ရွှေတောင်ပံလင်းယုန်ဘုရင် မဟာတာအို အနှစ်သာရကို နားလည်သဘောပေါက်ခြင်း
Vol. 25 Ch. 242
“သူတော်စင်တစ်ပါး ဖြစ်လာဖို့ မဟာတာအို ရဲ့ အနှစ်သာရ အခုတစ်ရာ လိုအပ်တယ်ဆိုရင်တော့ ဟုတ်တယ် သိပ်မလိုတော့ဘူး”
ချူဖုန်း ဘာမှဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။
ရွှေတောင်ပံလင်းယုန်ဘုရင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"ညီအစ်ကို... ညီအစ်ကို သူတော်စင်တစ်ပိုင်း ဖြစ်တာ မကြာသေးဘူးလေ ဘယ်လိုလုပ်ပြီး ကျင့်ကြံမှုအဆင့်က ဒီလောက် မြန်မြန် တိုးတက်နေရတာလဲ"
ချူဖုန်း ပြုံးလိုက်သည်။
"မမေးပါနဲ့ဦး။ မေးရင်လည်း မင်း နားလည်မှာ မဟုတ်ဘူး"
ရွှေတောင်ပံလင်းယုန်ဘုရင် “...”
ချူဖုန်း ဆက်ပြောသည်။
"ကဲပါ၊ ဒီကိစ္စကို ခဏထားလိုက်ဦး။ ကျုပ် ဉာဏ်အလင်းပွင့်ဆေးလုံးတွေ သန့်စင်ပြီးရင် ခင်ဗျားတို့ အားလုံးကို အရင်ပေးမယ်"
ယခု စကားဝိုင်းမှတစ်ဆင့် ချူဖုန်း ဉာဏ်အလင်းပွင့်ဆေးလုံးများကို တန်ဖိုးအရှိဆုံးဖြစ်အောင် မည်သို့ အသုံးချရမည်ကို စဉ်းစားပြီး ဖြစ်သည်။
"ညီအစ်ကို... ခင်ဗျားက တကယ့်ကို ညီကိုအရင်းကြီးပဲ"
ရွှေတောင်ပံလင်းယုန်ဘုရင်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် ဝမ်းသာအားရ ခုန်ပေါက်နေတော့သည်။
ပင်းယန် ဘာမှမပြောဘဲ ဘေးနားမှ တိတ်တဆိတ် ရပ်ကြည့်နေ၏။
ချူဖုန်း ရွှေတောင်ပံလင်းယုန်ဘုရင်၏ ပုခုံးကို ပုတ်လိုက်တော့သည်။
"တော်ပြီ၊ ခုန်မနေနဲ့တော့။ အထုပ်အပိုးတွေ ပြင်ကြ ကျုပ်တို့ ခရီးဆက်ရဦးမယ်"
“ဟုတ်ကဲ့”
ရွှေတောင်ပံလင်းယုန်ဘုရင် ဤလင်းကျန်းမြို့ သေးသေးလေးတွင် နေရသည်ကို ငြီးငွေ့နေပေသည်။
နာရီဝက်ခန့်အကြာတွင် မြင်းရထားတစ်စီးသည် မြို့ထဲမှ ဖြည်းညင်းစွာ ထွက်ခွာလာပြီး မြစ်ကြောင်းအတိုင်း တောင်ဘက်သို့ ဦးတည်သွားတော့၏။
မြင်းရထားအတွင်း၌
ချူဖုန်း ချန်ကျင်းကျင်း၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်သည်။
"ကျင်းကျင်း... မင်းရဲ့ ဆရာ့ဆီကနေ ပညာရပ်အချို့ သင်ယူချင်လား"
ချန်ကျင်းကျင်း ခေါင်းညိတ်ပြသည်။ "သင်ချင်ပါတယ်။ သမီးလည်း ဆရာ့လို အစွမ်းထက်ချင်တယ်"
ချူဖုန်း ပြောလိုက်သည်။
"ဆရာ အကျွမ်းကျင်ဆုံးကတော့ အနုပညာလေးပါးပဲ ဇီသာ၊ စစ်တုရင်၊ စာစီကုံးနဲ့ ပန်းချီပေါ့။ အဲ့ဒီထဲမှာ ဇီသာနဲ့ စာစီစာကုံးကိုတော့ တခြားတပည့်တွေ သင်နေကြပြီ။ အခု စစ်တုရင်နဲ့ ပန်းချီပဲ ကျန်တော့တယ်။ တစ်ခု ရွေးလိုက်"
ချန်ကျင်းကျင်း ခေါင်းလေးစောင်းကာ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဆရာ... ကလေးတွေပဲ ရွေးချယ်မှု လုပ်ကြတာပါ။ သမီးက အခု နည်းနည်း လူကြီးဖြစ်နေပြီဆိုတော့ နှစ်ခုလုံး သင်လို့ရမလား"
“ဒီကလေးမလေးကတော့”
ချူဖုန်း ရယ်မောလိုက်သည်။
"ရတာပေါ့။ ဒါပေမဲ့ နှစ်ခုလုံးကို မင်းရဲ့ဆရာ့အဆင့်အထိ ရောက်အောင် ကျင့်ကြံဖို့ဆိုတာ မလွယ်ဘူးနော်။ ဒုက္ခခံနိုင်ဖို့ အဆင်သင့်ဖြစ်ရဲ့လား"
ချန်ကျင်းကျင်း ပြတ်ပြတ်သားသား ပြန်ဖြေသည်။
"သမီး ကြိုးစားမှာပါ။ ဆရာ့ကို စိတ်မပျက်စေရဘူး"
"ကောင်းပြီ။ မနက်ဖြန်ကစပြီး ဆရာ မင်းကို စစ်တုရင် အရင်သင်ပေးမယ်။ မရက်နေ့တွေမှာ စစ်တုရင်သင်၊ စုံရက်နေ့တွေမှာ ပန်းချီသင်။ နှစ်ခုလုံးရဲ့ အခြေခံကို နားလည်သွားပြီဆိုရင် တခြား နည်းစနစ်တွေကို သင်ပေးမယ်"
ချူဖုန်း အေးအေးလူလူပင် ပြောလိုက်သည်။
“ဟုတ်ကဲ့”
ချန်ကျင်းကျင်း ခေါင်းညိတ်လိုက်ပြီး သင်ယူရမည့် ရက်များကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတော့၏။
နောက်တစ်နေ့ နံနက်တွင် ချူဖုန်း သူမအား စစ်တုရင် စတင်သင်ကြားပေးသည်။ သူ မြင့်မားသော သီအိုရီများမှ မစတင်ဘဲ အခြေခံအကျဆုံး စည်းမျဉ်းများကိုသာ သင်ပေးပါ၏။
ဒုတိယနေ့ ပန်းချီသင်ခန်းစာတွင်လည်း ထို့အတူပင်။ စစ်တုရင်နှင့် ပန်းချီအပြင် သူမအား စာဖတ်တတ်အောင်လည်း သင်ပေးပြီး တစ်ခါတစ်ရံတွင် သူမ၏ လောကအမြင်ကို ပြောင်းလဲပေးနိုင်မည့် အခြေခံအတွေးအခေါ်များကိုလည်း သွတ်သွင်းပေးသည်။
ရက်ပေါင်းများစွာ ကုန်ဆုံးသွား၏။
မကြာမီမှာပင် ချူဖုန်း ဝမ်တောက်ကျောင်းတော် မှ ထွက်လာခဲ့သည်မှာ တစ်နှစ်ခန့် ရှိသွားပြီဖြစ်၏။
ထိုနေ့နံနက်တွင် ချူဖုန်း နိုးလာရုံရှိသေး၊ ရင်းနှီးသော စက်ရုပ်အသံတစ်ခု သူ့စိတ်ထဲတွင် မြည်ဟည်းသွားသည်။
“ဒင် သင့်တပည့် ရှောင်ချန်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်း ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါပြီ။ ပိုင်ရှင်အား ကျင့်ကြံမှုသက်တမ်း နှစ် ၅၀ ဆုချီးမြှင့်ပါသည်”
ရှောင်ချန်း၏ တိုးတက်မှုသတင်းကို မကြားရသည်မှာ ကြာလှပြီ။ ထိုကလေး အတားအဆီးတစ်ခုနှင့် ကြုံနေရသည်ဟု ချူဖုန်း ထင်မိသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကလည်း ချောင်ရို့ချန်က စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သတင်းရခဲ့၏။
ဤတစ်နှစ်အတွင်း တာအိုပေါင်းစည်းခြင်း ပထမအဆင့်၌သာ ရှိနေသေးသည့် နျဲ့ရှို့ယွမ် မှလွဲ၍ ကျန်တပည့်များအားလုံး တိုးတက်လာခဲ့ကြသည်။
ချင်းချင်းသည်လည်း ကောင်းကင်ဇာစ်မြစ်နဝမအဆင့်သို့ ရောက်ရှိသွားပြီး၊ ဝမ်ပေါင်လဲ့ စတုတ္ထအဆင့်၊ ယဲ့ပေ့ရွှမ် စစ်မှန်ကံကြမ္မာ စတုတ္ထအဆင့်၊ ရွှီချိုက်ချန် စစ်မှန်ကံကြမ္မာ တတိယအဆင့်၊ ဟန်ပင်း တာအိုတည်ဆောက်ခြင်း နဝမအဆင့်၊ ချူချိုက်ယီ တာအိုတည်ဆောက်ခြင်း စတုတ္ထအဆင့်သို့ အသီးသီး ရောက်ရှိသွားကြ၏။
ဤတပည့်များအားလုံး ပေါင်းလိုက်ပါက သူ့အတွက် ကျင့်ကြံမှုသက်တမ်း ရာနှင့်ချီ၍ ရလာလေ၏။
လက်ရှိတွင် ချူဖုန်း၌ စုဆောင်းထားသော ကျင့်ကြံမှုသက်တမ်း (၂၆၀၀) ကျော် ရှိနေပြီဖြစ်သည်။
သို့သော် ယခု ချူဖုန်း အမျှော်လင့်ဆုံးအရာမှာ ရွှေတောင်ပံလင်းယုန်ဘုရင် ဗုဒ္ဓကျမ်းစာများကို ဖတ်ရှုဆင်ခြင်ခြင်းမှ မည်သို့သော ထိုးထွင်းသိမြင်မှုများ ရရှိမည်နည်းနှင့် ၎င်းက သူ့အတွက် မည်သို့သော အကျိုးကျေးဇူးများ ပေးမည်နည်းကိုပင်။
လွန်ခဲ့သော လဝက်ခန့်က သူတို့ လင်းကျန်းမြစ်ဘေးရှိ မင်ယွဲ့ချောက်သို့ ရောက်ရှိခဲ့ပြီး ရွှေတောင်ပံလင်းယုန်ဘုရင် သူတော်စင်တစ်ပိုင်းအဖြစ် တက်လှမ်းရန် စတင် တံခါးပိတ်ကျင့်ကြံခဲ့သည်။
ချူဖုန်းနှင့် အခြားသူများ ဤအရေးကြီးသော အချိန်တွင် သူ့ကို အကာအကွယ်ပေးရန် အနီးနားရှိ လှပသော နေရာတစ်ခုတွင် တည်းခိုနေကြ၏။
သူ များသောအားဖြင့် ပင်းယန်၊ ချန်ကျင်းကျင်းတို့နှင့်အတူ တောင်နှင့်မြစ်များကို လှည့်လည်ရင်း၊ ပန်းချီဆွဲခြင်း၊ စစ်တုရင်ကစားခြင်းတို့ဖြင့် အချိန်ကုန်လွန်စေသည်။ ဘဝမှာ အေးအေးလူလူနှင့် ပျော်ရွှင်စရာ ကောင်းလှ၏။
ပျော်ရွှင်စရာ နေ့ရက်များက ချူဖုန်းကို ဤနေရာတွင်ပင် အခြေချနေထိုင်ရန် စိတ်ကူးမိစေသည်အထိပင်။
ရွှေတောင်ပံလင်းယုန်ဘုရင် တံခါးပိတ်ကျင့်ကြံသည်မှာ (၄၉) ရက် ပြည့်သွားသောအခါ ရင်းနှီးနေသော စက်အသံ ချူဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာတော့သည်။
“ဒင် တပည့် ရွှေတောင်ပံလင်းယုန်ဘုရင်သည် ပိုင်ရှင်၏ လမ်းညွှန်မှုအောက်တွင် ကျမ်းစာများထဲမှ ဗုဒ္ဓလမ်းစဉ်၏ အနှစ်သာရအစိတ်အပိုင်းတစ်ခုကို နားလည်သဘောပေါက်သွားခဲ့ပါသည်။ ပိုင်ရှင်အား မဟာတာအို၏ အနှစ်သာရ ဆယ်ခု ဆုချီးမြှင့်လိုက်ပါသည်”
ထိုစကားကို ကြားလိုက်ရသဖြင့် ချူဖုန်း စစ်တုရင်ခုံပေါ်သို့ စစ်တုရင်ရုပ်ကို ပေါ့ပေါ့ပါးပါးပင် တင်လိုက်ရာ ချန်ကျင်းကျင်း၏ စစ်တုရင်ခင်းကျင်းမှုတစ်ခုလုံး ချက်ချင်း ပျက်စီးသွားတော့၏။
သူမ ရှုံးသွားသည်ကို မြင်သောအခါ ချန်ကျင်းကျင်း နှုတ်ခမ်းဆူလိုက်သည်။ "ဆရာ လူလိမ်ကြီး သမီးမှာ ချစရာ ဆယ်ကွက် ကျန်သေးတယ်လို့ ဆရာ ပြောထားတာလေ"
ချူဖုန်း ရယ်မောလိုက်၏။
"ဆရာ မလိမ်ပါဘူး။ မင်းရဲ့ ဦးလေးလင်းယုန် အခု အဆင့်တက်တော့မှာမို့လို့ပါ"
“တကယ်လား”
ချန်ကျင်းကျင်းနှင့် ပင်းယန်တို့ နှစ်ယောက်လုံး တစ်ပြိုင်နက် မေးလိုက်ကြ၏။
ချူဖုန်း ပြောလိုက်သည်။
"ဟုတ်တယ်။ သွားကြစို့။ မင်ယွဲ့ချောက်ထဲမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ နတ်ဆိုးတွေ မရှိဘူးဆိုပေမဲ့ ညီအစ်ကိုလင်းယုန် အဆင့်တက်တာကို တစ်စုံတစ်ယောက်က နှောင့်ယှက်သွားရင် မကောင်းဘူးလေ"
“ဟုတ်ကဲ့”
ပင်းယန် ပြန်ထူးလိုက်ပြီး ချန်ကျင်းကျင်းကို ပွေ့ချီကာ သူတို့သုံးယောက်သား ရွှေတောင်ပံလင်းယုန်ဘုရင် ကျင့်ကြံနေသည့် ဂူဆီသို့ ပျံသန်းသွားကြသည်။
သူတို့ မြေပြင်ပေါ် ဆင်းသက်လိုက်သည်နှင့် ဂူအတွင်းမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အရှိန်အဝါကို အာရုံခံလိုက်မိ၏။
ဂူပတ်ဝန်းကျင်ကို ကာကွယ်ရေးအစီအရင်များဖြင့် ကာကွယ်ထားသော်လည်း ထိုပြင်းထန်သည့် အရှိန်အဝါမှာ အပြင်ဘက်သို့ ပျံ့နှံ့နေဆဲပင်။
၎င်းကို ခံစားလိုက်ရသဖြင့် ချန်ကျင်းကျင်း ပင်းယန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။ ထိုစဉ် သူမ နဖူးတွင် ချွေးစေးများ ထွက်လာ၏။
၎င်းကို မြင်သောအခါ ပင်းယန် ချန်ကျင်းကျင်းကို ကာကွယ်ရန် သူမ ဝိညာဉ်စွမ်းအားဖြင့် အကာအကွယ်အလွှာတစ်ခုကို အမြန်ဖန်တီးပေးလိုက်သည်။
ချန်ကျင်းကျင်း ချက်ချင်းပင် သက်သာသွားကာ မော့ကြည့်လိုက်၏။ "ကျေးဇူးတင်ပါတယ် ဆရာကတော်၊ ဆရာကတော်က အကောင်းဆုံးပဲ"
ပင်းယန် ပြုံးပြီး သူမ ပါးကို ဆွဲဆိတ်လိုက်သည်။
"ဘာတွေ လာပြောနေတာလဲ၊ ဒီကလေးမလေးကတော့"
ချူဖုန်းမှာ သူတို့ စကားပြောသံကို မကြားချင်ယောင် ဆောင်နေသည်။ ပင်းယန်အပေါ် သူ့ခံစားချက်မှာ ရှုပ်ထွေးနေ၏။ ၎င်းက ယခင်ဘဝက အေးစက်စက် အလှလေးတစ်ဦးနှင့်ဝေဝေဝါးဝါး ပတ်သက်မှုမျိုးကို သတိရစေသည်။
‘ဒါကိုပဲ လူတွေက "အချိန်ကြာလာလို့ ဖြစ်လာတဲ့ သံယောဇဉ်" လို့ ခေါ်ကြတာ နေမှာပါ။ မဟုတ်သေးပါဘူး ဒါက သိပ်တော့ မတိကျဘူး။ အခြေအနေက အဲ့ဒီအဆင့်အထိ မရောက်သေးဘူး။ ဖွင့်ပြောဖို့ အချိန်ကတော့…’
ချူဖုန်း ထိုမေးခွန်းကို မစဉ်းစားရသေးပေ။ သူ့အရင်ဘဝ အတွေ့အကြုံအရဆိုလျှင် ဖွင့်ပြောခြင်း ဆိုသည်မှာ တောင်းဆိုခြင်း မဟုတ်ဘဲ အသိပေး ကြေညာခြင်းသာ။
ထို့အပြင် သူကိုယ်တိုင်ကလည်း ဤကဲ့သို့ မသဲမကွဲဖြစ်နေသည့် အဆင့်ကို ပို၍ နှစ်သက်သည်။
ထိုအချိန်တွင် ချူဖုန်းသည် ရွှေတောင်ပံလင်းယုန်ဘုရင်၏ အရှိန်အဝါ အလျင်အမြန် မြင့်တက်လာသည်ကို အာရုံရလိုက်၏။ သူ အဆင့်တက်သွားသည့် ခဏတွင် ၎င်းသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာပေလိမ့်မည်။
မိုင်တစ်ရာအတွင်းရှိ ကျင့်ကြံသူများနှင့် မိစ္ဆာနတ်ဆိုးများအားလုံးသည် ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် တုန်လှုပ်နေကြ၏။
နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူအချို့ပင် အနားသို့ မချဉ်းကပ်ရဲကြပေ။
ဝုန်း
နာရီအနည်းငယ်အကြာတွင် ရွှေတောင်ပံလင်းယုန်ဘုရင်သည် နောက်ဆုံး၌ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သည်။ သူ့အရှိန်အဝါမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့၏။
သို့သော် ဤမြင့်တက်လာမှုသည် ပေါ်လာသကဲ့သို့ပင် မြန်မြန်ဆန်ဆန် ပြန်ပျောက်ကွယ်သွားသည်။
ထို့နောက် ယင်းနေရာတွင် မိုးကြိုးတိမ်တိုက်များ ကောင်းကင်ယံ၌ လိပ်တက်လာတော့သည်။ ကြည်လင်နေသော နေ့တစ်နေ့မှာ ရုတ်တရက် မှောင်အတိ ကျသွားတော့သည်။
မင်ယွဲ့ချောက်၏ မိုင်တစ်ထောင်အတွင်းရှိ နိဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများသည် ကောင်းကင်ယံရှိ ကပ်ဘေးတိမ်တိုက်များ ကို မော့ကြည့်ရင်း စဉ်းစားနေကြသည်။
နီဗားနားရှင်သန်ခြင်းအဆင့်သို့ ရောက်ရန်အတွက် လူတစ်ယောက်မှာ အတွေ့အကြုံ အလွန်များရမည်။
မင်ယွဲ့ချောက်အနီးနားတွင် မည်သည့် အင်အားကြီးအဖွဲ့အစည်းမှ မရှိသဖြင့်၊ ဖြစ်နိုင်ချေတစ်ခုသာ ရှိ၏။
အစွမ်းထက်သူတစ်ဦး တောရိုင်းထဲတွင် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်နေခြင်း ဖြစ်ရမည်။
၎င်းမှာ အရေးကြီးသော အချိန်ဖြစ်သည်။ ကျင့်ကြံသူဖြစ်စေ၊ မိစ္ဆာဖြစ်စေ၊ နတ်ဆိုးဖြစ်စေ ဘေးဒုက္ခကို ရင်ဆိုင်နေရချိန်မှာ သူတို့၏ အားအနည်းဆုံး အချိန်ပင်။
အကယ်၍ ထိုကျွမ်းကျင်သူသည် ဘေးဒုက္ခကို မကျော်လွှားနိုင်ခဲ့ပါက ၎င်းမှာ သူတို့အတွက် အခွင့်အရေး ဖြစ်လာပေလိမ့်မည်။
ထိုအတွေးနှင့်အတူ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများသည် ဘေးဒုက္ခတိမ်တိုက်များ ဖုံးလွှမ်းနေသော တောင်ဆီသို့ ပျံသန်းလာကြ၏။
ချူဖုန်း သူ့စိတ်အာရုံကို မိုင်တစ်ရာ ပတ်လည်အထိ ဖြန့်ကြက်ထားသည်။ ဤအကွာအဝေးအတွင်းရှိ လှုပ်ရှားမှု မှန်သမျှကို သူ သိရှိနေပါ၏။
နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများနှင့် နတ်ဆိုးဘုရင် အများအပြား မင်ယွဲ့ချောက်ဆီသို့ ချဉ်းကပ်လာသည်ကို အာရုံရလိုက်သဖြင့် အသာအယာ ပြုံးလိုက်ပြီး ချန်ကျင်းကျင်းဘက်သို့ လှည့်လိုက်သည်။
"ကျင်းကျင်း... စစ်တုရင်လမ်းစဉ်ကို ကျင့်ကြံတဲ့သူတစ်ယောက်က ရန်သူတွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတာ မင်း ကြည့်ချင်လား”