အခန်း (၁၆၁-၁၆၂)
Vol. 14 Ch. 161-162
အပိုင်း (၁၆၁)
“လာကြစမ်း… မိသားစု တံဆိပ်တုံး ယူခဲ့။ မြေစာရင်း ယူခဲ့။ လူစာရင်း ယူခဲ့ကြ...” ထန်ထိုင်မြဲ့မင်က အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် ထန်ထိုင်မိသားစု၏ မြေပုံ၊ မြေစာရင်း၊ လူစာရင်းနှင့် စစ်တပ်အမှတ်အသားများ အားလုံးကို လင်ပန်းတစ်ခုပေါ်တွင် တင်ကာ ယူဆောင်လာခဲ့သည်။ ထန်ထိုင်မြဲ့မင်က ဒူးထောက်လျက် လက်နှစ်ဖက်ဖြင့် ပင့်မကာ ဆက်သလိုက်၏။
“အမှုထမ်း ထန်ထိုင်မြဲ့မင်… တောင်ပိုင်းကျိုးအင်ပါယာကို စည်းကမ်းချက်မရှိ သစ္စာခံပါမယ်။ ကောင်းကင် သံတမန် အနေနဲ့ ဒီအရာတွေ အားလုံးကို လက်ခံပြီး ကျုပ် ထန်ထိုင်မိသားစုရဲ့ လူမှုရေး အာဏာ၊ စစ်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ အားလုံးကို လွှဲပြောင်း ယူတော်မူပါ။”
ထန်ထိုင်မြဲ့မင်က မြေပြင်ပေါ်တွင် ဝပ်တွားလျက် ပြောလိုက်သည်။ “ဒီနေ့ကစပြီး အဘိုးအိုက သာမန် ပြည်သူ တစ်ယောက်ပဲ။ တကယ့်ကို အထီးကျန်တောင်တန်း အဘိုးအို အဖြစ်နဲ့ ဒီကမောက်ကမ ခေတ်ကြီးမှာ အသက်ရှင်နေရုံလေးပဲ နေထိုင်ပါ့မယ်။
စာဖတ်မယ်၊ လက်ဖက်ရည် ကျိုမယ်။ ပြီးတော့ အမြင့်မြတ်ဆုံး ဧကရာဇ်မင်းမြတ်က မြောက်ဘက်က ယင် (တာယင်အင်ပါယာ) နိုင်ငံကို အနိုင်ယူပြီး လောကတစ်ခွင်မှာ အောင်ပွဲခံတာကိုပဲ စောင့်ကြည့်နေပါတော့မယ်။”
ယန်ဖြန်ရှန်၏ သံတမန်က မေးလိုက်၏။ “ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ။ ဘာ့ကြောင့်လဲ။”
ထန်ထိုင်မြဲ့မင်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ဒီအဘိုးအို ပြောတဲ့ စကားတိုင်းက ရင်ထဲက လာတာပါ။”
ဤထန်ထိုင်မြဲ့မင်သည် တကယ်ကို ပြတ်သားပြီး ဆုံးဖြတ်ချက်မြန်သူ ဖြစ်ကြောင်း ဝန်ခံရပေမည်။ စစ်ရှုံးပြီးနောက် အခြား မြို့စားများ၏ တန်ပြန်တိုက်ခိုက်မှုများကိုပင် မစောင့်တော့ဘဲ တောင်ပိုင်းကျိုး အင်ပါယာထံသို့ ချက်ချင်း အညံ့ခံလိုက်ခြင်း ဖြစ်၏။
‘အညံ့ခံတာ မြန်ရမယ်လေ။ မဟုတ်ရင် နင်မိသားစုက အရင် အညံ့ခံသွားရင် ဒုက္ခရောက်မှာပေါ့။ တောင်ပိုင်းကျိုးအင်ပါယာကို အညံ့ခံလိုက်ပြီးရင် ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေ ကျုပ်ကို လာရန်စရဲမှာ မဟုတ်တော့ဘူး။’
သံတမန်က ပြောလိုက်သည်။“သခင်ကြီး ထန်ထိုင်ရဲ့ သစ္စာရှိမှုကို ကျုပ် သေချာပေါက် သတင်းပို့ပေးပါ့မယ်။ သခင်ကြီးအနေနဲ့ သခင်ကြီးယန် ဒါမှမဟုတ် အိမ်ရှေ့စံမင်းသားကို ပြောစရာ စကားများ ရှိသေးလား။”
ထန်ထိုင်မြဲ့မင်က လျှောက်တင်လိုက်၏။ “အခုအချိန်က လေခွင်းမြို့ကို တိုက်ဖို့ အကောင်းဆုံး အချိန်ပဲ။ တကယ့်ကို ရွှေလို အခွင့်အရေးပဲ။ ဘာလို့လဲဆိုတော့ သူတို့ နိုင်သွားပြီလေ။ ပြီးတော့ သူတို့မှာ ရှိတဲ့ အစွမ်းတွေ အကုန်ထုတ်သုံးပြီးသွားပြီ။
ကျင်းကျုံးယွဲ့က စစ်သည် ခြောက်ထောင်နဲ့ နင်ဝူကျီရဲ့ စစ်သည် နှစ်သောင်းကို လိုက်လံ သတ်ဖြတ်ခဲ့တယ်ဆိုတော့ သူတို့လည်း အကျအဆုံး များမှာပဲ။ အခုအချိန်က လေခွင်းမြို့ အားအနည်းဆုံး အချိန်ပဲ။ ချက်ချင်း စစ်တပ် စုရုံးပြီး တစ်ချက်တည်းနဲ့ သွားတိုက်ကာ မြို့ကို သိမ်းပိုက်သင့်တယ်။”
သံတမန်က မေးလိုက်သည်။ “သခင်ကြီး ထန်ထိုင်က ဒီလို တွက်ဆထားမှတော့ ဘာလို့ ကိုယ်တိုင် သွားမတိုက်တာလဲ။ သခင်ကြီး လက်အောက်မှာ စစ်သည် ငါးသောင်းလောက် ရှိသေးတယ် မဟုတ်လား။”
ထန်ထိုင်မြဲ့မင်က မချိတင်ကဲ ပြုံးလိုက်၏။ သူလည်း သွားချင်၏။ သို့သော်ငြား ဤအရာ စစ်ရေးပြဿနာ မဟုတ်တော့ဘဲ နိုင်ငံရေး ပြဿနာ ဖြစ်သွားပြီ ဖြစ်၏။
သူ အရင်က လေခွင်းမြို့ကို သိမ်းပိုက်ချင်ခဲ့ခြင်းမှာ ဤအချက်အချာကျသည့် နေရာကို ယူပြီး အင်ပါယာကြီး နှစ်ခုကို စိန်ခေါ်ချင်သောကြောင့် ဖြစ်သည်။ သူ စိန်ခေါ်ရဲရသည့် အကြောင်းအရင်းမှာ ပိုင်ရှင်မဲ့ နယ်မြေက မြို့စား အားလုံး၏ စစ်သည် နှစ်သိန်းကျော်ကို ကိုင်စွဲထားနိုင်သောကြောင့် ဖြစ်သည်။
ယခု သူ စစ်ရှုံးသွားပြီး တခြား မြို့စားများ၏ စစ်သည် ခြောက်သောင်း၊ ခုနစ်သောင်းလောက်ကို ဆုံးရှုံးစေခဲ့၏။ ထိုမြို့စားများက သူ့ကို အစိမ်းလိုက် ဝါးစားချင်နေမှာဖြစ်ပြီး သူ့အမိန့်ကို နားထောင်တော့မှာ မဟုတ်ချေ။ ဤစစ်သည် နှစ်သိန်းကျော် မရှိရင် ထန်ထိုင်မိသားစုက အင်ပါယာကြီး နှစ်ခုကို ဘာနှင့် သွားစိန်ခေါ်ရမည်နည်း။
‘ငါ ကိုယ်တိုင် လေခွင်းမြို့ကို သွားတိုက်ပြီး သိမ်းပိုက်နိုင်ရင်တောင် ဘာအသုံးကျတော့မှာလဲ။ ငါ့မှာ စစ်တပ် ငါးသောင်း၊ ခြောက်သောင်းပဲ ကျန်တော့တာ။ တစ်ဝက်ကျော်ကို အိမ်စောင့်ထားခဲ့ရအုံးမယ်။ လေခွင်းမြို့ကို သွားတိုက်ဖို့ စစ်သည် နှစ်သောင်းလောက်ပဲ ခွဲထုတ်နိုင်မယ်။ ဒါက လုံးဝ သေလမ်းရှာတာပဲ။
လေခွင်းမြို့လို အချက်အချာကျတဲ့ နေရာကို စစ်သည် နှစ်သောင်းနဲ့ သွားစောင့်တာက သေဖို့ သွားတာပဲ။ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းက မြောက်ဘက်ကနေ ဆင်းလာတာနဲ့ ချက်ချင်း ကျရှုံးသွားမှာပဲ။ စစ်သည် တစ်သိန်း၊ နှစ်သိန်းလောက် မရှိရင် တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်ပုတ်တာကို စောင့်ကြည့်ဖို့ အရည်အချင်း မရှိဘူး။
ဒါပေမဲ့ တောင်ပိုင်းကျိုးအင်ပါယာက စစ်တပ် စေလွှတ်ရင်တော့ မတူတော့ဘူး။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်တပ် အများစုနဲ့ ထန်ထိုင်မိသားစုရဲ့ စစ်တပ် အနည်းငယ် ပေါင်းပြီး စစ်သည် တစ်သိန်းကျော်ပါတဲ့ မဟာမိတ်တပ်ကြီး ဖွဲ့နိုင်တယ်။
လေခွင်းမြို့ကို တိုက်ရိုက် ဝင်တိုက်ပြီး ဒီအရေးကြီးတဲ့ စစ်ရေးဗျူဟာ အချက်အချာ နေရာကို သိမ်းပိုက်နိုင်တယ်။ လေခွင်းမြို့ကို သိမ်းပိုက်နိုင်ပြီး စစ်သည် တစ်သိန်းကျော်နဲ့ စောင့်ကြပ်ထားနိုင်ရင် တာယင်အင်ပါယာရဲ့ စစ်တပ်တွေက တောင်ဘက်ကို ဆင်းလာရဲမှာ မဟုတ်တော့ဘူး။’
ထိုသို့ဆိုလျှင် သူ ထန်ထိုင်မြဲ့မင်ကလည်း ကြီးမားသည့် အောင်မြင်မှုကြီး ရသွားမှာ ဖြစ်သလို တောင်ပိုင်းကျိုး အင်ပါယာ၏ စစ်သည် တစ်သိန်းကျော်ကို အားကိုးပြီး ပိုင်ရှင်မဲ့ နယ်မြေက တခြား မြို့စားများလည်း သူ့ကို ဘာမှ လာမပြောရဲတော့မည် မဟုတ်ချေ။
သံတမန်က တွေးလိုက်မိသည်။ ‘ပိုင်ရှင်မဲ့ နယ်မြေမှာ အင်ပါယာကြီး နှစ်ခုနဲ့ ပူးပေါင်းတာက သေဒဏ်ပေးရမယ့် အပြစ်ပဲ၊ လုံးဝ တားမြစ်ထားတဲ့ စည်းကမ်းပဲ ဟုတ်လား။ ဘယ်သူက ဖောက်ဖျက် ဖောက်ဖျက် ပိုင်ရှင်မဲ့ နယ်မြေရဲ့ ဘုံရန်သူ ဖြစ်သွားမယ်ဆိုတာ ခင်ဗျား ချမှတ်ထားတာ မဟုတ်ဘူးလား။
အခု ခင်ဗျားတို့ ထန်ထိုင်မိသားစုက တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်တပ်ကို ပိုင်ရှင်မဲ့ နယ်မြေထဲ ခေါ်သွင်းလာတာက အကြီးမားဆုံး သစ္စာဖောက်ပဲလေ။ တားမြစ်ချက်ကို ချိုးဖောက်လိုက်တာပဲ မဟုတ်ဘူးလား။’
ထန်ထိုင်မြဲ့မင်၏ မျက်နှာအမူအရာများက ဤကဲ့သို့ ပြောနေလေ၏။ ‘ဟား ဟား ဟား... ဒီတားမြစ်ချက်ကို ဘယ်သူက သတ်မှတ်ခဲ့တာလဲ။ ကျုပ်တို့ ထန်ထိုင်မိသားစုကပဲ သတ်မှတ်ခဲ့တာလေ။ ဥပဒေသတ်မှတ်တဲ့သူက ကိုယ်တိုင် လိုက်နာတာကို ခင်ဗျား မြင်ဖူးလို့လား။’
သံတမန်က ခေါင်းညိတ်လိုက်သည်။ “ကျုပ် ကျင်းကျိုးမြို့ကို ချက်ချင်းပြန်ပြီး သခင်ကြီး ထန်ထိုင်ရဲ့ စကားတွေကို အိမ်ရှေ့စံမင်းသားဆီ သတင်းပို့လိုက်ပါ့မယ်။”
ထန်ထိုင်မြဲ့မင်က တောင်းဆိုလိုက်၏။ “မြန်ရမယ်။ သေချာပေါက် မြန်ရမယ်။ စစ်ရေးကိစ္စက မီးလိုပဲ။ အခုက လေခွင်းမြို့ အားအနည်းဆုံး အချိန်ပဲ။ သူတို့ရဲ့ နည်းလမ်းတွေ၊ အစွမ်းတွေ အကုန်လုံး ထုတ်သုံးပြီးသွားပြီ။ ကျုပ်ကို ယုံပါ။”
သံတမန်က ပြောလိုက်သည်။ “ကျုပ် အခုချက်ချင်း ထွက်သွားပါ့မယ်။”
ထို့နောက် သူက ချက်ချင်း နှုတ်ဆက်ကာ မြင်းကို အမြန်ဆုံးနှုန်းဖြင့် စီး၍ မြောက်ပိုင်း စစ်သေနာပတိချုပ်ရုံးရှိရာ တောင်ဘက်သို့ ထွက်ခွာသွားတော့၏။
......................
ယနေ့ ယွင်ကျုံးဟဲ့သည် အလွန် တော်သည့် နတ်ဆေးသမားတော်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေရ၏။ နှစ်နာရီကျော် အချိန်ယူကာ ဟွာမန်လုကို ချုပ်ရိုးချုပ်သည့် ခွဲစိတ်မှု ပြုလုပ်ပေးခဲ့ပြီး သွေးမီလီလီတာ တစ်ထောင့်ငါးရာခန့် သွင်းပေးပြီးမှသာ သူ့ကို အသက်ပြန်ရှင်အောင် ကယ်တင်နိုင်ခဲ့သည်။
သို့ပေမည့် ဤခွဲစိတ်မှု ပြီးစီးသည်နှင့် နောက်ထပ် လူနာနှစ်ဦး ရောက်ရှိလာပြန်၏။ ချူကျောင်းရန်၏ ရင်ဘတ်တွင် ဓားအထိုးခံထားရပြီး တစ်ပေကျော် ရှည်လျားကာ အရေပြားနှင့် ကြွက်သားများ အားလုံး ကွဲဟနေသည်။ အတွင်းကလီစာများကိုပါ မြင်နေရပြီး နံရိုးအချို့ပင် ကျိုးသွားခဲ့၏။
သူ၏ ဒဏ်ရာမှာလည်း အလွန် ပြင်းထန်လှပေသည်။ အဘယ်ကြောင့်ဆိုသော် သူက ထန်ထိုင်ယွီကျိုး ကဲ့သို့သော အစွမ်းထက် သိုင်းပညာရှင်၏ တိုက်ခိုက်မှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။
‘သောက်ကျိုးနည်း... ခင်ဗျားတို့က တကယ် သစ္စာရှိကြတာပဲ။ တစ်ယောက်ချင်းစီက အသက်စွန့်ပြီး တိုက်ခိုက်ခဲ့ကြတာပဲ။’
ယွင်ကျုံးဟဲ့က ဘာမှ ထပ်မပြောတော့ဘဲ သွေးအမျိုးအစားကို ချက်ချင်း စစ်ဆေးလိုက်၏။ ကံကောင်းစွာဖြင့် ချူကျောင်းရန်၏ သွေးမှာလည်း ရှားပါးသွေးမျိုး မဟုတ်ချေ။ အစေခံအချို့ကို ခေါ်ယူကာ သွေးမီလီလီတာ တစ်ထောင်ကျော် ထပ်မံ ထုတ်ယူလိုက်ပြန်၏။
ထို့နောက် ခွဲစိတ်မှုကို စတင်တော့၏။ ချူကျောင်းရန်၏ ခွဲစိတ်မှုကလည်း အလွန် ခက်ခဲလှသည်။ ဒဏ်ရာကို ချုပ်ရုံသာမက ကျိုးနေသော နံရိုးများကိုပါ ပြန်ဆက်ပေးရမည် ဖြစ်၏။ နောက်ထပ် သုံးနာရီ ကြာပြီးနောက် ဒုတိယမြောက် ခွဲစိတ်မှု ပြီးစီးသွားသည်။
ထို့နောက် တတိယမြောက် လန်ပိကို ခွဲစိတ်မှု လုပ်ရန် ပြင်လိုက်ရတော့သည်။ မူလက သူမကိုယ်တိုင် ပြဿနာမရှိဟု ထင်ကာ ကုသမှု ခံယူရန် မလိုဟု ထင်မှတ်ထားခဲ့၏။
သို့ပေမည့် ယွင်ကျုံးဟဲ့က စစ်ဆေးကြည့်ချိန်မှာတော့ သူမ၏ လက်ကောက်ဝတ်ရှိ အကြောများစွာ ပြတ်တောက်နေပြီး လက်မောင်းရိုး ကျိုးနေကြောင်း တွေ့ရသည်။ နံရိုးများလည်း ကျိုးနေသေးသည်။
‘သောက်ကျိုးနည်း… ဒီ ထန်ထိုင်ယွီကျိုးက အဲလောက်တောင် အစွမ်းထက်တာလား။ လန်ပိနဲ့ ချူကျောင်းရန် ပူးပေါင်းတိုက်တာတောင် ဒီလောက်အထိ ဒဏ်ရာရသွားတယ်ပေါ့။’
“အဝတ်အစားတွေ အကုန် ချွတ်ရမှာလား။” လန်ပိက မေးလိုက်၏။
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “မချွတ်လို့ ရမလား။ သမားတော်တွေရဲ့ စိတ်က မိဘတွေလိုပါပဲ။ ကျုပ်က ခင်ဗျားကို အခွင့်ကောင်းယူမယ်လို့ ထင်နေတာလား။”
နောက်ထပ် သုံးနာရီ ကြာပြီးနောက် တတိယမြောက် ခွဲစိတ်မှု ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ ခွဲစိတ်မှု ပြီးစီးသည်နှင့် ယွင်ကျုံးဟဲ့က မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။
ယနေ့ ခွဲစိတ်မှု သုံးခုကို ဆယ့်လေးနာရီတိတိ အချိန်ယူကာ ပြုလုပ်ခဲ့ရသည်။ ကမ္ဘာမြေတွင် ရှိစဉ်ကပင် ဤမျှအထိ အလုပ် လုပ်ခဲ့ရဖူးခြင်း မရှိချေ။
သို့ပေမည့် အနည်းဆုံးတော့ ဤလူသုံးဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်၏။ ပင်နီဆီလင် ရှိနေသောကြောင့် ခွဲစိတ်ပြီးနောက် ပိုးဝင်၍ သေဆုံးမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
ယွင်ကျုံးဟဲ့က ဆယ်နာရီကျော်ကြာအောင် အိပ်စက်လိုက်ပြီးမှ ပြန်လည် နိုးထလာ၏။ ထို့နောက် သူက မြေအောက် လျှို့ဝှက်ခန်း တစ်ခုသို့ သွားရောက်ကာ မြို့ဝန်ဝမ်တောက်ဖူကို စစ်ဆေးမေးမြန်းတော့သည်။
ယခုအချိန်တွင် ဝမ်တောက်ဖူက အလွန် တည်ငြိမ်နေပုံ ရ၏။
“ကျုပ်ကို ဘာလို့လဲလို့ မမေးနဲ့။”
ဝမ်တောက်ဖူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားနဲ့ မတူဘူး။ ကျုပ်က မိန်းမ တစ်ယောက်အတွက်နဲ့ မရူးသွပ်နိုင်ဘူး။ ပိုင်ရှင်မဲ့ နယ်မြေလို နေရာလေးမှာ သေးငယ်တဲ့ မြို့စားတစ်ယောက်ကို သစ္စာခံပြီး မနေနိုင်ဘူး။ ကျယ်ဝန်းတဲ့ လောကကြီးမှာ လုပ်စရာတွေ အများကြီး ရှိတယ်။
ယွင်ကျုံးဟဲ့… ခင်ဗျားက လောကကြီးကို ထွက်ကြည့်သင့်တယ်။ အများကြီး မြင်ဖူးလာရင် စိတ်ထားလည်း ကျယ်ပြန့်လာပြီး ရည်မှန်းချက်လည်း ကြီးမားလာလိမ့်မယ်။ မိန်းမကိစ္စတွေမှာပဲ နစ်မွန်းနေမှာ မဟုတ်တော့ဘူး။”
ယွင်ကျုံးဟဲ့က အချက်အလက်များကို ကောက်ယူလိုက်၏။ အထဲတွင် ဝမ်တောက်ဖူနှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်၏။
“ခင်ဗျားက မြို့စားဟောင်း ကျင်းအဲ့ရဲ့ အသစ္စာအရှိဆုံး အကြံပေးပဲ။ သူ့ရဲ့ လက်ယာဘက် လက်ရုံးပဲ။ ပြီးတော့ ကျင်းကျုံးယွဲ့နဲ့ ကျင်းဝူပြန်းတို့ရဲ့ ဆရာလည်း ဖြစ်သေးတယ်။ ဒီလိုလူမျိုးတောင် သစ္စာဖောက်တယ်ဆိုတော့ ဘယ်အရာက ယုံကြည်ဖို့ ထိုက်တန်သေးလို့လဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
ဝမ်တောက်ဖူက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “ကျုပ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးဘူး။ တစ်ခါမှ မဖောက်ဖူးဘူး။ အစတည်းက ကျုပ်က တောင်ပိုင်းကျိုးအင်ပါယာရဲ့ အမှုထမ်းပဲ။”
“ဟေးပင်းထိုင်က သူလျှိုလား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
“မဟုတ်ဘူး… လုံးဝ မဟုတ်ဘူး။”
ဝမ်တောက်ဖူက ဖြေ၏။ “ကျုပ်က တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဟေးပင်းထိုင်မှာ လေ့ကျင့်မှု ခံယူခဲ့ပေမဲ့ ကျုပ်က လုံးဝ သူလျှို မဟုတ်ဘူး။ ကျုပ်က နိုင်ငံတော်အဆင့် စာမေးပွဲအောင်ထားတဲ့ ကျင်းရှီပညာတတ် တစ်ယောက်ပါ။ ကျုပ်ရဲ့ ရည်မှန်းချက်က တစ်ခုတည်းပဲ ရှိတယ်။ ဝန်ကြီးအဖွဲ့ထဲ ဝင်ပြီး ဝန်ကြီးချုပ် ဖြစ်လာဖို့နဲ့ ဧကရာဇ်မင်းမြတ်ကို ကူညီဖို့ပဲ။”
ယွင်ကျုံးဟဲ့က အချက်အလက်များကို ကြည့်ကာ ပြောလိုက်သည်။ “ဒီအချက်အလက်တွေအရဆိုရင် ခင်ဗျားက တောင်ပိုင်းကျိုးအင်ပါယာမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။ ရာထူးတွေ အကုန် ရုပ်သိမ်းခံရပြီး လိုက်လံ သတ်ဖြတ်ခံခဲ့ရတယ်။
လမ်းဆုံးနေတဲ့ အချိန်မှာ ပိုင်ရှင်မဲ့ နယ်မြေကို ထွက်ပြေးလာပြီး ဘာမှ မရှိတဲ့ ကျင်းအဲ့နဲ့ တွေ့ခဲ့တယ်။ အဲဒီအချိန်ကစပြီး သူ့ကို ကူညီပေးခဲ့တယ်။ သခင်နဲ့ ကျေးကျွန် ဖြစ်ပေမဲ့ သူငယ်ချင်းတွေလိုလည်း ဖြစ်ခဲ့တယ်။”
ဝမ်တောက်ဖူက ပြန်ဖြေ၏။ “ကျုပ်က ညှဉ်းပန်းနှိပ်စက်ခံရတာတော့ မဟုတ်ပါဘူး။ အဲဒီတုန်းက စာမေးပွဲမှာ တကယ်ပဲ လိမ်လည်မှုတွေ ရှိခဲ့တယ်။ ပြီးတော့ အဲဒီ တွေ့ဆုံပွဲမှာလည်း ကျုပ် တကယ် ရှိနေခဲ့တယ်။ ကျုပ်က အပြစ်ကင်းပြီး စာမေးပွဲ လိမ်လည်မှုမှာ မပါဝင်ခဲ့ပေမဲ့ ထျန်းကျန်းမြစ်ထဲ ခုန်ချပြီး ဆေးရင်တောင် သန့်စင်မှာ မဟုတ်ဘူးလေ။
ကျုပ်က ရာထူးတွေ အကုန် ရုပ်သိမ်းခံရရုံတင်မကဘူး၊ တစ်သက်လုံး အစိုးရအလုပ် လုပ်ခွင့် ပိတ်ပင်ခံခဲ့ရတာ။ ကျုပ်က ငယ်ငယ်တည်းက စာကြိုးစားခဲ့ပြီး အသက် ၂၇ နှစ်မှာတင် နိုင်ငံတော်အဆင့် စာမေးပွဲ (ကျင်းရှီ) အောင်မြင်ခဲ့သူပါ။ ဒါပေမဲ့ စာမေးပွဲ လိမ်လည်မှုမှာ ပါဝင်ပတ်သက်ခဲ့ရလို့ စိတ်ပျက်အားငယ်ပြီး ဘဝကြီး ပြီးဆုံးသွားပြီလို့ ထင်ခဲ့တယ်။ အဲဒါနဲ့ မြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တာပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဲဒါနဲ့ ခင်ဗျားကို တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်က လူတွေက ကယ်လိုက်တာပေါ့။”
ဝမ်တောက်ဖူက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ သူတို့က ကျုပ်ကို ကယ်တင်ခဲ့ပြီး ကျုပ်ကို အလုပ်တစ်ခု လုပ်ပေးရင် အနာဂတ်မှာ နိုင်ငံတော်အဆင့် စာမေးပွဲအောင် (ကျင်းရှီ) ဂုဏ်ပုဒ်ကို ပြန်ပေးရုံသာမက တာဝန်ပြီးဆုံးလို့ တောင်ပိုင်းကျိုးအင်ပါယာကို ပြန်လာရင် တိုက်ရိုက် ခရိုင်ဝန်အဖြစ် ခန့်အပ်ပေးမယ်လို့ ပြောခဲ့တယ်။”
ယွင်ကျုံးဟဲ့က အေးစက်စက် ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျားက လေခွင်းချိုင့်ဝှမ်းမှာ လေခွင်းမြို့ဝန် အဖြစ်ပဲ အမြဲတမ်း နေခဲ့တာပေါ့။ ကျင်းကျုံးယွဲ့ ပေးတဲ့ တခြား ရာထူးတွေကို ငြင်းပယ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီရာထူးက ခရိုင်ဝန်နဲ့ အရမ်း တူနေလို့ပဲလေ။ ခင်ဗျားက အနာဂတ်မှာ ခရိုင်ဝန် ဖြစ်လာဖို့အတွက် ကြိုတင် ပြင်ဆင်နေတာပေါ့။”
ဝမ်တောက်ဖူက ခေါင်းညိတ်လိုက်၏။ “အင်ပါယာကို ပြန်ရောက်ရင် ခရိုင်ဝန် တစ်ယောက်အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ မရနိုင်ရင်တောင် အရှက်မကွဲစေဖို့နဲ့ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို မစော်ကားမိစေဖို့ပါပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ခင်ဗျားရဲ့ တာဝန်က ဘာလဲ။”
ဝမ်တောက်ဖူက ဖြေလိုက်၏။ “အရေးကြီးတဲ့ အချိန်ကျရင် တောင်ပိုင်းကျိုးအင်ပါယာက လေခွင်းမြို့ကို သိမ်းပိုက်နိုင်အောင် ကူညီပေးဖို့ပဲ။”
…………………………..
အပိုင်း (၁၆၂)
ယွင်ကျုံးဟဲ့ အံ့အားသင့်သွားရ၏။ ဝမ်တောက်ဖူက လေခွင်းမြို့မှာ နေထိုင်လာသည်မှာ အနှစ်သုံးဆယ်ပင် ရှိပြီဖြစ်၏။ ကျင်းကျုံးယွဲ့ မမွေးဖွားခင်တည်းက သူသည် ကျင်းအိမ်တော်အတွက် အလုပ်ကျွေးပြုခဲ့သူဖြစ်ရာ ထိုသို့သော သူလျှိုမျိုး၏ အစွမ်းထက်ပုံမှာ မှန်းဆ၍ပင် မရနိုင်ပေ။
တောင်ပိုင်းကျိုးအင်ပါယာသည် လွန်ခဲ့သော အနှစ်သုံးဆယ်ကတည်းက ပိုင်ရှင်မဲ့နယ်မြေကို သိမ်းပိုက် စိုးမိုးနိုင်ရန်အတွက် အရေးကြီးသော အချိန်တွင် အသုံးပြုရန် ရည်ရွယ်ကာ သူလျှိုများစွာ စေလွှတ်ထားခဲ့ခြင်း ဖြစ်၏။
တာယင်အင်ပါယာသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်၊ သုံးဆယ်ခန့်ကတည်းက ပိုင်ရှင်မဲ့နယ်မြေအတွင်းသို့ သူလျှိုများစွာကို စိမ့်ဝင်စေခဲ့သည်။ အကောင်းဆုံး အခြေအနေတွင်မူ ပိုင်ရှင်မဲ့ နယ်မြေရှိ စစ်သူကြီး ရာကျော်ခန့်မှာ တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှိုများ ဖြစ်ခဲ့ကြပြီး စစ်သည် အင်အား တစ်သိန်းကျော်ကိုပင် ကွပ်ကဲထားနိုင်ခဲ့ကြသည်။
သို့သော်လည်း ယန်ဖြန်ရှန် တစ်ယောက်တည်း၏ သစ္စာဖောက်မှုကြောင့် ထိုအဆင့်မြင့် သူလျှိုများ အားလုံးမှာ အမြစ်ပြတ် ရှင်းလင်းခံလိုက်ရကာ သတ်ဖြတ်ခြင်း ခံခဲ့ကြရ၏။
ထိုအချိန်မှစ၍ တာယင်အင်ပါယာ ဟေးလုံထိုင်၏ ပိုင်ရှင်မဲ့နယ်မြေထဲရှိ သူလျှိုအင်အားစုမှာ ခွေးကလေး၊ ကြောင်ကလေးများပမာ ဘာမှ အရေးမပါတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရသည်။
၎င်းမှာ ယန်ဖြန်ရှန်၏ ရာထူးမှာ အလွန်တရာ မြင့်မားလွန်းပြီး တာယင်အင်ပါယာအတွက် သူစွမ်းဆောင် ပေးခဲ့သည့် အောင်မြင်မှုများမှာ ကြီးမားလွန်းလှသောကြောင့် ဟေးလုံထိုင် ခေါင်းဆောင်၏ ဆက်ခံသူအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်၏။
ထို့အပြင် ထိုအချိန်က သူ့ကို တာယင်အင်ပါယာ ဟေးလုံထိုင် ပိုင်ရှင်မဲ့နယ်မြေ ဌာနခွဲ၏ ခေါင်းဆောင်အဖြစ် လည်းကောင်း၊ တောင်ပိုင်းစစ်သေနာပတိချုပ်ရုံး၏ ထောက်လှမ်းရေးနှင့် သံတမန်ရေးရာ အထူး ကိုယ်စားလှယ် အဖြစ်လည်းကောင်း ခန့်အပ်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ သစ္စာဖောက်မှုကြောင့် တောင်ပိုင်း စစ်သေနာပတိချုပ်ရုံး ဖွဲ့စည်းမှုကို နှစ်နှစ်ကျော်ခန့် နောက်ဆုတ်လိုက်ရလေသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီနှစ်တွေအတွင်း ခင်ဗျား ဘာအမိန့်တွေ ရခဲ့ဖူးလဲ။”
ဝမ်တောက်ဖူက ခေါင်းခါလိုက်သည်။ “ဘာအမိန့်မှ မရခဲ့ဖူးပါဘူး။ သခင်ကြီးယန်ဖြန်ရှန်ရဲ့ ကိုယ်စားလှယ်က ရံဖန်ရံခါ လာဆက်သွယ်တာမျိုး မရှိရင် ကျုပ်ကိုယ်ကျုပ်တောင် မေ့သွားပြီလို့ ထင်မိမှာ။ နှစ်တွေ အများကြီး ကြာခဲ့ပြီ၊ ဘာအမိန့်မှ မရခဲ့ဘူး။ ဒီနေ့ ခင်ဗျားကို သတ်ဖို့ အမိန့်က ကျုပ် ရခဲ့တဲ့ တစ်ခုတည်းသော အမိန့်ပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လောက်ချန်း (လိမ်လည်သူ/ခေါင်းပုံဖြတ်သူ) ဆိုတဲ့ လျှို့ဝှက်နာမည်က အရမ်း ထူးဆန်းတာပဲ။ ခင်ဗျားလို လူမျိုးက ဒီလို နာမည်မျိုး မရှိသင့်ဘူးလေ။ အရမ်း ထူးဆန်းတယ်။”
ဝမ်တောက်ဖူက ခါးသက်စွာ ပြုံးလျက် ဖြေ၏။ “စာမေးပွဲမှာ လိမ်လည်တဲ့သူက လောက်ချန်း မဟုတ်ဘူးလား။ လောင်းကစားဝိုင်းမှာ လိမ်သလိုပဲ စာမေးပွဲမှာလည်း လိမ်လို့ ရတာပဲလေ။”
ထို့နောက် ဝမ်တောက်ဖူက ဆက်ပြောသည်။ “ခင်ဗျားတို့ ကျုပ်ကို ကာကွယ်နေစရာ မလိုပါဘူး။ ကျုပ်ကို သတ်ချင် သတ်၊ မသတ်ရင်လည်း ပိတ်လှောင်ထားပါ။ ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေမှာကိုလည်း မစိုးရိမ်နဲ့။ ကျုပ်ကို နှိပ်စက်ပြီး စစ်ဆေးဖို့လည်း မစဉ်းစားနဲ့။ ကျုပ် သိတာ အရမ်း နည်းလွန်းတယ်။ ကျုပ်ဆီကနေ ဘာလျှို့ဝှက်ချက်မှ ရမှာ မဟုတ်ဘူး။”
ဤအချက်ကို ယွင်ကျုံးဟဲ့ ယုံကြည်သည်။ သူက မေးလိုက်၏။ “လေခွင်းမြို့မှာ ခင်ဗျားရဲ့ အပေါင်းအပါ ဘယ်သူတွေ ရှိသေးလဲ။”
ဝမ်တောက်ဖူက ဖြေလိုက်သည်။ “ကျုပ်လို အဆင့်မြင့် သူလျှိုတစ်ယောက်မှာ အပေါင်းအပါဆိုတာ မရှိနိုင်ပါဘူး။ အရင်တုန်းက နတ်ဆရာလန်တို့ နှစ်ယောက်ကလည်း တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှိုတွေ ဆိုပေမဲ့ သူတို့ရဲ့ သရုပ်မှန်ကို ကျုပ် တစ်ခါမှ မသိခဲ့ဘူး။ သူတို့ကလည်း ကျုပ်ရဲ့ သရုပ်မှန်ကို မသိခဲ့ဘူး။”
“ယွင်ကျုံးဟဲ့… ကျုပ် ခင်ဗျားကို စကားနည်းနည်း ပြောချင်တယ်။” ဝမ်တောက်ဖူက ပြောလိုက်၏။
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “မြို့ဝန်ဝမ်… ပြောပါ။”
ဝမ်တောက်ဖူက ဖြည်းညင်းစွာ ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို အချိန်အကြာကြီး စောင့်ကြည့်ခဲ့တယ်။ အစကတော့ ခင်ဗျားက ဘယ်အင်ပါယာက သူလျှိုလဲလို့ တွေးနေခဲ့တာ။ ဘာလို့လဲဆိုတော့ ပိုင်ရှင်မဲ့ နယ်မြေကနေ ခင်ဗျားလို အရည်အချင်းရှိတဲ့သူ မထွက်လာနိုင်လို့ပဲ။
ဒါပေမဲ့ နောက်ပိုင်းမှာ ကျုပ် သံသယ ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲက အရမ်း အရေးကြီးပြီး လေခွင်းမြို့က သေချာပေါက် ရှုံးတော့မယ့် အခြေအနေ ဖြစ်နေလို့ပဲ။ တကယ်လို့ ခင်ဗျားသာ တာယင် အင်ပါယာရဲ့ သူလျှိုဆိုရင် အခုချိန်မှာ တာယင်အင်ပါယာရဲ့ စစ်တပ်တွေက လေခွင်းမြို့ထဲကို အဆက်မပြတ် ဝင်လာနေသင့်တာပေါ့။ ဒါပေမဲ့ မဝင်လာခဲ့ဘူးလေ။
ခင်ဗျားက ကျင်းကျုံးယွဲ့နဲ့ အတူတူ သေဖို့ ရွေးချယ်ခဲ့တာပဲ။ ကျုပ် ခင်ဗျားနဲ့ ကျင်းကျုံးယွဲ့ကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့တယ်။ ခင်ဗျားတို့က အစတည်းက သေဖို့ ဆုံးဖြတ်ထားခဲ့တာ။ စစ်သည် တစ်သိန်းကို ခြေမှုန်းဖို့ နည်းလမ်းကို နောက်မှ စဉ်းစားမိသွားတာပဲ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ တကယ်ပင် ထိုသို့ ဖြစ်ခဲ့သည်။ ထိုအချိန်က သူသည် ကျင်းကျုံးယွဲ့နှင့်အတူ ဤအကျပ်အတည်းကို ကျော်ဖြတ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ စစ်မြေပြင်တွင် အတူတူ သေဆုံးသွားမည် ဆိုလျှင်ပင် ရန်သူကို အနိုင်ယူမည့် နည်းလမ်း မရှိခဲ့ချေ။
“ယွင်ကျုံးဟဲ့… ကျုပ်ရဲ့ အကြံပေးစကားကို နားထောင်ပါ။”
ဝမ်တောက်ဖူက ပြောလိုက်၏။ “တောင်ပိုင်းကျိုးအင်ပါယာကို သစ္စာခံလိုက်ပါ။ ခင်ဗျားလို အရည်အချင်း ရှိတဲ့သူက တောင်ပိုင်းကျိုးအင်ပါယာမှာ ကြီးကျယ်ခမ်းနားစွာ တောက်ပသင့်တယ်။ ထိပ်တန်းအဆင့်နဲ့ အောင်မြင်ပြီး၊ မင်းသမီးကို လက်ထပ်ကာ ဝန်ကြီးချုပ် ဖြစ်လာဖို့ဆိုတာ ခင်ဗျား ကြိုးစားသင့်တဲ့ ဘဝ ရည်မှန်းချက်ပဲ။ ဒီပိုင်ရှင်မဲ့နယ်မြေမှာ အချိန်ဖြုန်းမနေပါနဲ့။ မျှော်လင့်ချက် မရှိပါဘူး။ ကျုပ် တကယ် ခင်ဗျားကို သဘောကျလို့ ပြောတာပါ။ တကယ်ပါ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မြို့ဝန်ဝမ်”
ထို့နောက် သူက မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်၏။ “မြို့ဝန်ဝမ်… ဒါဆို သွားခွင့်ပြုပါအုံး။”
“နှုတ်ဆက်ပါတယ်။” ဝမ်တောက်ဖူက တည်ငြိမ်စွာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ အပြင်ထွက်လာချိန်မှာတော့ ကျင်းကျုံးယွဲ့ကို တွေ့လိုက်ရသည်။ သူမက ဆီးနှင်းများအလား ဖြူဖွေးသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ညမှောင်ထဲမှ လျှောက်လှမ်းလာသော နတ်သမီးလေး တစ်ပါးအလား လှပလွန်းလှ၏။
သူမက ယွင်ကျုံးဟဲ့ကို ကြည့်လိုက်ချိန်မှာတော့ မျက်ဝန်းများက ဦးစွာ တောက်ပသွားပြီးနောက် ညို့ငင်မှုနှင့် ဆန္ဒများ ပြည့်နှက်လာရာ ယွင်ကျုံးဟဲ့၏ နှလုံးသားပင် တုန်ယင်သွားတော့သည်။
‘ဒီည… ငါ အသက်ထက်ဝက်လောက် ထပ်ပြီး ဆုံးရှုံးရအုံးမှာလား။’
“ရေချိုးပြီးပြီလား။” ကျင်းကျုံးယွဲ့က မေးလိုက်၏။
‘လမင်းလေးရယ်… ငါတို့ တိုက်ပွဲအပြီး ပထမဆုံး ပြန်တွေ့တဲ့ အချိန်မှာ မင်းက ဒီမေးခွန်းကို မေးတာ သင့်တော်ရဲ့လား။’
“မချိုးရသေးဘူး။” ယွင်ကျုံးဟဲ့က ဖြေသည်။
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “မြန်မြန် သွားချိုး။ ပြီးရင် လှဲပြီး ကျွန်မကို စောင့်နေ...”
ယွင်ကျုံးဟဲ့မှာ အလွန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသော်လည်း အနည်းငယ်တော့ ကြောက်ရွံ့နေမိသည်။
ထို့နောက် ကျင်းကျုံးယွဲ့က လျှို့ဝှက်ခန်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွား၏။
“ဆရာ” ကျင်းကျုံးယွဲ့က ဝမ်တောက်ဖူ၏ ရှေ့တွင် ထိုင်ကာ ခေါ်လိုက်သည်။
ဝမ်တောက်ဖူက သံယောဇဉ် ပြည့်ဝသော မျက်ဝန်းများဖြင့် ကျင်းကျုံးယွဲ့ကို ကြည့်နေ၏။
“ယွဲ့အာ… မင်းက ငယ်ငယ်တုန်းကနဲ့ စာရင် အများကြီး ပြောင်းလဲသွားပြီ။ မင်းအဖေက အရမ်း အလုပ်များတော့ အဲဒီတုန်းက မင်းက ငါ့ကို အရမ်း တွယ်ကပ်ခဲ့တာလေ။”
ဝမ်တောက်ဖူက ပြောလိုက်၏။ “အထူးသဖြင့် မင်း လေးငါးနှစ် အရွယ်လောက်မှာပေါ့။ မင်းက ငါ့ဆီမှာ စာသင်တယ်။ အရမ်းလည်း ကြိုးစားသလို လိမ္မာရေးခြားလည်း ရှိတယ်။ ငါ့မှာ ကလေး မရှိတော့ မင်းကို သမီးအရင်းလို သဘောထားခဲ့တာ။ နောက်တော့ မင်းအဖေက မင်းကို တာရှီ စာသင်ကျောင်း ပို့လိုက်တယ်။ ပြီးတော့ ပိုင်ယွင်မြို့ကို ထပ်ပို့လိုက်တော့ ငါ့ရင်ထဲမှာ ဓားနဲ့ အမွှန်းခံလိုက်ရသလို ခံစားခဲ့ရတယ်။”
ကျင်းကျုံးယွဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဆရာက အမြဲတမ်း အိမ်ထောင်မပြုဘူး၊ ကလေးလည်း မယူဘူးဆိုတော့ ကျွန်မ အမြဲ စူးစမ်းမိတယ်။ အခုတော့ ဘာလို့လဲဆိုတာ သိသွားပြီ။ ဘာလို့လဲဆိုတော့ ဆရာ သစ္စာစောင့်သိတာက တောင်ပိုင်းကျိုးအင်ပါယာ ဖြစ်နေလို့ပဲ။ ဆရာက ဒီနေရာမှာ အချိန်အကြာကြီး မနေချင်ဘူး၊ ဒီမှာ အခြေမချချင်ဘူး။ အရေးကြီးတဲ့ အချိန်ကျရင် မခွဲနိုင်မခွာရက် ဖြစ်မှာ စိုးလို့လေ။”
ဝမ်တောက်ဖူက ခေါင်းညိတ်လိုက်၏။ “အစကတော့ မင်းက ငါ့ရဲ့ အမြစ်တွယ်ရာ ဖြစ်လာပြီး မခွဲနိုင်မခွာရက် ဖြစ်စေခဲ့တာပဲ။ ဒါပေမဲ့ မင်း ထွက်သွားခဲ့တယ်လေ။ ပြီးတော့ ကျင်းဝူပြန်းကလည်း မခွဲနိုင်မခွာရက် ဖြစ်စေမယ့်အရာ ဖြစ်လာလုနီးပါးပဲ။ သူက ငယ်ငယ်တုန်းက အရမ်း ဉာဏ်ကောင်းပြီး သွက်လက်ခဲ့တာကိုး။ ဒါပေမဲ့ နောက်တော့ အသုံးမကျတဲ့သူ ဖြစ်သွားခဲ့တယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဒါဆို ကျွန်မ အဖေကကော။ သူက ဆရာ့ရဲ့ သခင်၊ ဆရာ့ရဲ့ ညီအစ်ကို မဟုတ်ဘူးလား။”
ဝမ်တောက်ဖူက ခေါင်းခါလိုက်သည်။ “မင်းအဖေဆိုတဲ့လူက အရမ်း ကောက်ကျစ်လွန်းတယ်။ ရင်းနှီးဖို့ ခက်ခဲတယ်။”
ကျင်းကျုံးယွဲ့က ထပ်မေးလိုက်၏။ “ဝမ်ရှန်း (စာပေပညာရှင်ဝမ်) ကို ဖော်ထုတ်ခဲ့တဲ့ ညကို မှတ်မိသေးလား။ ကျွန်မတို့က လေခွင်းမြို့မှာ ကျန်နေသေးတဲ့ တာယင်အင်ပါယာရဲ့ ထောက်လှမ်းရေး ကွန်ရက်ကို အကုန်လုံး ဖမ်းဆီးနိုင်ခဲ့တာလေ။”
ဝမ်တောက်ဖူက ခေါင်းညိတ်လိုက်သည်။ “မှတ်မိတယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “အဲဒီညက ယွင်ကျုံးဟဲ့ ငိုခဲ့တယ်။”
ဝမ်တောက်ဖူ အနည်းငယ် ကြောင်သွား၏။ ဤစကားက ဘာအဓိပ္ပာယ်နည်း။ ယွင်ကျုံးဟဲ့၏ သရုပ်မှန်က ပြဿနာ ရှိနေသည်ဟု သူ့ကို ပြောပြနေခြင်းလား။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဆရာက ကျွန်မရဲ့ ဆရာ ဖြစ်ခဲ့လို့ ဆရာ့ကို ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့် ပေးမယ်။”
ထို့နောက် သူမက ကြွေပုလင်းငယ်လေး တစ်ခုကို ထုတ်ယူကာ ဝမ်တောက်ဖူ၏ ရှေ့တွင် ချထားပေးပြီး လှည့်ထွက်သွားတော့၏။
ဝမ်တောက်ဖူ၏ မျက်နှာက တုန်ယင်နေပြီး ထွက်ခွာသွားသော ကျင်းကျုံးယွဲ့၏ ကျောပြင်ကို ကြည့်ကာ စကားတစ်ခွန်း ပြောချင်နေသကဲ့သို့ ရှိသော်လည်း ဘာမှ ပြောမထွက်ခဲ့ချေ။
သူက တုန်ယင်နေသော လက်များဖြင့် ကြွေပုလင်းငယ်လေးကို ယူကာ ဖွင့်ပြီး ပါးစပ်ထဲသို့ လောင်းချလိုက်၏။ ခဏအကြာတွင် ဝမ်းဗိုက်အတွင်း အပြင်းအထန် နာကျင်လာ၏။ ထို့နောက် မည်းနက်သော သွေးများက မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားများမှ အဆက်မပြတ် ထွက်ကျလာတော့သည်။
စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက် ဝမ်တောက်ဖူ အဖြစ်ဆိုးစွာ သေဆုံးသွားတော့၏။
မွေးတည်းက ပညာတတ်ဖြစ်လာမည့်သူ၊ ငယ်စဉ်တည်းက နိုင်ငံတော်အဆင့် စာမေးပွဲအောင်မြင်ခဲ့သော လူငယ်လေး၊ လေခွင်းမြို့တွင် နှစ်သုံးဆယ်တိုင်တိုင် ပုန်းအောင်းနေခဲ့သော သူလျှိုကြီးမှာ လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူ သေဆုံးသွားသည့်တိုင်အောင် တောင်ပိုင်းကျိုးအင်ပါယာကို သစ္စာမဖောက်ခဲ့သော်လည်း ကျင်းကျုံးယွဲ့ အပေါ်တွင်မူ မခွဲနိုင်မခွာရက် သံယောဇဉ်များ ပြည့်နှက်နေခဲ့၏။
အခန်းတွင်းတွင် ဖယောင်းတိုင်များ ထွန်းညှိထားပြီး ပန်းပွင့်များလည်း ကြဲချထားသည်။ ဤလေထုက အလွန် သာယာကြည်နူးဖွယ် ကောင်းလို့နေသည်။
ထို့အပြင် ဤအခန်းကို ကျင်းကျုံးယွဲ့ ကိုယ်တိုင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်၏။ သွေးများအလား နီရဲနေသော ဖယောင်းတိုင်များ၊ ပန်းပွင့်များနှင့် ပိုးကြိုးများဖြင့် ပြင်ဆင်ထားခြင်းဖြစ်၏။
ယွင်ကျုံးဟဲ့က ထိုအခန်း အပြင်အဆင်ကို ကြည့်ပြီးသည့်နောက် ကြက်သီးများ ထလာတော့သည်။
‘ကောင်းကင်ဘုံ... ဒါက ကြည့်ရတာ နိမိတ်မကောင်းသလိုပဲ။ အကုန်လုံးက သွေးအရောင်တွေချည်းပဲ ဆိုတော့ သွေးထွက်သံယို ဖြစ်မယ့် ကိစ္စမျိုး ကြုံရတော့မယ့် ပုံစံမျိုးပဲ။
ဖတ်… ဖတ်... ဖတ်...
ဒါက သေချာပေါက် ငါ ဒီရက်ပိုင်း ခွဲစိတ်မှုတွေ လုပ်ရင်း သွေးတွေ အများကြီး မြင်ခဲ့ရလို့ ဖြစ်မှာပါ။ ဒီတိုက်ပွဲက နောက်ဆုံးတော့ ပြီးဆုံးသွားပြီ။ ငါ့ရဲ့ တာဝန်လည်း နောက်ဆုံးတော့ ပြီးဆုံးတော့မယ်။
ယခင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ အောင်မြင်မှုကြီးပါပဲ။ နောက်ပိုင်းမှာ ငါက ဟေးလုံထိုင်မှာ တာဝန် ထမ်းဆောင်သင့်လား၊ ဒါမှမဟုတ် အရပ်ဘက် အရာရှိ လုပ်သင့်လား။
သေချာပေါက် ဟေးလုံထိုင်မှာပဲ လုပ်ရမှာပေါ့။ တောင်ပိုင်းကျိုးအင်ပါယာကို အနိုင်ယူပြီးရင်တောင် မြောက်ဘက်မှာ တာရှအင်ပါယာ ရှိနေသေးတာပဲ။ အဲဒါကမှ တကယ့် အင်အားကြီး နိုင်ငံတော်ကြီးလေ။
တာယင်အင်ပါယာက လောကတစ်ခွင်လုံးကို ပေါင်းစည်းချင်ရင် ခရီးက အများကြီး လိုပါသေးတယ်။ ဟေးလုံထိုင်ရဲ့ အသုံးဝင်မှုကလည်း အများကြီး ကြီးမားနေဦးမှာပဲ။ ဟေးလုံထိုင်က ဧကရာဇ်မင်းမြတ်ရဲ့ ခွေးဘီလူးတွေလေ။ အရာရှိတွေကို စောင့်ကြည့်တဲ့ အာဏာရှိတယ်ဆိုတော့ ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်သလဲ။
နောက်ပိုင်းကျရင် ငါ ယွင်ကျုံးဟဲ့က ထောက်လှမ်းရေး ဘုရင်ကြီး လုပ်ပြီး ဒုက္ခပေးချင်တဲ့သူ အကုန်လုံးကို ဒုက္ခပေးလို့ရပြီ။ မကောင်းဘူးလား။ ဒါပေမဲ့ အခု အရေးအကြီးဆုံးက ကျင်းကျုံးယွဲ့ကို အမှန်အတိုင်း ဖွင့်ပြောဖို့ပဲ။ ဘာလို့များ စိတ်ထဲမှာ နည်းနည်းလေး စိုးရိမ်နေမိတာလဲ မသိဘူး။
ခရီးမိုင်တစ်ရာ သွားရမယ့်နေရာမှာ ကိုးဆယ်လောက် ရောက်နေပြီ။ ငါ ယွင်ကျုံးဟဲ့က အခုဆိုရင် ကိုးဆယ့်ကိုး ရာခိုင်နှုန်းလောက် အောင်မြင်နေပြီ။ နောက်ဆုံး တစ်ရာခိုင်နှုန်းလေး၊ နောက်ဆုံး လုပ်ရပ်လေးပဲ ကျန်တော့တာ။ ဒီ ဂုဏ်ကျက်သရေရှိတဲ့ သူလျှိုတာဝန်ကြီးက ပြီးဆုံးတော့မှာပဲ။’
……………………..