အခန်း (၄၁၂)
Vol. 38 Ch. 412
လူကျိီသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ အရင်အတိုင်းပင် ခုခံကာကွယ်လိုက်ပြီး တိုက်ခိုက်မှုအားလုံးကို တစ်ခုပြီးတစ်ခု တိုက်ရိုက်ပိတ်ဆို့လိုက်သည်။
ဤသို့ဖြင့် အပြန်အလှန် တိုက်ခိုက်မှုမှာ အနည်းဆုံး အကြိမ်တစ်ဒါဇင်မက ရှိခဲ့လေပြီ။
ဝေဟင်တွင် ဝဲပျံနေသော ပုတီးစေ့အရေအတွက်မှာလည်း ရှစ်စေ့အထိ တိုးလာခဲ့သည်။
"ဗိုလ်ချုပ်လူက လူသားစစ်နတ်ဘုရားတွေထဲမှာ တကယ့်ကို ထိပ်တန်းပဲ။ ကြည့်ရတာ ဒီရဟန်းအနေနဲ့ ဗိုလ်ချုပ်ကို အချိန်တိုအတွင်း အနိုင်ယူဖို့ မလွယ်ဘူးပဲ" ဟု ဝတ်စုံနက်ဝတ်ဆင်ထားသော ဆရာတော်က စိတ်မရှည်စွာ ဆိုလိုက်သည်။
"အုမ်း—"
သူသည် လက်နှစ်ဖက်ကို ဘေးသို့ ဆွဲဖြန့်လိုက်သည်။
ပုတီးကုံးတစ်ခုလုံး လုံးဝပြတ်တောက်သွားပြီး ပုတီးစေ့ပေါင်း ခုနစ်ဆယ့်နှစ်စေ့မှာ လေထဲတွင် သိပ်သည်းစွာ ပျံတက်လာကြသည်။ ထို့နောက် ခရမ်းရောင်ချီ၏ အထောက်အပံ့ဖြင့် ပန်းကန်လုံးကြီးတစ်လုံးအလား ဝိုင်းဝန်းနေသော ခရမ်းရောင်အကာအကွယ်အတားအဆီးတစ်ခုကို ဖန်တီးကာ လူကျိီကို အထဲတွင် ပိတ်လှောင်လိုက်တော့သည်။
"ဒုန်း... ဒုန်း"
လူကျိီကိုင်ဆောင်ထားသော ကောင်းကင်ဘုံလှံ၏ ရိုက်ချက်တိုင်းသည် ခရမ်းရောင်အလင်းအတားအဆီးပေါ်တွင် အက်ကြောင်းများ ထင်ကျန်စေခဲ့သော်လည်း နောက်ဆုံးတွင် သူသည် အပြင်သို့ မထွက်နိုင်ဘဲ ခေတ္တပိတ်မိသွားခဲ့ရသည်။
ရုန်းရင်းဆန်ခတ် တိုက်ပွဲများကြားတွင်။
တာအိုဝတ်စုံကို ဝတ်ဆင်ထားသော လုံချင်ဧကရာဇ်သည် အစကတည်းက မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး လျှို့ဝှက်လက်နက်များ သူ၏မျက်နှာနားက ဖြတ်သန်းသွားသည့်တိုင်အောင် လက်မတစ်ဆစ်မျှပင် မလှုပ်ရှားခဲ့ပေ။
ဝတ်စုံနက်ဝတ်ဆင်ထားသော ဆရာတော်သည် သူ၏ညာလက်ကို ဆန့်
ထုတ်လိုက်ရာ ဇင်တောင်ဝှေး တစ်ချောင်းမှာ လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။ သူသည် ထုတ်တန်းပေါ်မှ စက္ကူရုပ်လေးတစ်ရုပ်အလား ညင်သာစွာ ဆင်းသက်လာပြီးနောက် ဘာမှမပြောဘဲ ဧကရာဇ်၏ ဦးခေါင်းတည့်တည့်သို့ တောင်ဝှေးဖြင့် ရိုက်ချလိုက်တော့သည်။
လုံချင်ဧကရာဇ်မှာ လှုပ်ရှားခြင်း မရှိသေးပေ။
သို့သော် သူ၏ရှေ့မှောက်တွင် ကြီးမားသော တံဆိပ်တော်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ကြည်လင်သော ဆန်းကြယ်စွမ်းအင်များကို ထုတ်လွှတ်ကာ ထိုသေစေနိုင်သော တိုက်ခွက်ကို ခုခံလိုက်သည်။
"အုမ်း.."
ဝတ်စုံနက်ဝတ်ဆရာတော်၏ ဇင်တောင်ဝှေးမှာ တုန်ခါသွားသဖြင့် ထိန်းချုပ်မှုလွတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အရှိန်မထိန်းနိုင်ဘဲ နောက်သို့ လွင့်ထွက်သွားရာ ကြမ်းပြင်ကို ခြေဖြင့် ဆောင့်နင်းလိုက်မှသာ အရှိန်သတ်နိုင်တော့သည်။
သူသည် အံ့ဩတကြီး ကြည့်ရင်း ရေရွတ်လိုက်သည်။
"နိုင်ငံတော် တံဆိပ်တော်လား"
နိုင်ငံတော် တံဆိပ်တော်။
ဒါဟာ ရှေးဟောင်း ဘုရင်သုံးပါးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိတဲ့ အမွေအနှစ် ရတနာတစ်ခု ဖြစ်သည်။
၎င်းနှင့်ပတ်သက်သော ဒဏ္ဍာရီများ ရှိခဲ့သော်လည်း မည်သူမျှ ၎င်း၏ စွမ်းအားကို မြင်တွေ့ဖူးခြင်း မရှိပေ။ ၎င်း၏ အရေးပါမှုမှာ လက်တွေ့အသုံးချမှုထက် အမှတ်အသားတစ်ခုအဖြစ်သာ ရှိခဲ့သည်။
ဒါပေမဲ့ ဘယ်လိုဖြစ်လို့...
ဒါဟာ ဧကရာဇ်အိုကြီးရဲ့ လက်ထဲမှာ မှော်ရတနာ တစ်ခု ဖြစ်နေရတာလဲ။
"ထပ်ပြီးတော့"
ဝတ်စုံနက်ဝတ်ဆရာတော်၏ ခရမ်းရောင်ချီများမှာ ပိုမိုပြင်းထန်လာခဲ့သည်။ သူ၏လက်ထဲက ဇင်တောင်ဝှေးမှာလည်း ခရမ်းရောင်ချီများ၏ အားဖြည့်မှုကြောင့် အဆမတန် ကြီးမားလာပြီး ကောင်းကင်ယံမှ ကျဆင်းလာသော ဥက္ကာခဲကြီးတစ်ခုအလား ပြင်းထန်စွာ ကျရောက်လာပြန်သည်။
"ဗုန်း.."
သို့သော်လည်း သူသည် မိမိ၏ အစွမ်းကုန်သုံး၍ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း ဧကရာဇ်ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
"ဟွမ်ဟုန်"
လုံချင်ဧကရာဇ်သည် မျက်လုံးများကို မှိတ်ထားလျက်၊ လေပြင်းများကြားတွင် သူ၏ မုတ်ဆိတ်များ လွင့်ပျံနေစဉ် ဖြည်းညှင်းစွာ မိန့်ကြားလိုက်သည်။ "ငါက အသက်တစ်ရာ ရှိနေပြီ၊ အခုထိ သတ်ဖြတ်နေရတုန်းဆိုရင် ဘယ်လိုကြည့်ကောင်းမှာလဲ။ ဒီသစ္စာဖောက် ပုန်ကန်သူတွေကို နှိမ်နင်းဖို့အတွက် မင်းကို နိုင်ငံတော် တံဆိပ်တော် ငါ ပေးအပ်လိုက်မယ်"
"ဗုန်း—"
နိုင်ငံတော် တံဆိပ်တော်သည် ပိုမိုကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဝတ်စုံနက်ဝတ်ဆရာတော်ကို ရိုက်ထုတ်လိုက်သည်။ ထို့နောက် မိန်းမစိုးချုပ် ဟွမ်ဟုန် နှင့် အကြိတ်အနယ် တိုက်ခိုက်နေသော
ဖန်ထျန်ဖား၏ ခေါင်းပေါ်သို့ ပျံတက်သွားကာ ပြင်းထန်စွာ ဖိနှိပ်ချလိုက်တော့သည်။
အညီအမျှဖြစ်နေသော တိုက်ပွဲမှာ ဤမမျှော်လင့်သော အပြောင်းအလဲကြောင့် အဖြေပေါ်သွားခဲ့သည်။
"ဗုန်း.."
ဖန်ထျန်ဖားသည် အထက်မှ ကျဆင်းလာသော တံဆိပ်တော်ကို ခုခံရန် အာရုံခွဲလိုက်ရသဖြင့် ဟွမ်ဟုန်၏ ဘယ်လက်က မိုဓားကို ကျစ်ကျစ်ပါအောင် ဖမ်းဆုပ်လိုက်နိုင်ပြီး ညာလက်၏ အဆိပ်လက်ဝါးမှာလည်း ဖန်ထျန်ဖား၏ ရင်ဘတ်ဆီသို့ အခွင့်ကောင်းယူကာ ထိုးနှက်လိုက်နိုင်သည်။ အဆိပ်များ ရောယှက်နေသော အစစ်မှန်ချီ များသည် ချပ်ဝတ်တန်ဆာကို ဖောက်ထွက်၍ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။
တိုက်ခိုက်မှု နှစ်ရပ်ပေါင်းစပ်မှုမှာ ဖန်ထျန်ဖား၏တောင့်ခံနိုင်စွမ်းထက် ကျော်လွန်သွားခဲ့သည်။ သူသည် တံဆိပ်တော်၏ ဖိနှိပ်မှုနှင့် လက်ဝါးချက်ကို တစ်ပြိုင်နက် ခံလိုက်ရသဖြင့် လေထဲတွင် ပြတ်တောက်သွားသော စွန်တစ်ခုအလား လွင့်ထွက်သွားခဲ့ရသည်။ နံရံတစ်ခုကို ဝင်တိုက်ပြီးမှ မြေပေါ်သို့ လဲကျသွားကာ သွေးအမည်းများကို အန်ထုတ်လိုက်ရပြီး အဆိပ်များ ပြန့်မသွားစေရန် သူ၏ သွေးကြောမှတ် များကို ချက်ချင်း ပိတ်လိုက်ရတော့သည်။
ဟွမ်ဟုန်သည် အနောက်သို့ လိုက်၍ မသတ်ဘဲ တံဆိပ်တော်ကို လက်တစ်ဖက်ဖြင့် ထိန်းကျောင်းကာ ဝတ်စုံနက်ဝတ်ဆရာတော်နှင့် ရင်ဆိုင်လိုက်ပြီး အချိန်ဆွဲထားလိုက်သည်။
အခြားတစ်ဖက်တွင်။
လူကျိီကို ပိတ်လှောင်ထားသော ခရမ်းရောင်အတားအဆီးမှာလည်း အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး ကွဲအက်တော့မည့် ကြွေပန်းကန်တစ်ခုအလား ဖြစ်နေသည်။ နောက်ထပ် ပြင်းထန်သော တိုက်ကွက်တစ်ခုဆိုလျှင် လုံးဝပျက်စီးသွားတော့မည် ဖြစ်သည်။
ကျန်းဆွန်းရွှီစိမ့် သည်လည်း ထို "လျှို့ဝှက်ပညာ" ၏ အားနည်းချက်ကို သိရှိသွားပြီဖြစ်သဖြင့် အခြေအနေကို ထိန်းချုပ်ကာ တစ်ဖက်လူကို တဖြည်းဖြည်း ဖိအားပေးလာခဲ့သည်။
အသေခံစစ်သည်တော် ဆယ့်နှစ်ယောက်မှာလည်း အသာစီးရလာခဲ့ကြသည်။
ဤအတိုင်းသာ ဆက်သွားပါက ပုန်ကန်မှုမှာ မကြာခင် နှိမ်နင်းခံရတော့မည် ဖြစ်သည်။
"ပုန်ကန်သူတို့... လက်နက်မချသေးဘူးလား"
ကျန်းဆွန်းရွှီစိမ့် က ကြိမ်းမောင်းလိုက်သည်။
...
ဇီဝေနန်းတော်၏ အပြင်ဘက်တွင်။
"ရပ်စမ်း"
မီးတောက်များကြားတွင်။
ဂေါင်ဘိုသည် သူ၏အက်ျီလက်ကို လိပ်တင်ကာ တစ်စုံတစ်ယောက်နောက်သို့ လိုက်နေသည်။
ရှေ့မှ အသည်းအသန် ထွက်ပြေးနေသူမှာ ယန်မောက်ရှင်း ပင် ဖြစ်သည်။
"သူ့ကို တားကြစမ်း"
သူသည် ရှေ့ရှိ နန်းတွင်းကိုယ်ရံတော်များကို အော်ဟစ်ခိုင်းလိုက်သည်။
သို့သော် ကိုယ်ရံတော်အများစုမှာ အရှေ့ဘက်တပ်မတော်နှင့် တိုက်ခိုက်နေကြသဖြင့် အနည်းငယ်သော သူများမှာလည်း အတွင်းအားသန့်စင်ခြင်းအဆင့် ရှိသော ဂေါင်ဘို၏ တိုက်ခွက်အနည်းငယ်အောက်တွင်ပင် အသက်ပျောက်ကုန်ကြသည်။
ဂေါင်ဘိုသည် မြေပြင်ပေါ်မှ ယန်ဓားတစ်လက်ကို ကောက်ယူကာ ဆက်လက် လိုက်လံတိုက်ခိုက်သည်။
"အား..."
ယန်မောက်ရှင်းသည် ထိတ်လန့်တကြား ထွက်ပြေးရင်း ခြေချော်ကာ တောင်စောင်းအတိုင်း လိမ့်ဆင်းသွားခဲ့ရသည်။ သူ၏ အရာရှိဝတ်ရုံမှာ ဆူးပင်များနှင့် ကျောက်ဆောင်များကြောင့် စုတ်ပြဲကုန်ပြီး ခန္ဓာကိုယ်တွင်လည်း သွေးစွန်းသော ဒဏ်ရာများ ပြည့်နှက်သွားခဲ့သည်။
"သစ္စာဖောက်ယန်... အသေခံလိုက်စမ်း"
ဂေါင်ဘိုသည် ဓားကို မြှောက်ကာ ခေါင်းကို ဖြတ်ရန် ပြင်လိုက်သည်။
"ချွတ်.."
လှံရှည်တစ်စင်းသည် တိတ်ဆိတ်စွာ ပေါ်ထွက်လာပြီး ဓားသွားကို တစ်လက်မမျှ ရှေ့တိုးမလာနိုင်အောင် ခိုင်မာစွာ ပိတ်ဆို့လိုက်သည်။
ဂေါင်ဘိုသည် ခေါင်းကို ဖြည်းညှင်းစွာ မြှင့်ကြည့်လိုက်ရာ လူငယ်တစ်ဦး၏ မျက်နှာကို မြင်လိုက်ရသည်။
"ဗိုလ်ချုပ်ချန်လား။ အနက်ရောင်သံချပ်ကာစစ်သည်တော်တွေပါလား"
ချန်ဆန်းရှီသည် မည်သို့မည်ပုံ ဇီဝေတောင်သို့ ပြန်ရောက်လာသည် မသိပေ။
သူ၏ နောက်ကွယ်တွင် အနက်ရောင်သံချပ်ကာစစ်သည်တော် သုံးထောင်ခန့်မှာ အပြေးအလွှား ရောက်ရှိလာကြသည်။
"ဝန်ကြီးဂေါင်"
ချန်ဆန်းရှီက စုံစမ်းမေးမြန်းလိုက်သည်။
"ဝန်ကြီးနဲ့ အမတ်ကြီးယန်တို့မှာ ဘယ်လို ရန်ငြိုးတွေ ရှိလို့ ဒီလောက်အထိ အသက်ကို ရန်ရှာနေကြတာလဲ။ ဟင်... ကောင်းကင်ကြီးကလည်း မီးတောက်တွေနဲ့ ပရမ်းပတာ ဖြစ်နေပါလား။ဧကရာဇ် တိုက်ခိုက်ခံနေရတာလား"
"ဗိုလ်ချုပ်ချန်"
ယန်မောက်ရှင်းသည် အသက်ဝဝ ရှူနိုင်သွားကာ အားကိုးတကြီးဖြင့် ထလာရင်း စွပ်စွဲလိုက်သည်။
"ပုန်ကန်မှုပဲ။ ဂေါင်ဘိုနဲ့ အိမ်ရှေ့စံတို့က ပုန်ကန်ပြီး နိုင်ငံတော် သစ္စာဖောက်ဖို့ ကြံစည်နေကြတာ။ ဗိုလ်ချုပ် ရောက်လာတာ အချိန်ကိုက်ပါပဲ၊ သူ့ကို အမြန်ဆုံး ဖမ်းဆီးလိုက်စမ်းပါ"
"ဪ..."
ချန်ဆန်းရှီက သံသယရှိသော အမူအရာဖြင့် "ဝန်ကြီးဂေါင်... ဒါ တကယ်ပဲလား" ဟု မေးလိုက်သည်။