အခန်း (၁၅၉-၁၆၀)
Vol. 14 Ch. 159-160
အပိုင်း (၁၅၉)
ယခုအချိန်၌ ထန်ထိုင်ကျင့်၏ ဦးနှောက်က အလွန် ရှုပ်ထွေးနေပြီး ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေကာ နားများမှာလည်း အဆက်မပြတ် အူနေတော့၏။ စောစောက ဖြစ်ရပ်များက ယခုအချိန်အထိ မနိုးနိုင်သေးသော အိပ်မက်ဆိုးတစ်ခုအလား ဖြစ်နေသည်။
‘ဘာမှ မတွေးချင်တော့ဘူး။ ချက်ချင်း ပြန်သွားပြီး ငြိမ်ငြိမ်လေး အိပ်နေချင်တယ်။’
သူက မနေနိုင်ဘဲ လေခွင်းမြို့၏ တောင်ဘက် မြို့ရိုးကို မော့ကြည့်လိုက်မိ၏။ ယခင်က သူက လေခွင်းမြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအချိန်၌ အလွန် နီးကပ်နေသော်လည်း အလွန် ဝေးကွာနေသကဲ့သို့ ဖြစ်နေ၏။
မြို့ရိုးပေါ်တွင် ယွင်ကျုံးဟဲ့ကို မမြင်ရတော့ဘဲ ကျင်းဝူပြန်း တစ်ယောက်တည်းသာ ရှိနေပြီး အားနည်းသော စစ်သည် တစ်ထောင်ခန့် ရှိနေသည်။
‘အခုအချိန်တွင် ပြန်တိုက်ခိုက်မယ်ဆိုရင် အောင်မြင်နိုင်လောက်လား။’
ထန်ထိုင်ဖန်၏ စိတ်ထဲတွင် ဤအတွေး ဝင်ရောက်လာမိ၏။ သူတို့ ရာဂဏန်းခန့်သာ ကျန်ရှိတော့သော်လည်း နိုင်ချေ ရှိနေသေးသည်။
သို့ပေမည့် ထန်ထိုင်ဖန်က ဤအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်၏။
‘အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။ အရမ်း ထိတ်လန့်စရာ ကောင်းလွန်းတယ်။ စောစောက မြင်ကွင်းက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ စစ်သည် ရှစ်သောင်း အကုန် သေသွားတာလေ။
စောစောက မြို့ရိုးပေါ်မှာ ဘယ်သူမှ မရှိဘူး။ အခုမှ အဲဒီ အားနည်းတဲ့ စစ်သည် တစ်ထောင်ကျော်က မြို့ရိုးပေါ် တက်လာတာ။ အခုချိန်မှာ ထပ်တိုက်မယ်ဆိုရင် ယွင်ကျုံးဟဲ့က ဘယ်လို အကြံအစည်တွေနဲ့ စောင့်နေအုံးမလဲဆိုတာ ဘယ်သူ သိမှာလဲ။ မတိုက်နိုင်ဘူး၊ သေရင်တောင် မတိုက်နိုင်တော့ဘူး။ ထပ်တိုက်ရင် သေတွင်းထဲ ပြန်ဝင်သွားသလိုပဲ ဖြစ်လိမ့်မယ်။’
ပို၍ ဆိုးသည်မှာ မြို့ကို တိုက်မယ်ဆိုသည့် အတွေး ဝင်လာသည်နှင့် တပြိုင်နက် တစ်ကိုယ်လုံး ကြက်သီးများ ထလာပြီး တဆတ်ဆတ် တုန်လာကာ အော့အန်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ကျင်းဝူပြန်းက မြေအောက်မှ တွားသွား ထွက်လာသော ထန်ထိုင်ကျင့်တို့ကို မြင်လိုက်ရ၏။ သူက အံ့အားတသင့်ဖြင့် အော်ဟစ်လိုက်၏။ “အစ်ကိုကြီး… ခင်ဗျားလား။ ခင်ဗျား မသေသေးဘူးလား။ ဘာဖြစ်သွားသေးလဲ။
အစ်ကိုကြီး… မြို့ထဲ ဝင်လာမလား။ ရေဆာနေပြီလား၊ ဗိုက်ဆာနေပြီလား၊ နာနေပြီလား။ ကျုပ် ပတ်တီး လာစည်းပေးမယ်။ ခေါက်ဆွဲ လာပြုတ်ပေးမယ်လေ။”
ထန်ထိုင်ကျင့်၏ မျက်နှာက အဆက်မပြတ် ရှုံ့မဲ့လို့နေပြီး ပြဒါးဆိပ်သင့် လက္ခဏာများက အဆက်မပြတ် ပြသလာနေသည်။ သွေးမည်းများလည်း အဆက်မပြတ် အန်ထုတ်နေရသည်။
“အဟွတ်… အဟွတ်… အဟွတ်…”
ထို့နောက် သူက လေခွင်းမြို့ရိုးကို မကျေမနပ်ဖြစ်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး အမိန့်ပေးလိုက်၏။ “သွား… သွား… သွား ပြန်မယ်… ပြန်မယ်။”
ထို့နောက် ဤလူ ရာဂဏန်းခန့်က ယိမ်းယိုင်စွာဖြင့် ထွက်ခွာသွားကြတော့သည်။
ကျင်းဝူပြန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ ‘ဒီလူ ရာဂဏန်းက ပြန်သွားတော့မှာလား၊ ငါ ဘာလုပ်ရမလဲ။ အောက်ထျန်းရေ… ငါ လိုက်သွားသင့်လား။’
ထို့နောက် သူက ဘေးရှိ အားနည်းသော စစ်သည်များကို ကြည့်လိုက်မိ၏။ လိုက်သွားလျှင် သေချာပေါက် သေလမ်းရှာခြင်း ဖြစ်လိမ့်မည်။
တကယ့် တိုက်ခိုက်ရေး စွမ်းရည်ရှိသော စစ်သည် ထောင်ဂဏန်းမှာ ကျင်းကျုံးယွဲ့နှင့်အတူ နင်ဝူကျီကို လိုက်လံ သတ်ဖြတ်ရန် ထွက်သွားကြပြီ မဟုတ်ပါလား။
ထို့ကြောင့် ကျင်းဝူပြန်း အနေဖြင့် ထန်ထိုင်ကျင့်နှင့် ထန်ထိုင်ဖန်တို့က ကြောက်လန့်ပြီး ပြန်လည် မတိုက်ခိုက်ခဲ့ခြင်းကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။ မဟုတ်လျှင် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဟာသကြီး ဖြစ်လာမှာဖြစ်၏။
စစ်သည် ရှစ်သောင်းဖြင့် လေခွင်းမြို့ကို တိုက်ခိုက်ရာတွင် မျက်စိတစ်မှိတ်အတွင်း အကုန်အစင် သေဆုံးသွားခဲ့သော်လည်း၊ နာရီဝက်ခန့် အကြာတွင် လူရာဂဏန်းခန့်ဖြင့် တိုက်ခိုက်ရာတွင်မူ တောင်ဘက် မြို့ရိုးကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည် ဟူသော ဟာသကြီး ဖြစ်လာပေလိမ့်မည်။
ထန်ထိုင်ကျင့်တို့က အပြင်းအထန် ပြေးလွှားနေကြပြီး မိုင်ဆယ်ဂဏန်းခန့် အကွာသို့ ရောက်ချိန်မှာတော့ နယ်စားများ မဟာမိတ်အဖွဲ့၏ တပ်စခန်းတစ်ခုသို့ ရောက်ရှိသွားကြ၏။
လူရာဂဏန်းခန့်က မြင်းပေါ်သို့ ခုန်တက်ကာ ထန်ထိုင်မြို့ဘက်သို့ ရူးသွပ်စွာ ပြေးလွှားသွားကြတော့၏။ ဤသတင်းကို ဖခင်ဖြစ်သူ ထန်ထိုင်မြဲ့မင်ထံသို့ အမြန်ဆုံး အသိပေးရပေမည်။
ထိုအချိန်တွင် ထန်ထိုင်မြဲ့မင်သည် အိမ်တော်ရှိ ရေရဟတ်ဘေးတွင် လက်ဖက်ရည် ကျိုနေဆဲ ဖြစ်သည်။
ဤရက်ပိုင်းအတွင်း သူသည် တကယ်ကို နတ်ဘုရား တစ်ပါးအလား ခံစားနေရ၏။ ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ခံစားချက်က လုံးဝ ပျောက်ကွယ်မသွားချေ။
သူက အလွန် တည်ငြိမ်သူ တစ်ဦး ဖြစ်သော်လည်း ယခု ရရှိတော့မည့် အောင်မြင်မှုများကြောင့် မနေနိုင်ဘဲ ယစ်မူးနေမိသည်။
ယခုတစ်ကြိမ် လေခွင်းချိုင့်ဝှမ်းကို တိုက်ခိုက်ရခြင်းက အလွန် ချောမွေ့ရုံသာမက ဝါးလုံးခွဲသကဲ့သို့ လွယ်ကူခဲ့ပြီး မည်သည့် ခုခံမှုမှ မကြုံတွေ့ခဲ့ရချေ။
နောက်ဆုံး ရရှိခဲ့သော သတင်းအရ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးကို သိမ်းပိုက်ပြီးစီးသွားပြီဖြစ်ပြီး မရေမတွက်နိုင်သော ဆန်စပါးများနှင့် ဆားများကို ရရှိခဲ့ပြီ ဖြစ်၏။ လေခွင်းမြို့မှာလည်း အထီးကျန် မြို့တစ်မြို့ ဖြစ်သွားပြီး စစ်သည် တစ်သိန်းက အရှေ့အနောက် ဝိုင်းရံထားပြီ ဖြစ်သည်။
ထန်ထိုင်ယွီကျိုးကလည်း သိုင်းပညာရှင် တစ်ထောင်ကျော်ကို ဦးဆောင်ကာ အနောက်ဘက် တောင်ကုန်း မှတစ်ဆင့် မြို့စားအိမ်တော်ကို ဝင်ရောက် စီးနင်းနေပြီ ဖြစ်၏။
အများဆုံး တစ်နာရီ အတွင်းမှာပင် လေခွင်းမြို့ ကျရှုံးသွားတော့မှာ ဖြစ်သည်။ သို့မဟုတ် လေခွင်းမြို့ ကျရှုံးသွားပြီ ဖြစ်သော်လည်း အောင်ပွဲ သတင်းက လမ်းမှာသာ ရှိနေသေးခြင်းလည်း ဖြစ်နိုင်သည်။
‘ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး၏ အချက်အချာကျသော နေရာဖြစ်တဲ့ လေခွင်းမြို့က ကျုပ် ထန်ထိုင်မြဲ့မင်ရဲ့ လက်ထဲ ရောက်လာပြီ။ ဒါက ပိုင်ရှင်မဲ့ နယ်မြေရဲ့ အသက်သွေးကြောပဲ။ စစ်သည် တစ်သိန်းက လေခွင်းမြို့ကို ကာကွယ်ထားမယ်။ မြောက်ဘက်က တာယင်အင်ပါယာရဲ့ စစ်တပ်တွေ ဆင်းလာလို့ မရသလို တောင်ဘက်က တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်တပ်တွေလည်း တက်လာလို့ မရဘူး။
ဒီနေ့ကစပြီး ကျုပ်တို့ ထန်ထိုင်မိသားစုက တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်ပုတ်တာကို အေးအေးဆေးဆေး စောင့်ကြည့်လို့ ရပြီ။ အင်ပါယာကြီး နှစ်ခုက အထိနာသွားတဲ့ အချိန်ကျရင် ကျုပ် ထန်ထိုင်မြဲ့မင်က စစ်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်ပြီ။ အဲဒီအချိန်ကျရင် အင်ပါယာကြီး နှစ်ခုလုံးရဲ့ ကံကြမ္မာက ကျုပ်လက်ထဲမှာ ရှိနေမှာပဲ။
တကယ်ကို ပျော်စရာ ကောင်းလိုက်တာ။ တကယ်ကို ယစ်မူးစရာ ကောင်းလိုက်တာ။ အဲဒီအချိန်ကျရင် တောင်ပိုင်းကျိုးအင်ပါယာနဲ့ ဆွေးနွေးတဲ့အခါ ကျုပ် လိုချင်တာ အကုန် တောင်းလို့ ရပြီ။ ကျုပ်က တောင်ပိုင်းကျိုး အင်ပါယာကို အညံ့ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်ကို ဘုရင်အဖြစ် ခန့်အပ်ပေးရမယ်။ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက ကျုပ်ရဲ့ ကိုယ်ပိုင် နယ်မြေ ဖြစ်ရမယ်။ တကယ့်ကို ကိုယ်ပိုင် နယ်မြေနဲ့ ဘုရင် ဖြစ်လာပြီပေါ့။
ပြီးတော့ ဒါက အစပဲ ရှိသေးတယ်။ တောင်ပိုင်းကျိုးအင်ပါယာနဲ့ တာယင်အင်ပါယာက အပြိုင်အဆိုင် ဖြစ်နေသရွေ့ ကျုပ်အတွက် အခွင့်အရေးတွေ အများကြီး ရှိနေအုံးမှာပဲ။ တဖြည်းဖြည်း အင်အားကြီးထွား လာအောင် လုပ်လို့ ရသေးတယ်။
ဟိုဘက်ဒီဘက် ယိမ်းပြီး နယ်မြေချဲ့ထွင်မယ်။ နောက်ထပ် ဆယ်နှစ်လောက်ဆိုရင် နိုင်ငံလေးကနေ အင်ပါယာကြီး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ ကျုပ်က အင်ပါယာကြီး နှစ်ခုနဲ့ တန်းတူ မရပ်တည်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။
အရင်တုန်းက နုဧကရာဇ်က တာရှအင်ပါယာကို တည်ထောင်နိုင်ခဲ့ရင် ကျုပ်က ဘာလို့ တာရှီအင်ပါယာကို မတည်ထောင်နိုင်ရမှာလဲ။ ဒီကမောက်ကမခေတ်ကြီးက အံ့ဖွယ်ဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေပြီး သူရဲကောင်းတွေ အများကြီး ထွက်ပေါ်လာမယ့် အချိန်ပဲ။
ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးမှာ သူရဲကောင်းဆိုတာ မရှိဘူး။ ဒါက ကျုပ်ကို အထီးကျန်စေတယ်။ ဒါကြောင့် အင်ပါယာကြီး နှစ်ခုနဲ့ပဲ စစ်တုရင် ကစားရတော့မယ်။ အင်ပါယာကြီး နှစ်ခုကမှ ကျုပ်ရဲ့ ပြိုင်ဖက် ဖြစ်ဖို့ တန်တာ။ ဟား ဟား ဟား ဟား ဟား။’
ထန်ထိုင်မြဲ့မင်က စိတ်ထဲမှ ရူးသွပ်စွာ ရယ်မောနေသော်လည်း မျက်နှာပေါ်တွင်မူ အလွန် တည်ငြိမ်နေဆဲ ဖြစ်၏။
ထို့နောက် သူက လက်ဖက်ရည် ကျိုပြီး တစ်ကျိုက်တည်း မော့သောက်လိုက်၏။ လက်ဖက်ရည် ဖြစ်သော်လည်း အရက်သောက်ရသကဲ့သို့ ယစ်မူးသွားစေသည်။
‘ကျုပ်တို့ ထန်ထိုင်မိသားစုက နှစ်ရာချီ ကြိုးစားလာခဲ့တယ်။ ကျုပ် ထန်ထိုင်မြဲ့မင်ကလည်း နှစ်ဆယ်ချီ ကြိုးစားလာခဲ့တယ်။ နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ။ ဘိုးဘေးတို့… ခင်ဗျားတို့ မြင်ကြလား။ ကျုပ်တို့ရဲ့ ခမ်းနားတဲ့ အနာဂတ် ရောက်လာတော့မယ်။ ကျုပ်တို့ရဲ့ ဘုရင်ဖြစ်မယ့် အိပ်မက် ရောက်လာတော့မယ်။’
သို့ပေမည့် ထိုအချိန်၌ အပြင်ဘက်မှ ပြင်းထန်သော မြင်းခွာသံများ ထွက်ပေါ်လာပြီး မြင်းစီးသူရဲ ဆယ်ကျော်သက်ခန့်က သတင်းစကားများကို ဝှေ့ယမ်းကာ ပြေးဝင်လာကြ၏။
“အရေးပေါ် သတင်း… အရေးပေါ် သတင်း…ဖယ်ကြ… ဖယ်ကြ… ဖယ်ကြ”
ထန်ထိုင်မြဲ့မင်က အပြင်သို့ ထွက်လာခဲ့၏။ သူ၏ အိမ်တော်ကလည်း တောင်ကုန်းပေါ်တွင် ရှိသောကြောင့် မြင်းစီးသူရဲ ဆယ်ကျော်သက်ခန့် ရူးသွပ်စွာ ပြေးလာသည်ကို မြင်တွေ့နေရသည်။
“အရေးပေါ် သတင်း… အရေးပေါ် သတင်း… အားလုံး ဖယ်ကြ… အားလုံး ဖယ်ကြ”
ထန်ထိုင်မြဲ့မင်က အနည်းငယ် ပြုံးလိုက်၏။ ‘နောက်ဆုံးတော့ ရောက်လာပြီပဲ။’
သူ ခန့်မှန်းထားသည့်အတိုင်း တစ်နာရီခန့် အတွင်းမှာပဲ လေခွင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်၏။
လေခွင်းမြို့နှင့် ထန်ထိုင်မြို့က မိုင် ခြောက်ရာခန့် ဝေးသော်လည်း ဤကင်းထောက်များက အောင်ပွဲသတင်းကို ပို့ဆောင်ရန်အတွက် မိုင်သုံးဆယ်လျှင် မြင်းတစ်ကောင် လဲလှယ်ကာ ပြေးလာခဲ့ကြခြင်း ဖြစ်၏။ ထို့ကြောင့် ငါးနာရီခန့် အတွင်းမှာပင် အောင်ပွဲသတင်းက ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
‘နည်းနည်းတော့ အလုပ်ရှုပ်သွားပေမဲ့ သူတို့ရဲ့ သစ္စာစောင့်သိမှုကို ပြသတာမို့လို့ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာ ကျုပ်က ခေါင်းဆောင် တစ်ယောက်အနေနဲ့ အရမ်း စိတ်လှုပ်ရှားနေတဲ့ပုံ မပြသင့်ဘူး။ တည်တည်ငြိမ်ငြိမ်ပဲ နေရမယ်။ မဟုတ်ရင် ဂုဏ်သိက္ခာ ကျသွားလိမ့်မယ်။’
လက်ဖက်ရည် ထပ်ကျိုပြီး တစ်ခွက် ငှဲ့ထားလိုက်၏။
‘ကင်းထောက်က အောင်ပွဲသတင်း လာပို့ရင် ဒီလက်ဖက်ရည် တစ်ခွက် တိုက်လိုက်မယ်။ အရမ်း ပူနေသေးတယ်။ ဒါပေမဲ့ ကင်းထောက်က အထဲဝင်လာပြီး သတင်းပို့တဲ့ အချိန်ကျရင် အတော်လေး သောက်လို့ကောင်းတဲ့ အပူချိန် ဖြစ်သွားမှာပဲ။’
ထို့နောက် ထန်ထိုင်မြဲ့မင်က မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ကာ မျက်လုံးများကို အနည်းငယ် မှိတ်လျက် အလွန် တည်ငြိမ်စွာ နေလိုက်၏။ သို့ပေမည့် ဘာကြောင့်မှန်း မသိ၊ သူ၏ ဦးနှောက်ထဲတွင် ယွင်ကျုံးဟဲ့ ဆိုဖူးသော သီချင်းတစ်ပုဒ် ပေါ်လာသည်။
ပြိုင်ဘက်ကင်းတာက ဘယ်လောက်တောင် အထီးကျန်ဆန်သလဲ၊ ပြိုင်ဘက်ကင်းတာက ဘယ်လောက်တောင် ဟာလာဟင်းလင်း ဖြစ်သလဲ ဆိုသည့် သီချင်းပင်။
သူက ယခုအချိန်တွင် ထိုခံစားချက်မျိုး ရရှိနေသော်လည်း အပြင်ပန်း၌မူ မပြသရဲချေ။ မည်သို့ပင်ဆိုစေ သူက မငယ်တော့သလို အနာဂတ်၏ ဘုရင်တစ်ပါး ဖြစ်လာမည့်သူ မဟုတ်ပါလား။
ခဏအကြာ၌ ရှေ့ဆုံးမှ ကင်းထောက်က အထဲသို့ ပြေးဝင်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ယင်စွာဖြင့် လျှောက်တင်လိုက်၏။ “သခင်ကြီး… အရေးပေါ် သတင်း… အရေးပေါ် သတင်းပါ။”
ထန်ထိုင်မြဲ့မင်က မျက်လုံးကို အနည်းငယ် ဖွင့်ကာ ပြောလိုက်သည်။ “တည်တည်ငြိမ်ငြိမ် နေစမ်းပါ။ အရင်ဆုံး ဒီလက်ဖက်ရည်ကို သောက်လိုက်အုံး။”
ရှေ့ဆုံးမှ ကင်းထောက်မှာ လုံးဝ ရူးသွပ်လုမတတ် ဖြစ်သွား၏။ ‘ဘယ်အချိန် ရောက်နေပြီလဲ။ လက်ဖက်ရည် သောက်ခိုင်းနေသေးတယ်ပေါ့။’
သို့ပေမည့် သခင်ကြီး ကိုယ်တိုင် ငှဲ့ပေးထားသည်ဖြစ်ရာ သူ မသောက်ဘဲ မနေရဲချေ။ ထို့ကြောင့် ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
ထန်ထိုင်မြဲ့မင်က တည်ငြိမ်စွာ မေးလိုက်သည်။ “တစ်နာရီလောက် အတွင်းမှာပဲ လေခွင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ တယ်ပေါ့။ ကောင်းတယ်… ကောင်းတယ်။ အကျအဆုံး ဘယ်လောက် ရှိလဲ။”
ကင်းထောက်က အနည်းငယ် ကြောင်အသွား၏။
ထန်ထိုင်မြဲ့မင်က ဆက်ပြောသည်။ “မင်းက ငါ ဘယ်လိုလုပ်ပြီး တစ်နာရီလောက် အတွင်းမှာ လေခွင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာ သိနေလဲလို့ အံ့ဩနေတာလား။ အရင် သတင်းပို့ချက်တွေရယ်၊ မင်းတို့ လမ်းမှာ ကြာတဲ့ အချိန်တွေရယ် ပေါင်းလိုက်ရင် မြို့ကို တိုက်တဲ့ အချိန်က တစ်နာရီလောက်ပဲ ရှိတာလေ။ ငါ့အစီအစဉ်နဲ့ အတိအကျပဲ။ ကျင်းကျုံးယွဲ့ကို အရှင်ဖမ်းမိလား။ ယွင်ကျုံးဟဲ့ကော အသေလား၊ အရှင်လား။ လူပုံအလယ်မှာ အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်လိုက်ပြီလား။”
ကင်းထောက်က လုံးဝ သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဝပ်တွားကာ ကျယ်လောင်စွာ ငိုကြွေးလိုက်တော့၏။ “သခင်ကြီး… ကျုပ်တို့ ရှုံးသွားပြီ။ ကျုပ်တို့ ရှုံးသွားပြီ။ တိုက်ပွဲ စတဲ့အချိန်မှာ လေခွင်းမြို့ တောင်ဘက် စစ်မြေပြင်မှာ ကောင်းကင်နဲ့ မြေကြီး ပြိုကျသွားပြီး ကျုပ်တို့ရဲ့ စစ်သည် တစ်သိန်းနီးပါး အကုန်လုံး မြေမြှုပ်ခံလိုက်ရတယ်။
အကုန် သေကုန်ပြီ။ တကယ့်ကို ကမ္ဘာကြီး ပြောင်းပြန်လှန်သွားသလိုပဲ။ မြေနဂါးကြီးက ဒေါသထွက်သွားသလိုပဲ။ ကျုပ်တို့ ရှုံးသွားပြီ။ ကျုပ်တို့ စစ်သည်အကုန် သေကုန်ပြီ သခင်ကြီး…”
……………………..
အပိုင်း (၁၆၀)
ထိုသတင်းကို ကြားချိန်မှာတော့ ထန်ထိုင်မြဲ့မင်က မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
အချိန်အတန်ကြာပြီးနောက် သွေးတစ်လုတ်ကို ပြင်းထန်စွာ အန်ထုတ်လိုက်တော့၏။
သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် ထန်ထိုင်မြဲ့မင်သည် အံ့သြစရာကောင်းလောက်အောင် ပြန်လည် မတ်တတ်ရပ်နိုင်သွားသည်။
သို့ပေမည့် သူ၏ ဦးနှောက်ထဲတွင်မူ ထိုစကားက ဆက်လက်၍ ပဲ့တင်ထပ်နေဆဲဖြစ်ပြီး တွေးခေါ်နိုင်စွမ်းများပင် ရပ်တန့်သွားသကဲ့သို့ ခံစားနေရသည်။ ခဏတာမျှ နာကျင်မှုကို မခံစားရတော့ဘဲ သံသယနှင့် ယုတ္တိမတန်မှုတို့ကိုသာ ခံစားနေရ၏။
သူက ခေါင်းမော့ကာ ရှေ့ရှိ ကင်းထောက်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ “မင်းတို့ တကယ်ပဲ ငါ့ ထန်ထိုင်မိသားစုက ကင်းထောက်တွေ ဟုတ်ရဲ့လား။”
ရှေ့ရှိ မြင်ကွင်းအားလုံးက အတုအယောင်များ ဖြစ်မည်ဟု သူ ထင်မှတ်နေမိ၏။ ဤသတင်းလာပို့သော ကင်းထောက်သည်လည်း အတုဖြစ်ရမည်။
ယွင်ကျုံးဟဲ့ လွှတ်လိုက်သော လူများ ဟန်ဆောင်ထားခြင်း သို့မဟုတ် တောင်ပိုင်းကျိုးအင်ပါယာ၏ အကြံအစည် တစ်ခုခု ဖြစ်ရမည်။ ဤလူနှစ်ဦးစလုံးက မည်သည့်ကိစ္စကိုမဆို လုပ်ရဲကိုင်ရဲသူများ ဖြစ်ကြသည် မဟုတ်ပါလား။
ထိုကင်းထောက်က အလျင်အမြန် ဒူးထောက်လိုက်ပြီး လျှောက်တင်၏။ “သခင်ကြီး… ကျုပ်က တကယ်ပဲ ထန်ထိုင်မိသားစုက ကင်းထောက်ပါ။ အရင်တစ်ခေါက် ကျုပ် မြင်းပေါ်က ပြုတ်ကျပြီး ဒဏ်ရာရတုန်းက သခင်ကြီး ကိုယ်တိုင် လာကြည့်ခဲ့ဖူးပါတယ်။
ကျုပ် ခြေထောက်က ဒဏ်ရာကို ကြည့်ပြီး သခင်ကြီးက ဒီဒဏ်ရာက ငါ့ကိုယ်ပေါ်မှာ ရနေသလိုပဲ၊ တကယ်ကို နာကျင်ရတယ် လို့တောင် ပြောခဲ့ပါသေးတယ်။ အဲဒီတုန်းက ကျုပ် အရမ်း ဝမ်းသာပီတိ ဖြစ်ခဲ့ရပြီး သခင်ကြီးကို မျိုးဆက်အဆက်ဆက် သစ္စာစောင့်သိပါ့မယ်လို့တောင် ကျိန်ဆိုခဲ့ပါသေးတယ်။”
“ဟား ဟား ဟား ဟား ဟား...”
ထန်ထိုင်မြဲ့မင်က ဤကဲ့သို့သော စကားမျိုး၊ ဤကဲ့သို့ လူများ၏ စိတ်နှလုံးကို သိမ်းပိုက်သည့် လုပ်ရပ်မျိုးကို အကြိမ်မည်မျှတောင် လုပ်ခဲ့ဖူးသည် မသိချေ။ ထို့ကြောင့် ဤကင်းထောက်လေးကို သူ မည်ကဲ့သို့ မှတ်မိနိုင်မည်နည်း။ အနည်းငယ် ရင်းနှီးနေသကဲ့သို့သာ ခံစားရခြင်း ဖြစ်သည်။
ထို့ကြောင့် သူက လုံးဝ မယုံကြည်သေးပေ။ သို့ပေမည့် သူက အလွန် ဂုဏ်သိက္ခာရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။ “မင်း တစ်လမ်းလုံး အပြေးအလွှား လာရတာ အရမ်း ပင်ပန်းသွားပြီ။ ငွေဆယ်ပြား ဆုချလိုက်တယ်။ ကောင်းကောင်း သွားနားလိုက်တော့။”
ထိုကင်းထောက်က မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ပြီး မျက်ရည်များ ကျလာကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်ကြီး။ ငွေတွေကိုတော့ ကျုပ် မယူပါရစေနဲ့”
“ယူပါ… ဘာလို့ မယူရမှာလဲ။ ထမင်းစားဖို့ လိုသေးတယ်လေ။ မိဘတွေ၊ သားသမီးတွေကို ကျွေးမွေးဖို့ လိုသေးတယ်။” ထန်ထိုင်မြဲ့မင်က သူ့ကို ဆွဲထူလိုက်၏။
ထိုကင်းထောက်က ပို၍ပင် ဝမ်းသာပီတိ ဖြစ်သွားရ၏။ ‘ဒီအချိန်ရောက်နေတာတောင် သခင်ကြီးက ငါ့လို လူသေးလူမွှားလေး တစ်ယောက်ကို ဆုချဖို့ မမေ့သေးဘူး။ ဘာလို့ ကောင်းကင်ဘုံက သခင်ကြီးကို မစောင့်ရှောက်ရတာလဲ။ ဘာလို့ သခင်ကြီးကို ရှုံးနိမ့်စေရတာလဲ။’
သို့ပေမည့် ထိုကင်းထောက် ထွက်သွားပြီးနောက် ထန်ထိုင်မြဲ့မင်က အေးစက်စွာ ပြောလိုက်သည်။ “သူ့ကို စောင့်ကြည့်ထား။ တကယ်လို့ သူ သတင်းအမှား ပို့ခဲ့တာဆိုရင် သံရည်ကျိုဖိုထဲ ပစ်ထည့်လိုက်....”
“ကောင်းပါပြီ။” အရိပ်မည်းတစ်ခုက အခန်းတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
ထန်ထိုင်မြဲ့မင်က ရေရဟတ်ဘေးသို့ ပြန်သွားကာ လက်ဖက်ရည်ကို ဆက်လက် ကျိုနေလိုက်သည်။
‘မဖြစ်နိုင်ဘူး။ ဒါတွေ အားလုံးက အတုတွေချည်းပဲ။ ယွင်ကျုံးဟဲ့ရဲ့ အကြံအစည်တွေ၊ တောင်ပိုင်းကျိုး အင်ပါယာရဲ့ အကြံအစည်တွေချည်းပဲ။ မကြာခင် တကယ့် အောင်ပွဲသတင်း ရောက်လာတော့မှာပဲ။ ဒီလို လှည့်ကွက်လေးတွေနဲ့ ငါ့ကို လှည့်စားလို့ ရမယ် ထင်နေလား။ ဘာ ကောင်းကင်နဲ့ မြေကြီး ပြိုကျတာလဲ။ ဘာ မြေကြီး အက်ကွဲတာလဲ။ အရူးတွေလို လျှောက်ပြောနေတာချည်းပဲ။ မကြာခင် တကယ့် အောင်ပွဲသတင်း ရောက်လာတော့မှာ။’
ထန်ထိုင်မြဲ့မင်က ဘာမှ ထပ်မပြောတော့ချေ။ ထို့နောက် သတင်းပို့မည့် ကင်းထောက်များ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြ၏။
သို့ပေမည့် အကြောင်းအရာများကတော့ တစ်ပုံစံတည်းပင် ဖြစ်သည်။ လေခွင်းမြို့ တောင်ဘက် စစ်မြေပြင်မှာ ရုတ်တရက် ပြိုကျသွားပြီး နယ်စားများမဟာမိတ်တပ်ကြီး အကုန်အစင် မြေမြှုပ်မျိုချခံလိုက်ရပြီး တပ်တစ်ခုလုံး အကုန်အစင် ပျက်စီးသွားပြီ ဖြစ်ကြောင်းပင်။
ထန်ထိုင်မြဲ့မင်ကတော့ လုံးဝ မယုံကြည်သေးချေ။ ‘လုံးဝ မဖြစ်နိုင်ဘူး။’
ဤအချိန်တွင် သူ၏ အပြုအမူက ရူးသွပ်နေသော လောင်းကစားသမား တစ်ယောက်နှင့် ပို၍ တူနေ၏။ အဘယ်ကြောင့်ဆိုသော် ရင်းနှီးထားရသည့် အရာများက အလွန် ကြီးမားလွန်းသောကြောင့် ရှုံးနိမ့်မှုကို လုံးဝ လက်မခံနိုင်ချေ။ ရလဒ်က မျက်စိရှေ့တွင် ရောက်နေသည့်တိုင် အရာအားလုံးကို အတုအယောင်များဟုသာ ထင်မှတ်ကာ မျှော်လင့်ချက်များ ထားရှိနေဆဲပင်။
သို့ပေမည့် မကြာမီမှာပဲ ထန်ထိုင်မြဲ့မင် လုံးဝ မျှော်လင့်ချက် ကုန်ဆုံးသွားရတော့၏။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်လုံး သွေးများ ပေကျံနေသော ထန်ထိုင်ယွီကျိုး ပြန်လည် ရောက်ရှိလာသောကြောင့် ဖြစ်သည်။
ထန်ထိုင်ယွီကျိုးက ပြောလိုက်၏။ “ကျုပ်တို့ ရှုံးပြီ… ရှုံးပြီ။ စစ်မြေပြင်ကြီး ပြိုကျသွားပြီး ကျုပ်တို့ရဲ့ စစ်တပ်တွေ အကုန်လုံး မြေမြှုပ်ခံလိုက်ရပြီ။”
ထို့နောက် ထန်ထိုင်ကျင့်နှင့် ထန်ထိုင်ဖန်တို့လည်း ပြန်လည် ရောက်ရှိလာကြသည်။
ထန်ထိုင်ကျင့်က အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “အဖေ... ကျုပ်တို့ ရှုံးပြီ… ရှုံးသွားခဲ့ပြီ။ ကောင်းကင်နဲ့ မြေကြီး ပြိုကျသွားပြီး ကျုပ်တို့ရဲ့ စစ်တပ်တွေ အကုန်လုံး မြေမြှုပ်ခံလိုက်ရပြီ။”
ဤလောကကြီးက အလွန် ရက်စက်လွန်းလှပေသည်။ ဤစကားမျိုးကို ထန်ထိုင်မြဲ့မင် ယနေ့ အကြိမ်ပေါင်း ဆယ်ဂဏန်းမက ကြားခဲ့ရ၏။ သူ၏ ညီဝမ်းကွဲ၊ သူ၏ သားတို့၏ နှုတ်ဖျားမှပါ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အတည်ပြုလိုက်နိုင်ပြီ ဖြစ်ပြီး မည်သည့် မျှော်လင့်ချက်မှ မရှိတော့ချေ။ ထန်ထိုင်မြဲ့မင် နောက်ထပ် ဆက်လက် တောင့်ခံမထားနိုင်တော့ပေ။ သူ၏ မျက်စိရှေ့တွင် အမှောင်များ ဖုံးလွှမ်းလာကာ ရင်ဘတ်ထဲတွင်လည်း အဆက်မပြတ် နာကျင်လာပြီး အော့အန်ချင်စိတ်များ ဖြစ်ပေါ်လာတော့၏။
“အန်ချင်တယ်။ ဝေါ့... ဝေါ့...”
နောက်ဆုံးတွင် သူ အန်ချလိုက်၏။ သို့ပေမည့် အန်ထွက်လာသည်မှာ သွေးများသာ ဖြစ်နေလေတော့သည်။
“အဖေ… အဖေ…”
“သခင်ကြီး… သခင်ကြီး…”
ထန်ထိုင်မြဲ့မင်က ရင်ဘတ်ကို ဖိကာ ယိမ်းယိုင်၍ လဲကျသွားပြီး နောက်ထပ် မထနိုင်တော့ချေ။
……………..
ဂျင်ဆင်းပြုတ်ရည် တိုက်ကျွေးပြီး နာရီအနည်းငယ် ကြာချိန်မှာတော့ ထန်ထိုင်မြဲ့မင်က တဖြည်းဖြည်း သတိရလာ၏။
ဤအချိန်တွင် သူသည် အဆုံးအစမရှိသော နာကျင်မှုများကို စတင် ခံစားနေရပြီ ဖြစ်သည်။ စောစောက သတင်းဆိုး ရောက်လာချိန်တွင် ထုံကျင်နေခဲ့ခြင်းသာ ဖြစ်၏။ ယခုမူ သူသည် အမှောင်ချောက်ကမ်းပါး အတွင်းသို့ ကျဆင်းသွားသကဲ့သို့ အဆက်မပြတ် ကျဆင်းနေကြောင်း ခံစားနေရသည်။
ဤတိုက်ပွဲအတွက် ထန်ထိုင်မြဲ့မင် မည်မျှတောင် ပေးဆပ်ခဲ့ရသနည်း။
စစ်သည် တစ်သိန်းဖြစ်သည်။ လပေါင်းများစွာ ကြိုးစားခဲ့ရပြီး အကောင်းဆုံး အခြေအနေ ဖန်တီးကာ မိမိကိုယ်ကို အထွတ်အထိပ်သို့ ရောက်အောင် တွန်းတင်ခဲ့ရသည်။
‘နည်းနည်းလေး လိုတော့တာ။ ငါက ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးရဲ့ အမြင့်ဆုံး အရှင်သခင် ဖြစ်လာတော့မှာ။ ကမ္ဘာလောကကြီးကို လက်ဝယ် ပိုင်ဆိုင်နိုင်ဖို့ နည်းနည်းလေး လိုတော့တာ။ ရိက္ခာတွေ ဘယ်လောက်၊ လက်နက်တွေ ဘယ်လောက်၊ နိုင်ငံရေး အရင်းအနှီးတွေ ဘယ်လောက် ပေးဆပ်ခဲ့ရသလဲ။
ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အရင်းအနှီးတွေ အကုန်လုံး ဒီတိုက်ပွဲထဲ ထည့်လိုက်ရတာလေ။ ရလဒ်ကတော့ တပ်တစ်ခုလုံး အကုန်အစင် ပျက်စီးသွားခဲ့ပြီ။ အကုန် ပျောက်ကွယ်သွားပြီ။ အားလုံး ပျောက်ကွယ်သွားပြီတဲ့လား။’
သို့ပေမည့် အရေးအကြီးဆုံး အချိန်သို့ ရောက်ရှိလာပြီ ဖြစ်၏။ ထန်ထိုင်မိသားစု၏ သေရေးရှင်ရေးကို ဆုံးဖြတ်ရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ ဝမ်းနည်းပူဆွေးမှုများကို အမြန်ဆုံး ဖယ်ရှားပစ်ရန် လိုအပ်ပြီး ထိုဝမ်းနည်းမှုများထဲတွင် နစ်မြုပ်နေ၍ မဖြစ်ချေ။
နောက်လာမည့် အချိန်များက အန္တရာယ်အများဆုံး အချိန်များဖြစ်ရာ အလွန် သတိထားရန် လိုအပ်ပေသည်။ အနည်းငယ် လွဲချော်သွားပါက ထန်ထိုင်မိသားစု၏ နှစ်တစ်ရာ သမိုင်းကြောင်းကြီး လုံးဝ အမှုန့်ဖြစ်သွားပေလိမ့်မည်။
“သခင်ကြီး… ဒီတိုက်ပွဲက ရှုံးသွားပေမဲ့ ကျုပ်တို့ ထန်ထိုင်မိသားစုရဲ့ အဓိက အင်အားကတော့ မထိခိုက်သေးပါဘူး။”
ထန်ထိုင်ဖန်က ပြောလိုက်၏။ “ကျုပ်တို့ ထန်ထိုင်မိသားစုမှာ စစ်သည် ရှစ်သောင်း ရှိတယ်။ ဒီတစ်ခါ သုံးသောင်းပဲ ထုတ်သုံးခဲ့တာ။ ကျန်တဲ့ ခုနစ်သောင်းက တခြား မြို့စားတွေရဲ့ မဟာမိတ်တပ်တွေလေ။ ကျုပ်တို့ဆီမှာ စစ်သည် ငါးသောင်းလောက် ကျန်နေသေးတယ်။ ပိုင်ရှင်မဲ့ နယ်မြေမှာ အကြီးဆုံး မြို့စားအဖြစ် ရှိနေတုန်းပါပဲ။”
“မင်း ဘာသိလို့လဲ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ငါတို့ ဆုံးရှုံးသွားမှာက နာမည်ဂုဏ်သတင်းပဲ။ ပြန်လည် အဖတ်ဆယ်လို့ မရတဲ့ နာမည်ဂုဏ်သတင်းပဲ။ ဒီတစ်ခါ ရှုံးနိမ့်မှုက ငါ့အပေါ်က အရှိန်အဝါတွေကို အကုန်လုံး ဖျက်ဆီးပစ်လိုက်ပြီ။ မြို့စား ဆယ်ဂဏန်းမကက စစ်တပ်တွေ စေလွှတ်ခဲ့ကြတယ်။
တကယ်လို့ နိုင်ခဲ့ရင် ငါ့ရဲ့ ဂုဏ်သတင်းက ပိုကြီးမားလာပြီး ဘယ်သူမှ မလွန်ဆန်ရဲတော့ဘူး။ ဒါပေမဲ့ အခု ရှုံးသွားပြီ။ သူတို့ရဲ့ စစ်တပ်တွေက ငါ့အတွက် စစ်တိုက်ပေးရင်း အကုန် သေကုန်ပြီ။
အရင်က သူတို့က ဒေါသထွက်ပေမဲ့ အသံမထွက်ရဲခဲ့ကြဘူး။ အခုတော့ သူတို့ရဲ့ ဒေါသတွေ အကုန်လုံး ပေါက်ကွဲထွက်လာတော့မယ်။ နောက်လာမယ့် အလှည့်က ငါတို့ ထန်ထိုင်မိသားစုကို လူတိုင်းက လက်ညှိုးထိုး အပြစ်တင်ကြတော့မယ့် အလှည့်ပဲ။
နင်ဝူကျီ ဘက်ကကော ဘယ်လိုနေလဲ။ သူ ဦးဆောင်သွားတဲ့ စစ်သည် နှစ်သောင်းက ဘယ်လို အခြေအနေ ရှိလဲ။” ထန်ထိုင်မြဲ့မင်က အလောတကြီး မေးလိုက်၏။
“သတင်းအရ… ကျင်းကျုံးယွဲ့က စစ်သည် ခြောက်ထောင်နဲ့ လိုက်လံ တိုက်ခိုက်ခဲ့တယ်။ နင်ဝူကျီက လုံးဝ စစ်မတိုက်ချင်ဘူး။ စစ်ရပ်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ ကျင်းကျုံးယွဲ့က ရူးသွပ်စွာနဲ့ မိုင်ဆယ်ဂဏန်းလောက် လိုက်လံ သတ်ဖြတ်ခဲ့တယ်။ ဒါကြောင့် နင်ဝူကျီရဲ့ စစ်သည် နှစ်သောင်းလည်း အကြီးအကျယ် ရှုံးနိမ့်သွားပြီး လူထောင်ဂဏန်းလောက်ပဲ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက် လာနိုင်ခဲ့တယ်။”
ထန်ထိုင်ဖန်က ပြန်ဖြေသည်။ “ကျင်းကျုံးယွဲ့က တကယ့် အရူးမပဲ။”
“ဟုတ်တယ်… အရူးမ”
ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “ဒီတစ်ခါ စစ်ပွဲကို အဓိက ဖန်တီးခဲ့တာ ငါတို့ ထန်ထိုင်မိသားစုပဲ ဆိုတာ အားလုံး အသိပဲ။ နင်မိသားစုက မလွှဲမရှောင်သာ ပါလာခဲ့ရတာ။ အာဏာကို လက်မလွှတ်ချင်လို့ စစ်သည် တစ်သောင်းခွဲ စေလွှတ်ခဲ့ရပေမဲ့ သူတို့က ရှောင်နိုင်ရင် အစွမ်းကုန် ရှောင်ကြမှာပဲ။
ဒါပေမဲ့ ကျင်းကျုံးယွဲ့ ဆိုတဲ့ ကျားမကြီးကို သွားရန်စမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အကြောင်းပြချက် မရှိဘဲ တိုက်ရိုက် လိုက်သတ်တော့တာပဲ။ ဒါပေမဲ့… ဒီလို သတ်တာက ကောင်းတယ်။ အရမ်း ကောင်းတယ်…”
ဟုတ်ပေသည်။ သတ်လိုက်တာ အလွန် ကောင်းမွန်လှ၏။ ထန်ထိုင်မိသားစုက စစ်သည် သုံးသောင်း ဆုံးရှုံးသွားပြီး ဂုဏ်သတင်း အကြီးအကျယ် ကျဆင်းသွားခဲ့သည်။
ဤအချိန်တွင် အစားထိုး ဝင်ရောက်လာ အနိုင်ဆုံးသူမှာ ဒုတိယ မြို့စားကြီး နင်မိသားစုပင် ဖြစ်၏။ သူတို့က မြို့စားများ အားလုံးကို စုစည်းကာ ထန်ထိုင်မိသားစုကို ဝိုင်းဝန်း တိုက်ခိုက်လာနိုင်၏။
ဤလောကကြီးက ထိုသို့ပင် ဖြစ်၏။ အရှေ့လေက အနောက်လေကို မဖုံးလွှမ်းနိုင်ပါက အနောက်လေက အရှေ့လေကို ဖုံးလွှမ်းသွားမှာသာ ဖြစ်သည်။
သို့ပေမည့် ကျင်းကျုံးယွဲ့၏ ရူးသွပ်စွာ သတ်ဖြတ်မှုကြောင့် နင်မိသားစု၏ စစ်တပ်မှာလည်း လူတစ်သောင်းကျော် သေဆုံးသွားခဲ့ရရာ နင်မိသားစုလည်း အကြီးအကျယ် အထိနာသွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် နောက်ပိုင်းတွင် သူက ရှေ့ထွက်ကာ မြို့စားများကို စုစည်း၍ ထန်ထိုင်မိသားစုကို ဝိုင်းဝန်း တိုက်ခိုက်မည်ဆိုလျှင်ပင် အင်အားက အများကြီး နည်းပါးသွားပေလိမ့်မည်။
သို့သော်လည်း ထန်ထိုင်မိသားစုမှာ အလွန် အန္တရာယ်များနေဆဲ ဖြစ်၏။ ထန်ထိုင်မိသားစုကို ကယ်တင်ရန် အဖြေတစ်ခု ချက်ချင်း ရှာရမှာဖြစ်သည်။ မြန်မြန် အဖြေရှာရပေမည်။ ဤသည်မှာ အချိန်နှင့် အပြေးပြိုင်နေခြင်း ဖြစ်ပြီး သေမင်းနှင့် အပြေးပြိုင်နေခြင်း ဖြစ်၏။
“သွား… သွား… သွား… တောင်ပိုင်းကျိုးအင်ပါယာရဲ့ သံတမန် နယ်စားလု ကို သွားပင့်ချေ။”
ထန်ထိုင်မြဲ့မင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “သူ ဘယ်ရောက်နေပါစေ၊ ဘယ်လို နည်းလမ်းပဲ သုံးရ သုံးရ၊ ကြိုးတုပ်ပြီး ခေါ်လာရမယ် ဆိုရင်တောင် ငါ့ရှေ့ကို ခေါ်လာခဲ့။”
ကြိုးတုပ်ရန်ပင် မလိုခဲ့ချေ။ မကြာမီမှာပင် ထိုတောင်ပိုင်းကျိုးအင်ပါယာ၏ သံတမန်၊ ယန်ဖြန်ရှန်၏ ကိုယ်စားလှယ်၊ တောင်ပိုင်းကျိုးအင်ပါယာ၏ အသက်အငယ်ဆုံး နယ်စားလေးသည် ထန်ထိုင်မြဲ့မင်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။
ထန်ထိုင်မြဲ့မင်က ကုတင်ပေါ်မှ ချက်ချင်း ဆင်းလာကာ ဖိနပ်ပင် မစီးနိုင်တော့ဘဲ တိုက်ရိုက် ပြေးထွက်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချကာ ဦးညွတ်လျက် ပြောလိုက်သည်။ “အမှုထမ်း ထန်ထိုင်မြဲ့မင်… အင်ပါယာရဲ့ ကောင်းကင်သံတမန်ကို အရိုအသေပေးပါတယ်။”
ယန်ဖြန်ရှန်၏ သံတမန်မှာ အနည်းငယ် အံ့ဩသွားရ၏။ ‘အရင်က မာနကြီးပြီး အခုမှ နှိမ့်ချနေတာ အရမ်း လွန်ကဲနေပြီ မဟုတ်လား။ အရင်တစ်ခေါက် တွေ့တုန်းက ခင်ဗျား ဘယ်လောက်တောင် အရေးကြီးတဲ့ ပုံစံဖမ်းပြီး၊ ဘယ်လောက်တောင် အထက်စီးကနေ ဆက်ဆံခဲ့လဲ။ ဘယ်လောက်တောင် မာနကြီးပြီး ဘယ်လောက်တောင် လေလုံးထွားခဲ့လဲ။ အခုကျတော့ တိုက်ရိုက်ကြီး ဒူးထောက်ချလိုက်ပြီလား။’
…………………