← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း ၂၅။ ချစ်စရာကောင်းအောင် ဟန်ဆောင်ရုံနဲ့ အလုပ်ဖြစ်မယ်ဆိုလျှင် ဒီဧကရီက...

သူက နံဘေးသို့ဖယ်လိုက်ပြီး သူ၏နောက်မှ ထုယိုယိုကို ထွက်ပေါ်လာစေသည်။

"ခုနလေးတင် အသင်္ချေကောင်းကင်ဘုံနန်းတော်ရဲ့ အစွန်အဖျားကနေ ဖြတ်သွားရင်း ဒီကောင်မလေး လမ်းပျောက်နေပုံရတာကို တွေ့လိုက်ရတယ်... ငါလည်း အခြားလုပ်စရာမရှိတာနဲ့ မင်းဆီကို ပြန်ခေါ်လာခဲ့တာ..."

အသံထွက်ပြောဆိုပြီးနောက် သူက စူးချန်ကဲထံသို့ အသံလှိုင်းပေးပို့ကာ ဆက်သွယ်လိုက်သည်။

"သခင်လေးစူး ဒီကောင်မလေးက တော်တော်ရဲတင်းတာပဲ... သူက အသင်္ချေနန်းတော်ဝင်္ကပါထဲကို ခိုးဝင်ဖို့ ကြိုးစားခဲ့တယ်... ကံကောင်းလို့ ငါက ဝင်္ကပါကို အချိန်မီ ထိန်းချုပ်လိုက်နိုင်တာ... အဲ့ဒီလိုမှမဟုတ်ဘဲ ဂိုဏ်းကိုသာ သတိပေးမိသွားရင် အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး... ဒါက သာမန်ပြစ်မှုလေး မဟုတ်ဘူး..."

ထိုစကားကိုကြားသောအခါ စူးချန်ကဲက အနည်းငယ် အံ့အားသင့်သွားပြီးနောက် မတ်တတ်ရပ်ကာ ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေးယောင်..."

"ယဉ်ကျေးနေစရာ မလိုပါဘူး..."

ယောင်ရှင်းယဲ့သည် အပြင်ပန်းတွင် စီနီယာတစ်ဦး၏ အနေအထားကို ထိန်းသိမ်းထားသော်လည်း အသံဖြင့် ဆက်သွယ်ရာတွင်မူ ရယ်မောနေသည်။

"သခင်လေးစူး... မင်းက အရမ်းတရားဝင်ဆန်နေပြီ... ဒါက ကိစ္စကြီးမဟုတ်ပါဘူး ကျေးဇူးတင်စရာ မလိုပါဘူး ကျေးဇူးတင်စရာ မလိုပါဘူး..."

"ဂိုဏ်းတူဦးလေးယောင်က အလည်လာခဲပါတယ်... မပြန်ခင် လက်ဖက်ရည်တစ်ခွက်လောက် ထိုင်သောက်သွားပါလား..."

စူးချန်ကဲက အပြုံးနှင့် ပြောလိုက်သည်။ သူသည် ယောင်ရှင်းယဲ့အပေါ် ကျေးဇူးတင်စိတ် အနည်းငယ် ဖြစ်ပေါ်သွားပေ၏။

ထိုသို့မှမဟုတ်ဘဲ ထုယိုယိုသာ ဝင်္ကပါကို အမှန်တကယ် အသက်ဝင်သွားစေပြီး ပြဿနာရှာမိပါက ခေါင်းကိုက်ရမည့်သူမှာ သူပင် ဖြစ်ပေလိမ့်မည်။

"လက်ဖက်ရည်ကိုတော့ ထားလိုက်ပါတော့... ငါလုပ်စရာ ကိစ္စလေးတွေ ရှိသေးတာမို့ အခုပဲ ပြန်ခွင့်ပြုပါဦး..."

ယောင်ရှင်းယဲ့က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး အသံဖြင့် ဆက်သွယ်ကာ ဆက်ပြောလိုက်သည်။

"သခင်လေးစူး... ငါ လက်ဖက်ရည် မသောက်တော့ဘူး... လက်ရေးလှရေးနည်း သင်ယူဖို့ လီချင်းဖုန်းကို သွားရှာရမှာမို့ မအားဘူးကွ..."

သူ၏လက်ရေးကို လေ့ကျင့်ရန် စူးချန်ကဲ၏ အကြံပေးစကားကို သူ မှတ်မိနေဆဲပင်။

ထိုလက်ဖက်ရည်မှာ သာမန်လက်ဖက်ရည်မဟုတ်ကြောင်း ယောင်ရှင်းယဲ့ တစ်စက်ကလေးမျှ မသိခဲ့ပေ။ ဤငြင်းဆန်မှုက ရက်အတန်ကြာသည်အထိ သူ့ကို အိပ်၍ပင်မရနိုင်ဘဲ ရင်ဘတ်စည်တီးကာ ခြေဆောင့်၍ နောင်တရစေပေလိမ့်မည်။

ထိုသို့ပြောပြီးနောက် သူက စကားထပ်မပြောတော့ချေ။ သူ၏ခန္ဓာကိုယ်က တစ်ချက်ရိပ်ကနဲဖြစ်သွားပြီး အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ စူးချန်ကဲက သူ၏ ဂျူနီယာညီမငယ်ကို ဆုံးမနေချိန်တွင် သူရှိနေရန် အဆင်မပြေကြောင်းကို သိနေသည့်အလားပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝူယာခြံဝင်းတစ်ခုလုံး၌ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုကြီး ကျဆင်းသွားသည်။

နင်ဖူယောင်က သူမ ကြားလိုက်ရသည့်အရာများကြောင့် လုံးဝကို ကြက်သေသေသွားရသည်။

မည်သို့ဖြစ်ပျက်ကုန်သည်မသိပေ။

ဂျူနီယာညီမလေးသည် လမ်းပျောက်သွားသလော...

ထို့ပြင် တောင်ထိပ်သခင်က ပြန်ခေါ်လာပေးရသလော...

သူမသည် ထိုက်ချင်ဂိုဏ်းနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ မဟုတ်လော...

သို့သော်ငြား လျှိုရူယန်မှာမူ တတိယတောင်ထိပ်သခင်က အဘယ်ကြောင့် အမှန်အတိုင်း မပြောရသနည်းဆိုသည်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။

သူ သတိမထားမိ၍လော...

သို့သော် ထိုသို့ဖြစ်ရန် မဖြစ်နိုင်ပေ။ ထုယိုယိုက မည်သို့ လမ်းပျောက်နိုင်မည်နည်း။ မည်သူက ယုံကြည်မည်နည်း။

စူးချန်ကဲက သူ၏တူများကို ချထားလိုက်ပြီးနောက် သူ၏အကြည့်များက ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ ကျုံ့ထားချင်နေပုံရသော ထုယိုယိုအပေါ်သို့ တည်ငြိမ်စွာ ကျရောက်သွားသည်။ သူ မည်သို့ပြောရမည်ကို မသိသောကြောင့် စကားမဟခဲ့ပေ။

သို့သော် ဤအရာက ထုယိုယို၏ဦးရေပြားကို ချက်ချင်းပင် ထုံကျင်သွားစေသည်။

သူမက အပေါ်သို့ ခိုးကြည့်လိုက်ပြီး စူးချန်ကဲကို အမြန်လှမ်းကြည့်လိုက်ရာ ချောက်ကမ်းပါးတစ်ခုကဲ့သို့ နက်ရှိုင်းနေသော သူ၏မျက်လုံးများနှင့်သာ ဆုံသွားရသည်။ သူမသည် အကြောက်လွန်ကာ တုန်တက်သွားပြီး သူမ၏ ယခင် ရဲတင်းမှုများအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။ သူမ၏ နှလုံးသားထဲတွင် အော်ဟစ်နေမိသည်။

"ရောက်လာပြီ ရောက်လာပြီ... တရားစီရင်မယ့်အချိန် ရောက်လာပြီ..."

"ဝမ်းတွင်းမည်းစူးက ဒါကို အကြောင်းပြချက်တစ်ခုအနေနဲ့ သေချာပေါက် အသုံးချတော့မှာ... သူက ငါ့ကို ကမ္ဘာပျက်တဲ့အထိ သတ္တုတွင်းတွေထဲမှာ တူးခိုင်းပြီး အပြစ်ပေးတော့မှာပဲ..."

"သူက ငါ့ကို စည်းကမ်းထိန်းသိမ်းရေးခန်းမဆီတောင် လွှဲအပ်လိုက်နိုင်သေးတယ်..."

"ဝူး ဝူး ဝူး... ငါ့ရဲ့ မြေခွေးဘဝလေးက အခုမှ စရုံပဲရှိသေးတာကို..."

"မဟုတ်ဘူး မဟုတ်ဘူး... ငါ ဒီလိုမျိုး သေသွားလို့ မဖြစ်ဘူး..."

ရိုးရိုးသားသားဆိုရလျှင် စူးချန်ကဲအပေါ် သူမ၏အကြောက်တရားမှာ သူမ၏ စီနီယာအစ်မနှစ်ယောက်ဖြစ်သော လျှိုရူယန်နှင့် နင်ဖူယောင်တို့ထံမှ အစဉ်မပြတ် သွတ်သွင်းခံရမှုများကြောင့် ဖြစ်ပေါ်လာရခြင်းပင်။ ဤသည်က သူ့အပေါ် နက်ရှိုင်းစွာ ကိန်းအောင်းနေသော အကြောက်တရားဆီသို့ သူမကို ဦးတည်သွားစေခဲ့ခြင်းဖြစ်သည်။ လက်တွေ့တွင်မူ သူမ၏ ထောက်ပံ့ကြေး မရရှိခြင်းမှလွဲ၍ သူမသည် အမှန်တကယ်ကို ကြီးကြီးမားမား ခံစားခဲ့ရခြင်း မရှိပေ။

ထုယိုယိုက ရုတ်တရက်ဆိုသလို စူးချန်ကဲဆီသို့ လျှောက်သွားလေသည်။

နင်ဖူယောင်သည် ရှုပ်ထွေးမှုနှင့် သံသယဖြစ်မှု အခြေအနေထဲတွင် ရှိနေဆဲပင်။

လျှိုရူယန်ကတော့ ထုယိုယိုသည် နောက်ထပ် မဆင်မခြင် ပေါက်ကွဲမှုတစ်ခု လုပ်တော့မည်ဟု တွေးထင်နေခဲ့သည်။ သူမသည် အဆိုးဆုံးအခြေအနေတွင် သူမ၏ ဝှက်ဖဲများကို ဖော်ထုတ်ကာ ထိုက်ချင်ဂိုဏ်းမှ ထွက်ခွာရန်ပင် ပြင်ဆင်ထားခဲ့သည်။ သို့သော် ထိုအချိန်တွင် ထုယိုယိုက လူတိုင်း၏ စိတ်များကို ချက်ချင်းရပ်တန့်သွားစေသည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။

ထုယိုယို၏ မျက်နှာအမူအရာမှာ ရေခဲများကိုပင် အရည်ပျော်သွားစေနိုင်သည့် အချိုသာဆုံးနှင့် အနူးညံ့ဆုံး အမူအရာတစ်ခုအဖြစ် ရုတ်ခြည်းပြောင်းလဲသွားလေ၏။

သူမ၏ ထူးခြားသော မိုးပြာရောင်မျက်လုံးများက အကြည့်လွှဲရန် မဖြစ်နိုင်အောင် ဖမ်းစားနိုင်သည့် ညှို့ဓာတ်ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ယခုအချိန်တွင်မူ ထိုမျက်လုံးများတွင် ကြယ်ရောင်များဖြင့် ပြည့်နှက်နေသကဲ့သို့ တောက်ပနေသော ရေပြင်ပမာ လှိုင်းထလျက်ရှိပြီး စူးချန်ကဲကို ကြည့်နေစဉ် သူမ၏မျက်လုံးများထဲတွင် မကျေမနပ်ဖြစ်မှုနှင့် တောင်းပန်မှုတို့ အချိုးညီညီ ပြည့်နှက်နေသည်။

"စီနီယာအစ်ကို..."

ထုယိုယိုက ညင်သာစွာ ခေါ်လိုက်သည်။ သူမ၏ လေသံမှာ ယခင်နှင့် လုံးဝကို ကွာခြားနေလေပြီ။

သူမ၏အသံမှာ နူးညံ့ချိုသာနေပြီး စကားလုံးများ၏ အဆုံးတွင် တစ်စုံတစ်ဦး၏ နှလုံးသားထဲသို့ တည့်မတ်စွာ ထိုးဖောက်ဝင်ရောက်သွားနိုင်သည့် တုန်ယင်နေသော ချိတ်လေးတစ်ခု ပါဝင်နေသည်။

နေပါအုံး....

မည်သို့ဖြစ်ရသနည်း....

စူးချန်ကဲ၏ မျက်ခွံများ တွန့်လိမ်သွားသည်။ အဘယ်ကြောင့် ဤဂျူနီယာညီမငယ်က ယခင်နှစ်ယောက်နှင့် မတူညီသော လမ်းကြောင်းကို ရွေးချယ်နေရသနည်း။ သူမ မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသနည်း။

သို့သော် စူးချန်ကဲ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ထုယိုယို၏တစ်ကိုယ်လုံး ပျော့ခွေသွားပုံရပြီး သူမကိုယ်သူမ ညင်သာစွာ လှဲချလိုက်ကာ စူးချန်ကဲ၏ပေါင်ပေါ်သို့ တိကျစွာ မှီချလိုက်၏။

"စီနီယာအစ်ကို..."

"ကျွန်မ မှားသွားပါတယ်... ယိုယို မှားမှန်း သိပါပြီ..."

"ကျေးဇူးပြုပြီး ကျွန်မကို အပြစ်မပေးပါနဲ့နော်..."

ထုယိုယိုက ခေါင်းအနည်းငယ် မော့ကြည့်လိုက်သည်။ သူမ၏စကားလုံးတိုင်း ပျားရည်သုတ်လိမ်းထားသကဲ့သို့ ချိုသာစွာ ထွက်ပေါ်လာသည်။

ဤသည်မှာ သူမ၏အကြီးမားဆုံးသော စွမ်းရည်ပင်။

မဟုတ်သေး...

ချစ်စရာကောင်းအောင် ဟန်ဆောင်ခြင်းပင်။

အတိတ်တွင် သူမ မည်မျှပင် ကြီးမားသော အမှားမျိုး လုပ်ခဲ့ပါစေ သူမသာ ချစ်စရာကောင်းအောင် ဟန်ဆောင်လိုက်ပါက ဘိုးဘေးကြီးက သူမကို ဘာမှမလုပ်နိုင်တော့ချေ။ ဤလှည့်ကွက်သည် သူမကို အလိုလိုက်ကာ ဂရုစိုက်သော သူများအပေါ်၌သာ အလုပ်ဖြစ်သည်ကို သူမ မသိသော်လည်း သူမ ထိုမျှလောက်အထိ တွေးမနေနိုင်ပေ။ သူမကတော့ အရင်ဆုံး ချစ်စရာကောင်းအောင် ဟန်ဆောင်လိုက်မည်သာဖြစ်ပေ၏။

ဤအချိန်တွင် လူတိုင်းသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုထဲသို့ ထပ်မံ၍ ကျဆင်းသွားလေသည်။

နင်ဖူယောင် ဆွံ့အသွားတော့သည်။

ဂျူနီယာညီမလေးသည် စီနီယာအစ်ကို၏ ပေါင်ကို ဖက်ထားလေ၏။

ဤသည်က အလွန်ပင် အရှက်မဲ့လှသည်။

လျှိုရူယန်သည် အံ့အားသင့်ကာ မှင်သက်သွားပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ တွေးလိုက်မိသည်။

"နင့်ရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားတာလဲ... ပုံမှန်ဆို ငါ့ကို အရမ်းရဲတင်းတဲ့ပုံစံ စကားပြောနေခဲ့တဲ့သူက ဘယ်သူလဲ... နင်ရော ဟုတ်လို့လား..."

"ဟမ့် ဒီလောက်နဲ့ စူးချန်ကဲက နင့်ကို လွှတ်ပေးမယ်လို့ တကယ်ထင်နေတာလား..."

"ရိုးအလိုက်တာ..."

"သူက ငါတို့ ဂျူနီယာညီမလေးတွေကို လုံးဝဂရုမစိုက်ဘူးဆိုတာ နင် နည်းနည်းလေးတောင် မသိပါလား..."

"ချစ်စရာကောင်းအောင် ဟန်ဆောင်ရုံနဲ့ အလုပ်ဖြစ်မယ်ဆိုရင် ဒီဧကရီက... ထားလိုက်ပါတော့ ဒီဧကရီကတော့ မလုပ်နိုင်ပါဘူး..."

ဤအချိန်၌ စူးချန်ကဲ၏လက် အနည်းငယ် တုန်ယင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရှည်လျားသော ဆံနွယ်အချို့က သူ၏လက်ဖမိုးပေါ်သို့ ကျဆင်းလာကာ အနည်းငယ် ယားကျိကျိခံစားမှုနှင့် ထူးဆန်းသော ရနံ့တစ်ခုကို သယ်ဆောင်လာသောကြောင့်ပင်။

အထူးသဖြင့် တခြားရှုထောင့်မှ ကြည့်လျှင်...

စူးချန်ကဲသည် သူမ၏ သေသပ်လှပကာ ကျောက်စိမ်းထုဆစ်ထားသကဲ့သို့ မေးစေ့လေး၊ အနည်းငယ် စူနေကာ စိုစွတ်မှုများဖြင့် တောက်ပနေသော ချယ်ရီနှုတ်ခမ်းလေးများနှင့် ထိုမိုးပြာရောင်မျက်လုံးများထဲရှိ သတ္တဝါငယ်လေးတစ်ကောင်၏ တောင်းပန်နေမှုတို့ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

အောက်ဘက်သို့ ဆက်ကြည့်လိုက်လျှင် ယနေ့တွင် ထုယိုယိုသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသော်လည်း သူမ၏အလှတရားကို ဖုံးကွယ်ထားနိုင်ခြင်း မရှိသေးပေ။ အထူးသဖြင့် သူမ၏ သွယ်လျသော ခါးလေးမှာ သဘာဝအတိုင်း ဆွဲဆောင်မှုရှိသော အကွေးအကောက်လေးအဖြစ်သို့ နိမ့်ဆင်းသွားပြီး ခါးအောက်ပိုင်းတွင်မူ သူမ၏ ပြည့်ဖြိုးကာ စွင့်ကားနေသော တင်ပါးများက မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးအလား ရုတ်တရက် မြင့်တက်နေသည်။ ထိုအရာများ၏ အကွေးအကောက်များမှာ စိမ်းလန်းစိုပြည်ကာ ချောမွေ့နေပြီး တက်ကြွသော အသက်ဝင်မှု သွေးဆောင်ဖြားယောင်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် အနည်းငယ် ခုံးနေပြီး စူးချန်ကဲ၏ ဒူးပေါ်သို့ ဖိကပ်ထားသော ပြည့်ဖြိုးနေသည့် ရင်သားများမှာ ထိန်းချုပ်ရန်ပင် မဖြစ်နိုင်တော့သကဲ့သို့ ပို၍ပင် သိသာထင်ရှားနေပုံရသည်။

ဆယ့်ငါးနှစ်အရွယ် ကောင်မလေးတစ်ယောက်တွင် ဤကဲ့သို့ ခန္ဓာကိုယ်မျိုး ရှိနိုင်မည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။

စူးချန်ကဲ၏ မျက်နှာအမူအရာမှာ ရုတ်တရက် မှောင်မိုက်သွားပြီး သူ မျက်မှောင်ကြုတ်သွားကာ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော တည်ကြည်လေးနက်မှုမျိုးကို ဖော်ပြနေလေ၏။

"အိုး ဘုရားရေ..."

"တကယ်ပဲ ဒီကောင်မလေးက ဘယ်လို ကြီးပြင်းလာတာလဲ... ဘာလို့ သူက ဒီလောက်တောင်... ကြီးမားနေရတာလဲ..."

"သူမက ဒီအသက်အရွယ်လေးပဲ ရှိသေးတာကို... သူ အပြည့်အဝ ဖွံ့ဖြိုးလာတဲ့အချိန်ကျရင် ဘာတွေဖြစ်လာမလဲ..."

"သူက တကယ့်ကို မြေခွေးမလေးပဲ..."

"နေပါဦး... သူက နတ်ဆိုးမြေခွေးမပဲလေ..."

ဤအချိန်၌ ထုယိုယိုက သခင်၏ အယုအယကို တောင်းဆိုနေသော မြေခွေးငယ်လေးတစ်ကောင်အလား သူမ၏ ပါးပြင်ကို စူးချန်ကဲ၏ ဒူးပေါ်သို့ သတိလက်လွတ်ဖြင့် ပွတ်သပ်လိုက်သည်။

"စီနီယာအစ်ကို ယိုယိုကို အပြစ်မပေးပါနဲ့နော်..."

ထုယိုယို၏ မျက်လုံးများက စကားပြောနိုင်သကဲ့သို့ စူးချန်ကဲအပေါ်သို့ စိုက်ကြည့်နေလေ၏။

ထိုမျက်လုံးများထဲတွင် အပြစ်ကင်းစင်မှုနှင့် မြေခွေးမျိုးနွယ်တို့၏ မွေးရာပါ ဝိညာဉ်ကို လှုပ်ခတ်စေနိုင်စွမ်းရှိသော ညှို့ဓာတ်တို့ နှစ်မျိုးလုံး ပါဝင်နေသည်။ ဤကွဲပြားခြားနားသော စိတ်နေစိတ်ထား နှစ်ခုမှာ သူမထံတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး အသက်အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ဆွဲဆောင်မှုတစ်ခုကို ဖန်တီးပေးနေတော့သည်။

အခန်း ၂၆ :သာမန်ဘဝရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေက မြေခွေးမလေးရဲ့ နှလုံးသားကို နှစ်သိမ့်ပေးတယ်...

ဤအချိန်၌ စူးချန်ကဲသည် သူ၏ ဒူးခေါင်းများဆီမှ လာသော နွေးထွေးမှုနှင့် နူးညံ့မှုကို ခံစားလိုက်ရသည်။ သူသည် ခပ်ဖျော့ဖျော့ရနံ့သင်းသင်းလေးကို ရှူရှိုက်မိကာ နောက်တစ်စက္ကန့်တွင် မျက်ရည်များ ကျလာတော့မည့်အလား အလွန်နီးကပ်လွန်းသော မျက်ရည်ဝဲကာ ဆွဲဆောင်မှုရှိသည့် မျက်လုံးများကို ကြည့်လိုက်မိလေ၏။ သူ၏ခန္ဓာကိုယ်သည်လည်း သတိမထားမိနိုင်သော အခိုက်အတန့်လေးတစ်ခုအတွက် တောင့်တင်းသွားခဲ့သည်။

ချက်ချင်းပင် သူက တည်ငြိမ်ဟန်ဆောင်ကာ ပြောဆိုလိုက်၏။

"မင်း ဘာအမှားမှ မလုပ်ထားဘဲနဲ့ မင်းကို အပြစ်ပေးမယ်လို့ ဘယ်သူက ပြောလို့လဲ... မြန်မြန်ထစမ်းပါ..."

ထုယိုယိုက အသင်္ချေ ကောင်းကင်ဘုံနန်းတော်တစ်ဝိုက်တွင် ခိုးကြောင်ခိုးဝှက်ဖြင့် ဘာလုပ်ရန် ကြိုးစားနေသနည်းဆိုသည်ကို သူ မသိသော်လည်း ထိုအရာက မည်သည့် စစ်မှန်သော သက်ရောက်မှုကိုမျှ မဖြစ်စေခဲ့ချေ။ အလွန်ဆုံး သူ အနည်းငယ် သိချင်ရုံသာ ဖြစ်ပြီး သူမကို အပြစ်ပေးရန် သူ အမှန်တကယ် မရည်ရွယ်ခဲ့ပေ။

ဤစကားကို ကြားသောအခါ ထုယိုယိုက မထခဲ့ဘဲ ဒူးထောက်နေဆဲ အနေအထားဖြင့် သူမ၏ မျက်နှာလေးကိုမော့ကာ အခွင့်ကောင်းယူပြီ အကဲစမ်းသည့် လေသံနှင့် ကောက်ကျစ်မှု အရိပ်အယောင်တစ်ခုဖြင့် မေးလိုက်သည်။

"ဒါဆို... ဒါဆို ဒီနေ့ ဒုတိယ စီနီယာအစ်မနဲ့ ကျွန်မက သတ္တမတောင်ထိပ်က အဲ့ဒီ စိတ်အနှောင့်အယှက်ဖြစ်စရာ လူကို ဒဏ်ရာရအောင် လုပ်ခဲ့တာအတွက်ရော အပြစ်ပေးမခံရဘူးလားဟင်..."

"သူတို့က ရိုင်းစိုင်းခဲ့တာဆိုတော့ မင်းတို့ အပြစ် လုံးဝမဟုတ်ပါဘူး... ပြီးတော့ သူတို့ရဲ့ နယ်ပယ်က မင်းတို့ထက် မြင့်ပေမဲ့ မင်းတို့က နိုင်ခဲ့တယ်ဆိုတော့ မင်းတို့က ပိုတောင် မှန်နေပါသေးတယ်..."

စူးချန်ကဲက အမှန်အတိုင်း ပြောလိုက်၏။

"ယေး..."

ထုယိုယိုက ချက်ချင်း အော်ဟစ်လိုက်ပြီး စူးချန်ကဲ၏ ပေါင်ကို စိတ်လှုပ်ရှားစွာ ဖက်တွယ်ထားစဉ် သူမ၏လှပသော မျက်လုံးများတွင် လီဆယ်မှုတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

"ဟဲဟဲ..."

"ဘိုးဘေးပြောတာ မှန်တယ်... ချစ်စရာကောင်းအောင် နေတာက ဒေါသထွက်ပြတာထက် အများကြီး ပိုထိရောက်တယ်..."

"ကြည့်ရတာ စီနီယာအစ်ကိုက ဒုတိယ စီနီယာအစ်မ ပြောသလို အဲ့ဒီလောက်ထိ နှလုံးသားမဲ့နေတာ မဟုတ်ဘူးပဲ... သူက တော်တော်လေး ချော့ရလွယ်တာပဲ..."

စူးချန်ကဲသည် ထိုနူးညံ့သော ခံစားမှုက ပြင်းထန်လွန်းလှသဖြင့် သူမ ဘာတွေးနေသနည်းဆိုသည်ကို အနည်းငယ်မျှ အာရုံမစိုက်မိခဲ့ချေ။

"အဟမ်း..."

စူးချန်ကဲ ရုတ်တရက် အနည်းငယ် အနေရခက်သွားခဲ့၏။ သူသည် ခပ်ဖွဖွ အကြိမ်အနည်းငယ် ချောင်းဟန့်ပြီးနောက် ပြောဆိုလိုက်သည်။

"ထတော့... ထမင်းစားရအောင်..."

"စီနီယာအစ်ကို... ကျွန်မလည်း ဝူယာခြံဝင်းမှာ စားလို့ရလား..."

ထုယိုယိုက အနည်းငယ် အံ့အားသင့်စွာ မေးမြန်းသည်။

ဤအချိန်၌ နံဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမ၏ အင်္ကျီစကို ဆုပ်ကိုင်ထားသော နင်ဖူယောင်က ခြင်မြည်သံကဲ့သို့ တိုးညင်းသော အသံဖြင့် နောက်ဆုံးတွင် ကြောက်ရွံ့စွာ ဝင်ပြောလိုက်လေ၏။

"ဂျူနီယာညီမလေး... ငါ... ဒီနေ့လယ်က နင့်ကို ပြောခဲ့တယ်လေ..."

"အာ..."

ထုယိုယို တခဏမျှ ကြောင်အမ်းသွားပြီး သူမ၏ နှလုံးသားထဲ၌ ရေရွတ်ရင်း နှုတ်ခမ်းဆူလိုက်သည်။

"အဲ့ဒီအချိန်တုန်းက 'ထမင်းစားမယ်' ဆိုတာက လိမ်တာဖြစ်ပြီး 'လူစားမယ်' ဆိုတာက အမှန်တရားလို့ ငါ ထင်ခဲ့တာ..."

စူးချန်ကဲက ခေါင်းညိတ်ပြီး ထပ်ဖြည့်ပြောလိုက်၏။

"ဒီနေ့ တစ်ရက်တည်းတင် မဟုတ်ဘူး... အခုကစပြီး ထမင်းသုံးနပ်လုံး ဒီနေရာမှာ အတူတူ စားကြမယ်..."

"တကယ်လား... စီနီယာအစ်ကို... အစ်ကိုက အကောင်းဆုံးပဲ..."

ထုယိုယိုက စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး ထမင်းဘူးများကို ကမန်းကတန်း စတင်ဖွင့်လိုက်တော့သည်။ သူမက ဆက်ပြီး မစောင့်နိုင်တော့ကြောင်း ထင်ရှားလှသည်။ စူးချန်ကဲ၏ ဟင်းလျာများကို သူမ တောင့်တနေခဲ့သည်မှာ ကြာမြင့်နေလေပြီ။

ဤသည်ကို မြင်သောအခါ နင်ဖူယောင်ကလည်း ပန်းကန်များနှင့် တူများ ချထားရာတွင် ကူညီရန် ရှေ့သို့ ကမန်းကတန်း လျှောက်သွားလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်များက အမှတ်တမဲ့ဖြင့် စိတ်သက်သာရာရသွားသော အပြုံးလေးတစ်ခုအဖြစ် ကွေးတက်သွားခဲ့သည်။

သူမက တူများကို ဂရုတစိုက် စီစဉ်ပြီးနောက် ညင်သာစွာ ပြောလိုက်၏။

"ဂျူနီယာညီမလေး... ဖြည်းဖြည်း လုပ်ပါ... ဟင်းတွေက ခြေထောက်ပေါက်ပြီး ထွက်မပြေးပါဘူး..."

"တတိယ စီနီယာအစ်မ... တတိယ စီနီယာအစ်မ... ဒီနေ့ မင်ငါးပေါင်းပါလား..."

ထုယိုယိုက မျှော်လင့်တကြီး မေးလိုက်သည်။

"မပါဘူး... နောက်ဆုံးကျန်တာကို ဒီမနက်က ချက်လိုက်ပြီလေ..."

နင်ဖူယောင်က ပြောလိုက်သည်။ ယနေ့မနက်က ထိုငါးတစ်ကောင်လုံးနီးပါးကို သူမ တစ်ယောက်တည်း စားခဲ့မိသဖြင့် သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့၏။

"အာ... ဟုတ်ပြီလေ..."

"အယ်... ဒုတိယ စီနီယာအစ်မ... အစ်မက ဘာလို့ ကြောင်ကြည့်နေတာလဲ... ထိုင်ပြီး စားလေ... ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ..."

ထုယိုယိုက လျှိုရူယန်၏ နားအနီးသို့ တိုးကပ်ကာ တိုးတိုးလေး တိုက်တွန်းလိုက်သည်။

ထိုအချိန်မှသာ အနီးအနားတွင် ရပ်နေသော လျှိုရူယန်သည် အနည်းငယ် တောင့်တင်းစွာဖြင့် ထိုင်လိုက်လေ၏။ ထိုဖြစ်စဉ်အတွင်း သူမက စူးချန်ကဲကို ရှုပ်ထွေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲ၌ အေးစက်စက် နှာမှုတ်လိုက်သည်။

"ဟမ့်... ယောကျာ်းတွေ..."

နဝမတောင်ထိပ်မှ စီနီယာအစ်ကိုနှင့် ဂျူနီယာညီမလေးများ၏ ပထမဆုံး ပြန်လည်ဆုံစည်းခြင်း ညစာစားပွဲကို တရားဝင် စတင်လိုက်လေပြီ။

ထုယိုယိုသည် မည်သည့်ထိန်းချုပ်မှုမျှမရှိဘဲ စားသောက်နေပြီး သူမ၏ လှုပ်ရှားမှုများတွင် အရိုင်းဆန်သော သွက်လက်မှုနှင့် ရဲတင်းမှုတို့ ပါဝင်နေသည်။ သူမသည် ယခင်က လွတ်သွားခဲ့သော အရသာရှိသည့် အစားအစာများ အားလုံးအတွက် တစ်ထိုင်တည်းဖြင့် အစားထိုးချင်နေသည့်အလားပင်။

နင်ဖူယောင်ကမူ ဖြည်းညင်းစွာ ဝါးပြီး ဂရုတစိုက် မြိုချနေဆဲဖြစ်ကာ သူမ၏ ကိုယ်ဟန်အနေအထားမှာ ကြော့ရှင်းပြီး အေးစက်သော ဓားအင်မော်တယ် တစ်ပါး၏ အသွင်အပြင်နှင့် ကိုက်ညီနေလေ၏။ သို့ရာတွင် သူမ၏ တူလှုပ်ရှားမှု အမြန်နှုန်းမှာ လုံးဝမနှေးကွေးချေ။ တစ်ခါတစ်ရံ အငမ်းမရ စားသောက်နေသော ထုယိုယိုကို ကြည့်လိုက်သည့်အခါ မှေးမှိန်သော်လည်း နွေးထွေးသော အပြုံးတစ်ခုက သူမ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားလေ့ရှိသည်။

လျှိုရူယန်ကမူ စိတ်လွင့်နေကာ စားသောက်နေပြီး သူမ မြည်းစမ်းလိုက်သော အလုပ်တိုင်းမှာ စိတ်ဝိညာဉ် အစားအစာ မဟုတ်ဘဲ စူးချန်ကဲ အဘယ်ကြောင့် ယနေ့ ဤမျှ ထူးဆန်းစွာ ပြုမူနေရသနည်းဆိုသည်ကို သူမ တွေးတောနေသည့်အလားပင်။

တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် အစားအစာများကို ယူစားရင်း သူ၏ကံကြမ္မာသမီးတော် ဂျူနီယာညီမလေး သုံးယောက်ကို သေသေချာချာ အကဲခတ်ရန် နောက်ဆုံးတွင် အားလပ်ချိန် ရရှိသွားခဲ့လေ၏။

ထိုအမျိုးသမီးသုံးဦးသည် စရိုက်လက္ခဏာနှင့် အသွင်အပြင် နှစ်ခုလုံးတွင် များစွာကွဲပြားခြားနားကြသည်။

လျှိုရူယန်က အတည်ငြိမ်ဆုံး ဖြစ်ပုံရသည်။ ဤသည်က သူမ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များ နိုးထလာခြင်းကြောင့် ဖြစ်နိုင်သည်။ သူမက ထိုအရာများကို တမင်တကာ ဖိနှိပ်ထားလျှင်ပင် သူမ၏ လခြမ်းပုံ မျက်ခုံးများနှင့် ဖီးနစ်ငှက်ကဲ့သို့ မျက်လုံးများက တိကျသော အမူအရာ သို့မဟုတ် ကိုယ်ဟန်အနေအထားတစ်ခုမျှ မလိုအပ်ဘဲ အခြားသူများကို ငုံ့ကြည့်နေသော မြင့်မြတ်သူတစ်ဦး၏ အငွေ့အသက်ကို သဘာဝအတိုင်း ထုတ်လွှတ်နေလေ၏။

သူမသည် 'အမျိုးသမီးသူရဲကောင်း' အမျိုးအစား ကံကြမ္မာသမီးတော်၏ ဝိသေသလက္ခဏာများနှင့် အသင့်တော်ဆုံးလည်း ဖြစ်သည်။

နင်ဖူယောင်၏ အသွင်အပြင်မှာ သူမ၏ စရိုက်လက္ခဏာနှင့် အနည်းငယ် ဆန့်ကျင်ဘက် ဖြစ်နေလေ၏။ အကယ်၍ သူမက တိတ်တိတ်လေးသာ နေမည်ဆိုပါက သူမသည် အေးစက်ပြီး ခပ်တန်းတန်းနေတတ်သူ တစ်ဦးနှင့်တူကာ ရေခဲကြာပန်းလေးအလား သန့်စင်ပြီး ကြော့ရှင်းကာ လူများကို မိုင်တစ်ထောင်အကွာတွင် ထားရှိသည့် အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသည်။ အကယ်၍ သူမသာ ဓားတစ်လက်ကို အမှန်တကယ် ကိုင်ဆောင်ထားပါက သူမသည် အမျိုးသမီး ဓားအင်မော်တယ် တစ်ပါး၏ ပုံရိပ်အစစ်အမှန်ပင် ဖြစ်ပေလိမ့်မည်။

သို့ရာတွင် သူမ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ အနည်းငယ် ကြောက်တတ်မှုကို ခံစားသိရှိနိုင်သည်။ ဤကဲ့သို့သော ကံကြမ္မာသမီးတော်မျိုးမှာ အမှန်တကယ်ကို ရှားပါးလှသည်။ သူမ ငယ်ရွယ်စဉ်နှင့် အရွယ်မရောက်သေးမီ အချိန်တွင် သူနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်၍လည်း ဖြစ်နိုင်ပြီး သူမ အနာဂတ်တွင် ပြောင်းလဲသွားခြင်းရှိမရှိ ကိုမူ မသိနိုင်ချေ။

ထုယိုယိုနှင့် ပတ်သက်၍ကား စူးချန်ကဲတွင် သူမအား အကဲဖြတ်ရန် စကားတစ်ခွန်းတည်းသာ ရှိလေသည်။ စူးတာကျီပင်လျှင် သူမ၏ တစ်ဝက်ကို မမီနိုင်ချေ။

သူ၏ နားထဲတွင် စနစ်၏ ဆုလာဘ်အသိပေးချက်များကို သူ နားထောင်လိုက်၏။

【ဒင်... ဂျူနီယာညီမလေး ထုယိုယိုက ချစ်စရာကောင်းအောင် အောင်မြင်စွာ လုပ်ပြနိုင်ခဲ့ပါတယ်... လက်ခံသူက သူ့ကို အပြစ်မပေးခဲ့ဘဲ သူရဲ့ နှလုံးသားကို အောင်မြင်စွာ နွေးထွေးသွားစေခဲ့ပါတယ်... နှလုံးသားကို နွေးထွေးစေတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပေါ်နေပါပြီ... ဆုလာဘ် - တစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ...】

【ဒင်... တတိယ စီနီယာအစ်မ နင်ဖူယောင်က အခုအချိန်မှာ အရမ်းနွေးထွေးနေတယ်လို့ ခံစားနေရပြီး အိမ်ရဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားနေရပါတယ်... ဆုလာဘ် - တစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ...】

【စုဆောင်းထားသော ကျင့်ကြံခြင်း - လေးလ】

【ယာယီတာဝန် ပေါ်ပေါက်လာပါပြီ... "သာမန်ဘဝရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေက မြေခွေးမလေးရဲ့ နှလုံးသားကို နှစ်သိမ့်ပေးတယ်"... ဂျူနီယာညီမလေး ထုယိုယိုက သာမန်ဘဝကို တောင့်တနေခဲ့တာ ကြာပါပြီ... လက်ခံသူ... ကျေးဇူးပြုပြီး သာမန်ဘဝရဲ့ တစ်နေ့တာကို တွေ့ကြုံခံစားဖို့ သူမကို တောင်အောက်ကို ခေါ်သွားပေးပါ... အချိန်ကန့်သတ်ချက် မရှိပါ... နေရာကန့်သတ်ချက် မရှိပါ... စနစ်ဆုလာဘ် ... ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးများ】

"တောင်အောက် ဆင်းရမလား..."

"အချိန်ကန့်သတ်ချက် မရှိဘူးဆိုရင်တော့ သိပ်ပြီး အလုပ်မရှုပ်ပါဘူးလေ..."

"ဒါနဲ့ စကားမစပ်... ငါ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ပြီးတဲ့နောက် ထိုက်ချင်ဂိုဏ်းရဲ့ ဝင်္ကပါပုံစံတွေမှာ တကယ်ပဲ နည်းနည်း လိုအပ်ချက် ရှိနေတယ်..."

စူးချန်ကဲက ကြက်သားကို ဝါးရင်း သူ၏ နှလုံးသားထဲ၌ တွေးတောလိုက်၏။

ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်သည် အမှန်တကယ်တော့ မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်နှင့် အတော်လေး ဆင်တူသည်။ အဓိကအချက်မှာ ထွင်းထုထားသော နတ်ဘုရားအက္ခရာများကို ပြီးပြည့်စုံသော ဝင်္ကပါများအဖြစ် အဆင့်မြှင့်တင်ရန်ပင်။ ယေဘုယျအားဖြင့် ပြောရလျှင် ကျင့်ကြံသူတစ်ဦးသည် အစွမ်းထက်ပြီး သင့်လျော်သော ဝင်္ကပါတစ်ခုကို အကြမ်းဖျင်းပုံစံအဖြစ် ရွေးချယ်ကာ စတင်ကျင့်ကြံရန် လိုအပ်သည်။

ဝင်္ကပါ၏စွမ်းအားက ဤနယ်ပယ်ရှိ ကျင့်ကြံသူ၏ ခွန်အားကိုလည်း အဆုံးအဖြတ် ပေးလေသည်။ သို့ရာတွင် စူးချန်ကဲသည် သူ၏ မှော်အက္ခရာပုံစံများအတွက် ကိုယ်တိုင်ဖန်တီးခြင်း လမ်းစဉ်ကို လိုက်နာခဲ့သဖြင့် ထိုလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းလိုခဲ့သည်။ သို့ရာတွင် ဝင်္ကပါတစ်ခုကို ဖန်တီးရန်မှာ နတ်ဘုရားအက္ခရာပုံစံများနှင့်နည်းတူ ရှေးဟောင်း ဝင်္ကပါပုံစံ အမြောက်အများကို လေ့လာကြည့်ရှုရမည်ကို ရှောင်လွှဲ၍မရနိုင်ချေ။ သို့ရာတွင် ထိုက်ချင်ဂိုဏ်း၏ ဝင်္ကပါပုံစံများမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှသည်။

ထို့ပြင် ပြီးခဲ့သော အကြိမ်က အသင်္ချေ ကောင်းကင်ဘုံနန်းတော်သို့ သွားခဲ့စဉ်က သူ၏ စွမ်းဆောင်ရည် အမှတ်များအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူ ထပ်သွားချင်ပါက စွမ်းဆောင်ရည် အမှတ်များ ရှာဖွေရန် နည်းလမ်းတစ်ခုကို ရှာဖွေရမည် သို့မဟုတ် နောက်လ၏ ဂိုဏ်းထောက်ပံ့ကြေးကို စောင့်ဆိုင်းရပေမည်။ ထိုသို့မဟုတ်ပါက တကယ်ကို ကောင်းမွန်သော နည်းလမ်းမရှိတော့ချေ။

"တာဝန်တွေ လုပ်တာက အချိန်အရမ်း ကုန်တယ်... ငါ့မှာ ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်း ရှိနေတာပဲလေ... တာဝန်တွေ သွားလက်ခံတာက ငါ့အဆင့်နဲ့ မတန်ဘူး... ဒါပေမဲ့ ဒီစွမ်းဆောင်ရည် အမှတ်တွေက... ငါ အတင်းအကျပ် လုယူလို့တော့ မရဘူး မဟုတ်လား..."

"ပြီးတော့ ငါက အခု နှလုံးသားကို နွေးထွေးစေတဲ့ စီနီယာအစ်ကိုတစ်ယောက် ဖြစ်နေပြီ... လာမယ့်လမှာ ငါဂျူနီယာညီမလေးတွေရဲ့ ထောက်ပံ့ကြေးတွေကိုလည်း အတိအကျ လုယူလို့ မရတော့ဘူး..."

စူးချန်ကဲက သူ့ဘာသာ တွေးတောလိုက်၏။ တောင်ထိပ်တစ်ခု၏ ခေါင်းဆောင်တပည့်သည် တစ်လလျှင် စွမ်းဆောင်ရည် အမှတ် ၅၀၀ ရရှိပြီး တပည့်ရင်းတစ်ဦးက ၂၀၀ ရရှိလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စူးချန်ကဲသည် သူ၏ ဂျူနီယာညီမလေး သုံးဦးအား ပြောင်သလင်းခါအောင် ခွာချခဲ့ပြီးဖြစ်ရာ သူ ထိုသို့ ထပ်လုပ်၍ မရတော့ချေ။

"တကယ်လို့ ငါက ယောင်ရှင်းယဲ့ဆီ သွားပြီး သင်ကြားပေးခ နည်းနည်းလောက် ကောက်မယ်ဆိုရင် သူ ငြင်းမှာ မဟုတ်ဘူး... ဒါပေမဲ့ အဲ့ဒီလိုမျိုး လုပ်ပြီးရင် ကြုံလာရမယ့် ကိစ္စတွေက နောက်ဆုံးတော့ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်စရာပဲ..."

စူးချန်ကဲက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။ စနစ်က ထောက်ပံ့ပေးနေသဖြင့် ကျင့်ကြံရန်အတွက် အချိန်မလိုသော်လည်း သူ လိုအပ်နေသည်မှာ နယ်ပယ်တစ်ခုစီအတွက် လိုအပ်သော ပစ္စည်းများပင်။

ယခုအချိန်၌ သူ ဝင်္ကပါပုံစံများကို အမှန်တကယ် လိုအပ်နေသည်။

All Chapters