သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိလာသော ရွှေတောင်ပံလင်းယုန်ဘုရင်
Vol. 25 Ch. 244
ကပ်ဘေးဒုက္ခမိုးကြိုး (၄၉) ကြိမ် ကျရောက်ပြီးနောက်
ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များမှာ ကင်းစင်လွင့်ပျယ်သွားလေသည်။
၎င်းမှာ ရွှေတောင်ပံလင်းယုန်ဘုရင်သည် ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပင်။ ဂူအတွင်းမှ သန့်စင်သော အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ထိုးတက်သွား၏။
တစ်ချိန်တည်းမှာပင် နိမိတ်ကောင်းသော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာသည်။ အရှေ့ဘက်အရပ်မှ မင်္ဂလာတိမ်တိုက်များ တက်လာပြီး မိုင်တစ်ထောင်ခန့်အထိ ဆန့်တန်းသွား၏။
ငှက်အပေါင်းတို့က ဂါရဝပြုရန် စုရုံးလာကြပြီး သားရဲတို့သည်လည်း ဝမ်းမြောက်ကြောင်းပြသရန် ထွက်ပေါ်လာကြသည်။
မိုင်တစ်ရာပတ်လည်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း သိသိသာသာ ပိုမိုသိပ်သည်းလာ၏။
ချန်ကျင်းကျင်း ကောင်းကင်ယံမှ သက်တံရောင်တိမ်တိုက်များကို မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်မိလိုက်သည်။ "ဆရာ... အဲ့ဒီတိမ်တိုက်တွေက သိပ်လှတာပဲ”
ချူဖုန်း သူမ ခေါင်းကို အသာအယာပုတ်လိုက်သည်။
“မင်း ကြိုက်လား"
ချန်ကျင်းကျင်း ခေါင်းညိတ်ပြသည်။ "ကြိုက်တယ်"
ချူဖုန်း ပြောလိုက်သည်။
“ဒါဆိုရင် ကြိုးကြိုးစားစား ကျင့်ကြံပါ။ နောင်တစ်ချိန် မင်းကိုယ်တိုင် အဆင့်တက်တဲ့အခါကျရင် မင်းလည်း ဒါတွေကို မြင်ရမှာပဲ"
ချန်ကျင်းကျင်း သူမ လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခိုင်မာစွာ ကြွေးကြော်လိုက်၏။
“သမီး အစွမ်းကုန် ကြိုးစားမှာပါ"
“မင်း ဦးလေး သူတော်စင်တစ်ပိုင်း အဖြစ် အဆင့်တက်တာက ဒီနေ့ နိမိတ်ကောင်းတဲ့ ထူးခြားဖြစ်စဉ်ပဲ။ ဒီအခွင့်အရေးကို သုံးပြီး ဆရာ မင်းကို တာအိုကျမ်းစာတစ်ပုဒ် သင်ပေးမယ်။ သေချာနားထောင်ပါ"
ချူဖုန်း စကားအဆုံးတွင် နူးညံ့သော ဝိညာဉ်မိုးရေစက်များမှာ မိုင်တစ်ရာပတ်လည်အတွင်းသို့ စတင်ရွာသွန်းလာတော့သည်။
မြက်ပင်တိုင်း၊ သစ်ပင်တိုင်း၊ ငှက်နှင့် သားရဲတိုင်း အရာအားလုံးသည် ဝိညာဉ်အနှစ်သာရ မိုးရေထဲတွင် ရေချိုးနေကြသည့်အလားပင်။
ပင်းယန် တင်ပျဉ်ခွေထိုင်ကာ ဉာဏ်အလင်းပွင့်အောင် ကျင့်ကြံအားထုတ်တော့၏။
ထို့နောက် ချူဖုန်း ဖြည်းဖြည်းချင်း ရွတ်ဆိုတော့သည်။
"ကောင်းကင်နှင့် မြေကြီး ကြင်နာမှုကင်းမဲ့၏။ အရာခပ်သိမ်းကို ကောက်ရိုးများ ခွေးများအလား သဘောထား၏"
ဝိညာဉ်မိုးရေစက်များ ရပ်တန့်သွားပြီး ချူဖုန်း ရွတ်ဖတ်သံမှာ အဆုံးသတ်သွားတော့၏။
ချန်ကျင်းကျင်း မျက်လုံးဖွင့်လိုက်သည့်အခါ တာအိုကျမ်းစာတစ်စောင်လုံး သူမ စိတ်ထဲတွင် အမြစ်တွယ်သွားသည်။
သူမ ဆရာ၏ စစ်တုရင်တာအိုကိုလည်း အနည်းငယ် ထိုးထွင်းသိမြင်သွားပါသည်။
“ဒင် ရွှေတောင်ပံလင်းယုန်ဘုရင် သက္ကတဘာသာစကားကို နားလည်သဘောပေါက်သွားပြီး ဗုဒ္ဓလမ်းစဉ် ထိုးထွင်းသိမြင်မှု (၂) မှတ် ရရှိပါသည်။ ပိုင်ရှင်အား မဟာတာအို အနှစ်သာရအခု (၂၀)ကို ဆုချီးမြှင့်လိုက်သည်”
“ဒင် ချန်ကျင်းကျင်း စစ်တုရင်တာအို အစပြုသူအဆင့်သို့ ရောက်ရှိသွားပါပြီ။ ပိုင်ရှင်အား မဟာတာအို အနှစ်သာရ တစ်ခုချီးမြှင့်လိုက်သည်”
ချူဖုန်း စနစ်၏ အသိပေးချက်နှစ်ခုကို ဆက်တိုက်ကြားလိုက်ရသဖြင့် သူ့ နှုတ်ခမ်းထောင့်များမှာ ကျေနပ်စွာ ကွေးညွတ်သွားတော့၏။
ယခုအခါ မဟာတာအို အနှစ်သာရ (၉၃)ခုအထိ ရှိလာပြီဖြစ်ရာ သူ တကယ်ပင် စိတ်အေးသွားရသည်။
သူသည် ဂူဘက်သို့လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် ညီကိုလင်းယုန်၊ သူတော်စင်တစ်ပိုင်း ဖြစ်လာပြီပေါ့"
“ဟားဟားဟားဟား...”
ရွှေတောင်ပံလင်းယုန်ဘုရင် ကျယ်လောင်သောရယ်သံမှာ ဂူအတွင်းမှ ပဲ့တင်ထပ်လာ၏။
ခဏအကြာတွင် ရွှေရောင်အမွှေးအတောင်များဖြင့် ရက်လုပ်ထားသော ဝတ်ရုံကို ဆင်မြန်းထားသည့်၊ အသက် ၁၈၊ ၁၉ ခန့်ရှိသော ခန့်ညားသည့် လူငယ်တစ်ဦး ထွက်လာသည်။
သူ့ကို မြင်သောအခါ ချန်ကျင်းကျင်း မေးလိုက်သည်။ "ဦးလေး လင်းယုန် လားဟင်"
"ဟုတ်တာပေါ့၊ ငါက မင်းရဲ့ ဦးလေးလင်းယုန်ပဲ"
လူငယ် တောက်ပသော အပြုံးဖြင့် ပြန်ဖြေပြီး ချူဖုန်းကို ကြည့်လိုက်သည်။
သူ ချူဖုန်းကို ကြည့်လိုက်သည့် ခဏတွင် သူ့ရှေ့မှ လူသားမှာ မြင့်မားလှသော တောင်ကြီးတစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်နေသည်ဟု ခံစားလိုက်ရ၏။
ရွှေတောင်ပံလင်းယုန်ဘုရင်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိပြီး ချူဖုန်းကို အံ့ဩတကြီး စိုက်ကြည့်ကာ ပြော၏။
"ညီအစ်ကို စောစောက ပြောတာ ကြွားနေတာလို့ ထင်ခဲ့တာ၊ တကယ်ကြီး သူတော်စင်အဆင့်နဲ့ သိပ်မဝေးတော့ဘူးလို့ မထင်ထားဘူး”
ချူဖုန်း မျက်လုံးပြူးပြလိုက်သည်။ "မကြည့်သင့်တဲ့အရာကို လျှောက်မကြည့်နဲ့"
"နောက်တစ်ခါ မကြည့်တော့ပါဘူး။ မဟုတ်ရင် ကျုပ် တာအိုနှလုံးသား ပြိုလဲသွားလိမ့်မယ်"
ရွှေတောင်ပံလင်းယုန်ဘုရင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
သူ သူတော်စင်တစ်ပိုင်း ဖြစ်လာရင် ချူဖုန်းနှင့် သူကြား ကွာဟချက် ကျဉ်းမြောင်းသွားမည်ဟု ထင်ခဲ့သော်လည်း ယခုမှပင် သူတို့ကြားက ကွာဟချက်မှာ ယခင်ကထက် ပို၍ ကျယ်ပြန့်သွားကြောင်း သိလိုက်ရတော့၏။
ချူဖုန်း စိတ်ဝင်တစား မေးလိုက်သည်။ "နတ်ဘုရားခြေလှမ်း နည်းစနစ်ကို မင်း ဘယ်လောက်အထိ နားလည်သွားပြီလဲ"
ရွှေတောင်ပံလင်းယုန်ဘုရင် ပြန်ဖြေ၏။ "အခု ခြေတစ်လှမ်း လှမ်းလိုက်ရင် မိုင်ပေါင်း (၅၄၀၀၀) အထိ ပျံသန်းနိုင်ပြီ"
ချူဖုန်း သူ့ကို လက်မထောင်ပြလိုက်သည်။ "မဆိုးဘူး။ အရင်ကထက် အတော်လေးပိုကောင်းလာတယ်"
ရွှေတောင်ပံ လင်းယုန်ဘုရင်က ဂုဏ်ယူသော အမူအရာဖြင့် ပြောသည်။
"ဒါပေါ့ ကျုပ်က သူတော်စင်တစ်ပါးရဲ့ သားပဲလေ"
ချူဖုန်း တီးတိုး ရေရွတ်လိုက်သည်။ "ဒါကို အသံကျယ်ကျယ်နဲ့ ပြောနေတာ ကျောင်းအုပ်ကြီးက 'ဒီညတော့ လင်းယုန်သားလေး စားချင်တယ်' လို့ ပြောလာမှာကို မကြောက်ဘူးလား"
ရွှေတောင်ပံ လင်းယုန်ဘုရင်“...”
သူတို့နှစ်ဦး စကားပြောနေစဉ် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာ၏။
၎င်းမှာ အစောပိုင်းက တာအိုအရှင်ဟွမ်မိန်ပင်။
သူ ရွှေတောင်ပံလင်းယုန်ဘုရင်ဘက်သို့ လက်သီးဆုပ်ကာ ပြောလာသည်။ " နိမ့်ကျတဲ့တာအိုအရှင်ဟွမ်မိန်က အရှင် သူတော်စင်တစ်ပိုင်း အဆင့်သို့ တက်လှမ်းနိုင်ခြင်းအတွက် လာရောက် ဂုဏ်ပြုပါတယ်"
ရွှေတောင်ပံလင်းယုန်ဘုရင်က သူ့ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်း ဘယ်သူလဲ"
"ဒီမင်ယွဲ့ချောက်ကို ဖြတ်သွားရင်း အရှင်အဆင့်တက်တာကို တွေ့ခဲ့ရလို့ပါ။ ဒီအတိုင်း စောင့်ကြည့်ရင်းနဲ့ ထိုးထွင်းသိမြင်မှုအချို့ ရခဲ့တာမို့ ကျေးဇူးတင်စကား လာပြောတာပါ" တာအိုအရှင်ဟွမ်မိန် ရိုသေစွာ ပြောလိုက်သည်။
“ဩော် ဒါလား”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် ပေါ့ပျက်ပျက်နှင့် ထောင်လွှားသော အမူအရာကို ပြန်လည် ထိန်းချုပ်ပြီး အေးစက်စက် ပြန်ပြောလိုက်၏။
"ကောင်းပြီလေ။ အခု ဂုဏ်ပြုပြီးပြီဆိုတော့ မင်း သွားလို့ရပြီ"
“အမိန့်အတိုင်းပါ”
တာအိုအရှင်ဟွမ်မိန်သည် မူလက ဤအသစ်တက်လာသော သူတော်စင်တစ်ပိုင်းနှင့် ရင်းနှီးမှု ရယူရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤသူတော်စင်တစ်ပိုင်းက သူ့ကို မည်သည့်အခွင့်အရေးမျှ မပေးသဖြင့် တာအိုအရှင်ဟွမ်မိန်မှာ ထွက်ခွာသွားရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဟွမ်မိန် ထွက်သွားသည်ကို မြင်သောအခါ ချူဖုန်း ရွှေတောင်ပံ လင်းယုန်ဘုရင်ဘက်သို့ လှည့်ကာ ပြောလေသည်။ "ညီအစ်ကိုလင်းယုန်၊ မင်း သူတော်စင်တစ်ပိုင်း ဖြစ်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ ဝိုင်သောက်ကြတာပေါ့"
"ခွက်တစ်ခွက်တည်းနဲ့တော့ မရဘူးနော်။ အနည်းဆုံး သုံးခွက်။ အဲ့ဒါလည်း အစ်ကိုကြီးကိုယ်တိုင်ချက်တဲ့ သူတော်စင်အဆင့်ဝိုင်ပဲ ဖြစ်ရမယ်"
ရွှေတောင်ပံ လင်းယုန်ဘုရင်မှာ ပို၍ စိတ်လှုပ်ရှားလာသည်။
ချူဖုန်း တွန့်ဆုတ်မနေဘဲ သဘောတူလိုက်၏။
"ပြဿနာမရှိဘူး"
ထိုညစာစားပွဲမှာ သန်းခေါင်တိုင်အောင် ကြာမြင့်ပါ၏။ နောက်တစ်နေ့ နံနက်အစောပိုင်းတွင် အဖွဲ့သားများမှာ ခရီးကိုပြန်လည် စတင်ခဲ့ကြသည်။
လဝက်ခန့်အကြာတွင်
ချူဖုန်းနှင့် အဖွဲ့သားများ လိုက်ပါလာသော မြင်းရထားသည် နောက်ဆုံး၌ နတ်ဆိုးတစ်သောင်းတောင်တန်း အနီးရှိ ငြိမ်းချမ်းသောမြို့လေး၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
နတ်ဆိုးတစ်သောင်းတောင်တန်းကို နတ်ဆိုးနယ်မြေတစ်သိန်း ဟုလည်း ခေါ်ကြပြီး ရွှမ်ကျိုး၏ တောင်ဘက်တောရိုင်းဒေသ၏ သုံးပုံနှစ်ပုံကို ယူထားသည်။ ဤကျယ်ပြောလှသော နယ်မြေကို နတ်ဆိုးဘုရင်ပေါင်း တစ်သိန်းကျော် အုပ်ချုပ်နေသည်ဟု ဆိုကြ၏။
ဤနယ်မြေတွင် နတ်ဆိုးမျိုးနွယ်ကို အမြင့်မြတ်ဆုံးဟု သတ်မှတ်ကြသည်။ အခြားသော ကျင့်ကြံသူ မျိုးနွယ်စုများမှာ နတ်ဆိုးများအောက် နိမ့်ကျသည်ဟု ယူဆကြသည်။
မြင်းရထားသည် ငြိမ်းချမ်းသောမြို့လေးအတွင်းသို့ ဝင်လိုက်သည်နှင့် နတ်ဆိုးကျင့်ကြံသူများကို နေရာအနှံ့ တွေ့မြင်နေရ၏။
ဤနတ်ဆိုးကျင့်ကြံသူများသည် များသောအားဖြင့် နတ်ဆိုးခေါင်းနှင့် လူကိုယ်ခန္ဓာ ရှိကြသည်။ တစ်ခါတစ်ရံတွင် လူခေါင်းနှင့် နတ်ဆိုးကိုယ်ခန္ဓာ ရှိသူများကို တွေ့ရတတ်သော်လည်း အလွန်ရှားပါးလှသည်။
ရွှေတောင်ပံလင်းယုန်ဘုရင်သည် ဇက်ကြိုးကိုကိုင်ရင်း လမ်းတစ်လျှောက် အလှအပများကို ကြည့်ရှုနေမိ၏။ သူ လှည့်ပြီး မေးလိုက်သည်။
"ညီအစ်ကို... ကျုပ်တို့ နတ်ဆိုးတောင်တန်းထဲကို တိုက်ရိုက်ပဲ ဝင်ကြမလား၊ ဒါမှမဟုတ် ဒီမြို့မှာ ရက်အနည်းငယ်လောက် နားဦးမလား"
ချူဖုန်း ပြန်ဖြေသည်။
"စည်ကားတဲ့ တည်းခိုခန်းတစ်ခုမှာ ရက်အနည်းငယ်လောက် နားကြတာပေါ့၊ ပြီးတော့ နတ်ဆိုးတောင်တန်းရဲ့ အခြေအနေအကြောင်း သတင်းအချို့ စုံစမ်းရမယ်"
သူ ဝမ်တောက် ကျောင်းတော်၏ မှတ်တမ်းဟောင်းများတွင် နတ်ဆိုးတောင်တန်းအကြောင်း ဖတ်ခဲ့ဖူးသော်လည်း ၎င်းတို့မှာ အဓိက အင်အားစုကြီးများအကြောင်းကိုသာ အာရုံစိုက်ထားခြင်းပင်။ အင်အားစုအငယ်စားများအကြောင်းကို မှတ်တမ်းတင်ထားခြင်း မရှိပေ။
နတ်ဆိုးတောင်တန်းကို စောင့်ကြည့်နေသော အစွမ်းထက် နတ်ဆိုးသူတော်စင် သုံးပါး ရှိနေသဖြင့် ချူဖုန်း သူတို့နယ်မြေအတွင်းသို့ မျက်ကွယ်မှိတ်၍ ဇွတ်တိုးဝင်မည့်သူ မဟုတ်ပေ။
“နားလည်ပါပြီ”
ရွှေတောင်ပံလင်းယုန်ဘုရင် ပြန်ထူးလိုက်ပြီး လမ်းဘေးရှိ တည်းခိုခန်းတစ်ခုကို စတင်ရှာဖွေတော့၏။
ခဏအကြာတွင် မြင်းရထားမှာ 'ငြိမ်းချမ်းခြင်း တည်းခိုဆောင်’ ရှေ့တွင် ရပ်တန့်သွားသည်။
ရွှေတောင်ပံ လင်းယုန်ဘုရင်သည် သူ၏ အရှိန်အဝါနှင့် ပုံရိပ်ကို ဖုံးကွယ်ထားသော်လည်း သူ၏ မွေးရာပါ မြင့်မြတ်မှုနှင့် သွေးချင်းဆက်နွှယ်မှုကိုမူ ဖုံးကွယ်၍ မရပေ။
သူ မြင်းရထားပေါ်မှ ဆင်းလိုက်သည်နှင့် ဝက်ခေါင်းနှင့် အစေခံတစ်ဦးက သူတို့ကို ကြိုဆိုရန် ရှေ့သို့ ထွက်လာသည်။
"ဧည့်သည်တော်တို့... ဘယ်နှစ်ယောက်ပါလဲခင်ဗျာ"
ရွှေတောင်ပံ လင်းယုန်ဘုရင်က မာန်အပြည့်ဖြင့် ပြောသည်။ "အားလုံးပေါင်း လေးယောက်ပဲ။ ငါတို့အတွက် အကောင်းဆုံးအခန်း သုံးခန်း ပြင်ထားလိုက်။ ပြီးတော့ ဒီမြင်းကို အဆင့်မြင့် ဝိညာဉ်ဆေးပင်တွေ ကျွေးထားလိုက်ဦး"
“ဟုတ်ကဲ့ပါခင်ဗျာ”
အစေခံ ရိုသေစွာ ပြန်ထူးပြီး ချူဖုန်းတို့အဖွဲ့ကို တည်းခိုဆောင်အတွင်းသို့ လမ်းပြခေါ်ဆောင်သွား၏။
ထိုသို့ ပြောဆိုနေစဉ်အတွင်း အစေခံမှာ ချူဖုန်းနှင့် အခြားသူများကို လှည့်တောင်မကြည့်ဘဲ ရွှေတောင်ပံလင်းယုန်ဘုရင်၏ ဘေးတွင်သာ ဝဲလည်ဝဲလည် လုပ်နေခဲ့သည်။
သူသည် ရွှေတောင်ပံ လင်းယုန်ဘုရင်ထံမှ ထွက်ပေါ်နေသော ဝါကြီးသူတစ်ဦး၏ ဖိနှိပ်သည့် အရှိန်အဝါကို ရှင်းရှင်းလင်းလင်း ခံစားနေရသောကြောင့်ပင်။
"ဧည့်သည်တော်တို့... အစားအသောက်ကို အခန်းထဲမှာပဲ သုံးဆောင်မလား၊ ဒါမှမဟုတ် ပထမထပ် ခန်းမဆောင်ကြီးမှာပဲ သုံးဆောင်မလားခင်ဗျာ"
ရွှေတောင်ပံလင်းယုန်ဘုရင် ပြန်မဖြေဘဲ ချူဖုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ချူဖုန်း ပြောလိုက်၏။
“ခန်းမဆောင်မှာပဲ စားမယ်။ မင်းတို့ဆီက အကောင်းဆုံး အစားအသောက်နဲ့ အရက်တွေကို ပြင်ထားပေး"
“နားလည်ပါပြီခင်ဗျာ”
အစေခံ ခေါင်းညိတ်ပြပြီး ထွက်သွားလေသည်။
ရွှေတောင်ပံလင်းယုန်ဘုရင် မေးလိုက်သည်။
"ညီအစ်ကိုက ပုံမှန်ဆို တိတ်ဆိတ်တာကို ကြိုက်တဲ့သူ မဟုတ်ဘူးလား ဘာလို့ ဒီနေ့ ဆူညံနေတဲ့ ခန်းမဆောင်မှာ စားချင်ရတာလဲ"
ချူဖုန်း အေးဆေးစွာ ပြန်ဖြေသည်။ "သတင်းတွေ နားထောင်ဖို့ပေါ့။ စိတ်ဝင်စားဖို့ ကောင်းတာ ဒါမှမဟုတ် အသုံးဝင်တာ တစ်ခုခု ကြားရနိုင်တယ်လေ"
ရွှေတောင်ပံလင်းယုန်ဘုရင် “...”
ခဏမျှ နားပြီးနောက် အဖွဲ့သားများ ခန်းမဆောင်သို့ ဆင်းလာခဲ့ကြပြီး ပြတင်းပေါက်နားရှိ စားပွဲတစ်ခုတွင် နေရာယူလိုက်ကြသည်။
ဇရပ်အတွင်း၌ ကျင့်ကြံသူ အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။
ချူဖုန်း သာမန်ဝိညာဉ်အရက်ကို တစ်ငုံသောက်ရင်း ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ စကားဝိုင်းကို နားစွင့်နေလေသည်။
"မင်း ကြားပြီးပြီလား။ အဆိပ်တစ်ရာတောင်ကြားက ကင်းခြေများဘုရင် က နန်ဝူဘုရားကျောင်း က ထောင်လွှားနေတဲ့ ဘုန်းကြီးကတုံဂတွေကို စတင် တိုက်ခိုက်တော့မယ်တဲ့"
ထိုစကားကို ပြောလိုက်သည်နှင့် ခန်းမဆောင်အတွင်း၌ ဟိုးလေးတကျော်ကျော် ဖြစ်သွားတော့သည်။