အခန်း (၂၅၆-၂၅၇)
Vol. 22 Ch. 256-257
Ch-256
ဤအချိန်တွင် အိပ်ဆောင်မှာရှိနေတဲ့ စွင်းဟုန်ဖင်က ပြောလာလေ၏။
"ချင်းရို့ရယ်၊ သူတို့ကိုကူညီလိုက်စမ်းပါဟာ။ နင့်ရုပ်ရည်ကြောင့် သူတို့အဝတ်တွေဝတ်ပြီး လမ်းတစ်ပတ်လျှောက်လိုက်ရင် သူတို့အဝတ်အစားတွေ ဝယ်ချင်ကြတဲ့လူတွေအများကြီးရှိလာမှာပဲ"
"ဟုတ်ပါတယ် ဟုတ်ပါတယ်..."
"စွင်းဟုန်ဖင် နင်ပြောတာကို နင်ယုံတယ်ပေါ့လေ? ငါတို့က အခန်းဖော်တွေနော်။ ငါနဲ့ ချူကောက တနေ့ထက်တနေ့ ကုန်ပစ္စည်းရောင်းရတာတွေ လျော့လာတာကို နင်မသိဘူးလား? နောက်ဆုံး ငါတို့က ပစ္စည်းအားလုံးကို လက်ဆောင်တွေပေးပြီး ရောင်းခဲ့တာလေ။ ချူကောနဲ့ ငါ ဘာမှထပ်မရောင်းရတော့လို့ ဆက်မရောင်းတော့တာကို အခု ငါတို့က တခြားသူတွေကို ရောင်းနိုင်အောင် ကူညီပေးနိုင်မယ်တဲ့လား?"
"ညီမရေ နင် ငါ့ကို အကူအညီတောင်းမယ့်အစား သူမကိုကူညီခိုင်းတာ ပိုကောင်းတယ်နော်"
ချင်းရို့က စွင်းဟုန်ဖင်ကို ညွှန်ပြလျက် "သူမက တခြားသူတွေနဲ့ပူးပေါင်းပြီး အထည်စက်ရုံဖွင့်ထားတာဆိုတော့၊ အထည်လုပ်ငန်းနဲ့ပတ်သက်ပြီး ကောင်းကောင်းနားလည်တယ်လေ။ ချူကောနဲ့ငါကတော့ အဲဒါတွေသိပ်နားမလည်ဘူး၊ ငါတို့မရောင်းနိုင်တော့လို့ မရောင်းတော့တာပါပဲဟာ"
ကျိုးယန့်ရှာသည် စွင်းဟုန်ဖင်ကိုကြည့်၍ "နင်က အထည်ချုပ်စက်ရုံဖွင့်ထားတာလား? ဒါဆို ငါတို့ဝယ်ထားတာတွေကို ပြန်ဝယ်ပေးပါလားဟင် ဒါမှမဟုတ် ငါတို့ဟာတွေကို ကူရောင်းပေးပါလားဟင်?"
"လူတိုင်းက အတန်းဖော်တွေပဲဟာ၊ နင် ငါတို့ကို ကူညီသင့်ပါတယ်နော်"
စွင်းဟုန်ဖင် မျက်မှောင်ကြုတ်လျက်၊ "ဒီလိုခေတ်မမီတဲ့အဝတ်အစားတွေကို နင် ဘယ်လိုလုပ်ပြီးရောင်းနိုင်မှာလဲ?"
"နင် ဘယ်လိုပြောလိုက်တာလဲ? ဒီအဝတ်တွေက အကုန်ကောင်းနေတာကို၊ ဘာလို့မရောင်းရလဲမသိဘူး..."
"စက်ရုံသူဌေးက ဒီဟာတွေက ရောင်းအားအကောင်းဆုံးလို့ ပြောလိုက်တာကို"
"နင်ရူးနေတာလား? သူများပြောသမျှ ယုံစရာလားဟဲ့။ ရောင်းအားအရမ်းကောင်းနေမှတော့ သူတို့ဘာသာ သူတို့မရောင်းဘဲ နင့်ကိုဘာလို့ပေးရောင်းနေမှာတုန်း?"
...
ကျိုးယန့်ရှာသည် စွင်းဟုန်ဖင်ဆီကနေ အဆူပူခံနေရ၍ မျက်ရည်တွေသုတ်နေခဲ့ရသည်။
ချင်းရို့: "အချိန်တစ်ခုရှာပြီးတော့ ဒီကနေ ဝေးကွာတဲ့ခရိုင်မြို့တစ်မြို့ဆီသွားရောင်းစမ်းကြည့်ပါလား?"
"နင်ရောင်းနိုင်သမျှရောင်းကြည့်ပေါ့၊ လက်ထဲမှာ အလဟဿတော့အရှုံးမခံနဲ့လေ"
ကျိုးယန့်ရှာ ခေါင်းညိတ်ပြလိုက်ပြီး သူမနှင့် အတန်းဖော်တချို့လည်း တခြားနေရာများသို့ သွားကာ ကုန်ပစ္စည်းအားလုံးကို ကြိုးစားရောင်းပစ်လိုက်ကြသည်။ ခရီးတချို့ထွက်ပြီးနောက် ငွေအများကြီးမရှာနိုင်ခဲ့သဖြင့် သူတို့ရဲ့ကြိုးစားမှုဟာ အချည်းနှီးဖြစ်ခဲ့ရလေသည်။
"စီးပွားရေးလုပ်ရတာမလွယ်ဘူးပဲ" သူတို့လည်း အဲဒီအကြောင်းကိုမစဉ်းစားကြတော့ချေ။
ချင်းရို့က အဝတ်အစားတွေထပ်မရောင်းတော့ပေမယ့် အထည်လှလှလေးတချို့ကို သူမအတွက် သိမ်းထားခဲ့ပေသည်။ ထိုနေ့က လမ်းပေါ်မှာ သူမအနီရောင်ဝတ်စုံလှလှလေးဝတ်ထားခဲ့သည်ကို မိသားစုဝင်တွေမတွေ့ဖူးသေးကြောင်း သတိရလိုက်မိသည်။
"တခါတလေ surpriseပေးရင်ကောင်းမလားနော်?"
ချင်းရို့သည် မူလကတည်းက နှစ်လိုဖွယ်ကောင်းပြီး လှပသူဖြစ်၍ ဤကဲ့သို့ဝင့်ကြွားလွန်းသောပုံစံမျိုး ဝတ်စားခဲလှသည်။ လုယန် သူမကိုဒီလိုမြင်တဲ့အခါ ဘယ်လိုတုံ့ပြန်မလဲဆိုတာ သူမသိချင်နေမိပြီ။
ချင်းရို့ သောကြာနေ့အစောပိုင်းတွင် ထွက်လာခဲ့ပြီး မိတ်ကပ်လိမ်း၍ အနီရောင်ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ်စီးလိုက်ကာ သားနှစ်ယောက်ကိုကျောင်းသွားကြိုခဲ့သည်။
အမြွှာညီအကိုကျိုးကျိုးနှင့်ဖက်ထုပ်လေးတို့သည် ယခုအခါ ပြည်သူ့လုံခြုံရေးမူလတန်းကျောင်းတွင် ပညာသင်ကြားနေကြသည်။ ဤနေရာရှိ ကျောင်းသားအများစုမှာ ပြည်သူ့လုံခြုံရေးကေဒါများနှင့် အခြားအဖွဲ့အစည်းများ၏ သားသမီးများဖြစ်ကြ၏။ ညနေ ကျောင်းဆင်းချိန်တွင် ဆရာမက ကလေးတွေကို တန်းစီပြီး အိမ်ပြန်ခိုင်းလေသည်။
ထန်ရွှမ်းဖုန့်သည် ပြည်သူ့လုံခြုံရေးမူလတန်းကျောင်းရဲ့ ဆရာမအသစ်ဖြစ်၍ ကျောင်းလွှတ်တဲ့အခါ ကျောင်းသားတွေကိုတန်းစီဖို့ တာဝန်ယူရလေသည်။ သူမ ကလေးတွေကို ရေတွက်ပြီးနောက် စီတန်းနေသောအုပ်စုအဆုံးကို မနေနိုင်ဘဲ ကြည့်နေမိလျက်၊ အဲဒီမှာ ရုပ်ဆင်ကြတဲ့အမြွှာညီအကိုနှစ်ယောက်ရှိနေလေ၏။
ဒီကောင်လေးနှစ်ယောက်ဟာ ရွယ်တူတွေထက် အရပ်ပိုမြင့်ပြီး နေ့တိုင်းသပ်သပ်ရပ်ရပ်ဝတ်စားတတ်ကြရာ အရမ်းကြည့်ကောင်းကြလေသည်။ သူတို့ဆရာတွေလိုပဲ သန့်ရှင်းသပ်ရပ်တာကို သဘောကျပုံရသည်။
အကြီးလေးကို လုဝေကျိုးလို့ခေါ်ပြီး အငယ်လေးကို လုဝေကျယ်လို့ခေါ်ကာ ညီအကိုနှစ်ယောက်ဆက်ဆံရေးဟာလည်း အရမ်းကောင်းကြသည်။ သူတို့နှစ်ယောက်ဟာ အသက်အရွယ်တူပြီး ရုပ်ရည်တူပေမယ့် ညီအကိုနှစ်ယောက်ရဲ့အကျင့်စရိုက်ကတော့ အရမ်းကွဲပြားလှပေသည်။
အစ်ကိုဖြစ်သူလုဝေကျိုးက ပိုပြီးနာခံမှုရှိကာ စဥ်းစားချင့်ချိန်တတ်ပြီး စည်းမျဥ်းစည်းကမ်းတွေကိုလိုက်နာကာ ကျောင်းတွင် သူ့ညီလေးကိုလည်း ဂရုစိုက်တတ်သည်။
ညီငယ်ဖြစ်သူလုဝေကျယ်ကတော့ နည်းနည်းပိုဆိုးသွမ်းသူပင်၊ အခုအိမ်ပြန်ဖို့တန်းစီနေတုန်းလည်း ဂနာမငြိမ်ဖြစ်နေလေရဲ့။ သူက သူ့အစ်ကိုနား တမင်တကာကပ်တွယ်၍ ပွေ့ဖက်ထားကာ တစ်ဖက်လူရဲ့လက်ကို လေထဲထားလိုက် ပြန်ချလိုက်လုပ်နေသဖြင့် လုဝေကျိုးစိတ်ဆိုးကာ သူ့လက်ကို ရိုက်ပါတော့သည်။
ထန်ရွှမ်းဖုန့် ပြုံးလိုက်ပြီး ဒီညီအကိုတွေကို ပျိုးထောင်ပေးတာ ဘယ်လိုမိသားစုမျိုးဖြစ်မလဲဆိုတာ နည်းနည်းသိချင်မိသွားရလျက်။ အစ်ကိုဖြစ်သူလုဝေကျိုးက အဆင့်ကောင်းကောင်းရပြီး ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်၏။ ညီလေးဖြစ်သူလုဝေကျယ်ရဲ့အဆင့်တွေကတော့ အလယ်အလတ်သာ...
သူတို့ဖေဖေက ရေတပ်အရာရှိတစ်ဦးဖြစ်ပြီး အခု ကလေးတွေက သူတို့ဒေါ်လေးအိမ်မှာနေနေကြကြောင်း သူမကြားထားလေသည်။ သူတို့မေမေက ဘယ်လိုပုံစံဖြစ်မလဲဆိုတာ သူမသိချင်နေမိလျက်။
ထန်ရွှမ်းဖုန့်က ကလေးတစ်စုကိုဦးဆောင်ပြီး ကျောင်းတံခါးဝဆီခေါ်လာခဲ့ရာ ကျောင်းတံခါးနှင့်မနီးမဝေးတွင် ရပ်နေသော အနီရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရလေ၏။ အနီရောင်ဝတ်စုံမိန်းမငယ်လေးဟာ အလွန်ကြည့်ကောင်းလှ၍ ထန်ရွှမ်းဖုန့်တင်မက အတန်းထဲက ကလေးတွေတောင်မှ မစိုက်ကြည့်ဘဲမနေနိုင်ကြချေ။
"ဒီမမက အရမ်းလှတာပဲ!"
"မမက အရမ်းလှတာပဲ!"
...
ကလေးတွေဟာ အပြစ်ကင်းစင်ပြီး ရိုးသားကြသည်ကြောင့် သူတို့စိတ်ထဲမှာတွေးသမျှကို ထုတ်ပြောတတ်ကြသည်။ ထန်ရွှမ်းဖုန့်လည်း အနီရောင်ဝတ်စုံနဲ့ မိန်းကလေးရဲ့အလှကို တိတ်တိတ်လေးချီးကျူးခဲ့ပါသည်။ သူမက ရုပ်ရှင်ပိုစတာထဲက ဟောင်ကောင်ကြယ်ပွင့်တွေထက် ပိုတောင်လှသေးတယ်...
သူမက ဘာလို့ ကျောင်းတံခါးဝမှာရပ်နေတာပါလိမ့်၊ ကျောင်းသားတစ်ယောက်ရဲ့ အစ်မများလား?
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ညီအစ်ကိုဟာ ကျောင်းတံခါးဝမှာရပ်နေသော အနီရောင်ဝတိစုံနဲ့မမကို သတိထားမိသွားကြလျက်။ သူတို့ အနီးကပ်သေချာကြည့်လိုက်တဲ့အခါ ဒီကျက်သရေရှိတဲ့အလှလေးဟာ သူတို့မေမေဖြစ်မှန်းတွေ့ရှိလိုက်ရလေပြီ!
ဖက်ထုပ်လေး အော်ခေါ်လိုက်၏ "မားမား!"
လုဝေကျိုးလည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ "မားမား!"
ဆရာမထန်ရွှမ်းဖုန့်လည်း ကလေးနှစ်ယောက်ရဲ့အသံကိုကြားတော့ အံ့အားသင့်သွားရလျက်၊ အမြွှာညီအကိုနှစ်ယောက်က ဘယ်သူ့ကို မားမားလို့ခေါ်နေကြသလဲဆိုသည်ကို သိချင်နေမိပြီ။
ချင်းရို့ ပြုံးကာ ညီအကိုနှစ်ယောက်ကိုလက်ပြလိုက်သည်။ အပြင်လူများရှေ့တွင် သူမက ကလေးတွေကို အိမ်နာမည်မခေါ်လိုက်ပါချေ "ဝေကျိုး! ဝေကျယ်!"
"မားမား!!"
ညီအစ်ကိုနှစ်ယောက်ဟာ သူတို့မေမေရှိရာသို့မပြေးသွားဘဲမနေနိုင်ကြတော့ပေ။ ချင်းရို့လည်း ကလေးနှစ်ယောက်ကို ပွေ့ဖက်လိုက်၏။ ကလေးနှစ်ယောက်ရဲ့ လည်ပင်းမှာ အနီရောင်ပုဝါ၀တ်ထားဆဲဖြစ်ပြီး မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးလေးများနှင့် ချောမောလှသည့် မူလတန်းကျောင်းသားနှစ်ယောက်ပင်။
ဖက်ထုပ်လေးက ချက်ချင်းပင် ချီးကျူးလာလျက်၊ "မားမား မားက ဒီနေ့အရမ်းလှနေတာပဲ!"
လုဝေကျိုးလည်း ခေါင်းညိတ်လိုက်ပြီး "မားမားက စကတ်နဲ့ အလှဆုံးပဲ!"
မားမားလား?
ဒီမြင်ကွင်းကိုမြင်တော့ ထန်ရွှမ်းဖုန့် အံ့အားသင့်သွားရလျက်။ သူမရှေ့က အနီရောင်ဝတ်စုံနဲ့မိန်းမငယ်လေးဟာ အတန်းထဲက အမြွှာညီအကိုတွေရဲ့ အမေတဲ့လား? သူမက အရမ်းလှလွန်းတာကြောင့် သူမသားတွေကလည်း အရမ်းကြည့်ကောင်းနေကြတာ အံ့သြစရာမဟုတ်တော့ပါဘူးလေ။
"ဟယ်လို၊ ကျွန်မက လုဝေကျိုးနဲ့ လုဝေကျယ်တို့ရဲ့ မားမားပါရှင်"
ချင်းရို့က တာဝန်ခံဆရာမနဲ့ စကားပြောရန် ကလေးတွေကိုပါခေါ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ ကလေးတစ်စုဟာ ချင်းရို့ကိုမြင်လိုက်ကြသည့်အခါ မယုံနိုင်ဖွယ်ဖြစ်နေကြကာ တစ်ယောက်တစ်ပေါက်ချီးကျူးကြပါတော့သည်
"မားမားလုက အရမ်းလှတာပဲ!"
"ဒီလိုအရမ်းလှတဲ့မားမားကို ငါလည်းလိုချင်တယ်!"
"မားမားလု မီးရဲ့မားမားဖြစ်နိုင်မလားဟင်?"
...
ချင်းရို့လည်း ကလေးတွေရဲ့ ကလေးဆန်ဆန်စကားတွေကို နားထောင်ရင်း ပျော်စရာကောင်းတယ်လို့ ခံစားခဲ့ရသော်လည်း ဤ "နတ်သားရဲလေးတွေ"ဟာ တကယ့်ကို စိတ်ရှုပ်စရာကောင်းတယ်လို့ တွေးမိနေလျက်။ သူတို့လေးတွေက တစ်စုံတစ်ယောက်ရဲ့ မေမေလှလှလေးကိုမြင်တာနဲ့ သူတို့မေမေကို ပြောင်းလဲပစ်ချင်ကြသတဲ့လေ။
"နင်က လင်းနန်တက္ကသိုလ်ကျောင်းသူလား?" ထန်ရွှမ်းဖုန့်သည် အမြွှာလေးတွေရဲ့မေမေဟာ ချောမောလှပရုံသာမက ကောလိပ်ဝင်ခွင့်စာမေးပွဲပထမအသုတ်ရဲ့ ထိပ်တန်းကျောင်းသူတစ်ယောက်ပါဖြစ်နေမယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။
"ဟုတ်ပါတယ်၊ ကျိုးကျိုးနဲ့ဖက်... ဝေကျယ်တို့ ကျောင်းမှာဘယ်လိုနေလဲဟင်?"
"ကလေးနှစ်ယောက်လုံးက ဉာဏ်ထက်တဲ့ကလေးတွေပါရှင်..."
ချင်းရို့သည် ဆရာမနှင့် နည်းနည်းပါးပါးစကားစမြည်ပြောခဲ့ပြီးနောက် ကျိုးကျိုးနှင့် ဖက်ထုပ်လေးကိုခေါ်ကာ ထွက်လာခဲ့ကြသည်။ သားအမိသုံးယောက်ပဲရှိတဲ့အခါကျမှ ကလေးတွေက သူတို့မေမေကိုကြည့်၍ "မားမား ဒီနေ့ အရမ်းလှနေတာနော်!"
"မားမားလှတာကို ကြိုက်ကြလား?"
"ကြိုက်တယ်"
"ဒီနေ့နည်းနည်းနောက်ကျနေပြီပဲ၊ သားတို့ပါးပါးနဲ့ညီမလေးတွေဆီ သွားကြစို့လေ"
သားအမိတွေကားပေါ်တက်လိုက်သည်နဲ့ လူတွေရဲ့အာရုံကိုဆွဲဆောင်မိသွားချေပြီ။ ကားဆရာကြီးတောင်မှ ထပ်ခါထပ်ခါမကြည့်ဘဲမနေနိုင်ဖြစ်မိလျက်၊ "ကားဆရာကြီးရေ ကျေးဇူးပြုပြီးသတိထားပါဦး"
"လုမိသားစုဝင်လေးရေ နင်အရမ်းလှတာပဲဟေ့! ဒီဝတ်စုံကို ဘယ်မှာဝယ်တာတုန်း?"
ချင်းရို့တို့သားအမိသုံးယောက်ဟာ ကျန်းကောသုန့်ရဲ့မိန်းမအပါအဝင် အခြားမိသားစုဝင်များနဲ့လည်း ကားပေါ်တွင်တွေ့ဆုံခဲ့ကြ၍ ချင်းရို့က သူမနှင့် စကားအနည်းငယ်ပြောလိုက်ပြီး လောင်ကျန်းမိန်းမကတော့ သူမရဲ့ဝတ်စားဆင်ယင်မှုကို အလွန်နှစ်သက်သဘောကျနေခဲ့လေသည်။
"ရှောင်ချင်းရေ နင့်မိသားစုရဲ့လောင်လုက နင့်လိုဇနီးချောလေးရထားတာ အရမ်းကံကောင်းတာပဲနော်။ ပြီးတော့ ဥာဏ်ကောင်းပြီး ချစ်စရာကောင်းတဲ့ သားသမီးလေးယောက်လည်းရှိသေးတာ..."
ကျန်းကောသုန့်လည်း သူ့မိသားစုဝင်တွေကိုကြိုရန် ကားမှတ်တိုင်သို့ရောက်နေလေ၏။ ဒီတစ်ခေါက်ကားရောက်မလာသေး၍ သူနဲ့လုယန်နှစ်ယောက်သာရှိနေခဲ့သည်။ သူက လက်ကောက်ဝတ်ပေါ်ကနာရီကို တစ်ချက်ကြည့်လိုက်ပြီး ကျီစယ်ဟန်ပြောလိုက်လေ၏။ "မင်းမိန်းမက ဒီနေ့ဘာလို့နောက်ကျနေတာလဲ?"
"သူမနောက်ကျနေတာလား? ဒီတစ်ပတ်မလာတော့တာများလား?"
"မင်းရဲ့သမီးတွေရော ဒီနေ့ဘာလို့မပါလာတာလဲ?"
xxx
Ch-257
"မင်းမိန်းမက ဒီနေ့ဘာလို့နောက်ကျနေတာလဲ?"
"သူမနောက်ကျနေတာလား? ဒီတစ်ပတ်မလာတော့တာများလား?"
"မင်းရဲ့သမီးတွေရော ဒီနေ့ဘာလို့မပါလာတာလဲ?"
ကျန်းကောသုန့်သည် ဒီလိုမြင်ကွင်းမျိုးတွေ့လိုက်ရ၍ အလွန်အမင်းစိတ်လှုပ်ရှားနေလျက်။ အရင်တုန်းကတော့ ဒီကောင်က သူ့ရှေ့မှာ သူ့မိန်းမနဲ့သားတွေကိုကြိုဖို့ သမီးတွေကိုပါခေါ်လာခဲ့ပြီး သူ့ကိုအားကျစေခဲ့သည်လေ။
လောင်လုရဲ့မိန်းမ ဒီနေ့မလာဘူးဆိုရင်တော့... သူကသာ သူ့မိန်းမနှင့်သမီးကို ဖက်ထားနိုင်တဲ့သူဖြစ်မှာပေါ့။
ဘယ်သူ့မှာရောသမီးမရှိလို့လဲ?
သူ့မှာလည်း သမီးတစ်ယောက်ရှိတယ်လေ!
လုယန်က တည်ငြိမ်စွာဖြင့် "လာမှာပါ"
"မင်းရဲ့ အတွေးကမှားနေတာပဲကွာ၊ မင်းပြောစရာမလိုပါဘူး၊ ငါ အဲဒီခံစားချက်ကိုနားလည်ပါတယ်ကွ။ ငါတို့က ငါတို့မိန်းမတွေကိုတွေ့ရဖို့အတွက် တစ်ပတ်လုံးလုံးစောင့်မျှော်နေခဲ့ရတာပဲမဟုတ်လား? ဒီတစ်ကြိမ် မင်းမိန်းမ မလာဘူးဆိုရင် ငါ-" ကျန်းကောသုန့် စကားမဆုံးခင်မှာပင် အဝေးကနေ ကားတစ်စီးလာနေသည်ကို သူတွေ့လိုက်ရလေသည်။
ဒါဟာ သူတို့စောင့်နေတဲ့ကားပါပဲ...
ကျန်းကောသုန့်က သူ့မိသားစုဝင်တွေပဲ ဒီကားမှာပါလာဖို့အတွက် ဆုတောင်းနေရင်း ကားကိုစိုက်ကြည့်နေခဲ့သည်။ ဒီတစ်ခါတော့... လောင်လုက သူတို့မိသားစုပြန်ဆုံကြတာကို ကြည့်ကိုကြည့်သင့်တယ်လေ။
"မိန်းမ မင်းရောက်လာပြီပေါ့!"
ကျန်းမိသားစုဇနီးက ကားပေါ်မှအရင်ဆင်းလာခဲ့သည်။ ကျန်းကောသုန့်က သူ့မိန်းမနဲ့သမီးကိုတွေ့တွေ့ချင်း ပြုံးပြလိုက်သော်လည်း နောက်စက္ကန့်မှာပင် လုယန်မိသားစုရဲ့အမြွှာကောင်လေးနှစ်ယောက်ကို တွေ့လိုက်ရလေ၏။ အမြွှာလေးတွေဟာ လူတွေရဲ့အာရုံကိုဆွဲဆောင်ကြမြဲ။
ကျန်းကောသုန့် ဝမ်းနည်းသလို ခံစားလိုက်ရ၏ - ဒီမျိုးရိုးနာမည်လုဟာ ဘာလို့အရမ်းကံကောင်းရတာလဲကွာ? သူ့ဆီမှာ အမြွှာသားလေးနှစ်ယောက်ရှိရုံတင်မက အမြွှာသမီးလေးနှစ်ယောက်ပါရှိနေသေးတာ။
"ပါးပါး!" ကျိုးကျိုးနှင့် ဖက်ထုပ်လေးဟာ ကားပေါ်မှဆင်းသည်နဲ့ သူတို့ဖေဖေကိုအော်ခေါ်လိုက်ကြ၍ လုယန် ခေါင်းညိတ်ပြလိုက်ပြီး သုံးယောက်သား ကားထဲသို့ အတူတူကြည့်လိုက်ကြလေသည်။
ချင်းရို့က ဒေါက်မြင့်ဖိနပ်စီးထားသဖြင့် ကားပေါ်မှ သတိထားဆင်းနေခဲ့ရသည်။ သူမ စကတ်ကို အနည်းငယ်မလိုက်ကာ ခြေလှမ်းပြင်လိုက်၏။
ထိုအချိန်တွင် လေပြည်လေညင်းလေးဖြည်းညှင်းစွာ တိုက်ခတ်သွားလျက်။ လုယန် အရင်ဆုံး ရင်းနှီးနေသောရနံ့လေးကို ရလိုက်ပြီးနောက် သူ့ရှေ့မှာ အနီရောင်ဝတ်စုံနဲ့ ဆွဲဆောင်မှုရှိသောမိန်းကလေး ပေါ်လာခဲ့သည်။ အမျိုးသမီးလေးက သူ့ရှေ့မှာရပ်လိုက်ကာ နားရွက်မှဆံပင်တွေကိုသပ်တင်လျက် သူ့ကိုပြုံးပြနေခဲ့သည်။
ညှို့ဓာတ်ပြင်းပြီး ချောမောလှပသောမျက်နှာလေးဟာ သူမပြုံးလိုက်တဲ့အခါ ပိုလို့တောင်ဆွဲဆောင်မှုရှိသွားကာ အရမ်းကိုထူးကဲလှပနေလျက်။
အမျိုးသမီးလေးက သူ့ခေါင်းလေးကိုစောင်းငဲ့၍ သူ့ကိုခေါ်လိုက်သည် - "လုကျွင်းကွမ်း(အရာရှိလု)"
လုယန် စိတ်တွေလွတ်ထွက်သွားသည့်နှယ်၊ ဒီနေ့ဟာ ဘယ်နေ့ဘယ်ရက်လဲပင် သူမသိတော့ချေ။ သူ့ရှေ့ကအမျိုးသမီးလေးရဲ့အပြုံးတွေသာဝန်းရံနေပြီး သူ့ကို စိတ်ရှုပ်ထွေးသွားစေလေ၏။
"မင်းလေးက ကိုယ့်ကို တကယ်ကြီးsurpriseပေးလိုက်တာပဲကွာ ရဲဘော်ရှောင်ချင်းရေ"
လုယန် သူ့ရှေ့ကအနီရောင်ဝတ်စုံနဲ့အမျိုးသမီးလေးကို ပွေ့ဖက်ထားလိုက်သည်။ အပြင်လူတွေမရှိပါက ဒီထက်ပိုတာတွေတောင်လုပ်ချင်မိပါသေးရဲ့။
လုယန်က သူ့မိန်းမကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့ပြီး သူမကိုဖွက်ထားချင်မိသည်။ ဒါဟာ သူ့အချစ်ဆုံးအမျိုးသမီးလေး၊ သူ့ကလေးလေး၊ သူ့အချစ်ဆုံးမိန်းမပဲ...
သူမကိုလက်ထပ်ခဲ့ခြင်းဟာ သူ့ဘဝမှာလုပ်ခဲ့သည့် မှန်ကန်သောလုပ်ရပ်တစ်ခုပင်။
"... ပွေ့ဖက်ပြီးပူးကပ်နေပုံကတော့၊ ကမ္ဘာကြီးက ပိုဆိုးလာတာပဲကွာ" ကျန်းကောသုန့်သည် လုယန်က သူ့ဇနီးချောလေးကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားပြီး ဒီစုံတွဲလေးဟာ ချစ်ခြင်းမှာပျော်ဝင်နေသည်ကိုမြင်လိုက်ရ၍ ချဥ်စူးသွားရလေပြီ။
ကျန်းအမျိုးသမီးက သူ့ကို ရယ်မောကာ "အခုလေးတင် ကျွန်မကိုပွေ့ဖက်ထားတာ ဘယ်သူပါလိမ့်နော်?"
"ငါတို့က ယဥ်ကျေးမှုအရ ပွေ့ဖက်ရုံလေးပဲလေ၊ သူတို့လို စေးကပ်နေတာမှမဟုတ်ဘဲ"
ကျန်းအမျိုးသမီး မျက်မှောင်ကြုတ်လျက် "... ယဉ်ကျေးမှုအရပွေ့ဖက်တယ်ဆိုတာ ရှင်ဘာကိုဆိုလိုတာလဲ? ရှင်ပြောချင်တာက ဒီတိုင်းယဉ်ကျေးမှုအရ ကျွန်မကိုဖက်လိုက်တာပေါ့လေ?"
ကျန်းကောသုန့်: "..."
အမျိုးသမီးတွေဟာ တကယ့်ကိုကျိုးကြောင်းမဆီလျော်ကြဘူးပဲကွာ။
လုယန်က သူ့မိန်းမကို အိမ်ပြန်ခေါ်သွားခဲ့သည်။ ချင်းရို့က သူ့လက်မောင်းကိုချိတ်ထားပြီး ကလေးနှစ်ယောက်က နောက်ကနေလိုက်ပါလာလေ၏။ ချင်းရို့ ဘေးဘီကြည့်လိုက်ရင်း "သမီးတွေရောဘယ်မှာလဲ? ဒီနေ့ သို့သို့ရုန်ရုန်လေးက သူတို့မားမားကို လာမကြိုကြဘူးလား?"
"သို့သို့ရုန်ရုန်က ဘေးအိမ်မှာ TVသွားကြည့်နေကြတာ။ ဒီနေ့ သူတို့ကြိုက်တဲ့ရှိုးလာနေတဲ့ပုံပဲ"
"သူတို့က ချိုမြိန်တဲ့သို့ရုန်လေးတွေမဟုတ်တော့ဘဲ နံစော်နေတဲ့သို့ရုန်လေးတွေပဲ!! TVကြည့်ဖို့အတွက်နဲ့ သူတို့မားမားကိုပစ်ထားလိုက်ပြီပေါ့လေ" ချင်းရို့လည်း သမီးတွေက သူမကို ဂရုမစိုက်ကြ၍ အလွန်ဒေါသထွက်သွားလေပြီ။
လုယန် မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "ဒါဆို သူတို့ကိုပြန်မခေါ်နဲ့ကွာ"
"နံစော်နေတဲ့သို့ရုန်လေးတွေဖြစ်ရင်တောင် သူတို့တွေက ဒီမားမားရဲ့ နံစော်နေတဲ့သို့ရုန်လေးဖြစ်နေတုန်းပဲဟာ။ ပါးပါးလုက ဘယ်လိုတောင်နှလုံးသားမဲ့နိုင်ရတာလဲနော်?"
ချင်းရို့တို့အဖွဲ့က မိသားစုအဆောက်အဦးဆီသို့ လမ်းလျှောက်လာခဲ့ကြစဥ် တစ်လမ်းလုံး လူပေါင်းများစွာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရလေသည်။ဖြစ်ချင်တော့ ကျောင်းတွင် ယောက်ျားလေးတွေအများကြီးလေ့ကျင့်ရေးဆင်းနေချိန်ဖြစ်ခဲ့သည်။ မူလက စစ်အကယ်ဒမီတွင် အမျိုးသမီးအနည်းငယ်သာရှိပြီး ယခုအခါ အနီရောင်ဝတ်စုံအလှလေးတစ်ယောက် ထွက်ပေါ်လာသဖြင့် ဤကြမ်းတမ်းလှသော စစ်အကယ်ဒမီ၌ အလှပဆုံးရှုခင်းဖြစ်လာသည့်နှယ်။
"အဲဒါ လုယန်ရဲ့ဇနီးမဟုတ်လား?"
"သူ့ဇနီးချောလေးကို ဘယ်လိုရှာတွေ့တာလဲကွာ?"
"အဖွဲ့အစည်းက မိတ်ဆက်ပေးတယ်လို့ ငါကြားမိတယ်ကွ"
"အဖွဲ့အစည်းက ငါ့ကိုရော ဒီလိုဇနီးချောချောလေးတစ်ယောက်နဲ့ ဘာလို့မမိတ်ဆက်ပေးရတာလဲကွ?"
...
ကုချန်သည် တောင်တရုတ်ပင်လယ်ရေတပ်မှ အခြားအဖွဲ့ဝင်တစ်ဦးနှင့် ဘတ်စကတ်ဘောကစားနေပြီး သူတို့လည်း လုယန်နှင့်သူ့မိန်းမကို မြင်လိုက်ကြသည်။ ဟယ်ရှီးက "ရှောင်ကုရေ မင်းနဲ့လုယန်က အရင်ကအဖွဲ့အတူတူပဲ ဟုတ်တယ်မလား? ဒီလိုချစ်ခင်နေကြတဲ့သူတို့စုံတွဲလေးရယ်၊ ပျော်ရွှင်စရာကောင်းတဲ့သူတို့မိသားစုလေးကို မင်းတွေ့နေရတာကို၊ မင်းက လက်တွဲဖော်တစ်ဦးရှာပြီး အိမ်ထောင်ပြုဖို့ ဘာလို့မစဥ်းစားချင်ရတာလဲကွာ?"
"စိတ်မဝင်စားဘူး" ရဲဘော်ကုချန်သည် ယခု အသက်၃၂နှစ်ရှိနေပြီဖြစ်ပြီး ရွှေလူပျိုကြီးတစ်ယောက်ဖြစ်နေဆဲ။
"လုယန်ရဲ့မိန်းမက ကောလိပ်ကျောင်းသူဖြစ်လာပြီးတဲ့နောက် ဒီ၂နှစ်တာကာလအတွင်းမှာ အများကြီးပြောင်းလဲလာပြီးတော့ ပိုပိုပြီး လှလာတာပဲကွာ။ နောင်ကျ ငါတို့ကျွန်းကိုပြန်ရောက်တဲ့အခါ လောင်ဝမ်တို့၊ လောင်ကျန်းတို့ သူမကိုမမှတ်မိတော့မှာကို စိုးရိမ်မိပါ့..."
"လွန်ခဲ့တဲ့၂နှစ်အတွင်း အပြင်လောကကြီးကလည်း အများကြီးပြောင်းလဲသွားတာပဲလေကွာ"
လုယန်နှင့်ချင်းရို့ အပေါ်ထပ်သို့တက်လာခဲ့ကြသည်။ ဘေးအိမ်မှာရှိနေတဲ့ သို့ရုန်လေးဟာ လှုပ်ရှားသံတွေကြားသဖြင့် အပြေးရောက်လာကြ၏။ ကလေးမလေးနှစ်ယောက်ဟာ အိမ်တံခါးဝမှာ တောက်ပနေသောအနီရောင်ဝတ်စုံနဲ့အမျိုးသမီးကို တွေ့လိုက်သောအခါ သူတို့မျက်လုံးလေးတွေလည်း ကြယ်လိုတလက်လက်တောက်ပသွားလေရဲ့။
"ဝါး အား အား အား ! ! !"
"အား အား အား အား ! ! !"
ညီအစ်မနှစ်ယောက်ဟာ သူတို့ပါးလေးကိုကိုင်ထားရင်း ချစ်စရာအကောင်ပေါက်လေးတွေလို အတူတူအော်ဟစ်ကြလေ၏။
ဒီမိန်းမလှလေးက သူတို့မေမေပဲ ! ! !
"မားမား မားမား ! ! !"
သို့ရုန်ညီအစ်မဟာ သူတို့မေမေဆီပြေးလာကြပြီး မရေမတွက်နိုင်တဲ့စကားချိုချိုလေးတွေပြောပါတော့သည်။ "မားမားက အရမ်းလှတာပဲ!"
"သို့သို့ရုန်ရုန်ရဲ့မားမားက ကမ္ဘာပေါ်တွင် အလှဆုံးမားမားပဲ!"
"သို့သို့က မားမားကို အချစ်ဆုံးပဲလို့!"
"ရုန်ရုန်က မားမားကို အချစ်ဆုံးပဲနော်!"
ထိုအချိန်တွင် သူတို့မျက်လုံးထဲမှာ ဘာကာတွန်းမှမရှိတော့ဘဲ သူတို့စိတ်ထဲမှာ မေမေလှလှလေးပဲရှိနေပါတော့သည်။
ချင်းရို့က ညီအစ်မနှစ်ယောက်ကို ပွေ့ဖက်လိုက်ပြီး သူတို့ပါးလေးတွေကို အနမ်းပေးလိုက်သည်။
"မားမားနဲ့အတူတူပြန်မှာလား? ဒါမှမဟုတ် TVကြည့်ချင်သေးလား?"
"မားမားနဲ့ပြန်မှာ!"
"မားမားက TVထက် ပိုကြည့်ကောင်းတာကို!"
"မားမား မီးဆံပင်ကို ကျစ်ဆံမြီးကျစ်ပေးဦးနော်!"
"သို့သို့လည်း မားမားလိုလှချင်လို့ပါ"
"ရုန်ရုန်ရောပဲနော်!"
...
ချင်းရို့က သူ့သမီးနှစ်ယောက်ကို ပြန်ခေါ်သွားခဲ့သည်။ ဤအသေးလေးနှစ်ယောက်ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ သူတို့မေမေကို အရမ်းသဘောကျနေကြသည်ကြောင့် အဝတ်အစားချွတ်ပစ်ရန် ဝန်လေးနေမိ၏။ ထို့ကြောင့် ချင်းရို့လည်း ရေချိုးရန် အလျင်စလိုမလုပ်တော့ဘဲ ဆက်ဝတ်ထားခဲ့ရလေသည်။
"မင်းတို့မားမားကို ပါးပါးဆီ ခဏလောက်ငှားပါဦးကွာ" လုယန်က သူမကို ရေချိုးခန်းထဲဆွဲခေါ်သွားပြီး ခေါင်းငုံ့ကာ နမ်းပါတော့သည်။
ချင်းရို့က ကလေးတွေကြားသွားမည်စိုး၍ ဆူညံသံအများကြီးမလုပ်ရဲပါချေ။ နောက်ဆုံးတော့ သူမအမျိုးသားကို တွန်းထုတ်နိုင်သွားလေပြီ။ သူမ သူ့ကို စူးစိုက်ကြည့်ချင်ပေမယ့် အမျိုးသားရဲ့နှုတ်ခမ်းထက်မှာ သူမရဲ့နှုတ်ခမ်းနီအရောင် စွန်းထင်းနေသည်ကို တွေ့ရှိလိုက်ရသဖြင့် ချင်းရို့ မရယ်ဘဲမနေနိုင်တော့ချေ။
"အရာရှိလုရေ ကျေးဇူးပြုပြီး မှန်ထဲကြည့်လိုက်ဦး!"
"မကြည့်ပါဘူး" အရာရှိလုဟာ အရေထူစွာဖြင့် "ကိုယ့်သမီးတွေကို ဒီတိုင်းထွက်တွေ့မှာ"
"မြန်မြန်ပြန်လာခဲ့၊ ရှင့်... သုတ်လိုက်ဦး၊ ဟင်း သေချာသုတ်သွားဦးလေ" ချင်းရို့က ရှင်းရှင်းလင်းလင်းပြောဖို့ရာ ရှက်ရွံ့နေမိသလို အပြင်ကသူ့သမီးတွေ သိသွားမှာကိုလည်း စိုးရိမ်နေမိသည်။
ချင်းရို့လည်း သူ့နှုတ်ခမ်းပေါ်က နှုတ်ခမ်းနီကိုသုတ်ပေးလိုက်ရပြီး မှန်ရှေ့မှာ သူမရဲ့မိတ်ကပ်ကို ပြန်ညှိလိုက်သည်။ လုယန်က သူမကို အနောက်ကနေဖက်လိုက်၍ ချင်းရို့လည်း စိတ်တိုတိုနဲ့ သူ့မျက်နှာကို အဝေးတွန်းဖယ်ပစ်လိုက်သည်။ "ကျွန်မအလုပ်တွေကို နှောင့်နှေးအောင်လာလုပ်မနေနဲ့၊ တွယ်ကပ်နေတဲ့လူကြီးရေ"
"မင်းက ဘယ်သူ့ကို တွယ်ကပ်နေတဲ့လူလို့ ခေါ်နေတာလဲကွာ? ခုနကပဲ အရာရှိလုလို့ ခေါ်နေတာမဟုတ်ဘူးလား? နည်းနည်းလောက်ပိုခေါ်ပါဦးကွာ"
"လုယန်!"
ချင်းရို့ သူမနှုတ်ခမ်းနီကို ပြန်ဆိုးလိုက်ပြီးနောက် ကျီစယ်စွာ သူ့မျက်နှာပေါ်မှာ အနီရောင်နှုတ်ခမ်းနီအရာကြီးချန်ထားလိုက်လေသည်။ ထို့နောက် မကောင်းမှုကို အောင်မြင်စွာလုပ်ပြီးသွားတဲ့ မြေခွေးလေးတစ်ကောင်လိုမျိုး ပျော်မြူးစွာ အပြင်ပြေးထွက်သွားတော့သည်။
"သို့သို့ရုန်ရုန်ရေ မားမားလာပြီနော်!"
လုယန် ခေါင်းလှည့်ကာ မှန်ကြည့်လိုက်သည့်အခါ မှန်ထဲကလူရဲ့ မျက်လုံးထဲမှာ ချစ်ခင်မြတ်နိုးလှတဲ့အပြုံးလေးဟာ မှေးမှိန်မသွားသေးဘဲ သူ့မျက်နှာပေါ်မှာလည်း အနီရောင်တောက်တောက်နှုတ်ခမ်းနီအစွန်းအထင်းရှိနေခဲ့သည်။
သူပြုံးလိုက်ပြီး လက်မြှောက်ကာ ပွတ်သုတ်လိုက်သည်။
ချင်းရို့လည်း အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သမီးနှစ်ယောက်အတွက် ကျစ်ဆံမြီးလှလှလေးတွေကျစ်ပေးလိုက်သည်။ ချင်းရို့က သမီးလေးတွေအတွက် လိပ်ပြာဆံညှပ်လှလှလေးအများကြီးကို ပြုလုပ်ပေးထားခဲ့ပြီး လိပ်ပြာပေါ်ကတောင်ပံလေးတွေဟာ တလှုပ်လှုပ်နဲ့ အရမ်းကိုလှပလေ၏။ ကလေးမလေးနှစ်ယောက်က လိပ်ပြာဆံညှပ်လေးတွေကို ကြည့်၍ အရမ်းပျော်သွားကြလေသည်။
အကြီးမလေးက လိပ်ပြာဆံညှပ်တပ်ပြီးနောက် အငယ်မလေးကလည်း တစ်ခုတပ်ဖို့ရာ မစောင့်နိုင်ပါတော့ချေ။
"မားမား မြန်မြန်လုပ်ပေးပါဦး၊ ရုန်ရုန်လည်း တစ်ခုလိုချင်ပြီလို့!"
"ကောင်းပါပြီရှင်" ချင်းရို့ပြုံးကာ သူမဆံပင်တွေကို နားရွက်နောက်သပ်လိုက်ရာ ပုလဲနားဆွဲလေးဟာ အနည်းငယ်လှုပ်ယမ်းသွားခဲ့သည်။
လုကျုံးရီပြန်ရောက်လာသည်နှင့် ဒီမေမေနဲ့သမီးတွေကျစ်ဆံမြီးကျစ်နေကြတာကို တွေ့လိုက်ရ၍ မလှုပ်ဖို့အမြန်ပြောလိုက်ပြီး "ဖိုးဖိုးကို မင်းတို့အတွက် ဓာတ်ပုံရိုက်ခွင့်ပေးနော်"
"လာကြ၊ သို့သို့ရုန်ရုန်လေးက ဒီမှာမတ်တပ်ရပ်လိုက်၊ ဖိုးဖိုးက မင်းတို့အတွက် ဓာတ်ပုံရိုက်ပေးမယ်"
လုကျုံးရီမှာ အကြံကောင်းတစ်ခုရှိခဲ့သည်။ သူ့မြေးမလှလှလေးတွေရဲ့ ဓာတ်ပုံတွေကို ရဲဘော်လောင်ဝမ်ဆီ ပို့ပေးရမယ်။
မနက်ဖြန်ကျရင် လောင်ဝမ်ကို ဖုန်းခေါ်ပြီးတော့ "ဒါက ငါ့မြေးမလေးတွေအတွက် ငါကျစ်ပေးထားတဲ့ ကျစ်ဆံမြီးတွေပဲ၊ လှတယ်မဟုတ်လားကွ"လို့ပြောရမယ်။
"အိုး ငါ့မြေးမလေးနှစ်ယောက်က အရမ်းလှတာပဲ၊ သူတို့မားမားလိုပဲ လှကြတယ်ကွာ။ သူတို့လေးတွေကြီးလာရင် အလှလေးတွေဖြစ်လာမှာ သေချာပေါက်ပဲကွ!"
နောက်တစ်နေ့တွင် ချင်းရို့နှင့်လုယန်တို့ဇနီးမောင်နှံက ကလေးလေးယောက်ကိုခေါ်ကာကာလာTVတစ်လုံးသွားဝယ်ခဲ့သည်။ လုယန်က ဂျစ်ကားတစ်စီးငှားထားပြီး ကာလာTVကို အိမ်သို့သယ်လာခဲ့ကြ၏။ သို့သို့ရုန်ရုန်လေးက အထူးစိတ်လှုပ်ရှားနေကြလျက်။
"မီးတို့အိမ်မှာလည်း TVကြည့်လို့ရပြီ!"
"ကာလာTVကြည့်မယ်!"
xxx