မသေခင်မှာ တုန်လှုပ်စရာလေးပေးလိုက်တာကလည်း မဆိုးပါဘူး
Vol. 32 Ch. 312
ထိုရှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် ခေါင်းငြိမ့်ကာ အမိန့်နာခံလိုက်ကြရသည်။ ဤသည်မှာ ဂိုဏ်းချုပ်ကျန်း၏ အမိန့်တော်မဟုတ်ပါလား။
ရှီယွမ်၊ ကုန့်ကျန့်နှင့် ပိချန်းတို့ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများပင်လျှင် ထိုစဉ်အခါက သူ၏ဆုံးဖြတ်ချက်များကို လက်ခံခဲ့ကြရသည်သာ။ ၎င်းအပြင် သူတို့အားလုံးသည် အင်မော်တယ်ဧကရာဇ်ကျိုယန် အသတ်ခံလိုက်ရသည့် တုန်လှုပ်ဖွယ်မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် အစ်ကိုကြီးချန်၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ်တွင် သူတို့က တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်းအထိ ယုံကြည်မှုရှိနေကြ၏။
"ဒါဆိုရင် ဂိုဏ်းချုပ်ကျန်း အောင်ပွဲနဲ့ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ထိုရှစ်ယောက်စလုံး လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ကြသည်ကို မြင်သောအခါ ယွမ်ရှု၊ ယွမ်မုနှင့် အခြားသူများမှာ ပို၍ပင် ပူပန်လာကြသည်။ ဘာတွေဖြစ်နေတာလဲ။ အားအကောင်းဆုံး ပင်မအင်အားစု ရှစ်ယောက်က တိုက်ပွဲထွက်မတိုက်ဘဲ ဘိုးဘေးကြီး တစ်ယောက်တည်း ထွက်သွားတာလား။ သူ ဘာသွားလုပ်မလို့လဲ။ ရန်သူနဲ့ သွားစေ့စပ်မလို့လား။ ဒါမှမဟုတ် အသေခံမလို့လား။
"ဘိုးဘေးကြီး... ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါဦး"
"ဒီတိုက်ပွဲမှာ ပေါ့ဆလို့မဖြစ်ဘူး... အမှားအယွင်း အနည်းငယ်လေးက ဂိုဏ်းအတွက် ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်သွားနိုင်တယ်..."
အစ်ကိုကြီးချန် ဘာမှမပြောရသေးခင်မှာပင် ယွမ်ကျိနှင့် ယွမ်ရှန့်တို့က မကျေမနပ်ဖြင့် ရှေ့သို့တိုးလာကြသည်။
"မင်းတို့က မင်္ဂလာရှိတဲ့စကားလေး ဘာလေး မပြောနိုင်ကြဘူးလား"
"ဘိုးဘေးကြီးအပေါ်မှာ လုံးဝယုံကြည်မှု မရှိကြဘူးလား"
"ဘိုးဘေးကြီးက အောင်ပွဲနဲ့ ပြန်လာမှာ အသေအချာပဲ... မင်းတို့ အတွေးအခေါ်မရှိတဲ့ ဖားသူငယ်တွေ"
ယွမ်ရှု၊ ယွမ်မုနှင့် ယွမ်ပိုင်တို့ကဲ့သို့သော အကြီးအကဲများမှာ ထိုသို့အငေါက်ခံလိုက်ရသဖြင့် ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။ ဤနှစ်ယောက်က ဘယ်ကနေ ဒီလောက်တောင် ယုံကြည်ချက်တွေ ရနေသလဲဆိုသည်ကို သူတို့ စဉ်းစားမရနိုင်ချေ။ ဘိုးဘေးကြီးကို မျက်စိမှိတ်ယုံကြည်ပေးလို့ပဲ အင်မော်တယ်ဓားနှစ်လက် ဆုချခံရတာလား။
အစ်ကိုကြီးချန် တစ်ယောက်တည်း ဂိုဏ်းတံခါးပြင်ပသို့ ပျံသန်းထွက်ခွာသွားချိန်တွင် ရန်သူဘက်က စစ်ကြောင်းကို အသင့်ပြင်ထားပြီးဖြစ်သည်။
"ဟိုမှာ ကျန်းဆိုတဲ့တစ်ယောက်ပဲ"
"အဲဒီဓားက သူ့ဆီမှာရှိတာ"
သူ့ကို မြင်လိုက်သည်နှင့် ပညာရှင်ကြီး ကိုးဦးနှင့် သူတို့နောက်မှ အင်မော်တယ်အရှင်မြတ်များ၊ ရွှေအင်မော်တယ်များအားလုံး နိုးကြားတက်ကြွသွားကြသည်။ အစ်ကိုကြီးချန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ အင်မော်တယ်ဘုရင်ကိုးပါးစလုံး ရှိနေကြသည်။
"အားလုံး ရောက်နေကြပြီလား"
"ဘယ်သူမှ ကျန်မနေခဲ့ဘူးမဟုတ်လား"
ငါးတစ်ကောင်မှ မလွတ်သွားစေရန် သူက တစ်ခါတည်း အပြတ်ရှင်းပစ်ချင်နေခြင်း ဖြစ်သည်။ ဤကဲ့သို့ ထူးခြားသော ယုံကြည်မှုကို မြင်လိုက်ရသည့်အခါ တစ်ဖက်မှ ပညာရှင်ကိုးဦးမှာ အံ့ဩသွားကြ၏။
ကျန်းချင်းနန်းတော်မှ အင်မော်တယ်ဘုရင်ဝူဟန်သည် အဝေးတွင် အခြားသူများကို တားဆီးထားသည့်လူများထံသို့ အင်မော်တယ်အသုံးအဆောင်တစ်ခုမှတစ်ဆင့် လျှို့ဝှက်ဆက်သွယ်လိုက်သည်။ ယူမဟာမိတ်အဖွဲ့နှင့် ရှေးဟောင်းဧကရာဇ်ဂိုဏ်းဘက်တွင် ထူးခြားမှုမရှိကြောင်းနှင့် ရှောင်ခွန်း၊ ကျိယွင်နှင့် အခြားသူများကို ထိုနေရာတွင်ပင် ထိန်းချုပ်ထားနိုင်ကြောင်း သိလိုက်ရသည့်အခါမှ သူက စိတ်အေးသွားတော့သည်။
"ဟက်... မင်းက နတ်ဆိုးဘုရင် ရှောင်ခွန်း၊ ချာလီတို့နဲ့ အင်မော်တယ်ဘုရင်ဟွာယင်၊ ကျိယွင်တို့ လာကယ်မှာကို မျှော်လင့်နေတုန်းလား"
"အဲဒါ မင်းရဲ့ အစီအစဉ်ဆိုရင်တော့ ဒီနေ့က မင်းရဲ့ နောက်ဆုံးနေ့ပဲ"
"အမှန်အတိုင်း ပြောရရင် အဲဒီ ၄ ယောက်လုံးက အဖမ်းခံထားရလို့ လုံးဝလာနိုင်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသည့်အခါ အစ်ကိုကြီးချန်က မနေနိုင်ဘဲ ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။
"ဒါဆိုရင်တော့ မင်းတို့ကို တကယ်ပဲ ကျေးဇူးတင်ရမှာပေါ့"
အမှန်တကယ်တော့ တိုက်ပွဲ အရေးအကြီးဆုံးအချိန်ရောက်မှ ထိုလေးယောက်က ရုတ်တရက် ထွက်လာပြီး ဂိုဏ်းချုပ်ကျန်းကို ကူညီဖို့လာတာပါ ဘာညာဆိုပြီး အော်ဟစ်ကာ ဝင်ရှုပ်မှာကို သူ တကယ်စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် နောက်ဆုံးအောင်ပွဲက ဘယ်သူ့ဆီရောက်သွားမည်နည်း။
စစ်သုံ့ပန်းတွေကိုရော ဘယ်လိုခွဲဝေကြမည်နည်း။ ယခုမူ ရန်သူက အာရုံလွှဲသည့်နည်းဗျူဟာကို သုံးလိုက်သဖြင့် ထိုလေးယောက် မလာနိုင်တော့ခြင်းမှာ သူ၏ စိုးရိမ်ပူပန်မှုများကို ကူညီဖြေရှင်းပေးလိုက်သကဲ့သို့ပင်။
ပညာရှင်ကြီး ကိုးဦးစလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤသည်မှာ သူတို့ မျှော်လင့်ထားသည့် တုံ့ပြန်မှု မဟုတ်ပေ။ အင်မော်တယ်ဘုရင်မြောင်ရွှမ်က အေးစက်စွာပြုံးရင်း ဆိုသည်။
"မင်းက အင်မော်တယ်ဘုရင်မင်ချီနဲ့ လျိုယွမ်တို့ လာကယ်မယ်လို့ မျှော်လင့်နေသေးတာလား"
"အမှန်အတိုင်း ပြောရရင် မင်းရဲ့နောက်ခံကို ငါတို့သိပြီးသား... အဲဒီနှစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူး... အဲဒီနှစ်ယောက်ကိုပါ ထွက်လာခိုင်းလိုက်စမ်း"
အစ်ကိုကြီးချန်ကတော့ ရယ်ချင်သွားသည်။ သူတို့ရဲ့ သတင်းထောက်လှမ်းမှုက ဒီလောက်တောင် ညံ့ဖျင်းရသလား။ ရှစ်ယောက်တောင် ရောက်နေတာကို မင်းတို့က နှစ်ယောက်တည်းပဲ သိတာလား။ အခုသာ အဲဒီရှစ်ယောက်လုံးကို ထွက်လာခိုင်းလိုက်ရင် တုန်လှုပ်မှုအမှတ်တွေ ထပ်ရဦးမှာပဲ။
သူ့ရှေ့တွင် ဂိုဏ်း ၅ ဂိုဏ်းနှင့် မိသားစုတစ်ခုမှ အနည်းဆုံး ရွှေအင်မော်တယ်အဆင့်ရှိသော ပညာရှင် တစ်သိန်းခုနစ်သောင်းကျော် ရှိနေသည်။ ဤလူအားလုံးကို သတ်ရမည်မှာ အမှန်ပင်ဖြစ်သော်လည်း မသတ်ခင်မှာ သူတို့ကို တုန်လှုပ်သွားအောင်လုပ်ပြီး ကံတရားအမှတ်လေးတွေ ထုတ်ပေးခိုင်းတာလည်း မဆိုးပါဘူး။
ထိုသို့တွေးပြီးနောက် သူက ဂိုဏ်းတံခါးအတွင်းရှိ ပညာရှင် ရှစ်ဦးထံသို့ သတင်းပို့လိုက်သည်။
"အားလုံး ခဏလောက် ထွက်လာခဲ့ကြဦး"
အတွင်းတွင် စောင့်နေကြသော ပညာရှင် ရှစ်ဦးမှာ ဂိုဏ်းချုပ်ကျန်း မကိုင်တွယ်နိုင်မှာကို လုံးဝမစိုးရိမ်ဘဲ အေးဆေးစွာ ရှိနေကြ၏။ သတင်းစကား ကြားလိုက်ရသည့်အခါ သူတို့ အံ့ဩသွားကြသည်။ ရန်သူမှာ ထူးခြားတဲ့ နည်းလမ်းတွေရှိနေလို့ ဂိုဏ်းချုပ်ကျန်းက လူအင်အား မလောက်ငလို့များလား။ သူတို့ အမြန်ဆုံး ပျံသန်းထွက်လာကြသည်။
"ဂိုဏ်းချုပ်ကျန်း... ကျွန်တော်တို့ ရောက်ပါပြီ"
"ဟင်... တိုက်ပွဲက မစရသေးဘူးလား"
"ကျွန်တော်တို့ လှုပ်ရှားဖို့လိုလား"
အလောင်းကောင်ဘုရင် ၃ ပါးနှင့် အခြားအင်မော်တယ်ဘုရင်၃ ပါးတို့ပါ ကွင်းပြင်ထဲသို့ ပေါ်လာသည့်အခါ တစ်ဖက်ရှိ ဂိုဏ်း ၅ ဂိုဏ်းနှင့် မိသားစုတစ်ခုမှ လူအားလုံးမှာ အမှန်တကယ်ပင် အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။
"ငရဲနယ်မြေက အလောင်းကောင်ဘုရင် ၃ ပါး"
"ဒါ... ဒါက ဘာလို့ မင်းတို့ပါ ဒီကို ရောက်နေတာလဲ"
"မင်းတို့က ငရဲနယ်မြေထဲကနေ မထွက်ပါဘူးလို့ သဘောတူညီချက် ယူထားကြတာ မဟုတ်ဘူးလား"
ပညာရှင်ကြီး ကိုးဦးမှာ အခြေအနေမဟန်တော့ကြောင်း ခံစားလိုက်ရသည်။ ဤအလောင်းကောင်ဘုရင် ၃ ပါးမှာ ကိုင်တွယ်ရ အလွန်ခက်ခဲပြီး အဆင့်တူ ပညာရှင်များပင်လျှင် သူတို့ကို အပြတ်အသတ် သတ်ရန် ခဲယဉ်းလှ၏။ တစ်ကြိမ်ရန်ငြိုးဖွဲ့မိပြီး အပြတ်မသတ်နိုင်ခဲ့လျှင် အဆုံးမရှိသော ကလဲ့စားချေမှုများကို ရင်ဆိုင်ရပေလိမ့်မည်။
အလောင်းကောင်ဘုရင်များမှာ နာမည်ဆိုးဖြင့်ကျော်ကြားလှရာ အလောင်းကောင်ရုပ်သေးအဖြစ် အသန့်စင်ခံရမည်ကို တွေးမိရုံနှင့် နောက်ကွယ်ရှိ အင်မော်တယ်အရှင်မြတ်များနှင့် ရွှေအင်မော်တယ်များမှာ မျက်နှာများ ဖြူလျော်သွားကြသည်။
"အင်မော်တယ်ဘုရင်ဝူကျွယ်... မင်းက ဘယ်သူနဲ့မှ မပတ်သက်ဘဲ တစ်ကိုယ်တည်း နေတတ်တာ မဟုတ်လား"
"ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ"
"ပြီးတော့ ဟိုတစ်ယောက်က အင်မော်တယ်ဘုရင်ကျင့်ယွီ မဟုတ်လား... မင်းက ငါတို့နဲ့ နယ်မြေ ၅၀ ကျော် ဝေးတာလေ... ငါတို့က ကိုယ့်လမ်းကိုယ် လျှောက်နေကြတာကို မင်းက ဘာလို့ ဒီပြဿနာထဲကို ဝင်ပါတာလဲ"
ဤရှစ်ယောက်သာ ပေါ်လာလျှင် ပညာရှင်ကိုးဦးမှာ မနိုင်တော့ချေ။ သူတို့ စဉ်းစား၍ မရနိုင်တော့။ အင်မော်တယ်ဘုရင်မင်ချီနှင့် လျိုယွမ်တို့မှာ ဆေးလုံးနှင့် လက်နက်လမ်းစဉ်တွင်သာ နစ်မွန်းနေပြီး မည်သူနှင့်မျှ တိုက်ခိုက်လေ့မရှိသူများ ဖြစ်သည်။
အလောင်းကောင်ဘုရင် ၃ ပါးမှာလည်း နှစ်ပေါင်းသန်းချီအောင် နယ်မြေထဲက မထွက်ဘဲ မည်သည့်အင်အားစုတွင်မှ မပါဝင်ခဲ့ကြချေ။ အင်မော်တယ်ဘုရင်ဝူကျွယ်နှင့် ကျင့်ယွီတို့မှာလည်း တစ်ကိုယ်တော် နေတတ်သည့်အတွက် နာမည်ကြီးလှသူများ ဖြစ်သည်။ သို့ပါလျက်နှင့် ယခုအခါ သူတို့အားလုံးက လူတစ်ယောက်ကို ကူညီရန် ရောက်လာကြသည်မှာ လုံးဝအဓိပ္ပာယ်မရှိပေ။
အမှန်တကယ်တွင် အနီးနားရှိ လူများသာမက အဝေးရှိ ထျန်းရှူးဂိုဏ်းမှ မြောင်ယွီ၊ အင်မော်တယ်ဘုရင်ရဲ့ရန်နှင့် အခြားသူများမှာလည်း အလွန်အမင်း တုန်လှုပ်နေကြသည်။ ဤမဟာတိုက်ပွဲမှာ အလွန်ကြီးကျယ်လှသဖြင့် လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ရရှိထား၏။ ထျန်းရှူးဂိုဏ်းကလည်း အနီးနားတွင် စုံစမ်းထောက်လှမ်းရန် လူများကို စီစဉ်ထားပြီးဖြစ်သည်။
ဖန်သားပြင်ပေါ်ရှိ စစ်မှန်သော အင်မော်တယ်ဘုရင်အဆင့် ပညာရှင် ရှစ်ဦးကို မြင်လိုက်ရသည့်အခါ သူတို့လည်း တည်ငြိမ်စွာ မနေနိုင်တော့ချေ။
"နောက်ထပ် ၈ ယောက်တောင် ဘယ်လိုလုပ် ရောက်လာတာလဲ"
"သူ့မှာ ဘယ်လောက်တောင် လူသိများတဲ့ ဆက်ဆံရေးတွေ ရှိနေတာလဲ"
"ဒီလူတွေက ဖိတ်ရခက်တဲ့လူတွေချည်းပဲ... သူတို့ကို ဘယ်လို ဖိတ်လိုက်တာလဲ"
မြောင်ယွီက အသက်ပြင်းပြင်းရှူလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဲဒီနေ့က နတ်ဆိုးဘုရင် ရှောင်ခွန်းနဲ့ အင်မော်တယ်ဘုရင်ကျိယွင်တို့ရဲ့ တုံ့ပြန်မှုကို ကြည့်ရရင် သူတို့ထဲက ဘယ်သူ့ကိုမှ သူ ဖိတ်ထားတာ မဟုတ်လောက်ဘူး"
"အဲဒီအစား ဒီရှစ်ယောက်လုံးက သူတို့ဘာသာသူတို့ သူ့ဆီလာခဲ့ကြတာပဲ ဖြစ်ရမယ်"
"ဒီလူရဲ့ နောက်ခံက အရမ်းနက်ရှိုင်းလွန်းတယ်... သူပိုင်ဆိုင်ထားတဲ့ အင်အားက အလယ်အင်မော်တယ်လောကမှာ ငါတို့ ထျန်းရှူးဂိုဏ်းထက် မနည်းတော့ဘူး"
အင်မော်တယ်ဘုရင်ရဲ့ရန်မှာမူ လုံးဝစကားမပြောနိုင်တော့ချေ။
ကွင်းပြင်ထဲတွင် အင်မော်တယ်ဘုရင်မင်ချီက တစ်ဖက်ရှိ ပညာရှင်ကိုးဦးကို ကြည့်လိုက်သည်။ သူတို့ဘက်က လူတစ်ယောက် နည်းနေသော်လည်း သူ လုံးဝ မကြောက်ပေ။
"ငါတို့က ဘာလို့ ဒီမှ ရှိမနေရမှာလဲ"
"မင်းတို့က မျက်စိမပါဘူးလား... ဂိုဏ်းချုပ်ကျန်းကို ဘယ်လိုတောင် ဆန့်ကျင်ရဲတာလဲ"
အလောင်းကောင်ဘုရင်က ရောက်နေသူအားလုံးကို ကြည့်လိုက်ပြီး ကြောက်စရာကောင်းသော အသံဖြင့် ဆိုသည်။
"မင်းတို့ရဲ့ ဂိုဏ်းတွေက မကြာခင်မှာ အလောင်းကောင်မျိုးနွယ်စုရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာတော့မှာပါ... အခုကတည်းက ပျော်ထားကြစမ်း"
ပညာရှင်ကြီး ကိုးဦးမှာ ကျောရိုးထဲအထိ စိမ့်တက်သွားကြပြီး သူတို့နောက်ကွယ်ရှိ ဂိုဏ်းတွေအတွက် စတင်စိုးရိမ်လာကြသည်။ အကယ်၍ ဒီနေ့မှာ အလောင်းကောင်ဘုရင် ၃ ပါးကို အပြတ်မရှင်းနိုင်ခဲ့ရင် နောက်ဆက်တွဲက အဆုံးမရှိတော့ပေ။
သူတို့ အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် အစ်ကိုကြီးချန်က ရှေ့သို့ တစ်လှမ်းတိုးလာပြန်သည်။ စနစ်၏ မှတ်တမ်းကို ကြည့်လိုက်သည့်အခါ ဤရှစ်ယောက်စလုံး ပေါ်လာခြင်းကြောင့် သူက ကံတရားအမှတ် စုစုပေါင်း ၁၇၅,၄၈၇ ရရှိခဲ့သည်။ ဤပမာဏမှာ အရင်အကြိမ်ပေါင်းများစွာ ရရှိခဲ့သည်ထက်ပင် ပိုများနေသေးသည်။
အဓိကမှာ တစ်ဖက်တွင် အင်မော်တယ်ဘုရင်ကိုးပါး ရှိနေသောကြောင့်ဖြစ်၏။ တုန်လှုပ်သွားသည့် ပစ်မှတ်၏ အဆင့်အတန်း မြင့်လေလေ၊ ရရှိသည့် တုန်လှုပ်ချောက်ချားမှု တန်ဖိုးက ပိုများလေလေ ဖြစ်သည်။ ထို့ကြောင့် အလိုအလျောက် ပြောင်းလဲပေးသည့် ကံတရားအမှတ်များမှာလည်း သဘာဝကျစွာပင် များပြားလာတော့သည်။