အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း ၁၇ :နင်က ငါတို့ ထိုက်ချင်ဂိုဏ်းကို ခြိမ်းခြောက်နေတာလား...
သူ၏ မျက်နှာချင်းဆိုင်တွင် မှေးမှိန်သော စိတ်ဝိညာဉ်အလင်းရောင်များ ဖြာထွက်နေသည့် ကျောက်စိမ်းဖြူ ပလ္လင်ကိုးခုကို စက်ဝိုင်းပုံစံ စီစဉ်ထားလေ၏။ ပလ္လင်တစ်ခုစီတိုင်းတွင် ထိုက်ချင်ဂိုဏ်း၏ တောင်ထိပ်ကိုးခုကို ကိုယ်စားပြုသော ထူးခြားသည့် အရှိန်အဝါတစ်ခုစီ ရှိကြသည်။
ယခုအချိန်၌ ပလ္လင်လေးခုပေါ်တွင် ပုံရိပ်များ ထိုင်နေကြပြီဖြစ်သော်လည်း သူတို့၏ ကိုယ်ဟန်အနေအထားများမှာ ထူးဆန်းကာ ကွဲပြားခြားနားနေကြလေ၏။
အထင်ရှားဆုံးမှာ ပထမတောင်ထိပ်သခင် မြင့်မြတ်အရှင် ရွှမ်ကျိပင်။ သူသည် ရှေးဟောင်းဆန်ပြီး ရိုးရှင်းသော အသွင်အပြင်ရှိကာ သူ၏မျက်လုံးများ ပွင့်လာပြီး ပိတ်သွားချိန်တွင် မိုးကြိုးများ မွေးဖွားလာကာ ပျက်စီးသွားသကဲ့သို့ ထင်ရလေ၏။ သူ၏နံဘေးပတ်လည်ရှိ အရှိန်အဝါသည် အနက်ရှိုင်းဆုံးနှင့် အကျယ်ဝန်းဆုံးဖြစ်ပြီး သူ၏မျက်လုံးများက ရှေ့သို့ တည့်တည့် စူးစိုက်ကြည့်နေကာ သူ၏ အမူအရာမှာ ပြိုင်ဘက်ကင်းလောက်အောင် လေးနက်နေသည်။
သံသယမဝင်ပါနှင့်...
သူသည် အမှန်တကယ်ပင် အတွေးနက်နေခြင်း ဖြစ်ပေ၏။
ယောင်ရှင်းယဲ့သည် အလွန်ခါးမတ်မတ်ထိုင်နေပြီး သူ၏ရှေ့တွင် ဆန်စက္ကူတစ်ရွက် လွင့်မျောနေကာ ထိုအရာပေါ်တွင် စုတ်တံဖြင့် တစ်ခုခုကို လေးနက်စွာ ရေးသားနေသည်။
သူ၏ ဘယ်ဘက်ရှိ တတိယတောင်ထိပ်သခင်မှာ ကျောင်းတော်သားတစ်ဦး၏ အသွင်အပြင်ရှိသော လူငယ်တစ်ဦးပင်။ သူသည် အနက်ရောင် စစ်တုရင်ရုပ်တစ်ခုကို ကိုင်ထားပြီး သူ၏စိတ်ထဲတွင် စစ်တုရင်ပွဲတစ်ပွဲကို အဆက်မပြတ် ပြန်လည်ကစားနေပေ၏။ သူ၏ဘေးရှိ ယောင်ရှင်းယဲ့က လက်ရေး စတင် လေ့ကျင့်နေသည်ကို မြင်သောအခါ သူ တခဏမျှ ကြောင်အမ်းသွားပြီး မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"ဒုတိယအစ်ကို... ခင်ဗျား ဘာလို့ လက်ရေးလှ စပြီးလေ့ကျင့်နေရတာလဲ..."
သို့ရာတွင် ယောင်ရှင်းယဲ့က သူ့ကို ပြန်မဖြေဘဲ အလွန် အာရုံစိုက်နေဆဲပင်။
စတုတ္ထတောင်ထိပ်သခင်မှာ ယိုယွင်းနေသော တာအိုဝတ်ရုံဟောင်းတစ်ခုကို ဝတ်ဆင်ထားကာ သူ၏ ကုလားထိုင်ပေါ်တွင် စောင်းငဲ့မှီနေလေ၏။ သူ၏တစ်ကိုယ်လုံးမှ ဆေးလုံးရနံ့တစ်ခု ဖြာထွက်နေပြီး သူ၏မျက်လုံးများက တင်းကြပ်စွာ မှိတ်ထားကာ သူ၏ နှာခေါင်းနှင့် ပါးစပ်မှ ခပ်သဲ့သဲ့ဟောက်သံများ ထွက်ပေါ်နေသည်။
ပဉ္စမတောင်ထိပ်သခင်မှာ အရက်ကြောင့် ပါးပြင်များ နီမြန်းနေသည့် ဆွဲဆောင်မှုရှိကာ မိန်းမောဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးပင်။ သူမသည် ကြည်လင်သော အရက်အိုးတစ်အိုးကို ကိုင်ထားပြီး သူမက မူးယစ်ရီဝေသောအသံဖြင့် ပြောဆိုလိုက်၏။
"ဘာတွေ ဖြစ်နေလဲဆိုတာ ငါ့ကို သိခွင့်ပေးစမ်းပါ... ဂေ့..."
ထိုသို့ပြောပြီးနောက် သူမသည် လေချဉ်တစ်ချက် တက်လိုက်လေ၏။
"ပဉ္စမညီမလေး... မင်း ဘာလို့ အရက်တွေ ထပ်ပြီး အများကြီး သောက်နေရပြန်တာလဲ...မင်းကို လျှော့သောက်ဖို့ ငါ မပြောထားဘူးလား..." တတိယတောင်ထိပ်သခင်က မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။
ဤအချိန်၌ ဟွမ်တီခွန်း၏ အမူအရာမှာ တဖြည်းဖြည်း မည်းမှောင်လာပြီး သူ၏ ကြီးမားသော လက်သီးများ အလိုအလျောက် တင်းကျပ်သွားလေ၏။ သူသည် သူ၏ အကြည့်ကို ပထမတောင်ထိပ်သခင်ဆီသို့ ဝေ့ဝဲလိုက်ရာ သူ၏ အမူအရာက "ဒါက မင်းတို့ ထိုက်ချင်ဂိုဏ်းက ဧည့်သည်တွေကို ဆက်ဆံတဲ့ နည်းလမ်းလား" ဟု မေးနေသည့်အလားပင်။
"အဟမ်း... လူတိုင်း လေးလေးနက်နက် နေကြပါ... တာအိုရောင်းရင်းဟွမ် စကားပြောနေတာ မင်းတို့ မကြားဘူးလား..."
မြင့်မြတ်အရှင် ရွှမ်ကျိက လက်တွေ့ဘဝသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာပြီး အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်၏။
ပထမဆုံး စကားပြောလာသူမှာ အမျိုးသမီး ပဉ္စမတောင်ထိပ်သခင်ပင်။
"အို... ဘာတွေများ ကြီးကျယ်နေလို့လဲ... ကလေးတွေ ရန်ဖြစ်တာက ပုံမှန်ပဲ မဟုတ်ဘူးလား... ငါ့အမြင်ကတော့ လူတိုင်း စုပြီး အရက်တစ်ခွက်လောက် သောက်သင့်တယ်... အားလုံးက ခွက်ထဲမှာပဲလေ... ငါ့ခွက်ကို အကုန်သောက်လိုက်မယ်..."
ပဉ္စမတောင်ထိပ်သခင်က သူမ၏အရက်အိုးကို မော့သောက်လိုက်ရာ ဂလု ဂလု ဟူသော အသံများ ပဲ့တင်ထပ်သွားခဲ့သည်။
"ကလေးတွေ ရန်ဖြစ်တာတဲ့လား..."
ဟွမ်တီခွန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
"ငါတို့နိုင်ငံက မင်းသမီးရဲ့ သက်တော်စောင့်တွေက သုံးလလောက် အိပ်ရာထဲကနေ ထနိုင်မှာ မဟုတ်ဘူး... ပြီးတော့ တချို့ဆိုရင် သူတို့ရဲ့ အခြေခံအုတ်မြစ်တွေတောင် ပျက်စီးသွားပြီ..."
ချက်ချင်းပင် ယောင်ရှင်းယဲ့က သူ၏ စုတ်တံကို ရပ်တန့်လိုက်ပြီး စကားပြောဆိုငည်။
"ဒီကိစ္စမှာ ငါ ရှိနေခဲ့တယ်... အကြောင်းအရင်းနဲ့ ဖြစ်စဉ်ကို ငါ ရှင်းပြပြီးပြီလေ... အမှားအမှန်က မရှင်းလင်းသေးဘူးလား..."
"တာအိုရောင်းရင်းယောင်... ငါတို့နိုင်ငံရဲ့ မင်းသမီးက မှားနေတယ်ဆိုရင်တောင် ဘာလို့ ဒီလောက်အထိ လုပ်ရတာလဲ... အဲ့ဒီ ပါးရိုက်ခံရတဲ့ ကိစ္စကို မပြောနဲ့ဦး... ငါတို့နိုင်ငံရဲ့ လင်းထျန်းလန်က ဒုက္ခိတ ဖြစ်သွားပြီလေ... သူ့ရဲ့ တာအိုနှလုံးသား ပြိုကွဲသွားတာကို မင်း မမြင်ဘူးလား..."
ဟွမ်တီခွန်းက သွားကျိုးလုမတတ် အံ့ကြိတ်ကာ ပြောလိုက်လေ၏။ အကယ်၍ သူသာ ဤလူများကို အနိုင်မယူနိုင်ခြင်း မရှိခဲ့ပါက သူ အစောကြီးကတည်းက တိုက်ခိုက်ပြီးလောက်လေပြီ။
အကျိုးအကြောင်း ရှင်းပြတာလား...
အကျိုးအကြောင်း ရှင်းပြတာက ဘာအဓိပ္ပာယ်ရှိလို့လဲ...
လင်းထျန်းလန်သည် သူတို့ ထျန်းရွှမ်နိုင်ငံ လူငယ်မျိုးဆက်များ၏ တစ်ဦးတည်းသော မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် ပါရမီရှင်ပင်။
အကယ်၍ သူသာ ဒုက္ခိတ ဖြစ်သွားပါက ထောင်စုနှစ် နိုင်ငံအခမ်းအနားအတွင်း သူတို့ ဘာလုပ်ကြမည်နည်း။ သူတို့တွင် ခံစစ်ကို ထိန်းထားမည့်သူပင် ရှိတော့မည် မဟုတ်ချေ။ ဤသည်က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ လူတိုင်းကို အူတက်လုမတတ် ရယ်မောသွားစေမည် မဟုတ်လော။
သူ့ကို အဒေါသထွက်ဆုံးဖြစ်စေသည့်အရာမှာ ယောင်ရှင်းယဲ့က ထိုအချိန်က ရှိနေခဲ့ပြီး ထိုကိစ္စကို လုံးလုံးလျားလျား ရှောင်ရှားနိုင်ကာ သူတို့ ထျန်းရွှမ်အတွက် မျက်နှာသာအနည်းငယ် ချန်ထားပေးနိုင်ခဲ့ခြင်းပင်။ သို့ရာတွင် သူ ထိုသို့ မလုပ်ခဲ့ချေ။
ထိုအစား သူ၏ မေးခွန်းထုတ်မှုအောက်တွင် ယောင်ရှင်းယဲ့က သူ၏ခေါင်းကိုသာ ပုတ်ကာ ကူကယ်ရာမဲ့စွာ ပြန်ဖြေခဲ့လေ၏။
"အို... ငါ အသက်ကြီးလာပြီ... အဲ့ဒီ ကျင့်စဉ်က တကယ်ပဲ..."
အဓိပ္ပာယ်မရှိလိုက်လေခြင်း...
ဤကဲ့သို့ ရှင်းပြချက်မျိုးကို မည်သူက ယုံကြည်မည်နည်း။ အချိန်နှင့် ဟင်းလင်းပြင် တာအိုဟု ဆိုသလော။ ထိုအရာက မြင့်မြတ်အရှင်နယ်ပယ် ကျင့်ကြံသူတစ်ယောက် နားလည်သဘောပေါက်နိုင်မည့် အရာမဟုတ်ပေ။ သူ့အား လှောင်ပြောင်နေခြင်းသာ ဖြစ်ပေမည်။
သို့ရာတွင် ဟွမ်တီခွန်းသည် အံ့ကြိတ်ကာ လက်ခံရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိခဲ့ချေ။ ထိုကြောင့် သူသည် ထိုက်ချင်ဂိုဏ်း၏ အပြစ်ပေးမှုများကို တာဝန်ယူရပြီး အမြဲတမ်း ဘက်လိုက်မှုကင်းကာ ကိုယ်ကျိုးမဖက်တတ်သော မြင့်မြတ်အရှင် ရွှမ်ကျိထံသို့ သွားရောက် တိုင်ကြားခဲ့လေ၏။
ဤအချိန်၌ တခြားအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဟူး... တာအိုရောင်းရင်းဟွမ်... အဲ့ဒါက မမှန်ဘူးလေ... မှန်တာက မှန်တာပဲ... မှားတာက မှားတာပဲ... အကြီးအသေး ခွဲခြားထားတာ မရှိဘူး... တကယ်လို့ ခွဲခြားရမယ်ဆိုရင်တောင် ငါတို့ ထိုက်ချင်ဂိုဏ်းမှာ ငါတို့ တပည့်ရဲ့ အဖိုးတန် ဓားကို လုယူပြီး စကားနဲ့ စော်ကားတာက... တကယ်လို့ ငါတို့ အလေးအနက် ဆွေးနွေးရမယ်ဆိုရင် တာအိုရောင်းရင်းဟွမ်က အဲ့ဒါကို အသေးအဖွဲ ကိစ္စလေးလို့ တကယ် ထင်နေတာလား..."
တတိယတောင်ထိပ်သခင်က ပြုံးလိုက်၏။ သူ့ထံ၌ ရည်မွန်သော စိတ်နေသဘောထားရှိလင့်ကစား သူ၏ မျက်လုံးများမှ အေးစက်မှုတစ်ရပ် ဖြာထွက်နေသည်။
အမှန်တကယ်တော့ ဟွမ်တီခွန်းအပါအဝင် ဤနေရာရှိ လူတိုင်းသည် ယနေ့ အဖြစ်အပျက်များ၏ အကြောင်းစုံကို ရှင်းလင်းစွာ သိရှိထားကြသည်။ မင်းသမီးဟွမ်ယဲ့၏ မောက်မာမှုက ဟွမ်တီခွန်း၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်နိုင်ခြေလည်း ရှိလေ၏။
ထိုအရာက လူငယ်များအကြား အငြင်းပွားမှုတစ်ခု ဖြစ်သဖြင့် သဘာဝကျကျပင် သူတို့ ဝင်ရောက်စွက်ဖက်ရန် ခက်ခဲကြောင်း တွေ့ရှိခဲ့ကြသည်။
သူ၏ စကားများတွင် နောက်ထပ် အဓိပ္ပာယ် အလွှာတစ်ခု ရှိနေသေးသည်။ အကယ်၍ သူတို့က ဤကိစ္စကို တကယ် ဆက်လက်လုပ်ဆောင်လိုပါက မည်သူက မည်သူ့ကို ရှင်းပြချက်တစ်ခု ပေးရန် အကြွေးတင်နေမည်ဆိုသည်ကို ပြောရန် ခက်ခဲသည်။
ဟွမ်တီခွန်း တိတ်ဆိတ်သွားခဲ့၏။ သူ၏ နှလုံးသားထဲရှိ ဒေါသကို မြိုသိပ်ကာ မြင့်မြတ်အရှင် ရွှမ်ကျိကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လျက် ပြောလိုက်သည်။
"တာအိုရောင်းရင်းရွှမ်ကျိရဲ့ သဘောထားက ဘယ်လိုရှိလဲ..."
“စစ်တုရင်သူတော်စင် လီချင်းဖုန်း... ဒီအရှင်က ဒါကို မှတ်ထားမယ်...”
သူသည် မြင့်မြတ်အရှင် ရွှမ်ကျိအပေါ်တွင်သာ သူ၏ မျှော်လင့်ချက်များကို ပုံအောထားနိုင်တော့သည်။ ထျန်းရွှမ်နိုင်ငံတွင်ပင် မြင့်မြတ်အရှင် ရွှမ်ကျိနှင့် နဝမတောင်ထိပ်သခင်တို့ အဆင်မပြေကြကြောင်း ကောလာဟလများကို သူ ကြားဖူးခဲ့လေ၏။
"ဟင်...ဘာလဲ..."
မြင့်မြတ်အရှင် ရွှမ်ကျိသည် တခဏမျှ အတွေးနက်နေခဲ့ပြီး တုံ့ပြန်လာချိန်တွင် အနည်းငယ် အနေရခက်စွာ မေးလိုက်သည်။
"..."
ဟွမ်တီခွန်း၏ ဒေါသထိန်းချုပ်နိုင်စွမ်း မည်မျှပင် ကောင်းမွန်ပါစေ နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့ချေ။ သူက အသံနက်ကြီးဖြင့် ပြောလိုက်၏။
"ထားလိုက်ပါတော့... ဒီဘုရင်က ထိုက်ချင်ဂိုဏ်းရဲ့ ရပ်တည်ချက်ကို နားလည်ပါပြီ... ငါ့ရဲ့ ထျန်းရွှမ်နိုင်ငံက ယွမ်ရှန်းဂိုဏ်းနဲ့ ပိုပြီး ရေစက်ပါပုံရတယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လီချင်းဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏လက်ထဲရှိ စစ်တုရင်ရုပ်ကို အင်္ကျီလက်ထဲသို့ မသိမသာ ထည့်လိုက်မိသည်။ ယောင်ရှင်းယဲ့က စကားမပြောဘဲ ဟွမ်တီခွန်းကို ဂရုမစိုက်စွာ ကြည့်နေရုံသာရှိသည်။ မူးယစ်နေသော ပဉ္စမတောင်ထိပ်သခင်၏ နှုတ်ခမ်းထောင့်များမှာ ဖော်ပြ၍မရနိုင်သော အေးစက်သည့် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူ၏ ကုလားထိုင်ပေါ်တွင် စောင်းငဲ့ မှီနေသော အဖိုးအိုက ဟွမ်တီခွန်းကို တစ်ချက် ကြည့်လိုက်၏။
နောက်တစ်စက္ကန့်တွင်...
ဝုန်း...
ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသည့်အလား ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော ဖိအားတစ်ခုက ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။
ဤအရှိန်အဝါသည် ထိတွေ့ကိုင်တွယ်၍မရသော အရာတစ်ခု မဟုတ်တော့ချေ။ ထိုအရာတွင် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများ ပါဝင်ပြီး ဟွမ်တီခွန်းကို လွှမ်းခြုံသွားသည့် ခမ်းနားကြီးကျယ်သော ကောင်းကင်ဘုံ၏ စွမ်းအားတစ်ခုပင်။
ပင်မနေရာတွင် ထိုင်နေပြီး မကြာခဏ အတွေးနက်နေလေ့ရှိသော မြင့်မြတ်အရှင် ရွှမ်ကျိ၏ အရှိန်အဝါသည် ချက်ချင်းပြောင်းလဲသွားခဲ့၏။ တောက်ပကာ မျက်စိကျိန်းလောက်သော မိုးကြိုးများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်အောင် သေးငယ်ကာ နက်နဲသိမ်မွေ့သော မိုးကြိုးမှော်အက္ခရာများက သူ၏ တာအိုဝတ်ရုံပေါ်တွင် လှည့်ပတ်ကာ ပျက်စီးနေသည်။
ဤအချိန်၌ သူသည် မိုးကြိုးကို တာဝန်ယူထားသည့် ရှေးဦးခေတ်မှ ရှေးဟောင်း နတ်ဘုရားတစ်ပါးနှင့် တူနေသည်။ သူ၏ မျက်လုံးများ ပွင့်လာပြီး ပိတ်သွားချိန်တွင် ထိုအရာက မိုးကြိုးများ မွေးဖွားလာကာ ပျက်စီးသွားသည့် ပုံရိပ်ယောင်မျှသာ မဟုတ်တော့ဘဲ သူ၏ မျက်လုံးများတွင် မိုးကြိုးများဖြင့် ပြည့်နှက်သွားစေသည့် စစ်မှန်သော လျှပ်စီးတန်းများ ခုန်ပေါက်နေခြင်းပင်။
သူသည် နေရာတွင် ထိုင်နေဆဲဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီးကြားတွင် ရပ်တည်ကာ သက်ရှိအားလုံးကို ငုံ့ကြည့်နေသည့် အမြင့်ဆုံးသော ခမ်းနားကြီးကျယ်မှုတစ်ခုကို လူများအား ပေးစွမ်းနေသည်။ သူ၏ အကြည့်က ဟွမ်တီခွန်းအပေါ်တွင် စူးစိုက်နေပြီး သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း စိတ်ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သည့် အအေးဓာတ်တစ်ခု ပါဝင်နေလေ၏။ စကားလုံးတိုင်းက ဟွမ်တီခွန်း၏ စိတ်ထဲတွင် ကောင်းကင်ကိုးထပ်မှ မိုးကြိုးများအလား ပေါက်ကွဲသွားခဲ့သည်။
"မင်း...မင်းက ငါတို့ ထိုက်ချင်ဂိုဏ်းကို ခြိမ်းခြောက်နေတာလား..."
ဤအချိန်၌ ဟွမ်တီခွန်း၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားပြီး သူ၏ မျက်နှာ စက္ကူတစ်ရွက်အလား ဖြူရော်သွားခဲ့သည်။
သူသည် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးနတ်ဘုရားစွမ်းအားကြောင့် အချိန်မရွေး ဆုတ်ဖြဲခံရတော့မည့် ပြင်းထန်သော မုန်တိုင်းတစ်ခုထဲရှိ လှေငယ်လေးတစ်စင်းကဲ့သို့ ခံစားလိုက်ရလေ၏။
သူ၏ ခန္ဓာကိုယ်ထဲရှိ အရိုးများမှာ ခံနိုင်ရည်မရှိလောက်အောင် လေးလံသော ဝန်ထုတ်ဝန်ပိုးအောက်တွင် ညည်းတွားနေကြသည်။ မြင့်မြတ်အရှင်နယ်ပယ်ရှိ သူ၏ ခွန်အားမှာ ဤဖိအားအောက်တွင် တောက်ပသော လမင်းကြီးနှင့် နှိုင်းယှဉ်ပါက ပိုးစုန်းကြူးလေးတစ်ကောင်အလား အလွန်တရာ သေးငယ်လွန်းလှသည်။
နတ်ဘုရားမီးတောက်နယ်ပယ်...
ဤသည်မှာ သေချာပေါက် နတ်ဘုရားမီးတောက်နယ်ပယ်၏အရှိန်အဝါပင်။
ထို့ပြင် ထိုအရာက ဤနယ်ပယ်သို့ အသစ်ဝင်ရောက်လာသူ တစ်ဦးမျှသာ မဟုတ်ဘဲ မြင့်မြတ်အရှင်ရွှမ်ကျိ၏အခြေခံ နက်ရှိုင်းမှုမှာ သူ၏ စိတ်ကူးထက် များစွာကျော်လွန်နေသည်။
ချွေးများ အလွန်အမင်း ထွက်နေလျက် ဟွမ်တီခွန်းမှာ လက်တွေ့ဘဝသို့ ချက်ချင်းပြန်လည်ရောက်ရှိလာပြီး ကမန်းကတန်း ပြောလိုက်၏။
"တာအိုရောင်းရင်း... ခင်ဗျား အထင်လွဲနေတာပါ... ဒါက ဒီဂျူနီယာရဲ့ စကားမှားသွားတာပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
"ဟမ့်..."
မြင့်မြတ်အရှင် ရွှမ်ကျိက အေးစက်စက် နှာမှုတ်လိုက်သည်။ သူ၏ အရှိန်အဝါကို ရုပ်သိမ်းပြီးနောက် သူက ထပ်ဖြည့်ပြောလိုက်၏။
"ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတဲ့ ထျန်းရွှမ်နိုင်ငံရဲ့ ရွေးချယ်မှုက မင်းတို့နိုင်ငံရဲ့ လွတ်လပ်ခွင့်ပဲ... ဒါပေမဲ့ ငါတို့ ထိုက်ချင်ဂိုဏ်းက မင်းတို့ ထျန်းရွှမ်ရဲ့ မျက်နှာသာပေးမှုကို ရဖို့ လိုအပ်တဲ့ အဆင့်အထိ တကယ် ရောက်နေပြီလို့ မင်း ထင်နေရင်တော့ အဲ့ဒါက အရမ်းမိုက်မဲလွန်းရာ ကျလိမ့်မယ်..."
ယွမ်ရှန်းဂိုဏ်းကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပြီး ယွမ်ရှန်းဂိုဏ်းကို သတိထားနေစေခဲ့ရာ ထိုက်ချင်ဂိုဏ်းတွင် အုပ်စိုးသူတစ်ဦး၏ သဘောထားမျိုး မည်သို့ မရှိဘဲ နေမည်နည်း။
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... ဒီဂျူနီယာက မိုက်မဲမှုကြောင့် မဆင်မခြင်ဖြစ်သွားခဲ့တာပါ..."
ဟွမ်တီခွန်းက ကမန်းကတန်း သဘောတူလိုက်၏။ ဤအချိန်၌ သူ ယခင်က ရှိခဲ့သော အုပ်ချုပ်သူ၏ ကြီးစိုးသော ကိုယ်ဟန်အနေအထားမှာ ဘယ်ရောက်သွားပြီနည်း။
"လူငယ်တွေရဲ့ ကိစ္စက ဒီမှာတင် ပြီးပြီ... နိုင်ငံတော် အခမ်းအနားအတွက် သဘောတူညီချက်က အသက်ဝင်နေဆဲပဲ... ဒါပဲ..."
မြင့်မြတ်အရှင် ရွှမ်ကျိက တည်ငြိမ်စွာ ပြောလိုက်သော်လည်း မေးခွန်းထုတ်စရာမလိုသော လေသံတစ်ခု ပါဝင်နေပေ၏။
ဟွမ်တီခွန်းက လက်ပူးဆုပ်ကာ ခေါင်းညိတ်ပြီးနောက် သူ နှုတ်ဆက်၍ ထွက်ခွာသွားလေသည်။ သူ ထွက်ခွာသွားပြီးနောက်မှသာ ထိုက်ချင်ဂိုဏ်း တောင်ထိပ်သခင်များအကြား အစည်းအဝေး အမှန်တကယ် စတင်တော့သည်။
"ဟဲ ဟဲ... သူ့ကိုယ်သူ တကယ် အထင်ကြီးနေတဲ့ ခြံစည်းရိုးခွထိုင်နေတဲ့ကောင်..."
"အတိအကျပဲ... အတိအကျပဲ... ဒါပေမဲ့ ဒီလိုပြောရရင် နဝမတောင်ထိပ်က စူးချန်ကဲက ဘာတွေ ဖြစ်နေတာလဲ... သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်မှာ ရှိနေတာ မဟုတ်ဘူးလား... သူက ဘယ်လိုလုပ်ပြီး ဒီလို ပါရမီရှင်မျိုး ရုတ်တရက် ဖြစ်သွားတာလဲ... တစ်ယောက်ယောက်များ သိလား..."
မြင့်မြတ်အရှင် ရွှမ်ကျိ၏ အကြည့်က ယောင်ရှင်းယဲ့ဆီသို့ ဝေ့ဝဲသွားပြီး မျက်ခုံးပင့်ကာ ပြောလိုက်၏။
"မင်း တစ်ခုခု ပြောဖို့ အစီအစဉ် မရှိဘူးလား..."
အခန်း ၁၈:တကယ်ပဲ ဒီလောက်တောင် ချောမွေ့တာလား..
"ဘာကို ပြောရမှာလဲ... ငါ ဘာမှမသိဘူးလေ..."
ယောင်ရှင်းယဲ့က သူ၏ လက်များကို ဖြန့်ကာ အလွန်အပြစ်ကင်းပုံရပြီး ပြောလိုက်သည်။
"'ဘာမှမသိဘူး' ဆိုတာ ဘာအဓိပ္ပာယ်လဲ..."
"မင်း သိလား မသိဘူးလား..."
မြင့်မြတ်အရှင် ရွှမ်ကျိက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာ စိုက်ကြည့်လိုက်၏။ သူ တစ်ခုခု မှားယွင်းနေကြောင်း အမြဲခံစားနေရသည်။ ယောင်ရှင်းယဲ့အကြောင်းကို သိထားသလောက် သူသည် အမြဲတစေ စည်းမျဉ်းများကို လိုက်နာသူတစ်ဦးပင်။
သူက အသင်္ချေကောင်းကင်ဘုံနန်းတော်တွင် တမင်တကာ ဘေးမှ ရပ်ကြည့်နေပြီး ဘာမှမလုပ်ဘဲ နေလိမ့်မည်ဟု မဖြစ်နိုင်ချေ။ အကယ်၍ အခြားတောင်ထိပ်သခင်များဆိုလျှင် သူ ယုံကြည်ကောင်း ယုံကြည်နိုင်ပေမည်။
သို့ရာတွင် ယောင်ရှင်းယဲ့က တစ်ခုခုကို သေချာပေါက် သိထားပြီး မသိချင်ယောင် ဆောင်နေခြင်း ဖြစ်လေသည်။
မူးယစ်နေသော ပဉ္စမတောင်ထိပ်သခင်မှလွဲ၍ လူတိုင်းက ယောင်ရှင်းယဲ့ကို မေးခွန်းထုတ်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
"အို... အဲ့ဒီအချိန်တုန်းက ငါက နက်နဲတဲ့ အခြေအနေတစ်ခုထဲကို တကယ် ဝင်ရောက်သွားတာ... ဟုတ်တယ်... အရမ်း နက်နဲတယ်... မင်းတို့အားလုံး နားလည်တဲ့ အဲ့ဒီ ဉာဏ်အလင်းပွင့်တာမျိုးပေါ့... ဟုတ်တယ်မလား... ငါက တမင်တကာ မလှုပ်ရှားခဲ့တာ မဟုတ်ဘူး... တကယ်ကို မလှုပ်ရှားနိုင်ခဲ့တာပါ... ငါ အဲ့ဒီထဲမှာ ပိတ်မိနေခဲ့တာလေ..."
ယောင်ရှင်းယဲ့က အလွန်လေးနက်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။
သူတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးချေ။ သူ သေချာပေါက် ပြောပြမည် မဟုတ်ပေ။
အမှန်တကယ်တော့ သူလည်း သိပ်နားမလည်ခဲ့ချေ။ အကယ်၍ စူးချန်ကဲက သူ၏ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားချင်ပါက သူ ယနေ့ လှုပ်ရှားခဲ့သင့်သည် မဟုတ်ပေ။ စူးချန်ကဲက သူ၏ အဆောင်လက်ဖွဲ့တာအို နယ်ပယ်ကိုသာ ဖုံးကွယ်ထားရန် ကြိုးစားနေခြင်းလော။
ထားလိုက်ပါတော့....
ဤကိစ္စနှင့် ပတ်သက်၍ အများကြီး စိတ်ပူမနေတော့ဘဲ လိမ္မာပါးနပ်စွာ ပါးစပ်ပိတ်ထားလိုက်ရန်သာ သူ တွေးတောလိုက်သည်။
ယောင်ရှင်းယဲ့ မသိချင်ယောင် ဆောင်နေသည်ကို မြင်သောအခါ မြင့်မြတ်အရှင် ရွှမ်ကျိသည် သူ့ထံမှ ဘာမျှ ရလိမ့်မည် မဟုတ်ကြောင်း သိလိုက်သဖြင့် လက်ဝှေ့ယမ်းလိုက်၏။
နောက်တစ်စက္ကန့်တွင်....
ဥာဏ်ပညာကြီးမားပုံရသော မျက်လုံးများရှိသည့် ထိုက်ချင်ဂိုဏ်း တပည့်တစ်ဦးက ပင်မခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
"တပည့် ဝမ်ကန်းက တောင်ထိပ်သခင် အားလုံးကို ရိုသေလေးစားစွာ ဂါရဝပြုပါတယ်..."
ဝမ်ကန်းက ရိုသေလေးစားစွာ အရိုအသေပေးလိုက်၏။
ယောင်ရှင်းယဲ့က ဝမ်ကန်းကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ထိုအချိန်က ရှိနေခဲ့သော တပည့်များထဲမှ တစ်ဦးဖြစ်ကြောင်း မှတ်မိလိုက်သည်။ သို့ရာတွင် ဤတပည့်များ ဘာတွေ တွေးတောနိုင်မည်ကိုမူ သူ လုံးဝဂရုမစိုက်ခဲ့ချေ။
မြင့်မြတ်အရှင် ရွှမ်ကျိက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"အရိုအသေပြုနေစရာ မလိုပါဘူး... ဒီနေ့ အသင်္ချေကောင်းကင်ဘုံနန်းတော်မှာ မင်း မြင်ခဲ့ရတာတွေကို အမှန်အတိုင်း ပြန်ပြောပြစမ်း..."
"ဟုတ်ကဲ့ပါ..."
ဝမ်ကန်းသည် လက်များကို ချထားပြီးနောက် ထိုလက်များကို မည်သည့်နေရာတွင် ထားရမည်မှန်း မသိသကဲ့သို့ ဖြစ်နေပြီး သူ၏စိတ်လှုပ်ရှားနေမှုကို ရှင်းလင်းစွာ ညွှန်ပြနေသည်။ ဤသည်က အံ့ဩစရာတော့ မဟုတ်ချေ။ သာမန်တပည့်များက ဤမျှများပြားသော တောင်ထိပ်သခင်များကို မြင်တွေ့ရမည့် အခွင့်အရေး မည်သို့ ရရှိနိုင်မည်နည်း။
ထို့ကြောင့် ဤသည်မှာ သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်ပြီး သူ၏ ထူးခြားမှုကို သူ ပြသရပေမည်။
ဤအတွက် သူ၏ စကားပြောဆိုမှုများကို အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သည်။
ချက်ချင်းပင် ဝမ်ကန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ စိတ်လှုပ်ရှားနေသော နှလုံးသားကို ငြိမ်သက်အောင် ကြိုးစားကာ ယခင်က မရှိဖူးသော လေးနက်သည့် အမူအရာကို ပြသ၍ ပြောလိုက်၏။
"တောင်ထိပ်သခင် အားလုံးကို အစီရင်ခံပါတယ်... အဲ့ဒီအချိန်က အခြေအနေက ဒီလိုပါ..."
"ထျန်းရွှမ်နိုင်ငံ မင်းသမီးက အသင်္ချေကောင်းကင်ဘုံနန်းတော်ထဲမှာ လူတွေကို ဦးဆောင်ပြီး လွှမ်းမိုးဖို့ ကြိုးစားနေတာပါ... ကျွန်တော်တို့ ဂိုဏ်းရဲ့ တပည့်တွေကို အနိုင်ကျင့်တယ်... ကျွန်တော်တို့ ဂိုဏ်းရဲ့ ရတနာတွေကို လုယူတယ်... ပြီးတော့ မောက်မာနေခဲ့တာပါ... ကျွန်တော်တို့က အတိုင်းအဆမရှိ ဒေါသထွက်ခဲ့ရပါတယ်... ဂိုဏ်းရဲ့ စည်းမျဉ်းတွေကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့က သေတဲ့အထိ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိခဲ့ကြပါတယ်..."
မြင့်မြတ်အရှင် ရွှမ်ကျိ၏ မျက်ခုံးအနည်းငယ် ပင့်သွား၏။ အခြေအနေသည် အဲ့ဒီလောက်တောင် ဆိုးရွားခဲ့သလော။
သို့ရာတွင် ဝမ်ကန်း၏ အမူအရာမှာ အံ့ကြိတ်နေခြင်းမှ ပြောင်းလဲလာပြီး သူ၏ မျက်လုံးများ တောက်ပလာသည်။
"ဒါပေမဲ့ ဒီလို တိတ်ဆိတ်နေတဲ့ အချိန်မှာပဲ လီ သုံးသောင်းလောက်ကနေ အရှေ့ဘက်ကို ခရမ်းရောင်ချီတွေ ရောက်လာပြီး စကြဝဠာကို မင်္ဂလာရှိတဲ့ အလင်းရောင်တွေ လင်းလက်လာတာကို ကျွန်တော် ဝိုးတဝါး မြင်လိုက်ရသလိုပဲ... သေချာ ကြည့်လိုက်တော့မှ အဲ့ဒါက နဝမတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့် စီနီယာအစ်ကိုစူးဆိုတာကို ကျွန်တော် သိလိုက်ရတယ်... သူ ရောက်လာပြီ..."
"သူက တည်တည်ငြိမ်ငြိမ် လမ်းလျှောက်လာရုံလေး ဖြစ်ပေမဲ့ မဟာတာအိုရဲ့ ပဲ့တင်ထပ်မှုကို လှုံ့ဆော်လိုက်သလိုပဲ... တစ်ချက်ကြည့်လိုက်ရုံနဲ့... အဲ့ဒါက တစ်ချက် ကြည့်ရုံသက်သက် မဟုတ်ဘူး... အဲ့ဒီထဲမှာ ခမ်းနားကြီးကျယ်တဲ့ နတ်ဘုရားစွမ်းအားတွေ ပါဝင်နေတယ်... ကောင်းကင်ဧကရာဇ် တစ်ပါး တစ်ချက်ကြည့်လိုက်သလိုမျိုးပဲ..ဒါက ချဲ့ကားပြောတာ မဟုတ်ပါဘူး... ပြီးတော့ အဲ့ဒီ ထျန်းရွှမ်နိုင်ငံ သက်တော်စောင့်တွေက ချက်ချင်းနောက်ကို လွင့်စင်သွားကြတယ်... ဒါကို တိုက်ခိုက်မှုလို့တောင် ခေါ်လို့မရဘူး... အဲ့ဒီအစား ပုရွက်ဆိတ်တွေအပေါ် ကျရောက်လာတဲ့ ကောင်းကင်ဘုံက ဖိအားတစ်ခုပဲ..."
"နောက်ဆက်တွဲ မြင်ကွင်းက အချိန်ကို ကျော်လွန်သွားသလိုပဲ... ကျွန်တော် သေချာ မမြင်ရတော့ဘူး... ထျန်းရွှမ်နိုင်ငံက လင်းထျန်းလန်က သူ့ရဲ့ ကန့်သတ်ချက်တွေကို မသိဘဲ စီနီယာအစ်ကိုစူးကို တိုက်ခိုက်ရဲတယ်ဆိုတာလောက်ပဲ ကျွန်တော် သိတယ်... စီနီယာအစ်ကိုစူးရဲ့ရှေ့မှာ သူ့ရဲ့ သေးငယ်လှတဲ့ ခွန်အားက တောက်ပနေတဲ့ လမင်းကြီးကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ ပိုးစုန်းကြူးလေး တစ်ကောင်လိုပါပဲ..."
ဝမ်ကန်းက အထင်အမြင်သေးစွာ ပြောလိုက်ပြီးနောက် ထပ်မံ၍ အလွန်အမင်း ကြည်ညိုလေးစားဟန်ဖြင့် ဆက်ပြောလိုက်၏။
"အဲ့ဒီနောက်မှာ စီနီယာအစ်ကိုစူးက နောက်ဆုံးတော့ လှုပ်ရှားခဲ့တယ်... မဟုတ်ဘူး... ဒါကို လှုပ်ရှားတယ်လို့ မခေါ်ဘူး... သူက ကောင်းကင်တာအိုကို လိုက်နာပြီး သူ့ရဲ့ လက်ညှိုးနဲ့ ကံကြမ္မာရဲ့ လမ်းကြောင်းကို ခြေရာခံလိုက်ရုံပါပဲ..."
သူက စူးချန်ကဲ၏ လှုပ်ရှားမှုများကို အတုခိုးကာ သူ၏လက်ညှိုးဖြင့် ပေါ့ပေါ့ပါးပါး အကြိမ်အနည်းငယ် ပွတ်ဆွဲပြလိုက်သည်။
"အကြိမ်အနည်းငယ်လောက် ပွတ်ဆွဲလိုက်ရုံနဲ့ တွေးကြည့်လို့တောင် မရနိုင်တဲ့ ဓားစိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာတယ်... မယုံနိုင်လောက်အောင်ကို ချောမွေ့တာပဲ..."
"တကယ်ပဲ အဲ့ဒီလောက်တောင် ချောမွေ့တာလား..."
မြင့်မြတ်အရှင် ရွှမ်ကျိက ပြောဆိုလိုက်ကာ သူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေ၏။
ဟင်္သာပြဒါးနေမင်းသခင်က သူ၏ မျက်လွှာကိုချကာ ဝမ်ကန်းကို ကြည့်လိုက်သည်။
လီချင်းဖုန်းက အနည်းငယ် ပြုံးလိုက်၏။
"အရမ်း ချောမွေ့တာပါ..."
ဝမ်ကန်းက ခိုင်မာစွာ ခေါင်းညိတ်ပြပြီး ထပ်ဖြည့်ပြောလိုက်သည်။
"အဲ့ဒါက သာမန်ဓားချီ မဟုတ်ဘူး... ကျွန်တော် မြင်လိုက်တယ်... အဲ့ဒါက အဆက်မပြတ် စီးဆင်းနေတဲ့ အချိန်မြစ်ကြီးတစ်ခုလိုပဲ... ကောင်းကင်ကို ခွဲထုတ်ပြီး မြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ ပြိုင်ဘက်ကင်း ထက်မြက်တဲ့ အစွန်းတစ်ခုပဲ... ဓားချီထဲမှာ နယ်ပယ်ပေါင်း သောင်းသိန်းချီပြီးတော့ မွေးဖွားလာပြီး ပျက်စီးသွားတယ်... နတ်ဘုရားတွေက တေးသီဆိုနေကြပြီးတော့ ရှေးဟောင်း ကြယ်တာရာ နယ်မြေတွေက ဖြစ်ပေါ်လာပြီး ပျောက်ကွယ်သွားကြတယ်... အဲ့ဒါက သေချာပေါက် ထိုက်ချင်ဓားနည်းစနစ်ရဲ့ စွမ်းအား မဟုတ်ဘူး... ကောင်းကင်အဆင့် ဒါမှမဟုတ် သူတော်စင်အဆင့်တောင် ဖြစ်နိုင်တယ်... အဲ့ဒီလို ကောင်းကင်နဲ့မြေကြီး ဆန္ဒရဲ့ စွမ်းအားရှေ့မှာ လင်းထျန်းလန်ရဲ့ သေးငယ်လှတဲ့ လှည့်ကွက်တွေက ဖုန်မှုန့်လေးတောင် မဖြစ်နိုင်ဘူး..."
သူ စကားပြောနေစဉ် ဝမ်ကန်း၏ အမူအရာပြတ်သားသွားပြီး သူက အခိုင်အမာ ပြောဆိုလိုက်၏။
"အဲ့ဒီ အချိန်အခိုက်အတန့်မှာ မဟာတာအိုရဲ့ ငိုကြွေးသံကိုတောင် ကျွန်တော် ကြားလိုက်ရတယ်... တာအိုအားလုံးက စီနီယာအစ်ကိုစူးဆီကနေ စီးဆင်းနေတယ်... စီနီယာအစ်ကိုစူးက အရာအားလုံးကို တတ်စွမ်းနိုင်တယ်လို့ ဒီတပည့်က တွက်ဆပါတယ်..."
"ဟားဟား... ဒါဆို မင်းရဲ့အပြောအရဆိုရင် သူက စစ်တုရင်တာအိုကိုလည်း သိတာပေါ့..."
လီချင်းဖုန်းက ရယ်မောခြင်းကို မထိန်းနိုင်ဘဲ စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ဝမ်ကန်းက မစဉ်းစားဘဲ ပြန်ဖြေလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ကြွားလုံးထုတ်ခြင်းက တရားမဝင်သည့်နည်းလမ်းဖြင့် စီနီယာအစ်ကိုစူးကို မြှောက်ပင့်ပေးနေခြင်းဖြစ်ရာ အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။
"သူက ဆေးဖော်စပ်တာကိုလည်း သိတာပေါ့..." ဟင်္သာပြဒါးနေမင်းသခင်က နောက်ပြောင်သည့်အနေဖြင့် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"သေချာတာပေါ့... တာအိုတစ်ခုက တာအိုအားလုံးဆီကို ဦးတည်တယ်လေ..."
ဝမ်ကန်းက ခေါင်းညိတ်လိုက်ပြီးနောက် တောင်ထိပ်သခင်ယောင် ထပ်မေးမည်ကို စိုးရိမ်သဖြင့် သူက ကြိုတင်၍ ပြောလိုက်၏။
"တကယ်တော့ စီနီယာအစ်ကိုစူးက အဆောင်လက်ဖွဲ့တာအိုကိုလည်း သိတယ်လို့ ကျွန်တော် သံသယရှိတယ်..."
"..."
ယောင်ရှင်းယဲ့ ဆွံ့အသွားသည်။
ဤအချိန်၌ မြင့်မြတ်အရှင် ရွှမ်ကျိ၏ မျက်ခုံးများမှာ ပို၍ပင် တင်းကြပ်စွာ ကြုံ့သွားခဲ့လေ၏။
နောက်ဆုံးတွင် ဝမ်ကန်းက ကျိုးနွံသော ကိုယ်ဟန်အနေအထားဖြင့် နိဂုံးချုပ်လိုက်သည်။
"တောင်ထိပ်သခင် အားလုံးခင်ဗျာ... စီနီယာအစ်ကိုစူးက ကံကောင်းခြင်းတွေ ပြည့်နှက်နေတဲ့ လူတစ်ယောက် ဖြစ်ရမယ်... အရင်က သူက တွင်းနက်ထဲမှာ ပုန်းအောင်းနေတဲ့ နဂါးတစ်ကောင်သာ ဖြစ်ပေမဲ့ အခုတော့ လေနဲ့ တိမ်တွေ ပေါင်းဆုံလာပြီဆိုတော့ သူက ကောင်းကင်ဘုံဆီကို စတင်ပျံသန်းနေပြီလေ... ဒါက ကျွန်တော်တို့ ထိုက်ချင်ဂိုဏ်းအတွက် ကြီးမားတဲ့ ကြီးပွားတိုးတက်မှုရဲ့ လက္ခဏာတစ်ခုပဲ... အခုကစပြီး ကျွန်တော်တို့ ထိုက်ချင်ဂိုဏ်းကို ဦးဆောင်မယ့် စီနီယာအစ်ကိုစူးနဲ့ဆိုရင် ဘာ ထျန်းရွှမ်နိုင်ငံ... ဘာ ယွမ်ရှန်းဂိုဏ်းလဲ... သူတို့က ကြက်တွေ ခွေးတွေလို သက်သက်ပါပဲ... လက်တစ်ချောင်းတည်းနဲ့တင် အလွယ်တကူ ဖျက်ဆီးပစ်လို့ရတယ်... ကျွန်တော်တို့ ဂိုဏ်းက ကောင်းကင်ဘုံ အားလုံးကို အုပ်စိုးပြီးတော့ နယ်ပယ်ပေါင်း သောင်းသိန်းကို လွှမ်းမိုးပြီး ထာဝရ ဒဏ္ဍာရီတစ်ခု ဖြစ်လာဖို့ ကံကြမ္မာ ဖန်တီးထားပြီးသားပါ..."
ဝမ်ကန်းသည် စကားပြောဆိုပြီးနောက် သူသည် လုံးဝပင်ပန်းနွမ်းနယ်သွားပြီး အသက်ရှူမဝ ဖြစ်နေသည်။ တောင်ထိပ်သခင်များ၏ အံ့အားသင့်နေသော အမူအရာများကို မြင်တွေ့ရပြီး မူးယစ်နေသော ပဉ္စမတောင်ထိပ်သခင်ပင် သူမကိုယ်သူမ မတ်မတ်ထားသည်ကို မြင်သောအခါ သူ အောင်မြင်သွားပြီဟု ခံစားလိုက်ရသည်။
အနည်းဆုံးတော့ တောင်ထိပ်သခင်များ၏ အာရုံစိုက်မှုကို သူ ဆွဲဆောင်နိုင်ခဲ့လေပြီ။
တခဏအကြာတွင်...
"ဟူး..."
မြင့်မြတ်အရှင် ရွှမ်ကျိသည် ဝမ်ကန်းကို ကြည့်ကာ သက်ပြင်းချလိုက်၏။ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ လူများက သူတို့၏ ထိုက်ချင်ဂိုဏ်းမှ အဖွဲ့ဝင်တိုင်းမှာ ပါရမီရှင်များဖြစ်သည်ဟု အဘယ်ကြောင့် မကြာခဏ ပြောဆိုလေ့ရှိကြောင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။
ထိုအရာက မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ချေ။ ဤကောင်က ဘယ်နေရာက ရောက်လာသနည်း။
သူသည် အလှည့်တိုင်း မဟာတာအိုအကြောင်း ပြောပြီး အဆုံးသတ်တိုင်းမှာ အုပ်ချုပ်ခြင်းတွေအကြောင်း ပြောဆိုလေသည်။ အကယ်၍ သူ နားလည်သည်ဟု ပြောရမည်ဆိုလျှင်လည်း သူက သာမန် ပါရမီသာရှိသော ကောင်းကင်လှိုဏ်ဂူနယ်ပယ်၌သာ ရှိသေးသည်။ အကယ်၍ သူ နားမလည်ဟု ပြောရမည်ဆိုလျှင်လည်း သူပြောသည်များက အတော်လေး ယုတ္တိတန်နေပြန်သည်။
သို့ရာတွင် ဤအရာကို ချဲ့ကားပြောဆိုခြင်းဟု ဖော်ပြ၍ မရနိုင်တော့ချေ။
ထိုအရာက လုံးလုံးလျားလျား အဓိပ္ပာယ်မရှိလှပေ။
ဂိုဏ်း၏အခြေအနေကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပုံရသည်။
မကြာမီ မြင့်မြတ်အရှင် ရွှမ်ကျိက ဤဇာတ်ကြောင်းကို တဖြည်းဖြည်း ယုံကြည်လာမည်ဖြစ်ပြီး သစ္စာရှိယုံကြည်သူ တစ်ဦးပင် ဖြစ်လာလိမ့်မည်ကို သူ အနည်းငယ်မျှ မသိခဲ့ချေ။
ဤဇာတ်ကြောင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။
အနည်းငယ် ချဲ့ကားထားသော်လည်း သူ ထင်ထားသည်နှင့် နီးစပ်ပေ၏။ စူးချန်ကဲ၏ အဆောင်လက်ဖွဲ့တာအို ပါရမီဖြင့် သူသည် အနာဂတ်တွင် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို အမှန်တကယ်ပင် လွှမ်းမိုးနိုင်ပေမည်။
"ကောင်းပြီ... တောင်အောက်ဆင်းသွားပြီး မင်းရဲ့ ဆုလာဘ်ကို သွားယူလိုက်တော့..."
ဤအချိန်၌ လီချင်းဖုန်းက ပြုံးလိုက်ပြီးနောက် ညွှန်ကြားလိုက်၏။
"မှတ်ထား... ဒီနေ့ အသင်္ချေကောင်းကင်ဘုံနန်းတော်မှာ ဖြစ်ပျက်ခဲ့တာတွေကို အပြင်မှာ အများကြီး မပြောနဲ့... မဟုတ်ဘူး... စကားတစ်ခွန်းတောင် မပြောနဲ့... နားလည်လား..."
အကယ်၍ ဤကောင်စုတ်ကသာ ဤကဲ့သို့ ဇာတ်လမ်းများကို ဖြန့်ဝေပါက မည်သို့ ဖြစ်လာမည်နည်း။
"ဟုတ်ကဲ့ပါ... ဒီတပည့်က တောင်ထိပ်သခင် အားလုံးကို ကျေးဇူးတင်ပါတယ်..."
ဝမ်ကန်းက စိတ်လှုပ်ရှားစွာ ဦးညွှတ်၍ ပြန်ဖြေလိုက်ပြီးနောက် ထွက်ခွာသွားလေသည်။
သူ ထွက်သွားပြီးနောက် မြင့်မြတ်အရှင် ရွှမ်ကျိက သူ၏ နားထင်များကို ပွတ်သပ်ကာ ပြောလိုက်၏။
"ဒါနဲ့ ပတ်သက်ပြီး မင်းတို့အားလုံး ဘယ်လိုထင်လဲ..."
သူက ဝမ်ကန်း၏ စကားများကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်ကြောင်း ရှင်းလင်းလှသည်။
"အနည်းဆုံးတော့ စူးချန်ကဲမှာ မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်ရဲ့ ခွန်အားရှိတယ်ဆိုတာ ငါတို့ အတည်ပြုနိုင်တယ်... ပြီးတော့ သူက သူ့ရဲ့နယ်ပယ်ထဲမှာ အရမ်း အစွမ်းထက်ပြီး လင်းထျန်းလန်ထက် အများကြီး သာလွန်တယ်... သူက ငါတို့ ထိုက်ချင်ဂိုဏ်း လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ် ဖြစ်သင့်တယ်... နတ်ဘုရားချဉ်းကပ်ခြင်းစေတီရဲ့ သတ္တမမြောက်အထပ်ကို ဘာလို့ မဖြတ်ကျော်နိုင်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့... ဖြစ်နိုင်တာက သူက သူ့ရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို တမင်တကာ ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်..."
လီချင်းဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သော်လည်း သူ ပြောနေစဉ်တွင် အနည်းငယ် မသေချာသကဲ့သို့ အသံထွက်နေလေ၏။
အကယ်၍ စူးချန်ကဲက သူ၏ ကျင့်ကြံခြင်းကို တမင်တကာ ဖုံးကွယ်ထားမည်ဆိုပါက ယနေ့တွင် အဘယ်ကြောင့် ထုတ်ဖော်ပြသခဲ့သနည်းဆိုသည်ကို သူ နားမလည်နိုင်ခဲ့ချေ။
သူ၏ ဂျူနီယာညီမလေး မတရားခံရသည်ကို သူ မကြည့်ရက်၍လော....
အကယ်၍ ထိုအရာက အမှန်တကယ်ပင် အကြောင်းရင်းခံဆိုပါက သူသည် တကယ့်ကို ခိုင်မာသော စရိုက်ရှိသည့် လူတစ်ယောက်ဖြစ်ပြီး ထိုအချက်က ကောင်းမွန်သည်။
ချက်ချင်းပင် လီချင်းဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အတွေးနက်သွားခဲ့သည်။ သူ၏ စိတ်ထဲတွင် စစ်တုရင်ခုံတစ်ခု ပွင့်လာသည့်အလား ဖြစ်ပြီး အသက်ရှူချိန် အနည်းငယ်အတွင်း ဖြစ်နိုင်ခြေ ရေတွက်၍မရနိုင်အောင် တွက်ချက်လိုက်ရာ တစ်ခုတည်းကသာ အဖြစ်နိုင်ဆုံး ဖြစ်နေပေ၏။
"အာ..."
"ဒါက မဖြစ်နိုင်ပါဘူး..."
"ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ..."
"တစ်ရက်တည်းအတွင်းမှာ ခွန်အားတွေ အဆပေါင်းများစွာ မြင့်တက်လာတာလား..."
"ဒါက လူတစ်ယောက် လုပ်နိုင်တဲ့ အရာများလား..."