← Chapters

ဖုန်းမူ ယွမ်လင်ဂိုဏ်းသို့ ချီတက်ခြင်း

Vol. 25 Ch. 249

ဖုန်းမူ ယွမ်လင်ဂိုဏ်းသို့ ချီတက်ခြင်း

Vol. 25 Ch. 249

လောကကြီးမှာ လေလုံသည့် တံတိုင်းဟူ၍ မရှိခဲ့ပေ။

ကင်းခြေများဘုရင် ကျဆုံးသွားသည့်သတင်း အလျင်အမြန် ပျံ့နှံ့သွားခဲ့၏။

နန်းဝူကျောင်းတော်ကို လုယက်ပြီးနောက် နတ်ဆိုးဘုရင်ငါးပါးသည် ကျန်ရှိနေသော ဘုန်းကြီးများကို ဆက်မရှာတော့ပေ။

ထိုအချိန်တွင် တုအယ်သည် နန်းဝူကျောင်းတော်က တပည့်ခုနစ်ယောက်နှင့်အတူ ရုပ်ဖျက်ပြီး ခရီးနှင်နေခဲ့သည်။

သူတို့ လမ်းဘေးအရက်ဆိုင်တစ်ခုကို ဖြတ်သွားသည့်အခါ ဆိုင်ထဲက နတ်ဆိုးကျင့်ကြံသူများက ကင်းခြေများဘုရင်သည် ရွှေတောင်ပံလင်းယုန်တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း ပြောဆိုနေကြသည်ကို ကြားလိုက်ရ၏။

တုအယ် နေရာမှာတင် ဆွံ့အပြီး ကြောင်အမ်းသွားခဲ့သည်။

“ဦးလေး၊ ဒီသတင်းက ခိုင်လုံတယ်လို့ ထင်လား”

ခုံဝမ် ငိုင်ကျသွားသည့် ဦးလေးဖြစ်သူ တုအယ်ကို ကြည့်ပြီး အလိုလိုပင် မေးလိုက်မိ၏။

တုအယ် ခေါင်းခါလိုက်၏။ “အထဲဝင်ပြီး စုံစမ်းကြည့်ကြတာပေါ့”

“ကောင်းပါပြီ”

ကင်းခြေများဘုရင် သေဆုံးသွားပြီဆိုသော သတင်းကို ကြားရသည့်အခါ ခုံဝမ်တို့ စိတ်အေးသွားကြသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ သူတို့ ပြဿနာမှ မကြုံခဲ့ရသော်ငြား အစွမ်းကုန် သတိထားပြီး ခရီးနှင်ခဲ့ကြရသည်။

သူတို့ အရက်ဆိုင်ထဲ ဝင်လိုက်သည်နှင့် စားပွဲမှာ ရှိသည့် ကျင့်ကြံသူများက ကင်းခြေများဘုရင် ကျဆုံးသွားသည့်အကြောင်း အသေးစိတ်ကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်၏။

“ကင်းခြေများဘုရင်ကို နှိမ်နင်းလိုက်တဲ့သူက သူတော်စင်လား၊ ဒါမှမဟုတ် မဟာသူတော်စင်လား”

“သူတော်စင် ဖြစ်မှာပေါ့ကွ။ တောင်ပိုင်းလူရိုင်းနယ်မြေမှာ မဟာသူတော်စင်ဆိုလို့ လက်ချိုးရေလို့ရတယ်။ သူတို့က နန်းဝူကျောင်းတော်နဲ့လည်း ဘာပတ်သက်မှုမှ မရှိဘူး။ ကင်းခြေများဘုရင်လို သူတော်စင်အဆင့်ကို ခြေတစ်လှမ်းပဲ လိုတော့တဲ့သူကို နှိမ်နင်းဖို့ ဘာလို့ ကြားဝင်မှာလဲ”

“ဒါပေမဲ့ ထူးဆန်းတာက ရွှေတောင်ပံလင်းယုန်မျိုးနွယ်စုထဲမှာ သူတော်စင်တစ်ယောက်မှ မရှိဘူးလေ။ အဲဒီသူတော်စင်က နတ်ဆိုးတစ်သောင်းတောင်ရဲ့ အပြင်ဘက်က လာတာများလား”

“...”

သူတို့ ဆွေးနွေးမှုများကို နားထောင်ရင်း တုအယ် စိတ်ထဲတွင် အစွမ်းထက်လှသော ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့၏။ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အဖြေကို သဘောပေါက်သွား၏။

“ကင်းခြေများဘုရင်ကို ဘယ်သူနှိမ်နင်းလိုက်သလဲဆိုတာ သိပြီ”

သူ စကားပြောလိုက်သည်နှင့် ဆိုင်ထဲက ကျင့်ကြံသူများ သူ့ဘက်ကို လှည့်ကြည့်လာကြ၏။

ခုံဝမ် မေးလိုက်သည်။

“ဦးလေး၊ အဲဒီသူတော်စင်ရဲ့ နာမည်ကို ကျွန်တော်တို့ကို ပြောပြလို့ ရမလား”

တုအယ် ခေါင်းခါလိုက်သည်။

“သူ့နာမည်ကို ငါလည်း မသိဘူး။ သူက မြင့်မြတ်နယ်မြေတစ်ခုက လာတယ်ဆိုတာပဲ သိတယ်။ သူ့ဆီမှာ နောက်ထပ် သူတော်စင်တစ်ယောက်လည်း ပါသေးတယ်၊ အဲဒီတစ်ယောက်က ရွှေတောင်ပံလင်းယုန် သူတော်စင်ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်”

သူက အသံတိုးတိုးနှင့် ပြောလိုက်သော်လည်း အနားမှာရှိသည့်သူများက နားစွင့်နေကြ၍ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်သည်။

၎င်းကို ကြားပြီးနောက် တစ်ဆိုင်လုံးက လူများ ပြိုင်တူ သက်ပြင်းချလိုက်ကြတော့၏။

လမ်းသွားလမ်းလာတစ်ယောက် တီးတိုးလေး ရေရွတ်လိုက်သည်။ “မြင့်မြတ်နယ်မြေက သူတော်စင် နှစ်ယောက်တောင် တောင်ပိုင်းနယ်မြေကို ရောက်လာတယ်ဆိုတော့... တစ်ခုခု အကြီးအကျယ် ဖြစ်တော့မှာလား”

“တောင်ပိုင်းနယ်မြေတော့ ငြိမ်သက်တော့မှာ မဟုတ်ဘူး ထင်တယ်”

“...”

တုအယ် ဘာမှ ထပ်မပြောတော့ဘဲ နောက်ထပ် ဘယ်လမ်းကို ဆက်လျှောက်ရမလဲဆိုသည်ကို စဉ်းစားနေသည်။

သူတို့ ပြောဆိုနေကြသည့် အဓိကဇာတ်ဆောင် ချူဖုန်းတို့အဖွဲ့ကတော့ မြင်းရထားနှင့် တောင်ဘက်ကို ဆက်ပြီး ခရီးနှင်နေဆဲပင်။

သူတို့ ဦးတည်ရာကတော့ နတ်ဆိုးတစ်သောင်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှာရှိသည့် ချင်းကျိုးပင်။

ဤသည်မှာ ခရီးလမ်း အလွန်ရှည်လျားပြီး လမ်းတစ်လျှောက်မှာ နတ်ဆိုးနိုင်ငံ အတော်များများကို ဖြတ်ကျော်သွားရမှာဖြစ်၏။

သို့ပေမဲ့ ထိုနေ့က အရက်ဆိုင်မှာ တုအယ်ပြောခဲ့သည့် စကားများသည် နတ်ဆိုးတစ်သောင်းတောင်တန်း တစ်ခုလုံးကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းကို ရပြီးနောက်မှာတော့ နတ်ဆိုးဘုရင်များဟာ သူတို့ လက်အောက်ငယ်သားများကို ပြဿနာမှ မရှာဖို့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်လိုက်ကြ၏။

အကယ်၍ တစ်ယောက်ယောက် ထိုသူတော်စင်နှစ်ယောက်ကို သွားပြီး ရန်စမိခဲ့ရင် နတ်ဆိုးဘုရင် ကိုယ်တိုင်က ခေါင်းကို ဖြတ်ပြီး သွားရောက် ဆက်သပေမည်။

ထိုအမိန့်များကြောင့် နောက်ခံအင်အား အနည်းငယ်ရှိသော ကျင့်ကြံသူများသည် လူမြင်ကွင်းမှာ မောက်မာရဲခြင်း မရှိကြတော့ပေ။

ထို့ကြောင့် ချူဖုန်း၏ ခရီးစဉ်သည် အေးအေးလူလူပင်။

သူတို့အဖွဲ့ တောင်ဘက်သို့ အေးအေးဆေးဆေး ခရီးနှင်နေချိန်၊ ဝေးကွာလှသည့် တာ့ယန် ပြည်နယ်တွင် ဖုန်းမူ မင်းသမီး ချင်းဟယ်နှင့်အတူ မြောက်ဘက်ရှိ ယွမ်လင်ဂိုဏ်း ဆီကို ဦးတည်နေခဲ့၏။

လွန်ခဲ့သည့် လဝက်ခန့်က ဖုန်းမူ တော်ဝင်မိသားစု၏ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး မင်းသမီးချင်းဟယ်နှင့်အတူ ယွမ်လင်ဂိုဏ်းကို ဝင်ရောက်ခွင့် ရရှိခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက်....

မင်းသမီးချင်းဟယ်က သူမ နောက်လိုက်အဖွဲ့ကို ယွမ်လင်မြို့အတွင်းရှိ နေအိမ်တစ်ခုဆီ ခေါ်ဆောင်သွားခဲ့သည်။

“ရပ်လိုက်ကြ”

ရထားလုံးအတွင်းကနေ အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာ၏။

ဖုန်းမူနှင့် အခြားသူတွေက ချက်ချင်းပဲ ခြေလှမ်းများကို ရပ်လိုက်ကြပြီး ရထားလုံးဘေးမှာ ရိုရိုသေသေ ရပ်လိုက်ကြသည်။

ပိုးထည်ဝတ်စုံ ဆင်ယင်ထာားသည့် အမျိုးသမီးငယ်တစ်ဦး ကျော့ရှင်းစွာ ဆင်းသက်လာခဲ့သည်။ သူမက မြင့်မြတ်သည့် အရှိန်အဝါနှင့် တင့်တယ်သော အလှတရားကို ပိုင်ဆိုင်ထားသူပင်။ သူမ လူအုပ်ကို ဝေ့ဝဲကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မနက်ဖြန် ငါတို့ ယွမ်လင်ဂိုဏ်းကို သွားကြမယ်။ မသွားခင်မှာ ငါ ရှင်းရှင်းလင်းလင်း ပြောထားချင်တာ အချို့ရှိတယ်။ မင်းတို့ ဒါကို ကောင်းကောင်း မှတ်ထားရမယ်။ အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့ရင် ငါ မင်းတို့အတွက် တာဝန်ယူပေးမှာ မဟုတ်ဘူး”

“မင်းသမီးရဲ့ ညွှန်ကြားချက်ကို ရိုသေစွာ နာခံပါ့မယ်”

မင်းသမီးချင်းဟယ် ဖြည်းဖြည်းချင်း စကားစ၏။

“ပထမဆုံးအနေနဲ့ ယွမ်လင်ဂိုဏ်းကို ရောက်တာနဲ့ မင်းတို့အားလုံး ဂိုဏ်းရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ ဒုတိယအချက်က...”

“နောက်ဆုံး အရေးကြီးဆုံးအချက်က ဘယ်လို အခြေအနေမျိုးမှာမဆို စုန့် မျိုးနွယ်စုရဲ့ တပည့်တွေနဲ့ ပဋိပက္ခ မဖြစ်စေနဲ့။ အကယ်၍ မင်းတို့ထဲက တစ်ယောက်ယောက်က စုန့်မျိုးနွယ်စုဝင်ကို စော်ကားမိရင် ငါ မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

“မင်းသမီးရဲ့ လမ်းညွှန်ချက်ကို မှတ်သားထားပါ့မယ်”

လူတိုင်း ယွမ်လင် စုန့်မျိုးနွယ်စုအကြောင်းကို ကြားဖူးကြသည်။

စုန့်မျိုးနွယ်စု၏ အချစ်တော်သမီးငယ်သည် ဝမ်တောက်ကျောင်းတော် ပါရမီရှင်နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ပြိုင်ဘက်ကင်းလက်သီးအရှင် ချောင်ရို့ချန်၏ လက်တွဲဖော် ဖြစ်သည်။

ထိုပါရမီရှင်၏ နောက်ကွယ်တွင် ဝမ်တောက်ကျောင်းတော်၏ ဌာနမှူး နှစ်ယောက်ရှိပြီး၊ တစ်ယောက်က သူတော်စင်တစ်ပိုင်း ဖြစ်၏။

ထို့ကြောင့် စုန့်မျိုးနွယ်စု၏ အဆင့်အတန်းမှာ ယွမ်လင်ဂိုဏ်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

မည်သူမျှ သူတို့ကို သွားပြီး ရန်မစရဲသလို၊ စုန့်မျိုးနွယ်စု၏ မျက်နှာသာပေးမှုကို ရဖို့တောင် ခက်ခဲနေ၍ စော်ကားဖို့ မတွေးရဲကြပေ။

မင်းသမီးချင်းဟယ် တည်ငြိမ်စွာ ပြောသည်။

“အခုကစပြီး ငါ့ကို မင်းသမီး လို့ မခေါ်နဲ့တော့။ စီနီယာအစ်မလို့ပဲ ခေါ်ကြ”

“ဟုတ်ကဲ့”

၎င်းကို ကြားသောအခါ မင်းသမီးချင်းဟယ် အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“သွားပြီး အနားယူကြတော့။ မနက်ဖြန် မင်းတို့ကို တောင်ပေါ် ခေါ်သွားမယ်”

လူအားလုံး နှုတ်ဆက်ပြီး သူတို့ အခန်းများထံသို့ ပြန်သွားခဲ့ကြသည်။

ဖုန်းမူ ဖုန်းမျိုးနွယ်စု ကိုယ်ရံတော် ဖုန်းအာနှင့် အခန်းဖော် ဖြစ်လာခဲ့၏။

ယွမ်လင်မြို့သို့ ရောက်လာသော်ငြား သူ သိပ်ပြီးတော့ စိတ်လှုပ်ရှားမနေပေ။

ထိုအချိန်မှာ ဖုန်းမူ၏ တစ်ခုတည်းသော ဆန္ဒမှာ သူ့ဆရာ ပေးအပ်ခဲ့သော အသေးစားကံကြမ္မာကျမ်း ကို ကျွမ်းကျင်အောင် သင်ယူပြီး၊ ယွမ်လင်ဂိုဏ်းမှ ထွက်ခွာကာ ဆရာရဲ့ လက်အောက်တွင် တရားဝင် သွားရောက် သင်ကြားဖို့ပင်။

“ရှောင်မူ၊ ဘာလို့ ပျော်ပုံမရတာလဲ။ ယွမ်လင်ဂိုဏ်းကို ဝင်လိုက်တာနဲ့ ငါတို့က အစေခံဘဝကနေ လွတ်မြောက်ပြီလေ”

ဖုန်းအာ ပြုံးပြုံးရွှင်ရွှင် ပြောလိုက်၏။

“အစ်ကို၊ ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ”

ဖုန်းအာကတော့ ဂရုမစိုက်ပေ။

“စိတ်လှုပ်ရှားစရာ ဘာရှိလဲ။ မင်းသမီးရဲ့ ကျောထောက်နောက်ခံ ရှိနေတာဆိုတော့ အနည်းဆုံးတော့ ငါတို့ အစေခံတပည့် အဖြစ် အသိအမှတ်ပြုခံရမှာပါ။ ယွမ်လင်ဂိုဏ်းမှာ နှစ်အနည်းငယ်လောက်နေပြီး တာအိုတည်ဆောက်ခြင်းအဆင့် ကို ရောက်သွားရင်၊ ဂိုဏ်းမှာ ဆက်မနေရရင်တောင် တောင်ပေါ်က ဆင်းပြီး လယ်ယာကောင်းကောင်းလေး ဝယ်၊ အိမ်ထောင်ပြုပြီး သက်သောင့်သက်သာ နေလို့ရပြီလေ”

ဖုန်းမူ ဗီဇအရ မေးလိုက်သည်။

“အစ်ကိုအာ၊ အစ်ကိုက အပြင်စည်းတပည့် မဖြစ်ချင်ဘူးလား”

ဖုန်းအာက ရယ်မောလိုက်သည်။

“အပြင်စည်းတပည့် ဖြစ်ဖို့ဆိုတာ အဲဒီလောက် မလွယ်ဘူးကွ။ ငါတို့မှာ ထူးခြားတဲ့ အရည်အချင်းလည်း မရှိဘူး၊ ရုပ်ရည်ကလည်း သာမန်ပါပဲ”

“အရည်အချင်း...”

ဖုန်းမူ မျက်လုံးများ ဝင်းခနဲ ဖြစ်သွား၏။

သူသည် ရည်မှန်းချက်ကြီးသူ တစ်ယောက်ပင်။ သူ့အတွက်တော့ ယွမ်လင်ဂိုဏ်းဟာ လှေကားထစ်တစ်ခုမျှသာ။

သို့ပေမဲ့ ဂိုဏ်းထဲမှာ အဓိပ္ပာယ်မရှိဘဲ အချိန်ကုန်မခံချင်ပေးပေ။

'မနက်ဖြန် အကဲဖြတ်ပွဲမှာတော့ ငါ့ရဲ့ အစွမ်းအချို့ကို ထုတ်ပြရတော့မယ် ထင်တယ်'

လွန်ခဲ့သည့် နှစ်ဝက်အတွင်းမှာ သူ့ဆေးဖော်စပ်သော အရည်အချင်းမှာ သိသိသာသာ တိုးတက်လာခဲ့၏။

ယခုဆိုရင် သူ အလယ်အလတ်အဆင့်ရှိသည့် ခန္ဓာကိုယ်သန်စင်ခြင်းဆေးလုံးများကို ဖော်စပ်နိုင်နေပြီ ဖြစ်သည်။

နောက်တစ်နေ့ မနက်မှာတော့ မင်းသမီးချင်းဟယ် သူမ နောက်လိုက်များကို ခေါ်ပြီး ယွမ်လင်ဂိုဏ်းဆီကို ဦးတည်သွားခဲ့သည်။

သူတို့ ဂိုဏ်းတံခါးဝကို ရောက်သည့်အခါမှာတော့ နေရာတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေ၏။ ယနေ့ ယွမ်လင်ဂိုဏ်း၏ တပည့်သစ် ခေါ်ယူပွဲနေ့ ဖြစ်၍ နယ်ပယ်အသီးသီးက လူငယ်ပါရမီရှင်များသည် စောစောစီးစီးကတည်းက လာရောက် စောင့်ဆိုင်းနေကြသည်။

မင်းသမီးချင်းဟယ်သည် ယွမ်လင်ဂိုဏ်း၏ တပည့်ဖြစ်ပြီးသားဖြစ်သလို၊ တာ့ယွမ်ပြည်နယ်ဟာလည်း ဂိုဏ်းထဲမှာ ဩဇာညောင်းသော အင်အားစု တစ်ခု ဖြစ်၏။

ထို့ကြောင့် သူတို့အဖွဲ့ လူအုပ်ကြားကနေ တိုးဝင်သွားပြီး အကဲဖြတ်စင်မြင့်တစ်ခုဆီကို တန်းသွားလိုက်ကြသည်။

အကဲဖြတ်ပွဲကို တာဝန်ယူထားသော အကြီးအကဲသည် မင်းသမီးချင်းဟယ်ကို မြင်သည့်အခါ ပြုံးပြီး နှုတ်ဆက်လိုက်၏။

“လင်လုံ တပည့်မလေး၊ ရောက်လာပြီကိုး”

ဖုန်းလင်လုံ အသာအယာ ဦးညွှတ်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ဦးလေးချန်။ အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်”

“ဘာမှမဟုတ်ပါဘူး”

အကြီးအကဲချန် သူ့ဘေးက တပည့်ကို အချက်ပြလိုက်၏။

ထိုတပည့်က ချက်ချင်း ရှေ့တိုးလာပြီး ဖုန်းမူတို့အဖွဲ့ကို ပြောလိုက်သည်။

“တန်းစီကြ။ အကဲဖြတ်ဖို့ တစ်ယောက်ချင်းစီ နာမည်စာရင်းသွင်းကြ”

“ဟုတ်ကဲ့”

အားလုံး ဖုန်းအိမ်တော်က ရာထူးအလိုက် အစဉ်အတိုင်း တန်းစီလိုက်ကြသည်။

ဖုန်းမူ သဘာဝကျစွာ အဆုံးမှာ ရပ်နေခဲ့၏။

“ဖုန်းယွမ်။ အသက် ဆယ့်ကိုးနှစ်။ ခန္ဓာသန့်စင်ခြင်း အဆင့် ၇။ အရိုးနဲ့ အမြစ် အရည်အချင်း ပျမ်းမျှအောက်။ နိုးထလာတဲ့ သွေးမျိုးဆက် မရှိ။ အစေခံတပည့်အဖြစ် သတ်မှတ်သည်”

All Chapters