ ထန်ထိုင်မြဲ့မင်၏ မူလစကားပင် ဖြစ်၏။

ဤစစ်တပ်ကို ပိုင်ရှင်မဲ့ နယ်မြေမှ မြို့စားတစ်ဦး၏ စစ်တပ်အဆင့်ဖြင့် မသတ်မှတ်တော့ဘဲ နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်အဆင့်ဖြင့် သတ်မှတ်ရမှာ ဖြစ်၏။ အင်ပါယာကြီး နှစ်ခုရှေ့တွင် အင်အားနည်းပါးသည့်ပုံ မပေါက်စေရန်နှင့် အထင်အသေး မခံရစေရန် ဖြစ်သည်။

ထို့ကြောင့် ဤတိုက်ပွဲသည် ကျင်းမိသားစုကို ဖျက်ဆီးရန်အတွက် ဆိုသည်ထက် ခမ်းနားကြီးကျယ်သော စစ်ရေးပြပွဲကြီး တစ်ခုအတွက်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ မိုးကြိုးပစ်ချသည့် အရှိန်အဝါဖြင့် ကျင်းမိသားစု၏ စစ်တပ်ကို အမှုန့်ဖြစ်အောင် ချေမှုန်းကာ ဤမိသားစုကို လောကမှ အပြီးတိုင် ဖျက်ဆီးပစ်ရန်လည်း ဖြစ်၏။

ထိုမှသာ အင်ပါယာကြီး နှစ်ခုက ထန်ထိုင်မြဲ့မင်အပေါ် အနည်းငယ် ကြောက်ရွံ့မှု ဖြစ်ပေါ်လာစေမှာဖြစ်ပြီး နောင်တစ်ချိန်တွင် ကိုယ်ပိုင် နယ်မြေဖြင့် ဘုရင်ဖြစ်လာမည့် အခြေခံအုတ်မြစ်ကို ချမှတ်နိုင်ပေလိမ့်မည်။

.....................

အပိုင်း (၁၅၄)

“ချီတက်… ချီတက်… ချီတက်… ချီတက်”

စစ်သည် ရှစ်သောင်းက စစ်ကြောင်း နှစ်ဆယ် ခွဲ၍ နေရာယူထားကြ၏။ အလွန် ညီညာသေသပ်ပြီး လေးထောင့်တုံးကြီးများအလား ဖြစ်နေသည်။ ရှေ့ဆုံးတွင် ကျောက်တုံးပစ်စက် တပ်ဖွဲ့နှင့် လေးသည်တော်များ၊ ဘေးတစ်ဖက်တစ်ချက်တွင် မြင်းစီးတပ်ဖွဲ့များ၊ အလယ်တွင် ခြေလျင်တပ်ဖွဲ့များ နေရာယူထားကြ၏။

စစ်သည် ရှစ်သောင်းက ကြီးမားသော စစ်ယန္တရားကြီး တစ်ခုအလား ညီညာစွာ ချီတက်လာကြသည်။ တကယ်ကို ဩဇာအာဏာ ကြီးမားလှပြီး လူတိုင်းကို ကြောက်ရွံသွားစေသည်။

စစ်တပ်ကြီး နီးကပ်လာသည်နှင့်အမျှ လေခွင်းမြို့အတွင်းရှိ ပြည်သူများမှာ အလွန် ကြီးမားသော ဖိအားများကို ခံစားလာရပြီး အော့အန်ချင်စိတ်များပင် ဖြစ်ပေါ်လာကြ၏။

သူတို့ ထွက်မပြေးကြခြင်းမှာ အကြောင်းရင်း နှစ်ခု ရှိ၏။ ပထမအချက်မှာ ဤနေရာတွင် စားစရာ ရှိသောကြောင့် ဖြစ်သည်။ မြို့တွင်းတွင် ဆန်စပါးများ အမြောက်အမြား စုဆောင်းထားသည် မဟုတ်ပါလား။

ဒုတိယအချက်မှာ ထန်ထိုင်မိသားစုက လေခွင်းမြို့ကို သိမ်းပိုက်ပြီးပါကလည်း သာမန် ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မည် မဟုတ်ဟု ယုံကြည်ထားသောကြောင့်ဖြစ်၏။

သို့ပေမည့် သစ်ရွက်ကြွေနယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကြားသိရပြီးနောက် သူတို့ ထိုမျှအထိ အသေအချာ မပြောရဲတော့ချေ။ ဤတိုက်ပွဲ၏ ရလဒ်နှင့် ပတ်သက်၍မူ လေခွင်းမြို့မှ ပြည်သူများက မည်သည့် မျှော်လင့်ချက်မှ မထားရဲကြပေ။ ကျင်းမိသားစု သေချာပေါက် ရှုံးနိမ့်မည်ဟုသာ ယုံကြည်ထားကြသည်။

သူတို့ ဆုတောင်းနေသည့် တစ်ခုတည်းသော အရာမှာ နယ်စားများမဟာမိတ်တပ်ကြီး ဝင်ရောက်လာပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ မပြုလုပ်ရန်နှင့် မီးရှို့လုယက်မှုများ မပြုလုပ်ရန်သာ ဖြစ်၏။

စစ်သည် ရှစ်သောင်းက ဆက်လက် ချီတက်လာနေကြသည်။ ငါးမိုင်၊ လေးမိုင်၊ သုံးမိုင်၊ နှစ်မိုင်....

“ရပ်”

အမိန့်ပေးသံနှင့်အတူ ရှေ့ဆုံးမှ စစ်တပ်က ခြေလှမ်း ရပ်တန့်လိုက်၏။ နောက်မှ စစ်တပ်များက ဆက်လက် ချီတက်လာကာ မိမိတို့၏ သတ်မှတ်နေရာ အသီးသီးသို့ ဝင်ရောက် နေရာယူကြ၏။

မြို့ကို မတိုက်ခိုက်မီ နောက်တစ်ကြိမ် စစ်ရေးပြ နေရာယူရမှာ ဖြစ်၏။ ညီညာသေသပ်မှုနှင့် ခမ်းနားမှု အပြည့်အဝ ရှိရန် လိုအပ်ပေသည်။

ထန်ထိုင်ကျင့်က မြင်းစီး၍ ခန့်ညားစွာ ထွက်ပေါ်လာကာ လေခွင်းမြို့ တောင်ဘက် မြို့ရိုးအောက်သို့ ရောက်ရှိလာ၏။

လေခွင်းမြို့၏ တောင်ဘက် မြို့ရိုးမှာ သုံးမိုင်ခန့် ရှည်လျားပြီး အမြင့် ဆယ်မီတာ၊ အထူ သုံးမီတာ ရှိရာ တကယ့်ကို ခိုင်ခံ့သော မြို့ရိုးကြီးဟု ဆိုနိုင်ပေသည်။ သို့ပေမည် မြို့ရိုးပေါ်ရှိ ကာကွယ်ရေး စစ်သည်များက အလွန် နည်းပါးလို့နေသည်။

ထန်ထိုင်ကျင့်က မြို့ရိုးအောက်သို့ ရောက်ချိန်မှာတော့ အနည်းငယ် အံ့ဩသွားရ၏။ သုံးမိုင်ခန့် ရှည်လျားသော မြို့ရိုးပေါ်တွင် ကာကွယ်ရေး စစ်သည် တစ်ထောင်ပင် မပြည့်ချေ။ ထို့အပြင် ဟိုတစ်စု ဒီတစ်စု ရှိနေပြီး မည်သည့် တက်ကြွမှုမှ မရှိကြပေ။

ကြီးမားသော ဒူးလေးစက်များ မရှိသလို ကျောက်တုံးပစ်စက်များလည်း မရှိချေ။ ကျင်းကျုံးယွဲ့က ဘာလုပ်နေသနည်း။ တိုက်ပွဲပင် မစတင်ရသေးမီ လက်မြှောက် အရှုံးပေးလိုက်ပြီလား။ လေခွင်းမြို့ အတွင်းတွင် အနည်းဆုံး ကာကွယ်ရေး စစ်သည် တစ်သောင်းနီးပါး ရှိနေသေးသည် မဟုတ်ပါလား။

တောင်ဘက် မြို့ရိုးက အရေးအကြီးဆုံး နေရာဖြစ်ရာ အနည်းဆုံး စစ်သည် ရှစ်ထောင်ခန့်တော့ ချထားသင့်ပေသည်။ ယခုတော့ တစ်ထောင်ပင် မပြည့်သည့်အပြင် အားလုံးက သက်ကြီးရွယ်အိုများနှင့် အားနည်းသူများသာ ဖြစ်နေကြ၏။

“ကျင်းကျုံးယွဲ့ကို ထွက်လာခဲ့ဖို့ ပြောလိုက်။” ဒုတိယစစ်သူကြီး ထန်ထိုင်ဖန်က တောင်းဆိုလိုက်၏။

သေချာပေါက် ဤကဲ့သို့သော အခြေအနေမျိုးတွင် သခင်လေး ထန်ထိုင်ကျင့် ကိုယ်တိုင် အော်ဟစ်ပြောဆိုရန် မသင့်တော်ချေ။ သို့ပေမည့် မြို့ရိုးပေါ်မှ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။

တကယ်ကို စကားမပြောနိုင်အောင်ပင် ဖြစ်လို့နေ၏။

‘ခင်ဗျားတို့ ကျင်းမိသားစုက ဘာလုပ်ချင်နေတာလဲ။ တိုက်ရိုက်ကြီး လက်မြှောက်အရှုံးပေးပြီး ကျုပ်တို့ လုပ်သမျှ ခံတော့မလို့လား။’

ယခင် လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးကို သိမ်းပိုက်စဉ်က မည်သည့် ခုခံမှုမှ မကြုံတွေ့ခဲ့ရသောကြောင့် လေခွင်းမြို့တွင် တကယ့် တိုက်ပွဲကြီး တစ်ခု ဖြစ်လာမည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော်ငြား ယခု ပို၍ပင် ဆိုးရွားနေသေးသည်။ တိုက်ရိုက် မြေပြင်ပေါ် လှဲချကာ အစော်ကားခံမည့် ပုံစံမျိုး လုပ်နေသည် မဟုတ်ပါလား။

“ကျင်းကျုံးယွဲ့ကို ထွက်လာခဲ့ဖို့ ပြောလိုက်။” ထန်ထိုင်ဖန်က ဆက်လက် အော်ဟစ်လိုက်၏။

ခဏအကြာတွင် လူတစ်ယောက်က ယိမ်းယိုင်စွာဖြင့် မြို့ရိုးပေါ်သို့ ပြေးတက်လာသည်။ ပြေးနေရင်းဖြင့် အင်္ကျီကြယ်သီးများကိုပင် တပ်နေသေး၏။ ထိုသူမှာ ကျင်းဝူပြန်း ဖြစ်သည်။

“အစ်ကိုကြီး… မင်္ဂလာပါ… မင်္ဂလာပါ။ ကျုပ်ရဲ့ စေ့စပ်ထားတဲ့ မိန်းမ ဝူယန်လေးကော နေကောင်းရဲ့လား။ ဒီတစ်ခါ ခင်ဗျား အစ်ကိုကြီးက သူ့ကိုပါ ခေါ်လာခဲ့သလား။” ကျင်းဝူပြန်းက လက်ပြကာ အော်ဟစ်လိုက်၏။

ထန်ထိုင်ကျင့်၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့သွားသည်။

‘ကျုပ်တို့က လေခွင်းမြို့ကို လာတိုက်တာ၊ ခင်ဗျားတို့ ကျင်းမိသားစုကို လာဖျက်ဆီးတာလေ။ ဧည့်သည် လာလုပ်တာ မဟုတ်ဘူး။ ထန်ထိုင်ဝူယန်ကို ဘာကိစ္စ ခေါ်လာရမှာလဲ။’

သို့ပေမည့် ကျင်းဝူပြန်းကဲ့သို့သော အသုံးမကျသူကလည်း အသုံးဝင်သည့် နေရာလေးတော့ ရှိပေသည်။ လေခွင်းမြို့ကို သိမ်းပိုက်ပြီးနောက် လိုအပ်ပါက ကျင်းဝူပြန်းကို ရုပ်သေးရုပ် မြို့စားအဖြစ် တင်မြှောက်လိုက်မည် ဆိုလျှင် ထန်ထိုင်မိသားစုက လေခွင်းချိုင့်ဝှမ်းကို ပို၍ တရားဝင် အုပ်ချုပ်ခွင့် ရရှိသွားမှာဖြစ်၏။

“ကျင်းကျုံးယွဲ့ကော” ထန်ထိုင်ဖန်က မေးလိုက်သည်။

ဟုတ်ပေသည်။ ကျင်းကျုံးယွဲ့ ဘယ်ရောက်နေသနည်း။ သူမက မြောက်ဘက် မြို့ရိုးမှာ ရောက်နေ၏။

ကျင်းမိသားစု၏ အဓိက အင်အားစု အားလုံးမှာ မြောက်ဘက် မြို့ရိုးတွင် ရှိနေကြသည်။ ကြီးမားသော ဒူးလေးစက်များ အားလုံး၊ ကျောက်တုံးပစ်စက်များ အားလုံးနှင့် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော အဓိက စစ်သည် ခုနစ်ထောင်က မြောက်ဘက် မြို့ရိုးတွင် ရှိနေကြသည်။

မြောက်ဘက် မြို့ရိုးမှာ တစ်မိုင်ခွဲခန့်သာ ရှည်လျားသောကြောင့် ဤမျှများပြားသော စစ်တပ်ကြီးကို နေရာချထားရန်ပင် အဆင်မပြေချေ။ မြောက်ဘက် မြို့ရိုး၏ အပြင်ဘက်တွင် နင်ဝူကျီ ဦးဆောင်သော စစ်သည် နှစ်သောင်းပါဝင်သည့် နယ်စားများမဟာမိတ်တပ် ရှိနေ၏။

သူက မျက်လုံးကို မှေးကျဉ်းကာ မြို့ရိုးပေါ်တွင် ပြည့်နှက်နေသော ကာကွယ်ရေး စစ်သည်များနှင့် မရေမတွက်နိုင်သော ကာကွယ်ရေး လက်နက်များကို ကြည့်ရင်း အံ့ဩသွားမိသည်။

‘ကျင်းကျုံးယွဲ့က ဘာလုပ်ချင်နေတာလဲ။ တောင်ဘက် မြို့ရိုးကမှ အဓိက စစ်မြေပြင်လေ။ ကျုပ်က ဒီဘက်မှာ အရန်အနေနဲ့ပဲ ပါလာတာ။ ခင်ဗျားတို့ ထွက်မပြေးနိုင်အောင် နောက်ပေါက်ကို ပိတ်ထားပေးရုံပဲ။ ဘာလို့ ခင်ဗျားတို့ရဲ့ အဓိက စစ်တပ်ကြီး အကုန်လုံးကို မြောက်ဘက်ကို ခေါ်လာရတာလဲ။

ကျုပ်နဲ့ သေရေးရှင်ရေး တိုက်တော့မယ့် ပုံစံမျိုးနဲ့။ အဓိက ရန်သူကို မှားနေတာလား။ ခင်ဗျားတို့ကို ဖျက်ဆီးချင်နေတာက ထန်ထိုင်မိသားစုလေ။ ကျုပ်တို့ နင်မိသားစုက အလိုက်သင့်လေး ပါလာရုံတင်ပါ။’

....................

ထန်ထိုင်ယွီကျိုး... ဤနာမည်က အလွန် ကြီးကျယ်ခမ်းနားလှသည်။ သူက ထန်ထိုင်မြဲ့မင်၏ ညီဝမ်းကွဲ ဖြစ်ပြီး ထန်ထိုင်မိသားစု၏ တတိယမြောက် အတော်ဆုံး သိုင်းပညာရှင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်၏။

ငယ်စဉ်တည်းက သိုင်းပညာကိုသာ ရူးသွပ်သူ ဖြစ်ပြီး ထန်ထိုင်မိသားစု၏ သွေးမဲ့ဂိုဏ်းကို ဦးဆောင်နေကာ တာရှီ စစ်သင်တန်းကျောင်း၏ နည်းပြချုပ်အဖြစ်လည်း တာဝန်ယူထားသေးသည်။

ယခုအချိန်တွင် သူက သိုင်းပညာရှင် တစ်ထောင်ကျော်ကို ဦးဆောင်ကာ လေခွင်းမြို့၏ အနောက်ဘက် တောင်တန်းများမှတစ်ဆင့် တွယ်တက်လာနေ၏။

သူ၏ ရည်မှန်းချက်မှာ အလွန် ရိုးရှင်းလှသည်။ မြို့စားအိမ်တော်ကို ရုတ်တရက် ဝင်ရောက် စီးနင်းကာ အဓိက ခေါင်းဆောင်များကို ဖမ်းဆီးရန်ပင် ဖြစ်၏။ သူ၏ ဦးဆောင်မှုအောက်တွင် သိုင်းပညာရှင် တစ်ထောင်နီးပါးက အသံတိတ် တွယ်တက်လာနေကြသည်။

ဤတောင်တန်းက အလွန် မတ်စောက်ပြီး လမ်းဟုပင် မခေါ်ဆိုနိုင်သော တောင်တက်လမ်းလေး တစ်လမ်းသာ ရှိ၏။ လမ်းတစ်လျှောက်တွင် ဂိတ်စခန်း အချို့ရှိပြီး တကယ့်ကို လူတစ်ယောက်က စောင့်နေလျှင် လူတစ်သောင်း ဖြတ်မရနိုင်လောက်အောင် ခက်ခဲသော နေရာမျိုး ဖြစ်၏။

လန်ပိက သိုင်းပညာရှင် ရာဂဏန်းခန့်ကို ဦးဆောင်ကာ ဤဂိတ်စခန်းများတွင် စောင့်ကြပ်နေပြီး ရန်သူများ ခိုးဝင်လာမည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

“ပြင်ဆင်ထားကြ...” လန်ပိ၏ အမိန့်ပေးသံနှင့်အတူ ကျင်းမိသားစု၏ သိုင်းပညာရှင် ရာဂဏန်းခန့်က ဒူးလေးများကို မြှောက်ကာ ချိန်ရွယ်လိုက်ကြ၏။

ထန်ထိုင်မိသားစု၏ သိုင်းပညာရှင် တစ်ထောင်ကျော်က တောင်စောင်းတလျှောက် ပုတ်သင်ညိုများအလား လျင်မြန်စွာ ပြေးတက်လာကြသည်။

“ပစ်....”

လန်ပိ၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကျင်းမိသားစု သိုင်းပညာရှင် ရာဂဏန်းခန့်၏ လက်ကိုင်ဒူးလေးများမှ မြားများ ရူးသွပ်စွာ ပစ်လွှတ်လိုက်ကြတော့၏။

“ရွှီး… ရွှီး… ရွှီး… ရွှီး…”

ထန်ထိုင်မိသားစု၏ သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် မြားထိမှန်ကာ ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားပြီး အသားစများအဖြစ် ပြောင်းလဲသွားကြတော့သည်။

..........................

အဓိက စစ်မြေပြင်ဖြစ်သော တောင်ဘက် မြို့ရိုးတွင် ကျင်းဝူပြန်းက အလွန် ရင်းနှီးဖော်ရွေစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အစ်ကိုကြီး… ခင်ဗျားတို့ လာတာ ဘာကိစ္စ ရှိလို့လဲ။ ဘာလို့ ဒီလောက် လူတွေ အများကြီး ခေါ်လာရတာလဲ။”

ထန်ထိုင်ကျင့်က ဤကဲ့သို့သော အသုံးမကျသူနှင့် စကားမပြောလိုချေ။

ထန်ထိုင်ဖန်က ရှေ့တိုးလာကာ ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့ကို ထွက်လာခဲ့ဖို့ ပြောလိုက်။”

ကျင်းဝူပြန်းက ပြန်ပြောလိုက်၏။ “ကျင်းကျုံးယွဲ့က မရှိဘူးလေ။ ခင်ဗျား ဘာပြောစရာ ရှိလဲ၊ ကျုပ်ကို ပြောလို့ ရတယ်။”

ထန်ထိုင်ဖန်က အမိန့်ပေးလိုက်သည်။ “နောက်ဆုံး ရာဇသံပဲ။ ကျင်းမိသားစု အနေနဲ့ ယွင်ကျုံးဟဲ့ကို ချက်ချင်း ထုတ်ပေးပြီး ကျင်းကျုံးယွဲ့ကလည်း လက်နက်ချ အညံ့ခံကာ မြို့တံခါးကို ဖွင့်ပေးရမယ်။ မဟုတ်ရင် ကျုပ်တို့ရဲ့ စစ်သည် တစ်သိန်းက ခင်ဗျားတို့ကို အမြစ်ပြတ် ရှင်းလင်းပစ်မယ်။”

ကျင်းဝူပြန်းက သွားဖြဲပြကာ ပြန်မေးလိုက်၏။ “ခင်ဗျား လူနားလည်တဲ့ စကားလေး ပြောလို့ မရဘူးလား။ ကျုပ် နားမလည်ဘူးဗျ။”

‘သောက်ကျိုးနည်း... ခင်ဗျားလို စာမတတ်ပေမတတ်ကောင်က ဘယ်လိုလုပ်ပြီး အရင်တုန်းက စာပေပြိုင်ပွဲမှာ နိုင်ခဲ့တာလဲ။’

“ယွင်ကျုံးဟဲ့ကို ထုတ်ပေး။ မဟုတ်ရင် ခင်ဗျားတို့ အကုန်လုံးကို သတ်ပစ်မယ်။” ထန်ထိုင်ဖန်က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

ကျင်းဝူပြန်းက ရယ်မောကာ ပြောလိုက်၏။ “ဪ… အဲဒီလို ပြောရင် နားလည်ပြီပေါ့။ အောက်ထျန်းရေ… သူတို့က ခင်ဗျားကို ထုတ်ပေးခိုင်းနေတယ်။”

ထိုအချိန်၌ အလွန် သာယာနာပျော်ဖွယ်ကောင်းသော တေးဂီတသံများ ထွက်ပေါ်လာ၏။ ထို့နောက် ချောမောခန့်ညားသော အမျိုးသား တစ်ဦးက မြို့ရိုးပေါ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။

ထိုသူက ငှက်မွေးယပ်တောင် ကိုင်ဆောင်ပြီး ခေါင်းပေါင်း ဝတ်ဆင်ထားကာ အလွန် ခန့်ညားသော အသွင်အပြင်မျိုး ရှိနေ၏။

သို့ပေမည့် ဤဝတ်စားဆင်ယင်မှုက ကြည့်ရသည်မှာ အတော်လေး ရင်းနှီးနေသကဲ့သို့ ရှိသည်။ ဟုတ်ပေသည်။ (၁၉၉၄) ခုနှစ်က ထုတ်လွှင့်ခဲ့သော သုံးပြည်ထောင် ရုပ်သံဇာတ်လမ်းတွဲထဲမှ ကျူးကော့လျန်၏ အသွင်အပြင်မျိုး ဖြစ်သည်။

ကျူးကော့လျန်နှင့် ပိုမို တူညီစေရန် ယွင်ကျုံးဟဲ့က မုတ်ဆိတ်တုများပင် တပ်ဆင်ထားသေးသည်။ လက်ထဲတွင်လည်း ငှက်မွေးယပ်တောင် တစ်ချောင်းကို ကိုင်ဆောင်ထား၏။

မြို့ရိုးပေါ်သို့ တက်လာပြီးနောက် သူ၏ အနောက်တွင် ကလေးငယ် နှစ်ဦးလည်း ပါလာသည်။ တစ်ဦးက အမွှေးတိုင်အိုးကို ပွေ့ချီထားပြီး နောက်တစ်ဦးက ရှေးဟောင်းစောင်းကို ပွေ့ချီထားသည်။

‘အားလုံး ဖယ်ပေးကြတော့။ ကျုပ် ကျူးကော့ကျုံးဟဲ့က မြို့လွတ်ဗျူဟာကို ကပြတော့မယ်။’

“ဝူပြန်း… ခင်ဗျား နောက်ဆုတ်နေလိုက်...”

ယွင်ကျုံးဟဲ့က ငှက်မွေးယပ်တောင်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “ကျုပ် အစွမ်းပြတော့မှာဆိုတော့ ခင်ဗျားတို့ နည်းနည်း ဝေးဝေးကို ဆုတ်နေကြ။ ကျုပ်ရဲ့ ဓားအရှိန်တွေ ထိသွားမှာ စိုးလို့။”

ကျင်းဝူပြန်းက ခြေလှမ်း နှစ်ဆယ်ခန့် နောက်ဆုတ်သွားသည်။

“နည်းနည်း ထပ်ဆုတ်အုံး။” ယွင်ကျုံးဟဲ့က ပြောလိုက်ပြန်၏။

ကျင်းဝူပြန်းက နောက်ထပ် ခြေလှမ်း သုံးဆယ်ခန့် ဆုတ်သွားသည်။

“နည်းနည်း ထပ်ဆုတ်အုံး။”

ကျင်းဝူပြန်းက နောက်ထပ် ခြေလှမ်း ငါးဆယ်ခန့် ဆုတ်သွားပြီး လုံးဝ ပျောက်ကွယ်သွားတော့၏။

ထို့ကြောင့် မြို့ရိုးတစ်ခုလုံးပေါ်တွင် ယွင်ကျုံးဟဲ့နှင့် ကလေးငယ် နှစ်ဦးသာ ကျန်ရစ်တော့သည်။ ရှေးဟောင်းစောင်းကို အရှေ့တွင် ချထားပြီး ယွင်ကျုံးဟဲ့က တင်ပလ္လင်ခွေ ထိုင်လိုက်၏။ ဘေးတွင် အမွှေးတိုင်အငွေ့များ အူထွက်နေပြီး တကယ့်ကို နတ်ဘုရား တစ်ပါးအလား ခန့်ညားလှပေသည်။

.......................

All Chapters