အခန်း (၁၅၅-၁၅၆)
Vol. 14 Ch. 155-156
အပိုင်း (၁၅၅)
ယွင်ကျုံးဟဲ့က ဖြည်းညင်းစွာ ပြောလိုက်၏။ “သခင်လေး ထန်ထိုင်… မတွေ့ရတာ ကြာပြီနော်။”
ထန်ထိုင်ကျင့်၏ ချောမောခန့်ညားသော မျက်နှာက အနည်းငယ် ရှုံ့မဲ့သွား၏။ သူက ယွင်ကျုံးဟဲ့၏ ဤကဲ့သို့သော ဟန်ဆောင်မှုများကို လုံးဝ အထင်သေးသည်။
‘သေခါနီးအချိန်ရောက်နေတာတောင် နတ်မင်းလို ဟန်ဆောင်နေသေးတယ်။’
သူတောင်းစားများ ကြားထဲ၌ ကြီးပြင်းလာသည့် မျက်နှာဖြူလေး တစ်ယောက်၊ ပိုးဟပ်တစ်ကောင်လို အောက်တန်းကျသည့်သူက တကယ်ကြီး ကျင်းကျုံးယွဲ့ကို လက်ထပ်နိုင်ခဲ့သည်လား။ ဤကဲ့သို့သော အောက်တန်းကျသည့်လူနှင့် စကားတစ်ခွန်း ပြောရသည်မှာ ထန်ထိုင်ကျင့်အတွက်တော့ အရှက်ကွဲခြင်းလည်း ဖြစ်၏။
“ယွင်ကျုံးဟဲ့… ခင်ဗျား အခုချက်ချင်း လက်နက်ချပြီး အဖမ်းခံလိုက်တော့။”
ထန်ထိုင်ဖန်က အေးစက်စွာ ပြောလိုက်သည်။ “မဟုတ်ရင် ကျုပ်တို့ မြို့ထဲ ဝင်လာတဲ့အခါ ခင်ဗျားကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အရေခွံဆုတ်၊ အကြောဖြတ်ပစ်မယ်။”
ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ “သခင်လေး ထန်ထိုင်… အချစ်ပြိုင်ဖက်တွေ ဖြစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကို ထောက်ထားပြီး ခင်ဗျားကို အကြံပေးစကား တစ်ခွန်း ပြောချင်တယ်။ ခင်ဗျားရဲ့ စစ်သည် တစ်သိန်းကို ခေါ်ပြီး အမြန်ဆုံး ဆုတ်ခွာသွားလိုက်ပါတော့။ မဟုတ်ရင် ကပ်ဘေးကြီးက ခင်ဗျားရဲ့ မျက်စိရှေ့မှာတင် ကျရောက်လာလိမ့်မယ်။
ကျုပ် ယွင်ကျုံးဟဲ့က ကောင်းကင်နဲ့ မြေကြီးကိုတောင် ပြောင်းလဲနိုင်တဲ့ အစွမ်းတွေ ရှိတယ်။ မိုးကြိုးတွေကို ခေါ်နိုင်တယ်၊ နဂါးတွေကို ခေါ်နိုင်တယ်။ ကမ္ဘာမြေကြီး တစ်ခုလုံးကို ပြောင်းပြန်လှန်ပြီး ပြိုကျသွားအောင် လုပ်နိုင်တယ်။ ခင်ဗျားတို့ရဲ့ စစ်သည် တစ်သိန်းဆိုတာ ကျုပ် မျက်လုံးထဲမှာတော့ ရွှံ့ရုပ်တွေ၊ ခွေးတွေလိုပဲ။ အားစိုက်စရာတောင် မလိုဘဲ အကုန် ဖျက်ဆီးပစ်နိုင်တယ်။
သခင်လေး ထန်ထိုင်… ဟိုမျဉ်းဖြူလေးကို မြင်လား။”
ထန်ထိုင်ဖန်က မနေနိုင်ဘဲ နောက်သို့ လှည့်ကြည့်လိုက်ရာ မြို့ရိုးနှင့် မီတာ ငါးရာခန့် အကွာတွင် မျဉ်းဖြူတစ်ကြောင်း ရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ခင်ဗျားရဲ့ စစ်တပ်က အဲဒီမျဉ်းဖြူကို ကျော်လာတာနဲ့တပြိုင်နက် ကျုပ်က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကိုခေါ်ပြီး ခင်ဗျားတို့ရဲ့ စစ်သည် တစ်သိန်းလုံး အကုန်သတ်ပစ်မယ်။ ကြိုမပြောဘူးလို့ မဆိုနဲ့နော်။”
ထန်ထိုင်ကျင့်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွား၏။ သူက မြို့ရိုးပေါ်သို့ တိုက်ရိုက် ခုန်တက်ပြီး ယွင်ကျုံးဟဲ့ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်ချင်စိတ်များ ပေါက်ကွဲလာတော့သည်။
သို့ပေမည့် သူ မလုပ်ချင်ချေ။ ဤသို့ လုပ်ဆောင်ခြင်းက အလွန် ဂုဏ်သိက္ခာမဲ့လွန်းလှ၏။ သူက အနာဂတ်တွင် ဘုရင်ဖြစ်လာမည့်သူ ဖြစ်ရာ ယွင်ကျုံးဟဲ့ကဲ့သို့ အောက်တန်းကျသောသူသည် အာဏာသားများ၏ လက်အောက်တွင်သာ သေဆုံးသင့်ပြီး၊ အနာဂတ် ဘုရင်တစ်ပါးက ကိုယ်တိုင် သတ်ဖြတ်ရန် မတန်ချေ။ ယွင်ကျုံးဟဲ့ကို သတ်ရခြင်းက သူ ထန်ထိုင်ကျင့်၏ လက်ကို ညစ်ပတ်သွားစေလိမ့်မည်။
ထန်ထိုင်ကျင့်က စကားတစ်ခွန်းမှ မဆိုတော့ဘဲ နောက်သို့လှည့်ကာ သူ၏ စစ်တပ်ရှိရာသို့ မြင်းစီးသွားတော့သည်။
“စစ်တပ် အားလုံး နေရာယူ...”
“ရှေ့ကို ချီတက်.... လေခွင်းမြို့ကို တိုက်ခိုက်ပြီး အကုန် ခြေမှုန်းပစ်ကြ...”
“ကျင်းမိသားစုကို အမြစ်ပြတ် ရှင်းလင်းပစ်၊ ယွင်ကျုံးဟဲ့ကို အရေခွံဆုတ်၊ အကြောဖြတ်ပြီး အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်ကြ...”
အမိန့်ပေးသံနှင့်အတူ စစ်သည် ရှစ်သောင်းက နောက်တစ်ကြိမ် စတင် နေရာယူကြပြန်၏။ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသော စစ်စည်တော်သံများ ထွက်ပေါ်လာသည်။
“ဒုန်း... ဒုန်း... ဒုန်း…”
စစ်သည် ရှစ်သောင်းက ညီညာသော ခြေလှမ်းများဖြင့် ဒီရေလှိုင်းကြီးများအလား မြို့ရိုးဆီသို့ ပြင်းထန်စွာ လျှောက်လှမ်းလာကြပြီး အရှိန်က ပိုပို မြန်လာ၏။
ထိုအချိန်တွင် မြို့ရိုးပေါ်၌ ပို၍ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ မူလက ဤသုံးမိုင်ခန့် ရှည်လျားသော မြို့ရိုးပေါ်တွင် အားနည်းသော စစ်သည် တစ်ထောင်ခန့် ရှိနေသေးသော်လည်း ယခုမူ အားလုံး ဆုတ်ခွာသွားကြပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ အနောက်ရှိ ကလေးငယ် နှစ်ဦးပင်လျှင် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ ကြီးမားသော မြို့ရိုးကြီးပေါ်တွင် ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး သူက စောင်းတီးနေဆဲ ဖြစ်သည်။ သူ တီးခတ်နေသည်မှာ အိပ်စက်နေသော နဂါး၏ သီချင်းပင် ဖြစ်၏။
မြို့လွတ်ဗျူဟာကို ကပြမည်ဆိုမှတော့ ကျူးကော့လျန်ထက် ပို၍ ပြတ်သားရမည် မဟုတ်ပါလား။ သူ တစ်ယောက်တည်းသာ ကျန်ရှိနေရပေလိမ့်မည်။
ထို့အပြင် ဇာတ်လမ်းထဲမှ မြို့လွတ်ဗျူဟာက အတုဖြစ်သော်လည်း သူ ကျူးကော့ကျုံးဟဲ့၏ မြို့လွတ် ဗျူဟာက အစစ်အမှန် ဖြစ်၏။ အစွမ်းပြ ဟန်ဆောင်မည်ဆိုပါက အဆုံးစွန်ထိတိုင်အောင် ဟန်ဆောင်ရမှာ ဖြစ်သည်။
“တိုက်… တိုက်… တိုက်...”
ရန်သူ့ မဟာမိတ်တပ်ကြီး ရှစ်သောင်းက ပိုပို မြန်ဆန်စွာ ပြေးဝင်လာကြသည်။ မည်းမှောင်နေပြီး အဆုံးအစ မရှိသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းသွားမတတ်၊ လေခွင်းမြို့ကို လုံးဝ လွှမ်းခြုံသွားတော့မည့် အသွင် ရှိနေ၏။
“လေခွင်းမြို့ကို ခြေမှုန်းပစ်ကြ...”
“လေခွင်းမြို့ကို ခြေမှုန်းပစ်ကြ...”
“အမြစ်ပြတ် ရှင်းလင်းပစ်ကြ...”
စစ်သည် ရှစ်သောင်းက ဟစ်ကြွေးကာ အော်ဟစ်နေကြသည်။
ယွင်ကျုံးဟဲ့၏ စောင်းတီးခတ်မှု ဟန်ပန်ကလည်း ညင်သာရာမှနေ၍ တဖြည်းဖြည်း ပြင်းထန်လာပြီး စိတ်အားထက်သန်လာတော့၏။
“ဒေါင်… ဒေါင်… ဒေါင်… ဒေါင်…”
တီးခတ်နေသည်မှာ အိပ်စက်နေသောနဂါး၏ သီချင်း ဖြစ်သော်လည်း သူ၏ တီးခတ်မှုအောက်တွင် အရပ်ဆယ်မျက်နှာမှ ဝိုင်းရံခြင်း၏ အရှိန်အဝါမျိုး ဖြစ်ပေါ်လာတော့သည်။
ရန်သူ့ စစ်တပ်ကြီးက သူ ရေးဆွဲထားသော မျဉ်းဖြူလေးနှင့် ပိုပို၍ နီးကပ်လာသည်။ ယွင်ကျုံးဟဲ့၏ စောင်းတီးခတ်မှုကလည်း ပိုပို၍ ရူးသွပ်လာပြီး ပိုပို၍ ပြင်းထန်လာ၏။ အရပ်ဆယ်မျက်နှာမှ ဝိုင်းရံခြင်း၏ အရှိန်အဝါမှနေ၍ ကံကြမ္မာတေးသွား အဖြစ်သို့ ပြောင်းလဲသွားတော့၏။
တစ်ယောက်တည်း တီးခတ်နေသော်လည်း တကယ့် သံစုံတီးဝိုင်းကြီး တစ်ခုလုံးက တီးခတ်နေသကဲ့သို့ ခံစားရစေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့် မြေကြီးက တစ်ခုလုံးက သူ့အတွက် နောက်ခံတီးခတ် ပေးနေသောကြောင့်ပင်။
အဆုံးအစမရှိသော စစ်စည်တော်သံများ၊ စစ်သည် ရှစ်သောင်း၏ အော်ဟစ်သံများနှင့် သူတို့၏ ခြေသံများက မြေကြီးကို ရိုက်ခတ်နေသည့် အသံများ၊ မရေမတွက်နိုင်သော အသံများ အားလုံး ပေါင်းစပ်သွားကာ အပြင်းထန်ဆုံးသော ဂီတသံစဉ်ကြီးတစ်ခု ဖြစ်ပေါ်လာတော့၏။
“ဒေါင်… ဒေါင်… ဒေါင်… ဒေါင်… ဒေါင်… ဒေါင်…”
‘ကျုပ်ရဲ့ စောင်းသံက စစ်မြေပြင်က ဓားလှံတွေလိုပဲ၊ လူသတ်ချင်စိတ်တွေ ပြည့်နှက်နေတယ်။ တစ်ယောက်တည်းနဲ့ ဒီရေလှိုင်းလို ပြေးဝင်လာတဲ့ စစ်သည် ရှစ်သောင်းကို ရင်ဆိုင်နေတာပဲ။’
ဤမြင်ကွင်းကို မည်သည့် ရုပ်ရှင်ဇာတ်ကားတွင်မဆို ထည့်သွင်းပြသပါက သမိုင်းဝင် ဇာတ်ဝင်ခန်း တစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။
စစ်သည် ရှစ်သောင်းက ထိုမျဉ်းဖြူနှင့် ပိုပို၍ နီးကပ်လာသည်။ မီတာ တစ်ရာ... မီတာ ရှစ်ဆယ်.... မီတာ ငါးဆယ်... ဆယ်မီတာ။
‘ကျော်သွားပြီ။’
ထန်ထိုင်ကျင့် ဦးဆောင်သော စစ်သည် ရှစ်သောင်း၏ ရှေ့ပြေးတပ်ဖွဲ့က ယွင်ကျုံးဟဲ့ ရေးဆွဲထားသော မျဉ်းဖြူကို ကျော်လွန်သွားပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့က ကြိုတင် သတိပေးထားခဲ့သည်။ ထိုမျဉ်းဖြူကို ကျော်လွန်သည်နှင့်တပြိုင်နက် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ခေါ်ယူကာ ဤစစ်သည် ရှစ်သောင်းကို အကုန်အစင် သတ်ပစ်မည်ဟု ပြောထားခဲ့သည်။
ချက်ချင်းပဲ ယွင်ကျုံးဟဲ့က စောင်းတီးခတ်နေခြင်းကို ရပ်တန့်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ဆူညံသံများ ပြည့်နှက်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်လုံးထဲတွင်မူ အရာအားလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သေမင်းတမန်များ ရောက်လာသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခြင်း ဖြစ်သည်။ အဏုမြူဗုံး မပေါက်ကွဲမီ အသက်ရှူကျပ်လုမတတ် တိတ်ဆိတ်သွားသည့် အခြေအနေမျိုးပင်။
‘လောကမှာရှိတဲ့ အရာအားလုံးက ငြိမ်သက်သွားပြီး ကျုပ်ရဲ့ အသံတစ်ခုတည်းကိုပဲ နားထောင်နေကြ သလိုပဲ။’
ယွင်ကျုံးဟဲ့က မျက်လုံးများကို မှိတ်ကာ စတင်၍ နောက်ပြန် ရေတွက်လိုက်၏။ “ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...”
‘သောက်ကျိုးနည်း… မပေါက်ကွဲသေးဘူးပဲ။ စက္ကန့်နဲ့ မကိုက်ဘူးလား။’
ယွင်ကျုံးဟဲ့က ဇာတ်ဝင်ခန်းကို ထပ်မံ ဖြည့်စွက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ရ၏။ “ကျုပ် ယွင်ကျုံးဟဲ့က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခေါ်ယူပြီး ခင်ဗျားတို့ကို အမှုန့်ဖြစ်သွားအောင် လုပ်ပစ်မယ်။ အမှုန့် ဖြစ်သွားအောင် လုပ်ပစ်မယ်။”
ယွင်ကျုံးဟဲ့၏ အော်ဟစ်သံနှင့်အတူ မြေအောက်ရှိ နုဧကရာဇ်၏ သင်္ချိုင်းဂူထဲမှ ပထမဆုံး ယမ်းမည်းထုပ် ပေါက်ကွဲသွားတော့၏။
“ဝုန်း…”
ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ ယမ်းမည်းထုပ်များ ဆက်တိုက် ပေါက်ကွဲလာသည်။
ပေါက်ကွဲမှုတိုင်းက မြေအောက်မှ မိုးကြိုးသံများအလား ထွက်ပေါ်လာသည်။ မြေကြီး တစ်ခုလုံး တုန်ခါသွား၏။ မြေအောက်ကမ္ဘာကြီး၏ ဒေါသများ ပေါက်ကွဲထွက်လာသကဲ့သို့ပင်။
ယွင်ကျုံးဟဲ့က ချက်ချင်း မတ်တတ်ရပ်ကာ ယပ်တောင်ကို ဝှေ့ယမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကောင်းကင်နဲ့ မြေကြီးက နဂါးတွေ… ကျုပ်အမိန့်ကို နာခံကြ။ ကမ္ဘာမြေကြီးကို ပြောင်းပြန်လှန်ပြီး ပြိုကျသွားအောင် လုပ်လိုက်ကြ။ ဒီစစ်သည်တွေ အကုန်လုံးကို မြေမြှုပ်ပစ်လိုက်ကြ။ အကုန်လုံးကို မြေမြှုပ်ပစ်လိုက်ကြ...”
ဤအချိန်တွင် ယွင်ကျုံးဟဲ့က သူ၏ အားအင် အကုန်ထုတ်သုံးကာ ရူးသွပ်စွာ အော်ဟစ်လိုက်တော့သည်။
“ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…”
မြေအောက် သင်္ချိုင်းဂူထဲတွင် ယမ်းမည်းထုပ် ဆယ်ဂဏန်း၊ ရာဂဏန်းမက ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
ယမ်းမည်း ပေါင်သောင်းချီ ပေါက်ကွဲသွားခြင်း ဖြစ်ပြီး ထောက်ကန်ထားသော ကြီးမားသည့် ကျောက်တိုင် ရာချီ ပြတ်တောက် ကျိုးပဲ့သွားတော့၏။
ထို့နောက် သမိုင်းတစ်လျှောက် ကြောက်မက်ဖွယ် အကောင်းဆုံး မြင်ကွင်းကြီး ပေါ်ထွက်လာတော့၏။ လေခွင်းမြို့ရိုးနှင့် မီတာ ငါးရာခန့် အကွာအဝေးမှ စတင်ကာ မိုင်အတော်များများ ကျယ်ဝန်းသော မြေပြင်ကြီး တစ်ခုလုံး ပြင်းထန်စွာ ပြိုကျသွားတော့သည်။
မိုင်အတော်များများ ကျယ်ဝန်းသော မြေပြင်ကြီးက ချက်ချင်း ပြိုကျသွားခြင်း ဖြစ်၏။ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်သွားသည်။ ထန်ထိုင်ကျင့်၏ စစ်သည် ရှစ်သောင်းမှာ အစုလိုက် အပြုံလိုက် မျိုချခံလိုက်ရတော့၏။
“ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…”
ကောင်းကင်နှင့် မြေကြီးကြားတွင် နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများသာ ထွက်ပေါ် နေတော့သည်။
ဘေးတစ်ဖက်တစ်ချက်ရှိ တောင်တန်းများပင်လျှင် ဤမျှ ကြီးမားသော ဆွဲအားကို မခံနိုင်တော့ဘဲ စတင် ကွဲအက်လာကြ၏။
မြေအောက်တွင် ယခင်က တစ်ခါမှ မရှိဖူးလောက်အောင် ကြီးမားသော မကောင်းဆိုးဝါးကြီး တစ်ကောင်က ပါးစပ်ကြီးဟကာ ထန်ထိုင်ကျင့် ဦးဆောင်သော စစ်သည် ရှစ်သောင်းကို အကုန်အစင် မျိုချပစ်လိုက် သကဲ့သို့ပင်။
တကယ်ကို မြေနဂါးကြီး လူးလွန့်သွားသကဲ့သို့ ဖြစ်၏။ လေခွင်းမြို့ တစ်ခုလုံး တဆတ်ဆတ် တုန်ယင် နေတော့သည်။ နယ်စားများမဟာမိတ်တပ်ကြီးက အစုလိုက်အပြုံလိုက် ပျောက်ကွယ်သွားကြ၏။
မိုင်အတော်များများ ကျယ်ဝန်းသော မြေပြင်ကြီးပေါ်တွင် ဖုန်လုံးကြီးများ လိမ့်တက်လာကာ ကောင်းကင်ယံရှိ နေမင်းကြီးကိုပင် လုံးဝ ဖုံးကွယ်သွားတော့သည်။
မြေပြင်ကြီးက ဆက်လက် ပြိုကျနေဆဲဖြစ်ပြီး မူလက အစီအစဉ်ထဲတွင် မပါဝင်သော မြေပြင်များပါ စတင် ပြိုကျလာ၏။ အက်ကွဲကြောင်းကြီးများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ပြိုကျမှုကြီးက လေခွင်းမြို့ရိုးဆီသို့ တဖြည်းဖြည်း ပျံ့နှံ့လာနေ၏။
ယွင်ကျုံးဟဲ့မှာ တကယ်ကို သေးထွက်ကျလုမတတ် လန့်သွားရတော့သည်။
‘ကောင်းကင်ဘုံ.... ဒီလို မလုပ်ပါနဲ့။ အစီအစဉ်အရဆိုရင် မြို့ရိုးနဲ့ မီတာ ငါးရာ အကွာအထိပဲ ပြိုကျရမှာလေ။ ဒီလိုသာ ဆက်ပြိုကျနေရင် လေခွင်းမြို့ရိုးပါ ပြိုကျတော့မှာပဲ။
ငါ… ငါ ထွက်ပြေးသင့်ပြီလား။ ငါ ထွက်ပြေးလိုက်ရင် အစွမ်းပြနေတာလေး ပျက်စီးသွားမှာပေါ့။ မပြေးဘူး… လုံးဝ မပြေးဘူး။ ငါ ကျူးကော့ကျုံးဟဲ့က လုံးဝ မပြေးဘူး။ ခေါင်းပြတ်ရင် ပြတ်ပါစေ၊ သွေးထွက်ရင် ထွက်ပါစေ၊ ဇာတ်ဝင်ခန်းကိုတော့ အပျက်မခံနိုင်ဘူး။’
ထို့ကြောင့် ဤကဲ့သို့ ကောင်းကင်နှင့် မြေကြီး ပြိုကျနေသည့်အချိန်တွင် ယွင်ကျုံးဟဲ့က ငှက်မွေး ယပ်တောင်ကို ကိုင်ဆောင်ကာ ခန့်ညားစွာ ရပ်နေဆဲဖြစ်ပြီး သူ၏ ယပ်တောင်ဖြင့် ရှေ့ရှိ မြေပြင်ကြီးကို ညွှန်ပြနေ၏။
တကယ့် မဟာမှော်ဆရာကြီး တစ်ဦးက နဂါးများကို ခေါ်ယူကာ ကောင်းကင်နှင့် မြေကြီးကို ပြိုကျစေ သကဲ့သို့ပင်။ တကယ်ကို တောင်ကြီး ပြိုကျလာသည့်တိုင် မျက်နှာမပျက်သော အမူအရာမျိုး ဖြစ်သည်။
မြို့ရိုးအောက်တွင်မူ မရေမတွက်နိုင်သော လူများမှာ တဆတ်ဆတ် တုန်ယင်နေကြသော်လည်း ယွင်ကျုံးဟဲ့ကို မော့ကြည့်ကာ အလွန်အမင်း ရိုသေလေးစားနေမိကြ၏။
‘သခင်လေးယွင်ကျုံးဟဲ့က တကယ့်ကို နတ်ဘုရား တစ်ပါးပဲ။’
.......................
မြို့စားအိမ်တော်၏ မြောက်ဘက်တောင်ကုန်းပေါ်တွင် လန်ပိ ဦးဆောင်သော သွေးနက်ဂိုဏ်းမှ သိုင်းပညာရှင် ရာဂဏန်းခန့်မှာ နောက်ဆုံး အခြေအနေအထိ တောင့်ခံထားရပြီး ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ထန်ထိုင်မိသားစု၏ သိုင်းပညာရှင်များက အလွန် အစွမ်းထက်လွန်းလှသည်။ ကျင်းမိသားစု၏ သိုင်းပညာရှင် များက မြေမျက်နှာသွင်ပြင် အားသာချက် ရှိပြီး ဂိတ်စခန်းများကို အပေါ်စီးမှ ကာကွယ်ထားနိုင်သည့်တိုင် ရန်သူများက အပေါ်သို့ တက်လာနိုင်ခဲ့ကြ၏။
အထူးသဖြင့် ထန်ထိုင်ယွီကျိုး ဖြစ်သည်။ သူ၏ သိုင်းပညာက အလွန် မြင့်မားလွန်းသောကြောင့် မည်သူကမှ တစ်ချက်ပင် မခုခံနိုင်ကြချေ။
မည်မျှ မတ်စောက်သော ချောက်ကမ်းပါး ဖြစ်ပါစေ၊ သူက မြေပြန့်လမ်းပေါ်တွင် လမ်းလျှောက်ရသကဲ့သို့ပင်။ အလွယ်တကူ ပြေးတက်လာနိုင်ခဲ့၏။
“သူ့ကို ပစ်သတ်ကြ… သူ့ကို ပစ်သတ်ကြ...” လန်ပိက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကျင်းမိသားစု၏ သိုင်းပညာရှင် ရာဂဏန်းခန့်က ထန်ထိုင်ယွီကျိုးကို ချိန်ရွယ်ကာ ရူးသွပ်စွာ မြားများ ပစ်လွှတ်ကြတော့၏။
“ရွှီး… ရွှီး… ရွှီး… ရွှီး…”
မြားများက မိုးရွာချသကဲ့သို့ ကျရောက်လာသည်။
ထန်ထိုင်ယွီကျိုးက လက်တစ်ဖက်ဖြင့် တွယ်တက်ကာ နောက်လက်တစ်ဖက်ဖြင့် ဓားကို ဝှေ့ယမ်းပြီး သူ့ဆီသို့ ကျရောက်လာသော မြားများ အားလုံးကို ဖယ်ရှားပစ်လိုက်၏။
လက်တစ်ဖက်တည်းဖြင့် ဓားကို ဝှေ့ယမ်းနေသည်မှာ အကာအကွယ် ဒိုင်းတစ်ခုအလား ဖြစ်နေသည်။
ဤသို့ဖြင့် သူက တောင်ထိပ်ရှိ ရဲတိုက်ငယ်လေးပေါ်သို့ အလွယ်တကူ တက်ရောက်လာနိုင်ခဲ့ပြီး တိုက်ရိုက် ပြေးဝင် တိုက်ခိုက်တော့၏။
“သူ့ကို တားထားကြ...”
အမိန့်ပေးသံနှင့်အတူ ကျင်းမိသားစု၏ သိုင်းပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ရူးသွပ်စွာ ပြေးဝင်သွားကြသည်။
သို့ပေမည့် ထန်ထိုင်ယွီကျိုးကို လုံးဝ မတားဆီးနိုင်ခဲ့ကြချေ။ သူ၏ သိုင်းပညာက အလွန် မြင့်မားလွန်း လှသောကြောင့် ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ကျင်းမိသားစု၏ လူများ လွင့်စင်သွားကြရ၏။
အချိန်တိုလေးအတွင်းမှာပဲ ကျင်းမိသားစု၏ တောင်ထိပ်ရဲတိုက် ကာကွယ်ရေးမျဉ်းကို လုံးဝ ဖောက်ထွက်သွားတော့မည့် အခြေအနေ ဖြစ်နေတော့သည်။
................
အပိုင်း (၁၅၆)
လန်ပိက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ချူကျောင်းရန်… ကျွန်မနဲ့ လိုက်ခဲ့...”
ချက်ချင်းပဲ လန်ပိနှင့် ချူကျောင်းရန်တို့က ဓားများကို ဆွဲထုတ်ကာ ရူးသွပ်စွာ ပြေးဝင်သွားကြတော့၏။ နှစ်ယောက်ပေါင်းပြီး ထန်ထိုင်ယွီကျိုး တစ်ယောက်တည်းကို တိုက်ခိုက်ကြခြင်း ဖြစ်သည်။
လန်ပိ၏ သိုင်းပညာက မြင့်မားပြီး ချူကျောင်းရန်က ပို၍ပင် မြင့်မားသေးသည်။ ပထမ ဆယ်ကွက်ကျော်ခန့်တွင် ထန်ထိုင်ယွီကျိုးကို အနည်းငယ် ခုခံနိုင်ခဲ့သော်လည်း အကွက် သုံးဆယ်ကျော် ရောက်ချိန်မှာတော့ အရေးနိမ့်လာတော့၏။
သတ်ပုတ်ကြည့်မှသာ လူတစ်ယောက်၏ သိုင်းပညာ အနိမ့်အမြင့်ကို သိနိုင်ပေသည်။ လန်ပိနှင့် ချူကျောင်းရန် တို့က ထန်ထိုင်ယွီကျိုး၏ သိုင်းပညာ မြင့်မားကြောင်း သိထားသော်လည်း ဤမျှအထိ မြင့်မားလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
ဤလူက ထန်ထိုင်မိသားစု၏ တတိယမြောက် အတော်ဆုံး သိုင်းပညာရှင်သာ ဖြစ်သေးသည်။ ဤမျှအထိ အစွမ်းထက်နေပြီဆိုလျှင် ထန်ထိုင်ကျင့်နှင့် ထန်ထိုင်မြဲ့မင်တို့ဆိုလျှင် မည်မျှ အစွမ်းထက်နေမည်နည်း။
ဤအတိုင်းသာ ဆက်သွားပါက အကွက် တစ်ရာပင် မပြည့်မီ ချူကျောင်းရန်နှင့် လန်ပိတို့ ရှုံးနိမ့်သွားမည် ဖြစ်ပြီး အသတ်ခံရနိုင်ခြေပင် ရှိ၏။
ထို့နောက် ထန်ထိုင်ယွီကျိုးက သိုင်းပညာရှင် ရာဂဏန်းခန့်ကို ဦးဆောင်ကာ မြို့စားအိမ်တော်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားတော့မှာ ဖြစ်သည်။
ထိုနေရာတွင် လေခွင်းကတော်၊ ကတိုးမွှေးသခင်မ၊ ရွှီအန်းထင်နှင့် ကလေးလေးတို့ ရှိနေကြသည် မဟုတ်ပါလား။
လန်ပိ၏ ဦးနှောက်ထဲတွင် မွေးခါစ ကလေးလေး၏ မျက်ဝန်းများကို မြင်ယောင်လာမိ၏။ ပထမဆုံး ဖွင့်ကြည့် လာသော ထိုမျက်ဝန်းကြီးများက မည်းနက်နေပြီး အလွန် အပြစ်ကင်းစင်လွန်းလှသည်။
သူမက အံကို ပြင်းပြင်း ကြိတ်လိုက်၏။ ‘သေရင် သေပါစေတော့။’
ထို့နောက် သူမက နတ်ဆိုးတစ်ကောင်အလား ရူးသွပ်စွာ ပြေးဝင်သွားပြီး လုံးဝ အသေခံ တိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုတော့၏။
ချူကျောင်းရန်လည်း ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ဒေါသတကြီး အော်ဟစ်ကာ ဆံပင်များ ဖရိုဖရဲဖြင့် ရူးသွပ်စွာ ပြေးဝင် တိုက်ခိုက်တော့သည်။
ထိုအချိန်၌ မလှမ်းမကမ်းမှ စစ်စည်တော်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။
“ဒုန်း... ဒုန်း.. ဒုန်း...”
ထန်ထိုင်ယွီကျိုးက လျှပ်စီးအလား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ချူကျောင်းရန်နှင့် လန်ပိတို့လည်း တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။
လူတိုင်း၏ အကြည့်များက တောင်အောက်ရှိ လေခွင်းမြို့ တောင်ဘက်မြို့ရိုး အဓိက စစ်မြေပြင်ဆီသို့ ရောက်သွားကြ၏။
ထန်ထိုင်ကျင့်၏ စစ်သည် ရှစ်သောင်းက မြို့ကို စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။ သူတို့က တောင်ထိပ်မှနေ၍ အလွန် ရှင်းလင်းစွာ မြင်တွေ့နေရပြီး ၎င်းမှာ ပိုင်ရှင်မဲ့ နယ်မြေတွင် နှစ်တစ်ရာအတွင်း အကြီးကျယ်ဆုံးသော စစ်ပွဲ မြင်ကွင်းကြီး ဖြစ်သည်။
စစ်သည် ရှစ်သောင်းက ဒီရေလှိုင်းများအလား လေခွင်းမြို့ရိုးဆီသို့ ပြေးဝင်သွားကြသည်။ မြို့ရိုးပေါ်တွင်မူ ယွင်ကျုံးဟဲ့မှလွဲ၍ မည်သူမှ မရှိချေ။ ပြင်းထန်သော စစ်စည်တော်သံများနှင့် စစ်သည် ရှစ်သောင်း၏ အော်ဟစ်သံများကို တောင်ထိပ်မှနေ၍ပင် အလွန် ရှင်းလင်းစွာ ကြားနေရ၏။
ထန်ထိုင်ယွီကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ “လေခွင်းမြို့ ကျဆုံးပြီ။ ခင်ဗျားတို့ ကျင်းမိသားစုလည်း ပြီးပြီ။”
လန်ပိနှင့် ချူကျောင်းရန်တို့၏ မျက်နှာများမှာ ရှုံ့မဲ့သွားကြ၏။ ယွင်ကျုံးဟဲ့က ရန်သူ့ စစ်တပ်ကြီးကို အကုန်အစင် သတ်ပစ်မည့် နည်းလမ်းကောင်း ရှိသည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း တကယ်ကို ယုံကြည်ရန် ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့၏ အစီအစဉ်ကို မည်သူ့ကိုမှ မပြောပြခဲ့ဘဲ သူနှင့် ကျင်းကျုံးယွဲ့ နှစ်ဦးတည်းသာ သိရှိထားသောကြောင့်ပင်။
လေခွင်းမြို့တွင် တောင်ပိုင်းကျိုးအင်ပါယာ၏ အမြင့်ဆုံး သူလျှို လောက်ချန်းကို ယခုတိုင် ရှာမတွေ့ သေးကြောင်း သတိရ ရမှာဖြစ်သည်။ ထို့ကြောင့် လူတိုင်း၏ အမြင်တွင် ဤတိုက်ပွဲက လုံးဝ မျှော်လင့်ချက် မရှိသော တိုက်ပွဲတစ်ခုသာ ဖြစ်နေ၏။
လန်ပိနှင့် ချူကျောင်းရန်တို့က သူတို့၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းမျှသာ ဖြစ်သည်။ ယခုအချိန်တွင် နောက်ဆုံး မျှော်လင့်ချက်လေးပင် ပျက်စီးသွားပေတော့မည်။
ရန်သူ့ စစ်သည် ရှစ်သောင်းက လေခွင်းမြို့နှင့် ပိုပို၍ နီးကပ်လာပြီဖြစ်သော်လည်း မြို့ရိုးပေါ်တွင် ယွင်ကျုံးဟဲ့က ဟန်ဆောင်ပန်ဆောင် လုပ်နေဆဲပင် ဖြစ်သည်။
‘ပြီးပြီ။ ကျင်းမိသားစု ပြီးပြီ။ လေခွင်းမြို့လည်း ပြီးပြီ။’
သို့ပေမည့် ထိုအချိန်မှာပဲ ပို၍ ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့၏။
တောင်ထိပ်ပေါ်ရှိ လူများက ယွင်ကျုံးဟဲ့ထက်ပင် ပို၍ ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာ၏။ ထို့နောက် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန် သွားသကဲ့သို့ ဖြစ်သွားကာ မိုင်တော်တော်များများ ကျယ်ဝန်းသော မြေပြင်ကြီး ပြိုကျသွားတော့သည်။
ထန်ထိုင်မြဲ့မင် ဦးဆောင်သော စစ်သည် ရှစ်သောင်းမှာ အစုလိုက်အပြုံလိုက် မြေမြှုပ်ခံလိုက်ရပြီး မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့၏။
“ကောင်းကင်ဘုံ....” လန်ပိ၏ ခြေထောက်များပင် တုန်ယင်လာတော့၏။ ဤအချိန်တွင် သူမ၏ ဦးနှောက်ထဲ၌ ယွင်ကျုံးဟဲ့၏ သူတောင်းစားအိုကြီးအသွင် အောက်တန်းကျသော ပုံစံလေးကိုပင် ပြန်လည် မြင်ယောင်လာ မိသည်။
“သခင်မ လန်ပိ… ကျုပ် ခင်ဗျားနဲ့ အတူတူ အိပ်ချင်တယ်။”
‘ဒီလူက ဒီလောက်တောင် အစွမ်းထက်တာလား။ တကယ်ကို ကောင်းကင်နဲ့ မြေကြီးကိုတောင် ပြောင်းလဲနိုင်တဲ့ ဉာဏ်ပညာတွေ၊ နတ်ဘုရားတွေ၊ တစ္ဆေတွေတောင် လန့်သွားနိုင်တဲ့ ပါရမီတွေ ရှိနေတာလား။’
ထိုအချိန်တွင် လန်ပိ၏ ရင်ထဲ၌ လေးစားအားကျမှုများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာတော့၏။
သူမက မနေနိုင်တော့ဘဲ သခင်လေး ယွင်အောက်ထျန်း… ကျွန်မ ရှင်နဲ့ အတူတူ အိပ်ချင်တယ် ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်မိတော့မတတ် ဖြစ်သွားသည်။
ချူကျောင်းရန်လည်း ဤမြင်ကွင်းကို မြင်ချိန်မှာတော့ ထူပူသွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတော့၏။
သူ၏ ဦးနှောက်ထဲတွင် စကားတစ်ခွန်းတည်းသာ ပဲ့တင်ထပ်နေသည်။
‘ငါ… ငါ… ငါ… သခင်လေးယွင်အောက်ထျန်းကို စော်ကားခဲ့ဖူးသလိုပဲ။ သူ့ရဲ့ စိတ်ထားက သိပ်ပြီး သဘောထား ကြီးပုံမရဘူး။ အရင်တစ်ခေါက်က ငါတောင်းပန်ခဲ့တာ သိပ်ပြီး ရိုးသားမှု မရှိခဲ့သလိုပဲ။ ငါ့ရဲ့ ဒူးတွေက အရမ်း တောင့်တင်းလွန်းနေသလား။ ဒီလို နတ်ဘုရားတွေလို အစွမ်းထက်တဲ့သူရှေ့မှာ ဒူးထောက်လိုက်ရတော့ကော ဘာဖြစ်လဲ။’
ထန်ထိုင်ယွီကျိုးမှာမူ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မတတ် ဖြစ်နေ၏။
‘ဘာတွေ ဖြစ်ကုန်တာလဲ။ ကောင်းကင်ဘုံ… ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ မျက်တောင်တစ်ချက် ခတ်လိုက်တဲ့ အချိန်လေးအတွင်းမှာ ငါတို့ ထန်ထိုင်မိသားစုရဲ့ စစ်တပ်တွေ အကုန် ပျောက်သွားရတာလဲ။ စောစောက ဘာတွေ ဖြစ်သွားတာလဲ။ မဟုတ်ဘူး။ ဒါတွေ အကုန်လုံးက အစစ်အမှန် မဟုတ်ဘူး။ အိပ်မက် မက်နေတာပဲ ဖြစ်ရမယ်။ အိပ်မက် မက်နေတာပဲ။’
ကျင်းကျုံးယွဲ့ အလွန် ဒေါသထွက်နေမိသည်။ ‘ဒီ ယွင်ကျုံးဟဲ့ဆိုတဲ့ ယောက်ျားက တကယ် ရွံရှာဖို့ ကောင်းတယ်။ ရှင်တစ်ယောက်တည်းပဲ အစွမ်းပြနေတာလား။’
ဤကဲ့သို့ ကောင်းကင်နှင့်မြေကြီး ပြိုကျသွားတဲ့ မြင်ကွင်း၊ စစ်သည် ရှစ်သောင်းကို မြေမြှုပ်ပစ်လိုက်တဲ့ မြင်ကွင်းကို သူမက အချိန်အကြာကြီး စိတ်ကူးယဉ်ခဲ့ပြီး မျက်မြင်ကိုယ်တွေ့ ကြည့်ချင်လွန်းသောကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့က မြောက်ဘက် စစ်မျက်နှာပြင်က ပိုအန္တရာယ်များသောကြောင့် သူမကိုယ်တိုင် ကြီးကြပ်ရမည်ဟု ပြောခဲ့၏။
နင်ဝူကျီဆိုသောသူက ကြောက်စရာကောင်းလောက်အောင် သည်းခံနိုင်စွမ်း ရှိ၏။ အကယ်၍ တောင်ဘက် အဓိက စစ်မြေပြင်မှာ ထန်ထိုင်ကျင့်သာ နိုင်သွားလျှင် နင်ဝူကျီ၏ စစ်သည် နှစ်သောင်းက လှုပ်ရှားမှာ မဟုတ်ချေ။
သို့သော်ငြား ထန်ထိုင်ကျင့်၏ စစ်သည် ရှစ်သောင်း အကုန်လုံး သေကုန်ပြီဆိုခြင်းကို သူ သိသွားလျှင် နင်ဝူကျီက ချက်ချင်း မြို့ကို တိုက်ပြီး လေခွင်းမြို့ကို သိမ်းပိုက်ကာ နင်မိသားစုအတွက် ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရယူသွားပေလိမ့်မည်။
ထို့ကြောင့် ကျင်းကျုံးယွဲ့သာ ရှိနေလျှင် နင်ဝူကျီက လွယ်လွယ်နှင့် လှုပ်ရှားရဲမှာ မဟုတ်ကြောင်း ယွင်ကျုံးဟဲ့က ပြောခဲ့ခြင်းဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး ပြိုကျသွားတဲ့ အသံကြီးကို ဆယ်မိုင်လောက် ဝေးသည့် တောင်ဘက် အဓိက စစ်မြေပြင် နေရာကနေ၍ပင် သေချာ ကြားနေရ၏။
ကျင်းကျုံးယွဲ့က မျက်လုံးကို မှိတ်ပြီး ထိုမြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်၏။ ထို့နောက် သူမ အလွန် စိတ်လှုပ်ရှားလာပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ အတွင်းစိတ်ထဲမှ သတ်ဖြတ်လိုသော ဆန္ဒများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာတော့သည်။
ဤကဲ့သို့ အခြေအနေမျိုးရောက်တိုင်း သူမက လူသတ်ချင် သတ်၊ မသတ်လျှင် ယွင်ကျုံးဟဲ့ကို သွားနှိပ်စက်လေ့ ရှိ၏။ ဤနှစ်ခုထဲက တစ်ခုကို သေချာပေါက် ရွေးရပေမည်။ သို့ပေမည့် ယခု ယွင်ကျုံးဟဲ့က အနားမှာ မရှိသောကြောင့် လူသတ်ဖို့သာ ရှိတော့၏။
ချက်ချင်းပဲ ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်သည်။ “တိုက်...”
ချက်ချင်းပဲ မြောက်ဘက် မြို့ရိုးပေါ်ရှိ ကျောက်တုံးပစ်စက်များ အားလုံး၊ ကြီးမားသော ဒူးလေးစက်များ အားလုံးက ရူးသွပ်စွာ အော်ဟစ်ကာ ပြင်းထန်စွာ ပစ်ခတ်ကြပြီး နင်ဝူကျီ ဦးဆောင်သော မဟာမိတ်စစ်သည် နှစ်သောင်းဆီသို့ ပစ်လွှတ်လိုက်ကြတော့၏။
နင်ဝူကျီ လုံးဝ ရူးသွားမတတ် ဖြစ်သွားသည်။ ‘ကျင်းကျုံးယွဲ့… ခင်ဗျား ရူးနေလား။ ခင်ဗျား ရူးနေပြီလား။ ကျုပ်က ခင်ဗျားကို အရင် စမတိုက်ဘဲနဲ့ ခင်ဗျားက ကျုပ်ကို အရင် လာတိုက်တာလား။’
သို့ပေမည့် တောင်ဘက် စစ်မြေပြင်မှာ အလွန် ကြီးမားသည့့် ပြဿနာကြီး ဖြစ်သွားပြီဆိုခြင်းကို သူ၏ အတွင်းစိတ်ထဲတွင် ရှင်းလင်းစွာ သိနေ၏။
ထို့ကြောင့် နင်ဝူကျီက အမိန့်ပေးလိုက်သည်။ “စစ်တပ် အားလုံး ငါးမိုင် နောက်ဆုတ်...”
‘ဒီပြဿနာတွေ ရှိနေတဲ့ နေရာကနေ အရင်ဆုံး ရှောင်ထွက်သွားတာ အကောင်းဆုံးပဲ။’
သို့ပေမည့် နောက်ဆက်တွဲ မြင်ကွင်းက သူ့ကို ပိုပြီး အံ့ဩသွားစေခဲ့၏။
အဘယ်ကြောင့်ဆိုသော် လေခွင်းမြို့၏ မြောက်ဘက် တံခါးကြီး ပွင့်သွားပြီး ကျင်းကျုံးယွဲ့က စစ်သည် ထောင်ဂဏန်းခန့်ကို ဦးဆောင်ကာ ပြေးထွက်လာသောကြောင့် ဖြစ်သည်။
‘ဒီမိန်းမ တကယ် ရူးနေတာပဲ။ ဒီလို အရေးကြီးတဲ့ အချိန်မှာ မြို့ကို မကာကွယ်ဘဲ ခင်ဗျားက ထွက်တိုက်တယ်ပေါ့။ ခင်ဗျားက လေခွင်းမြို့ကို အန္တရာယ်ထဲ တွန်းပို့နေတာ မဟုတ်ဘူးလား။’
သို့ပေမည့် ကျင်းကျုံးယွဲ့က တကယ်ပဲ ပြေးထွက်လာခဲ့၏။
သူမက မြင်းစီးသူရဲ တစ်ထောင်ကျော်ကို ဦးဆောင်ကာ ဓားသွားတစ်လက်အလား နင်ဝူကျီ၏ စစ်သည် နှစ်သောင်းကြားသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
သူမ၏ လှံရှည်က ယခင်ကဲ့သို့ပင် ပြိုင်ဘက်ကင်းနေဆဲ ဖြစ်၏။
သူမ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေဆင်နှာမောင်းက သစ်ရွက်ကြွေများကို လွင့်စင်သွားစေ သကဲ့သို့ သူမ၏ လှံရှည်နှင့် အနည်းငယ် ထိမိရုံဖြင့် လွင့်စင်သွားကြတော့သည်။
“ရွှီး… ရွှီး… ရွှီး… ရွှီး… ရွှီး…”
တကယ်ကို မျက်လှည့်ပြနေသကဲ့သို့ပင်။ သူမ မြင်းစီးသွားသော နေရာများတွင် မရေမတွက်နိုင်သော ရန်သူများက လေထဲသို့ လွင့်စင်သွားကြ၏။
“ဝုန်း… ဝုန်း… ဝုန်း…”
တောင်ဘက် အဓိက စစ်မြေပြင်တွင် မြေကြီး ပြိုကျမှုမှာ နောက်ဆုံး၌ မြို့ရိုးနှင့် မီတာ နှစ်ရာခန့် အကွာတွင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့လည်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ မြင်ကွင်းက ထင်ထားသည်ထက် ပိုမို ကြီးမားသွားသော်လည်း အခြေအနေ လုံးဝ ဆိုးရွားသွားသည့် အဆင့်အထိတော့ မရောက်ခဲ့ချေ။ အနည်းဆုံးတော့ လေခွင်းမြို့ရိုး မပြိုကျသွားခဲ့ပေ။
ရှေ့ရှိ ကြီးမားသော ကွင်းပြင်ကျယ်ကြီးကို ပြန်ကြည့်လိုက်ရာ လုံးဝ ဟာလာဟင်းလင်းကြီး ဖြစ်နေပြီ ဖြစ်၏။
ထန်ထိုင်ကျင့်၏ စစ်သည် ရှစ်သောင်းမှာ အစတည်းက မရှိခဲ့သကဲ့သို့ ဤလောကမှနေ၍ လုံးဝ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။
မိုင်အတော်များများ ကျယ်ဝန်းသော မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ကျင်းကြီးများသာ ရှိနေတော့၏။
သွေးများကို မမြင်ရသလို၊ အလောင်းများကိုလည်း သိပ်မတွေ့ရချေ။ မီးခိုးငွေ့များသာ လိမ့်တက်နေတော့သည်။
စစ်သည် ရှစ်သောင်းမှာ ဤသို့ပင် သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး အပြီးတိုင် မြေမြှုပ်ခံလိုက်ရပြီ ဖြစ်၏။
တကယ့်ကို မျက်စိတမှိတ်အတွင်းမှာ အမှုန့်ဖြစ်သွားခဲ့ပြီ ဖြစ်၏။ တကယ့်ကို အတိုင်းအဆမရှိ ကျေနပ်ဖို့ ကောင်းလွန်းလှသည်။
‘ဒီလောကကို ရောက်လာတာ ကြာပြီ၊ အစွမ်းပြခဲ့တာလည်း အကြိမ်ကြိမ် ရှိပြီ၊ ဒီတစ်ခါကတော့ အကျေနပ်ဆုံးပဲ။ ဟား ဟား ဟား ဟား ဟား’
နောက်သို့ လှည့်ကြည့်လိုက်ရာ မြို့တွင်းရှိ မရေမတွက်နိုင်သော လူများက ဒူးထောက်နေကြ၏။
“သခင်လေးယွင်ကျုံးဟဲ့ အသက်ရာကျော် ရှည်ပါစေ။”
“သခင်လေးယွင်ကျုံးဟဲ့ အသက်ရာကျော် ရှည်ပါစေ။”
မည်သူကမှ မတ်တတ်ရပ်မနေရဲကြချေ။ ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် လူတိုင်း၏ စိတ်နှလုံးထဲ၌ တကယ့် နတ်ဘုရား တစ်ပါးအလား ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာ၏။ လူတစ်ယောက်က ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။
ထိုသူမှာ လေခွင်းမြို့ဝန် ဝမ်တောက်ဖူ၊ ကျင်းကျုံးယွဲ့၏ ဆရာ၊ လေခွင်းမြို့တွင် တစ်ဦးတည်းသော အမြင့်ဆုံး အာဏာရှိသူ ဖြစ်၏။ သူက စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယွင်ကျုံးဟဲ့ဆီသို့ လျှောက်လာနေသည်။
မြို့ရိုးပေါ်သို့ တက်လာပြီးနောက် မြို့ဝန် ဝမ်တောက်ဖူက ယွင်ကျုံးဟဲ့ကို ဦးညွှတ်လျက် ပြောလိုက်၏။ “ဂုဏ်ပြုပါတယ် သခင်လေး… ဂုဏ်ပြုပါတယ်။ ယနေ့ တိုက်ပွဲ ပြီးသွားရင် သခင်လေးယွင်ကျုံးဟဲ့က တစ်လောကလုံးမှာ နာမည်ကျော်ကြားသွားတော့မှာ သေချာပါတယ်။”
တကယ်ကို မလွယ်ကူလှပေ။ ဝမ်တောက်ဖူကဲ့သို့သော အဆင့်မြင့် ပုဂ္ဂိုလ်ကြီးကပင် နောက်ဆုံးတွင် ယွင်ကျုံးဟဲ့ကို အညံ့ခံကာ အသိအမှတ် ပြုလိုက်ပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့နှင့် မီတာအနည်းငယ် အကွာသို့ ရောက်ချိန်မှာတော့ မြို့ဝန် ဝမ်တောက်ဖူက ဒူးနှစ်ဖက်စလုံး ထောက်ချလိုက်သည်။
“ဝမ်တောက်ဖူက မြို့စားဟောင်း ကျင်းအဲ့ ကိုယ်စား၊ ကျင်းမိသားစု ကိုယ်စား၊ လေခွင်းမြို့က ပြည်သူ သောင်းချီ ကိုယ်စား သခင်လေးယွင်ကျုံးဟဲ့ကို ကျေးဇူးတင်လို့ ဂါရဝပြုပါတယ်။”
ထို့နောက် ဝမ်တောက်ဖူ၏ ဦးဆောင်မှုဖြင့် မြို့တွင်းရှိ ပြည်သူ သောင်းချီကလည်း တပြိုင်နက်တည်း ဂါရဝပြုလိုက်ကြ၏။
“သခင်လေးယွင်ကျုံးဟဲ့ရဲ့ အသက်ကယ်ကျေးဇူးကို ကျေးဇူးတင်လို့ ဂါရဝပြုပါတယ်။”
“သခင်လေးယွင်ကျုံးဟဲ့ရဲ့ အသက်ကယ်ကျေးဇူးကို ကျေးဇူးတင်လို့ ဂါရဝပြုပါတယ်။”
ယွင်ကျုံးဟဲ့က အလောတကြီး ပြောလိုက်သည်။ “မလိုပါဘူး… မလိုပါဘူး… မြို့ဝန် ဝမ်တောက်ဖူ ထပါတော့။ ပြည်သူတွေ အားလုံးလည်း ထကြပါတော့။”
မြို့ဝန် ဝမ်တောက်ဖူ၏ မျက်ဝန်းများတွင် ရူးသွပ်မှုများ ပြည့်နှက်နေပြီး မျက်ရည်များပင် ရစ်ဝဲနေ၏။
တကယ်ကို ကြည်နူးစရာ ကောင်းသော မြင်ကွင်းလေးပင်။ ဆံပင်ဖြူနေပြီ ဖြစ်သော ဝမ်တောက်ဖူက ကျင်းမိသားစုအတွက်၊ လေခွင်းချိုင့်ဝှမ်းရှိ ပြည်သူများအတွက် ဤမျှ ငယ်ရွယ်သော ယွင်ကျုံးဟဲ့ကို ဒူးထောက် ကန်တော့ခဲ့သည် မဟုတ်ပါလား။
ထို့နောက် မြို့ဝန် ဝမ်တောက်ဖူက အင်္ကျီလက်ထဲမှ ထက်မြက်သော ဓားတစ်လက်ကို ဆွဲထုတ်လိုက်၏။ သူ၏ တစ်ကိုယ်လုံးက ကြိုးကြာငှက် တစ်ကောင်အလား လေထဲသို့ ခုန်တက်သွားသည်။ လက်ထဲရှိ ထက်မြက်သော ဓားက ယွင်ကျုံးဟဲ့၏ လည်ပင်းဆီသို့ ပြင်းထန်စွာ ခုတ်ချလာတော့၏။
“တောင်းပန်ပါတယ် သခင်လေးယွင်ကျုံးဟဲ့… ကျုပ်သခင်အတွက် လုပ်ရတာပါ။ အမိန့်အရ ယွင်ကျုံးဟဲ့ကို သတ်ရမယ်။”
..........