← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း ၁၃ : မင်းက အစွမ်းအထက်ဆုံးပဲ...

မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိသော်လည်း သက်တော်စောင့် လေးဦး၏ အမူအရာများ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့၏ဒွာရခုနစ်ပေါက်မှ သွေးများ ချက်ချင်းစီးကျလာပြီး သူတို့၏ စိတ်ဝိညာဉ်များ တုန်လှုပ်သွားကာ သူတို့၏ ခန္ဓာကိုယ်များမှာ မမြင်ရသော အင်အားတစ်ခုကြောင့် နောက်သို့လွင့်စင်သွားလေ၏။ ကြိုးပြတ်သွားသော စွန်များအလား အသင်္ချေကောင်းကင်ဘုံနန်းတော်သို့ အပြင်းအထန် ဝင်တိုက်မိသွားပြီး အကာအကွယ် နတ်ဘုရားအလင်းတန်းကိုပင် အသက်ဝင်သွားစေလောက်သည့် နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ထိုလူလေးဦးမှာ သတိလစ်သွားကြောင်း သိသာထင်ရှားစွာဖြင့် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေလေ၏။ ထိုအချိန်အခိုက်အတန့်တွင် သူတို့သည် ရှေးဦးခေတ်မှ ရှေးအကျဆုံးသော နဂါးဟိန်းသံကို ကြားလိုက်ရခြင်း ဖြစ်သည်။ ထိုလူလေးဦး လွင့်စင်သွားချိန်တွင် မလှမ်းမကမ်း၌ ရှိနေသော လင်းထျန်းလန်သည် လှုပ်ရှားနေပြီ ဖြစ်ကာ ပထမဆုံး တုံ့ပြန်နိုင်ခဲ့သူပင်။

"ထိုက်ချင်ဂိုဏ်းက ဒီလိုပါရမီရှင်တွေကို ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး... ကောင်းကင်လှိုဏ်ဂူ ပေါင်းစည်းခြင်းရဲ့ မှော်အက္ခရာပုံစံက ကြောက်ဖို့ကောင်းတာပဲ... မင်းက အစွမ်းအထက်ဆုံးလူ ဖြစ်ရမယ်..."

လင်းထျန်းလန်၏ အသံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ သူ၏ ပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအင်များ လှိုင်းထလာပြီး မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် အစောပိုင်းအဆင့်၏ အစွမ်းထက်သော ခွန်အားများက မည်သည့် ထိန်းချုပ်မှုမျှမရှိဘဲ ပေါက်ကွဲထွက်လာခဲ့လေ၏။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် တုံ့ပြန်ရန် အချိန်မရလိုက်သူတိုင်း ဖြူရော်သွားကြပေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်...

လင်းထျန်းလန်သည် စူးချန်ကဲ၏ရှေ့သို့ ရောက်ရှိနေလေပြီ။ သူ၏ လက်သီးက မိုးကြိုးကဲ့သို့ လှုပ်ရှားသွားပြီး သူ၏ ဘယ်ဘက်လက်မောင်း အရိုးများအတွင်းရှိ ကွေးညွတ်နေသော မိုးကြိုးတာအို မှော်စာလုံးက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့်အလား ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင် မိုးကြိုးအလင်းတန်းများကို ထုတ်လွှတ်နေပေ၏။

သူ၏ ပထမဆုံးလှုပ်ရှားမှုက သတ်ဖြတ်မည့် တိုက်ကွက်တစ်ခုပင်။

ကောင်းကင်လှိုဏ်ဂူ ပေါင်းစည်းခြင်းကို ရရှိထားသော မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရာတွင် လင်းထျန်းလန်သည် မည်သည့်အရာကိုမျှ နောက်ချန်မထားခဲ့ချေ။

ဤလက်သီးချက်သည် လေထုကို ဆုတ်ဖြဲသွားသော စူးရှသည့် အသံတစ်ခုနှင့် မိုးကြိုးပစ်ခတ်သံများကို သယ်ဆောင်လာပြီး စူးချန်ကဲ၏ မျက်နှာဆီသို့ တည့်တည့်ဦးတည်လာခဲ့သည်။

သို့ရာတွင်....

ဤမိုးကြိုးကဲ့သို့ လျင်မြန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် စူးချန်ကဲက လှုပ်ရှားခြင်း မရှိခဲ့ချေ။

ထိုလက်သီးချက် ရောက်ရှိလာချိန်မှာပင်...

စူးချန်ကဲသည် နောက်ဆုံးတွင် သူ၏ လက်ညှိုးတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်ပြီး ညင်သာစွာ ပွတ်ဆွဲလိုက်၏။

ဝီ...

ထိုနေရာမှ ထိုက်ချင်ဓားချီ အထွတ်အထိပ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လောကကြီးကို ချက်ချင်းရှင်းလင်းသွားစေခဲ့သည်။ ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို ကဏဦးနားလည်သဘောပေါက်ပြီးနောက် ထုတ်လွှတ်လိုက်သော အထွတ်အထိပ်ဓားချီသည် ကောင်းကင်ကွပ်မျက် ဓားစိတ်ဆန္ဒ တစ်စကို အလိုအလျောက် သယ်ဆောင်လာခဲ့ပြီး အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ဓားချီက လင်းထျန်းလန်၏ မိုးကြိုးအလင်းတန်း ရတနာနည်းစနစ် အလင်းတန်းကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်ပြီး သူ၏ လက်သီးချီစွမ်းအားမှာ ချက်ချင်းနှစ်ပိုင်းပြတ်သွားလေ၏။

"မင်း..."

လင်းထျန်းလန် အလွန်အမင်း ထိတ်လန့်သွားပြီး ယခင်က သူ တစ်ခါမျှ မခံစားခဲ့ဖူးသော ကြောက်ရွံ့မှုတစ်ခုက ပေါ်ထွက်လာခဲ့သည်။ ထိုဓားစိတ်ဆန္ဒ၏ ခွန်အားက သူ၏ အရိုးများအထိ အေးစက်သွားစေခဲ့သည်။

ဓားတာအို နတ်ဘုရားစွမ်းရည်အပေါ် ဤလူ၏ နားလည်သဘောပေါက်မှုက အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ၏စိတ်ထဲ၌ သူ သိလိုက်သည်။

သူက ဓားတာအိုကိုပင် နားလည်သဘောပေါက်လုနီးပါး ဖြစ်နေနိုင်သည်။

သို့ရာတွင် သူ၏လက်သီးမှ လာသော စူးရှသည့် နာကျင်မှုအတွက် စိတ်ပူနေရန် သူ့ထံတွင် အချိန်မရှိချေ။ အကြောင်းအရင်းမှာ နောက်ထပ် ကြည်လင်သော ဓားစိတ်ဆန္ဒတစ်ခုက သူ့ဆီသို့ ပိုင်းဖြတ်လာပြီး ထိုအရာ၏အရှိန်အဝါမှာ ပို၍အစွမ်းထက်နေသောကြောင့်ပင်။

လင်းထျန်းလန်၏ ဦးရေပြား ချက်ချင်းထုံကျင်သွားခဲ့သည်။ သူသည် သူ၏ ဝှက်ဖဲကို ချက်ချင်းအသုံးပြုလိုက်၏။ သူ၏ ရင်ဘတ် အရေပြားအောက်တွင် ရှေးဟောင်းနှင့် နက်နဲသော မှော်စာလုံးတစ်ခု ရုတ်တရက် လင်းလက်လာပြီး ကျယ်ဝန်းကာ လေးလံသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပေသည်။

ဤမှော်စာလုံးကို သူ တိုက်ဆိုင်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် ရှေးဟောင်း နတ်ဘုရားသတ္တဝါ ရွှမ်ဝူမှ ဆင်းသက်လာသော အရင်းအမြစ် မှော်စာလုံးတစ်ခု ဖြစ်လေ၏။ ထိုအရာကို သူ၏ ရင်ညွန့်ရိုးပေါ်တွင် ထွင်းထုရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရပြီး ဤသည်မှာ သူ၏ အစွမ်းထက်ဆုံး လှုပ်ရှားမှုပင်။

ရှေးဟောင်း နတ်ဘုရားအလင်းရောင်များ တောက်ပလာချိန်တွင် ထိတွေ့နိုင်ပုံရပြီး လိပ်ခွံပုံစံများဖြင့် ဖုံးလွှမ်းထားသော သရဲတစ္ဆေ ဒိုင်းတစ်ခုက သူ၏ရင်ဘတ်ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ ရွှမ်ဝူ၏ မှုန်ဝါးသော သရဲတစ္ဆေ ပုံရိပ်တစ်ခုက ဒိုင်းပေါ်တွင် ဝဲပျံနေပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို လေးလံထိုင်းမှိုင်းသွားစေခဲ့လေ၏။

"ရတနာနည်းစနစ်... ရွှမ်ဝူ အစစ်အမှန် သံချပ်ကာ... ဖိနှိပ်စမ်း..."

လင်းထျန်းလန်က သူ၏စိတ်နှလုံးသားထဲ၌ ဟိန်းဟောက်လိုက်သည်။

ဝုန်း...

ကြည်လင်သော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်နေသည့် ထိုဓားချီက ထပ်မံ၍ ပိုင်းဖြတ်လာခဲ့၏။ ဓားစိတ်ဆန္ဒအတွင်းတွင် လင်းထျန်းလန် မျှော်မှန်း၍မရနိုင်သော ကောင်းကင်ကို သတ်ဖြတ်ကာ မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ဖိအားတစ်စ ပါဝင်နေသည်။

ခွပ်...

လိပ်ခွံတစ်ခု ကွဲအက်သွားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်...

လင်းထျန်းလန်၏ခန္ဓာကိုယ်သည် အနက်ရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်သို့လွင့်စင်သွားကာ အဝေးရှိ ထောင့်တစ်နေရာသို့ ဝင်တိုက်မိသွားလေ၏။ သူ၏ ရင်ဘတ်ကို ဖုံးကွယ်ထားသော ရွှမ်ဝူ သံချပ်ကာပေါ်တွင် နက်ရှိုင်းသော ဓားရာတစ်ခု ရှိနေပြီး အတွင်းသို့ ထပ်မံ ကြည့်ရှုလိုက်ပါက အသားနှင့် သွေးများကိုပင် မြင်တွေ့နေရလေပြီ။

"အရမ်း အစွမ်းထက်တာပဲ..."

"ရွှမ်ဝူ မှော်စာလုံးကသာ ကာကွယ်ရေးမှာ အထူးပြုမထားဘူးဆိုရင် ငါ သေသွားလောက်ပြီ..."

လင်းထျန်းလန်က သွေးများအန်ထုတ်ရင်း ရေရွတ်လိုက်၏။ သူသည် တိုက်ခိုက်နိုင်စွမ်းကို လုံးဝဆုံးရှုံးသွားခဲ့လေပြီ။ သူ စူးချန်ကဲကို ထပ်မံ ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများက ရှုပ်ထွေးမှုနှင့်ဗလာကျင်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် သူ လုံးလုံးလျားလျား တွေဝေသွားပုံရသည်။

ဒါက သူ့ကို ဒီလောက် ဆိုးဆိုးရွားရွား အနိုင်ယူနိုင်တဲ့ တူညီတဲ့ နယ်ပယ်က ဒုတိယမြောက်လူပဲ...

ဤအရာအားလုံး မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ပြီး မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်ချေ။

မင်းသမီးဟွမ်ယဲ့၏ အမူအရာမှာ မောက်မာနေဆဲဖြစ်ပြီး အသက်တစ်ရှိုက်စာ အချိန်အကြာအထိပင်။

"နင်... နင်... နင်..."

မင်းသမီးဟွမ်ယဲ့၏ အမူအရာ ချက်ချင်း သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏မျက်လုံးများတွင် အံ့အားသင့်မှု ထိတ်လန့်မှုနှင့် ပြင်းထန်သော မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေလေ၏။

သူမ၏ အမြင်တွင် သက်တော်စောင့်များက စူးချန်ကဲကို ပိတ်ဆို့ရန် ရှေ့သို့ ထွက်လာရုံမျှဖြင့် စိုက်ကြည့်ခံလိုက်ရပြီးနောက် လွင့်စင်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် လင်းထျန်းလန်က အကြောင်းပြချက် မသိရဘဲ ပြေးဝင်သွားကာ တစ်ဖက်လူ၏လက်ချောင်းဖြင့် ပွတ်ဆွဲခြင်းကို ခံလိုက်ရပြီး ထပ်မံ၍ လွင့်စင်သွားခဲ့သလော...

သို့ရာတွင် သူတို့အားလုံး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကြသည်။

သူမ ရှင်းရှင်းလင်းလင်း မမြင်ရလျှင်ပင် စူးချန်ကဲ လှုပ်ရှားခဲ့ကြောင်း သူမ သိသည်။

ဒါက ဘယ်လို ခွန်အားမျိုးလဲ...

ဒီနေရာမှာ ရပ်နေတဲ့ စူးချန်ကဲက ဒီလောက်တောင် အစွမ်းထက်တာလား...

ထျန်းရွှမ်နိုင်ငံရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်က သူ့ရဲ့ရှေ့မှာ ဒီလိုမျိုး အနိုင်ယူခံလိုက်ရတာလား...

ဤအချိန်၌ မြင်ကွင်းတစ်ခုလုံးမှာ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့လေ၏။

အဝေးမှ ထိုက်ချင်ဂိုဏ်း တပည့်များမှာ မင်းသမီးဟွမ်ယဲ့ထက် မလျော့သော အံ့အားသင့်မှုနှင့် တွေဝေမှုတို့ ဖြစ်နေကြသည်။

"အို... ဘုရားရေ..."

"ငါ မြင်တာ မမှားပါဘူးနော်... စီနီယာအစ်ကိုစူး လှုပ်ရှားလိုက်တာလား မလှုပ်ရှားလိုက်ဘူးလား..."

"သူ လုပ်လိုက်တယ်... ခုဏက ဓားစိတ်ဆန္ဒက ထိုက်ချင်ဓားနည်းစနစ်ရဲ့ ကြည်လင်တဲ့ ဓားစိတ်ဆန္ဒလေ... အဲ့ဒါက ထိုက်ချင်ဓားနည်းစနစ်ရဲ့ အထွတ်အထိပ်ရောက်မှသာ ရနိုင်တာ... စီနီယာအစ်ကိုစူးက ထိုက်ချင်ဓားနည်းစနစ်ရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီလား..."

"အဲ့ဒါက အရေးအကြီးဆုံး မဟုတ်ဘူး... မင်းတို့ သတိမထားမိဘူးလား... စီနီယာအစ်ကိုစူးက မှော်အက္ခရာပုံစံကို ဖွဲ့စည်းထားပြီးပြီလေ... ပြီးတော့ သူ့မှာ ကောင်းကင်လှိုဏ်ဂူ တစ်ခုတည်းပဲ ရှိတယ်... အဲ့ဒါက ဘာအဓိပ္ပာယ်လဲ... ပေါင်းစည်းတာလား... လူတစ်ယောက်က ဒီလိုတောင် ကျင့်ကြံလို့ ရလို့လား..."

"ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ... လင်းထျန်းလန်က ဓားတစ်ချက်ကိုတောင် တောင့်မခံနိုင်ဘူး... စီနီယာအစ်ကိုစူးက အရမ်းအစွမ်းထက်လွန်းတယ်..."

လူတိုင်း အံ့အားတသင့် အော်ဟစ်နေကြစဉ်တွင် သတိမထားမိနိုင်သော ထောင့်တစ်နေရာ၌ ယောင်ရှင်းယဲ့က သူ၏ကြောင်အမ်းအမ်း အကြည့်ကို ရုပ်သိမ်းလိုက်၏။ စူးချန်ကဲ၏ ခွန်အားကြောင့် အံ့အားသင့်သွားပြီးနောက် သူသည် ရင်ကွဲနာကျမှုကို ချက်ချင်းဖော်ပြလိုက်သည်။

"ရှေးဟောင်းနဂါးစွမ်းအားကောင်းကင်လှိုဏ်ဂူ ပေါင်းစည်းခြင်း...အထွတ်အထိပ် ထိုက်ချင်ဓားနည်းစနစ်... အိုး... ဆရာစူး... ဒါ... ဆရာစူး... ဒါက..."

"ဒီလို မဖြစ်သင့်ဘူးလေ..."

"ဒီစွမ်းအားတွေအားလုံးကို အဆောင်လက်ဖွဲ့တာအိုအပေါ်မှာသာ အာရုံစိုက်လိုက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..."

"ဆရာစူးရဲ့ ကြောက်ဖို့ကောင်းတဲ့ ပါရမီနဲ့ဆိုရင် အသက်သုံးဆယ်မတိုင်ခင် အဆောင်လက်ဖွဲ့တာအိုရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို သေချာပေါက် ရရှိနိုင်မှာပဲ..."

ထိုသို့ပြောဆိုလိုက်သော်လည်း ယောင်ရှင်းယဲ့သည် စူးချန်ကဲ မည်သို့ ကျင့်ကြံခဲ့သနည်းဆိုသည်အပေါ် စိတ်ခံစားမှုများဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ စူးချန်ကဲ၏ အကြီးမားဆုံးစွမ်းအားမှာ အဆောင်လက်ဖွဲ့တာအို ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားပြီး ထိုအရာကို ထုတ်မသုံးရသေးပေ။

နောက်တစ်စက္ကန့်တွင်...

"ဟင်..."

"မပြီးသေးဘူးပဲ..."

စူးချန်ကဲ၏ ခြေလှမ်းများ မရပ်တန့်သေးသည်ကို မြင်သောအခါ ယောင်ရှင်းယဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ့ကို တားဆီးရန် ကြိုးစားသင့်မသင့် တွန့်ဆုတ်နေမိလေ၏။

ဤအချိန်၌ပင်...

စူးချန်ကဲသည် မင်းသမီးဟွမ်ယဲ့၏ရှေ့ မီတာဝက်ခန့်အကွာသို့ ရောက်ရှိနေလေပြီ။

မင်းသမီးဟွမ်ယဲ့၏မျက်နှာတွင် မည်သည့် မောက်မာမှုမျှ မရှိတော့ဘဲ ဖြူရော်မှုနှင့် ထိတ်လန့်မှုတို့သာ ရှိနေသည်။ စူးချန်ကဲ၏ ခွန်အားက သူမကို ထိတ်လန့်သွားစေခဲ့ကြောင်း သိသာရှင်းလင်းသည်။

"နင်... နင်... နင်... နင် ဘာလုပ်မလို့လဲ..."

"ငါက ထျန်းရွှမ်နိုင်ငံရဲ့ မင်းသမီး... ပြီးတော့ နင်တို့ ထိုက်ချင်ဂိုဏ်းရဲ့ ဧည့်သည်..."

မင်းသမီးဟွမ်ယဲ့က အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူမ၏ အသံ တုန်ယင်စ ပြုလာခဲ့သည်။

စူးချန်ကဲက နောက်ထပ် စကားတစ်ခွန်းမျှ မပြောဘဲ သူ၏လက်ဝါးကိုဖြန့်ကာ မင်းသမီးဟွမ်ယဲ့ကို တိတ်တဆိတ် ကြည့်နေလေ၏။

ဤသည်ကို မြင်သောအခါ မင်းသမီးဟွမ်ယဲ့က အံ့ကြိတ်လိုက်သည်။ စူးချန်ကဲ ဘာလိုချင်နေသနည်းဆိုသည်ကို သူမ မည်သို့ မသိဘဲ နေမည်နည်း။ သို့ရာတွင် တစ်ခဏမျှ တွန့်ဆုတ်ပြီးနောက် သူမသည် ရှေးဟောင်းဓားကို မလိုလားဘဲ ထုတ်ယူကာ စူးချန်ကဲ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

"ဟမ့်..."

ဓားကိုပေးပြီးနောက် သူမ၏ ယခင် မောက်မာမှုကို ပြန်လည်ရရှိသွားသည့်အလား အေးစက်စက် နှာမှုတ်ရန် သူမ မမေ့ခဲ့ချေ။

"ဒါက ဓားကျိုးတစ်လက် သက်သက်ပါပဲ... ဒီမင်းသမီးက အဲ့ဒါကို လိုတောင် မလိုချင်ပါဘူး..."

"ဒီမင်းသမီးက ဒီနေ့ ခံရတဲ့ အရှက်ကွဲမှုကို မှတ်ထားလိုက်ပြီ..."

နောက်တစ်စက္ကန့်တွင် ..

ဖြန်း...

ကျယ်လောင်သော ပါးရိုက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မယုံကြည်နိုင်သော အမူအရာဖြင့် မင်းသမီးဟွမ်ယဲ့သည် နောက်သို့လွင့်စင်သွားလေ၏။ ပြင်းထန်သော နာကျင်မှုကြောင့် သူမက ဝက်သတ်သကဲ့သို့ စူးရှစွာ အော်ဟစ်လိုက်ပြီး သွားတချို့ လေထဲသို့ ကျွတ်ထွက်သွားသည်ကို မှုန်ဝါးဝါး မြင်တွေ့လိုက်ရသည်။

"အား..."

အခန်း ၁၄: လူတစ်ယောက် လိုင်းကျသွားတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...

ဤဝက်သတ်သကဲ့သို့ စူးရှသော အော်သံက အသင်္ချေကောင်းကင်ဘုံနန်းတော်တလျှောက် ပဲ့တင်ထပ်သွားပြီး အလွန်အမင်း နားကလော်ဖွယ် ကောင်းလှသည်။

မင်းသမီးဟွမ်ယဲ့သည် ပေအတော်ဝေးဝေးရှိ မြေပြင်ပေါ်မှ တွားသွားထလာခဲ့ပြီး သူမ၏ ညာဘက်ပါးပြင်ပေါ်ရှိ အသားများမှာ သိသိသာသာ ရောင်ရမ်းနေကာ ဝက်ခေါင်းတစ်ခြမ်းအဖြစ် ချက်ချင်းပြောင်းလဲသွားလေ၏။

ဤမြင်ကွင်းကြောင့် လူတိုင်း ကြောင်အမ်းသွားခဲ့ပြီး ထိုက်ချင်ဂိုဏ်းတပည့်များကမူ အံအားသင့်ဝမ်းသာသော အမူအရာများကို ပြသနေကြသည်။

"ကောင်းတယ်... ကောင်းကောင်း ရိုက်လိုက်တာပဲ..."

"အိုး... ဘုရားရေ... စီနီယာအစ်ကိုစူးမှ စီနီယာအစ်ကိုစူးပဲ... သူက ရက်စက်ပြီး စကားသိပ်မများဘူး... ငါ အရမ်း သဘောကျတာပဲ..."

"မင်းက ဒါကိုတောင် မသိဘူးလား... မင်းက ဒီကို အခုမှ ရောက်တာလား... စီနီယာအစ်ကိုစူးက အမြဲတမ်း ဒီလိုပဲ... ပုံမှန်နေ့တွေမှာ စီနီယာအစ်ကိုစူးက အရမ်းအေးစက်လွန်းတယ်လို့ လူတိုင်းက ထင်ကြပေမဲ့ ဂိုဏ်းထဲမှာ ဘယ်သူက သူ့ကို မလေးစားဘဲ နေလို့လဲ ကြည့်လိုက်ဦး... အဲ့ဒီလူက အပြင်လူတွေအပေါ် တကယ့်ကို ရက်စက်တာပဲ..."

"အဲ့ဒီလိုပြောရရင် ဒီပါးရိုက်ပြီးတဲ့နောက်မှာ စီနီယာအစ်ကိုစူးက ဒါကို ဘယ်လို ရှင်းပြမလဲ..."

အရိပ်ထဲတွင် ပုန်းအောင်းနေသော ယောင်ရှင်းယဲ့သည် မျက်စိလျင်ပြီး လက်မြန်လှကာ ဤနေရာရှိ ဆူပူအုံကြွမှုများကို ကြိုတင်၍ သီးသန့်ဖြစ်အောင် လုပ်ဆောင်ထားပြီးဖြစ်သည်။ မင်းသမီးဟွမ်ယဲ့၏ ဝက်ခေါင်းအသွင်အပြင်ကို မြင်သောအခါ သူ၏မျက်ခွံများ လှုပ်ရှားသွားပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။

"ငါ လုပ်တာ မှန်ပါတယ်... ငါ လုပ်တာ မှန်ပါတယ်... ထျန်းရွှမ်နိုင်ငံရဲ့ ခင်မင်မှုက ဘယ်လိုလုပ် ဆရာလောက် အရေးကြီးပါ့မလဲ... အော်မီတောဖော..."

ဤအချိန်၌ မင်းသမီးဟွမ်ယဲ့၏ဆံထိုးများ ပြန့်ကျဲနေပြီး သူမ၏တန်ဖိုးကြီးရတနာမိုးပြာရောင်ဂါဝန်တွင် ဖုန်များဖြင့် ဖုံးလွှမ်းနေကာ သူမ၏မျက်နှာ ကြောင်အမ်းအမ်း ဖြစ်နေသည်။ သူမ သတိပြန်လည်လာပြီးနောက် သူမသည် မယုံကြည်နိုင်မှုနှင့် မနာလိုမှုတို့ ရောယှက်နေသော အမူအရာဖြင့် စူးချန်ကဲကို တည့်တည့်စိုက်ကြည့်နေလေ၏။

"နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့..."

"နင်က ငါ့ကို တကယ် ရိုက်ရဲတယ်ပေါ့..."

မင်းသမီးဟွမ်ယဲ့၏အသံတွင် ငိုသံနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူမသည် ထျန်းရွှမ်နိုင်ငံ၏ အချစ်ခံရဆုံး မင်းသမီးလေးပင်။

ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူမ၏ လက်ချောင်းတစ်ချောင်းကို မည်သူကမျှ မထိရဲခဲ့ဖူးချေ။

ယနေ့ ဤကဲ့သို့ လူသိရှင်ကြား ပါးရိုက်ခံရပြီး လွင့်စင်သွားရခြင်းကိုမူ သူမ ပြောနေရန်ပင် မလိုတော့ချေ။

ယခင်က သူမ အရှုံးပေးပြီး ရှေးဟောင်းဓားကို လွှဲပြောင်းပေးခဲ့ရသည့် အကြောင်းအရင်းမှာ လင်းထျန်းလန် အလွန်လျှင်မြန်စွာ ရှုံးနိမ့်သွားသည်ဟု ခံစားရပြီးမျက်နှာပျက်နေပြီ ဖြစ်သောကြောင့်ပင်။ အကြီးအကဲများကို ဝင်ရောက်စွက်ဖက်ခွင့်ပြုခြင်းက မကောင်းကြောင်းကိုလည်း သူမ နားလည်ထားသည်။ ထိုသို့မဟုတ်ပါက သူမ ပို၍ပင် မျက်နှာပျက်ရပေမည်။

သို့ရာတွင် ယခု၌မူ အခြေအနေ ကွာခြားသွားပြီ။

အချိန်တခဏအတွင်း၌ ဝမ်းနည်းမှုနှင့် အရှက်ရမှု ခံစားချက်များက သူမ၏စိတ်နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့သည်။ မင်းသမီးဟွမ်ယဲ့၏ မျက်နှာ တဖြည်းဖြည်း အနည်းငယ် ရှုံမဲ့လာလေ၏။ သူမက အံ့ကြိတ်ကာ စူးချန်ကဲကို တည့်တည့် စိုက်ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။

"ငါ့ရဲ့ ခမည်းတော် ဧကရာဇ်က ဘယ်သူလဲ နင် သိလား... ငါက ဘယ်သူလဲဆိုတာရော နင် သိလား..."

သို့ရာတွင် ဤဂန္ထဝင်ဗီလိန်စကားများကို ကြားလိုက်ရချိန်တွင် ပြန်လည်ချေပရန် စကားမပြောဘဲ အချိန်အတော်ကြာ အောင့်အည်းထားခဲ့ရသော စူးချန်ကဲက မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ...မင်းရဲ့အမေက မင်းရဲ့အဖေ ဘယ်သူလဲဆိုတာ မင်းကို သေသေချာချာ မပြောပြလိုက်ဘူးလား..."

မင်းကို ရိုက်တာလား...

ငါ မင်းကို ရိုက်နေတာလေ...

သောက်ကျိုးနည်း... ငါ့ရဲ့ အမြင့်ဆုံးအဆင့် အထွတ်အထိပ်အရိုးက ပျောက်လုနီးပါး ဖြစ်သွားတာ မင်း သိလား...

မင်းက ငါ့ကို လျော်ကြေးပေးနိုင်လို့လား...

ကမ္ဘာပေါ်ရှိ ဗီလိန်အားလုံး၏ စကားများက အတူတူပင် ဖြစ်နေသလော...

သူတို့ထံ၌ အမှန်တကယ့်ကို ဖန်တီးနိုင်စွမ်း လုံးဝမရှိပေ။

"နင်က ငါ့ရဲ့ ခမည်းတော် ဧကရာဇ်ကို စော်ကားရဲတယ်ပေါ့..."

မင်းသမီးဟွမ်ယဲ့၏မျက်နှာ ချက်ချင်းပင် ပို၍ကြောက်မက်ဖွယ် ကောင်းလာပြီး သူမ၏ ညာဘက်ပါးပြင်မှာ ပို၍ပင် ရောင်ရမ်းလာခဲ့လေ၏။

"အော်နေတုန်းပဲလား..."

စူးချန်ကဲက ရှေးဟောင်းဓားကို ဘယ်ဘက်လက်ဖြင့် သူ၏နောက်တွင် ကိုင်ထားကာ ညာဘက်လက်ကို ဆန့်ထုတ်၍ လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး မင်းသမီးဟွမ်ယဲ့ဆီသို့ ထပ်မံ၍ လျှောက်လှမ်းသွားလေသည်။

ဤမြင်ကွင်းကို မြင်သောအခါ မင်းသမီးဟွမ်ယဲ့ ၏တစ်ကိုယ်လုံး တုန်ရီသွားပြီး နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခုက သူမ၏ နှလုံးသားထဲသို့ ချက်ချင်းဝင်ရောက်လာခဲ့ပေ၏။ သူမက ထိတ်လန့်တကြား ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မလှမ်းမကမ်းတွင် လင်းထျန်းလန်သည် သေလုမျောပါးဖြစ်နေကာ မြေပြင်ပေါ်တွင် လဲကျနေပြီး မျက်နှာကျက်ကို ကြောင်အမ်းအမ်း စိုက်ကြည့်ကာ သူ့ဘာသာသူ အဆက်မပြတ် ရေရွတ်နေသည်။

"ဒီလောက် အစွမ်းထက်တဲ့ ဓား... ဒီလောက် အစွမ်းထက်တဲ့ ဓား... ဒီလို မဖြစ်သင့်ဘူး... ကောင်းကင်လှိုဏ်ဂူ ပေါင်းစည်းခြင်း... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

တစ်ကွက်တည်းဖြင့် အသတ်ခံရလုနီးပါး ဖြစ်သွားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများက ကြီးမားလွန်းကြောင်း ထင်ရှားလှသည်။ သူသည် ယခုထိတိုင် ပြန်လည်သက်သာလာခြင်း မရှိသေးချေ။

"တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ... နင်က သူ့ကို တစ်ကွက် ဒါမှမဟုတ် နှစ်ကွက်နဲ့ အနိုင်ယူမယ်လို့ ပြောခဲ့တယ် မဟုတ်လား..."

မင်းသမီးဟွမ်ယဲ့က ဒေါသတကြီး အံ့ကြိတ်လိုက်ပြီးနောက် တခြားသက်တော်စောင့်များကို တစ်ချက်ကြည့်လိုက်ရာ သူတို့အားလုံး သတိလစ်နေကြလေပြီ။

သို့ရာတွင် မင်းသမီးဟွမ်ယဲ့က တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး ဟိန်းဟောက်လိုက်၏။

"ဒါက နင်တို့ ထိုက်ချင်ဂိုဏ်းက ဧည့်သည်တွေကို ဆက်ဆံတဲ့ နည်းလမ်းလား..."

"နင်တို့ ထိုက်ချင်ဂိုဏ်းက ငါတို့ ထျန်းရွှမ်နိုင်ငံနဲ့ အဆက်အသွယ် လုံးဝ ဖြတ်ချင်နေတာလား..."

"တော်ဝင်ဦးလေး... တော်ဝင်ဦးလေး... ဦးလေး ထပ်မလာရင် ယဲ့အာ တခြားလူတွေရဲ့ အနိုင်ကျင့်တာကို ထပ်ခံရတော့မယ်..."

သူမက ဤကဲ့သို့ တမင်တကာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ ဤအသင်္ချေကောင်းကင်ဘုံနန်းတော်တွင် ထိုက်ချင်ဂိုဏ်း၏ အကြီးအကဲများမရှိဟု သူမ မယုံကြည်ချေ။

စူးချန်ကဲက သူမကို ဤကဲ့သို့ ရိုက်နှက်နေသည်ကို သူတို့က ​ဤအတိုင်း ခွင့်ပြုထားမည်လော...

မျှော်လင့်ထားသည့်အတိုင်းပင်...

သူမ ဤသို့ အော်ဟစ်လိုက်သည်နှင့် တပြိုင်နက် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသော ယောင်ရှင်းယဲ့မှာ ဆက်၍ ထိုင်မနေနိုင်တော့ဘဲ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာဖြင့် ဖြည်းညှင်းစွာ ထွက်လာခဲ့လေ၏။

သူ့ထံ၌ အခြား နည်းလမ်းမရှိတော့ချေ။

သူ မကြားလိုက်ဟု ပြောရမည်လော...

ထိုအရာကို မည်သူက ယုံကြည်မည်နည်း။

ဤသည်မှာ အသင်္ချေကောင်းကင်ဘုံနန်းတော် ဖြစ်ပြီး ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်ရှိ အကြီးအကဲများစွာနှင့် သူကဲ့သို့ မြင့်မြတ်အရှင်နယ်ပယ်၏ အထွတ်အထိပ်တွင်ရှိသော တောင်ထိပ်သခင်တစ်ဦးပင် ရှိနေသည်။

အကယ်၍ သူ လုံးဝ မျက်နှာမပြပါက ထိုအရာက အလွန်အမင်း ရယ်စရာကောင်းသွားပေလိမ့်မည်။

အင်း...

သူ ဝင်ပါမှ ရတော့မည်...

ယောင်ရှင်းယဲ့ ထွက်ပေါ်လာချိန်တွင် လူတိုင်းက သူ့ကို ချက်ချင်းသတိပြုမိသွားကြ၏။ ထိုက်ချင်ဂိုဏ်း တပည့်များ၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြသည်။

"ဂါရဝပြုပါတယ် တောင်ထိပ်သခင်ရှင်းယဲ့..."

"ဒုက္ခပါပဲ... တောင်ထိပ်သခင်ရှင်းယဲ့ ရောက်လာပြီ..."

"ငါတို့ ဘာလုပ်သင့်လဲ... သူက စည်းကမ်းအတင်းကြပ်ဆုံးပဲ..."

မင်းသမီးဟွမ်ယဲ့က အဝေးမှ ထွက်ပေါ်လာသော ယောင်ရှင်းယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး အံ့ကြိတ်လိုက်၏။ သူမ၏ မျက်လုံးများတွင် နက်ရှိုင်းသော မကျေနပ်မှုတစ်ခု ရှိနေပုံရသည်။

သူမ မည်မျှပင် မိုက်မဲပါစေ တစ်ဖက်လူက တမင်သက်သက် လုပ်ခဲ့ခြင်းဖြစ်ကြောင်း သူမ နားလည်ထားသည်။

တောင်ထိပ်သခင်တစ်ဦး၏ ခွန်အားဖြင့် သူ ရောက်လာရန် မည်သို့ ဤမျှထိ ကြာမြင့်နိုင်မည်နည်း။

ရုတ်ချည်းဆိုသလိုပင် သူမသည် နောက်လှည့်ကာ သူမဆီသို့ လျှောက်လာနေသော စူးချန်ကဲကို ရက်စက်ကြမ်းတမ်းစွာ စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ဒီကိစ္စကို နင် ဘယ်လို ရှင်းပြမလဲ ကြည့်ကြသေးတာပေါ့..."

သို့ရာတွင် နောက်တစ်စက္ကန့်တွင်..

"ဂါရဝပြုပါတယ် တောင်ထိပ်သခင်ရှင်းယဲ့..."

ထိုက်ချင်ဂိုဏ်းတပည့်များ၏ နှုတ်ဆက်သံများ ထပ်မံ​၍ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် လူတိုင်းမှာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပေ၏။

"ဘာဖြစ်နေတာလဲ..."

"သခင်ရှင်းယဲ့က ခုလေးတင် အဲ့ဒီမှာ ထွက်ပေါ်လာတာ မဟုတ်ဘူးလား..."

"ဟုတ်တဲ့ပုံပဲ..."

"ငါ ခေါင်းလှည့်ကြည့်လိုက်တော့ သူက အခုမှ ရောက်လာတဲ့ပုံ ဘာလို့ ပေါက်နေတာလဲ..."

မင်းသမီးဟွမ်ယဲ့ အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။ သူမ ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏လက်များကို နောက်ပစ်ထားသော ယောင်ရှင်းယဲ့က သူ ယခုလေးတင် ထွက်ပေါ်လာခဲ့သော နေရာမှ လျှောက်လာနေသည်ကို မြင်လိုက်ရလေ၏။

"ဒါက စိတ်ကူးယဉ်တာများလား..."

"ဖြစ်နိုင်တာက ငါ အရမ်းစိတ်လှုပ်ရှားနေလို့ပဲ..."

ချက်ချင်းပင် မင်းသမီးဟွမ်ယဲ့က သူမရှေ့သို့ ရောက်လုနီးပါးဖြစ်နေပြီဖြစ်သော စူးချန်ကဲကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"နင် ဒီမင်းသမီးကို ရှင်းပြချက် တစ်ခုခု မပေးရင် ဒီကိစ္စ ပြီးမှာ မဟုတ်ဘူး..."

နောက်တစ်စက္ကန့်တွင်....

"ဂါရဝပြုပါတယ် တောင်ထိပ်သခင်ရှင်းယဲ့..." ထိုက်ချင်ဂိုဏ်း တပည့်များ၏ နှုတ်ဆက်သံများ အကြိမ်ကြိမ် ထပ်မံ၍ ထွက်ပေါ်လာခဲ့လေ၏။

သို့ရာတွင် ထိုက်ချင်ဂိုဏ်းတပည့်များမှာ ယခုအချိန်၌ ရယ်ချင်စိတ်ကို အောင့်ထားရပြီး အချို့က သဘာဝမကျသော အမူအရာများဖြင့် ကောင်းကင်ကို ကြည့်နေကြကာ သူတို့၏ မျက်နှာများ နီရဲနေကြသည်။

"..."

မင်းသမီးဟွမ်ယဲ့ လှည့်ကြည့်လိုက်ရာ ယောင်ရှင်းယဲ့က သူ ယခုလေးတင် ပေါ်လာခဲ့သော နေရာမှနေ၍ အကြိမ်ကြိမ် လျှောက်လာနေသည်ကိုသာ မြင်တွေ့ရလေ၏။

သူ ပေါ်လာသည့် နေရာမှ မင်းသမီးဟွမ်ယဲ့ရှိရာ အကွာအဝေးမှာ သာမန်လူတစ်ယောက်အတွက်ပင် ခြေလှမ်းတစ်ရာခန့်သာ ရှိမည်ဖြစ်ရာ ယောင်ရှင်းယဲ့အတွက်ကိုမူ ပြောနေရန်ပင် မလိုတော့ချေ။ သူသည် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး အချိန်တိုင်း သူ ယခုမှ ရောက်လာသကဲ့သို့ ဖြစ်နေသလော။

ဤသည်က သူမကို ရှင်းရှင်းလင်းလင်း ကစားနေခြင်း မဟုတ်လော..

စူးချန်ကဲက ယောင်ရှင်းယဲ့၏ကျောပြင်ကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ ထူးဆန်းနေကာ သူ့ဘာသာသူ တွေးလိုက်လေ၏။

"လူတစ်ယောက် လိုင်းကျသွားတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ..."

နောက်တစ်စက္ကန့်တွင်..

သူသည် မင်းသမီးဟွမ်ယဲ့ထံသို့ ရောက်ရှိလာခဲ့လေပြီ။

ဤအချိန်၌ မင်းသမီးဟွမ်ယဲ့ ပြင်းထန်စွာ တုန်ရီသွားပြီး မှေးမှိန်ကာ အေးစက်သော အပြုံးတစ်ခုကို ဆင်မြန်းထားသည့် စူးချန်ကဲကို မော့ကြည့်လိုက်၏။ သူ့ထံမှ ထွက်ပေါ်လာသော မမြင်နိုင်သည့် သတ်ဖြတ်လိုသော စိတ်ဆန္ဒက မင်းသမီးဟွမ်ယဲ့၏ ခြေဖဝါးမှ ငယ်ထိပ်အထိ တိုက်ရိုက် တိုးဝင်လာသော အရိုးထဲစိမ့်လောက်သည့် အအေးဓာတ်တစ်ခုကဲ့သို့ ခံစားရသည်။

အကယ်၍ သူမ နောက်ထပ် စကားတစ်ခွန်း မှားပြောလိုက်ပါက သူမ သေရလိမ့်မည်ဟူသောအချက်ကို သူမ လုံးဝသံသယမဝင်တော့ချေ။

ယခုလေးတင် အရိုက်ခံရသည့် နှလုံးသားကို ဆုတ်ဖြဲလုမတတ် နာကျင်မှုက သူမ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်ပြီး သူမကို ချက်ချင်း ထိတ်လန့်သွားစေခဲ့သည်။ ဤအချိန်၌ သူမ ဂုဏ်ယူဝင့်ကြွားခဲ့သော အဆင့်အတန်းကို သူမ မေ့သွားခဲ့လေပြီ။

သူမ၏ စိတ်ဓာတ်မှာလည်း ဤအချိန်၌ ပြိုလဲသွားခဲ့သည်။

ကလေးဘဝကတည်းက အလိုလိုက်ခံထားရသော မင်းသမီးဟွမ်ယဲ့သည် ယခင်က ဤကဲ့သို့ ခြိမ်းခြောက်ခြင်း မခံခဲ့ရဖူးချေ။ တခဏအတွင်းမှာပင် သူမ၏မျက်လုံးထဲမှ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာခဲ့သည်။ သူမက ခေါင်းငုံ့ကာ ရှိုက်ငိုလိုက်၏။

"ငါ... ငါ မှားသွားပါတယ်... ငါ မှားသွားပါတယ်... ကျေးဇူးပြုပြီး ငါ့ကို ဆက်မရိုက်ပါနဲ့တော့..."

"အဲ့ဒါ ငါ့အမှားပါ... နင့်ရဲ့ ဂျူနီယာညီမလေးရဲ့ ရှေးဟောင်းဓားကို ငါ မလုယူခဲ့သင့်ပါဘူး... သူက လှနေတာလေး တစ်ခုနဲ့တင် ငါ မနာလို မဖြစ်ခဲ့သင့်ပါဘူး..."

"ငါ မှားသွားပါတယ်... ငါ တကယ် မှားသွားပါတယ်..."

စူးချန်ကဲက သူမကို တည်ငြိမ်စွာ ငုံ့ကြည့်လိုက်၏။ အနောက်မှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားသိရှိလိုက်ရပြီးနောက် သူသည် ရှေးဟောင်းဓားကို ဘယ်ဘက်လက်ဖြင့် လှမ်းပေးလိုက်သည်။

"ယူလိုက်..."

All Chapters