ရွှေတောင်ပံလင်းယုန်ဘုရင်၏ တိုက်ကွက်
Vol. 25 Ch. 248
“ဓာတ်တော်ကို လိုချင်ရင် ငါ့အလောင်းကို ကျော်ပြီးမှ ယူသွားလိုက်။ ခုံရှန်း၊ ဓာတ်တော်ကို မျိုချလိုက်တော့”
တုခုန်း ရန်သူနှင့်အတူ အသေခံရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူ ရှေ့သို့တက်ကာ ခုံရှန်း၏ ရှေ့မှ ကာကွယ်လိုက်သည်။
“ဟမ့်”
ကင်းခြေများဘုရင် နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်သည်။
“ဒီအရှင်က ထပ်ပြီး သတ်ဖြတ်မှုတွေ မလုပ်ချင်တော့ဘူးလို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ မင်းက သေတွင်းထဲ အရောက်လှမ်းချင်နေမှတော့ ဖြည့်ဆည်းပေးရတာပေါ့”
သူက ပြောပြောဆိုဆိုနှင့် ဗုဒ္ဓဘာသာ ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ ဝူလေး ဓာတ်တော်ကို ထုတ်ယူလိုက်စဉ်မှာပင် ဦးခေါင်းအတွင်း၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ့လက်ထဲမှ ဓာတ်တော်သည် မြေပြင်ပေါ်သို့ လျှောကျသွားတော့သည်။
တုခုန်းလည်း အခြေအနေ သိပ်မကောင်းလှပေ။ သူ့ခန္ဓာကိုယ်မှ ဗုဒ္ဓရောင်ခြည်တော်များ ဖြာထွက်နေသော်လည်း နာကျင်မှုကြောင့် မျက်နှာပျက်ယွင်းနေကာ မျက်စိ၊ နား၊ နှာခေါင်း၊ နားရွက်စသည့် အပေါက်ခုနစ်ပေါက်မှ သွေးများ စီးကျလာလေသည်။
ကောင်းကင်ယံ၌ ချူဖုန်း ဤမြင်ကွင်းကို မြင်သောအခါ ရွှေတောင်ပံလင်းယုန်ဘုရင်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်၏။ “ညီကိုလင်းယုန် မင်းကိုပဲ အပ်လိုက်မယ်နော်”
“ပြဿနာမရှိဘူး”
ရွှေတောင်ပံလင်းယုန်ဘုရင် ပြန်လည်ဖြေကြားပြီးနောက် စကားတစ်လုံးကို ဟစ်အော်လိုက်သည်။
“ဆုတျာ”
ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
ဖိနှိပ်ထားသော ဂါထာရွတ်သံများ ကွယ်ပျောက်သွားပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
ဝေါယာဉ်အတွင်းရှိ ကင်းခြေများဘုရင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း မည်သူ့ကိုမျှ မမြင်ရချေ။
သူ မသိစိတ်ဖြင့် မေးလိုက်သည်။ “ရောက်နေမှတော့ ဘာလို့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာလဲ ဘယ်လို ပညာရှင်မျိုးကများ လူမြင်မခံဘဲ ပုန်းအောင်းနေတာလဲ”
“ငါက နဂိုကတည်းက လူမှမဟုတ်တာ”
ရွှေတောင်ပံလင်းယုန်ဘုရင် ကောင်းကင်ယံမှ ဆင်းသက်လာကာ ဝူလေးနှင့် တုခုန်းတို့၏ ရှေ့၌ ရပ်လိုက်သည်။
ကင်းခြေများဘုရင်သည် ရွှေရောင်အတောင်ပံ အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်ကို ကြည့်ကာ သံသယဖြင့် မျက်မှောင်ကြုတ်လိုက်၏။
နတ်ဆိုးတစ်သောင်းတောင်တန်း၌ နတ်ဆိုးဘုရင်ပေါင်း တစ်သိန်းခန့် ရှိသော်လည်း သူ အများစုနှင့် တွေ့ဆုံဖူးသည်။
သို့သော် ဤသူကို မရင်းနှီးပေ။ နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူ့ထံတွင် နတ်ဆိုးအငွေ့အသက် အစအနမျှ မရှိချေ။
ထိုနေရာတွင် ရပ်နေပုံမှာ သူတော်စင်တစ်ပါး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေ၏။
“မင်းက ဘယ်သူလဲ”
“မင်းက ဘယ်အဆင့်မို့လို့ ငါ့နာမည်ကို မေးရဲတာလဲ။ မင်းကို အခွင့်အရေး တစ်ခုပေးမယ်။ အခုချက်ချင်း လစ်လိုက်တော့”
ရွှေတောင်ပံလင်းယုန်ဘုရင်က လှောင်ပြောင်လိုက်သည်။ သူသည် ကင်းခြေများဘုရင်ကို လုံးဝ အရေးမလုပ်ကြောင်း ထင်ရှားနေ၏။
“မင်းက တော်တော် မောက်မာတာပဲ။ မင်း ဘာကို လိုချင်နေတယ်ဆိုတာ ငါမသိဘူးလို့ မမှတ်နဲ့။ မင်းလည်း ဒီဓာတ်တော်ကို လာလုတာပဲ မဟုတ်လား။ အဲဒီလိုဆိုရင်တော့ လက်သီးနဲ့ပဲ စကားပြောကြတာပေါ့”
သူက ပြောပြောဆိုဆိုနှင့် ဝေါယာဉ်အတွင်းမှ ပျံထွက်လာကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ရိုးရိုးသာမန်ဟု ထင်ရသော ထိုလက်ဝါးချက်သည် ကြီးမားလှသော ဗုဒ္ဓလက်ဝါးကြီးအဖြစ် ပြောင်းလဲသွားလေ၏။
ရွှေတောင်ပံလင်းယုန်ဘုရင် နေရာမှ မရွေ့ပေ။ သူ လက်ညှိုးတစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်ပြီး ထိုလက်ဝါးကြီးဆီသို့ ထိုးလိုက်သည်။
သူ၏လက်ညှိုးနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ထိုလက်ဝါးကြီးသည် အစအနမျှမကျန် ကွယ်ပျောက်သွားတော့၏။
“ဒါပဲလား”
ရွှေတောင်ပံလင်းယုန်ဘုရင်က လှောင်ပြောင်သော အပြုံးဖြင့် ကင်းခြေများဘုရင်ကို စိုက်ကြည့်လိုက်သည်။
သူ့မျက်လုံးများထဲတွင် သရော်လိုမှုများဖြင့် ပြည့်နှက်နေ၏။
'ဒုက္ခပဲငါ တကယ့် နတ်ဆိုးအစစ်နဲ့ တိုးပြီ'
ကင်းခြေများဘုရင်သည် မိုက်မဲသူ မဟုတ်ပေ။ သူ၏ကိုယ်ပိုင်အစွမ်းကို သူသိသည်။ ဤလူက သူ့နည်းစနစ်ကို အားစိုက်စရာမလိုဘဲ ဖြိုခွင်းလိုက်ပုံအရ အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့် ရှိရပေမည်။
'ပြေးမှ’
ထိုအတွေးတစ်ခုတည်းဖြင့် သူ မူလနတ်ဆိုးအသွင်သို့ ချက်ချင်းပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်၍ ထွက်ပြေးတော့သည်။
ဝေါယာဉ်ကို ထမ်းလာကြသော နတ်ဆိုးလေးများသည်လည်း ကင်းခြေများဘုရင် ထွက်ပြေးသွားသည်ကို မြင်သောအခါ လန့်ဖျန့်သွားကြပြီး တစ်စက္ကန့်မျှပင် မနေရဲတော့ဘဲ အရပ်မျက်နှာအနှံ့သို့ ဖရိုဖရဲ ထွက်ပြေးကြလေ၏။
ရွှေတောင်ပံလင်းယုန်ဘုရင် ကောင်းကင်တွင် တွန့်လိမ်ပျံသန်းနေသော မီတာရာကျော်ရှည်သည့် ကင်းခြေများကြီးကို ကြည့်ကာ ပြုံးလိုက်သည်။
“ဪ... နဂါးဖြစ်ချင်နေတဲ့ ပိုးကောင်ရှည်ကြီးပါလား၊ ငါ အကြိုက်ဆုံးပဲ”
ထိုသို့ပြောပြီးနောက် ရွှေတောင်ပံလင်းယုန်ဘုရင် ကောင်းကင်သို့ ခုန်တက်ကာ မူလအသွင်ကို ဖော်ပြလိုက်ပြီး ပါးစပ်ကို အကျယ်ကြီး ဟလိုက်သည်။
တစ်ချိန်က ကြီးမားလှသော ကင်းခြေများဘုရင်သည် ချက်ချင်းပင် ပိုးကောင်လေးတစ်ကောင်အဖြစ် သေးငယ်သွားကာ လေထဲတွင် တွန့်လိမ်ရင်း သနားစဖွယ် အသနားခံတော့သည်။
“စီ...စီနီယာ... ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး မသတ်ပါနဲ့...”
ရွှေတောင်ပံလင်းယုန်ဘုရင် သူ့ကို တစ်လုတ်တည်း မျိုချလိုက်ပြီးနောက် လူအသွင်သို့ ပြန်ပြောင်းကာ လေချဉ်တစ်ချက် အကျယ်ကြီး တက်လိုက်သည်။
“ဂေ့... အရသာက တကယ်မဆိုးဘူးပဲ”
ချူဖုန်း ရယ်မောလိုက်သည်။ “တောကောင်တွေက အိမ်မွေးတွေထက် ပိုအရသာရှိတာ အမှန်ပဲ”
ချန်ကျင်းကျင်း ချူဖုန်း၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
“ဆရာ၊ သမီး ဝူလေးကို သွားကြည့်ချင်တယ်”
“သွားကြတာပေါ့”
ထို့နောက် ချူဖုန်း ချန်ကျင်းကျင်းကို ခေါ်ဆောင်ကာ ကောင်းကင်မှ ဆင်းသက်လာပြီး တုခုန်းနှင့် ဝူလေးတို့၏ ရှေ့၌ ရပ်လိုက်သည်။
သူတို့ ဆင်းသက်လာသည်ကို မြင်သောအခါ တုခုန်း အလျင်အမြန် ဦးညွှတ်လိုက်သည်။
“အော်မီထောဖော်။ တပည့်တော် တုခုန်းက စီနီယာရဲ့ ကူညီမှုကို ကျေးဇူးတင်ပါတယ်”
“မလိုပါဘူး။ ငါနဲ့ ဝူလေးနဲ့က ကံအကျိုးပေး ရှိပြီးသားဆိုတော့ ကူညီပေးတာက သဘာဝကျပါတယ်”
ချူဖုန်း ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်သည်။
သူ့စကားကို ကြားရသောအခါ တုခုန်း သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။ အစက သူသည် ရှေ့မှရောက်နေသော နတ်ဆိုး သူတော်စင်တစ်ပိုင်းသည်လည်း ဓာတ်တော်ကို လာလုခြင်းဖြစ်မည်ဟု သံသယဝင်ခဲ့မိသည်။
ချန်ကျင်းကျင်း သတိမေ့နေသော ဝူလေးကို စိုးရိမ်တကြီး ကြည့်နေသည်။ “ဆရာ၊ ဝူလေး... သူ ဘာမှမဖြစ်ဘူး မဟုတ်လား”
“ဘာမှမဖြစ်ပါဘူး၊ ခဏ သတိမေ့သွားတာပါ”
ချူဖုန်းက ပြောပြောဆိုဆိုနှင့် ဝူလေးကို အသာအယာ တို့ထိလိုက်ရာ အလင်းတန်းတစ်ခုသည် သူ့အပေါ်သို့ ကျရောက်သွားသည်။
သတိမေ့နေသော ဝူလေး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ကာ ဝေဝေဝါးဝါးဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ထိုစဉ် လှပသော အမျိုးသမီးငယ်တစ်ဦး သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်ကို မြင်သောအခါ သူ ကြောင်သွားသည်။
သူ ဝေခွဲမရစွာ မေးလိုက်သည်။ “ဒကာမ... ကိုယ်တော့်ကို ကယ်လိုက်တာ ဒကာမလေးလား”
“ဝူလေး၊ ငါပါ... နင့် အစ်မကြီးလေ”
ချန်ကျင်းကျင်း စိတ်ဆိုးချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“အစ်မကြီး”
ဝူလေးသည် သူမ အသံကို ချက်ချင်း မှတ်မိသွားသည်။ ထိုအသံက အလွန်ရင်းနှီးလွန်းလှ၏။ သူက ထခုန်လိုက်ပြီး ရှေ့မှ မိန်းကလေးကို အသေအချာ ကြည့်လိုက်သည်။
“အစ်မကြီးရဲ့ ပုံစံက ဒီလိုကိုး... ကျွန်တော်တို့ အရင်က မြင်ဖူးတဲ့ သူဌေးကတော်တွေထက်တောင် ပိုလှသေးတယ်”
“...”
တုခုန်းသည် ထိုစကားကို ကြားသောအခါ ကလေးကို ဗီဇအရ ဆူပူချင်သွားသော်လည်း သူတို့နှစ်ဦးကြားရှိ ထူးခြားသော ရင်းနှီးမှုကို မြင်သောအခါ စကားကို ပြန်ထိန်းလိုက်ရသည်။
ချန်ကျင်းကျင်း မျက်မှောင်ကြုတ်လိုက်၏။ “နင်ကတော့လေ... ဘုန်းကြီးဖြစ်သွားတာတောင် နင့်ရဲ့ နှုတ်သီးကတော့ မပြောင်းလဲသေးဘူး။ ဘုန်းကြီးတုအယ်က နင့်ကို ဘယ်လိုများ သင်ပေးလိုက်တယ် မသိဘူး”
၎င်းကို ကြားလိုက်ရသောအခါ တုခုန်းသည် ချူဖုန်းတို့အဖွဲ့ကို အမှတ်မထင် ကြည့်လိုက်မိသည်။
“အရှင်တို့က ကျွန်တော့်ရဲ့ ညီငယ်ကို သိကြတာလား”
ချူဖုန်း အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“တစ်ခါ ဆုံဖူးပါတယ်။ တုအယ်က ဝူလေးကို တပည့်အဖြစ် လက်ခံတုန်းက ငါလည်း အဲဒီမှာ ရှိနေခဲ့တယ်။ ငါက သက်သေတစ်ယောက်လို့ ပြောလို့ရတာပေါ့”
“ဪ... အဲဒီလိုကိုး”
ထို့နောက် တုခုန်း မေးလိုက်သည်။
“အရှင်တို့ ဘယ်ကို သွားကြမှာလဲဆိုတာ သိပါရစေ”
“တောင်ဘက်ကို”
ချူဖုန်းသည် သူနှင့် အလွန်အမင်း ရင်းနှီးသူ မဟုတ်သဖြင့် လိုအပ်သည်ထက် ပို၍ မပြောပေ။
ထိုအခါမှ တုခုန်းသည် သူ့မေးခွန်းက လွန်သွားသည်ကို သတိပြုမိသွားသည်။ “အော်မီထောဖော်။ ကိုယ်တော် စကားလွန်သွားမိပါတယ်”
“ဘာမှမဖြစ်ပါဘူး”
ချူဖုန်း အနီးရှိ လက်ဖက်ရည်ဆိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“အရင်ဆုံး လက်ဖက်ရည် သောက်ကြတာပေါ့။ ဒီကလေးနှစ်ယောက် စကားပြောဖို့ အချိန်ပေးလိုက်ကြရအောင်။ ပြီးရင် သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ထပ်မတွေ့ရတော့တာမျိုးလည်း ဖြစ်နိုင်တာပဲ”
“စီနီယာ အရင်ကြွပါ”
တုခုန်းသည် လောစရာမလိုတော့ဟု ခံစားလိုက်ရ၏။ ဤစီနီယာနှစ်ဦးနှင့် နီးနီးကပ်ကပ် နေခြင်းက ပို၍ ဘေးကင်းမည်မှာ ထင်ရှားလှသည်။
တစ်ဖက်တွင် ချန်ကျင်းကျင်းနှင့် ဝူလေးတို့ ထိုင်ကာ အတိတ်ဟောင်းများကို ပြောဆိုနေကြလေသည်။
နာရီအနည်းငယ် ကြာပြီးနောက် ချန်ကျင်းကျင်းနှင့် ဝူလေးတို့သည် မပြတ်နိုင်သော သံယောဇဉ်များဖြင့် ခွဲခွာခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် နန်ဝူဘုရားကျောင်းအတွင်း၌ ရတနာများကို လုယက်ရန် အလုပ်ရှုပ်နေကြသော နီဗားနားရှင်သန်ခြင်းအဆင့် နတ်ဆိုးဘုရင် ငါးပါးတို့သည် ကင်းခြေများဘုရင်မှာ ရွှေတောင်ပံလင်းယုန်တစ်ကောင်၏ စားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရှိခဲ့ကြသည်။
“ဒါက မဖြစ်နိုင်တာ အစ်ကိုကြီးက ထိပ်တန်း နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး လင်းယုန်တစ်ကောင်ရဲ့ စားတာကို ခံလိုက်ရမှာလဲ”
ဘုရင်ထုံပိ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
သူ့ဘေးရှိ နတ်ဆိုးဘုရင် လေးပါးတို့သည် ဘာမှမပြောကြသော်လည်း တစ်ယောက်ချင်းစီ၌ ကိုယ်ပိုင်အတွေးများ ရှိနေကြ၏။
သူတို့၏ မဟာမိတ်အဖွဲ့မှာ ကင်းခြေများဘုရင်ကြောင့်သာ ဖြစ်တည်နေခဲ့ခြင်းပင်။ သူ မရှိတော့လျှင် သူတို့ တစ်ယောက်နှင့်တစ်ယောက် ပြန်လည်တိုက်ခိုက်ကြရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။
မြွေနတ်ဆိုးမက မေးလိုက်သည်။
“ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ အသေးစိတ် ပြန်ပြောပြစမ်း”
“ဟုတ်ကဲ့”
ကင်းခြေများဘုရင်၏ ဝေါယာဉ်ကို ထမ်းခဲ့သော နတ်ဆိုးများသည် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည်ပြောပြကြလေသည်။
သူတို့ ပြောပြီးသွားသောအခါ နတ်ဆိုးဘုရင် ငါးပါးတို့သည် တစ်ဖြန် ပြန်လည် တိတ်ဆိတ်သွားကြတော့၏။