အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း ၁၁ : တစ်ကွက်တည်းနဲ့ သူ့ကို အနိုင်ယူတာက နည်းနည်း လွန်လွန်းတယ်... နှစ်ကွက်ဆိုရင် ပိုကောင်းမယ်...
"မလုပ်ဘူး... ငါ့မှာ အချိန်မရှိဘူး..."
စူးချန်ကဲက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ ဤကဲ့သို့ ကြွားဝါမှုမျိုးက ကံကြမ္မာသားတော်နှင့်သာ ပို၍သင့်လျော်ပေသည်။ သူ့အတွက် မည်သို့ သင့်လျော်နိုင်မည်နည်း။
"ဒါက နှမြောစရာပဲ..."
ယောင်ရှင်းယဲ့က ညင်သာစွာ သက်ပြင်းချလိုက်၏။ သူသည် စူးချန်ကဲကို အမှန်တကယ် သွားစေချင်ခဲ့ခြင်း ဖြစ်သည်။
ယခုခေတ်ကာလ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ လူငယ်မျိုးဆက်များကို ကြည့်လျှင် မည်သူက သူ့ကို အနိုင်ယူနိုင်မည်နည်း။
ဤသည်မှာ အဆောင်လက်ဖွဲ့တာအို၏ ကြီးမားသော အောင်မြင်မှုအဆင့်ပင်။
သူက တစ်ဖက်လူကို မိနစ်အနည်းငယ်အတွင်း သင်ခန်းစာပေးနိုင်သည် မဟုတ်လော...
စကားပြောဆိုနေရင်းဖြင့် သူတို့နှစ်ဦးသည် တတိယထပ်ရှိ အသင်္ချေကောင်းကင်ဘုံနန်းတော် အဝင်ဝသို့ ရောက်ရှိလာခဲ့ပြီး စူးချန်ကဲက တည်ငြိမ်စွာ ဝင်ရောက်သွားလေ၏။
ယောင်ရှင်းယဲ့သည် လက်ပူးဆုပ်ကာ နှုတ်ဆက်ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ၏နားရွက်များ လှုပ်ရှားသွားပြီး အသင်္ချေကောင်းကင်ဘုံနန်းတော် အတွင်းမှ ဆွေးနွေးသံများကို ကြားလိုက်ရပေသည်။ သူ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီး သူ၏စိတ်ထဲ၌ တွေးတောလိုက်၏။
"ဒီလို မဖြစ်သင့်ပါဘူး... သူနဲ့ သူ့ရဲ့ ဂျူနီယာညီမလေးက အဆင်မပြေဘူးလို့ ငါ ကြားထားတာ..."
"ပြောရခက်ပါတယ်လေ... ဒီနေ့ သူနဲ့ သေချာ စကားပြောကြည့်ပြီးတဲ့နောက်မှာ သူက အဲ့ဒီလောက် အေးစက်တဲ့လူမျိုးတော့ မဟုတ်ဘူးလို့ ထင်ရတယ်..."
"ထားလိုက်ပါတော့... ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ ထျန်းရွှမ်နိုင်ငံက လူတွေ မှားနေတာပဲ..."
ဤသို့တွေးရင်း သူသည် အထဲသို့ တိတ်တဆိတ် လိုက်ပါဝင်ရောက်သွားလေသည်။
အသင်္ချေကောင်းကင်ဘုံနန်းတော်...
ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် နတ်ဘုရားလက်နက်များ၊ ရတနာပစ္စည်းများ၊ သန့်စင်ထားသော ရုပ်သေးရုပ်များနှင့် အဆောင်လက်ဖွဲ့ အမျိုးမျိုးတို့ ရှိနေပြီး အားလုံးက နတ်ဘုရားအလင်းရောင်များ ဖြာထွက်နေကာ မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
စူးချန်ကဲ ဝင်ရောက်သွားပြီးနော်...
"ဟင်..."
စူးချန်ကဲ၏မျက်ခုံးများ အနည်းငယ် ကြုံ့သွား၏။ သူမထံ၌ တစ်ခုခု မှားယွင်းနေကြောင်းကို သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
ဤအချိန်၌ နင်ဖူယောင်သည် ရတနာသေတ္တာတစ်ခုရှေ့တွင် ရပ်နေပြီး ခရမ်းရောင် ဓားတစ်လက်ကို ဆွဲကိုင်ကာ ဂနာမငြိမ်ဖြစ်နေလျက် ခေါင်းငိုက်စိုက်ကျကာ သူမဘာသာ တီးတိုးရေရွတ်နေသည်။
"ဟမ့်..."
"နင်က မင်းသမီးဆိုတော့ရော ဘာဖြစ်လဲ... ဘာတွေများ အဲ့ဒီလောက် ကြီးကျယ်နေလို့လဲ..."
"ငါ အဲ့ဒါကို နင့်ကို ပေးလိုက်မယ်... ငါ ဂရုတောင် မစိုက်ပါဘူး..."
နင်ဖူယောင်က နှုတ်ခမ်းဆူကာ ပြောလိုက်သော်လည်း သူမ၏ ခံစားချက်နှင့် ဆန့်ကျင်ဘက်ကို ပြောနေကြောင်း ထင်ရှားလှသည်။
စူးချန်ကဲက သူမ၏ အနောက်သို့ လျှောက်သွားပြီးနောက် စကားပြောလိုက်၏။
"မင်း ဘာတွေ ရေရွတ်နေတာလဲ..."
"အမလေး..."
နင်ဖူယောင် လန့်ဖြန့်သွားခဲ့သည်။
"အ... အ... အကြီးဆုံး စီနီယာအစ်ကို..."
"ကျွန်မ... ကျွန်မ ဓားရွေးနေတာပါ..."
နင်ဖူယောင်က သူမ၏လက်ထဲရှိ အေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည့် ခရမ်းရောင်ဓားကို ဝှေ့ယမ်းပြရင်း ပြောဆိုလိုက်သည်။
စူးချန်ကဲက မျက်ခုံးတစ်ဖက် ပင့်လိုက်၏။
"ရွေးလို့ ပြီးပြီလား..."
"ဟုတ်... ကျွန်မ ရွေးပြီးပါပြီ... ဒါလေးပါပဲ..."
နင်ဖူယောင်က ခေါင်းညိတ်ကာ ပျော်ရွှင်ဟန်ဆောင်ပြီး ပြောဆိုလိုက်သည်။
ဓားကို တစ်ချက်ကြည့်ပြီးနောက် နင်ဖူယောင်၏ ချီများ တည်ငြိမ်မှုမရှိကြောင်းကို စူးချန်ကဲ သတိပြုမိသွားပြီး သူမ အသေးစား ဒဏ်ရာတစ်ခု ရထားကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး ဖော်ပြ၍မရနိုင်သော ဒေါသလှိုင်းတစ်ခုက သူ၏ နှလုံးသားထဲတွင် မြင့်တက်လာခဲ့လေ၏။
စူးချန်ကဲက မေးလိုက်သည်။
"အမှန်တိုင်း ပြောဖို့ အစီအစဉ် မရှိသေးဘူးလား..."
"အာ... ဘာ... ဘာအမှန်တရားလဲ..."
နင်ဖူယောင် အံ့အားသင့်သွားပြီး စကားထစ်သွားခဲ့သည်။
စူးချန်ကဲ၏ အမူအရာမှာ အနည်းငယ် မည်းမှောင်သွား၏။
"ကျွန်မ ပြောပြပါ့မယ်... ပြောပြပါ့မယ်... အကြီးဆုံး စီနီယာအစ်ကို... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့... ကျွန်မ ကြောက်လို့ပါ..."
နင်ဖူယောင် ချက်ချင်း မျက်နှာညှိုးကျသွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြလေသည်။
အကြမ်းဖျင်းအားဖြင့်ဆိုရလျှင် နင်ဖူယောင်သည် ဓားတစ်လက် ရွေးချယ်ရန် ပျော်ရွှင်စွာ ရောက်ရှိလာခဲ့ပြီး အမှန်တကယ်ပင် ဈေးချိုသော ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် ဈေးသိပ်မကြီးသော်လည်း နက်နဲမှုများစွာ ရှိပုံရသော ကျိုးပဲ့နေသည့် ဓားတစ်လက်ကို သဘောကျသွားခဲ့သည်။ သူမသည် လဲလှယ်မှုများကို တာဝန်ယူရသော အကြီးအကဲနှင့် သဘောတူညီခဲ့ပြီး လဲလှယ်ရေး မှတ်တမ်းတွင် ဦးစွာလက်မှတ်ရေးထိုးကာ စူးချန်ကဲ လာရောက် ငွေပေးချေမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ထိုလုပ်ငန်းစဉ်အတွင်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့၏။ သူမ တစ်ခါမှ မမြင်ဖူးသော အမျိုးသမီးတစ်ဦးက သူမမျက်စိကျထားသော ဓားကို တောင်းဆိုလာခဲ့ပြီး သဘာဝကျကျပင် အငြင်းပွားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒီဇာတ်ကွက်က... ဗီလိန်တစ်ယောက်က သူ့မျက်နှာပေါ် ခုန်တက်လာတာလား... သူက သွားလေရာ နေရာတိုင်းမှာ 'ဉာဏ်ရည်နိမ့်' အလင်းစက်ဝန်းကို ဆောင်ထားတဲ့ ကံကြမ္မာသမီးတော်ဆိုတာကို ငါ မေ့လုနီးပါး ဖြစ်သွားတယ်..."
စူးချန်ကဲက သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။
ချက်ချင်းပင် စူးချန်ကဲက ဆက်လက်မေးမြန်းလိုက်သည်။
"သူက ရိုက်လိုက်တာလား... မင်း ဘယ်နေရာ နာသွားလဲ..."
"သူ မရိုက်ပါဘူး... ကျွန်မက ဓားကို လုဖို့ ကြိုးစားပေမဲ့ သူ့ရဲ့အနောက်က လူရဲ့ ချီစွမ်းအင်ကြောင့် နောက်ကို တွန်းထုတ်ခံလိုက်ရတယ်... ပြီးတော့ ကျွန်မ ထွက်လာခဲ့တာ..."
နင်ဖူယောင်က အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကြောက်ရွံ့စွာ ပြောဆိုသည်။
ထူးဆန်းလိုက်တာ...
ဒီနေ့ သူက ဘာလို့ ငါ့ကို ဒီလောက်တောင် ဂရုစိုက်နေရတာလဲ...
သူက ငါ့အတွက် ကလဲ့စားချေပေးချင်လို့များလား...
မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...
အရင်တုန်းက သူ ငါ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူးလေ...
"မင်းက ဒီတိုင်း ထွက်လာခဲ့တာလား...မင်းက ဘာလို့ ပြန်မချလိုက်တာလဲ..."
စူးချန်ကဲ ကြောင်အမ်းသွားခဲ့သည်။ ဤသည်မှာ ယုတ္တိမတန်ချေ။
ကံကြမ္မာသမီးတော်က အစွမ်းပြပြီး မျက်နှာဖြတ်ရိုက်မယ့် အပိုင်းက ဘယ်ရောက်သွားတာလဲ...
ငါ တစ်ခုခု လွတ်သွားလို့လား...
နင်ဖူယောင်က ရိုးသားစွာ ပြန်ဖြေလိုက်၏။
"ကျွန်မ... ကျွန်မ သူတို့ကို မနိုင်ဘူးလေ... အဲ့ဒါကြောင့် လောလောဆယ် ဒီတိုင်း လွှတ်ထားလိုက်မယ်လို့ တွေးလိုက်တာ...လူကြီးလူကောင်းတစ်ယောက်က ကလဲ့စားချေဖို့ ဆယ်နှစ်တောင် စောင့်နိုင်တယ် မဟုတ်ဘူးလား..."
ဤစကားကို ကြားပြီးနောက် စူးချန်ကဲ တိတ်ဆိတ်သွားတော့သည်။
မင်းနဲ့ တကယ်ကို လိုက်ဖက်တာပဲ... နင်ဖူယောင်...
မင်းက 'သတိထားတတ်တဲ့' ဇာတ်လိုက်မ နေရာကနေ သရုပ်ဆောင်နေတာလား...
ဒါကိုတောင် မင်းက သည်းခံနိုင်တယ်ပေါ့လေ...
ငါ သူ့ကို ပညာပေးမှ ရတော့မယ်ထင်တယ်... ဘာပဲဖြစ်ဖြစ် ငါက အကြီးဆုံး စီနီယာအစ်ကိုလေ...
စူးချန်ကဲက ပြောဆိုလိုက်သည်။
"လူကြီးလူကောင်းတစ်ယောက်က ကလဲ့စားချေဖို့ ဆယ်နှစ်တောင် စောင့်နိုင်တယ်ဆိုတာ မှန်ပေမဲ့ အရာအားလုံးအတွက် အချိန်နဲ့ နေရာဆိုတာ ရှိတယ်... မင်းပြောပုံအရဆိုရင် သူက ငါတို့ ထိုက်ချင်ဂိုဏ်းက မဟုတ်ဘဲနဲ့ ဂိုဏ်းအတွင်းမှာ မင်းကို အနာတရဖြစ်အောင် ပြောင်ပြောင်တင်းတင်း လုပ်ရဲတယ်ပေါ့လေ... မင်း အနိုင်ကျင့်ခံရမှတော့ ဘာလို့ အကူအညီ မတောင်းတာလဲ..."
"အကူအညီ တောင်းရမယ်..."
နင်ဖူယောင်၏ မျက်လုံးများမှာ အနည်းငယ် နာကြည်းမှုများ ထင်ဟပ်သွားပုံရသည်။
သူမ တွေးတော့ တွေးမိခဲ့သော်လည်း မည်သူ့ကို ခေါ်ရမည်မှန်း မသိခဲ့ချေ။ သူမနှင့် ရင်းနှီးသော တစ်ဦးတည်းသောသူဖြစ်သည့် ဒုတိယ စီနီယာအစ်မမှာ သူမထက်ပင် ဆိုးရွားနေပြီး တစ်ဖက်လူ၏ ပြိုင်ဘက် ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
စူးချန်ကဲနှင့် ပတ်သက်၍မူ...
သူက သူမအတွက် ရှေ့ထွက်ရပ်တည်ပေးလိမ့်မည်ဟု သူမ တစ်ခါမျှပင် မစဉ်းစားခဲ့ဖူးချေ။
ရှင်က ကျွန်မကို အနိုင်အကျင့်ဆုံးသူလေ... သိလား...
သူမ၏ အကြည့်ကို မြင်သောအခါ စူးချန်ကဲ ချက်ချင်းနားလည်သွားပြီး အနည်းငယ် အနေရခက်သလို ခံစားလိုက်ရ၏။ သူက ရှေ့သို့ လျှောက်သွားရင်း ပြောဆိုလိုက်သည်။
"အရူးတစ်ယောက်လို အဲ့ဒီမှာ ရပ်မနေနဲ့တော့... သွားကြမယ်..."
"ငွေရှင်းတဲ့နေရာက အဲ့ဒီဘက်မှာလေ..."
နင်ဖူယောင် ကြောင်အမ်းသွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း စူးချန်ကဲ၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းလှသဖြင့် သူက မျက်စိအောက်မှ ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ သူမမှာ မမီမကမ်း လိုက်သွားရုံသာ တတ်နိုင်တော့သည်။
အသင်္ချေကောင်းကင်ဘုံနန်းတော်၏ အတွင်းပိုင်း နက်ရှိုင်းသောနေရာ၌...
လက်ကောက်ဝတ်တွင် ရွှေကြိုးများရှိပြီး ရှုပ်ထွေးသော ဖီးနစ်ငှက် ပုံစံများကို ထိုးနှံထားသည့် ရတနာမိုးပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူမ၏လက်များကို နောက်ပစ်ကာ မောက်မာစွာ လမ်းလျှောက်နေသည်။ သူမသည် ရတနာသေတ္တာပေါ်ရှိ ပစ္စည်းများကို မောက်မာသော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာ ပြောဆိုလိုက်၏။
"အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးမှာ နာမည်ကြီးတဲ့ အသင်္ချေကောင်းကင်ဘုံနန်းတော်ဆိုတာ ဒါအကုန်ပဲလား... ယွမ်ရှန်းဂိုဏ်းရဲ့ ယွမ်ရွှီးခန်းမထက် အများကြီး ပိုဆိုးတာပဲ..."
"မင်းသမီးပြောတာ မှန်ပါတယ်... တကယ်ပဲ လိုအပ်ချက်တွေ ရှိနေတာပါ..."
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ဦးက သဘောတူစွာဖြင့် ရယ်မောလိုက်သည်။ သူ၏နောက်ရှိ မကျေနပ်သော အကြည့်များကို လုံးလုံးလျားလျား လျစ်လျူရှုပြီး ကျောက်စိမ်းခွက်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ အကဲခတ်နေသည်။
ထိုလူနှစ်ဦး၏ စကားပြောသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်။
အလွန်ချောင်ကျသောသော ထောင့်တစ်နေရာတွင် ထိုက်ချင်ဂိုဏ်းမှ တပည့် အနည်းငယ်သာ မတ်တတ်ရပ်နေကြပြီး အံ့ကြိတ်ကာ အသံပေးပို့ခြင်းဖြင့် ကျိန်ဆဲနေကြ၏။
"သောက်ကျိုးနည်း... အဲ့ဒီခွေးမက ဘာတွေများ ဟန်ဆောင်နေတာလဲ..."
"ငါ နားမလည်တော့ဘူး... ထျန်းရွှမ်နိုင်ငံက လူတွေကို အသင်္ချေကောင်းကင်ဘုံနန်းတော်ထဲ ဘာလို့ ဝင်ခွင့်ပြုထားတာလဲ... ပြီးတော့ သူတို့က ဘာလို့ အဲ့ဒီလောက် မောက်မာနေရတာလဲ... သူက မင်းသမီးမို့လို့လား..."
"အဲ့ဒါက ပထမတောင်ထိပ်သခင် ပေးထားတဲ့ အထူးအခွင့်အရေးလို့ ငါ ကြားတယ်... ငါတို့ရဲ့ အိမ်ရှင် တာဝန်ကို ကျေပွန်ဖို့အတွက် အသင်္ချေကောင်းကင်ဘုံနန်းတော်ထဲကနေ ပစ္စည်းတစ်ခု ရွေးချယ်ခွင့် ပေးထားတာတဲ့..."
"အိမ်ရှင်တာဝန်ကို ကျေပွန်တာတဲ့လား... သူက ငါတို့ရဲ့ခေါင်းပေါ်ကို ချီးလာပါနေတာပဲ... ခုဏက စီနီယာအစ်မဖူယောင်ကို သူ ဘယ်လို အနိုင်ကျင့်သွားလဲဆိုတာ ကြည့်လိုက်ဦး... ငါသာ သူတို့ကို မနိုင်နိုင်ဘူးဆိုတာ မဟုတ်ရင် ဝင်မတိုက်ဘဲ နေနိုင်မှာ မဟုတ်ဘူး..."
"ငါတို့ ဘာလုပ်နိုင်မှာလဲ... မင်းသမီးဟွမ်ယဲ့နောက်က သက်တော်စောင့်တွေအားလုံး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်မှာ ရှိနေကြတာ... ပြီးတော့ မင်းသမီးဟွမ်ယဲ့နဲ့ စကားပြောနေတဲ့လူက ထျန်းရွှမ်နိုင်ငံရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင် လင်းထျန်းလန်လေ... သူက မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် အစောပိုင်းအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိတယ်... စီနီယာအစ်ကိုယောင်ယွီကလွဲရင် ဘယ်သူက သူ့ပြိုင်ဘက် ဖြစ်မှာလဲ... ဒီကိစ္စအတွက် စီနီယာအစ်ကိုယောင်ယွီကို တံခါးပိတ်ကျင့်ကြံတာ ရပ်ခိုင်းလို့မှ မရတာ..."
"အဲ့ဒါလည်း ဟုတ်တာပါပဲ... ဒါ့အပြင် ဒါက လူငယ်မျိုးဆက်တွေရဲ့ ကိစ္စဆိုတော့ အကြီးအကဲတွေကလည်း အလွယ်တကူ ဝင်စွက်ဖက်လို့ မရဘူးလေ..."
"ဟူး... တကယ်ကို ဒေါသထွက်စရာပဲ..."
ထိုအချိန်၌ သက်တော်စောင့်တစ်ဦးက ရုတ်တရက် ရှေ့သို့ ထွက်လာပြီး အမျိုးသမီး၏ အနောက်မှနေ၍ တစ်ခုခုကို တီးတိုးပြောလိုက်သည်။
"ခစ် ခစ်... နဝမတောင်ထိပ်ရဲ့တပည့်ရင်းက အဲ့ဒီအဆင့်လေးပဲ ရှိတာလား... ကောင်းကင်လှိုဏ်ဂူနယ်ပယ်တဲ့လား..."
"ငါ လုလိုက်တယ်ဆိုရင်လည်း လုလိုက်တာပဲလေ... သူ့မှာ အရည်အချင်းရှိရင် လာပြီး ပြန်လုလှည့်ပေါ့... ဒီကောင်မစုတ်လေး တစ်ယောက်အတွက်နဲ့ ဒီကိစ္စက တကယ်ကြီး ကြီးကျယ်သွားနိုင်လို့လား..."
မင်းသမီးဟွမ်ယဲ့က အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်၏။ သက်တော်စောင့်က သူမ ယခုလေးတင် လုယူခဲ့သော အမျိုးသမီး မည်သူမည်ဝါဖြစ်ကြောင်းကို ပြောပြနေခြင်း ဖြစ်သည်။
သန်မာတောင့်တင်းသော သက်တော်စောင့်က မျက်မှောင်ကြုတ်လိုက်သော်လည်း မင်းသမီးဟွမ်ယဲ့၏ အဆင့်အတန်းကြောင့် သူ ထပ်မံ၍ ဘာမျှ မပြောတော့ချေ။
မင်းသမီးဟွမ်ယဲ့က ရုတ်တရက် သိချင်စိတ်အနည်းငယ်ဖြင့် မေးလိုက်သည်။
"လင်းထျန်းလန်... နဝမတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့်အပေါ် ဘယ်လိုထင်လဲ..."
လင်းထျန်းလန်သည် သူ၏လက်ထဲရှိ ကျောက်စိမ်းခွက်ကို ဖြည်းညင်းစွာ ချထားလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
"တစ်ကွက်တည်းနဲ့ သူ့ကို အနိုင်ယူတာက နည်းနည်း လွန်လွန်းတယ်... နှစ်ကွက်လို့ပဲ ထားလိုက်ပါတော့..."
စကားပြောနေစဉ် လင်းထျန်းလန်က ရုတ်တရက် ထပ်မံ၍ ပြုံးလိုက်သည်။
"ဟား ဟား... မင်းသမီး... စိတ်ချပါ... ဒီထိုက်ချင်ဂိုဏ်းရဲ့ လူငယ်မျိုးဆက်တွေထဲမှာ ယောင်ယွီကလွဲရင် ဘယ်သူမှ ကျွန်တော့်ရဲ့ အစွမ်းကုန် ခွန်အားကို ထုတ်သုံးဖို့ အရည်အချင်း မပြည့်မီပါဘူး..."
"ပြီးတော့ ကျွန်တော် ဒီခရီးကို လာခဲ့တာက သူနဲ့ တွေ့ဖို့အတွက်ပါပဲ..."
အခန်း ၁၂: သူရဲကောင်း လုပ်ဖို့ မကြိုးစားနဲ့...
မင်းသမီးဟွမ်ယဲ့၏ စိတ်အခြေအနေမှာ ချက်ချင်း ကောင်းမွန်သွားခဲ့ပြီး ရယ်မောလိုက်၏။
"ဟားဟား... တကယ့်ကို ကြီးစိုးနိုင်လောက်အောင် လုံလောက်တာပဲ... နင်က ငါတို့ ထျန်းရွှမ်နိုင်ငံရဲ့ လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ဖို့ ထိုက်တန်ပါတယ်... ငါတို့ ပြန်ရောက်တဲ့အခါ ငါ့ရဲ့ ခမည်းတော် ဧကရာဇ်ကို နင့်အတွက် ဆုချခိုင်းရမယ်..."
မင်းသမီးဟွမ်ယဲ့အနောက်ရှိ တောင့်တင်းသော သက်တော်စောင့်က လင်းထျန်းလန်ကို တစ်ချက်မျှသာ ကြည့်လိုက်သည်။ သူသည် တုန်လှုပ်သွားခြင်းမရှိဘဲ သူ၏မျက်လုံးများတွင် လေးစားမှုနှင့် ကိုးကွယ်မှု အရိပ်အယောင်တစ်ခုသာ ရှိနေလေ၏။
လင်းထျန်းလန်သည် ထျန်းရွှမ်နိုင်ငံ၏ လူငယ်မျိုးဆက်များကြားတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်နေပြီဖြစ်ပြီး လူတိုင်းကို အရှုံးပေးလာသည်အထိ ရိုက်နှက်နိုင်ခဲ့သည်။ အထူးသဖြင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်သို့ ခြေချပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဓိပ္ပာယ်မရှိလောက်အောင် မြင့်မားသော အဆင့်အထိ ရောက်ရှိသွားခဲ့သည်။ အကြောင်းအရင်းမှာ သူသည် နတ်ဘုရားသတ္တဝါရွှမ်ဝူ၏ ဒဏ္ဍာရီလာ မှော်အက္ခရာနည်းစနစ်ကို ထွင်းထုထားသောကြောင့်ပင်။ သူ၏ သိမ်မွေ့ပုံရသော အသွင်အပြင်အောက်တွင် ထိန်းချုပ်၍မရနိုင်သော မောက်မာသည့် နှလုံးသားတစ်ခု ကိန်းအောင်းနေပေ၏။
"ကျေးဇူးအများကြီးတင်ပါတယ် မင်းသမီး..." လင်းထျန်းလန်က ပြုံးရုံသာ ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေကာ ထပ်ဖြည့်ပြောလိုက်သည်။
"မင်းသမီး... ကျေးဇူးပြုပြီး စိတ်ကြိုက်သာ ကစားပါ... ကျွန်တော် အရာအားလုံးကို တာဝန်ယူပါ့မယ်..."
သူသည် တိုက်ခိုက်ချင်စိတ် ပြင်းပြနေပြီး ယောင်ယွီကို အထူးတလည် စိန်ခေါ်ရန် ဤခရီးသို့ လာခဲ့ခြင်းဖြစ်သော်လည်း တစ်ဖက်လူက လုံးဝ ပေါ်မလာခဲ့သည်မှာ နှမြောစရာပင်။ ဤအရာက သူ့အား အနည်းငယ် ဒေါသထွက်စေခဲ့ပေသည်။
ထို့ကြောင့် သူသည် အမှန်တကယ်တွင် မင်းသမီးဟွမ်ယဲ့အား ဖြစ်နိုင်သမျှ ပြဿနာ အကြီးကြီးရှာရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
ယောင်ယွီ မည်မျှထိကြာကြာ သည်းခံနိုင်မည်ကို သူ ကြည့်ချင်ခဲ့သည်။
အခြားသူများနှင့် ပတ်သက်၍မူ သူသည် သူတို့ကို အမှန်တကယ် လုံးဝဂရုမစိုက်ခဲ့ချေ။
စကားပြောဆိုပြီးနောက် လင်းထျန်းလန်သည် သူ၏ရှေ့ရှိ နတ်ဘုရားလက်နက်ကို အေးအေးလူလူ စတင်ကစားနေပြီး ပတ်ဝန်းကျင်ကို လုံးလုံးလျားလျား ဂရုမစိုက်သည့်ပုံ ပေါ်နေလေ၏။
မလှမ်းမကမ်းရှိ ထိုက်ချင်ဂိုဏ်း တပည့်များမှာ တစ်ဖက်လူထံမှ ဤမျှထိ မောက်မာသော စကားများကို ကြားလိုက်ရချိန်တွင် သူတို့၏ အမူအရာများ မည်းမှောင်သွားသည်ကို ခံစားလိုက်ရသည်။
ထိုအချိန်မှာပင်....
သူ၏လက်များကို နောက်ပစ်ထားသော အစိမ်းရောင်ဝတ် ပုံရိပ်တစ်ခုက လူအုပ်ကြီး၏ မြင်ကွင်းထဲသို့ အေးအေးလူလူ လျှောက်လှမ်းလာခဲ့ပြီး နင်ဖူယောင်ကလည်း သူ၏နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
"ဒုက္ခပါပဲ... သူက ဘာလို့ ဒီကို လာရတာလဲ..."
"စီနီယာအစ်ကိုက ငါ့အတွက် ရှေ့ထွက်ရပ်တည်ပေးမလို့များလား..."
"ဒါက... မဟုတ်ဘူး... အဲ့လို မဖြစ်နိုင်ပါဘူး..."
"ဒါပေမဲ့ အဲ့ဒီလူက အရမ်းအစွမ်းထက်တယ်လေ... တခြားစီနီယာအစ်ကိုတွေ ပြောတာ ကြားဖူးတယ်... သူက ထျန်းရွှမ်နိုင်ငံက လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ် ပုဂ္ဂိုလ်တဲ့... စီနီယာအစ်ကိုက သူ့ကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ..."
"ငါ တကယ့်ကို အကျပ်ရိုက်နေပြီ..."
နင်ဖူယောင်သည် အလွန်အမင်း စိုးရိမ်ပူပန်နေပေ၏။ စူးချန်ကဲက ဘာလုပ်ချင်နေမှန်း သူမ သေချာမသိသလို သူမ ထင်ထားသည့်အတိုင်း အတိအကျဖြစ်လာမည်ကိုလည်း ကြောက်ရွံ့နေသည်။ သူမကြောင့် အကြောင်းပြချက်မရှိဘဲ သူ အရိုက်ခံရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
စူးချန်ကဲက သူမအပေါ် အမြဲတစေ မကြင်မနာ ဆက်ဆံခဲ့သော်လည်း သူ ဒဏ်ရာရသည်ကို သူမ မကြည့်ရက်နိုင်သေးချေ။
ထိုလူနှစ်ဦး၏ ပေါ်ထွက်လာမှုက အနီးနားရှိ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။ ထောင့်တစ်နေရာတွင် ဒေါသထွက်နေခဲ့သော ထိုက်ချင်ဂိုဏ်း တပည့်များက တက်ကြွသွားကြပြီး လှမ်းကြည့်လိုက်ကြလေ၏။
"စီနီယာအစ်ကိုစူးပါလား..."
"သူက ဘာလို့ ဒီရောက်နေတာလဲ... ပုံမှန်ဆို သူက တခြားလူတွေရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်တာကို မကြိုက်ဘူး မဟုတ်လား..."
"ရှီး... ပြီးတော့ သူက ဂျူနီယာညီမလေးဖူယောင်ကိုပါ ခေါ်လာတာပဲ... ဖြစ်နိုင်တာက... ဒါပေမဲ့ အဲ့ဒါ မမှန်သင့်ပါဘူး... စီနီယာအစ်ကိုစူးက တခြား တပည့်ရင်း ဂျူနီယာညီမလေးတွေအပေါ်မှာ မကြင်နာဘူးလို့ ငါတို့ ကြားထားတာ မဟုတ်ဘူးလား... သူက တကယ်ကြီး ဖူယောင်အတွက် ရှေ့ထွက်ရပ်တည်ပေးမှာလား..."
"ဟဲဟဲ... မင်း နားမလည်ပါဘူး... ငါတို့ရဲ့ ကိုယ်ပိုင်လူတွေကို ငါတို့ ဘယ်လိုပဲ ဆက်ဆံပါစေ... အပြင်လူတွေက ငါတို့ရဲ့မျက်နှာပေါ် လာစီးတာကိုတော့ လုံးဝခွင့်မပြုနိုင်ဘူးလေ..."
"အဲ့ဒါလည်း ဟုတ်တာပါပဲ... ဒါပေမဲ့ အဓိကအချက်က စီနီယာအစ်ကိုစူး လာရင်တောင်မှ သူက တစ်ဖက်လူတွေကို နိုင်လောက်အောင် အစွမ်းမထက်ဘူးလို့ ထင်ရတယ်..."
"ဘယ်သူ့ကိုမှ အရှုံးမပေးတတ်တဲ့ စီနီယာအစ်ကိုစူးရဲ့ စရိုက်နဲ့ဆိုရင် သေချာပေါက် ရန်ပွဲတစ်ခု ဖြစ်တော့မှာပဲ..."
စူးချန်ကဲ၏ခွန်အားမှာ လျှို့ဝှက်ချက် တစ်ခုမဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားချဉ်းကပ်ခြင်းစေတီရှိ သူ၏ မှတ်တမ်းများကို လူတိုင်း မြင်တွေ့နိုင်သည်။ တောင်ထိပ်ကိုးခု၏ ခေါင်းဆောင်တပည့်များကြားတွင် သူသည် အားနည်းသူ မဟုတ်သော်လည်း လင်းထျန်းလန်နှင့် နှိုင်းယှဉ်ပါက သူ့ထံ၌ အနည်းငယ် လိုအပ်ချက် ရှိနေဆဲပင်။
ယခင်က စူးချန်ကဲသည် အမြဲတမ်း မျက်နှာသေနှင့်နေတတ်ပြီး ဂိုဏ်းတူတပည့်များကို အနိုင်ကျင့်သည်ဟူသော ကောလာဟလများ မကြာခဏ ထွက်ပေါ်လေ့ရှိသည်။ သို့သော် ဤအခြေအနေတွင် လူတိုင်းက စူးချန်ကဲ၏ဘက်မှ ရပ်တည်နေကြရာ သူတို့မှာ မစိုးရိမ်ဘဲ မနေနိုင်ကြချေ။
ဤဆွေးနွေးမှုများ ပျံ့နှံ့သွားသည်နှင့်အမျှ မင်းသမီးဟွမ်ယဲ့နှင့် အခြားသူများကလည်း စူးချန်ကဲ ရောက်ရှိလာသည်ကို သတိပြုမိသွားကြလေ၏။
မင်းသမီးဟွမ်ယဲ့က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သူမ၏ မောက်မာသော အမူအရာမှာ ပိုမို ပြင်းထန်လာခဲ့သည်။ သူမ၏ အထင်အမြင်သေးသော အကြည့်က ဝေ့ဝိုက်သွားချိန်တွင် သူမ၏ မျက်လုံးများ၌ အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားသည် သွယ်လျသော ခန္ဓာကိုယ်ရှိပြီး သူ၏ တစ်ကိုယ်လုံးမှ တက်ကြွပြီး ငြိမ်းချမ်းသော တာအိုစည်းချက်တစ်ခုကို ထုတ်လွှတ်နေကြောင်း သူမ မြင်တွေ့လိုက်ရ၏။ သူ၏ မျက်လုံးများက ကြယ်များကဲ့သို့ဖြစ်ပြီး သူ၏ မျက်နှာသွင်ပြင်မှာ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံထားရသည့်အလား ပြိုင်ဘက်ကင်းလောက်အောင် ချောမောလှသည်။ သူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးဟူသည့် ဘွဲ့နာမနှင့် တကယ့်ကို ထိုက်တန်လှသည်။
"သူက စူးချန်ကဲလား..."
"သူ့ရဲ့ရုပ်ရည်က... အရမ်း ချောတာပဲ..."
သူမသည် မောက်မာသော်လည်း ထိုက်ချင်ဂိုဏ်း၏ တောင်ထိပ်ကိုးခုမှ ခေါင်းဆောင်တပည့်များကို သူမ သိရှိထားသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ လူငယ်မျိုးဆက်များထဲတွင် ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
စူးချန်ကဲနှင့် ပတ်သက်သော ကောလာဟလ အများစုမှာ သူသည် အေးစက်သော ဒေါသရှိပြီး ပေါင်းသင်းဆက်ဆံရေး မကောင်းကြောင်း အငြိုးအတေး ကြီးပြီး သူ၏ ရန်သူများအပေါ်အလွန် ရက်စက်ကြမ်းကြုတ်ကြောင်းတို့ ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ထိုအရာအားလုံးမှာ ဆိုးရွားလှသော်လည်း သူ၏ ရုပ်ရည်ကို ချီးကျူးသူများလည်း အများအပြား ရှိနေသည်။
ယခု သူမ သူ့ကို မြင်တွေ့လိုက်ရချိန်တွင် ကောလာဟလများက အမှန်တကယ်ပင် မှန်ကန်နေခဲ့လေ၏။
သို့ရာတွင် မင်းသမီးဟွမ်ယဲ့သည် သူမ၏ အေးစက်သော အမူအရာသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူမ၏ အထင်အမြင်သေးသော အကြည့်က စူးချန်ကဲ၏အနောက်ရှိ နင်ဖူယောင်ဆီသို့ ရွှေ့သွားပြီး သူမက လှောင်ပြောင်လိုက်၏။
"ဟဲ ဟဲ... အကူအညီသွားခေါ်တဲ့အခါ နင်က ဒီထက် နည်းနည်းလောက် ပိုမလည်နိုင်ဘူးလား... ယောင်ယွီအစား စူးချန်ကဲကို ခေါ်လာတာက ဘာအဓိပ္ပာယ်ရှိလို့လဲ..."
"တကယ့်ကို အရူးမပဲ..."
နင်ဖူယောင်ကို မြင်လိုက်သည့် အခိုက်အတန့်တွင် ဖော်ပြ၍မရနိုင်သော ဒေါသတစ်ခုက သူမ၏ နှလုံးသားထဲ၌ လောင်ကျွမ်းသွားခဲ့သည်။ အမှန်တကယ်တော့ ထိုရှေးဟောင်းဓားနှင့် ပတ်သက်၍ ထူးခြားသည့်အရာ တစ်ခုမျှ သူမ မမြင်တွေ့ခဲ့ချေ။ သူမ ထိုအရာကို လုယူခဲ့ရသည့် အကြောင်းအရင်းမှာ အလွန်ရိုးရှင်းလှသည်။
ဤသည်က အမျိုးသမီးတစ်ဦး၏ မနာလိုမှုသက်သက်ပင်။
ဤမင်းသမီးက သူမထက် ရုပ်ထွက်ပိုကောင်းသော အမျိုးသမီးတစ်ဦးကို သူမ၏ မျက်စိရှေ့တွင် ပေါ်လာစေရန် လုံးဝခွင့်ပြုမည် မဟုတ်ချေ။
နင်ဖူယောင်က အရမ်းလှလွန်းနေသည်။
တစ်ဖက်လူက သူမထက် အသက်အနည်းငယ် ငယ်ပုံရသော်လည်း သူမကို သိမ်ငယ်သွားစေလောက်အောင် လှပနေလေပြီ။ ဂုဏ်ယူဝင့်ကြွားတတ်သော သူမက ထိုအရာကို မည်သို့ သည်းခံနိုင်မည်နည်း။
အကယ်၍ သူမတို့က ထိုက်ချင်ဂိုဏ်းတွင် ရောက်နေခြင်းသာ မဟုတ်ပါက နင်ဖူယောင်၏ မျက်နှာကို ပျက်စီးစေရန် နည်းလမ်းတစ်ခုကို ရှာဖွေပြီးနေလောက်ပြီ ဖြစ်ပေမည်။
တစ်ချိန်တည်းမှာပင် သူမ၏ဘေးရှိ လင်းထျန်းလန်သည် စူးချန်ကဲကို ကြည့်ရန် မျက်လုံးပင် မမော့ခဲ့ဘဲ အစမှအဆုံးတိုင်အောင် ဂရုမစိုက်သော အမူအရာကိုသာ ထိန်းသိမ်းထားခဲ့သည်။
မင်းသမီးဟွမ်ယဲ့၏ အသံ ထွက်ပေါ်လာချိန်တွင်...
နင်ဖူယောင်သည် ဒေါသထွက်လွန်းသဖြင့် သူမ၏ မျက်နှာငယ်လေး ဖြူရော်သွားကာ စူးချန်ကဲ၏ ဝတ်ရုံစကို ဆွဲကိုင်လိုက်၏။
"စီနီယာ... စီနီယာအစ်ကို..."
စူးချန်ကဲအား ထွက်သွားရန် သူမ ပြောချင်ခဲ့သည်။
သို့ရာတွင် စူးချန်ကဲက ခေါင်းပင်မလှည့်ဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ဒီမှာ စောင့်နေ... စီနီယာအစ်ကို သွားပြီး သူတို့နဲ့ အကျိုးအကြောင်း ပြောပြလိုက်ဦးမယ်..."
"အကျိုးအကြောင်း ပြောပြမယ်..."
နင်ဖူယောင် ရုတ်တရက် အနည်းငယ် အနေရခက်သွားခဲ့သည်။
သူတို့က နားထောင်ပါ့မလား...
သို့ရာတွင် နောက်ဆက်တွဲ မြင်ကွင်းက နင်ဖူယောင်၏ ခေါင်းကို ထူပူသွားစေခဲ့ပေသည်။
ဒါက အကျိုးအကြောင်း ရှင်းပြတဲ့ နည်းလမ်းပေါ့လေ..
သူမ မြင်လိုက်ရသည်မှာ...
စူးချန်ကဲက တည်ငြိမ်သော အမူအရာဖြင့် မင်းသမီးဟွမ်ယဲ့ဆီသို့ လျှောက်သွားလေ၏။
"နင် ဘာလုပ်နေတာလဲ..."
မင်းသမီးဟွမ်ယဲ့ ချက်ချင်းမျက်မှောင်ကြုတ်သွားပြီး သူမ၏ လေသံတွင် အထင်အမြင်သေးသည့် ဟန်ပန်တစ်ခု ပါဝင်နေသည်။
မည်သည့် အဖြေမှ မရရှိခဲ့သော်လည်း စူးချန်ကဲသည် သူမနှင့် ပို၍ ပို၍ နီးကပ်လာခဲ့လေသည်။
"ထိုက်ချင်ဂိုဏ်းရဲ့ ခေါင်းဆောင်တပည့်တွေက ဒီလောက်တောင် အမူအကျင့် မကောင်းကြတာလား..."
မင်းသမီးဟွမ်ယဲ့က မျက်မှောင်ကြုတ်ကာ စူးရှစွာ ပြောလိုက်၏။
ဤအချိန်၌ပင် မင်းသမီးဟွမ်ယဲ့အနောက်ရှိ တောင့်တင်းသန်မာသော သက်တော်စောင့်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"အရှင်... ကျေးဇူးပြုပြီး ရပ်လိုက်ပါ..."
စူးချန်ကဲက သူ၏စကားကို မကြားသည့်အလား ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားလေ၏။
နောက်တခဏတွင်...
တောင့်တင်းသန်မာသော ပုံရိပ်လေးခုက မင်းသမီးဟွမ်ယဲ့၏ ရှေ့မှ လမ်းကို ပိတ်ဆို့လိုက်ကြပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အငွေ့အသက်တစ်ခု ဖြာထွက်လာခဲ့သည်။ ဦးဆောင်နေသော တောင့်တင်းသန်မာသည့် သက်တော်စောင့်က အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။
"မင်း ဒီထက် ပိုနီးကပ်လာရင် အကျိုးဆက်တွေကို မင်း ခံစားရလိမ့်မယ်..."
ဤအချိန်၌ အခြေအနေ တင်းမာနေသည်။
မလှမ်းမကမ်းရှိ ထိုက်ချင်ဂိုဏ်း တပည့်များမှာ သူတို့၏ နှလုံးသားများ လည်ချောင်းထဲသို့ ရောက်လာသကဲ့သို့ ခံစားလိုက်ရပြီး တချို့မှာ အင်္ကျီလက်လက်များကို ခေါက်တင်ကာ ကူညီရန်ပင် အဆင်သင့် ဖြစ်နေကြလေပြီ။
အကယ်၍ အမှန်တကယ် ရန်ပွဲဖြစ်လာပါက သူတို့၏ကိုယ်ပိုင်လူများက တခြားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရသည်အား သူတို့က ဘေးမှနေ၍ မည်သို့ ရပ်ကြည့်နေနိုင်မည်နည်း။
တစ်ချိန်တည်းမှာပင် အနီးနားရှိ နံရံကို မှီနေသော လင်းထျန်းလန်သည် သူ၏ စာအုပ်လှန်နေခြင်းကို ရပ်တန့်လိုက်ပြီး မော့ကြည့်ကာ ရယ်မောလိုက်၏။
"ဒါက ကျိုးပဲ့နေတဲ့ ရှေးဟောင်းဓားတစ်လက် သက်သက်ပါပဲ... ဒီလို အသေးအဖွဲ ကိစ္စလေးအတွက်နဲ့ ထျန်းရွှမ်နိုင်ငံနဲ့ ထိုက်ချင်ဂိုဏ်းကြားက သဟဇာတဖြစ်မှုကို ဘာလို့ ပျက်စီးစေမှာလဲ... မင်းသမီးက သဘောကျနေမှတော့ သူ့ကို ယူခွင့်ပြုလိုက်ပါ..."
"အို... ဒါနဲ့ စကားမစပ်... ငါက မင်းကို သတိပေးဖို့အတွက် သက်သက် ပြောနေတာပါ..."
"သူရဲကောင်း လုပ်ဖို့ မကြိုးစားနဲ့..."
သူ၏အသံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
စူးချန်ကဲက သူ့ကို ပိတ်ဆို့ထားသော သက်တော်စောင့် လေးဦးကို တစ်ချက်မျှသာ ကြည့်လိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် ကြယ်များကို ဖိနှိပ်ထားသည့် ဧရာမ နဂါးကြီးတစ်ကောင် မျက်လုံးပွင့်လာသည့်အလား ဖြစ်ပြီး သူ၏နောက်တွင် ထူးခြားသော ကောင်းကင်လှိုဏ်ဂူတစ်ခုက ဤအချိန်၌ စုစည်းလာကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းရောင်များ ဖြာထွက်လာခဲ့သည်။
ဝုန်း...