← Chapters

ရန်သူက အိမ်ခိုးရင် ဘယ်လိုလုပ်မလဲ

Vol. 32 Ch. 311

ရန်သူက အိမ်ခိုးရင် ဘယ်လိုလုပ်မလဲ

Vol. 32 Ch. 311

ပြင်ပလောကတွင် ဤတိုက်ပွဲဖြစ်ပွားတော့မည်ကို မသိရှိကြချေ။ သို့သော် အလယ်အင်မော်တယ်လောက၏ တစ်ခုတည်းသော ကြားနေအင်အားစုဖြစ်သည့် ထျန်းရှူးဂိုဏ်းတွင်မူ ကိုယ်ပိုင်ထောက်လှမ်းရေးကွန်ရက်ရှိလေသည်။ ဤအချိန်တွင် မြောင်ယွီနှင့် အင်မော်တယ်ဘုရင်ရဲ့ရန်တို့သည်လည်း မကြာမီဖြစ်ပွားတော့မည့် ဤမဟာတိုက်ပွဲအကြောင်းကို ဆွေးနွေးနေကြ၏။

"ကျန်းချင်းနန်းတော်က ဒီတစ်ကြိမ်မှာ သူတို့ရည်မှန်းချက်မအောင်မြင်မချင်း လက်လျှော့မှာမဟုတ်ဘူး"

"မှန်တယ်... အင်မော်တယ်ဘုရင်ဝူဟန်နဲ့ မြောင်ရွှမ်တို့ဆိုရင် နှစ်ပေါင်းသန်းချီအောင် ဂူပိတ်ကျင့်ကြံနေကြတာ... အခုမှထွက်လာကြတာလေ"

"သွေးမီးတောက်တံခါးက နတ်ဆိုးဘုရင်နှစ်ပါးရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ အဆင့် ၉ အင်မော်တယ်ဓားပဲ ဖြစ်ရမယ်"

"ဒါပဲလေ... ဒီတိုက်ပွဲမှာပါဝင်မယ့် ပညာရှင် ၉ ယောက်ထဲမှာ အဲဒီဓားရဲ့ ဆွဲဆောင်မှုကိုခံနိုင်တဲ့သူ တစ်ယောက်မှရှိမှာမဟုတ်ဘူး"

"ကလဲ့စားချေတာတို့ အင်မော်တယ်ကံကြမ္မာတိုကင်တို့ဆိုတာက အကြောင်းပြချက်သက်သက်ပါပဲ"

မြောင်ယွီက အရာအားလုံးကို ရှင်းလင်းစွာမြင်နေခဲ့သည်။ အမှန်တကယ်တွင် အင်မော်တယ်ကံကြမ္မာတိုကင်ကို လက်ဝယ်ထားရှိခြင်းမှာ လူအများ၏ အငြိုးထားခြင်းကို ခံရနိုင်သော်လည်း သတ်မှတ်ချိန်ရောက်ရန် နှစ်ပေါင်းတစ်ရာကျော် လိုသေးသည့်အတွက် ဝိုင်းရံလုယူမည်ဆိုလျှင်ပင် နောက်ပိုင်းမှလုပ်ဆောင်သင့်၏။ ယခုအချိန်တွင် လှုပ်ရှားခြင်းမှာ စောလွန်းနေသည်။ ဝံပုလွေများကိုဆွဲဆောင်နေသည့် တကယ့်အစာမှာ မြို့စားမင်းကျန်း၏ဓားသာဖြစ်လေသည်။

"ယူမဟာမိတ်အဖွဲ့နဲ့ ရှေးဟောင်းဧကရာဇ်ဂိုဏ်းကရော ဘယ်လိုကိုင်တွယ်ဖို့ပြင်ထားလဲ"

"အဲဒီ ၄ ယောက်ထဲမှာ ဘယ်သူမှမရိုးရှင်းဘူး"

အင်မော်တယ်ဘုရင်ရဲ့ရန်က တည်ငြိမ်စွာဆိုသည်။

"ဒီဂိုဏ်း ၅ ဂိုဏ်းနဲ့ မိသားစု ၁ ခုအပြင် သူတို့က တခြားအင်အားကြီး ၁၆ ခုကနေ အင်မော်တယ်အရှင်မြတ်တစ်ထောင်ကျော်ကိုလည်း စုစည်းထားသေးတယ်"

"အဲဒီအင်မော်တယ်အရှင်မြတ်တွေရဲ့တာဝန်က ယူမဟာမိတ်အဖွဲ့နဲ့ ရှေးဟောင်းဧကရာဇ်ဂိုဏ်းရဲ့ အာရုံကိုလွှဲထားဖို့ပဲ... အဲဒီပညာရှင် ၄ ယောက်ကို ဖမ်းဆီးထားနိုင်ဖို့ပေါ့"

"ဒါမှ သူတို့ ဖေးရှန်ဂိုဏ်းကို အကူအညီမပေးနိုင်မှာလေ"

မြောင်ယွီက ခေါင်းကို အသာငြိမ့်လိုက်သည်။ ၎င်းမှာ အာရုံလွှဲသည့် ပုံမှန်နည်းဗျူဟာတစ်ခုပင်။ ထိုပညာရှင် ၄ ယောက်သာ မရှိတော့လျှင် ကျန်းချန်အနေဖြင့် အင်မော်တယ်ဘုရင်အဆင့် ၉ ယောက်ကို ရင်ဆိုင်ပြီး ဘေးကင်းအောင် ထွက်ပြေးနိုင်ရန် ခက်ခဲပေလိမ့်မည်။

"အင်မော်တယ်ဘုရင်မင်ချီနဲ့ လျိုယွမ်တို့က ဖေးရှန်ဂိုဏ်းမှာ ရှိနေတုန်းပဲလား"

အင်မော်တယ်ဘုရင်များသည် ပုံမှန်အားဖြင့် လျှို့ဝှက်စွာနေထိုင်တတ်ကြပြီး တွေ့ရခဲလှ၏။ ထိုနှစ်ဦးမှာ မြို့စားမင်းကျန်းကို ဂါရဝပြုရန် ဖေးရှန်ဂိုဏ်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး လူအများအပြား ခေါ်ဆောင်သွားခြင်းမရှိသဖြင့် မည်သူမျှသတိမထားမိကြ။ ပြင်ပမှလူအများအပြားမှာ ဤသတင်းကို မသိရှိကြသေးချေ။ သို့သော် ထျန်းရှူးဂိုဏ်း၏နားမှ မလွတ်ကင်းနိုင်ခဲ့။

သို့ရာတွင် သူတို့၏ သတင်းအချက်အလက်မှာ ပြည့်စုံလုံလောက်မှု မရှိသေးချေ။ ငရဲနယ်မြေမှာ အလောင်းကောင်မျိုးနွယ်စု၏ နယ်မြေဖြစ်နေသည်မှာကြာပြီဖြစ်ရာ ပြင်ပလူများ လုံးဝမဝင်ရောက်နိုင်သဖြင့် အလောင်းကောင်ဘုရင် ၃ ပါး ဖေးရှန်ဂိုဏ်းသို့ ရောက်နေသည်ကို ထျန်းရှူးဂိုဏ်းမှ မသိရှိခဲ့ပေ။ ထို့အပြင် နောက်ပိုင်းတွင် ရောက်လာကြသည့် အင်မော်တယ်ဘုရင်၃ ပါးမှာလည်း တစ်ကိုယ်တော် ရောက်လာကြခြင်းဖြစ်ရာ စုံစမ်းရန် ပို၍ခက်ခဲစေသည်။

ယခုသိရှိရသည့် သတင်းမှာပင် သူတို့အတွက် အလွန်အံ့ဩစရာ ဖြစ်နေလေပြီ။

"သူက အင်မော်တယ်လမ်းစဉ်ရော မိစ္ဆာလမ်းစဉ်နဲ့ပါ ပတ်သက်မှုရှိရုံတင်မကဘဲ ဆေးလုံးဖော်စပ်ခြင်းနဲ့ လက်နက်သန့်စင်ခြင်းလမ်းစဉ်က ဆရာကြီးတွေနဲ့ပါ မိတ်ဆွေဟောင်းတွေဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး"

မြောင်ယွီမှာ ကျန်းချန် မည်သို့လုပ်ဆောင်ခဲ့သည်ကို စဉ်းစားမရနိုင်အောင် ဖြစ်နေ၏။ ဤပညာရှင်များသည် လမ်းစဉ်ချင်းမတူညီကြဘဲ သူနှင့် မည်သို့ခင်မင်နေကြသနည်း။ အထူးသဖြင့် ဆေးလုံးနှင့် လက်နက်ဆရာကြီးနှစ်ဦးကို ထျန်းရှူးဂိုဏ်းမှ အကြိမ်ကြိမ်စည်းရုံးခဲ့ဖူးသော်လည်း အမြဲတမ်းငြင်းပယ်ခံခဲ့ရသည်။

အင်မော်တယ်ဘုရင်ရဲ့ရန်က သက်ပြင်းချရင်း ဆိုသည်။

"ဒီလောက် လူအများကြီးကို အကူအညီပေးနိုင်အောင် လုပ်နိုင်တာဆိုတော့ သူက အသွင်ပြောင်းထားတဲ့ အင်မော်တယ်ဧကရာဇ်တစ်ပါးလားလို့တောင် သံသယဝင်မိတယ်"

မြောင်ယွီက ခေါင်းကို ခါယမ်းလိုက်၏။

"အင်မော်တယ်ဧကရာဇ်တောင်မှ အဲဒီဆရာကြီးနှစ်ယောက်ရဲ့ အကူအညီကို ရချင်မှရမှာ"

အင်မော်တယ်ဘုရင်ရဲ့ရန်ကလည်း သူမပြောသည်မှာ မှန်ကန်ကြောင်း ဝန်ခံရပေမည်။ ဆေးလုံးဖော်စပ်ခြင်းနှင့် လက်နက်သန့်စင်ခြင်းနယ်ပယ်မှ ဆရာကြီးများသည် အလွန်ထူးခြားသော အဆင့်အတန်းရှိကြပြီး စိတ်နေစိတ်ထားမှာလည်း ခန့်မှန်းရခက်၏။

အင်မော်တယ်ဧကရာဇ် ကိုယ်တိုင်လာရောက်လျှင်ပင် သူတို့ကို အတင်းအကျပ် မခိုင်းစေနိုင်ချေ။ သူတို့ရရှိထားသော သတင်းများအရ ထိုနှစ်ဦးလုံးမှာ ကျန်းချန်ကိုဂါရဝပြုရန် ဖေးရှန်ဂိုဏ်းသို့ သွားရောက်ခဲ့ကြသည်။

"နှမျောစရာပဲ... ဒီအင်မော်တယ်ဘုရင်နှစ်ပါးတည်းနဲ့တော့ အဲဒီတိုက်ခိုက်မှုကို တားဆီးနိုင်မှာမဟုတ်ဘူး"

ကျန်းချင်းနန်းတော်မှာ အင်မော်တယ်ဘုရင်အဆင့် ပညာရှင် ၉ ယောက်အထိ ရှိနေသည်။ ထို့အပြင် မင်ချီနှင့် လျိုယွမ်တို့မှာ တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သူများ မဟုတ်ကြ။ တစ်ယောက်တည်းနှင့် နှစ်ယောက်ကို ရင်ဆိုင်ဖို့နေနေသာသာ တစ်ယောက်ချင်း တိုက်ခိုက်ရန်ပင် ခက်ခဲပေလိမ့်မည်။

"သူ့ကို ကြိုတင်ပြင်ဆင်ထားနိုင်အောင် သတင်းအချို့ လျှို့ဝှက်ပေးလိုက်သင့်သလား"

အင်မော်တယ်ဘုရင်ရဲ့ရန်သည် ကျန်းချန်အပေါ် အမြင်ကောင်းမရှိပေ။ သို့သော် ဤလူ၏နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်ရှိနေမည်ဟု ခံစားမိနေသည်။ ယခုအချိန်တွင် သူ့ကို ကျေးဇူးပြုထားခြင်းမှာ အနာဂတ်အတွက် အသုံးဝင်နိုင်၏။

သူ့အသက်ကို ကယ်တင်ပေးလိုက်ပါက ကျေးဇူးတင်သောအားဖြင့် အဆင့် ၉ အင်မော်တယ်ဓားကို ရောင်းပေးကောင်း ရောင်းပေးနိုင်လိမ့်မည်။ ထို့အပြင် ဆရာကြီး မင်ချီနှင့် လျိုယွမ်တို့၏ ကျေးဇူးကိုလည်း ရရှိနိုင်သေးသည်။

မြောင်ယွီက ခေတ္တမျှစဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းခါယမ်းလိုက်၏။

"မမေ့ပါနဲ့... ငါတို့က ကြားနေဖြစ်နေတာ"

"ပြီးတော့ ဒီလူက ကံကောင်းခြင်းတွေ အများကြီးပါလာတဲ့သူလို့ ငါထင်တယ်... ဖေးရှန်ဂိုဏ်း ပျက်စီးသွားရင်တောင် သူကတော့ အံ့ဖွယ်နည်းနဲ့ အသက်ရှင်ကျန်ရစ်နေဦးမှာပါ"

ဖေးရှန်ဂိုဏ်းတွင် အမှန်တကယ်ပင် မည်သည့်ကာကွယ်ရေးမှမရှိသေးချေ။ အင်မော်တယ်ဘုရင်အဆင့်၏ အစီအစဉ်များမှာ ယွမ်ကျိ၊ ယွမ်ရှန့်နှင့် အခြားသူများ သိရှိနိုင်သောအရာ မဟုတ်။ မြို့စားမင်းကျန်းအနေဖြင့်မူ... သူက တစ်ခုခုကို စိုးရိမ်နေရန် လိုအပ်ပါသလော။

ဖေးရှန်ဂိုဏ်းကို ဂိုဏ်း ၅ ဂိုဏ်းနှင့် မိသားစု ၁ ခုက ဝိုင်းရံထားပြီး ပညာရှင် ၉ ယောက်က မြို့ပေါ်သို့ ဖိအားပေးလာသည့်အခါ ဖေးရှန်ဂိုဏ်းမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ အကြီးအကဲ ယွမ်ရှု၊ ယွမ်မု၊ ယွမ်ကျဲနှင့် အခြားသူများသည် ထိတ်လန့်တကြားဖြင့် မြို့စားမင်းကျန်းထံ လာရောက်တွေ့ဆုံကြသည်။

"ဘိုးဘေးကြီး... ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

"ဟုတ်ပါတယ်... ရန်သူက အားကောင်းလွန်းတယ်... အရင်ဆုံး ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖွင့်ထားသင့်တာပေါ့"

"ဟုတ်တယ်... ဟုတ်တယ်... အစီအရင်ကို အရင်ဖွင့်ရအောင်... အရင်ဘိုးဘေးတွေ ထားခဲ့တဲ့ အစီအရင်တွေက အင်မော်တယ်ဘုရင်တစ်ပါးကိုတောင် ခဏလောက်တားထားနိုင်တာ"

အကယ်၍ အင်မော်တယ်အရှင်မြတ်များသာဆိုလျှင် သူတို့ တည်ငြိမ်နေနိုင်သေးသော်လည်း အင်မော်တယ်ဘုရင်များမှာမူ သူတို့ ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။ ထို့အပြင် ၉ ယောက်တောင်ဖြစ်သည်။

ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာမူ ယုံကြည်ချက် အပြည့်ရှိနေကြ၏။

"ဘာတွေ ပျာယာခတ်နေကြတာလဲ"

"မှန်တယ်... အင်မော်တယ်ဘုရင်၉ ပါးတည်းကို ဘာကြောက်စရာရှိလို့လဲ"

"မင်းတို့ပုံစံကို ကြည့်စမ်း... အမူအရာ ပျက်နေကြတာပဲ... အကြီးအကဲတွေနဲ့ တူသေးရဲ့လား... ရှက်ဖို့ကောင်းလိုက်တာ"

ဘိုးဘေးကြီးက ဟိုးအရင်ကတည်းက အင်မော်တယ်ဧကရာဇ်တွေကိုတောင် သတ်ခဲ့တာပဲ... အင်မော်တယ်ဘုရင်နည်းနည်းလောက်ကို ဘာကြောက်စရာရှိမှာလဲ။

ယွမ်ရှုနှင့် ယွမ်မုတို့မှာမူ စောဒကမတက်နိုင်တော့ဘဲ သက်ပြင်းသာ ချနေကြရသည်။

မင်းတို့နှစ်ယောက်က အင်မော်တယ်အရှင်မြတ်အဆင့်ပဲ ရှိသေးတာ... အင်မော်တယ်ဘုရင်တွေကို ဘာမှမဟုတ်ဘူးလို့ ပြောနိုင်အောင် ဘယ်သူက ယုံကြည်ချက်တွေ ပေးလိုက်တာလဲ။ အင်မော်တယ်ဘုရင်၈ ပါးဖြစ်တဲ့ ကျန့်ယန်၊ မင်ချီတို့ကြောင့်များလား။

ယွမ်ရှုက သက်ပြင်းချရင်း ဆိုသည်။

"အဲဒီစီနီယာ ၈ ယောက်ရဲ့ အကူအညီနဲ့ဆိုရင်တောင် ငါတို့က တစ်ယောက်လိုနေသေးတယ်"

"ဟုတ်တယ်... အထူးသဖြင့်..."

ယွမ်မုက စကားကို ဆက်မပြောသော်လည်း လူတိုင်းက သူဆိုလိုသည်ကို နားလည်ကြသည်။ မင်ချီနှင့် လျိုယွမ်တို့မှာ အင်မော်တယ်ဘုရင်နယ်ပယ်တွင် ရှိကြသော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အခြားအဆင့်တူ အင်မော်တယ်ဘုရင်များကို ယှဉ်နိုင်ရန် မလုံလောက်ချေ။ အဆုံးတွင်မူ သူတို့မှာ လက်နက်လမ်းစဉ်နှင့် ဆေးလုံးလမ်းစဉ်ကိုသာ နှစ်ပေါင်းများစွာ လေ့လာခဲ့ကြသူများ မဟုတ်ပါလား။

စကားပြောပြီးသည်နှင့် အလောင်းကောင်ဘုရင် ၃ ပါးနှင့် လျိုယွမ်၊ မင်ချီတို့အပါအဝင် အခြားပညာရှင်များလည်း ရောက်ရှိလာကြသည်။

"ဂိုဏ်းချုပ်ကျန်း... ဒီတိုက်ပွဲမှာ ကျွန်တော်တို့ကို အရင်တိုက်ခိုက်ခွင့်ပေးပါ"

"ဟုတ်ပါတယ်... အခုက ကျွန်တော်တို့ အရှင့်အတွက် တိုက်ပွဲဝင်ပေးရမယ့်အချိန်ပဲ"

ကျန့်ယန်က ရင်ဘတ်ကိုပုတ်လျက် ဆိုသည်။

"ကျွန်တော်တို့ သုံးယောက် ပူးပေါင်းမယ်ဆိုရင် သူတို့ထဲက ၅ ယောက်ကို တားဆီးထားနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်"

ထိုစကားကို ကြားသောအခါ ယွမ်ရှုနှင့် အခြားသူများမှာ အလွန်ဝမ်းသာသွားကြသည်။ ဤအလောင်းကောင်ဘုရင် ၃ ပါးမှာ ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိပုံရ၏။

သို့ရာတွင် ဤစကားကို ကြားလိုက်ရသော မြို့စားမင်းကျန်းမှာမူ ဒေါသကြောင့် နှာခေါင်းကျိုးမတတ် ဖြစ်သွားရသည်။

တောက်... မင်းတို့တွေလည်း ရှောင်ခွန်းနဲ့ ကျိယွင်တို့လိုပဲ ငါ့ရဲ့ အောင်မြင်မှုတွေကို လာလုဖို့ ကြိုးစားနေတာလား။

ပြီးခဲ့တဲ့တစ်ခေါက်က ရန်သူ့ဆီကပစ္စည်းတွေကို မရလိုက်တာကြောင့် သူ အခုထိ နှမြောနေတုန်းပင်။ ရန်သူတွေက အခုမှ ခက်ခက်ခဲခဲ လာပေးကြတာကို အခွင့်အရေးကို ထပ်ပြီး လက်လွတ်မခံနိုင်တော့ချေ။

"ဂိုဏ်းရဲ့ အရေးကြီးတဲ့နေရာမှာ စောင့်ကြပ်ပေးမယ့် ပညာရှင်တွေမရှိလို့ ဘယ်ဖြစ်မလဲ... ရန်သူက ငါတို့အိမ်ကိုလာခိုးရင် ဘယ်လိုလုပ်မလဲ"

"ဖေးရှန်ဂိုဏ်းမှာ တပည့်တွေ အများကြီးရှိတာ... တစ်ယောက်ယောက်က မှားပြီးသတ်မိသွားရင် ဘယ်လိုလုပ်မလဲ"

"တပည့်တွေ အသတ်မခံရရင်တောင် ဂိုဏ်းထဲက အဆောက်အအုံတွေ ပျက်စီးသွားရင် ဒါက ဆုံးရှုံးမှုပဲလေ"

"ငါ့အမိန့်မရဘဲ မင်းတို့ ၈ ယောက်လုံး တိုက်ပွဲဝင်ခွင့်မရှိဘူး"

"ကြားကြလား"

မြို့စားမင်းကျန်းသည် သူ၏ ပုံမှန် ပေါ့ပေါ့ပါးပါးဟန်ပန်ကို ပြောင်းလဲလိုက်ပြီး ယခင်ကနှင့်မတူဘဲ တင်းမာသော အမူအရာဖြင့် ပြောဆိုလိုက်တော့သည်။

All Chapters