← Chapters

အင်မော်တယ်ဧကရာဇ်များလား

Vol. 32 Ch. 317

အင်မော်တယ်ဧကရာဇ်များလား

Vol. 32 Ch. 317

နောက်ရက်များတွင် ဖေးရှန်ဂိုဏ်းမှ တိုက်ပွဲသတင်းမှာ တဖြည်းဖြည်း ပျံ့နှံ့သွားတော့သည်။ အင်မော်တယ်ဧကရာဇ်တစ်ပါးသည် အလယ်အင်မော်တယ်လောကတွင် ကြာရှည်စွာ မနေထိုင်နိုင်ဟုဆိုသော စည်းမျဉ်းကို လူအများစုက မသိကြသော်လည်း ကျန်းချန်အား အင်မော်တယ်ဧကရာဇ်အဖြစ် ယုံကြည်မည့်အစား နာမည်ကျော်ကြားပြီးသားဖြစ်သော ထိုပညာရှင် ရှစ်ဦးကိုသာ ယုံကြည်ချင်ကြသည်။

၎င်းမှာ သဘာဝကျသော ခန့်မှန်းချက်ပင် ဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့် ပညာရှင် ရှစ်ဦးရှိနေပါလျက်နှင့် သူတို့ကို အသုံးမပြုဘဲ အိမ်မှာ ဒီအတိုင်း အလှကြည့်ထားမည်မှာ မည်သို့မျှ အဓိပ္ပာယ်မရှိပေ။ ထို့ကြောင့် ထိုတိုက်ပွဲမှာ ထိုရှစ်ဦး၏ လက်ချက်သာ ဖြစ်ရမည်ဟု လူတိုင်းက ယူဆကြသည်။ ဖေးရှန်ဂိုဏ်းမှ ဘိုးဘေးကျန်းဆိုသူမှာမူ အပြင်ပန်း ပြသထားသည့် ရုပ်ပြသက်သက်သာ ဖြစ်ပေလိမ့်မည်။

သာမန် လူတိုင်းက ဤသို့သာ တွေးတောကြပြီး အစ်ကိုကြီးချန်၏ အတွေးအခေါ်မှာ သာမန်လူများနှင့် မတူသည်ကိုမူ သူတို့ မသိကြချေ။ ခဏတာအတွင်း အလောင်းကောင်ဘုရင် သုံးပါး၊ အင်မော်တယ်ဘုရင်ဝူကျွယ်နှင့် ကျင့်ယွီတို့မှာ အထူးအာရုံစိုက်ခြင်း ခံလိုက်ရသည်။ ၎င်းက အစ်ကိုကြီးချန်ကို ရယ်ရခက် ငိုရခက် ဖြစ်သွားစေပြီး စိတ်အခြေအနေမှာလည်း ရှုပ်ထွေးသွားရသည်။

"တောက်... ဒါက ငါ့ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ချက်ကြီးကို... ဘာလို့ သူများတွေကို သွားပြီး ဂုဏ်ပြုနေကြတာလဲ။ ဒါက တကယ်ကို အဓိပ္ပာယ်မရှိတာပဲ"

သို့သော်လည်း တစ်ဖက်တွင်မူ ဤခန့်မှန်းချက်မှာ သူ့အတွက် အကျိုးရှိနေပြန်သည်။ အကယ်၍ သူသည် အင်မော်တယ်ဧကရာဇ်အဆင့်ရှိသည်မှာ အတည်ပြုခံရပါက နောင်တွင် တုန်လှုပ်ချောက်ချားမှု တန်ဖိုးများ ရရှိရန် ခက်ခဲသွားပေလိမ့်မည်။ အလယ်အင်မော်တယ်လောကရှိ အင်မော်တယ်ဧကရာဇ်ဆိုသည်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီဖြစ်ရာ သူ ဘာပဲလုပ်လုပ် လူတွေက ပုံမှန်ဟုသာ သတ်မှတ်ကြပေလိမ့်မည်။

ရက်အနည်းငယ်အကြာတွင် ဖေးရှန်ဂိုဏ်းသည် အဆင့်မြင့် အင်မော်တယ်ကျောက်တုံးပေါင်း ၁၄ ဘီလီယံကျော်ကို စုဆောင်းမိခဲ့သည်။ ဤမျှများပြားလှသော ကျောက်တုံးများဖြင့် အင်မော်တယ်ကံကြမ္မာတိုကင် ၁၄၀,၀၀၀ ကျော် ဝယ်ယူနိုင်ပြီး ဖေးရှန်ဂိုဏ်းသား အားလုံးကို အထက်လောကသို့ ခေါ်ဆောင်သွားရန် လုံလောက်ပေသည်။ အစ်ကိုကြီးချန်သည် ထိုကျောက်တုံးများကို သယ်ဆောင်ကာ ထျန်းရှူးဂိုဏ်းသို့ နောက်တစ်ကြိမ် ခရီးထွက်ခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင်လည်း ပညာရှင် ရှစ်ဦးစလုံးက သူ့နောက်သို့ လိုက်ပါရန် အတင်းအကျပ် တောင်းဆိုကြသည်။ တစ်ဖက်တွင်လည်း ဖေးရှန်ဂိုဏ်းသားများမှာ ဘိုးဘေးကြီး၏ လှေပေါ်သို့ လိုက်ပါရန် အလုအယက် ဖြစ်နေကြတော့သည်။ အစ်ကိုကြီးချန် ကိုယ်တိုင် ရွေးချယ်ထားသော စုယဲ့နှင့် စုမုန့်တို့မှလွဲ၍ ကျန်လူများမှာ အတည်မပြုရသေးပေ။ ဤဈေးဝယ်ခရီးစဉ်မှာ အမှန်တကယ်တော့ လူအများကြီး လိုက်ပါရန် မလိုအပ်ဘဲ ဆယ်ယောက်ဆိုလျှင်ပင် အကန့်အသတ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

"ဘိုးဘေးကြီး... ကျွန်တော့်ကို ခေါ်သွားပါဦး။ ပြီးခဲ့တဲ့တစ်ခေါက်က မလိုက်ရလို့ နေ့တိုင်း မျက်ရည်နဲ့ မျက်နှာသစ်ပြီး နောင်တရနေတာပါ..."

"ဖယ်စမ်း... မင်းက ပြီးခဲ့တဲ့တစ်ခေါက်က အကြောင်းကို ပြောရဲသေးတယ်လား။ အဲတုန်းက မင်းပဲ အပြင်းအထန် ကန့်ကွက်ခဲ့တာ မဟုတ်လား"

"မင်းကရော... မင်းက ပြီးခဲ့တဲ့တစ်ခေါက်က လိုက်သွားပြီးပြီပဲ၊ ဒီတစ်ခေါက်တော့ အခွင့်အရေးပေးလိုက်ဦးလေ"

"ဟုတ်တယ်... လိုအပ်နေတဲ့ သူတွေကို အခွင့်အရေး ပေးလိုက်စမ်းပါ"

"ဘိုးဘေးကြီး... ကျွန်တော်က အရှင့်ရဲ့ ခြေထောက်မှာ မရှိမဖြစ်တဲ့ အဆင်တန်ဆာလေးပါ၊ ကျွန်တော့်ကို ထားမသွားပါနဲ့..."

အစ်ကိုကြီးချန်မှာလည်း ဆွံ့အသွားရသည်။ ဖေးရှန်ဂိုဏ်းသားများမှာ သူ့အတွက် တုန်လှုပ်ချောက်ချားမှု တန်ဖိုးများ မပေးနိုင်တော့သဖြင့် သူတို့ကို ခေါ်သွားရန် စိတ်မပါတော့ပေ။ နောက်ဆုံးတွင် ရွေးချယ်လိုက်သော ဆယ်ယောက်ထဲ၌ အကြီးတန်းအကြီးအကဲ ယွမ်ကျိနှင့် ဒုတိယအကြီးအကဲ ယွမ်ရှုတို့ ပါဝင်လာပြီး လင်ဟန်ဟန်နှင့် ကုချင်းယွဲ့တို့လည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က လိုက်ပါခဲ့သော ယွမ်ကျဲ၊ ယွမ်ဝူနှင့် ယွမ်ဟဲတို့မှာမူ ယခုတစ်ကြိမ်တွင် ချန်လှပ်ခံလိုက်ရရှာသည်။

ဤသို့ဖြင့် လူတစ်စုသည် လှေပျံပေါ်သို့ တက်လှမ်းကာ ထျန်းရှူးဂိုဏ်းဆီသို့ ဦးတည်ထွက်ခွာခဲ့ကြပြန်သည်။ အစ်ကိုကြီးချန်သည် ပထမဆုံးအကြိမ် သွားခဲ့သော ဒန်းဟွာမြို့ခွဲကိုပင် ရွေးချယ်လိုက်၏။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်၊ နီးသောကြောင့် ဖြစ်သည်။ ထိုနေရာရှိ တိုကင်အားလုံးကို သူ ဝယ်ယူပြီးသား ဖြစ်သော်လည်း ပြဿနာမရှိပေ။ ထျန်းရှူးဂိုဏ်းအနေဖြင့် အခြားသော မြို့ခွဲများမှ ပစ္စည်းများကို လှမ်းယူပေးနိုင်သည် မဟုတ်ပါလား။

သူတို့ ဂိုဏ်းတံခါးဝသို့ ရောက်သည်နှင့် မြို့ခွဲဥက္ကဋ္ဌ တင်းရွေ့မှာ အပြေးအလွှား ထွက်ကြိုလေတော့သည်။ လူအားလုံးကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ပြုံးရွှင်မှုကြောင့် ပန်းပွင့်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားရှာသည်။

"အို... ဘိုးဘေးကြီးကျန်း... အရှင့်ရဲ့ ကြွရောက်လာမှုက ကျွန်ုပ်တို့ ထျန်းရှူးဂိုဏ်းအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ"

"အရှင် ကြွလာမယ်ဆိုတာကို ကြိုပြောရင် ကျွန်တော်တို့ လူလွှတ်ပြီး ကြိုခိုင်းမှာပေါ့"

သူ့ကို ရင်းနှီးပြီးသားလူဟု ဆိုရပေမည်။ အစ်ကိုကြီးချန် ပထမဆုံးအကြိမ် လာစဉ်က သူသည် ဘာမှမသိသော လူသစ်တစ်ယောက်ဟု တင်းရွေ့က ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုအထင်အမြင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။ အင်မော်တယ်ဘုရင်ကိုးပါးကို သတ်ဖြတ်ခဲ့သည့် ကိစ္စကို မည်သူမျှ ပေါ့ပေါ့တန်တန် မထားဝံ့ကြချေ။ အထက်အင်မော်တယ်လောကတွင်ပင် ၎င်းမှာ ကြီးကျယ်သော ကိစ္စရပ်တစ်ခု ဖြစ်ပေလိမ့်မည်။ ထိုတိုက်ပွဲမှာ ကျန်းချန်၏ နောက်ကွယ်မှ အင်မော်တယ်ဘုရင်ရှစ်ပါး၏ လက်ချက်ဟု သူ ထင်နေလျှင်ပင် ထိုရှစ်ပါးစလုံးမှာ ကျန်းချန်၏နောက်သို့ လိုက်ပါနေကြသည် မဟုတ်ပါလား။ ၎င်းကပင် ကျန်းချန်၏ အရှိန်အဝါကို ပြသနေခြင်း ဖြစ်သည်။

ဆိုင်အတွင်းရှိ အခြား ဧည့်သည်များမှာလည်း ဤသူမှာ ဖေးရှန်ဂိုဏ်းမှ ဘိုးဘေးကျန်းဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ တစ်ဆိုင်လုံး တိတ်ဆိတ်သွားပြီး လေးစားကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်နေကြတော့သည်။ အစ်ကိုကြီးချန်မှာ အလွန်ပင် ကျေနပ်သွား၏။ ယခုတစ်ကြိမ် သူ၏ အရှိန်အဝါမှာ ပြီးခဲ့သည့်အကြိမ်ထက် များစွာ ခမ်းနားလှပေသည်။ ပြီးခဲ့သည့်အကြိမ်ကမူ သူ့ကို လာရောက် စိန်ခေါ်သည့် လူမိုက်များပင် ရှိခဲ့သေးသည် မဟုတ်ပါလား။

"ဟားဟား... မတွေ့တာကြာပြီပဲ ဥက္ကဋ္ဌတင်း... နေကောင်းရဲ့လား"

တင်းရွေ့မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ယခုအခါ ဤလူ၏ နာမည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ အကယ်၍ သူသာ အထက်လောက၏ ဒဏ်ခတ်မှုများကို ဂရုမစိုက်ဘဲ အင်မော်တယ်ဘုရင်တစ်အုပ်နှင့်အတူ ရူးသွပ်စွာ သောင်းကျန်းမည်ဆိုပါက ထျန်းရှူးဂိုဏ်းပင်လျှင် အထိနာသွားနိုင်သည်။

"ကောင်းပါတယ်... ကောင်းပါတယ်... ဘိုးဘေးကြီးကျန်း... ဒီတစ်ခေါက်ကရော ဘာကိစ္စများ ရှိလို့လဲခင်ဗျာ"

"ဘာရှိရမှာလဲ... အင်မော်တယ်ကံကြမ္မာတိုကင်တွေ ဝယ်ဖို့ပေါ့"

"ဗျာ..."

တင်းရွေ့သာမက ဆိုင်အတွင်းရှိ အခြား ဧည့်သည်များပါ မှင်သက်သွားကြသည်။ ကျန်းချန် ပြီးခဲ့သည့်တစ်ခေါက်က တိုကင် ၃,၃၀၀ ဝယ်သွားသည့် ကိစ္စမှာ လူအများကြား ဟိုးဟိုးကျော်နေခဲ့ပြီး ဖြစ်သည်။ သူ ဝယ်ယူသည့် ပမာဏမှာ များလွန်းလှသဖြင့် လူပြောများနေခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် အင်မော်တယ်ဂိုဏ်းကြီးများပင်လျှင် တစ်ကြိမ်လျှင် တိုကင် အနည်းငယ် ရာဂဏန်းလောက်သာ စုဆောင်းလေ့ရှိကြသည်။ ၃,၃၀၀ ဆိုသည်မှာပင် ရန်ငြိုးဖွဲ့စရာ ဖြစ်နေပြီ ဖြစ်သည်။ သို့ပါလျက်နှင့် သူက မဝယ်ရသေးဘူးဟု ဆိုနေသေးသည်။

"အရှင်က ထပ်ဝယ်ဦးမလို့လား"

အစ်ကိုကြီးချန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ပြီးခဲ့တဲ့တစ်ခေါက်က ပိုက်ဆံအလုံအလောက် မပါလာလို့ စမ်းသပ်တဲ့အနေနဲ့ နည်းနည်းပဲ ဝယ်သွားတာလေ"

ပြီးခဲ့တဲ့တစ်ခေါက်က ဝယ်တာက စမ်းသပ်တာတဲ့လား။ တင်းရွေ့မှာ မနေနိုင်ဘဲ မေးလိုက်မိသည်။

"ဒါဆိုရင် ဒီတစ်ခေါက်ကရော ဘယ်လောက်များ ဝယ်ဖို့ စိတ်ကူးထားလို့လဲ"

"အဲဒါကတော့ မင်းတို့ ထျန်းရှူးဂိုဏ်းမှာ ပစ္စည်း ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့"

အစ်ကိုကြီးချန် ဝယ်ချင်သည်မှာ အမှန်တကယ်တော့ ၁၄၀,၀၀၀ ကျော် ဖြစ်သည်။ အင်မော်တယ်ဘုရင်ကိုးပါးနှင့် ဂိုဏ်းငါးခု၊ မျိုးနွယ်စုတစ်ခုတို့ထံမှ သိမ်းဆည်းရမိသော ပစ္စည်းများကြောင့် ယခုအခါ သူ၏ လက်ဝယ်တွင် အဆင့်မြင့် အင်မော်တယ်ကျောက်တုံး ၁၈ ဘီလီယံ ရှိနေပြီ ဖြစ်သည်။ ဖေးရှန်ဂိုဏ်းက စုဆောင်းပေးထားသည်နှင့် ပေါင်းလိုက်လျှင် သူသည် တိုကင် ၃၂၀,၀၀၀ အထိ ဝယ်ယူနိုင်သည်။

ဤစကား ထွက်လာသည်နှင့် တစ်ဆိုင်လုံး တုန်လှုပ်သွားတော့သည်။ နောက်ဆုံး ဆယ်နှစ်တာ ကာလမတိုင်မီတွင် တိုကင် ရရှိထားသော အင်မော်တယ်အများစုမှာ ၎င်းတို့ကို ထျန်းရှူးဂိုဏ်းသို့သာ ဦးစွာ ရောင်းချလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လက်ဝယ်ထားရှိပါက ဘေးအန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ယခုအချိန်တွင် ထျန်းရှူးဂိုဏ်း၏ လက်ဝယ်၌ အလယ်အင်မော်တယ်လောကရှိ တိုကင်များ၏ ၈၀ ရာခိုင်နှုန်းကျော် ရှိနေပေလိမ့်မည်။ တစ်ကြိမ်နှင့်တစ်ကြိမ် တိုကင် ထွက်ပေါ်သည့် ပမာဏ မတူညီသော်လည်း လက်ရှိတွင် ထျန်းရှူးဂိုဏ်း မြို့ခွဲအားလုံးတွင် ရှိနေသော တိုကင်ပမာဏမှာ ၂၅၀,၀၀၀ သို့မဟုတ် ၃၀၀,၀၀၀ ထက် မနည်းနိုင်ပေ။

ရှိသမျှအကုန်ယူမယ်တဲ့လား။ အကယ်၍ ၃၀၀,၀၀၀ ရှိရင် အားလုံး ယူမှာလား။ တင်းရွေ့မှာ အသက်ကို ပြင်းပြင်းရှူကာ မိမိကိုယ်ကိုယ် ထိန်းချုပ်နေရပြီး ခေါင်းထဲတွင်လည်း တဝီဝီ မြည်နေတော့သည်။ ဤလူ ရူးနေပြီလား။ တကယ်ပဲ ရူးနေတာပဲ။

"အရှင်... ဒီလောက်များပြားလှတဲ့ တိုကင်တွေကို ဘာအတွက် ဝယ်မှာလဲ"

"ငါ အရင်က ပြောပြီးသားပဲလေ... ငါ့မှာ တပည့်တပန်းတွေ အများကြီး ရှိတယ်လို့"

မင်းက တကယ်ပဲ ဖေးရှန်ဂိုဏ်းသား အားလုံးကို ခေါ်သွားဖို့ ကြံနေတာလား။ အားလုံးကို ခေါ်သွားချင်ရင်တောင် ရှိသမျှ အကုန်ဝယ်ဖို့ မလိုပါဘူး။ တင်းရွေ့မှာ စိတ်ထဲမှသာ ရေရွတ်နေမိတော့သည်။ သူ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ အစ်ကိုကြီးချန်က စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

"ကဲပါ... ဒီလောက်ကြီးမားတဲ့ အရောင်းအဝယ်ကို မင်း ဆုံးဖြတ်လို့ မရဘူးဆိုတာ သိသာပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က လှပတဲ့ အမျိုးသမီးလေးကိုပဲ လာခိုင်းလိုက်ပါ။ ပြီးတော့ မင်းတို့ ပစ္စည်းတွေ စုဆောင်းဖို့ အချိန်အကြာကြီး လိုဦးမှာဆိုတော့ ငါတို့အတွက် အဆင့်မြင့် အခန်း ဆယ်ခန်းလောက် အရင်ပြင်ပေးထားလိုက်"

မင်းက ငါ့ရဲ့ ထျန်းရှူးဂိုဏ်းကို တည်းခိုခန်းလို့ ထင်နေတာလား၊ ငါ့ကိုရော ဝန်ထမ်းလို့ ထင်နေတာလား။ တင်းရွေ့မှာ စိတ်ထဲမှ မြည်တွန်တောက်တီးနေသော်လည်း အပြင်ပန်းတွင်မူ အားတက်သရော ပြုံးပြလိုက်သည်။ "ကောင်းပါပြီ... အားလုံးပဲ ကြွကြပါ"

ရွေးချယ်စရာ မရှိပေ... ဤဧည့်သည်များမှာ အလွန် ထူးခြားလွန်းလှသည်။ အစ်ကိုကြီးချန် အခန်းထဲသို့ ဝင်သွားသည်နှင့် ဆိုင်အတွင်းမှာတော့ ဆူညံသွားတော့သည်။

"ဟား... ငါ နားကြားများ မှားသလား။ ရှိသမျှ အကုန်ဝယ်မယ် ဟုတ်လား"

"အဲဒါဆိုရင် အဆင့်မြင့် အင်မော်တယ်ကျောက်တုံး ဘယ်လောက်တောင် ကုန်မှာလဲ"

"ဖေးရှန်ဂိုဏ်းက ရှိသမျှ ပစ္စည်းတွေ အကုန်ရောင်းရင်တောင် အဲလောက်ရမှာ မဟုတ်ဘူး"

"အဲဒါတော့ မသေချာဘူးနော်... ဖေးရှန်ဂိုဏ်းက တစ်ချိန်က အနှိုင်းမဲ့ အစွမ်းထက်ခဲ့တာဆိုတော့ သူတို့ရဲ့ အခြေခံက တခြားဂိုဏ်းတွေထက် အများကြီး ပိုနက်ရှိုင်းမှာပဲ"

"ကျောက်တုံး ဘယ်လောက်ကုန်မလဲဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက ဒီလောက်အများကြီး ဝယ်ပြီးရင် သူ ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာပဲ"

"ဟုတ်တယ်... အင်မော်တယ်ဘုရင်ကိုးယောက်ကို သတ်နိုင်ရင်တောင် အလကားပဲ။ အလယ်အင်မော်တယ်လောကမှာ အင်မော်တယ်ဘုရင်ထောင်နဲ့ချီပြီး ရှိတာ။ သူက အသားရော ဟင်းရည်ရော အကုန်သောက်မယ်ဆိုရင် တခြားလူတွေက အသေအလဲ လာလုကြမှာပေါ့"

"ကြည့်ရတာ အလယ်အင်မော်တယ်လောကကြီး တစ်ခုလုံး ဆူညံပွက်လောရိုက်တော့မယ် ထင်တယ်..."

"နောက်ဆုံး ဆယ်နှစ်တာ ကာလကတော့ တကယ့်ကို ပေါက်ကွဲမယ့်နေ့ပဲ"

All Chapters