မင်းတို့ရဲ့တာဝန် ပြီးဆုံးသွားပြီ
Vol. 32 Ch. 313
ဂိုဏ်းချုပ်ကျန်းသည် မိမိကိုယ်ကိုယ် အလွန်တော်လှသည်ဟု မချီးမွမ်းဘဲ မနေနိုင်တော့ချေ။ အစကတည်းက သူတို့ကို သတ်မပစ်လိုက်မိသည်မှာ တကယ့်ကို ကောင်းသောအချက်ပင်။ သို့မဟုတ်ပါက နှမြောစရာကြီး ဖြစ်နေပေလိမ့်မည်။
ယခုမူ တစ်ဖက်ရှိ ရန်သူအုပ်စု၏ နောက်ဆုံးတန်ဖိုးမှာ ကုန်ဆုံးသွားပြီဖြစ်သည်။ ပညာရှင်ကြီး ရှစ်ဦးမှာလည်း သူ၏ ဟန်ထုတ်မှုအတွက် အသုံးတော်ခံများအဖြစ် ပါဝင်ပေးပြီး သူတို့၏ တာဝန်ကျေပွန်သွားကြပြီဖြစ်ရာ ယခုအခါ သူကိုယ်တိုင် စတင်လှုပ်ရှားရမည့်အချိန် ရောက်လာပြီဖြစ်သည်။
"ကဲ... ကဲ... မင်းတို့အားလုံး ပြန်သွားလို့ရပြီ"
သူသည် ကျန့်ယန်၊ မင်ချီနှင့် ဝူကျွယ်တို့ အပါအဝင် အင်မော်တယ်ဘုရင်ရှစ်ပါးကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထိုရှစ်ယောက်စလုံးမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
"ဂိုဏ်းချုပ်ကျန်း... တိုက်ပွဲမှာ ကျွန်တော်တို့ရဲ့ အကူအညီကို မလိုဘူးလား"
"မလိုပါဘူး... ဒီလိုရန်သူ အနည်းအကျဉ်းလေးကို ငါက မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား"
"ဒါဆိုရင် အရှင်က..."
ဒါဆို ဘာလို့ ငါတို့ကို အပြင်ခေါ်ထုတ်လာတာလဲ။
ကျန်းချန်အနေဖြင့် သူတို့ကို ဟန်ထုတ်ဖို့သက်သက် ခေါ်ထုတ်လာခြင်းဖြစ်သည်ဟု တိုက်ရိုက်ပြောရန်မှာ အလွန်အားနာစရာကောင်းလှသည်။ ထို့ကြောင့် သူက ခိုင်လုံသော အကြောင်းပြချက်တစ်ခုကိုသာ ရှာဖွေလိုက်ရတော့သည်။
"ငါက တစ်ဖက်လူတွေကို လေးစားမှုပေးနေတာလေ... ဒီဘက်မှာ ဘယ်လောက်တောင် အရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တွေရှိနေသလဲဆိုတာ သူတို့ကိုသိစေချင်လို့ပေါ့"
"ဒါမှ သူတို့ ခဏနေရင် သေရတဲ့အခါ သူတို့ကိုယ်သူတို့ သေရကျိုးနပ်တယ်လို့ ခံစားရမှာ"
ဤအကြောင်းပြချက်မှာ အဓိပ္ပာယ်မရှိသော်လည်း ဂိုဏ်းချုပ်ကျန်းက သူတို့ကို အရှိန်အဝါကြီးသော ပုဂ္ဂိုလ်များဟု တင်စားပြောဆိုလိုက်သဖြင့် ထိုရှစ်ယောက်စလုံးမှာ မြှောက်ပင့်ခံလိုက်ရသလို ခံစားရပြီး ဂုဏ်ယူမိသွားကြသည်။ အရင်တုန်းကဆိုလျှင် သူတို့မှာ အစည်းအဝေးခန်းမထဲပင် ဝင်ခွင့်မရသည့် အရေးမပါသော လူများသာ ဖြစ်ခဲ့ကြသည်မဟုတ်ပါလား။ သူတို့၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများမှာ နောက်ဆုံးတွင် စီနီယာကြီး၏ အသိအမှတ်ပြုမှုကိုရရှိခဲ့ပြီဟု ထင်မှတ်သွားကြသည်။
"ဂိုဏ်းချုပ်ကျန်းက တကယ်ပဲ အမြော်အမြင်ရှိပါပေတယ်... အရှင်ရဲ့ အတွေးအခေါ်တွေက ကျွန်တော်တို့လို လူငယ်တွေ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပါတယ်"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."
"ကျွန်တော်တို့ အခုပဲ ဂိုဏ်းတံခါးကို ပြန်စောင့်နေပါ့မယ်"
"အကူအညီလိုတဲ့အချိန်တိုင်း ကျွန်တော်တို့ကို ခေါ်လိုက်ပါဦး"
ထိုရှစ်ယောက်မှာ အလွန်ကျေနပ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ဂိုဏ်းတံခါးအတွင်းသို့ ပြန်လည်ပျံသန်းသွားကြတော့သည်။ ဤသို့ အဝင်အထွက်လုပ်နေခြင်းမှာ... တစ်ဖက်ရှိ ပညာရှင် ကိုးဦးကို အလန့်တကြားဖြစ်စေပြီး ဘာဖြစ်ပျက်နေသည်ကို လုံးဝနားမလည်နိုင်အောင် ဖြစ်သွားစေသည်။
သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ အဲဒီရှစ်ယောက်ကို အပြင်ခေါ်ထုတ်လာတာက ငါတို့ကို လာပြပြီး ခြောက်လှန့်ဖို့သက်သက်ပဲလား။ ပြီးတော့ ဘာလဲ... သူတို့ကို သုံးပြီး တိုက်ခိုက်မှာ မဟုတ်ဘူးလား။
အဝေးရှိ ထျန်းရှူးဂိုဏ်းတွင်လည်း အင်မော်တယ်ဘုရင်ရဲ့ရန်သည် ဖန်သားပြင်ကို ကြည့်ရင်း ဝေခွဲမရဖြစ်နေ၏။
"သူ ဘာလုပ်နေတာလဲ... ဘာလို့ အဲဒီရှစ်ယောက်ကို ပြန်လွှတ်လိုက်တာလဲ"
မြောင်ယွီက သူမ၏ လှပသောမျက်ခုံးတန်းလေးကို အသာတွန့်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ မသေချာသလို ပြောလိုက်သည်။
"ဖြစ်နိုင်တာကတော့ ဒါက ရန်သူကို ဝေဝေဝါးဝါးဖြစ်အောင်လုပ်တဲ့ နည်းဗျူဟာများလား"
"ရန်သူကို သူတစ်ယောက်တည်းပဲရှိတယ်လို့ ထင်အောင်လုပ်ပြီး ပေါ့ဆသွားအောင် လုပ်တာနေမှာပါ... တကယ်တော့ ကျန်တဲ့ရှစ်ယောက်က အနီးအနားမှာ ချောင်းမြောင်းနေလောက်တယ်"
အင်မော်တယ်ဘုရင်ရဲ့ရန်က ချက်ချင်းပင် နားလည်သွားဟန်ဖြင့်...
"ဪ... ဒါကြောင့်ကိုး"
ဤအချိန်တွင် ကျန်းချန်သည် တုန်လှုပ်ချောက်ချားမှုတန်ဖိုးများကို ရရှိပြီးဖြစ်ရာ ရှေ့မှ အတွေ့အကြုံထုပ်များဖြစ်သော လူအုပ်ကြီးနှင့် စကားများနေရန် စိတ်မကူးတော့ချေ။ သူသည် သူ၏ အစွမ်းအားလုံးကို တိုက်ရိုက်အသုံးချလိုက်တော့သည်။
သူရဲကောင်းဝိညာဉ် ဒါဇင်ပေါင်းများစွာ၏ စွမ်းအားဖြည့်တင်းမှု၊ အမြင့်ဆုံးအဆင့်ရှိသော နဂါးပြာသွေးမျိုးဆက်၏ ဖိအား၊ အဓိကစည်းမျဉ်း ၉၉၂ ခု ပါဝင်သော လမ်းစဉ်နှလုံးသား... ပြီးတော့ အဆင့် ၉ အင်မော်တယ်ဓား။
သူသည် နဂါးပြာလျှပ်စီးတိုက်ကွက်စွမ်းရည်ကို နှိပ်လိုက်ပြီးနောက် ၁၀ ဆ တိုက်ခိုက်မှုကိုပါ ထပ်မံအသုံးချလိုက်သည်။ ဤသည်မှာ လက်ရှိတွင် သူ၏ အားအကောင်းဆုံး တိုက်ကွက်ဟု ဆိုနိုင်၏။
ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးမှာ အရောင်ပြောင်းသွားသည်။ မိုင်ပေါင်း သောင်းချီရှည်လျားသော နဂါးပြာကြီး၏ ပုံရိပ်ယောင်တစ်ခု ကောင်းကင်တွင် ပေါ်လာပြီး လေဟာနယ်နယ်မြေအတွင်းရှိ အရာအားလုံးကို ဝါးမြိုလိုက်လေ၏။
ရှေ့မှ ပညာရှင်ကြီး ကိုးဦးနှင့် သူတို့နောက်မှ သိန်းနှင့်ချီသော အင်မော်တယ်အရှင်မြတ်များ၊ ရွှေအင်မော်တယ်များအားလုံးမှာ နဂါးပြာကြီး၏ ဧရာမပါးစပ်ကြီးအတွင်းသို့ ချက်ချင်းပင် ရောက်ရှိသွားကြသည်။ ဟုန်ကျွယ်ဓားနှင့်အတူ ပါလာသော မီးတောက်စည်းမျဉ်းများ၏ စွမ်းအားအောက်တွင် မရေမတွက်နိုင်သော တောင်တန်းများမှာ ရူးသွပ်စွာ လောင်ကျွမ်းသွားပြီး မည်းနက်သော မီးခိုးတန်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နဂါးပြာကြီး၏ ပါးစပ်အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ ကြီးမားသော ဘေးဒုက္ခနှင့် ရင်ဆိုင်လိုက်ရ၏။ ရွှေအင်မော်တယ်များအားလုံးမှာ ပြာပင်မကျန်တော့ဘဲ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။ ၎င်းနောက်တွင် အင်မော်တယ်အရှင်မြတ်များမှာလည်း ထိတ်လန့်သွားချိန်လေးပင် မရလိုက်ဘဲ သူတို့နောက်သို့ လိုက်ပါသွားကြရပြန်သည်။ နဂါးပြာကြီး၏ ဖိအားပေးမှုအောက်တွင် သူတို့သည် ခုခံရန်အတွက် နည်းပညာများ သို့မဟုတ် အင်မော်တယ်ချပ်ဝတ်များကိုပင် အသုံးမပြုနိုင်ကြချေ။
ကျန်းချန်သည် ပထမအဆင့် ရွှေအင်မော်တယ်ဖြစ်စဉ်ကပင် ၁၀ ဆတိုက်ခိုက်မှုကို အသုံးချကာ အင်မော်တယ်အရှင်မြတ် အများအပြားကို တစ်ချက်တည်းနှင့် သတ်နိုင်ခဲ့သည်။ ယခုမူ သူသည် အဓိကစည်းမျဉ်း ၉၉၂ ခု ရှိပြီး ၎င်းတို့အနက် ၃၀၀ မှာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေသည့် တတိယအဆင့် အင်မော်တယ်အရှင်မြတ် ဖြစ်နေပြီဖြစ်သည်။ အရေးကြီးဆုံးမှာ သူ၏ နဂါးပြာသွေးမျိုးဆက်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်နေခြင်းပင်။
ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားသာမက နဂါးပြာလျှပ်စီးတိုက်ကွက်ကိုယ်တိုင်ကလည်း တိုက်ခိုက်ရေးစွမ်းရည်ကို နှစ်ဆတိုးပေးနိုင်သည့် အကျိုးသက်ရောက်မှု ရှိနေသည်။ ဤအစွမ်းမှာ ယခင်နှင့်ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။
အင်မော်တယ်ဘုရင်အဆင့် ပညာရှင်ကိုးဦးပင်လျှင် ဤတိုက်ကွက်ကြောင့် ကြောင်အမ်းသွားကြရသည်။ ထိုတိုက်ကွက်ကို တိုက်ရိုက်ရင်ဆိုင်လိုက်ရသော ဝူဟန်နှင့် မြောင်ရွှမ်တို့၏ အင်မော်တယ်ခန္ဓာကိုယ်များပေါ်တွင် အက်ကြောင်းများပင် ပေါ်လာတော့သည်။
ထိုကိုးယောက်မှာ သူတို့၏ အင်မော်တယ်နိုင်ငံတော်များကို အမြန်ဆုံးဖြန့်ကြက်လိုက်ပြီး နိုင်ငံတော်၏ အစွမ်းဖြင့် ခုခံလိုက်ကြရသည်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ထိုအမှောင်မီးတောက်ပင်လယ်ကြီးအတွင်းတွင် အင်မော်တယ်နိုင်ငံတော် ကိုးခု၏ အစွန်းပိုင်းများမှာလည်း အပျက်အစီးများအဖြစ်သို့ လျင်မြန်စွာ လောင်ကျွမ်းသွားတော့သည်။ အင်မော်တယ်နိုင်ငံတော်များ၏ အတွင်းပိုင်းမှာလည်း ဖရိုဖရဲဖြစ်သွားရ၏။ ၎င်းမှာ ကမ္ဘာပျက်ကပ်တစ်ခုကဲ့သို့ပင်။
အင်မော်တယ်နိုင်ငံတော် ကိုးခု၏ အဓိကစည်းမျဉ်းများသည် ဤတိုက်ကွက်နှင့် ရူးသွပ်စွာ ထိပ်တိုက်တွေ့ကြပြီး လေဟာနယ်အတွင်းတွင် မရေမတွက်နိုင်သော ပြင်းထန်ပြီး အန္တရာယ်များလှသော ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။
တိုက်ကွက် ပြီးဆုံးသွားသည့်အခါ ဧရာမ နဂါးပြာပုံရိပ်ကြီးမှာ ပျောက်ကွယ်သွားပြီး ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်နေသော အနက်ရောင်မီးတောက်များလည်း ငြိမ်းသတ်သွားကာ ရှေ့မှ ဟာလာဟင်းလင်းပြင်ကြီးတစ်ခု ပေါ်လာတော့သည်။ ထိုနေရာတွင် လုံးဝမလောင်ကျွမ်းသေးသည့် အဆင့် ၆ အင်မော်တယ်အသုံးအဆောင်များနှင့် ထိပ်တန်း မှော်ရတနာအချို့သာ ကျန်ရစ်နေ၏။ အသက်ရှင်ကျန်ရစ်သူများအဖြစ်မူ ထိုပညာရှင်ကြီး ကိုးဦးသာ ရှိတော့သည်။ အခြားသူများအားလုံးမှာ လုံးဝကို သုတ်သင်ခြင်း ခံလိုက်ရပြီဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ ကိုးဦးမှာ တုန်လှုပ်ချောက်ချားပြီး ဒေါသထွက်နေကြသလို ဤအရာမှာ အစစ်အမှန်ဖြစ်သည်ဟုပင် မယုံနိုင်အောင် ဖြစ်နေကြ၏။ တစ်ချက်တည်းနှင့် သိန်းနှင့်ချီသော ရွှေအင်မော်တယ်များနှင့် အင်မော်တယ်အရှင်မြတ်များကို သုတ်သင်ပစ်ခြင်းမှာ မည်သည့်အင်မော်တယ်ဘုရင်မျှ မလုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။
တစ်ဖက်တွင်လည်း ကျန်းချန်မှာ ဤအရာမှာ အစစ်အမှန်ဖြစ်သည်ဟု မယုံနိုင်အောင် ဖြစ်နေပြန်သည်။
အစွမ်းတွေ အများကြီးသုံးပြီး အားအကောင်းဆုံးတိုက်ကွက် ထုတ်သုံးလိုက်တာတောင် ဒီကိုးယောက်ထဲက တစ်ယောက်မှ မသေဘူးလား။
သူ ရွှေအင်မော်တယ်ဖြစ်စဉ်က ၁၀ ဆတိုက်ခိုက်မှုက အင်မော်တယ်အရှင်မြတ်တစ်ယောက်ကို သတ်နိုင်ခဲ့သည်။ သူ အင်မော်တယ်အရှင်မြတ်ဖြစ်လာသည့်အခါ ၁၀ ဆတိုက်ခိုက်မှုက အင်မော်တယ်ဘုရင်တစ်ယောက်ကို သတ်ရန် ပြဿနာမရှိဟု သူ အပြည့်အဝ မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ ယခုမူ သူ အများကြီး တွေးထားမိခဲ့ကြောင်း သိလိုက်ရပြီ။
အင်မော်တယ်နိုင်ငံတော် ပိုင်ဆိုင်ထားသည့် အင်မော်တယ်ဘုရင်တစ်ပါးမှာ အင်မော်တယ်အရှင်မြတ်နှင့် လုံးဝ မတူညီသော အယူအဆတစ်ခု ဖြစ်နေသည်။ သူ၏ တိုက်ကွက်မှာ ဟိုးအဝေးကပင် အာကာသ အတားအဆီးများကို ကျော်လွန်နိုင်ခဲ့သော်လည်း အင်မော်တယ်နိုင်ငံတော်ဆိုသည်မှာ ဤကမ္ဘာလောကတွင် တည်ရှိနေခြင်း မဟုတ်ပေ။ အင်မော်တယ်နိုင်ငံတော်အတွင်းရှိ အဓိကစည်းမျဉ်းများမှာလည်း အခြေခံအားဖြင့် ပြောင်းလဲသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ၎င်းတို့မှာ ပြီးပြည့်စုံသောအဆင့်တွင် ရှိနေလျှင်ပင် လုံးဝ မတူညီသော အရာများသာ ဖြစ်ကြသည်။
ကျန်းချန်၏ တိုက်ကွက်မှာ တိုက်ခိုက်ရေးစွမ်းရည်များကို အကန့်အသတ်မရှိ စုဆောင်းထားသည့် အဆင့်တွင်သာ ရှိနေသေး၏။ အင်မော်တယ်ဘုရင်တစ်ပါးမှာမူ ဤအဆင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
သူတို့သည် တိုက်ခိုက်ရေးစွမ်းရည်၏ အားသာချက်ကို ယှဉ်ပြိုင်နေကြခြင်း မဟုတ်တော့ပေ။ သူတို့၏ အားသွန်ခွန်စိုက် တိုက်ခွက်များမှာ ဤကဲ့သို့ ကြီးမားသော ဖျက်ဆီးအား မရှိသော်လည်း သူတို့သည် ပိုမိုမြင့်မားသော အဆင့်အတန်းရှိသည့် တည်ရှိမှုများအဖြစ်သို့ ကူးပြောင်းသွားခဲ့ကြပြီဖြစ်သည်။ ဤအဆင့်ထက် နိမ့်ကျသော စွမ်းအားစုဆောင်းမှုများသည် မည်သို့ပင်ဖြစ်စေ သူတို့ကို အမှန်တကယ် သတ်ဖြတ်နိုင်ခြင်းမရှိချေ။
"ဒါက တကယ်ကို ဒုက္ခရောက်တာပဲ..."
တိုက်ကွက် ပြီးဆုံးသွားသည်နှင့် ကျန်းချန်မှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ နဂါးပြာလျှပ်စီးတိုက်ကွက်၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် အလွန်အမင်း အားနည်းသွားတော့၏။
"ဒီလောက် လူအများကြီးကို အပြင်ခေါ်မလာခဲ့တာ မှန်သွားတာပဲ"
သူသည် အချိန်အတော်ကြာမှ တစ်ကြိမ်အသတ်ခံရတော့မည်ကို ကောင်းကောင်းသိနေသည်။
တစ်ဖက်ရှိလူကိုးဦးမှာမူ သူတို့၏နှလုံးသားထဲမှ သွေးများယိုစီးနေသကဲ့သို့ ခံစားနေရသည်။ သူတို့နောက်မှ သိန်းနှင့်ချီသော လူများမှာ သူတို့ဂိုဏ်း၏ အတော်ဆုံးတပည့်များ မဟုတ်ပါလား။ ယခုမူ အကုန်လုံးသုတ်သင်ခံလိုက်ရလေပြီ။ အစကတည်းက သူတို့ ဤနေရာသို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ထိုဓားကို လုယူရန်ဖြစ်ပြီး အခြားအကြောင်းပြချက်များမှာ အပေါ်ယံသာ ဖြစ်သော်လည်း ယခုမူ မုန်းတီးမှုများသာ ကျန်ရစ်တော့သည်။
"မင်း... မင်းက အရမ်းရက်စက်တာပဲ"
"ငါ သေရင်တောင် မင်းကိုပါ တစ်ပါတည်း ခေါ်သွားမယ်"
"သတ်စမ်း"
အင်မော်တယ်ဘုရင်ကိုးပါးသည် ကျန်းချန်၏ လက်ရှိ အားနည်းနေမှုကို မြင်လိုက်ကြသည်။ စောစောက တိုက်ကွက်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ကြောင်း သူတို့ သဘာဝကျစွာပင် နားလည်လိုက်ကြ၏။ ယခု ပြန်စဉ်းစားကြည့်သည့်အခါ သူတို့ သဘောပေါက်သွားကြသည်။ ထိုတိုက်ကွက်မှာ အင်မော်တယ်ဘုရင်အောက် အဆင့်ရှိသူများအတွက် ကမ္ဘာပျက်မတတ် ပြင်းထန်လှသော်လည်း အင်မော်တယ်ဘုရင်နှင့် အထက်အဆင့်ရှိသူများအတွက်မူ ရယားဖျောက်ရုံသာ ရှိပေသည်။ အရှိန်အဝါကတော့ ကြီးကျယ်လှသော်လည်း အသက်အန္တရာယ်ဖြစ်စေသည့် ခြိမ်းခြောက်မှုတော့ မရှိချေ။
"သူ့ကို အရင်သတ်စမ်း"
ကျန်းချန်ကို သတ်လိုက်ပါက ထိုအဆင့် ၉ အင်မော်တယ်ဓားကို ရရှိနိုင်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် ၎င်းကို သန့်စင်ရန် အချိန်မရှိသော်လည်း အဆင့် ၉ အင်မော်တယ်အသုံးအဆောင်၏ စွမ်းအား အစိတ်အပိုင်းလေးမှာပင် အဆင့် ၇ အင်မော်တယ်ဓားထက် များစွာ သာလွန်ပေလိမ့်မည်။ အကယ်၍ အလောင်းကောင်ဘုရင် ၃ ပါး ထွက်လာလျှင်ပင် သူတို့ တိုက်ခိုက်နိုင်စွမ်း ရှိနေပေဦးမည်။
ဤပညာရှင်ကြီးကိုးဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အားနည်းနေသော ကျန်းချန်မှာ သဘာဝကျစွာပင် အသက်ရှင်ရန် အခွင့်အရေးမရှိတော့ဘဲ မည်သည့် သံသယမျှမရှိဘဲ အသတ်ခံလိုက်ရတော့သည်။