သူတော်စင်အဆင့် သားရဲအမြူတေ
Vol. 25 Ch. 241
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပဉ္စမမြောက်ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အရိုးစု အနောက်ဘက်တွင် ဧရာမ ဝိညာဉ်ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
“ဘယ်သူကများ ဒီသူတော်စင်ရဲ့ သားရဲအမြူတေကို လောဘတက်ရဲတာလဲ”
ထိုအသံ မဆုံးမီမှာပင် ဧရာမ ကိလင်အရိုးစုကြီးသည် အသက်ဝင်လာသကဲ့သို့ အရှိန်အဝါများ ထွက်လာ၏။
၎င်းထံမှ ထွက်ပေါ်လာသော လွှမ်းမိုးချုပ်ကိုင်ထားသည့် ဖိအားကြောင့် ချူဖုန်း မိမိကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် မလုပ်နိုင်မီ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည်။
“သူတော်စင်.. သူတော်စင်အရှိန်အဝါ ပဲ”
ပိုင်လုံ ထိုကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရသည်နှင့် အော်ဟစ်လိုက်မိသည်။
သူ့ဝိညာဉ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေပြီး ပြိုကွဲတော့မည့် ခံစားချက်မျိုးပင် ရနေ၏။
ချူဖုန်း ဝေဟင်တွင် ပျံဝဲရင်း သူ့ရှေ့မှ ဝိညာဉ်ပုံရိပ်ကို ကြည့်ရန် ကမ္ဘာပျက်မျက်ဝန်း ကို ဖွင့်လိုက်သည်။
သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွား၏။
"မင်းလို ကြွင်းကျန်နေတဲ့ စိတ်ဆန္ဒလေးတစ်ခုက ငါ့နာမည်ကို သိပိုင်ခွင့်မရှိဘူး။ မင်းသာ အကောင်းအဆိုးကို သိမယ်ဆိုရင် အခုချက်ချင်း ဆုတ်ခွာသွားလိုက်၊ ဒါဆို မင်းရဲ့ဝိညာဉ်ကို လွတ်မြောက်ခွင့်ပေးမယ်။ ဒါပေမဲ့ မင်းက ငါ့လမ်းကို ဆက်ပိတ်ပြီး ခေါင်းမာနေမယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာနည်းလမ်းနဲ့ပဲ မင်းကို လွတ်မြောက်စေရတော့မှာပဲ"
ထိုဝိညာဉ်ပုံရိပ်သည် ရုပ်ပိုင်းဆိုင်ရာ လွတ်မြောက်စေခြင်း ဆိုသည်မှာ ဘာကိုဆိုလိုမှန်း နားမလည်ပေ။ သို့သော် သူ အသက်ရှင်စဉ်က သူတော်စင်တစ်ပါး ဖြစ်ခဲ့ဖူး၏။ သူ သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူတော်စင်တစ်ပါး၏ ဂုဏ်သိက္ခာကို အညစ်အကြေး အတင်မခံနိုင်ပေ။ သူ့ကို နောက်ပြန်ဆုတ်ခိုင်းရန်မှာ မဖြစ်သင့်သောအရာပေ။
“သေပေတော့”
မိုးခြိမ်းသံအလား အော်ဟစ်သံနှင့်အတူ သူ ချူဖုန်းထံသို့ ပြင်းထန်သော မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။
၎င်းကို မြင်သောအခါ ချူဖုန်း လက်နှစ်ဖက်ဖြင့် ညွှန်ပြလိုက်၏။ ထိုအခါ ဓားချီတစ်ခု ဖြတ်ခနဲ ထွက်ပေါ်လာပြီး မီးတောက်ကို အလွယ်တကူ ထိုးဖောက်သွားကာ ဝိညာဉ်ပုံရိပ်ကိုပါ ပျက်ပြယ်သွားစေ၏။
“ဒါ... ဒါက ပြီးသွားပြီလား”
ပိုင်လုံ သူ ယခုလေးတင် မြင်လိုက်ရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေ၏။
ထိုအရာက သူတော်စင်တစ်ပါး၏ ဝိညာဉ်ကို အဘယ်သို့ အလွယ်တကူ ပျောက်ပျက်သွားစေနိုင်သနည်း။
ဝုန်း
နားကွဲမတတ် အသံကြီးနှင့်အတူ ချီလင်၏ အရိုးအကြွင်းအကျန်များသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
ချူဖုန်း ထိုအကြွင်းအကျန်များထဲသို့ ပေါ့ပေါ့ပါးပါးပင် လက်လှမ်းလိုက်ပြီး သားရဲအမြူတေကို ယူလိုက်၏။
၎င်းအတွင်း၌ ကျန်ရှိနေသေးသည့် ပူလောင်သော စွမ်းအင်ကို ခံစားလိုက်ရသဖြင့် သူ့မျက်လုံးများ တောက်ပသွားသည်။
ဤခရီးက အလကားတော့ မဖြစ်ခဲ့ပေ။
လိပ်နက် ချူဖုန်းထံသို့ ချက်ချင်း ပျံသန်းလာသည်။
"သခင် သူတော်စင်အဆင့် နတ်ဆိုးရဲ့ ဝိညာဉ်တောင် ဆရာ့ရှေ့မှာတော့ ကြက်ကလေး ငှက်ကလေးလိုပါပဲ"
ချူဖုန်း တည်ငြိမ်စွာ ပြန်ပြော၏။ "သိသာနေတဲ့အရာကို မင်း ထပ်ပြောနေဖို့ မလိုပါဘူး"
လိပ်နက် “...”
ပိုင်လုံ “...”
“သွားကြစို့”
ချူဖုန်း မြေပြင်ပေါ်သို့ ဆင်းသက်ပြီး ရှေ့သို့ ဆက်သွားသည်။ ဤခန်းမတွင် အခြား တားမြစ်ချက်များလည်း မရှိတော့သလို ရတနာများလည်း မရှိတော့ပေ။
သို့သော် ရတနာရှာဖွေသူတစ်ဦးအတွက်မူ သူတော်စင်အဆင့် အမြူတေတစ်လုံးတည်းနှင့်ပင် လောကရှိ အခြားအရာအားလုံးထက် ပို၍ တန်ဖိုးရှိနေပြီ ဖြစ်၏။
အဖွဲ့သားများသည် အတားအဆီးမရှိဘဲ ပဉ္စမမြောက်ခန်းမကို ဖြတ်ကျော်လာခဲ့ပြီး မကြာမီမှာပင် ဆဋ္ဌမမြောက်ခန်းမသို့ ဦးတည်ထားသော ကျောက်လှေကားထစ်ပေါ်သို့ ခြေချလိုက်ကြသည်။
ခဏအကြာတွင် ချူဖုန်းသည် ဆဋ္ဌမမြောက်ခန်းမ၏ အဝင်ဝသို့ ရောက်ရှိလာသည်။ သူ ဇွတ်အတင်း ဝင်မသွားပေ။ တံခါးဝသို့ ခြေမချမီမှာပင် သူ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို အာရုံရလိုက်၏။
သို့သော် ပိုင်လုံမှာ ထိုအရှိန်အဝါကို သတိမပြုမိပုံရပြီး ဆဋ္ဌမမြောက်ခန်းမဆီသို့ စတင် လျှောက်လှမ်းသွားေလ၏။
“နေဦး”
ချူဖုန်းက ပိုင်လုံကို လှမ်းခေါ်လိုက်သည်။
“အရှင်... တစ်ခုခု မှားနေလို့လား”
ပိုင်လုံက သူ့ခေါင်းကို လှည့်ကြည့်ကာ ချူဖုန်းကို ဇဝေဇဝါမျက်နှာထားဖြင့် ကြည့်လိုက်သည်။
ယခုလေးတင် မြင်တွေ့ခဲ့ရသော ဤသူတော်စင်တစ်ပိုင်း၏ စွမ်းဆောင်ရည်က သူ့ကို ယုံကြည်မှု တိုးလာစေသည်။ သူသည် တစ်ဆက်တည်း ၁၃ခုမြောက် ခန်းမအထိ စူးစမ်းလေ့လာလိုစိတ် ပြင်းပြနေ၏။
“ဒီနေရာမှာ တစ်ခုခု ထူးခြားနေတယ်”
ချူဖုန်း နတ်ဘုရားအာရုံ ဖြင့် ဆဋ္ဌမမြောက်ခန်းမကို စတင် စစ်ဆေးလိုက်သော်လည်း အတွင်းသို့ မဝင်နိုင်ဘဲ လုံးဝ ပိတ်ဆို့ခံထားရသည်။
သူ့အာရုံခံစားမှုကို ပိတ်ဆို့ထားသည့် နေရာဆီသို့ သူ လှမ်းကြည့်လိုက်ရာ
ထိုနေရာတွင် ကျောက်စာတိုင်တစ်ဝက် ရှိနေ၏။
ချူဖုန်း အနားသို့ ချဉ်းကပ်သွားပြီး ၎င်းကို အသာအယာ ဆွဲထုတ်လိုက်သည်။ သေချာ ကြည့်လိုက်သောအခါ ၎င်းပေါ်တွင် ထွင်းထုထားသော သင်္သကရိုက် စာသားတစ်ကြောင်းကို မြင်လိုက်ရ၏။
“စစ်မှန်သော ဗုဒ္ဓမှတစ်ပါးမှအပ မည်သူမျှ မဝင်ရ။ ကျူးကျော်သူ သေရမည်”
ပိုင်လုံနှင့် လိပ်နက်တို့ ထိုစကားကို ကြားလိုက်ရချိန်တွင် ချူဖုန်းထံသို့ မျက်လုံးများ ရောက်သွားကြသည်။
"သခင်... ကျွန်တော်တို့ နောက်ထပ် ဘာလုပ်ကြမလဲ"
"သွားကြစို့။ ဒါက ငါတို့ အခုလောလောဆယ် ခြေချလို့ရတဲ့ နေရာမဟုတ်သေးဘူး"
ချူဖုန်း အမြဲတမ်း သတိကြီးစွာ ထားတတ်ပြီး အန္တရာယ်ထဲသို့ မျက်ကွယ်မှိတ်၍ ဇွတ်တိုးဝင်လေ့မရှိပေ။
ထို့အပြင် သူသည် ဤနေရာ၌ ဘေးအန္တရာယ်၏ အရှိန်အဝါကို ရှင်းရှင်းလင်းလင်း ခံစားနေရ၏။
သူသည် ကျားတွင်းထဲသို့ သိသိကြီးနှင့် ဝင်မည့်သူ မဟုတ်ပေ။
“ဟုတ်ကဲ့”
လိပ်နက်နှင့် ပိုင်လုံတို့ အနည်းငယ် စိတ်ပျက်သွားကြသော်လည်း လှည့်ထွက်သွားသော ချူဖုန်းနောက်သို့ လိုက်ပါသွားကြသည်။
သူတို့ လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်လာခဲ့ကြပြီး ရေနတ်ဘုရားနန်းတော် သို့ ပြန်ရောက်ချိန်တွင် ပြင်ပလောက၌ မိုးလင်းနေပြီ ဖြစ်၏။
ချူဖုန်း ပိုင်လုံဘက်သို့ လှည့်ကာ မေးလိုက်သည်။
"မင်းရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ"
ပိုင်လုံ လက်သီးဆုပ်ကာ မေးသည်။
"အရှင်... ဒီနဂါးက လင်းကျန်းမြစ် ထဲမှာပဲ အမွှေးနံ့သာနဲ့ ဆုတောင်းမေတ္တာအင်အားတွေကို အားကိုးပြီး ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။ တစ်ခုစိုးရိမ်မိတာက တခြား အင်အားကြီးတဲ့သူတွေ လာပြီး ပြဿနာရှာမှာကိုပါပဲ"
ချူဖုန်း ပြုံးလိုက်သည်။
“ဒါဆို မင်းပြောချင်တာက အကာအကွယ်တစ်ခုခု လိုချင်တယ်ပေါ့ ဟုတ်လား"
"ဒီနဂါးက အရှင်ခိုင်းစေသမျှကို လုပ်ဆောင်ဖို့ အသင့်ပါပဲ။ အရှင်က ကျွန်တော့်ကို စာချုပ် ချုပ်ဆိုပေးဖို့ပဲ တောင်းဆိုချင်ပါတယ်"
ပိုင်လုံက ငတုံး မဟုတ်ပေ။ သူတော်စင်တစ်ပိုင်း ချူဖုန်းသည် ထိုကမ္ဘာငယ်လေးကို အလွန်စိတ်ဝင်စားနေသည်ကို သူ ရှင်းရှင်းလင်းလင်း သိမြင်ထား၏။
ချူဖုန်းက ပြောလိုက်သည်။
"မင်းကို တရားဝင် စာချုပ်ချုပ်ဆိုဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ မင်းကို သုံးကြိမ်တိုင်တိုင် အကာအကွယ်ပေးမယ်။ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ မင်း ငါ့အတွက် အဲ့ဒီကမ္ဘာငယ်လေးကို စောင့်ရှောက်ပေးရမယ်"
"သုံးကြိမ်ဆိုတာ လုံလောက်တာထက်တောင် ပိုပါသေးတယ်။ ဒီနဂါးက အရှင့်အတွက် တံခါးစောင့်ခွေးတစ်ကောင်လိုပဲ အစေခံဖို့ အသင့်ပါပဲ"
ပိုင်လုံ တွေဝေခြင်းမရှိဘဲ သဘောတူလိုက်သည်။ မရေမတွက်နိုင်သော လူများစွာသည် သူတော်စင်တစ်ပိုင်းတစ်ယောက်နှင့် ဆက်သွယ်မှုရရန် တောင့်တနေကြသော်လည်း အခွင့်အရေး မရရှိကြပေ။ ယခုကဲ့သို့ ကောင်းကင်ဘုံက ပေးသနားသော အခွင့်အရေးက သူ့ရှေ့သို့ ရောက်လာချိန်တွင် သူ ဘယ်လိုလုပ်ပြီး လက်လွှတ်ခံပါမည်နည်း။
ထိုသို့သာ လက်လွှတ်လိုက်ပါက သူ ရှင်သန်လာခဲ့သည့် နှစ်ပေါင်းများစွာမှာ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
ချူဖုန်း ပြောလိုက်သည်။
"ကောင်းမွန်တဲ့ ဝိညာဉ်ကျောက်စိမ်း တစ်ခုသွားရှာပြီး ဒီကို ယူလာခဲ့"
“ဟုတ်ကဲ့”
စကားပြောပြီးနောက် ပိုင်လုံ ထွက်ခွာသွား၏။
လိပ်နက်သည် ပိုင်လုံ၏ စိတ်လှုပ်ရှားနေသော ကျောပြင်ကို ကြည့်ပြီး အလွန်ပင် စိတ်မသက်မသာ ဖြစ်နေသည်။
"ဆရာ... ကျွန်တော်လည်း တံခါးစောင့်လုပ်လို့ ရတာပဲ အဲ့ဒီကောင်ထက်တောင် ပိုကောင်းအောင် လုပ်နိုင်သေးတယ်"
ချူဖုန်းက ရယ်မောလိုက်ပြီး လိပ်နက်၏ ခေါင်းကို ပုတ်လိုက်သည်။
"မင်းရဲ့ လိပ်ဦးနှောက်က ငါ့အတွက် တခြား အသုံးဝင်တာတွေ ရှိသေးတယ်။ မင်းကို တံခါးစောင့်ခိုင်းဖို့က နိမ့်ကျလွန်းတယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် လိပ်နက်သည် အလွန်စိတ်လှုပ်ရှားသွားကာ ရေနတ်ဘုရားနန်းတော်အတွင်း၌ အကြိမ်ပေါင်းများစွာ ပတ်ချာလည် လှည့်နေတော့သည်။
နာရီဝက်ခန့်အကြာတွင် ချူဖုန်းသည် လိပ်နက်ကို ခေါ်ကာ ပိုင်လုံ၏ လမ်းပြမှုဖြင့် လင်းကျန်းမြစ်အတွင်းမှ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကို နဂါးမင်းဘုရားကျောင်း မှ ဘုရားကျောင်းဝေယျာဝစ္စလုပ်သူက မြင်တွေ့သွား၏။
ဘုရားကျောင်း၏ ဝေယျာဝစ္စလုပ်သူတစ်ဦးအနေဖြင့် သူသည် အရှင်ပိုင်လုံကို သဘာဝကျကျပင် မှတ်မိ၏။ သူ တစ်ခဏ ပျော်ရွှင်မှုများ လွှမ်းမိုးသွားပြီး နဂါးမင်းကြီး အသက်ရှင်နေသေးကြောင်းကို အံ့ဩတကြီးဖြင့် အော်ဟစ်တော့မလိုပင် ဖြစ်သွားသည်။ ထို့နောက် အမြန်ပြေးလာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရိုရိုသေသေဖြင့် ပြောလာ၏။
“ဒီနှိမ့်ကျလှတဲ့ ကျွန်တော်မျိုးက အရှင်နဂါးမင်းနဲ့ အရှင်သူတော်စင်တစ်ပိုင်းကို ဂါရဝပြုပါတယ်”
ပိုင်လုံက လက်ဝှေ့ယမ်းလိုက်သည်။
"နေကြဦး။ လင်းကျန်းမြို့စားမင်းကို သွားအကြောင်းကြားလိုက်၊ ငါ့ကို အရှင်က ကယ်တင်ခဲ့လို့ မြစ်စောင့်နတ်မင်းရဲ့ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်နိုင်ပြီလို့။ နဂါးမင်း ပူဇော်ပွဲတွေကို ပြန်စခိုင်းလိုက်"
“ဟုတ်ကဲ့”
ဘုရားကျောင်းဝေယျာဝစ္စလုပ်သူက ဦးညွှတ်ပြီးနောက် လှည့်ထွက်သွားသည်။
ချူဖုန်းမှာမူ လေပေါ်သို့ လှမ်းတက်လိုက်ပြီး သူ တည်းခိုနေသည့် အဆောင်ဆီသို့ ပြန်လာခဲ့၏။
သူ မြေပြင်ပေါ်သို့ ဆင်းလိုက်သည်နှင့် အကြီးအကဲပင်း၊ ချန်ကျင်းကျင်း နှင့် ရွှေတောင်ပံ လင်းယုန်ဘုရင်တို့ သူ့ထံသို့ အပြေးအလွှား ရောက်လာကြသည်။
“သခင်လေး…ဆရာ..အစ်ကိုကြီး... အဆင်ပြေရဲ့လား”
ချူဖုန်း ဇဝေဇဝါဖြင့် ကြည့်လိုက်၏။
"ငါက တစ်ခုခု ဖြစ်ထားတဲ့ ပုံစံမျိုး ပေါက်နေလို့လား"
ရွှေတောင်ပံ လင်းယုန်ဘုရင်က ပြောလိုက်သည်။
"ဒါပေမဲ့ ညီကို ခင်ဗျား သွားတာ ဆယ်ရက်ကျော်နေပြီလေ"
“ အဲ့ဒီလောက်တောင် ကြာသွားတာလား”
ချူဖုန်း ရေရွတ်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲတွင် ထိုကမ္ဘာငယ်လေးထဲ၌ တစ်ညသာ ကုန်ဆုံးခဲ့ခြင်း ဖြစ်၏။
‘အပြင်လောကမှာ အချိန်တွေက ဘယ်လိုလုပ်ပြီး အဲ့ဒီလောက်တောင် ကုန်ဆုံးသွားရတာလဲ
ဥပဒေသတွေ…ဥပဒေသတွေရဲ့ စွမ်းအားကြောင့်ပဲ ဖြစ်ရမယ်’
ကွယ်လွန်သွားသော်လည်း စစ်မှန်နတ်ဘုရား ချန်ရစ်ခဲ့သော ဥပဒေသများသည် အလုပ်လုပ်နေဆဲဖြစ်ပြီး၊ ကမ္ဘာငယ်လေးနှင့် အပြင်လောကကြားရှိ အချိန်စီးဆင်းမှုနှုန်းကို ကွာခြားသွားစေ၏။
ကံမကောင်းသည်မှာ သူ့တွင် ထိုစစ်မှန်နတ်ဘုရားနှင့် တွေ့ဆုံရန် လုံလောက်သော အင်အား မရှိသေးပေ။
ပင်းယန် က ပြောလိုက်သည်။
"သခင်လေး... စစ်မှန်နတ်ဘုရားရဲ့ အကြွင်းအကျန်တွေထဲမှာ ပြဿနာတွေနဲ့ တွေ့ခဲ့သေးလား"
ချူဖုန်း ခေါင်းညိတ်ပြလိုက်၏။
"ပြဿနာ အသေးအမွှားလေးတွေတော့ ကြုံခဲ့ရတယ်၊ ဒါပေမဲ့ ရလိုက်တဲ့ အရာတွေကတော့ တန်ပါတယ်"
စကားပြောရင်း သူသည် သိုလှောင်လက်စွပ်ထဲမှ သားရဲအမြူတေကို ထုတ်ယူလိုက်သည်။
ရွှေတောင်ပံလင်းယုန်ဘုရင်သည် ထိုအမြူတေကို မြင်လိုက်ရချိန်တွင် သူ၏ သွေးချင်းဆက်နွှယ်မှု မှတ်ဉာဏ်များကြောင့် အော်ဟစ်လိုက်မိသည်။
"သူတော်စင်အဆင့် မီးချီလင်ရဲ့ သားရဲအမြူတေပဲ။ တကယ်လို့ မီးဒြပ်စင်ရဲ့ အနှစ်သာရကို တတ်မြောက်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က ဒီအမြူတေကို သန့်စင်နိုင်မယ်ဆိုရင် သူတော်စင်အဆင့်ကို တိုက်ရိုက် ရောက်ရှိသွားမှာ သေချာတယ်"
ချန်ကျင်းကျင်းသည် သူတော်စင်အဆင့်ဆိုသည်မှာ မည်သို့သော အဆင့်အတန်းမျိုး ဖြစ်သည်ကို မသိသော်လည်း၊ သူမ၏ ဦးလေးလင်းယုန် နှင့် မမပင်း တို့၏ အံ့ဩနေသော မျက်နှာများကို ကြည့်ခြင်းအားဖြင့် ဤအရာသည် သာမန်အရာ မဟုတ်ကြောင်း သိလိုက်၏။
သူမ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။ "ငါ အမှတ်မမှားဘူးဆိုရင် သူတော်စင်အဆင့် သားရဲအမြူတေတွေကို ဉာဏ်အလင်းပွင့်ဆေးလုံးတွေ သန့်စင်တဲ့နေရာမှာ သုံးလို့ရတယ်။ ဒီအမြူတေနဲ့ တခြား ဝိညာဉ်ဆေးပင် အနည်းငယ်ရှိရင် အနည်းဆုံး ဆေးဖို နှစ်ဖိုစာလောက် သန့်စင်ဖို့ လုံလောက်လိမ့်မယ်"
"အဲ့ဒါတော့ မှန်ပါတယ်"
ရွှေတောင်ပံ လင်းယုန်မင်းက ပြန်ဖြေသည်။ "ဒါပေမဲ့ ဉာဏ်အလင်းပွင့်ဆေးလုံးတွေဆိုတာ အဆင့်တက်ခါနီး သူတော်စင်တစ်ပိုင်းတွေအတွက်ပဲလေ။ နောက်ဆုံးတော့ ဉာဏ်အလင်းပွင့်ဆေးလုံးတစ်လုံးက ကျင့်ကြံသူတစ်ယောက်ကို မဟာတာအို ရဲ့ အနှစ်သာရကို နားလည်စေဖို့ပဲ ကူညီပေးနိုင်တာ၊ တိုက်ရိုက်ကြီးတော့ ဖြစ်မလာ..”
သူသည် စကားအလယ်မှာတင် ရုတ်တရက် ရပ်တန့်သွားပြီး ချူဖုန်းကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်၏။
"နေပါဦး...ညီကိုက သူတော်စင်တစ်ပါး ဖြစ်လာဖို့ သိပ်မလိုတော့ဘူးလို့တော့ မပြောနဲ့နော်”