ထွက်ပြေးနေရသည့် ဝူလေး
Vol. 25 Ch. 247
“ကောင်းပါပြီ”
ပြန်ဖြေပြီးနောက် ရွှမ်ချန် သူ့ဘေးရှိ တုခုန်းနှင့် တုအယ်တို့အား လှည့်ကြည့်လိုက်၏။
“မင်းတို့နှစ်ယောက်က တပည့် ရှစ်ယောက်ကို ခေါ်သွားပြီး အတူတူ ထွက်ခွာကြ။ မှတ်ထားပါ။ နေရာပြောင်း အစီအရင်ကနေ ထွက်တာနဲ့ တစ်ပြိုင်နက် လူစုခွဲလိုက်ကြ။ ဘယ်သူပဲ အနစ်နာခံရပါစေ၊ လူဝင်စားကလေးကို အပျောက်မခံစေနဲ့။ တကယ်လို့ အခြေအနေက အသည်းအသန် ဖြစ်လာခဲ့ရင် အဲဒီကလေးကို ဓာတ်တော် မျိုချခိုင်းလိုက်ပါ”
“အမိန့်အတိုင်းပါ”
သူတို့နှစ်ဦး ပြန်လည်ဖြေကြားပြီးနောက် လှည့်ထွက်သွားကြသည်။
နန်းဝူကျောင်းတော်၏ အပြင်ဘက်တွင် ဘုရင်ထုံပိ နတ်ဆိုးတစ်သောင်းအစီအရင်ကို ခင်းကျင်းပြီးသွားသည်အား မြင်သောအခါ ကင်းခြေများဘုရင်ကို လှည့်ကြည့်၍ မေးလိုက်သည်။
“အစ်ကိုကြီး... ကျုပ်တို့ စတိုက်ကြတော့မလား”
ကင်းခြေများဘုရင်က အေးစက်စွာပြောသည်။
“မလိုသေးဘူး။ ငါတို့ နန်းဝူကျောင်းတော်ကို ကျဆုံးမှုအနည်းဆုံးနဲ့ သိမ်းပိုက်နိုင်ရမယ်။ အကယ်၍ ငါတို့က နတ်ဆိုးတစ်သောင်း အစီအရင်ရဲ့ စွမ်းအားအပြည့်ကို သုံးလိုက်ရင် အောင်မြင်ရင်တောင် အကျအဆုံးက အရမ်းများလိမ့်မယ်။ အဲဒီအချိန်ကျရင် ရည်မှန်းချက်ကြီးတဲ့ တခြားသူတွေက ငါတို့ဝေစုကို လာလုကြမှာ အသေအချာပဲ”
သူတို့ဘေးရှိ မြွေနတ်ဆိုးမက မေးလိုက်သည်။
“ဒါဆို အစ်ကိုကြီးမှာ အစီအရင်ကို ဖျက်ဆီးနိုင်မဲ့ အရာတစ်ခု ရှိနေပြီပေါ့”
“မှန်တယ်”
ကင်းခြေများဘုရင်က ပြောပြောဆိုဆိုနှင့် အပ်နက်တစ်ချောင်းကို ထွေးထုတ်လိုက်၏။
ထိုအပ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖိနှိပ်အားလှိုင်းတစ်ခုသည် စုဝေးနေသော နတ်ဆိုးများကြားသို့ ရိုက်ခတ်သွားလေသည်။
ဘုရင်ထုံပိ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ “အစ်ကိုကြီး... ဒါက ဘယ်လိုရတနာမျိုးလဲ”
“ဒီအပ်က မဟာသူတော်စင် ဧကရီနက် ရဲ့ အမြီးက ဆူးပဲ။ သူ သေဆုံးသွားပြီးနောက် ငါက ကံကောင်းထောက်မစွာနဲ့ ရခဲ့တာ။ ဒါကို ပြန်လည်ပြုပြင်ပြီးရင် သူတော်စင်အဆင့် အောက်က ဘယ်အစီအရင်ကိုမဆို ဖောက်ထွင်းနိုင်တယ်။ သူတော်စင်တစ်ပိုင်းရဲ့ အစွမ်းကုန် ရိုက်ချက်တစ်ခုနဲ့ ညီမျှတာပေါ့။ ဒါပေမဲ့ တစ်ခါသုံးပြီးရင် ပျက်စီးသွားလိမ့်မယ်”
ဤသည်ကို ပြောလိုက်စဉ် ကင်းခြေများဘုရင်၏ မျက်လုံးထဲ၌ နှမြောတသဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
သို့သော် သူတော်စင် ဖြစ်လာမည့် အခွင့်အရေးက သူ့ရှေ့မှောက်သို့ ရောက်နေပြီဖြစ်ရာ ဤမျှလွယ်လွယ်နှင့် လက်လွှတ်ခံမည် မဟုတ်ပေ။
“အသင့် ပြင်ထားကြတော့”
“ဟုတ်ကဲ့”
နီဗားနားရှင်သန်ခြင်းအဆင့် ရှိသော နတ်ဆိုးကျင့်ကြံသူ ငါးဦး တပြိုင်နက် ပြန်ထူးလိုက်ပြီးနောက် အရပ်လေးမျက်နှာသို့ ပျံသန်းသွားကြကာ နန်းဝူဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးမျှ လွတ်မြောက်မသွားအောင် တားဆီးရန် ဆုံးဖြတ်ထားကြသည်။
ကင်းခြေများဘုရင်သည် နန်းဝူကျောင်းတော်၏ အထက်သို့ ပျံတက်သွားကာ ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
သူ၏ရှေ့ရှိ အပ်နက်သည် တဖြည်းဖြည်း ကြီးမားလာလေသည်။
“ပျက်စီးစမ်း”
ဟိန်းဟောက်သံနှင့်အတူ အပ်နက်သည် အောက်သို့ ထိုးဆင်းသွားပြီး နန်းဝူကျောင်းတော်၏ ကာကွယ်ရေးအစီအရင်ကို ထိုးဖောက်လိုက်သည်။
ဘုန်း
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြည်ဟိန်းသံကြီး ထွက်ပေါ်လာ၏။ အရပ်မျက်နှာ အနှံ့အပြား မိုင်ပေါင်းများစွာအထိ မြေကြီးများ တုန်ခါကာ တောင်တန်းများ သိမ့်သိမ့်တုန်သွားလေသည်။
နန်းဝူကျောင်းတော်၏ ဗုဒ္ဓရောင်ခြည်တော်များသည်လည်း ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။
“အစီအရင် ပျက်သွားပြီ တိုက်ခိုက်ကြ”
ဘုရင်ထုံပိ အော်ဟစ်လိုက်ကာ အခြားသူများထက် ဦးအောင် နန်းဝူကျောင်းတော်ထဲသို့ ပြေးဝင်သွားတော့သည်။
အတွင်း၌ရှိသော ရွှမ်မျိုးဆက်မှ ဝါရင့်ဘုန်းတော်ကြီးလေးပါးတို့သည် သူတို့ အလွန်ဂုဏ်ယူရသော အစီအရင်မှာ ဤမျှလွယ်လွယ်ကူကူနှင့် အဖျက်ဆီးခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
လူဝင်စားလေးနှင့် တုခုန်းတို့ မသွားရသေးပေ။
ဆရာတော်ရွှမ်ပေ့ ဟိန်းဟောက်လိုက်သည်။ “ကိုယ်တော်တို့ ဒီနေ့ ကျုပ်နဲ့အတူ နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းကြရအောင်။ တိုက်ခိုက်ကြ”
ထို့နောက် သူ ကောင်းကင်ယံရှိ ကင်းခြေများဘုရင်ထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
ကင်းခြေများဘုရင်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ ဆရာတော် ရွှမ်ပေ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ကျန်ရှိသော ဝါရင့်ဘုန်းကြီး သုံးပါးတို့သည်လည်း နီဗားနားရှင်သန်ခြင်းအဆင့်ရှိသော နတ်ဆိုးသားရဲတစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ခိုက်ကြလေသည်။
ခဏချင်းအတွင်းမှာပင် နန်းဝူကျောင်းတော်သည် တိုက်ပွဲသံများဖြင့် ပြည့်နှက်သွားပြီး နှစ်ဖက်စလုံးသည် ပြင်းထန်သော တိုက်ပွဲထဲသို့ ကျရောက်သွားကြသည်။
ကောင်းကင်ယံ၌ ချူဖုန်း၏ နတ်ဘုရားအာရုံ သည် ဝူလေးကို ရှာဖွေရန် နန်းဝူကျောင်းတော် တစ်ခုလုံးကို ဖြန့်ကျက်လိုက်၏။
မကြာမီမှာပင် ဝူလေးသည် လျှို့ဝှက်ခန်းတစ်ခုဆီသို့ ဦးတည်နေသည်ကို သူ မြင်လိုက်ရသည်။
သူသည် ဝူလေးကို သူ့နတ်ဘုရားအာရုံဖြင့် ချက်ချင်း ပစ်မှတ်ထားလိုက်သည်။ ဝူလေးနှင့် အခြားသူများ နေရာပြောင်း အစီအရင်ထဲသို့ ဝင်သွားသည့်အချိန်တွင် ချူဖုန်း သူ့ကို ဝိညာဉ်အမှတ်အသားတစ်ခု ခတ်နှိပ်လိုက်သည်။
ထို့နောက် ချူဖုန်း ချန်ကျင်းကျင်းဘက်သို့ လှည့်လိုက်ကာ ပြောသည်။
“ဝူလေး ထွက်သွားပြီ။ ဒီတိုက်ပွဲက ငါတို့နဲ့ မဆိုင်တော့ဘူး။ သွားရမဲ့အချိန် ရောက်ပြီ”
ချန်ကျင်းကျင်း တစ်ခဏ ကြောင်သွားသော်လည်း သူမ ဆရာကို အပြည့်အဝ ယုံကြည်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ဝူလေးကို သွားရှာကြတာပေါ့”
“အင်း”
ထို့နောက် ချူဖုန်း သူ့အဖွဲ့ကို ခေါ်ဆောင်ကာ တိုကိပွဲနယ်မြေအထက်မှ ပျောက်ကွယ်သွားလေ၏။
အစမှ အဆုံးအထိ မည်သည့်အင်အားစုကမျှ သူတို့ ရှိနေသည်ကို သတိမထားမိခဲ့ကြပေ။
နန်းဝူကျောင်းတော်၏ အနောက်ဘက် မိုင်တစ်ရာခန့်အကွာရှိ ပျက်စီးနေသော ဘုရားကျောင်းဟောင်းတစ်ခုတွင်။
စီနီယာနှင့် ဂျူနီယာ ညီအစ်ကိုဖြစ်ကြသော တုခုန်းနှင့် တုအယ်တို့သည် ကိုရင်ငယ် ရှစ်ပါးကို အဝတ်အစား လဲလှယ်ပေးနေကြသည်။
တောင်ပိုင်းတောရိုင်းနယ်မြေ တစ်ခုလုံးတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဟူ၍ နန်းဝူကျောင်းတော် တစ်ခုတည်းသာ ရှိ၏။
ဤဒေသတဝိုက်တွင် ဗုဒ္ဓကျင့်ကြံနေသူကို မြင်လျှင် ဆယ်ယောက်တွင် ကိုးယောက်မှာ နန်းဝူကျောင်းတော်မှ ဘုန်းကြီးများသာ ဖြစ်ကြသည်။
ယခုအခါ နန်းဝူကျောင်းတော်သည် ဝိုင်းရံခံထားရပြီဖြစ်ရာ သူတို့ ထိုမည်နာမဖြင့် ဆက်လက် လှုပ်ရှား၍ မရတော့ပေ။
အဖွဲ့သားများ အဝတ်အစားလဲပြီးနောက် တုအယ် အရင်ဆုံး စကားစလိုက်သည်။ “စီနီယာ အစ်ကိုကြီး တုခုန်း၊ ခုံရှန်းကို အစ်ကိုကြီးလက်ထဲပဲ အပ်ခဲ့ပါရစေ”
၎င်း ကြားလိုက်ရသောအခါ တုခုန်းသည် သူ့ညီငယ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွား၏။
“မဖြစ်ဘူး။ ခုံရှန်းကို မင်းက ခေါ်လာတာ သူက မင်းရဲ့ တပည့်ပဲ။ မင်းတို့နှစ်ယောက်ကို ငါ ဘယ်လိုလုပ်ပြီး ခွဲထားရမှာလဲ”
တုအယ် ပြန်ဖြေသည်။
“ကျွန်တော် ခေါ်လာခဲ့လို့ပဲ သူ့ကို ကျွန်တော်နဲ့အတူ ခေါ်သွားလို့ မဖြစ်တာပါ။ အဲဒါက လူတွေရဲ့ အာရုံစိုက်မှုကို အရမ်းရစေလိမ့်မယ်။ အစ်ကိုကြီးက ဘဝရဲ့ အချိန်အတော်များများကို ဘုရားကျောင်းထဲမှာပဲ ကုန်ဆုံးခဲ့တာ၊ လူမြင်ကွင်းကို ထွက်ခဲတယ်။ ကျင့်ကြံသူ အတော်များများက အစ်ကိုကြီးကို မမှတ်မိနိုင်ဘူး။ တကယ်လို့ အစ်ကိုကြီးက ခုံရှန်းကို ခေါ်သွားမယ်ဆိုရင် ပိုပြီးတော့ ဘေးကင်းလိမ့်မယ်”
“အသေးစိတ်တွေ ငြင်းခုံနေဖို့ အချိန်မရှိတော့ဘူး။ ငါတို့ နှောင့်နှေးနေရင် ဘယ်သူမှ အသက်ရှင်လျက် လွတ်မြောက်မှာ မဟုတ်ဘူး”
“...ကောင်းပါပြီ။ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြစို့။ ဂရုစိုက်ပါ ညီလေး”
ထို့နောက် တုခုန်း ခုံရှန်းကို ကြည့်လိုက်သည်။
“ခုံရှန်း၊ မင်းရဲ့ ဆရာကို နှုတ်ဆက်လိုက်ဦး”
သူတို့ အလျင်လိုနေကြသော်လည်း ဤခွဲခွာခြင်းသည် ထာဝရ ခွဲခွာခြင်းလည်း ဖြစ်သွားနိုင်ပေသည်။
ဝူလေး ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူ့ဆရာနှင့်အတူ ရှိနေခဲ့သည်မှာ မကြာသေးသော်လည်း ဆရာက သူ့ကို အရာအားလုံး သင်ကြားပေးခဲ့ပြီး သူ့သားအရင်းကဲ့သို့ ပြုစုစောင့်ရှောက်ခဲ့သည်။
နှုတ်ဆက်ပြီးနောက် တုခုန်း ဝူလေးကို ခေါ်ဆောင်ကာ မြောက်ဘက်သို့ ဦးတည်သွား၏။
တုအယ် ကျန်ရှိသော ကိုရင် ခုနစ်ပါးကို ခေါ်ဆောင်၍ အနောက်ဘက်သို့ ထွက်ခွာသွားလေသည်။
တုခုန်း ဝူလေးကို ခေါ်ပြီး ပျံသန်းသွား၍ မရသည်တော့ မဟုတ်ပေ။ သို့သော် ယခုကဲ့သို့ ဝတ်ဆင်ထားချိန်တွင် ပျံသန်းခြင်းမှာ အာရုံစိုက်မှုကို အလွန်အမင်း ရရှိစေမည် ဖြစ်သည်။
ချူဖုန်းတို့သည် ကိုယ်ထင်မပြဘဲ တုခုန်းနှင့် ဝူလေး၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားကြ၏။
နောက်တစ်နေ့တွင်။
တုခုန်းနှင့် ဝူလေးတို့ လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ခုသို့ ရောက်ရှိလာကြသည်။ တုခုန်းက သူတို့အတွက် စားစရာ တစ်ခုခု ဝယ်ယူရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံမှ အလွန်အမင်း ပြင်းထန်သော ဖိအားတစ်ခု ကျဆင်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ့မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွား၏။ သူ ဝူလေးကို ဆွဲ၍ ပျံသန်းထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ဗုဒ္ဓဂါထာရွတ်ဆိုသံများ ပျံ့လွင့်လာသည်။
ဘုန်းကြီးအသွင်ဆောင်ထားသော အဖွဲ့တစ်ဖွဲ့သည် ဝေါယာဉ်တစ်စီးကို ထမ်းပိုး၍ ကောင်းကင်မှ ဆင်းသက်လာကြ၏။
ဂါထာရွတ်ဆိုသံများ လေထုထဲတွင် ပျံ့နှံ့သွားသည်နှင့်အမျှ တုခုန်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ လုံးဝ အပိတ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
ဝေါယာဉ်အတွင်းမှ ကင်းခြေများဘုရင်၏ အက်ရှရှအသံသည် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
“ဘုန်းကြီးငယ်လေး၊ နန်းဝူကျောင်းတော်က ပျက်စီးသွားပြီ။ မဟာသူတော်စင်ရဲ့ ဓာတ်တော်ကို အပ်လိုက်စမ်း၊ ငါ မင်းနဲ့ မင်းရဲ့ တပည့် တန်ဖိုးမရှိတဲ့ အသက်ကို ရှင်သန်ခွင့်ပေးမယ်”
လက်ဖက်ရည်ဆိုင်ရှိ လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ လူတိုင်း ထိုအသံကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ချက်ချင်းပင် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကြတော့သည်။ မည်သူမျှ နေ၍ ကြည့်မနေရဲကြပေ။
နန်းဝူကျောင်းတော်ကဲ့သို့ အစွမ်းထက်သော အင်အားစုပင် ကင်းခြေများဘုရင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်ရာ သူတို့ကဲ့သို့ လူမမည်လေးများက မည်သို့ တောင့်ခံရဲမည်နည်း။
တုခုန်း ကင်းခြေများဘုရင်၏ စကားများကြောင့် ကြောက်လန့်မသွားဘဲ၊ ယင်းအစား သံသယရှိသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“အရှင်... ကျွန်တော်က တကယ်ပဲ နန်းဝူကျောင်းတော်က ဘုန်းကြီး မဟုတ်ပါဘူး။ အရှင် တစ်စုံတစ်ယောက်နဲ့ မှားနေတာလား”
“ဟားဟားဟား...”
ဝေါယာဉ်အတွင်းမှ ရယ်မောသံများ ထွက်ပေါ်လာသည်။
ကင်းခြေများဘုရင်က ရယ်မောရင်း ပြောလိုက်သည်။
“စကားပုံတစ်ခု ရှိတယ်လေ၊ ဘုန်းကြီးဆိုတာ လိမ်ညာခွင့်မရှိဘူးတဲ့။ ဒါပေမဲ့ မင်းက ဒီအရှင် ရဲ့ ရှေ့မှာ မုသာဝါဒ ပြောရဲသေးတယ်ပေါ့။ သေပြီးရင် အဝီစိငရဲကို ကျမှာ မကြောက်ဘူးလား ဒါမှမဟုတ် ဒီအရှင်က အဲဒီဓာတ်တော်ရဲ့ အငွေ့အသက်ကို မခံစားနိုင်ဘူးလို့ မင်း ထင်နေတာလား”
၎င်းကို ကြားလိုက်ရသောအခါ တုခုန်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။
ဤနတ်ဆိုးဘုရင်မှာ အမှန်တကယ်ပင် ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။