အခန်း (၄၁၃)
Vol. 38 Ch. 413
"ချွင်.."
ဝန်ကြီးဂေါင်ဘိုသည် မိမိအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိမှန်း သိလိုက်သဖြင့် လက်ထဲက ဓားကို မြေပေါ်သို့ ပစ်ချလိုက်သည်။
"ဗိုလ်ချုပ်ချန်... စကားကို အဲ့ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့။ ငါတို့က ဘုရင့်ဘေးနားက အညစ်အကြေးတွေကို သန့်စင်ပြီး ငါတို့ရဲ့ ဒါရှန် မင်းဆက်ကြီးကို ပြန်လည် စည်ပင်ဝပြောအောင် လုပ်နေကြတာပါ"
"မင်း ရောက်လာတာ အချိန်ကိုက်ပဲ"
"ငါတို့နဲ့ ပူးပေါင်းလိုက်စမ်းပါ။ ဒါဆိုရင် မင်းအတွက် ကြီးမားတဲ့ ဂုဏ်ပြုမှုကို ရစေရမယ်"
"တောင်းပန်ပါတယ် ဝန်ကြီးဂေါင်"
ချန်ဆန်းရှီက အေးစက်စွာ ဆိုသည်။
"ဘယ်သူက ပြဿနာရှာနေတာလဲဆိုတာ ကျွန်တော် သေသေချာချာ မသိသေးသလို၊ ဘယ်လို စစ်မိန့်ကိုမှလည်း ကျွန်တော် မရရှိထားပါဘူး။ အခြေအနေကို အရင်ဆုံး လေ့လာပါရစေဦး။ ညီကိုတို့... ဒီလူကြီးမင်းတွေကို ကောင်းကောင်းမွန်မွန် ခေါ်သွားပြီး အနားယူခိုင်းလိုက်ကြ"
"အမိန့်အတိုင်းပါ"
ကျောက်ကန် နှင့် တခြားသူများမှာ ချက်ချင်း ရှေ့သို့တက်လာပြီး ယန်မောက်ရှင်း နှင့် ဂေါင်ဘို တို့ကို ဘေးသို့ ခေါ်ဆောင်သွားကြတော့သည်။
"အရှင်"
ရှာချုံသည် ရှေ့မှမြင်ကွင်းကို ကြည့်ရင်း စိုးရိမ်တကြီး ဖြစ်နေသည်။ "အရှင်... ဘယ်သူတွေ ပုန်ကန်နေတာလဲ။ ကျွန်တော်တို့ အရှင်မင်းမြတ်ကို သွားရောက် ကာကွယ်ရမယ် မဟုတ်လား"
"ဘယ်သူ ပုန်ကန်နေတာလဲဆိုတာ ငါလည်း ဘယ်လိုလုပ် သိမှာလဲ"
ချန်ဆန်းရှီက အမိန့်ပေးလိုက်သည်။
"ဘာမှ ဇွတ်မလုပ်ကြနဲ့ဦး အခြေအနေကို အရင်ဆုံး ရှင်းရှင်းလင်းလင်း သိအောင်လုပ်ကြ။ ငါကိုယ်တိုင်လည်း သွားကြည့်လိုက်ဦးမယ်၊ ပြီးမှ ငါ့အမိန့်အတိုင်း လုပ်ကြတာပေါ့"
"အမိန့်အတိုင်းပါ"
"..."
ညွှန်ကြားချက်များ ပေးပြီးနောက်။
ချန်ဆန်းရှီသည် နန်းတော်ရှိရာသို့ တစ်ဦးတည်း အပြေးအလွှား ချဉ်းကပ်သွားခဲ့သည်။
လမ်းတလျှောက်တွင်။
တောင်ပြိုမြေပြင်ကွဲမတတ် တိုက်ခိုက်နေကြသော စစ်နတ်ဘုရား နှစ်ဦးဖြစ်သည့် ကျန်းယွမ်ပို နှင့် မုန်ချူကျီတို့ကို သူ မြင်လိုက်ရသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် လူနှစ်ဦးသည် အိုမင်းမစွမ်းဖြစ်နေသော လူတစ်ယောက်ကို အသည်းအသန် ခေါ်ဆောင်လာကြသည်။
အမတ်ကြီး ယန်လျန် ပင် ဖြစ်သည်။
တကယ့်ကို ဆူညံပွက်လောရိုက်နေတာပါပဲ။
ချန်ဆန်းရှီသည် သူတို့ကို လျစ်လျူရှုကာ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ကြားမှ နန်းဆောင်အတွင်းသို့ အသာအယာ ချဉ်းနင်းဝင်ရောက်သွားခဲ့သည်။
...
"ဗုန်း—"
ကျန်းယွမ်ပို နှင့် မုန်ချူကျီတို့သည် အချီပေါင်း ရာနဲ့ချီ တိုက်ခိုက်ပြီးနောက် နှစ်ဦးလုံး ဒဏ်ရာရရှိထားကြသည်။ ဆက်တိုက်နေပါက အဖြေပေါ်ရန် ခက်ခဲလှသည်။
"ရပ်ကြစမ်း"
"ရပ်လိုက်ကြတော့"
"ထပ်မတိုက်ကြနဲ့တော့"
"..."
ယန်လျန်သည် ချောင်းတဟွတ်ဟွတ် ဆိုးရင်း လမ်းလျှောက်လာသည်။
"အမတ်ကြီးယန်"
မုန်ချူကျီ၏ မျက်လုံးများမှာ နီမြန်းနေခဲ့သည်။
"အဘိုး ဘာပြောပြော အရာမထင်တော့ဘူး"
ယန်လျန်က မြေကြီးကို ဆောင့်နင်းလိုက်သည်။
"ငါပြောတာကို ခဏလောက် နားထောင်စမ်းပါဦး။ သေနာပတိကျန်း... မင်းလည်း ရပ်လိုက်ပါဦး"
"ဝှစ်.."
ကျန်းယွမ်ပိုက သူ၏ ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထို စစ်နတ်ဘုရား နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုမှနေ၍ သူတို့၏ အခြေအနေကို ပြန်လည် ထိန်းညှိလိုက်ကြသည်။
"ချူကျီ... ဒီကို လာစမ်း"
ယန်လျန်က ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး မုန်ချူကျီကို ထောင့်တစ်
နေရာသို့ ခေါ်ထုတ်သွားသည်။
"မင်းက နန်းတွင်းအပေါ် အမြဲတမ်း သစ္စာရှိခဲ့တဲ့သူလေ၊ ဘာလို့ ဒါမျိုးတွေ လုပ်ရတာလဲ။ ယွမ်ကျိုး မှာ ဖြစ်ခဲ့တဲ့ ဆယ်ရက်တာ သွေးချောင်းစီးပွဲကြောင့်လား"
"မှန်တယ်"
မုန်ချူကျီက ပြန်ဖြေသည်။
"ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးက နန်းတွင်းက ပေးထားတာပါ၊ ကျွန်တော် နန်းတွင်းအတွက် အမှုထမ်းဖို့ အမြဲအသင့်ပဲ။ ဒါပေမဲ့... ကျွန်တော် အမှုထမ်းနေတဲ့ လူကတော့ ကျွန်တော့်ကျောကို ဓားနဲ့ ပြန်မထိုးသင့်ဘူး"
"ဒါကြောင့်ပဲ မင်းက ဂေါင်ဘို တို့နဲ့ပေါင်းပြီး ပုန်ကန်ဖို့ ကြံစည်ခဲ့တာပေါ့လေ"
ယန်လျန်သည် အိုမင်းမစွမ်း ဖြစ်နေသဖြင့် စကားတစ်ခွန်း ပြောတိုင်း အသက်ရှူ ခဏနားနေရသည်။
"ယွမ်ကျိုး ကိစ္စကို ဘယ်သူစီစဉ်ခဲ့သလဲဆိုတာ ခဏထားဦး၊ ငါ မင်းကို တစ်ခုပဲ ပြောပြမယ်"
"ဂေါင်ဘို တို့အဖွဲ့မှာ အဲ့ဒီအဖြစ်အပျက်တွေကို တားဆီးဖို့ အခွင့်အရေး လုံးဝမရှိခဲ့ဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား"
"အဘိုး..."
မုန်ချူကျီမှင်သက်သွားသည်။
"အမတ်ကြီးယန်... ဘာကို ဆိုလိုတာလဲ။ ယွမ်ကျိုး ကိစ္စကို အိမ်ရှေ့စံက လုံးဝမသိခဲ့ပါဘူး။ သိခဲ့ရင် သူ ဘယ်လိုလုပ် ခွင့်ပြုမှာလဲ"
"အစပိုင်းမှာတော့ သူတို့ မသိခဲ့တာ ဖြစ်နိုင်ပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ သေချာပေါက် သိသွားခဲ့ကြတယ်။ သူတို့ မတားဆီးခဲ့တဲ့ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်..."
ယန်လျန်က သူ၏ အသံကို နှိမ့်လိုက်သည်။
"ဘာလို့လဲဆိုတော့ အဲ့ဒါဟာ ငါ့ကို ရာထူးကနေ ဖြုတ်ချဖို့အတွက် သက်သေ အထောက်အထား ဖြစ်လာလို့ပဲ။ တကယ်လို့ ဒီည သူတို့ အောင်မြင်သွားခဲ့ရင် သူတို့က တရားမျှတတဲ့ဘက်တော်သားတွေ ဖြစ်သွားပြီး ငါတို့ကတော့ ဘယ်လိုပဲ အပြစ်ပေးခံရပါစေ ရှုတ်ချခံရမှာလေ။ သူတို့ရဲ့ အောင်ပွဲက ပိုပြီး ပြည့်စုံသွားအောင်လို့ပေါ့"
"ဘာ"
မုန်ချူကျီမယုံနိုင်အောင် ဖြစ်သွားရသည်။
"ဝန်ကြီးဂေါင် တို့က သက်သေအဖြစ် သုံးဖို့အတွက်နဲ့ပဲ ယွမ်ကျိုး နယ်စပ်မှာရှိတဲ့ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေ အလကား သေဆုံးသွားတာကို ရပ်ကြည့်နေခဲ့ကြတာလား"
"ဒါဟာ တကယ့်ကို ထိရောက်တဲ့ နည်းဗျူဟာ မဟုတ်ဘူးလား"
ယန်လျန်က လေးနက်စွာ ဆိုသည်။
"ဒီအဖြစ်အပျက်ကြောင့်ပဲ မင်း သူတို့ဘက်ကို ပါသွားခဲ့တာ မဟုတ်လား။ စစ်နတ်ဘုရား တစ်ယောက်ဖြစ်တဲ့ မင်းသာ မပါရင် သူတို့အတွက် အခွင့်အရေး ဘယ်လောက်တောင် နည်းသွားမလဲ စဉ်းစားကြည့်စမ်း"
"မဖြစ်နိုင်တာ"
မုန်ချူကျီက ရေရွတ်လိုက်သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ"
ယန်လျန်က အားရပါးရ ပြောဆိုသည်။
"ချူကျီ... ငါ ငယ်ငယ်တုန်းကလည်း မင်းလိုပဲ၊ တိုင်းပြည်ရဲ့ မူဝါဒအသစ်တွေအတွက် ရှေ့ကနေ အားတက်သရော ပါဝင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှာ ငါ သိလာတာက အရာအားလုံးဟာ ငါတို့ တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မဆိုင်ဘူးဆိုတာပဲ"
"နန်းတွင်းထဲမှာ ရာထူးတည်မြဲချင်ရင်တော့ ရတဲ့နည်းလမ်းမှန်သမျှ သုံးရမှာပဲ"
"ဂေါင်ဘို တို့အဖွဲ့က သူတို့ကိုယ်သူတို့ ဖြောင့်မတ်တဲ့ ပညာရှင်တွေလို့ ပြောနေကြပေမဲ့ လက်တွေ့မှာတော့ ဘာလဲ။ သူတို့ဟာ ဖြောင့်မတ်ခြင်းဆိုတဲ့ နာမည်ကို သုံးပြီး ငါတို့ကို အပုပ်ချ၊ သူတို့ကိုယ်သူတို့တော့ လူကျင့်ဝတ်အရ အထက်စီးကနေ နေဖို့ ကြိုးစားနေကြတာ။ သူတို့ ကွယ်ရာမှာ လုပ်နေတဲ့ ကိစ္စတွေကော ဘယ်လောက်အထိ စင်ကြယ်ပါ့မလဲ"
"ငါ အခုလို ပြောပြနေတာက မင်းကို နောက်ဆုတ်ဖို့ ဖျောင်းဖျနေတာပါ။ စစ်နတ်ဘုရား တစ်ယောက်ရဲ့ အသက်ဟာ တန်ဖိုးရှိလှပါတယ်။ မင်း အခု ရပ်လိုက်မယ်ဆိုရင် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးနိုင်သလို အဆိုးဆုံး အခြေအနေမှာတောင် မင်းရဲ့ မိသားစုကိုတော့ ထိခိုက်မှာ မဟုတ်ဘူး"
"ကျွန်တော် မယုံဘူး။ ကျွန်တော်ကိုယ်တိုင် သွားပြီး အဖြေရှာရမယ်"
"ဒုန်း—"
မုန်ချူကျီသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
"အမတ်ကြီးယန်"
ဒါကို မြင်တော့ ကျန်းယွမ်ပိုက ဒေါသတကြီး အော်လိုက်သည်။
"ခင်ဗျားက သူ့ကို လက်နက်ချဖို့ ဖျောင်းဖျရမှာ မဟုတ်လား။ ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ။ တကယ်လို့ သူ အိပ်ဆောင်ထဲကို ကျူးကျော်ဝင်ရောက်ပြီး အရှင်မင်းမြတ်ကို တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
"ငါ သူ့ကို အောင်အောင်မြင်မြင် ဖျောင်းဖျနိုင်ခဲ့ပါပြီ"
ယန်လျန်သည် အစေခံ၏ အကူအညီဖြင့် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
"ဘာ"
ကျန်းယွမ်ပိုသည် မုချွီကျိ ထွက်သွားသော လမ်းကြောင်းကို ကြည့်ရင်း "ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်သည်။
"ငါ ချူကျီကို သိပါတယ်။ သူ ဂေါင်ဘို တို့နဲ့ ပေါင်းတာဟာ ရှင်းပြချက်တစ်ခုကို ရှာဖို့ပဲ။ တကယ်လို့ အဲ့ဒီ ရှင်းပြချက်က မမှန်တော့ဘူးဆိုရင် သူဟာလည်း..."
ယန်လျန်၏ အိုမင်းပြီး ဝေဝါးနေသော မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"...သေသွားတာကမှ ပိုကောင်းဦးမယ်"
...
တိမ်တိုက်နန်းဆောင်။
"ဒီလောက်တောင် ဆူညံနေတာလား"
ချန်ဆန်းရှီသည် အနားမကပ်ရသေးခင်မှာပင် တိမ်တိုက်နန်းဆောင်အတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံကြီးများကို ကြားနေရသည်။ နန်းတော်၏ အစိတ်အပိုင်းအချို့မှာပင် ပြိုကျနေလေပြီ။ ဒါဟာ သာမန် လုပ်ကြံမှုမျိုး မဟုတ်ဘဲ စစ်တပ်နှစ်ခု ထိပ်တိုက်တွေ့နေသကဲ့သို့ ပြင်းထန်လှသည်။
သူသည် အနားသို့ တိုးမသွားရဲဘဲ အနီးနားရှိ သစ်ပင်တစ်ပင်ပေါ်သို့ တက်ကာ သူ၏ ကိုယ်ရောင်ဖျောက်ပညာ ကို အသုံးပြုလိုက်
သည်။ ထို့နောက် အက်ကြောင်းများကြားမှနေ၍ အတွင်းထဲက တိုက်ပွဲကို အကဲခတ်ကြည့်လိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ"