အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း ၁၅: ဒုတိယ စီနီယာအစ်မ... ကျွန်မ တကယ် နောက်မဆုတ်ခဲ့ပါဘူး...
နင်ဖူယောင်က ရှေးဟောင်းဓားကို မသိစိတ်မှ လှမ်းယူလိုက်ပြီးနောက် ရှေးဟောင်းအရှိန်အဝါများက သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခဲ့သည်။ သူမ တစ်ယောက်တည်းသာ ကြားနိုင်သော မှေးမှိန်သည့် ဓားမြည်သံလေးတစ်ခု ထွက်ပေါ်လာပြီး ယခုဖြစ်ပျက်နေသမျှ အရာအားလုံးက အိပ်မက်တစ်ခုကဲ့သို့ ခံစားရစေလေ၏။
သူမသည် စူးချန်ကဲ၏ ကျောပြင်ကို မော့ကြည့်လိုက်ပြီးနောက် သူမ၏ရှေ့ရှိ မြေပြင်ပေါ်တွင် ရှိုက်ငိုနေသော မင်းသမီးဟွမ်ယဲ့နှင့် အဝေးမှ ပြင်းထန်စွာ ဒဏ်ရာရနေသော သက်တော်စောင့်များကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ ရောနှောကာ လှိုင်းထနေသည်။
သူမ၏ စီနီယာအစ်ကိုသည် သူမ စိတ်ကူးထားသည်ထက် များစွာကျော်လွန်ကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေသဖြင့် သူမ အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖော်ပြ၍မရနိုင်သော နွေးထွေးမှုတစ်ခုက သူမ၏ နှလုံးသားထဲသို့ စီးဆင်းသွားခဲ့သည်။ ဂိုဏ်းသို့ ဝင်ရောက်လာကတည်းက စူးချန်ကဲထံမှ ဤသို့ ခံစားရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
တွေဝေနေစဉ်မှာပင် သူမသည် အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော လုံခြုံမှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ဓားကို ယူပြီးနောက် နင်ဖူယောင်က စူးချန်ကဲ၏ အင်္ကျီလက်ကို ဂရုတစိုက် ဆွဲလိုက်သည်။ ဤကဲ့သို့ ရဲတင်းသော လုပ်ရပ်ကို သူမ လုပ်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။
"အ... အ... အ... အကြီးဆုံး စီနီယာအစ်ကို... ထားလိုက်ပါတော့... သူ မှားသွားတယ်ဆိုတာ သိနေပြီပဲ..."
နင်ဖူယောင်က ညင်သာစွာ ပြောလိုက်သည်။ သူမ၏ နားရွက်လေးများ အနည်းငယ် နီရဲနေပြီး သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေပေ၏။
မင်းသမီးဟွမ်ယဲ့၏ အဆင့်အတန်းမှာ ရိုးရှင်းခြင်းမရှိကြောင်း သူမ သိရှိထားပြီး သူမကြောင့် စူးချန်ကဲက ဂိုဏ်းမှ အပြစ်ပေးခံရမည်ကို အမှန်တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် စူးချန်ကဲက သူ၏ အကျိုးအကြောင်း ရှင်းပြခြင်းတွင် ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု သူမ အမှန်တကယ် မမျှော်လင့်ခဲ့ချေ။ သူမ၏ နှလုံးသားထဲရှိ စိတ်ပျက်မှုများ အားလုံး လွင့်စင်သွားခဲ့ပြီ ဖြစ်ပေသည်။
【ဒင်... ကံကြမ္မာသမီးတော် နင်ဖူယောင်ကို ရှေးဟောင်းဓား လက်ဆောင်ပေးနိုင်ခဲ့ပြီး မမျှော်လင့်ဘဲ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး နင်ဖူယောင်ကို နက်ရှိုင်းတဲ့ နွေးထွေးမှု ခံစားရအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်... ဆုလာဘ် - အမြင့်ဆုံးအဆင့် အထွတ်အထိပ်အရိုး... အပိုဆုလာဘ် - တစ်နှစ်စာ ကျင့်ကြံခြင်း...】
【အခုပဲ ရယူချင်ပါသလား...】
"ကောင်းတယ်..."
စနစ်၏ ဆုလာဘ်ကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် အသံထွက်၍ မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
သို့ရာတွင် နင်ဖူယောင်က စူးချန်ကဲ သဘောတူလိုက်သည်ဟု ထင်မှတ်ကာ သက်ပြင်းချလိုက်လေ၏။
သတိပြန်လည်လာသော စူးချန်ကဲသည် အပို ရှင်းပြချက် တစ်စုံတစ်ရာ မပေးခဲ့ချေ။ မင်းသမီးဟွမ်ယဲ့ကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားကာ ပြောလိုက်သည်။
"သွားကြမယ်..."
သူမ အထင်မှားနေကြောင်းကို စူးချန်ကဲ ကောင်းစွာ သိရှိထားပေ၏။ ကြောက်နေခြင်းသာ ဖြစ်သည်။
သို့ရာတွင် အမှန်အားဖြင့် မင်းသမီးဟွမ်ယဲ့ကို တကယ် သတ်ပစ်ရန် သူ မရည်ရွယ်ခဲ့ချေ။ အစကတည်းက သူသည် လူသတ်သမား တစ်ယောက် မဟုတ်သလို သူတို့သည် သွေးကြွေးရန်သူများလည်း မဟုတ်ကြသဖြင့် ယခု ဆုလာဘ်ကို ရရှိပြီဖြစ်ရာ လစ်ထွက်သွားရန် အချိန်တန်လေပြီ။
နင်ဖူယောင်က သူမ၏လက်ထဲရှိ ရှေးဟောင်းဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စူးချန်ကဲအနောက်မှ လျှင်မြန်စွာ လိုက်ပါသွားခဲ့သည်။ သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ စူးချန်ကဲ၏ ကျောပြင်ကို စိုက်ကြည့်ရင်း သူမ ဘာတွေ တွေးနေသနည်းဟု ပဟေဠိဖြစ်နေမိ၏။
စူးချန်ကဲသည် လိုင်းကျနေဆဲဖြစ်သော ယောင်ရှင်းယဲ့အနီးသို့ ရောက်ရှိလာချိန်တွင် သူက မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"အဲ့ဒီ သရုပ်ဆောင်တာက အရမ်းအတုအယောင်ဆန်လွန်းတယ်... ရန်စနေတာနဲ့ ပိုတူတယ်..."
"ဒါ... အဟမ်း... အဟမ်း... ဟုတ်တယ်..."
ယောင်ရှင်းယဲ့က အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီးနောက် ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်၏။ စူးချန်ကဲ ပျောက်ကွယ်သွားပြီးနောက် သူက စူးရှစွာ အော်ဟစ်လိုက်သည်။
"အသင်္ချေကောင်းကင်ဘုံနန်းတော်မှာ ပြဿနာရှာရဲလောက်အောင် ဘယ်သူက ဒီလောက် ရဲတင်းနေတာလဲ..."
"ဟင်..."
"မင်းသမီးလေးဟွမ်ယဲ့... ဘာဖြစ်သွားတာလဲ..."
"အို... ဘုရားရေ... ဒါ... မင်းတို့အားလုံး အဲ့ဒီမှာ ဘာလို့ ရပ်နေကြတာလဲ... ဘာလို့ သူ့ကို ကုသပေးဖို့ မြန်မြန် မခေါ်သွားကြတာလဲ..."
"ဒါက တကယ်ပဲ ဒီအဖိုးကြီးရဲ့ အမှားပါ... ဒီအဖိုးကြီးက မကြာသေးခင်ကမှ အချိန်နဲ့ ဟင်းလင်းပြင် တာအိုနဲ့ ဆက်စပ်နေတဲ့ အတော်လေး အံ့ဩစရာကောင်းတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေခဲ့တာပါ... ခုနလေးတင် အဲ့ဒီထဲမှာ ပိတ်မိသွားတယ်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."
ဤမြင်ကွင်းကို ကြည့်နေသော ထိုက်ချင်ဂိုဏ်း တပည့်များအားလုံးမှာ ယောင်ရှင်းယဲ့ကို ပထမဆုံးအကြိမ် မြင်တွေ့ရသည့်အလား ကြောင်အမ်းသွားကြသည်။
"အိုး... ဘုရားရေ...ဒါက အရမ်း ရယ်စရာကောင်းလွန်းတယ်... ဒီလိုမျိုးကြီး တကယ် လုပ်ကြံပြောလို့ ရတာလား..."
"မင်း နားမလည်ပါဘူး... ယုံနိုင်စရာ ရှိမရှိဆိုတာက အရေးမကြီးဘူး... တောင်ထိပ်သခင်ယောင် ရောက်လာတယ်ဆိုတဲ့ အချက်ကိုပဲ ကြည့်လိုက်... ဟုတ်တယ် မဟုတ်ဘူးလား..."
"ဒါက..."
အမှန်တကယ်လည်း အချက်အလက်မှာ ထိုအတိုင်းပင် ဖြစ်လေသည်။ မကြာမီ ဤသတင်းက ထိုက်ချင်ဂိုဏ်း၏ ပင်မခန်းမဆီသို့ ရောက်ရှိသွားသောအခါ ထျန်းရွှမ်နိုင်ငံမှ စပါးအုံးမြွေ ပုံစံပါသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာ မည်းမှောင်သွားတော့သည်။
...
နဝမတောင်ထိပ်သို့ ပြန်လာရာလမ်းတွင်။
စူးချန်ကဲသည် နတ်ဘုရားချဉ်းကပ်ခြင်းစေတီမှ လျှိုရူယန်နှင့် သတ္တမတောင်ထိပ်မှ တပည့်များအကြား အငြင်းပွားမှုတစ်ခုအကြောင်း သတင်းတချို့ကို ကြားခဲ့ရလေ၏။ အကြောင်းအရင်းမှာ သတ္တမတောင်ထိပ် တပည့်များက နဝမတောင်ထိပ်နှင့် ပတ်သက်၍ မှတ်ချက်အချို့ပေးကာ ရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြသဖြင့် နောက်ဆုံးတွင် နှစ်ဖက်စလုံး ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နောက်ဆက်တွဲ ရလဒ်မှာ တပည့်များအားလုံးအတွက် ပို၍ပင် မယုံနိုင်စရာ ကောင်းလှသည်။
လျှိုရူယန်က သွေးလှုပ်ရှားမှုနယ်ပယ်၏ အထွတ်အထိပ် ခွန်အားဖြင့် ကောင်းကင်လှိုဏ်ဂူနယ်ပယ် ဒုတိယအဆင့်ရှိ သတ္တမတောင်ထိပ် တပည့်တစ်ဦးကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့ခြင်းပင်။
အဖြစ်အပျက် ကြီးထွားလာပြီးနောက် နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို စောင့်ရှောက်သော စိတ်ဝိညာဉ် အကြီးအကဲကိုပင် လန့်နိုးသွားစေခဲ့သည်။ သူသည် နှစ်ဖက်လုံးကို ယခုလကုန်အထိ နတ်ဘုရားချဉ်းကပ်ခြင်းစေတီအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းဖြင့် အပြစ်ပေးခဲ့လေ၏။ သို့ရာတွင် ပဟေဠိဖြစ်စရာ ကောင်းသည်မှာ စိတ်ဝိညာဉ် အကြီးအကဲက လျှိုရူယန်ကို သီးခြား ချန်ထားခဲ့ပြီး အခြား တောင်ထိပ် တပည့်ကိုမူ နတ်ဘုရားချဉ်းကပ်ခြင်းစေတီမှ ချက်ချင်းနှင်ထုတ်ခဲ့ခြင်းပင်။
"ကံကြမ္မာသမီးတော်က သူ့ရဲ့ စွမ်းအားကို စပြီးပြသနေပြီပဲ..."
စူးချန်ကဲက လမ်းလျှောက်နေရင်း သူ၏ နှလုံးသားထဲ၌ ရေရွတ်လိုက်ပြီးနောက် သူမ၏ ကျောဘက်တွင် ရှေးဟောင်းဓားကို လွယ်ထားပြီးဖြစ်သော နင်ဖူယောင်ကို တစ်ချက်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ယခုအချိန်၌ သူမ၏ ကျောဘက်ရှိ ဓားနှင့်အတူ နင်ဖူယောင်သည် အမျိုးသမီး ဓားအင်မော်တယ်တစ်ပါး၏ ခပ်တန်းတန်းနေတတ်သော စိတ်နေသဘောထားမျိုး အမှန်တကယ် ရှိနေလေပြီ။ ဤသည်ကို သူမ၏ ပြီးပြည့်စုံကာ အေးစက်ပုံရသော အသွင်အပြင်နှင့် ပေါင်းစပ်လိုက်သောအခါ... ကျွတ်... ကျွတ်... သူမက ပို၍ပင် တူလာသကဲ့သို့ ရှိသည်ဟု သူ ဝန်ခံရပေမည်။
သို့ရာတွင်...
ဤကဲ့သို့သော အသွင်အပြင်အောက်တွင် နင်ဖူယောင်၌ ကြောက်တတ်သော နှလုံးသားတစ်ခု ရှိနေလိမ့်မည်ဟု စူးချန်ကဲပင် မမျှော်လင့်ခဲ့ချေ။
သို့ရာတွင်...
ဤအရာကလည်း ကိုယ်ပိုင်အကျိုးကျေးဇူးများ ရှိနေသည်။
အနည်းဆုံးတော့ သူ၏ မျက်နှာပေါ်သို့ ခုန်တက်လာမည့် ဗီလိန် အရေအတွက် နည်းပါးသွားမည်ဟု ဆိုလိုခြင်းပင်။
ထိုသို့မဟုတ်ပါက သူ့ကို အလုပ်များနေစေရန် လုံလောက်သော အရေအတွက် ရှိနေပေမည်။
ဤသို့ တွေးတောရင်း စူးချန်ကဲက ပြောလိုက်သည်။
"မင်းရဲ့ ဒုတိယ စီနီယာအစ်မဆီကနေ မသင်ယူနဲ့... မင်းရဲ့ ဒီသတိထားတတ်တဲ့ သဘာဝကို ထိန်းသိမ်းထားတာ ကောင်းတယ်..."
"အ... အ... အကြီးဆုံး စီနီယာအစ်ကို... စီနီယာအစ်မကို အပြစ်ပေးမှာလား..."
နင်ဖူယောင်က အချိန်အတော်ကြာ အောင့်အည်းထားခဲ့ရသည့်အလား တခြားမေးခွန်းတစ်ခုကို တိုးတိုးလေးမေးလိုက်၏။
နတ်ဘုရားချဉ်းကပ်ခြင်းစေတီတွင် ဒုတိယ စီနီယာအစ်မ ဖြစ်ပျက်ခဲ့သည့်အကြောင်းကို သူမ ကြားလိုက်ရချိန်တွင် အစပထမတွင် စိုးရိမ်ခဲ့သော်လည်း ဒုတိယ စီနီယာအစ်မက အမှန်တကယ် အနိုင်ရခဲ့ကြောင်း ကြားလိုက်ရလေသည်။
အံ့အားသင့်သွားသော်လည်း သူမ ပြန်လည်၍ စိုးရိမ်သွားခဲ့သည်။
စူးချန်ကဲက ဒုတိယ စီနီယာအစ်မကို အပြစ်ပေးမည်ကို သူမ အလွန်တရာ ကြောက်ရွံ့နေပေ၏။ မည်သို့ပင်ဆိုစေကာမူ အတိတ်က အတွေ့အကြုံများအရ ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပွားပါက ဒုတိယ စီနီယာအစ်မမှာ မလွှဲမရှောင်သာ အပြစ်ပေးခံရမည်ဖြစ်ပြီး စိတ်ဝိညာဉ် သတ္တုတွင်းများကို တူးဖော်ရန် ထပ်မံစေလွှတ်ခံရနိုင်သည်။
"သူ့ကို ဘာလို့ အပြစ်ပေးရမှာလဲ... သူ လုပ်တာ မှန်တယ်..."
စူးချန်ကဲက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
နင်ဖူယောင်က စူးချန်ကဲကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤကဲ့သို့သော အဖြေမျိုးကို ကြားရလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့သဖြင့် စူးချန်ကဲကို ဆက်လက်၍ စိုက်ကြည့်နေမိလေ၏။
"ဘာလဲ..."
"ငါ့မျက်နှာပေါ်မှာ စာရေးထားလို့လား..."
စူးချန်ကဲက နင်ဖူယောင်ကို တစ်ချက်ကြည့်လိုက်သည်။
နင်ဖူယောင်က သူမ၏ မေးစေ့ကို ပွတ်သပ်ကာ အကြံပေးပုဂ္ဂိုလ်တစ်ဦးအလား လေးနက်စွာ ပြောဆိုလိုက်သည်။
"အကြီးဆုံး စီနီယာအစ်ကို... အစ်ကိုက လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ..."
ယနေ့နံနက်ကတည်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ ခံစားမိခဲ့သည်။
သို့ရာတွင် သူမ မပြောဝံ့ခဲ့ချေ။
ထိုသို့မဟုတ်ပါက စူးချန်ကဲ၏ တဖြည်းဖြည်း ပြောင်းလဲလာမှုက သူမကို ပိုမိုရဲတင်းလာစေခြင်းလည်း ဖြစ်နိုင်သည်။
"အင်း..."
စူးချန်ကဲ ရပ်တန့်သွားပြီးနောက် ရယ်မောလိုက်၏။
"မင်းလည်း စကားမထစ်တော့ဘူးပဲ..."
"..."
နင်ဖူယောင် လန့်ဖြန့်သွားခဲ့သည်။
သူတို့ စကားပြောနေစဉ်မှာပင် နဝမတောင်ထိပ်၏ တောင်ထွဋ်သို့ ရောက်ရှိနေလေပြီ။ စူးချန်ကဲက နင်ဖူယောင်ကို သွားနားရန် ပြောလိုက်ပြီး သူ၏ ကိုယ်ပိုင်နေအိမ်သို့ ပြန်သွားကာ အထွတ်အထိပ်အရိုးနှင့် ပေါင်းစပ်ရန်နှင့် သူ ဖန်တီးထားသော မှော်စာလုံးများကို ထွင်းထုရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေပေ၏။
သူ ထွက်သွားပြီး မကြာမီ...
တောင်ခြေ၌....
ဖရိုဖရဲဖြစ်နေသော ပုံရိပ်နှစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာပြီး သူမတို့၏ စကားပြောသံကို ကြားလိုက်ရသည်။
"ငါ နောက်နေတာ မဟုတ်ဘူး ဒုတိယ စီနီယာအစ်မ... ငါ တကယ် နောက်မဆုတ်ခဲ့ပါဘူး... စီနီယာအစ်မ လှုပ်ရှားလိုက်တဲ့အချိန်မှာ ငါက ဝမ်လို့ နာမည်ရတဲ့လူရဲ့ မျက်နှာရှေ့ ရောက်နေပြီလေ..."
ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"နင် နောက်ဆုတ်တယ်လို့ ဘယ်သူက ပြောလို့လဲ... နင် အရမ်းမဆင်မခြင် လုပ်တယ်လို့ ငါ ပြောနေတာ... ငါ နင့်ကို အရင် စောင့်နေဖို့ အချက်ပြလိုက်ပေမဲ့ နင်က တန်းပြီးပြေးဝင်သွားတာပဲလေ..."
ထိုအသံက ထပ်မံ ပြောဆိုလိုက်၏။
"အာ... အစ်မက ငါ့ကို လှုပ်ရှားဖို့ ပြောတယ်လို့ ထင်လို့ပါ... ဟူး... ဒါပေမဲ့ ငါတို့ တိုက်ပြီးသွားပြီဆိုတော့လည်း ကိစ္စမရှိတော့ပါဘူးလေ... ဒါပေမဲ့ သတ္တမတောင်ထိပ်က အဲ့ဒီလူနည်းစုကတော့ သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး... ဒုတိယ စီနီယာအစ်မ... အစ်မက အရမ်း ကြမ်းတမ်းလွန်းတယ်... အစ်မက သူတို့ကို ဒုက္ခိတတွေ ဖြစ်သွားတဲ့အထိ ရိုက်နှက်လိုက်တာလေ... သတ္တမတောင်ထိပ် ခေါင်းဆောင်က မကြာခင် လာတိုင်တော့မယ်လို့ ငါ ကြောက်တယ်... အဲ့ဒီအချိန်ကျရင် ပိုဆိုးသွားလိမ့်မယ်..."
"ဝမ်းတွင်းမည်းစူးက သေချာပေါက် ငါတို့အတွက် ရှေ့ထွက်ရပ်တည်ပေးမှာ မဟုတ်ဘူး... အဲ့ဒီအချိန်ကျရင်... ငါတို့ ထိုက်ချင်ဂိုဏ်းမှာ နေရတာ လွယ်ကူမှာ မဟုတ်တော့ဘူး..."
"ဝမ်လို့ နာမည်ရတဲ့ အမျိုးသမီး ပြောတာကို နင် မကြားဘူးလား... သူ့ရဲ့အစ်ကိုက ကောင်းကင်လှိုဏ်ဂူနယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံခြင်းရှိတဲ့ သတ္တမတောင်ထိပ်ရဲ့ အဓိကတပည့်လေ... ငါ မကြောက်ပါဘူး... အခု ငါတို့ရဲ့ နယ်ပယ်က တကယ်ကို အရမ်းနိမ့်လွန်းနေလို့ပါ... ငါတို့ တကယ် တိုက်လို့မရဘူး..."
"နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုကို ငါ စဉ်းစားမိတယ်... ဒုတိယ စီနီယာအစ်မ... တကယ်လို့ ဝမ်းတွင်းမည်းစူးက သူ သတ္တမတောင်ထိပ် ခေါင်းဆောင်ကို မနိုင်နိုင်ဘူးဆိုတာ သဘောပေါက်သွားပြီး နောက်ဆုတ်ဖို့ ဆုံးဖြတ်ပြီး ငါတို့ကို ထပ်ပြီး အပြစ်ပေးရင်ရော..."
အနည်းငယ် ဖြူရော်နေသော လျှိုရူယန်သည် ဤအရာကို ကြားသောအခါ လေးနက်သော အမူအရာကို ပြသလိုက်ပြီး အေးစက်စက် ပြောလိုက်၏။
"ဟမ့်... တကယ်လို့ အဲ့ဒီလို တကယ် ဖြစ်လာရင် ငါတို့ ထွက်သွားကြတာပေါ့... ဘာပဲဖြစ်ဖြစ် ဒီနဝမတောင်ထိပ်မှာ ဆက်နေဖို့ မတန်ပါဘူး..."
အခန်း ၁၆: စားမယ်... အရှင်လတ်လတ် ဝါးစားချင်နေတဲ့ပုံပဲ...
"မြစ်အရှေ့ဘက်တွင် အနှစ်သုံးဆယ်... မြစ်အနောက်ဘက်တွင် အနှစ်သုံးဆယ်... ဆင်းရဲနွမ်းပါးသော မိန်းမပျိုလေး တစ်ဦးအား အနိုင်မကျင့်ပါနှင့်..."
ဤဧကရီက ထိုအရာကို လုံးဝ မယုံကြည်ပေ။
ဤထိုက်ချင်ဂိုဏ်းမှ ထွက်ခွာသွားပြီးနောက် ထင်ရှားကျော်ကြားလာရန် မဖြစ်နိုင်တော့သလော...
ဟမ့်...
အကယ်၍ ထိုစူးချန်ကဲက ဤကဲ့သို့သော ကိစ္စမျိုးတွင် အပြင်လူများဘက်မှ ရပ်တည်ပြီး ဤဧကရီကို ဆက်လက်၍အနိုင်ကျင့်နေပါက သူမ သေချာပေါက် ထွက်ခွာသွားပေမည်။
သို့ရာတွင် ဤသို့ပြောခြင်းက တစ်ကဏ္ဍဖြစ်ပြီး လျှိုရူယန်၏ မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်တစ်ခုလည်း ရှိနေလေ၏။ အထူးသဖြင့် ယနေ့တွင် တားမြစ်ထားသော နတ်ဘုရားစွမ်းရည် တစ်ခုကို အတင်းအကျပ် အသုံးပြုခဲ့ရပြီးနောက် အချိန်တိုအတွင်း သူမ၏ နယ်ပယ်ကို ကောင်းကင်လှိုဏ်ဂူနယ်ပယ်သို့ ခြေချရန်မှာ ပို၍ပင် ခက်ခဲသွားစေပေမည်။
"ထွက်သွားမည်" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် လျှိုရူယန်၏ မျက်နှာချင်းဆိုင်ရှိ မိန်းမပျိုလေးက ချက်ချင်း တက်ကြွသွားခဲ့သည်။
သူမ၏ အသွင်အပြင်က သေးသွယ်ပြီး နူးညံ့ကာ သူမ၏ အသက်မှာ ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ခန့်သာ ရှိပေမည်။ သူမ၏ အလှတရားမှာ လုံးလုံးလျားလျား မိန်းမောဖွယ်ကောင်းလှသည်။ ရေခဲကဲ့သို့ ကြည်လင်သောအသားအရေနှင့် ကျောက်စိမ်းကဲ့သို့ အရိုးများ ရှိပြီး သန့်စင်ကာ အပြစ်အနာအဆာကင်းမဲ့ပေ၏။ သူမ၏ အပြစ်ကင်းစင်သော ပါးပြင်ပေါ်တွင် ဖုန်အနည်းငယ် ပေကျံနေသော်လည်း ထိုအရာများက သူမ၏ အလှတရားကို မပျက်စီးစေဘဲ တက်ကြွမှု အရိပ်အယောင် တစ်ခုကိုသာ ပေါင်းထည့်ပေးလေသည်။
သူမ၏ မှေးမှိန်ပြီး မီးခိုးပြာရောင် သန်းနေသည့် မျက်လုံးတစ်စုံက အကြည့်လွှဲ၍မရနိုင်အောင် ဖြစ်စေကာ သူမ၏ မျက်လုံးများထဲသို့ ကြာကြာ စိုက်ကြည့်လေလေ လူတိုင်းက ထိုအထဲသို့ နစ်မြုပ်သွားလေလေ ဖြစ်ပြီး သက်ရှိအားလုံးကို ပြုစားနိုင်သည့်အလားပင်။
အထူးသဖြင့် ကောက်ကျစ်ပြီး နတ်ဆိုးတစ်ကောင်နှင့်တူသော အမူအရာ အရိပ်အယောင်လေးက ဤမိန်းကလေးမှာ ပြဿနာများနှင့် ကင်းဝေးစွာ နေမည့်သူမဟုတ်ကြောင်း ပထမဆုံး အထင်အမြင်ကို ပေးစွမ်းလေ၏။
အရေးကြီးဆုံးအချက်မှာ သူမသည် သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်သော ဖွံ့ဖြိုးမှုကို ပိုင်ဆိုင်ထားခြင်းပင်။ ထိုက်ချင်ဂိုဏ်း တပည့်ဝတ်စုံမှာ သူမ၏ ကိုယ်ပေါ်တွင် တင်းကြပ်စွာ ဆွဲဆန့်ထားရပြီး 'ယုန်ဖြူကြီး' တစ်စုံမှာ လွတ်ထွက်တော့မည့်အလား ဖြစ်နေကာ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်နှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဤသည်မှာ စူးချန်ကဲ၏ ဂျူနီယာညီမလေးဖြစ်သော နဝမတောင်ထိပ်သခင်၏ အငယ်ဆုံးတပည့် ထုယိုယိုပင်။ လွန်ခဲ့သော နှစ်ဝက်ခန့်က နဝမတောင်ထိပ်သခင်မှ သူမအား နောက်တစ်ကြိမ် ကယ်တင်ခဲ့ပြီး နဝမတောင်ထိပ်သို့ ပြန်ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။ သူမ မည်သူမည်ဝါဖြစ်နေမှုက ထူးခြားရန် ကံကြမ္မာ ဖန်တီးထားသည်။
သူမသည် တောင်ပိုင်း နတ်ဆိုးနယ်မြေ၏ တော်ဝင်မျိုးနွယ်စုဖြစ်သော ချင်းချိုးမျိုးနွယ်စုမှ ဆင်းသက်လာခြင်းပင်။ လွန်ခဲ့သော နှစ်ဝက်ခန့်က သူမသည် သူမ၏ မျိုးနွယ်စုမှ တိတ်တဆိတ် ထွက်ပြေးလာခဲ့ပြီး ထိုအချိန်မှစ၍ သူမ မည်သူမည်ဝါဖြစ်မှုကို ဖုံးကွယ်ကာ လူသားတစ်ဦးအဖြစ် ရုပ်ဖျက်ရန် ဘိုးဘေးမှ လက်ဆောင်ပေးထားသော ရတနာတစ်ခုကို အသုံးပြုနေခဲ့ခြင်း ဖြစ်လေသည်။
"ထွက်သွားမယ်..."
"ထွက်သွားတာ ကောင်းတယ်..."
"ဒုတိယ စီနီယာအစ်မ... ဒီဂိုဏ်းမှာ နေရတာ ငါ ငြီးငွေ့နေတာ ကြာပြီ... ဒီည ငါတို့ ထွက်ပြေးကြရင် ဘယ်လိုလဲ..."
ထုယိုယိုက စိတ်လှုပ်ရှားနေသော အမူအရာကို ပြသလိုက်၏။ သူမ ထွက်ပြေးချင်နေခဲ့သည်မှာ ကြာမြင့်နေလေပြီ။
သူမသည် မူလက စည်ကားသော လူ့လောကကို မြင်တွေ့ရန် လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကံတရားက ဖန်တီးထားသည့်အတိုင်း သူမ၏ မျိုးနွယ်စုမှ ထွက်ခွာပြီး မကြာမီတွင် ဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရပြီးနောက် ထိုအဖိုးကြီး၏ ကယ်တင်ခြင်းကို ခံခဲ့ရကာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူမ၏ဘဝသည် ခက်ခဲလှပေ၏။
"ယိုယိုရဲ့ ဘဝက ခါးသီးလိုက်တာ..."
သူမ၏ နှလုံးသားထဲတွင် ညည်းတွားရင်း မကြာခဏ ငိုကြွေးမိသည်။
သူမကဲ့သို့ နတ်ဆိုးမျိုးနွယ်စု မင်းသမီးတစ်ပါး လူသားမျိုးနွယ်စု ဂိုဏ်းတစ်ခုတွင် နေထိုင်ရခြင်းသည် အကယ်၍ ရှာဖွေတွေ့ရှိသွားပါက ဘေးဒုက္ခတစ်ခု ဖြစ်လာမည် မဟုတ်လော...
နတ်ဆိုးမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့သည် နှစ်ပေါင်းများစွာ စစ်ပွဲများ မဖြစ်ပွားခဲ့ပြီး မျိုးနွယ်စုနှစ်ခုမှာ သေချာပေါက် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိကြချေ။
သူမသည် လူတိုင်းကို ပုန်းအောင်းနေရုံသာမက ဝမ်းတွင်းမည်းစူးအတွက်လည်း အလုပ်လုပ်ပေးရပြီး သူမ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များကို အသုံးပြုခွင့် ပိတ်ပင်ခံထားရလေသည်။ ဤအရာကို သူမ မည်သို့ သည်းခံနိုင်မည်နည်း။
သို့ရာတွင် နောက်တစ်စက္ကန့်၌ သူမသည် တွေးတောနေသော အမူအရာကို ထပ်မံပြသကာ ပြောဆိုလိုက်၏။
"အင်း... မဟုတ်ဘူး... ဒုတိယ စီနီယာအစ်မ... ငါတို့ ဒီအတိုင်း ထွက်ပြေးလို့ မရဘူး... အသင်္ချေကောင်းကင်ဘုံနန်းတော်ကနေ တစ်ခုခု သွားခိုးပြီး ဝမ်လို့ နာမည်ရတဲ့ အဲ့ဒီလူရဲ့ ခေါင်းကို အကြိမ်အနည်းငယ်လောက် ရိုက်ပြီးမှ ထွက်ပြေးကြရင်ရော..."
"ငါတို့..."
"အသင်္ချေကောင်းကင်ဘုံနန်းတော်ကနေ ခိုးမယ်..."
လျှိုရူယန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွား၏။
"ထုယိုယို... နင် နင့်ရဲ့ ဦးနှောက်ကို နည်းနည်းလောက် သုံးလို့ မရဘူးလား..."
အကယ်၍ ဤကောင်မလေးက အကျိုးဆက်များကို လုံးဝထည့်မစဉ်းစားဘဲ မလုပ်ဆောင်ခဲ့ပါက သူမသည် ယခုကဲ့သို့ မတည်ငြိမ်သော နယ်ပယ်ဖြင့် ထွက်ပြေးရန် လမ်းကြောင်းတစ်ခုကို စီစဉ်နေရမည်လော။
ထုယိုယို၏ စိတ်လိုက်မာန်ပါလုပ်ရပ်တစ်ခုက အဆင့်တက်လှမ်းမည့် သူမ၏အစီအစဉ်ကို လုံးလုံးလျားလျား ပျက်စီးသွားစေခဲ့ပေ၏။
လျှိုရူယန်သည် ယခုအချိန်၌ သူမ၏ မကြာမီ ထွက်ပြေးမည့် အစီအစဉ်ကို ထုယိုယိုရှေ့တွင် ထုတ်ဖော်ပြောဆိုခြင်းက ကြီးမားသော အမှားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ကြောင်း အလေးအနက် သံသယဝင်နေမိလေပြီ။
"အသင်္ချေကောင်းကင်ဘုံနန်းတော်ကနေ ခိုးမယ်တဲ့လား..."
"ငါတို့ နှစ်ယောက်တည်းနဲ့လေ..."
"တစ်ယောက်က အရိုးကြံ့ခိုင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိပြီး နောက်တစ်ယောက်က ကောင်းကင်လှိုဏ်ဂူနယ်ပယ်ကို အခုမှ ခြေချထားတာလေ..."
"နင် နောက်နေတာလား..."
"မဟုတ်ဘူး..."
"တောက်..."
"ဒီဧကရီမှာ ဘယ်လို အဆင့်အတန်း ရှိနေလို့လဲ... ငါတို့ရဲ့ ခွန်အားက လုံလောက်နေရင်တောင်မှ ဒီဧကရီက ဒီလို ခိုးကြောင်ခိုးဝှက် သူခိုးအလုပ်မျိုးကို လုံးဝလုပ်မှာ မဟုတ်ဘူး..."
ထုယိုယိုက ယုံကြည်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်ပြီး သူမ၏ ဖွံ့ဖြိုးသော ရင်ဘတ်ကို ပုတ်ကာ ထပ်ဖြည့်ပြောလိုက်၏။
"စိတ်မပူပါနဲ့... အချိန်ကျလာရင် အစ်မက ခွန်အားပေးဖို့ပဲ လိုတယ်... ကျန်တာ အားလုံး ငါ့ကိုသာ လွှဲထားလိုက် ဒုတိယ စီနီယာအစ်မ..."
"..."
လျှိုရူယန် ချက်ချင်းဆွံ့အသွားခဲ့သည်။
"ခိုးဖို့ကိစ္စကို မေ့လိုက်တော့... နင် လိမ္မာအောင် နေလို့မရဘူးလား..."
"အို... ဟုတ်သားပဲ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို နင့်ရဲ့ တတိယ စီနီယာအစ်မကို လောလောဆယ် မပြောပြနဲ့ဦး... သူက တောင်အောက်ကို မဆင်းသွားဘူးဆိုတော့ အဲ့ဒီလောက် မြန်မြန် သိနိုင်မှာ မဟုတ်ဘူး... သူ့ကို ပြောပြလိုက်ရင် အလကားနေရင်း စိတ်ပူနေရုံပဲ ရှိမှာ..."
သူတို့ နေထိုင်ရာနေရာကို မှုန်ဝါးဝါး မြင်တွေ့ရသော တောင်တစ်ဝက်သို့ ရောက်ရှိလာချိန်တွင် လျှိုရူယန်က ထပ်မံ၍ ညွှန်ကြားလိုက်သည်။
"ငါ ကတိပေးတယ်..."
"ငါ သေချာပေါက်ပြောပြလိုက်မယ်..."
"မဟုတ်ဘူး... ငါ ဆိုလိုတာက ငါ သေချာပေါက် မပြောပြဘူးလို့..."
ထုယိုယိုက ခိုင်မာသော အမူအရာဖြင့် သူမဘာသာ ပြင်ပြောလိုက်သည်။
မကြာမီ သူတို့သည် သစ်သားအိမ်လေးများသို့ ရောက်ရှိလာခဲ့ကြ၏။ အိမ်တစ်လုံးမှ ထမင်းချက်နေသော မီးခိုးငွေ့များ လွင့်မျောနေသည်ကို မြင်သောအခါ လျှိုရူယန်သည် နင်ဖူယောင်က ဝမ်းတွင်းမည်းစူးအတွက် ညစာ စတင် ပြင်ဆင်နေပြီဖြစ်ကြောင်း သိလိုက်သည်။ ထုယိုယိုကို အကြိမ်အနည်းငယ် ထပ်မံ သတိပေးပြီးနောက် သူမသည် သူမ၏ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် စတင်ရန် ကိုယ်ပိုင် အခန်းသို့ ပြန်သွားတော့သည်။
ယခုတစ်ကြိမ်တွင် သူမ ဒဏ်ရာမရခဲ့သော်လည်း သက်ရောက်မှုက ကြီးမားနေဆဲပင်။
လျှိုရူယန် ထွက်သွားသည်ကို မြင်သောအခါ ထုယိုယိုသည် သူမ၏လက်များကို နောက်ပစ်ကာ ဟင်းချက်နေသော နင်ဖူယောင်၏ အနောက်သို့ ဖြည်းညင်းစွာ သွားပြီး ရုတ်တရက် အော်လိုက်၏။
"ဟေး..."
"..."
နင်ဖူယောင် အနည်းငယ်သာ လန့်သွားပြီးနောက် ညင်သာစွာ ပြောလိုက်သည်။
"ဂျူနီယာညီမလေး... အဲ့ဒီ အကွက်ဟောင်းကြီးက ငါ့ကို မခြောက်လန့်နိုင်တော့ပါဘူး..."
"ကျွတ်..."
ထုယိုယိုသည် ချက်ချင်းပင် ပျော်စရာမကောင်းတော့ဟု ခံစားလိုက်ရလေ၏။
နောက်တစ်စက္ကန့်တွင်....
"တတိယ စီနီယာအစ်မ... ငါ အစ်မကို ပြောစရာ ရှိတယ်..."
"ဂျူနီယာညီမလေး... ငါ နင့်ကို ပြောစရာ ရှိတယ်..."
မိန်းကလေးနှစ်ဦးမှာ တစ်ပြိုင်နက်တည်းနီးပါး စကားပြောလိုက်မိပြီး နှစ်ဦးလုံး အံ့အားသင့်သွားကြ၏။
"ဘာကိစ္စလဲ..."
နင်ဖူယောင်က အနည်းငယ် အံ့အားသင့်စွာ မေးလိုက်ပြီး သူမ၏ လက်များက ဒယ်အိုးကို အဆက်မပြတ် မွှေနေဆဲပင်။
ထုယိုယိုကမူ ပို၍ပင် သိချင်နေလေသည်။
"တတိယ စီနီယာအစ်မ... အစ်မ အရင်ပြော..."
"အို..."
နင်ဖူယောင်က အများကြီး တွေးမနေဘဲ ဆက်ပြောလိုက်၏။
"ဒီည စီနီယာအစ်ကိုက နင်ရယ် ဒုတိယ စီနီယာအစ်မရယ် ငါရယ်ကို ဝူယာခြံဝင်းမှာ ထမင်းလာစားဖို့ ခေါ်တယ်..."
ဝူယာခြံဝင်းသည် နဝမတောင်ထိပ်မှ စူးချန်ကဲ နေထိုင်သော နေရာပင်။
ဤသည်မှာ နဝမတောင်ထိပ်သခင်ကိုယ်တိုင် ဆောက်လုပ်ခဲ့သော ခြံဝင်းတစ်ခုလည်း ဖြစ်လေ၏။
"..."
ဤအရာကို ကြားလိုက်ရချိန်တွင် ထုယိုယို၏ မျက်နှာ ချက်ချင်း ဖြူရော်သွားတော့သည်။
"အာ..."
"အဲ့ဒီ ဝမ်းတွင်းမည်းစူးက ငါတို့ကို တကယ်ကြီး အလွတ်ပေးဖို့ အစီအစဉ် မရှိတာပဲ..."
"ထမင်းစားမှာလား..."
"သူက ငါတို့ကို အရှင်လတ်လတ် ဝါးစားချင်နေတဲ့ပုံပဲ..."
"မကြောက်ပါနဲ့... ဒီနေ့ စီနီယာအစ်ကိုက အများကြီး ပြောင်းလဲသွားသလိုပဲ... ဘယ်လိုပြောရမလဲ... အင်း... ပိုကောင်းလာတယ်ပေါ့..."
"အင်း... အဲ့ဒီလို အတိအကျတော့ မဟုတ်လောက်ဘူး... ဒါပေမဲ့ သူက ပိုပြီး နူးညံ့လာတယ်... ဒီနေ့ သူက ငါ့ကို ဓားတစ်လက်တောင် ပေးခဲ့သေးတယ်... ပြီးတော့ ထျန်းရွှမ်နိုင်ငံရဲ့ မင်းသမီးကို ရိုက်ပြီး ငါ့အတွက် ရှေ့ထွက်ရပ်တည်ပေးခဲ့တယ်..."
"အရင်တုန်းက ငါတို့ သူ့အပေါ် အစွဲအလမ်းတွေ အရမ်းများခဲ့တာ ဖြစ်နိုင်တယ်... စီနီယာအစ်ကိုက ငါတို့ ထင်ထားသလောက် မဆိုးဘူးလို့ ငါထင်တယ်..."
နင်ဖူယောင်သည် ဒယ်အိုးထဲရှိ ဟင်းသီးဟင်းရွက်များကို ဆက်လက် မွှေကြော်နေရင်း ညင်သာစွာ ပြောဆိုနေသည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ထပ်မံ၍ အမှတ်ရနေပုံရပြီး သူမ၏ နှလုံးသားထဲတွင် အလိုအလျောက် နွေးထွေးမှုကို ခံစားနေရသည်။
သို့ရာတွင် သူမ၏ အနောက်၌ မည်သူမျှ မရှိတော့ချေ။
"ဟင်..."
"ဂျူနီယာညီမလေး... နင် ဘယ်ရောက်သွားတာလဲ..."
တစ်ချိန်တည်းမှာပင်...
ထိုက်ချင်ဂိုဏ်း အစည်းအဝေးခန်းမ..
ခေါင်မိုးခုံးမှာ မြင့်မားကာ ကျယ်ဝန်းလှပြီး ထိုက်ချင်ပုံစံများနှင့် ကောင်းကင်လှုပ်ရှားမှုများကို ကိုယ်စားပြုသော မှော်စာလုံးများက ထိုမျက်နှာကြက်ပေါ်တွင် ရောယှက်နေသည်။ ထိုအရာများမှနေ၍ ဖော်ပြ၍မရနိုင်လောက်အောင် နက်နဲသိမ်မွေ့သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပေ၏။
ခန်းမ၏ အလယ်ဗဟိုတွင် စပါးအုံးမြွေသားရေဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေပြီး သူ၏ မျက်နှာမှာ တင်းမာကာ ခမ်းနားထည်ဝါပြီး သူ၏ အမူအရာမှာ အေးစက်နေလေသည်။ သူသည် မင်းသမီးဟွမ်ယဲ့၏ ဦးလေးဖြစ်ပြီး လက်ရှိ ထျန်းရွှမ်နိုင်ငံ၏ အုပ်စိုးသူ ဟွမ်ထျန်းချန်၏ညီတော် သိုင်းဘုရင်ဟွမ်တီခွန်းပင်။
အာဏာကြီးမားမှုကို အချိန်အကြာကြီး ကျင့်သားရနေသူတစ်ဦး၏ ဖိနှိပ်နိုင်သော အရှိန်အဝါတစ်ခုက သူ၏တစ်ကိုယ်လုံးမှ ဖြာထွက်နေလေ၏။ ဝမ်းသာခြင်း သို့မဟုတ် ဝမ်းနည်းခြင်း ကင်းမဲ့နေသော သူ၏ အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"တာအိုရောင်းရင်းတို့... ငါတို့ ထျန်းရွှမ်နိုင်ငံက ခင်မင်ရင်းနှီးမှုနဲ့ လာခဲ့တာပါ... ငါတို့ရဲ့ ထောင်စုနှစ် အခမ်းအနားမှာ ပါဝင်ဖို့ ထိုက်ချင်ဂိုဏ်းကို ဖိတ်ကြားချင်လို့ပါ... ငါတို့နိုင်ငံရဲ့ မင်းသမီးဟွမ်ယဲ့က ငယ်ရွယ်ပြီး အလိုလိုက်ခံထားရတာ ဖြစ်နိုင်ပေမဲ့ ခင်ဗျားတို့ရဲ့ နဝမတောင်ထိပ် ခေါင်းဆောင်တပည့် စူးချန်ကဲက နည်းနည်းလွန်မသွားဘူးလား..."
"အသေးအဖွဲ ကိစ္စလေးကို သူက ငါတို့နိုင်ငံရဲ့ မင်းသမီးကို လူသိရှင်ကြား ပါးရိုက်ခဲ့တယ်... ငါတို့နိုင်ငံက အပင်ပန်းခံ ပြုစုပျိုးထောင်ထားတဲ့ လူငယ်ပါရမီရှင်တွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တယ်... ဒါက ငါတို့ ထျန်းရွှမ်နိုင်ငံ မျက်နှာကို ဖြတ်ရိုက်တာ မဟုတ်ဘူးလား..."
"တာအိုရောင်းရင်းတို့... ဒီမင်းသားကို ရှင်းပြချက်တစ်ခု ပေးဖို့ တောင်းဆိုပါတယ်..."