အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း။ ၁၈၁
“မြစ်ကမ်းဘေးမှာ တပ်စွဲထားတဲ့ ဝူစစ်တပ်ကြီး ရှုံးနိမ့်သွားပြီ။ စစ်သူကြီးကျန်းက လမ်းကြောင်းလွှဲပြီး စစ်ချီသွားရာကနေ အနောက်ဘက်က အချက်အချာကျတဲ့မြို့ကို အရင်သိမ်းလိုက်တာ။ ပြီးတော့ ရန်သူတွေကို အကုန်ပိတ်ဆို့လိုက်တာပဲ။ ဝူစစ်တပ်လည်း စိတ်ဓာတ်တွေ ပျက်ပြားကုန်ပြီး ခဏလေး ခုခံကြည့်ပြီးတာနဲ့ လက်နက်ချ အရှုံးပေးသွားကြပြီတဲ့..”
"ဒါက ဝမ်းသာစရာ ဘာရှိလို့လဲ စစ်သူကြီးကျန်းက သူ့သဘောနဲ့သူ လုပ်ဆောင်ခဲ့တာပဲ။ သူက ဝူနိုင်ငံကို သိမ်းပိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာဖို့ ကြံစည်နေတာလား"
ကျင်းနိုင်ငံ၏ အဆင့်မြင့်အမတ်ကြီးများ ဝတ်ဆင်သော ဝတ်ရုံများကို ဆင်ယင်ထားသည့် အမျိုးသားနှစ်ဦးမှာ အပြင်းအထန် အခြေအတင် ငြင်းခုံနေကြသည်။
သူတို့ဘေးတွင်မူ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းမွှေးတိုတိုနှင့် မျက်ဝန်းအစုံတွင် ယုတ်မာရက်စက်သော အရိပ်အယောင်များ ယှက်သန်းနေသည့် အမျိုးသားတစ်ဦးမှာ အာရုံစူးစိုက်ကာ နားထောင်လျက် ရှိနေသည်။
ထိုသူနှစ်ဦး မည်မျှပင် ငြင်းခုံနေကြပါစေ အနီရောင်ဝတ်ရုံနှင့် အမျိုးသားမှာမူ အစောပိုင်းက လုံးဝတည်ငြိမ်နေခဲ့သော်လည်း သံချပ်ကာဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ရှိသည့် ဝဖြိုးသော ကိုယ်ခံပညာရှင်တစ်ဦး အနားသို့ ချဉ်းကပ်လာကာ သတင်းပို့လိုက်သည့် အခါမှသာ သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
သူသည် ဝမ်းသာစရာ သတင်းတစ်ခုကို ကြားလိုက်ရသည့်အလား အားရပါးရ ရယ်မောလိုက်ပြီး "ကောင်းတယ် အရမ်းကောင်းတယ်။ နောက်ဆုံးတော့ အကုန်လုံးကို ဖမ်းမိပြီပေါ့။ အကုန်ဖမ်းမိပြီပဲ။ မြန်မြန်... မြန်မြန်လုပ်ကြစမ်း" ဟု အလောတကြီး အမိန့်ပေးလိုက်သည်။
သူသည် စစ်တပ်တဲအတွင်းမှ အလျင်အမြန် ထွက်ခွာလာခဲ့ရာ မလှမ်းမကမ်းတွင် စုပုံထားသော သံလှောင်အိမ်ကြီးများကို တွေ့လိုက်ရသည်။ ထိုလှောင်အိမ်များအတွင်း၌ ရုပ်ရည်ချောမောလှပသော အမျိုးသားများနှင့် အမျိုးသမီးများ ပြည့်နှက်နေ၏။ သူတို့မှာ စိတ်ပျက်အားငယ်နေပုံရသော်လည်း ဖျားနာသည့် အရိပ်အယောင်မျှပင် မရှိချေ။ ၎င်းမှာ သူတို့သည် အကျဉ်းချခံထားရသော်လည်း အစားအသောက်နှင့် ဂရုစိုက်မှုများ ကောင်းစွာ ရရှိနေကြောင်း သက်သေပင်။
တဲအပြင်ဘက်တွင်မူ တစ်ဦးနှင့်တစ်ဦး မတူညီသော အလှတရားကိုယ်စီဖြင့် ဆွဲဆောင်မှုရှိနေသည့် ချောမောလှပသော မိန်းမပျို သုံးဦး ရပ်နေကြသည်။ တစ်ဦးမှာ ညှို့ဓာတ်ပြင်းပြင်းဖြင့် ဆွဲဆောင်မှုရှိပြီး တစ်ဦးမှာ ဖြူစင်အပြစ်ကင်းဟန်ရှိကာ ကျန်တစ်ဦးမှာမူ ထက်မြက်သော အသွင်ရှိသည်။
အစောပိုင်းက သတင်းလာပို့သော အမျိုးသားမှာ ထိုမိန်းကလေးသုံးဦး၏ အလှအပတွင် မျက်မှောင်မိနေပြီး အကြည့်မခွာနိုင်ဘဲ ရှိနေသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခံပညာရှင်ကြီး ပြုံးနေသော သတ်ဖြတ်သူဘက်သို့ ကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာ "ဒါက ဘယ်လို ပြဇာတ်မျိုးလဲဗျ" ဟု မေးလိုက်သည်။
ပြုံးနေသော သတ်ဖြတ်သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စက် လေသံဖြင့် "မင်းတို့လို လူမိုက်တွေက စစ်သူကြီးကျန်းအကြောင်းပဲ စဉ်းစားတတ်ကြတာကိုး။ မင်းသားကြီးက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသား" ဟု ပြောလိုက်သည်။
သူသည် အဝေးရှိ သံလှောင်အိမ်များဘက်သို့ လက်ညှိုးညွှန်ပြလျက် "ဟိုမှာရှိတဲ့သူတွေက မသေမျိုးဂိုဏ်းအတွက် ပူဇော်သက္ကာတွေပဲ" ဟု ဆိုလိုက်တော့သည်။
မင်းသားငယ်က သူ့ရှေ့ရှိ အမျိုးသမီးသုံးဦးကို လက်ညှိုးညွှန်ပြလျက် "ဒါက ဝေနိုင်ငံက မင်းသမီး ယုံကျား၊ ဒါက ရှုနိုင်ငံက မင်းသမီး ဟွိုင်နင်၊ နောက်ပြီး ဒါကတော့ ဝူနိုင်ငံရဲ့ မင်းသမီး ချိုးရွှဲပဲ။ သူတို့က သုံးနိုင်ငံလုံးက တော်ဝင်မိသားစုတွေထဲမှာ အလှပဆုံး မင်းသမီးတွေဖြစ်ပြီး ဟိုအဆင့်မြင့်ပုဂ္ဂိုလ်ကြီးအတွက် ဆက်သရမယ့်သူတွေပေါ့" ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောဆို လိုက်သည်။
ပြုံးနေသော သတ်ဖြတ်သူကမူ စာနာစိတ်မရှိသော လေသံဖြင့် "မင်းတို့ကတော့ အဝေးက အောင်ပွဲအသေးအမွှားလေးတွေကိုပဲ မြင်ပြီး အဲဒီအောင်ပွဲတွေရဲ့ နောက်ကွယ်က အကြောင်းရင်းကိုကျ နားမလည်ကြဘူး။ မင်းသားကြီးရဲ့ အမြော်အမြင်က တကယ်ကို နက်ရှိုင်းတာ..." ဟု ဆက်ပြောသည်။
ထိုအခါ ကျန်ရှိနေသူနှစ်ဦးမှာလည်း အမှန်တရားကို သဘောပေါက်သွားသည့်အလား ခေါင်းတငြိမ့်ငြိမ့်ဖြင့် မင်းသားကြီး၏ ပညာရှိမှုကို အပြိုင်အဆိုင် ချီးကျူးထောပနာ ပြုကြတော့သည်။
...
မကြာမီမှာပင် ထိုကျင့်ကြံဖော် ဖိုကောင်များကို ရုပ်သေးဂိုဏ်းတည်ရှိရာ တောင်ခြေရှိ ဈေးသို့ ပို့ဆောင်လိုက်ကြသည်။ ထိုဈေးမှာ ယခင်ကကဲ့သို့ နန်ကျူးတောင်ထိပ်၏ တောင်ခြေတွင် မဟုတ်တော့ဘဲ စက္ကူရုပ်တောင်ထိပ်အောက်တွင် တည်ရှိနေခြင်းပင်။
ဈေးအတွင်း၌ ဆိုင်ခန်းများ၊ မြင့်မားသောအဆောက်အအုံများ၊ သံလှောင်အိမ်များနှင့်အတူ မိစ္ဆာကျင့်ကြံသူများ၊ နာမည်ကျော် သူခိုးကြီးများနှင့် လောကအနှံ့က လူဆိုးလူမိုက်များဖြင့် စည်ကားလှသည်။ ထို့ပြင် ကျင်းနိုင်ငံ၏ ဒုတိယမင်းသား မာကျောက်ကိုလည်း ထိုနေရာတွင် တွေ့နိုင်သည်။
နှုတ်ခမ်းနီနံ့၊ ဆေးဖက်ဝင်အပင်နံ့၊ ကောင်းနိုးရာရာ စားသောက်ဖွယ်ရာရနံ့များနှင့် တောင်ပေါ်မြူခိုးနံ့များမှာ တစ်ခုနှင့်တစ်ခု ရောယှက်နေသလို မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ပုပ်စပ်စပ်အနံ့အသက် ခပ်သဲ့သဲ့မှာလည်း လေထုအတွင်း ပျံ့လွင့်နေသည်။ ဤဈေးကြီးမှာ ယခင်ကထက် ပိုမိုကြီးမား ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။
နန်ဝူဓားဂိုဏ်းမှာ ပျက်စီးသွားခဲ့ပြီဖြစ်ရာ ရုပ်သေးဂိုဏ်းမှာ ယခုအခါ တစ်ဦးတည်းသော အရှင်သခင်အဖြစ် စိုးမိုးထားသည်။ ကျင်းနိုင်ငံသည်လည်း ဝေနှင့် ရှုနိုင်ငံတို့ကို ချေမှုန်းပြီးနောက် ဝူနိုင်ငံကိုပါ ဝါးမြိုရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ရာ သုံးနိုင်ငံလုံးကို စည်းလုံးသိမ်းပိုက်နိုင်တော့မည့် အခြေအနေတွင် ရှိနေသည်။
သာမန်လူသားတို့အတွက်မူ ကျင်းနန်းတော်မှာ နိုင်ငံ၏ နိုင်ငံရေးအာဏာ ဗဟိုချက်ဖြစ်သော်လည်း အထက်တန်းလွှာများနှင့် ကျင့်ကြံခြင်းလောကသားများအတွက်မူ အစစ်အမှန် အာဏာစက်မှာ ဤနေရာတွင်သာ တည်ရှိနေသည်။
မာကျောက်သည် ရည်မှန်းချက်ကြီးမားသူပီပီ မဏ္ဍပ်တစ်ခုအတွင်း၌ ခြေထောက်ချိတ်ထိုင်ကာ သစ်သီးဝလံများနှင့် မုန့်ပဲသရေစာများကို မြိန်ယှက်စွာ စားသုံးရင်း ထိုအဆင့်မြင့်ပုဂ္ဂိုလ်ကြီး၏ အပြန်ကို စောင့်ကြိုနေခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေစဉ် မလှမ်းမကမ်း၌ လူရိပ်တစ်ခုကို အမှတ်မထင် သတိပြုမိလိုက်သည်။ ထိုသူမှာ မျက်နှာကို ဖုံးကွယ်ထားသော ဝတ်ရုံရိုးရိုးလေးကိုသာ ဆင်ယင်ထားပြီး ဈေးအတွင်းရှိ ကုန်ပစ္စည်းများကို လိုက်လံကြည့်ရှုနေသလို တစ်စုံတစ်ခုကို လွမ်းဆွတ်တမ်းတနေသလိုဖြင့် လျှောက်လှမ်းနေ၏။ အစပိုင်းတွင်မူ မည်သို့မျှ ထူးခြားမှုမရှိခဲ့သော်လည်း လေပြင်းတစ်ချက် အဝှေ့တွင် ဝတ်ရုံမှာ အနည်းငယ် လွင့်တက်သွားပြီး ထိုသူ၏ မျက်နှာတစ်ခြမ်း ပေါ်လာခဲ့သည်။
မာကျောက်သည် ကျင်းနိုင်ငံ၏ ဒုတိယမင်းသားဖြစ်သလို အာဏာရရှိရန်အတွက် မည်သည့်နည်းလမ်းမျိုးကိုမဆို အသုံးပြုတတ်သူဖြစ်သော်လည်း သူ၌ ထူးခြားသော ပါရမီတစ်ခု ရှိနေသည်။ ၎င်းမှာ မှတ်ဉာဏ်ကောင်းခြင်းပင်။ သူသည် သူ့အတွက် အသုံးဝင်မည့်သူ မှန်သမျှ၏ မျက်နှာနှင့် အမည်များကို အသေအချာ မှတ်သားထားလေ့ရှိပြီး နှစ်ပေါင်းများစွာ ကွဲကွာနေသည့်တိုင် မြင်သည်နှင့် ချက်ချင်းမှတ်မိကာ ရင်းနှီးသော မိတ်ဆွေဟောင်းများကဲ့သို့ ဝမ်းသာအားရ နှုတ်ဆက်နိုင်စွမ်း ရှိသည်။
ထို့ကြောင့်ပင် သူကဲ့သို့သောသူမျိုးသည် သူရှေ့၌ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိနေသည်ကို မမှတ်မိဘဲ လှောင်ပြောင်မိခြင်းကြောင့် နောက်ပိုင်းတွင် ကံဆိုးမိုးမှောင်ကျမည့် အမှားမျိုးကို မည်သည့်အခါမျှ ကျူးလွန်လိမ့်မည်မဟုတ်ပေ။ ဤနေရာသို့ မလာမီကပင် သူသည် ထိုအဆင့်မြင့်ပုဂ္ဂိုလ်ကြီး၏ ရုပ်သွင်ကို စိတ်ထဲ၌ စွဲထင်နေအောင် မှတ်သားထားခဲ့ပြီးဖြစ်သည်။ သူသည် သူ၏ ဖခင် သို့မဟုတ် ဇနီးသည်ကို မေ့ချင်မေ့မည်ဖြစ်သော်လည်း ဤပုဂ္ဂိုလ်ကြီးကိုမူ မည်သည့်အခါမျှ မေ့လိမ့်မည်မဟုတ်ပေ။
ယခင်က နန်ကျူးတောင်ခြေဈေး၌ သူလှောင်ပြောင်ခဲ့ဖူးသူမှာ ယခုအဆင့်မြင့်ပုဂ္ဂိုလ်ကြီး ဖြစ်နေကြောင်း သိရှိသွားပြီးနောက်ပိုင်းတွင် မည်သို့မည်ပုံ တောင်းပန်ရမည်၊ မည်သို့ အမှားဝန်ခံရမည်ကို သူသည် ကြိုတင်၍ အစီအစဉ်များစွာ ဆွဲထားခဲ့ပြီးဖြစ်သည်။ ယခုအခါ ထိုသူကို မြင်လိုက်ရသည့် ခဏ၌ မာကျောက်၏ တစ်ကိုယ်လုံး တုန်ရင်သွားကာ နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး လက်ထဲမှ လက်ဖက်ရည်ခွက်ပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး ထိုသူ၏ ရှေ့မှောက်သို့ ဒူးထောက်လျက် လျောတိုက်ဝင်သွားကာ "ဂိုဏ်းချုပ်ဆုန်ကို ဂါရဝပြုပါတယ်ခင်ဗျာ" ဟု ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။
ထိုသို့ပြောပြီးနောက် သူသည် မျက်လုံးများကို ပွတ်သပ်ကာ မျက်ရည်စက်လက်ဖြင့် "ကျွန်တော်က ဂိုဏ်းချုပ်ကြီးကို အစဉ်အမြဲ ကြည်ညိုလေးစားခဲ့ရတာပါ။ ဒီနေ့မှာ ဂိုဏ်းချုပ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ခွင့်ရတဲ့အတွက် စိတ်နှလုံးတွေ တုန်လှုပ်ချောက်ချားပြီး မျက်ရည်တွေလည်း ထိန်းမရအောင် ကျရပါတယ်... နောက်ဆုံးတော့ ကျွန်တော် တွေ့ခွင့် ရခဲ့ပြီပဲ" ဟု ရှိုက်ကြီးတငင် ပြောလိုက်သည်။
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူသည် သူ၏ ပါးကို ဘယ်ပြန်ညာပြန် အားရပါးရ ရိုက်လိုက်ပြီး "လွန်ခဲ့တဲ့ နှစ်တွေက နန်ကျူးတောင်ခြေမှာ ဂိုဏ်းချုပ်ကြီးကို တွေ့ခွင့်ရခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒီလူမိုက်က ရွှေဆင်းတုတော်အစစ်ကို မမှတ်မိခဲ့ဘူးတာ တကယ်ကို နောင်တရမိပါတယ်။ အဲ့တုန်းကသာ သိခဲ့ရင် အဲဒီအချိန်ကတည်းက ဂိုဏ်းချုပ်ကြီးရှေ့မှာ ဒူးထောက်ပြီး..." ဟု ဆက်လက်၍ ငိုယိုတော့သည်။
ဤသို့ အကြီးအကျယ် ရှိုက်ကြီးတငင် ငိုယိုနေမှုကြောင့် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အာရုံမှာ သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။ အစပိုင်းတွင်မူ ဖမ်းဆီးထားသော ဖိုကောင်များထဲမှ တစ်ဦးက ငိုကြွေးနေသည်ဟု ထင်မှတ်ခဲ့သော်လည်း သေချာစွာ ကြည့်လိုက်သည့်အခါမှ ငိုနေသူမှာ ကျင်းနိုင်ငံ၏ ဒုတိယမင်းသား ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။ ထို့နောက် မင်းသား ဒူးထောက်နေသူမှာ မည်သူဖြစ်ကြောင်း သိရှိသွားကြသည့်အခါတွင်မူ လူအပေါင်းတို့သည် စုန်ယန်၏ ထံသို့ အလုအယက် ပြေးလာကြပြီး စုန်ယန်ကို အလယ်ဗဟိုတွင် ထားလျက် ဝိုင်းရံကာ ဒူးထောက်၍ ဂါရဝပြုလိုက်ကြတော့သည်။
မလှမ်းမကမ်းရှိ သံလှောင်အိမ်များအတွင်းရှိ ဖိုကောင်များစွာတို့မှာမူ တစ်ဦးတည်းသော မတ်တတ်ရပ်နေသည့် ထိုအမျိုးသားကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရှုနေကြပြီး သူတို့၏ မျက်နှာထက်တွင်မူ ခံစားချက် နှစ်မျိုးသာ အထင်အရှား ပေါ်လွင်နေတော့သည်။
အခန်း။ ၁၈၂
လှောင်အိမ်များအတွင်းရှိ ဖိုကောင်တို့၏ မျက်ဝန်းများတွင်မူ ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့က အများစုဖြစ်သော်လည်း အချို့သော မျက်ဝန်းအစုံတို့တွင်မူ နက်ရှိုင်းလှသော နာကျည်းမုန်းတီးမှုများ ကိန်းအောင်းနေသည်ကို တွေ့ရသည်။
စုန်ယန်သည် သူ့ရှေ့တွင် ဦးစွာဒူးထောက်ခဲ့သည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသားကို ငုံ့ကြည့်လိုက်သည်။
သူ မှတ်မိသေးသည်။ သူ အစေခံဘဝဖြင့် နန်ကျူးတောင်ခြေရှိ ဈေးသို့ သိုင်းကျမ်းအချို့ ဝယ်ယူရန် သွားရောက်ခဲ့စဉ်က ဤအနီရောင်ဝတ်ရုံနှင့်သူမှာ လူငယ်လေးတစ်ဦးသာ ရှိသေးပြီး မဏ္ဍပ်အတွင်းရှိသူများက သူ့ကို သခင်လေးဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုစဉ်က စုန်ယန် ထွက်ခွာလာပြီးနောက် နောက်ကွယ်မှ လှောင်ပြောင်သံအချို့ ကြားခဲ့ရသော်လည်း သူသည် အသေအချာ နားမထောင်ခဲ့သလို အရေးတယူလည်း မလုပ်ခဲ့ပေ။
ယခုမူ စုန်ယန်သည် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို တစ်ချက်ဝေ့ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဒီလို ခံစားချက်မျိုးကို ငါ တကယ် မကြိုက်ဘူး...
ထိုစဉ် သူ၏ စိတ်နှလုံးထဲတွင် အတွေးတစ်ခု ဝင်သွားသည်။
တောင်နဲ့ပင်လယ် မိစ္ဆာနိုင်ငံက မိစ္ဆာကြီးတွေ မရောက်လာခင် ခရမ်းရောင်နန်းတော်အဆင့်ကို တက်နိုင်မယ့် နည်းလမ်းကို အမြန်ရှာရမယ်။ အဲဒီနောက်မှာတော့ ရှေးဟောင်းတယ်လီပို့ အစီအရင်ရှိတဲ့ ဓားဂိုဏ်းထဲကို ခိုးဝင်ပြီး ညီမလေး ရှောင်လီနဲ့အတူ အဲဒီအစီအရင်ကတစ်ဆင့် တခြားတစ်ဖက်ကို ထွက်သွားပြီးမှ အားပြိုင်မှုတွေကင်းတဲ့ ဘဝသစ်ကို တည်ဆောက်ရမယ်။
ငါသာ ခရမ်းရောင်နန်းတော် အဆင့်တက်မယ့် နည်းလမ်းကို ရှာတွေ့နိုင်ပြီး ယွီရွှမ်ဝေကလည်း အချိန်မီ ရှေးဟောင်းအစီအရင်ကို ပြင်ဆင်နိုင်ရင်ကောင်းမယ်။ ပြီးတော့အစီအရင်ရဲ့ တခြားတစ်ဖက်မှာလည်း အန္တရာယ်တွေ သိပ်မရှိပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ..."
သူသည် တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံကို ပြန်လည်ခုခံရန် မစဉ်းစားခဲ့ပေ။
မြေခွေးအဘွားအို၊ သွေးအဘွားအိုနှင့် ရှေးဟောင်းစစ်သူကြီးတို့ထံမှတစ်ဆင့် သူ နားလည်ထားသည်မှာ ဤသုံးနိုင်ငံဒေသ၏ ပထဝီဝင်အနေအထားမှာ အလွန်ပင် ကွဲပြားခြားနားလွန်းနေခြင်းပင်။
အကယ်၍ တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံကို တောင်ကြီးတစ်လုံးဟု တင်စားလျှင် သုံးနိုင်ငံဒေသမှာ ထိုတောင်ကြီး၏အောက်တွင် ဖိနှိပ်ခံထားရသည့် မရေမတွက်နိုင်သော ချိုင့်ခွက်ငယ်လေးများထဲမှ တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သို့မဟုတ် တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံကို သာမန်နိုင်ငံတစ်ခုအဖြစ် ယူဆလျှင်လည်း သုံးနိုင်ငံဒေသမှာ လူသူမနီးသည့် တောရိုင်းမြေပေါ်က ရွာငယ်လေးတစ်ရွာမျှသာ ဖြစ်ပြီး ထိုသို့သော ရွာငယ်လေးများမှာလည်း ဒုနဲ့ဒေး ရှိနေပေလိမ့်မည်။
အမှန်စင်စစ် ဤသုံးနိုင်ငံဒေသမှာ အလွန်သေးငယ်လွန်းလှသဖြင့် ဝေဘုရင်က အသနားခံစာမပို့မီနှင့် ချန်ဝမ်ကျားတစ်ယောက် ဤနေရာ၌ တစ်စုံတစ်ခု ဆုံးရှုံးခဲ့ခြင်း မရှိမီအချိန်အထိ မည်သည့်မိစ္ဆာကမျှ ဤဒေသကို အာရုံစိုက်ခြင်း မရှိခဲ့ကြချေ။ အာရုံစိုက်မိသည့်တိုင်အောင်လည်း သူတို့သည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာကြမည် မဟုတ်ပေ။
၎င်းမှာ တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့စည်းပုံကြောင့်ပင်။
တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံဆိုသည်မှာ မိစ္ဆာများချည်းသာ စုစည်းထားခြင်းမျိုး မဟုတ်ဘဲ မိစ္ဆာတို့၏ ဖမ်းဆီးချုပ်ကိုင်မှုကို ခံထားရသည့် မရေမတွက်နိုင်သော လူသားနိုင်ငံများ၏ စုပေါင်းအမည်ပင်။ တစ်နည်းအားဖြင့် ဆိုရသော် ထိုမိစ္ဆာနိုင်ငံကြီးအတွင်း၌ စားစရာသောက်စရာ ဟူသမျှမှာ အလျှံပယ် ရှိနေခြင်းပင်။ ကျယ်ပြောလှသော မြေယာများ၊ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းအားလုံးမှာ ပေါကြွယ်ဝလှသည်။
သို့သော် ထိုမိစ္ဆာနိုင်ငံကြီး၏ အပြင်ဘက်တွင်မူ အလွန်အစွမ်းထက်သော လူသားအင်အားစုများ ရှိနေကြပြန်သည်။ ထိုအင်အားစုများအတွင်းရှိ သာမန်လူသားများနှင့် ကျင့်ကြံသူများကိုမူ ကြောက်စရာမလိုသော်လည်း ရှေးဦးမျိုးနွယ်စုဟု သူ့ကိုယ်သူ ခေါ်ဆိုကြသူများမှာမူ ထူးခြားလှသည်။
ထိုရှေးဦးမျိုးနွယ်စုဆိုသည်မှာ ဧရာမ မျိုးနွယ်စုကြီးတစ်ခုဖြစ်ပြီး သူတို့အတွင်း၌လည်း တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံကဲ့သို့ပင် အုပ်စုအမျိုးမျိုး ကွဲပြားနေကြသည်။ ဤနှစ်ဖက်စလုံးမှာ မီးနှင့်ရေကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် မတည့်ကြချေ။ သို့သော် မြေခွေးမျိုးနွယ်နှင့် အလောင်းစား ဝံပုလွေမျိုးနွယ်တို့မှာ မိစ္ဆာနိုင်ငံ၏ ဗဟိုချက်အတွင်း၌ ရှိနေကြသဖြင့် ရှေးဦးမျိုးနွယ်စုများနှင့် ထိပ်တိုက်တွေ့ဆုံရခြင်းမျိုးမှာ အလွန်ရှားပါးလှသည်။
သုံးနိုင်ငံဒေသ၏ ပထဝီဝင်အနေအထားကို ကြည့်လျှင်မူ မည်သို့မျှ မျှော်လင့်ချက်မရှိနိုင်ချေ။ စုန်ယန်အနေဖြင့် မိစ္ဆာများ၏ တိုက်ခိုက်မှုလှိုင်းတံပိုး တစ်ခုကို ခုခံနိုင်ခဲ့လျှင်ပင် နောက်ထပ်လာမည့် လှိုင်းတံပိုးများကိုမူ မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ပေ။ အကယ်၍ သူသည် မြောက်ဘက်သို့ ချီတက်ပြီး ရှေးဦးမျိုးနွယ်စုနှင့် သွားရောက်ပူးပေါင်းလိုလျှင်လည်း တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံဟူသော တောင်ကြီးကို ကိုယ်တိုင် ထွင်းဖောက်ကျော်လွှားသွားရပေလိမ့်မည်။
အကယ်၍ သူသည် ထိုသို့သော အစွမ်းမျိုးကို အမှန်တကယ် ပိုင်ဆိုင်ခဲ့ပါက ရှေးဦးမျိုးနွယ်စုကို အားကိုးရန် လိုအပ်မှာ မဟုတ်ပေ။
"အဲဒီရှေးဦးမျိုးနွယ်စုတွေကရော တကယ်ပဲ လူကောင်းတွေ ဖြစ်နေမှာတဲ့လား။ လူသားချင်း ဖြစ်နေပေမဲ့လည်း လူတွေက မိစ္ဆာတွေထက် ပိုပြီး ကြင်နာသနားတတ်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ"
စုန်ယန်သည် လမ်းခရီးတစ်လျှောက်တွင် အတွေးပေါင်းစုံဖြင့် ဝေခွဲမရဖြစ်နေခဲ့သည်။ သူသည် ဤနေရာမှ ထွက်ပြေးချင်နေမိသည်။ ညီမလေး ရှောင်လီနှင့်အတူ ကုန်ဆုံးခဲ့ရသည့် နေ့ရက်များကို သူ အလွန်တန်ဖိုးထားဆဲပင်။ သူ၏ စိတ်ကူးထဲက ကျင့်ကြံဖော်ဆိုသည်မှာ ထျန်းရှောင်ကျို၊ အန်းလီ သို့မဟုတ် အစောပိုင်းကာလက စုယောင်ကဲ့သို့သော ရိုးသားဖြူစင်သည့် မိန်းကလေးမျိုးသာ ဖြစ်သည်။
အတွေးမျိုးစုံ စီးမျောနေရင်း သူသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်တော့ချေ။
"အရင်က အစေခံဘဝတုန်းကလည်း ထွက်ပြေးဖို့ပဲ စဉ်းစားခဲ့တယ်။ အခု ဂိုဏ်းချုပ်ဖြစ်လာပြန်တော့လည်း ထွက်ပြေးဖို့ပဲ စဉ်းစားနေတုန်းပါလား..."
ထို့နောက် သူသည် သူရှေ့တွင် ဒူးထောက်နေသော ကျင်းနိုင်ငံ၏ ဒုတိယမင်းသားနှင့် ဝိုင်းရံထားကြသော မိစ္ဆာကျင့်ကြံသူများ၊ ဓားပြများနှင့် လူဆိုးလူမိုက်များကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ကို မြှောက်ကာ ခေါင်းဆောင်းဝတ်ရုံကို ဖယ်ရှားလိုက်ရာ ဆောင်းဦးပေါက်၏ အေးစက်စက် နေရောင်ခြည်အောက်တွင် သူ၏မျက်နှာမှာ အထင်အရှား ပေါ်ထွက်လာတော့သည်။
မလှမ်းမကမ်း ကောင်းကင်ယံတွင်မူ အရိပ်ရုပ်သေးများ၊ စက္ကူရုပ်များနှင့် သွေးအလောင်းကောင်များစွာ ပေါ်လာကြသည်။ ၎င်းမှာ ရုပ်သေးဂိုဏ်းမှ လူများက ဂိုဏ်းချုပ်ပြန်လာသည်ကို ကြားသိသဖြင့် လာရောက်ကြိုဆိုကြခြင်းပင်။ သို့သော် လာရောက်သူဦးရေမှာမူ အလွန်နည်းပါးလှသည်။
၎င်းမှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ စုန်ယန်သည် ဂိုဏ်းချုပ်ဖြစ်လာသော်လည်း ဂိုဏ်း၏ အရေးကိစ္စများကို စိတ်မဝင်စားဘဲ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သည့်အပြင် ဂိုဏ်းသားအများစုမှာလည်း ပြည်တွင်းစစ်နှင့် မိစ္ဆာကျူးကျော်မှုဒဏ်ကြောင့် အင်အားချည့်နဲ့နေကြပြီဖြစ်သောကြောင့်ပင်။
သွေးအဘွားအိုနှင့် ရှေးဟောင်းစစ်သူကြီးတို့ သေဆုံးသွားကြပြီဖြစ်သော်လည်း မြေခွေးမျိုးနွယ်စုဝင်များမှာမူ အပြင်လောကတွင် ဟိုတစ်စသည်တစ်စ ပြန့်နှံ့ကာ ကျန်ရစ်နေဆဲပင်။
စုန်ယန်အတွက်မူ "တိုက်ပွဲကြီး ပြီးဆုံးသွားပြီ" ဟု ဆိုနိုင်သော်လည်း သာမန်ကျင့်ကြံသူများအတွက်မူ သူတို့၏စစ်ပွဲမှာ ယခုမှပင် စတင်နေခြင်းပင်။
ကျင်းနိုင်ငံ၏ ဒုတိယမင်းသား မာကျောက်သည် ဒူးထောက်နေစဉ် စုန်ယန်၏ ဖိနပ်ပေါ်၌ ရွှံ့အချို့ ပေကျံနေသည်ကို အမှတ်မထင် မြင်တွေ့သွားသည်။ သူသည် အလျင်အမြန်ပင် ရှေ့သို့ တိုးကပ်လာပြီးနောက် သူ၏သန့်ရှင်းစင်ကြယ်သော ပါးပြင်ကို အဝတ်စတစ်ခုအလား အသုံးပြု၍ စုန်ယန်၏ဖိနပ်ပေါ်က ရွှံ့များကို ဘယ်ပြန်ညာပြန် ပွတ်တိုက်သန့်စင်ပေးလေတော့သည်။
စုန်ယန်သည် ဤဒုက္ခမင်းသားကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည်။
"မင်းကတော့ ငါ့ရဲ့ရုပ်သေးဂိုဏ်းထဲကို တကယ် ဝင်သင့်တဲ့သူပဲ"
မာကျောက်မှာ အတိုင်းမသိ ဝမ်းသာသွားပြီး ခေါင်းမော့ကာ "ဂိုဏ်းချုပ်ကြီး ခိုင်းစေသမျှ ဘယ်အရာကိုမဆို ကျွန်တော်မျိုး လုပ်ဆောင်ပါ့မယ်ခင်ဗျာ" ဟု လျှောက်တင်လိုက်သည်။
သူကဲ့သို့ ကောက်ကျစ်စဉ်းလဲသော လူယုတ်မာတစ်ဦးအဖို့ အမှန်တရားတစ်ခုကို ကောင်းစွာ နားလည်ထားပြီးဖြစ်သည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦး၏ရှေ့၌ ဒူးထောက်ခြင်းက သူ့အတွက် အာဏာစက်ကို ရရှိစေနိုင်ပြီး ထိုအာဏာစက်ကြောင့်ပင် အခြားသူများစွာကို သူရှေ့၌ ဒူးထောက်လာအောင် ပြုလုပ်နိုင်သည်။
စုန်ယန်သည် သူ၏ရင်ခွင်အတွင်းမှ ရုပ်သေးဂိုဏ်း တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။ ထိုတံဆိပ်ပြားပေါ်တွင် ဆုန်ဟူသော စာလုံးကို ထွင်းထုထားသည်။ ဤသည်မှာ စက်မှုတောင်ထိပ်မှ အလောတကြီး ပြုလုပ်ထားသော ဂိုဏ်းချုပ်၏ အမှတ်အသားဖြစ်ပြီး အဆင့်အတန်းအမျိုးမျိုး ရှိသည့်အနက် စုန်ယန် ပေးလိုက်သည်မှာ အနိမ့်ဆုံးအဆင့် တံဆိပ်ပြားသာ ဖြစ်သည်။ သို့သော် ထိုမျှနှင့်ပင် မာကျောက်မှာ မိစ္ဆာဆုန်၏ တံဆိပ်ခတ်နှိပ်ခြင်း ခံလိုက်ရပြီဖြစ်သည်။
မာကျောက်သည် ထိုတံဆိပ်ပြားကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပိုက်ထွေးထားရင်း ကျေးဇူးတင်လွန်းသဖြင့် အကြိမ်ကြိမ် ဦးညွှတ်လေတော့သည်။ စုန်ယန်က ပြုံးလျက် "ကောင်းကောင်းလုပ်ပါ" ဟု တစ်ခွန်းသာ ပြောလိုက်သည်။
မာကျောက်ကလည်း "ကျေးဇူးကြီးလှပါတယ် ဆရာသခင်... ကျေးဇူးကြီးလှပါတယ်ခင်ဗျာ" ဟု အားရပါးရ အော်ဟစ်လိုက်သည်။
စုန်ယန်မှာမူ သူ့ကို ထပ်မံ၍ အာရုံမစိုက်တော့ပေ။
တစ်ခါတစ်ရံတွင် မျက်နှာသာပေးခြင်းဆိုသည်မှာ ကောင်းကျိုးသက်သက် မဟုတ်တတ်ချေ။ ဥပမာအားဖြင့် စုန်ယန်၏ တံဆိပ်ပြားကို ကိုင်ဆောင်ထားသော ဂျင်မင်းသားမှာ ကလဲ့စားချေလိုသည့် မြေခွေးမျိုးနွယ်စုဝင်များ၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။ သူသည် ဤနေရာ၌ အသက်မသေခဲ့လျှင်ပင် တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံရောက်ရှိလာသည့်အခါတွင်မူ အဖမ်းခံရပြီး နှိပ်စက်ခံရကာ ဝိညာဉ်ကိုပင် စစ်ဆေးခြင်းခံရပေလိမ့်မည်။
မွန်မြတ်သူမှာ မွန်မြတ်ခြင်းကို ရရှိပြီး သေလမ်းရှာသူမှာ သေခြင်းတရားကိုသာ ရရှိတတ်စမြဲပင်။
သူသည် ချိုးလျန်ယွဲ့ကို အမည်မဖော်ပြထားသော တံဆိပ်ပြား ပေးခဲ့ခြင်းမှာ ထိုမိန်းကလေးကို ဘေးမသီရန်မခစေလိုသောကြောင့် ဖြစ်သော်လည်း မာကျောက်ကိုမူ ဆုန်စာလုံးပါ တံဆိပ်ပြား ပေးလိုက်ခြင်းမှာ သူ့ကို ကွင်းလုံးစွပ်ဝင်ရောက်ကာ ပတ်သက်စေရန်နှင့် ခွေးတစ်ကောင်လို အသုံးတော်ခံခိုင်းပြီးမှ ရက်ရက်စက်စက် သေဆုံးသွားစေရန် ရည်ရွယ်ခြင်းပင်။
စုန်ယန်သည် ကြင်နာတတ်သူများကို နှစ်သက်သော်လည်း သူ၏ နည်းနာများမှာမူ တစ်နေ့ထက်တစ်နေ့ ပို၍ မှောင်မိုက်လာနေတော့သည်။