အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း ၉ : မင်းရဲ့ အဆောင်လက်ဖွဲ့တာအိုက အထွတ်အထိပ် ရောက်နေပြီပဲ...
စူးချန်ကဲမှာ ကြောင်အမ်းသွားပေ၏။ သေချာ စဉ်းစားကြည့်လိုက်သောအခါ ဤအရာနှင့် သူ မည်သည့်အခါမျှ မထိတွေ့ခဲ့ဖူးချေ။
စူးမိသားစုမှ မည်သူမျှလည်း မသိခဲ့ကြချေ။
ထိုသို့မဟုတ်ပါက သူက အစကတည်းက လမ်းမှားပေါ် ရောက်နေခဲ့ခြင်းလား...
သို့ရာတွင် သူ အများကြီး တွေးတောနေရန် အချိန်မရလိုက်ဘဲ ရှေးဦးစစ်မှန်သော ရှင်းလင်းချက်ကို ဆက်လက်၍ နားလည်သဘောပေါက်ရန် ကြိုးစားလေတော့သည်။
【သင့်ရဲ့ အဆောင်လက်ဖွဲ့တာအိုက စတင်ခြင်းအဆင့်ကို ရောက်ရှိသွားပါပြီ...】
【သင့်ရဲ့ အဆောင်လက်ဖွဲ့တာအိုက အသေးစား အောင်မြင်မှုအဆင့်ကို ရောက်ရှိသွားပါပြီ...】
【သင့်ရဲ့ အဆောင်လက်ဖွဲ့တာအိုက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပါပြီ...】
【ဒင်... ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်းကြောင့် သင်ဟာ ကျန်ရှိနေတဲ့ အဆောင်လက်ဖွဲ့တာအို ရှေးဦး စစ်မှန်သော ရှင်းလင်းချက်ကို ပြောင်းပြန် တွက်ချက်ဖို့ အပိုင်းအစတွေကို အသုံးပြုခဲ့ပါတယ်... ပြီးတော့ တာအိုတစ်သောင်းကြားက တာအိုတိုင်းမှာ ရှေးဦး စစ်မှန်သော ရှင်းလင်းချက်တစ်ခု ရှိတယ်ဆိုတာကို သင် သိသွားပါတယ်... ဒါတွေက သက်ရှိတွေ ဖန်တီးထားတာ မဟုတ်ဘဲ ကောင်းကင်နဲ့မြေကြီးကနေ မွေးဖွားလာတဲ့ နတ်ဘုရားမှော်စာလုံးတွေ ဖြစ်ပြီး မဟာတာအိုဆီကို တိုက်ရိုက် ညွှန်ပြနေပါတယ်...】
【ဒင်... အဆောင်လက်ဖွဲ့တာအို ..ရှေးဦး စစ်မှန်သော ရှင်းလင်းချက်ကနေတစ်ဆင့် သင့်ရဲ့ ယခင် ထိုးထွင်းသိမြင်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သင်ဟာ နောက်ဆုံးမှာ လုံးလုံးလျားလျား အသစ်ဖြစ်တဲ့ နတ်ဘုရားမှော်စာလုံး တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်... တာအို အဆောင်လက်ဖွဲ့ မှော်စာလုံး တစ်သောင်းကို အရင်းအမြစ်အဖြစ် အသုံးပြုပြီး သင့်အတွက် ပြီးပြည့်စုံစွာ ကိုက်ညီမယ့် ထူးခြားတဲ့ နတ်ဘုရားမှော်စာလုံးတစ်ခု ဖြစ်လာပါတယ်... ဒီအချိန်ကစပြီး သင်ဟာ ရှေးဟောင်း ပညာရှိတွေကို အတုခိုးနေတော့မှာ မဟုတ်ဘဲ သင့်ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းတော့မှာပါ...】
ဒေါက်...
စူးချန်ကဲက တိရစ္ဆာန်သားရေလိပ်ကို ပိတ်လိုက်၏။
သူ စတင် နားလည်သဘောပေါက်ရန် ကြိုးစားချိန်မှစ၍ အဆောင်လက်ဖွဲ့တာအို၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသည်အထိ လုပ်ငန်းစဉ် တစ်ခုလုံးမှာ အသက်ရှူချိန်ဆယ်ကြိမ်ခန့်သာ ကြာမြင့်ခဲ့ပေသည်။
"သောက်ကျိုးနည်း..."
"ဒီလိုနဲ့တင် ပြီးပြည့်စုံသွားပြီလား..."
စူးချန်ကဲကိုယ်တိုင်ပင် အနည်းငယ် တွေဝေမိန်းမောသွားမိလေ၏။
ဒီလောက် မြန်တာလား...
လူတစ်ယောက်ကို တုံ့ပြန်ဖို့ အချိန်နည်းနည်းလောက် ပေးပါဦး...
ဒါက သူ့ရဲ့ ကိုယ်ပိုင် ပါရမီနဲ့ ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်းတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပေါင်းစပ်မှုလား...
တာအိုတစ်ခုမှာ ပြီးပြည့်စုံခြင်းကို ရရှိတာက ဘာကို ကိုယ်စားပြုလဲ...
ထိုအရာက ဤနယ်ပယ်တွင် အဆောင်လက်ဖွဲ့တာအို၏ စွမ်းရည်များကို သူ အသုံးပြုနိုင်ပြီဟု ဆိုလိုခြင်းပင်။ သူ၏ ကိုယ်ပိုင် နယ်ပယ်ကြောင့် အဆောင်လက်ဖွဲ့တာအို ပြီးပြည့်စုံခြင်း၏ ခွန်အားကို အပြည့်အဝ အသုံးမချနိုင်သေးသော်လည်း ဤသို့ဆိုလျှင်ပင် သူသည် တူညီသော နယ်ပယ်ရှိ လူများထက် ရေတွက်၍မရနိုင်သောအဆင့်များစွာ သာလွန်နေလေပြီ။ သူ၏ နယ်ပယ်နှင့် အသက်အရွယ်အရ သမိုင်းတလျှောက် စိတ်ဝိညာဉ်နယ်မြေ၏ ပါရမီရှင်များကြားတွင်ပင် တာအိုတစ်ခုတည်း၌ အသေးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိသူများကိုသာ သူ ကြားဖူးခဲ့သည်။ ယခုအချိန်၌ သူသည် ဤလမ်းကြောင်းတွင် မကြုံစဖူးသော အရာတစ်ခုကို အောင်မြင်ခဲ့လေပြီ။
ဤသည်က သူ၏ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လာခဲ့လေပြီ။
မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်တွင် မည်သူမျှ သူ၏ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။ သူ၏အဆောင်လက်ဖွဲ့ စွမ်းအားက ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်ရှိ လူတစ်ဦးကို သတ်ဖြတ်နိုင်ခြင်း ရှိမရှိ ဆိုသည်နှင့် ပတ်သက်၍ကား သူ စမ်းသပ်ကြည့်ရန် လိုအပ်နေဆဲပင်။
"အင်း... စိတ်မပျက်ပါနဲ့... အဆောင်လက်ဖွဲ့တာအိုက အလွန်တရာ ခက်ခဲပြီး ဒီ 'ရှေးဦး စစ်မှန်သော ရှင်းလင်းချက်'က အဆောင်လက်ဖွဲ့တာအိုရဲ့ အရင်းအမြစ်ကို တိုက်ရိုက် ညွှန်ပြနေတာ... မင်း နားမလည်တာ ပုံမှန်ပါပဲ... ငါတောင် အထဲက နက်နဲတဲ့ အရာတွေကို နားလည်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာ..."
ထိုအချိန်၌ ယောင်ရှင်းယဲ့က လျှောက်လာပြီး ညင်သာစွာ ပြောလိုက်၏။ သူက တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင် သူသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။
အကြောင်းတစ်ခုခုကြောင့်...
ဂျူနီယာတစ်ယောက်ဆီကနေ ကြီးမားတဲ့ ဖိအားတွေကို သူ အမှန်တကယ် ခံစားလိုက်ရတတယ်...
အကယ်၍ ကောင်လေးက တစ်ချက်ကြည့်ရုံဖြင့် နောက်ထပ် ဉာဏ်အလင်းပွင့်သွားပါက ယှဉ်ကြည့်လျှင် အဆောင်လက်ဖွဲ့တာအိုအပေါ် သူ၏ ဂုဏ်ယူမှုလေးမှာ ရယ်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဒါပေမဲ့ ရပါတယ်... ရပါတယ်လေ... သူ နားမလည်နိုင်ခဲ့ဘူး... မဟုတ်ရင် ဒီလောက်မြန်မြန် လက်လျှော့မှာ မဟုတ်ဘူး...
ယခုအချိန်၌ စူးချန်ကဲသည်လည်း သတိပြန်လည်လာပြီး ယောင်ရှင်းယဲ့ကို ကြည့်ကာ ပြောလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေးယောင်... ချန်ကဲ နားလည်ပါပြီ..."
ထိုသို့ပြောရင်းသူက တိရစ္ဆာန်သားရေလိပ်ကို မူလနေရာတွင် ပြန်ထားလိုက်၏။
ယောင်ရှင်းယဲ့က အနည်းငယ် ခေါင်းညိတ်ပြီး ပြုံးလိုက်ကာ နက်နဲဟန်ဆောင်လျက် ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနေ့တော့ ငါ့မျက်စိ ပွင့်သွားတယ်... အဆောင်လက်ဖွဲ့ မှော်စာလုံး ရတနာနည်းစနစ်တွေအပေါ် မင်းရဲ့ နားလည်မှုက တကယ်ကို ပါရမီရှင်တစ်ယောက်လိုပဲ... သာမန်လူတွေက ဉာဏ်အလင်း တစ်ကြိမ်ပွင့်ဖို့တောင် ခက်ခဲကြတာ..."
ဤသို့ပြောလိုက်သော်လည်း သူက ဆက်လက် စူးစမ်းမနေခဲ့ချေ။ ကျင့်ကြံခြင်းကမ္ဘာတွင် ရင်းနှီးသော သူငယ်ချင်းများကြားတွင်ပင် အခြားသူများ၏ လျှို့ဝှက်ချက်များကို မေးမြန်းခြင်းမှာ ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်သည်။
ဤသို့ပြောရခြင်းတွင် သူထံ၌ အခြား ရည်ရွယ်ချက်တစ်ခု ရှိလေသည်။
"ချန်ကဲ... မင်းရဲ့ ဆရာက တစ်နှစ်ပတ်လုံး ခရီးထွက်နေတာ... ငါ့ရဲ့ ဒုတိယတောင်ထိပ်ကို လာဖို့ စဉ်းစားမလား..."
"မင်းဆန္ဒရှိရင် မင်းကို အဆောင်လက်ဖွဲ့တာအို သင်ပေးဖို့ ငါ ကိုယ်တိုင် သင်ပေးချင်တယ်... မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ဆိုရင် ငါ့ထက်တောင် ပိုပြီးမြန်မြန် စတင်ခြင်းအဆင့်ကို ရောက်သွားနိုင်တယ်..."
ယောင်ရှင်းယဲ့က ပြုံးကာ သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသလိုက်၏။
စူးချန်ကဲက ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
"တောင်ထိပ်သခင်ယောင်... ခင်ဗျား နောက်နေတာ ဖြစ်ရမယ်... ဆရာက တစ်နှစ်ပတ်လုံး ခရီးထွက်နေပေမဲ့ ငါ့ရဲ့ အလားအလာကို အသိအမှတ်ပြုတဲ့ ကျေးဇူးကို ပြသခဲ့တယ်... ဒီတစ်သက်မှာ တခြားဆရာတစ်ယောက်ဆီ ပြောင်းဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်ဘူး..."
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ...
သူမက ကံကြမ္မာသမီးတော် နှစ်ယောက်ကို တစ်ချက်ကြည့်ရုံနဲ့ ရှာတွေ့နိုင်တဲ့သူလေ...
သူမက ထိုက်ချင်ဂိုဏ်းရဲ့ တောင်ထိပ်သခင် တစ်ယောက်သက်သက်ပဲလို့ ခင်ဗျားက ပြောနေတာလား...
ငါ သေချာပေါက် မယုံဘူး...
"ဒီလိုလား... ဒါဆို နည်းနည်းတော့ နှမြောစရာပဲ..."
ယောင်ရှင်းယဲ့က စိတ်ပျက်မှု အရိပ်အယောင်တစ်ခုကို ပြသလိုက်ပြီးနောက် တစ်ခဏမျှ တွေးတောကာ လေးနက်စွာ အကြံပေးလိုက်သည်။
"မင်းက မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်ကို အခုမှ ခြေချထားတာ... မှော်အက္ခရာတွေကို မထွင်းထုခင် သေသေချာချာ စဉ်းစားရမယ်... ဒါက မင်း ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာအတွက် အလွန် အရေးကြီးတယ်..."
တစ်ဖက်လူ၏ အငွေ့အသက်မှာ မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်သို့ ယခုမှ ဝင်ရောက်လာသူနှင့် မတူကြောင်း သူ ခံစားသိရှိနိုင်သည်။ သို့ရာတွင် ထိုအငွေ့အသက်က အလွန်ရှင်းလင်းလွန်းနေပြီး မှော်အက္ခရာများ ထွင်းထုပြီးနောက် ရှိသင့်သည့်ပုံစံနှင့် မတူချေ။ ဤကောင်လေး၌ နက်နဲသော အခြေခံရှိသောကြောင့် ဖြစ်နိုင်သည်ဟု သူ တွက်ဆလိုက်၏။
"နားလည်ပါပြီ..."
စူးချန်ကဲက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"ဂိုဏ်းတူဦးလေးမှာ တခြားကိစ္စ မရှိတော့ဘူးဆိုရင် ဒီတပည့်ကို သွားခွင့်ပြုပါဦး..."
တပည့်အဖြစ် လက်ခံနိုင်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း မြင်သောအခါ ယောင်ရှင်းယဲ့သည် စူးချန်ကဲက မည်မျှများပြားသော မှော်အက္ခရာများကို နားလည်သဘောပေါက်ခဲ့သနည်းဟူသော သူ၏ နှလုံးသားထဲရှိ သိချင်စိတ်ကို မြိုသိပ်ကာ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
စူးချန်ကဲသည် ဂရုမစိုက်စွာ လှည့်ထွက်သွားသော်လည်း ယောင်ရှင်းယဲ့က ထပ်မံ၍ စကားပြောလာသည်ကို ကြားလိုက်ရလေ၏။
"နေပါဦး..."
"ဒီမှတ်စုစာအုပ်ကို ယူသွားလိုက်... အဲ့ဒီထဲမှာ ငါ့ရဲ့ နှစ်ပေါင်းများစွာ အဆောင်လက်ဖွဲ့တာအိုအပေါ် နားလည်မှုတွေ ပါတယ်... မင်း သင်ယူချင်တယ်ဆိုရင် ကြည့်လိုက်ပေါ့..."
စကားသံဆုံးသည်နှင့် ထူထဲသော မှတ်စုစာအုပ်တစ်အုပ်က စူးချန်ကဲ၏လက်ထဲသို့ ကျရောက်လာခဲ့သည်။
"ဒါက..."
စူးချန်ကဲသည် သူ၏လက်ထဲရှိ မှတ်စုစာအုပ်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်၏။ သူ ငြင်းပယ်ရန် ပြင်လိုက်ချိန်တွင် မှတ်စုစာအုပ် မျက်နှာဖုံးပေါ်ရှိ မှော်အက္ခရာ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပြီး ထိုမှော်စာလုံး၏ ချို့ယွင်းချက်များကို တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့လိုက်ရသည်။
ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းရောင်က စူးချန်ကဲ၏ မျက်လုံးများတွင် ပြည့်နှက်သွားခဲ့သည်။ သူ၏ စိတ်နေသဘောထားမှာ ပြောင်းလဲသွားပုံရပြီး ထိုမျက်လုံးများက ယခင်ကကဲ့သို့ စူးရှမနေတော့ဘဲ လူတစ်ယောက်၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်လောက်အောင် နက်ရှိုင်းနေပေ၏။
သူသည် သူ၏ လက်ညှိုးကို ဆန့်ထုတ်ကာ ပေါ့ပေါ့ပါးပါး အကြိမ်အနည်းငယ် မခေါက်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ရှေးဟောင်း နတ်ဘုရားမှော်စာလုံးများက လေထဲတွင် တစ်ခုပြီးတစ်ခု ပုံဖော်လာခဲ့သည်။ ထိုအရာမှာ မှတ်စုစာအုပ် မျက်နှာဖုံးမှ မှော်အက္ခရာများနှင့် အတိအကျ တူညီသော်လည်း ကွာခြားချက်မှာ ဤမှော်စာလုံးများက ပို၍ပင် နက်နဲသိမ်မွေ့ပြီး ပရမ်းပတာ ချီ အငွေ့အသက်တစ်စကို ထုတ်လွှတ်နေခြင်းပင် ဖြစ်ပေသည်။
ထိုအရာများ ဆက်လက် စုစည်းလာသည်နှင့်အမျှ မှုန်ဝါးသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ မဟာတာအို အရင်းအမြစ်သို့ တိုက်ရိုက် ညွှန်ပြနေသော ကမ္ဘာလောက အစပြုခြင်း၏ သဘာဝလွန်ဖြစ်စဥ်တစ်ခုပင်။
"ဟင်..."
လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာချိန်တွင် စူးချန်ကဲသည် သူ၏ လက်ချောင်း လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်၏။ ပေါ့ပေါ့ပါးပါး ခေါက်လိုက်ခြင်းမှ ဤမျှ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။ ဤသည်မှာ သူ ယခင်က မှော်အက္ခရာကို မည်သည့်အခါမျှ မထွင်းထုဖူးသောကြောင့်လည်း ဖြစ်သည်။
သူ၏ဘေးတွင်မူ ယောင်ရှင်းယဲ့မှာ ဤမြင်ကွင်းကို ကြည့်ရင်း ကျောက်ရုပ်အလား ဖြစ်သွားခဲ့လေပြီ။
"အဆောင်လက်ဖွဲ့က တာအိုအရင်းအမြစ်ကို ထုတ်ဖော်ပြသနေတာလား..."
"ကြီးမားသော အောင်မြင်မှုနယ်ပယ်..."
"ကြီးမားသော အောင်မြင်မှု..."
"အဆောင်လက်ဖွဲ့တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိထားတဲ့ အသက် နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်..."
ဤအရာကို တွေးမိချိန်တွင် ယောင်ရှင်းယဲ့သည် သူ၏ တည်ငြိမ်မှုများအားလုံးကို မေ့သွားပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်သွားကာ သူ၏ မျက်လုံးများ နီရဲလာပြီး ဗြုန်းစားကြီး အော်ပြောလိုက်၏။
"သောက်ကျိုးနည်း... သောက်ကျိုးနည်း... သောက်ကျိုးနည်း... သောက်ကျိုးနည်း..."
အခန်း ၁၀ :နံနက်ခင်းမှာ တာအိုကို ကြားရမယ်ဆိုရင် ညနေခင်းမှာ သေရမယ်ဆိုရင်တောင် ကျေနပ်ပါပြီ... ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပေးပါ ဆရာစူး..
"ဂိုဏ်းတူဦးလေးယောင်... ဒါက တကယ် လိုအပ်လို့လား..."
စူးချန်ကဲသည် သတိထား၍ နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။
ယခုလေးတင်....
ယောင်ရှင်းယဲ့ သူ့ကို ကြည့်နေသည့် အကြည့်က အလွန်တရာ ထူးဆန်းလွန်းလှသည်။
ထိုအကြည့်က သူ့အား အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းလေသည်။
ထိုအကြည့်မှာ သူ့ကို ပိုင်ဆိုင်ချင်နေပြီး ရူးသွပ်မှု အရိပ်အယောင်တစ်ခု ရောယှက်နေသည့် အကြည့်မျိုး ဖြစ်ပေ၏။
ကံကောင်းစွာဖြင့် သူ လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။ ထိုသို့မဟုတ်ပါက စူးချန်ကဲမှာ ထွက်ပြေးရန်ပင် အဆင်သင့် ဖြစ်နေခဲ့လေပြီ။
သို့ရာတွင် တစ်ဖက်လူက သူ့ကို 'ဆရာစူး' ဟု ခေါ်လိုက်သည့် အခိုက်အတန့်တွင် အခြေအနေများ ပြောင်းလဲသွားတော့မည်ကို သူ သိလိုက်သည်။
ယောင်ရှင်းယဲ့က သူ၏ခေါင်းကို နောက်သို့လှန်ကာ နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီး သူ၏ နှလုံးသားထဲရှိ အံ့အားသင့်မှု အားလုံးကို မြိုသိပ်ရန် ကြိုးစားနေပုံရသည်။
ချက်ချင်းပင် သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဆက်ပြောလိုက်၏။
"ကျင့်ကြံခြင်း ကမ္ဘာမှာ အသက်အရွယ်က အရေးမကြီးပါဘူး... တာအိုကို ရရှိတဲ့သူက အရင်လာတာပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပေးပါ ဆရာစူး..."
ယခုအချိန်၌ ယောင်ရှင်းယဲ့သည် အကြီးအကဲတစ်ဦး၏ အသွင်အပြင်ကို မထိန်းသိမ်းထားတော့ချေ။ ထိုအစား မဟာဆရာသခင်တစ်ဦးအောက်တွင် ပညာသင်ကြားလိုသော ပညာရှင်တစ်ဦးကဲ့သို့ ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။ သူ၏လောကဒဏ်ခံထားရသော မျက်လုံးများတွင် အံ့အားသင့်မှု၊ မနာလိုမှုများ ရှိနေသော်လည်း အခြားမည်သည့်အရာထက်မဆို ပိုနေသည်မှာ စိတ်လှုပ်ရှားမှုပင်။
သူ အိပ်မက်မက်ခဲ့သော ကျွမ်းကျင်သူနှင့် နောက်ဆုံးတွင် တွေ့ဆုံခဲ့ရသည့်အလား ဖြစ်နေသည်။
အဆောင်လက်ဖွဲ့တာအို၏ ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိနေသည့် အသက် နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်...
ဤအရာကို ဖော်ပြရန် 'ကြောက်မက်ဖွယ်ကောင်းသော' ဟူသော စကားလုံးက လုံလောက်တော့မည် မဟုတ်ချေ။ စူးချန်ကဲသည် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး၏ ပြန်လည်ဝင်စားခြင်းဖြစ်မည်ဟု သူ အလေးအနက် သံသယဝင်မိလေ၏။ သူသည် အဆောင်လက်ဖွဲ့တာအို၏ အသေးစား အောင်မြင်မှုအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး သူ၏ ပါရမီအရ ကျွမ်းကျင်သူတစ်ဦး၏ လမ်းညွှန်မှုမပါဘဲ ဤတစ်သက်တွင် ကြီးမားသော အောင်မြင်မှုအဆင့်သို့ ခြေချနိုင်ရန် မည်သည့်အခါမျှ မျှော်လင့်နိုင်မည် မဟုတ်ကြောင်း သိရှိထားသည်။
သို့ရာတွင် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးတွင် အဆောင်လက်ဖွဲ့တာအို ကျင့်ကြံသူများမှာ ရှားပါးနေပြီဖြစ်ရာ သူ့ကို လမ်းညွှန်ပေးနိုင်သူကိုတော့ ပြောနေရန်ပင် မလိုတော့ချေ။
ယခု စူးချန်ကဲနှင့် တွေ့ဆုံခဲ့ရပြီဖြစ်ရာ သူ့ကို မည်သို့ အလွတ်ပေးနိုင်မည်နည်း။
"ဟူး... ခင်ဗျားက ကျွန်တော့်အတွက် အတော်လေး ခက်ခဲအောင် လုပ်နေတာပဲ..."
စူးချန်ကဲက အနည်းငယ် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ အကယ်၍ ယောင်ရှင်းယဲ့က သူ၏ မှတ်စုများကို ပေးရန် ဆန္ဒရှိခဲ့ခြင်း မဟုတ်လျှင်နှင့် နှစ်ပေါင်းများစွာအတွင်း စူးချန်ကဲအပေါ် ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ခြင်း မဟုတ်ပါက သူ အနည်းငယ်မျှ တွန့်ဆုတ်နေမည် မဟုတ်ချေ။
သူ့တွင် ဂရုစိုက်ရမည့် ဂျူနီယာညီမလေး သုံးယောက် ရှိနေလေပြီ။ နောက်တစ်ယောက် ထပ်ရောက်လာပါက ယောင်ရှင်းယဲ့ကို သင်ပေးရန် သူ မည်သို့ အချိန်ရှာနိုင်မည်နည်း။
သူ့တွင် အားလပ်ချိန် ရှိလျှင်တောင်မှ ငါးဖမ်းထွက်ခြင်း သို့မဟုတ် သီချင်းနားထောင်ခြင်းက ပိုမကောင်းပေသလော...
ယောင်ရှင်းယဲ့က အလွန်အမင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ် ဆရာစူး... ကျွန်တော် ယောင်ရှင်းယဲ့က အတင်းပြောတတ်တဲ့သူ မဟုတ်ပါဘူး..."
စူးချန်ကဲသည် အဆောင်လက်ဖွဲ့တာအိုတွင် ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူ၏ ခွန်အားကို ဖုံးကွယ်ထားရုံသာဖြစ်မည်ဟု သူ ယူဆလိုက်၏။
စူးချန်ကဲက ယနေ့ သူ၏ရှေ့တွင် ထင်ရှားသော အကြောင်းပြချက်မရှိဘဲ အဘယ်ကြောင့် ထုတ်ဖော်ပြသခဲ့သနည်းဆိုသည်ကို သူ သိချင်နေသော်လည်း...
ဒါပေမဲ့ အဲ့ဒါတွေက အရေးမကြီးပါဘူး...
စူးချန်ကဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယောင်ရှင်းယဲ့က ထပ်မံ၍ ပြောဆိုလိုက်သည်။
"ကျွန်တော် အသက်ကြီးလို့ ဆရာစူးက ကျွန်တော့်ကို သဘောမကျတာလား... ကျွန်တော့်ရဲ့ ဆံပင်ဖြူတွေကို မကြည့်ပါနဲ့... ကျွန်တော်က အခု အကောင်းဆုံး အချိန်ကို ရောက်နေပြီး ကြိုးစားပမ်းစား အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..."
"အသက်အရွယ်နဲ့ သိပ်မဆိုင်ပါဘူး... အဲ့ဒါက..." စူးချန်ကဲ တစ်ခဏမျှ တွေးတောလိုက်၏။ ရိုးရိုးသားသား ပြောရလျှင် သူက ဒါကို ဘယ်လို သင်ပေးရမည်နည်း။
ငါက ပါရမီအပေါ် မှီခိုနေတာ... ဒီလိုအရာမျိုးက မွေးရာပါပဲ သင်ပေးလို့ရတာမှ မဟုတ်တာ...
ယောင်ရှင်းယဲ့က တပည့်တစ်ဦး၏ ကြီးမြတ်သော အရိုအသေပေးခြင်းကို ပြုလုပ်လိုက်ပြီး ထပ်မံ၍ ဦးညွှတ်လိုက်သည်။
"နံနက်ခင်းမှာ တာအိုကို ကြားရမယ်ဆိုရင် ညနေခင်းမှာ သေရမယ်ဆိုရင်တောင် ကျေနပ်ပါပြီ... ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပေးပါ ဆရာစူး..."
"ဆရာ ဆန္ဒရှိမယ်ဆိုရင် အခုကစပြီး ဆရာ့ရဲ့ ခိုင်းစေမှုအောက်မှာ ကျွန်တော် ရှိနေပါ့မယ်..."
စူးချန်ကဲ၏နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွား၏။ ယောင်ရှင်းယဲ့၏ ကိုယ်ဟန်အနေအထားကို ကြည့်ခြင်းအားဖြင့် သူ သဘောမတူပါက မည်သည့် ငြိမ်းချမ်းမှုကိုမျှ ရရှိတော့မည် မဟုတ်ကြောင်း သူ သိလိုက်သည်။
သူ မည်မျှ ရိုးသားကြောင်း မြင်သောအခါ စူးချန်ကဲက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ဒါဆိုရင် ဒီအချက်ကို အရင် သဘောတူရအောင်... ခင်ဗျား သင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော် အာမမခံဘူး..."
ယောင်ရှင်းယဲ့၏ မျက်လုံးများတွင် ဝမ်းသာမှုများ ဖြတ်ပြေးသွားပြီး လေးနက်စွာ ခေါင်းညိတ်လိုက်၏။
"ဆရာက တံခါးဝရောက်အောင် ခေါ်သွားပေးပေမဲ့ ကျင့်ကြံတာကတော့ လူတစ်ဦးချင်းစီအပေါ်မှာပဲ မူတည်ပါတယ်..."
"အဲ့ဒါက ဒုတိယအချက်ကို ရောက်သွားစေတယ်... ကျွန်တော်တို့က ဆရာနဲ့တပည့် ဆက်ဆံရေးမျိုး မဟုတ်ဘူး... နားလည်လား..."
စူးချန်ကဲက သူ့ကို တစ်ချက်ကြည့်လိုက်၏။ သူသည် တပည့်တစ်ဦး လက်ခံရန် ဆန္ဒ လုံးဝမရှိချေ။
"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါတယ်..."
ယောင်ရှင်းယဲ့ ထပ်မံ ခေါင်းညိတ်လိုက်သည်။ ဤမျှ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးနောက် စူးချန်ကဲ၏ ဆိုလိုရင်းကို သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။ ဆရာတပည့် သံယောဇဉ်မရှိပါက သင်ကြားခြင်းမှာ မည်သည့် တာဝန်ဝတ္တရားမျှ မရှိဘဲ စိတ်ခံစားချက်အပေါ်တွင်သာ လုံးလုံးလျားလျား အခြေခံပေမည်။
သို့ရာတွင် ထိုမျှနှင့်ပင် သူ့အတွက် လုံလောက်နေလေပြီ။
အမှန်အားဖြင့် သူက စူးချန်ကဲကို သူ၏ ဆရာအဖြစ် အသတ်မှတ်ရန်မှာ အနည်းငယ် မသင့်တော်ပေ။
တခြားအရာမရှိလျှင်ပင် ဂိုဏ်း၏ ဝါရင့်မှု အဆင့်သတ်မှတ်ချက်ကို မည်သို့ တွက်ချက်မည်နည်း။
"နောက်ဆုံးအနေနဲ့ ကျွန်တော့်ရဲ့ အချိန်က အရမ်း ကန့်သတ်ချက်ရှိတယ်... ကျွန်တော့်မှာ အားလပ်ချိန်ရှိတဲ့အခါ ခင်ဗျားကို အသိပေးမယ်... ဘယ်လိုလဲ..."
စူးချန်ကဲက ထပ်ဖြည့်ပြောလိုက်၏။ လတ်တလောတွင် သူ အမှန်တကယ် အလုပ်များနေသည်။
သုံးလအတွင်း သူသည် ကံကြမ္မာသားတော်နှင့် တွေ့ဆုံရပေမည်။ မတော်တဆမှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် ဤအချိန်အတွင်း ဖြစ်နိုင်ခြေအားလုံးကို ဖယ်ရှားရန်အတွက် လုံလောက်အောင် သူ သန်မာလာရန် လိုအပ်သည်။
"သေချာတာပေါ့... ကျွန်တော်ရဲ့ကိစ္စတွေကြောင့် ဆရာစူးရဲ့ အဆောင်လက်ဖွဲ့တာအို တိုးတက်မှုကို နှောင့်နှေးစေလို့ မဖြစ်ပါဘူး..."
ယောင်ရှင်းယဲ့က ခေါင်းညိတ်ပြီူ ပြုံးပြလိုက်၏။ စူးချန်ကဲ၏ သဘောတူညီချက်ကို ရရှိပြီးနောက် သူ၏ စိတ်အခြေအနေမှာ ချက်ချင်း ကောင်းမွန်သွားခဲ့သည်။
"ဒါက အဆောင်လက်ဖွဲ့တာအိုနဲ့ ဘာမှမဆိုင်ပါဘူး..."
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး မှတ်စုများကို ယောင်ရှင်းယဲ့ထံ ပြန်ပေးလိုက်သည်။
"ဒါကို ပြန်ယူသွားလိုက်... ပြီးတော့ ကျွန်တော့်ကို 'ဆရာစူး' လို့ ခေါ်တာ ရပ်လိုက်တော့... နားထောင်ရတာ အတော်လေး အိုနေသလိုပဲ..."
ငါက အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာ... လူငယ်ဘဝရဲ့ အကောင်းဆုံး အချိန်မှာလေ...
ထိုသို့ အမြဲတမ်း ခေါ်ခံနေရပါက အခြားသူများက သူ့ကို ရုပ်သွင်ပြောင်းထားသည့် အဖိုးအိုတစ်ဦးဟု ထင်သွားကြပေလိမ့်မည်။
ယောင်ရှင်းယဲ့သည် သူ၏ မှတ်စုများကို ပြန်ယူလိုက်ချိန်တွင် ရှက်ရွံ့သလို ခံစားလိုက်ရ၏။ စူးချန်ကဲ၏ အဆောင်လက်ဖွဲ့တာအိုက သူ၏ အဆောင်လက်ဖွဲ့တာအိုထက် များစွာ သာလွန်ကြောင်း သူသာ သိခဲ့ပါက ထိုအရာကို ပေးရန် မျက်နှာပြောင်ဝံ့မည် မဟုတ်ချေ။
"အဲ့ဒီလို လုပ်လို့မရပါဘူး ဆရာစူး... စည်းမျဉ်းတွေကို လိုက်နာရပါမယ်... လူသိမှာ စိုးရိမ်ရင် သီးသန့်ရှိတဲ့အချိန်မှာပဲ အဲ့ဒီလို ခေါ်ပါ့မယ်... ဒါ့ပြင် ဆရာ့ရဲ့ အဆောင်လက်ဖွဲ့တာအိုက ကြီးမားတဲ့ အောင်မြင်မှုအဆင့်ကို ရောက်နေပြီဆိုတော့ အဲ့ဒီအပေါ်မှာ ဆရာ့ရဲ့ စိတ်ကို ပိုပြီး အာရုံစိုက်သင့်တယ်..."
ယောင်ရှင်းယဲ့က သူ၏ ဝတ်ရုံထဲသို့ မှတ်စုများကို ထည့်ကာ ပြောလိုက်သည်။ ထို့နောက် သူက သတိမထားမိဘဲ ပြန်လည် ဟောပြောနေမိကြောင်း သဘောပေါက်သွားသဖြင့် အနည်းငယ် အနေရခက်သလို ခံစားလိုက်ရလေ၏။
စူးချန်ကဲ မျက်လုံးလှန်လိုက်ပြီး ဆက်လက် ငြင်းခုံရန် ပျင်းရိသွားသည်။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ခင်ဗျား အချိန်ရရင် လက်ရေးလှကို ပိုလေ့ကျင့်လိုက်..."
အဲ့ဒီမှတ်စုတွေထဲက ဘယ်လို ကြက်ခြေရာတွေလဲ...
"အို..."
ယောင်ရှင်းယဲ့၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် တစ်ခုခုနှင့် ဆက်စပ်တွေးတောမိသွားကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဆရာစူး ဆိုလိုတာက လက်ရေးလှလေ့ကျင့်တာက အဆောင်လက်ဖွဲ့တာအိုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သဘောလား..."
"အဲ့ဒါပဲ..."
"လက်ရေးလှလေ့ကျင့်တာက နှလုံးသား အသက်ရှူခြင်းနဲ့ စိတ်ဝိညာဉ်ကို ငြိမ်သက်စေတယ်... အဆောင်လက်ဖွဲ့ ကျင့်ကြံတာကလည်း အတူတူပဲ... ဒီနှစ်တွေအတွင်း ကျွန်တော်က တကယ်ပဲ အလောတကြီး ဖြစ်နေပြီး စိတ်ကို ငြိမ်အောင် မထားနိုင်ခဲ့ဘူး..."
"ကျွန်တော် မှန်ရဲ့လား ဆရာစူး..."
ယောင်ရှင်းယဲ့က စူးချန်ကဲကို ရိုးသားပြီး ယုံကြည်မှုရှိသော အကြည့်ဖြင့် ကြည့်ကာ ချီးကျူးခံရရန် စောင့်ဆိုင်းနေပုံရပေသည်။
"ခင်ဗျားပြောတဲ့ ဘယ်အရာမှ မဟုတ်ဘူး... ခင်ဗျားရဲ့ လက်ရေးက အရမ်းရုပ်ဆိုးလွန်းလို့ပဲ.."
ဤလူက ထပ်ပြီးအများကြီး တွေးနေမည်ကို စိုးရိမ်သဖြင့် စူးချန်ကဲက အမှန်တိုင်း ပြောလိုက်လေ၏။
"..."
ယောင်ရှင်းယဲ့၏ အိုမင်းသောမျက်နှာမှာ နီမြန်းသွားပြီး အနေရခက်စွာ ပြုံးပြလိုက်သည်။
ထို့နောက် စူးချန်ကဲက ဆက်နေရန် မစီစဉ်တော့ချေ။ သူသည် အောက်ထပ်ရှိ ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်၏။ နင်ဖူယောင် ဓားရွေးပြီးပြီလားဆိုတာ သွားကြည့်ရန် အချိန်ရောက်လေပြီ။
"ခင်ဗျား ဘာလို့ ကျွန်တော့်နောက် လိုက်လာတာလဲ... ခင်ဗျား လုပ်စရာရှိတာ သွားလုပ်လေ..."
"အာ... တကယ်တော့ ကျွန်တော်လည်း ဒုတိယတောင်ထိပ်ကို ပြန်ရမှာ... ဒီနေ့ ဂိုဏ်းကို ဧည့်သည်တွေ ရောက်လာတယ်... အခုလောက်ဆို သူတို့ အားလုံး ရောက်နေလောက်ပြီ..." ယောင်ရှင်းယဲ့က အနည်းငယ် အနေရခက်စွာဖြင့် ထပ်မံ၍ ပြောဆိုလိုက်၏။
"ဘယ်သူလဲ..."
လှေကားပေါ်မှ ဆင်းလာစဉ် စူးချန်ကဲက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ထျန်းရွှမ်နိုင်ငံက လူတွေလေ..."
ယောင်ရှင်းယဲ့က ပြန်ဖြေလိုက်သည်။
"ထျန်းရွှမ်နိုင်ငံလား..."
စူးချန်ကဲ အနည်းငယ် အံ့အားသင့်သွားသည်။
"သူတို့က ခြံစည်းရိုးခွထိုင်နေတဲ့သူတွေ မဟုတ်ဘူးလား..."
အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ ထိပ်သီးအင်အားစု ခြောက်ခုဖြစ်သော စံအိမ်တစ်ခု ဂိုဏ်းသုံးခုနှင့် နိုင်ငံနှစ်ခုအနက် ထျန်းရွှမ်နိုင်ငံက တတိယနေရာတွင်ရှိပြီး ထိုက်ချင်ဂိုဏ်း၏အောက်တွင် အနည်းငယ်အကွာတွင်သာ ရှိပေသည်။ ထိုနိုင်ငံကို ကာကွယ်စောင့်ရှောက်နေသော နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူ သုံးဦးရှိသဖြင့် ထျန်းရွှမ်နိုင်ငံ၏အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုနိုင်ငံ အုပ်ချုပ်သော နယ်မြေမှာ ထိုက်ချင်ဂိုဏ်းထက် အဆပေါင်းများစွာ ပိုမိုကြီးမားသော်လည်း ဤသည်မှာ ထိုက်ချင်ဂိုဏ်းက နိုင်ငံတစ်ခုနှင့် အခြေခံအားဖြင့် ကွာခြားသောကြောင့်လည်း ဖြစ်သည်။
ထိပ်သီးအင်အားစု ခြောက်ခုအကြားတွင် သူတို့က အပေါ်ယံ၌ သဟဇာတဖြစ်ပုံရသော်လည်း အမှန်တကယ်တွင် လျှို့ဝှက်တိုက်ပွဲများမှာ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ကျင့်ကြံခြင်းကမ္ဘာဖြစ်စေ မဖြစ်စေ ဤသည်မှာ ကမ္ဘာကြီး၏ ပုံမှန် အခြေအနေပင်။
အားနည်းသူများကို မျိုချပြီး ပိုမိုသန်မာလာရန် မည်သည့် အစွမ်းထက်သော အင်အားစုက ဆန္ဒမရှိဘဲ နေမည်နည်း။
ထို့ကြောင့် အစွမ်းထက်ဆုံး အင်အားစုဖြစ်သော ယွမ်ရှန်းဂိုဏ်းတွင် သဘာဝကျကျပင် သူတို့၏ ကိုယ်ပိုင်အကြံအစည်များ ရှိနေသည်။ လွန်ခဲ့သော နှစ်တစ်ရာခန့်က ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဟူသော ဆောင်ပုဒ်အောက်တွင် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို ပေါင်းစည်းရန် အဆိုပြုခဲ့ပြီး အရှေ့ပိုင်းနက်နဲသိမ်မွေ့ မဟာမိတ်အဖွဲ့ကို တည်ထောင်လိုခဲ့ကြသည်။
မည်သူက ယုံကြည်မည်နည်း။
ထိုက်ချင်ဂိုဏ်းက သဘာဝကျကျပင် ငြင်းပယ်ခဲ့လေသည်။
ရလဒ်အနေဖြင့် သူတို့သည် မလွှဲမရှောင်သာ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ကြသည်။
ထိုအချိန်က ဝမ်ချီလန်စံအိမ်သည် ယွမ်ရှန်းဂိုဏ်းနှင့်အတူ ရပ်တည်ခဲ့ပြီး လက်နက်တစ်ရာဂိုဏ်းက ထိုက်ချင်ဂိုဏ်းနှင့်အတူ ရပ်တည်ခဲ့ပေသည်။
ယေဘုယျအားဖြင့် သူတို့က အင်အားချင်း မျှတနေခဲ့ကြသည်။
ထိုအချိန်က နိုင်ငံနှစ်ခုလုံးမှာ ကြားနေအဖြစ်သာ ရှိနေခဲ့ကြ၏။
ဤသည်က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတွင် စစ်တုရင်ကစားနေသည့် ဘုရင်နှစ်ပါး၏ ပုံစံတစ်ခုကို ဖန်တီးခဲ့ပြီး နှစ်တစ်ရာကြာ ဆက်လက် တည်ရှိနေခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း လူငယ်မျိုးဆက်များမှာ ပြင်းထန်စွာ စတင် တိုက်ခိုက်လာခဲ့ကြသည်။ စူးချန်ကဲပင်လျှင် လျှို့ဝှက်နယ်မြေတစ်ခု၌ ယွမ်ရှန်းဂိုဏ်း၏ အဓိကတပည့်တစ်ဦးနှင့် သွေးကြွေးရန်ငြိုးတစ်ခုကို ဖန်တီးခဲ့ဖူးသည်။
ထျန်းရွှမ်နိုင်ငံသည်လည်း စတင်ဂနာမငြိမ်ဖြစ်လာပြီး ထိုက်ချင်ဂိုဏ်းအပေါ် လျှို့ဝှက်စွာ ရပ်တည်ချက်ကို ပြသရင်း ယွမ်ရှန်းဂိုဏ်းနှင့် ပွင့်လင်းစွာ မိတ်ဖွဲ့လာခဲ့သည်။
သူတို့သည် ပီပြင်သော ခြံစည်းရိုးခွထိုင်သူများဖြစ်ပြီး မည်သည့်ဘက်က ပိုမို အစွမ်းထက်သည်ကို ကြည့်ကာ ထိုဘက်သို့ တိမ်းညွှတ်သွားခြင်းပင်။
"ထျန်းရွှမ်နိုင်ငံရဲ့ ထောင်စုနှစ် အခမ်းအနားက နီးလာပြီဖြစ်လို့ သူတို့ လာကြတာလို့ ငါ ကြားတယ်... ငါတို့ ထိုက်ချင်ဂိုဏ်းကို အခမ်းအနားကို လေ့လာဖို့ ဖိတ်ကြားပြီး လူငယ်မျိုးဆက်တွေကို အချင်းချင်း ယှဉ်ပြိုင်ခိုင်းဖို့ ရည်ရွယ်ထားတာလေ... သေချာတာပေါ့ ယွမ်ရှန်းဂိုဏ်းက လူတွေလည်း အဲ့ဒီမှာ သေချာပေါက် ရှိနေမှာပဲ..."
စူးချန်ကဲ၏ သိချင်စိတ်ကို မြင်သောအခါ ယောင်ရှင်းယဲ့က ရှင်းပြလိုက်၏။
စူးချန်ကဲက သွားဖြဲပြလိုက်သည်။
"ရှီး... တကယ့်ကို ရိုင်းစိုင်းတဲ့ နည်းလမ်းပဲ..."
ဤအရာကို ပူးပေါင်းကြံစည်မှုဟုပင် ခေါ်၍ မရနိုင်ချေ။ ထိုလုပ်ရပ်က စင်မြင့်တစ်ခုကို ပြင်ဆင်ပြီး 'ဘယ်ဘက်က ပိုပြီး အထင်ကြီးစရာ ကောင်းလဲ ကြည့်ကြရအောင်... ဘယ်သူက ပိုအထင်ကြီးစရာ ကောင်းလဲ အဲ့ဒီဘက်ကို ငါ လိုက်မယ်' ဟု ပွင့်လင်းစွာ ပြောဆိုနေခြင်းပင်။
ယောင်ရှင်းယဲ့လည်း ရယ်မောလိုက်၏။
"တကယ်ပဲ အနည်းငယ် ရိုင်းစိုင်းပေမဲ့ အဲ့ဒါက အလွယ်ကူဆုံး နည်းလမ်းပဲလေ... ငါတို့ မသွားရင် ယွမ်ရှန်းဂိုဏ်းကို ကြောက်တယ်ဆိုတာနဲ့ အတူတူပဲ... အခု ယွမ်ရှန်းဂိုဏ်းက အဖိုးကြီးက ဂဏမငြိမ် ဖြစ်နေပြီဆိုတော့ ဒီကိစ္စကို နောက်ကွယ်ကနေ တွန်းအားပေးနေတာ သူပဲ ဖြစ်ဖို့များတယ်..."
"ထျန်းရွှမ်နိုင်ငံကပါ ရန်ပွဲထဲ ပါဝင်လာမယ်ဆိုရင် အတော်လေး ဒုက္ခရောက်လိမ့်မယ်..."
"အို..."
ထိုက်ချင်ဂိုဏ်း၏ ဆုံးဖြတ်ချက်ကို သိပြီးဖြစ်သဖြင့် စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
သူတို့ဂိုဏ်းမှ သွားရပေမည်။
သူတို့သည် ဤခြံစည်းရိုးခွထိုင်နေသော ထျန်းရွှမ်နှင့် ဆက်လက်၍ ပတ်သက်နေရဦးပေမည်။ အနည်းဆုံးတော့ သူတို့ကို ယွမ်ရှန်းဂိုဏ်းအား တိုက်ရိုက်ရွေးချယ်ခွင့် မပေးနိုင်ချေ။
"ဆရာစူးက ပျော်ပွဲရွှင်ပွဲမှာ ပါဝင်ချင်တယ်ဆိုရင် ဒီတစ်ကြိမ် အဖွဲ့ကို ဦးဆောင်မယ့် ခေါင်းဆောင်တပည့်က ဘယ်သူလဲဆိုတာ မဆုံးဖြတ်ရသေးဘူး..."
ယောင်ရှင်းယဲ့က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
Book 1 end.