အခန်း (၂၆၀-၂၆၁)
Vol. 22 Ch. 260-261
Ch-260
"မင်းတို့မိသားစုရဲ့ လောင်စန်းက ဘာဖြစ်လို့လဲ?"
လောင်လုမိသားစုရဲ့ လောင်စန်းဟာ ရဲမေဖြစ်လာပြီး အခု ကွမ်ချန်မှာ အခြေချနေထိုင်ကာ အေးအေးချမ်းချမ်းဘဝကိုဖြတ်သန်းနေကြောင်း လောင်ဝမ် သတိရလိုက်၏။ သူမဆီမှာ တစ်ခုခုဖြစ်တာများလား?
လောင်လုက တွေဝေမိန်းမောနေရင်း "ငါတို့လောင်စန်းကလေ... ဟိုရက်တုန်းက သူမမှာ ကိုယ်ဝန်ရှိနေပြီ၊ လက်ထပ်တော့မယ်၊ ရှောင်မင်အတွက် ညီလေး ဒါမှမဟုတ် ညီမလေးတစ်ယောက်မွေးပေးတော့မယ်လို့ ပြောလာတာ"
"သူမရှာလာခဲ့တဲ့ သားမက်အသစ်လေးက စားဖိုမှူးတစ်ယောက်လေ၊ စစ်မှုထမ်းဟောင်းတစ်ယောက်ပဲကွ။ သူက အရသာရှိတဲ့ဟင်းလျာတွေချက်တတ်တယ်၊ ပြီးတော့ သူ့မျက်နှာမှာလည်း အမာရွတ်တစ်ခုရှိ..."
"ဘာ! မင်းဘာပြောလိုက်တယ်?" လုကျုံးရီပြောလိုက်တဲ့စကားတွေကြောင့် လောင်ဝမ် စိတ်ရှုပ်ထွေးသွားရလျက်။
လောင်လုက ဘာတွေပြောနေတာလဲဟေ? သူ့သမီးမှာ ကိုယ်ဝန်ရှိနေပြီး လက်ထပ်တော့မယ်လို့ ပြောနေတာလား...
ဘယ်သူကကိုယ်ဝန်ရှိတာ? ဘယ်သူကလက်ထပ်တော့မှာ?
"ငါပြောတာက ငါ့မှာ သားမက်တစ်ယောက်ရတော့မယ်ကွ"
လောင်ဝမ်: "... ငါ အိပ်မက်မက်နေတာလား? ဒါမှမဟုတ် မင်းပဲ တစ်ခုခုမှားပြောတာလားဟေ? မင်းမှာ မြေးသားမက်ရတော့မယ်လို့ပြောချင်လား? မင်းတို့မိသားစု သို့ရုန်လေးနဲ့ စေ့စပ်လိုက်တာ ဘယ်မိသားစုလဲကွ?"
"ငါ့သမီးကိုပြောနေတာ၊ လောင်စန်းကိုပြောနေတာကွ။ ငါ့မိသားစုရဲ့ လောင်စန်းက ငါတို့မသိအောင် တစ်ယောက်ယောက်နဲ့ ဒိတ်နေတာ နှစ်တော်တော်ကြာပြီတဲ့"
လောင်ဝမ်: "... ဖာ့ခ်! လောင်လုရေ မင်းမိန်းမကျန်းဖျင် ဘေးမှာရှိလား? မင်း ကယောင်ချောက်ချားဖြစ်နေတာလားဟေ၊ မင်းမဟုတ်တာတွေမပြောနဲ့လေကွာ"
လုမိသားစုရဲ့ တတိယသမီး... လုရွှမ်ဟာ တစ်ယောက်ယောက်နဲ့ ဒိတ်နေတာ နှစ်တွေကြာပြီတဲ့လား၊ သူတို့အိမ်ထောင်ပြုကြတော့မယ်တဲ့လား...
ဒါကြီးက နေအနောက်အရပ်ကထွက်လာတယ်လို့ ပြောတာထက် ပိုမယုံနိုင်စရာကောင်းတယ်လေ ! !
"မြန်မြန်၊ မြန်မြန်လုပ်၊ မင်းဆေးရုံမှာ သွားကုဖို့လိုနေပြီ!"
လောင်လု မျက်လုံးလှိမ့်လိုက်ကာ "မင်းနားကမှ သွားကုဖို့လိုတာကွ၊ ငါ့သမီးက လက်ထပ်တော့မှာ၊ ငါလည်း သားမက်တစ်ယောက်ရတော့မှာလေ။ မင်းနားထောင်ရခက်နေတာလား၊ မကြားချင်တာလား?"
"တကယ်ကြီးလား?"
"တကယ်ပေါ့၊ ပြီးတော့ အဲဒီလူက ငါ့သမီးက လိုက်ခဲ့တဲ့သူပဲကွ"
"တကယ်??? ဒါ... ဒါကဖြစ်နိုင်လို့လား?"
"ဘာလို့မဖြစ်နိုင်ရမှာလဲ? ငါ့သားလုယန်က သူ့အစ်မကို သူ့ယောက်ဖနဲ့ ဒိတ်လုပ်ဖို့အတွက် သင်ပေးခဲ့တာတဲ့..."
ဖုန်း၏အခြားတစ်ဖက်မှလောင်ဝမ်: "..."
"ဟုတ်ရဲ့လားကွာ၊ ငါ့အထင်တော့ လောင်လု မင်းရဲ့ဦးနှောက်ကို စစ်ဆေးဖို့ ဆေးရုံသွားဖို့လိုနေပြီနော်။ မင်း ဘာထူးဆန်းတာတွေပြောနေတာလဲကွာ"
"မင်းကမှ ထူးဆန်းနေတာ၊ မင်းတစ်မိသားစုလုံးကမှ ထူးဆန်းနေတာကွ။ ဟမ့်! ငါ့မှာလည်း သားမက်တစ်ယောက်ရှိလာတော့မယ်။ နောက်ထပ်မြေးမလေးတစ်ယောက်ထပ်ရမှာလည်းဖြစ်နိုင်တာပဲ။ နှုတ်ဆက်ပါတယ် လောက်ဝမ်ရေ ငါ့ကိုကောင်းချီးလေးပေးလိုက်ဦး။ နောက်တစ်ခါကျမှပဲ ငါ့မြေးမလေးတွေကိုခေါ်လာပြီး မင်းကိုလာတွေ့မယ်ကွာ"
လောင်ဝမ်: "... မင်းအိပ်မက်ထဲမှာပဲ မြေးမလေးရမယ်၊ စိတ်အနှောင့်ယှက်ပေးတဲ့ကောင်ပဲ"
အဘိုးအိုနှစ်ယောက် ဖုန်းအတူတူချပစ်လိုက်ကြသည်။ သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို တစ်ယောက်နဲ့တစ်ယောက် မထီမဲ့မြင်ပြုနေကြပေမယ့် အပတ်တိုင်း ဖုန်းပြောဖြစ်ကြသည်။
ရက်အနည်းငယ်လောက် အချင်းချင်း မဆက်သွယ်ဖြစ်ကြရင် သူတို့ကိုယ်အနှံ့ယားယံနေသလိုခံစားရတတ်သည်။
ယင်းကြောင့် ကျန်းဖျင်နှင့် လောင်ဝမ်မိန်းမတို့ဟာ သူတို့ကို ကြည့်မရကြဘဲ ဒီအဘိုးအိုနှစ်ယောက် ပြောစရာတော်တော်များများရှိနေတုန်းပဲလို့ ဆိုခဲ့ကြသည်။
"ကလေးဆိုးကြီးတွေ ကလေးဆိုးကြီးတွေဆိုတာ ရှင်တို့နှစ်ယောက်ကိုပြောတာ အတိအကျပဲ။ ရှင်တို့ဟာလေ လောင်ရွှီမိသားစုက မြေးငယ်လေးလိုပဲ စကားပြောနေကြတာ။ မူလတန်းကျောင်းသားနှစ်ယောက်လိုမျိုး ရန်ဖြစ်နေကြတာများ လူတွေကြားရင် အော်ရယ်ကြလိမ့်မယ်"
လောင်ဝမ်မိန်းမဟာ လောင်ဝမ်နှင့် လောင်လုကြားက "နေ့စဉ်ဖုန်းခေါ်ဆိုခြင်း"ကို နားမလည်နိုင်ပါချေ။ ဒီလူနှစ်ယောက်ဟာ ဖုန်းထဲမှာ အမြဲတမ်းရန်ဖြစ်နေကြပြီး တခြားလူတွေကို သေလုနီးပါးရယ်မောစေကြတာ။
"မင်းနဲ့ ကျန်းဖျင်လည်း နေ့တိုင်းလိုလို ဖုန်းပြောနေကြတာပဲကို။ ဘယ်သူ့ကိုချစ်တဲ့အကြောင်း၊ သူက သူမကိုချစ်တယ်၊ သူမက သူ့ကိုမချစ်ဘူး၊ ယောက္ခမနဲ့ ချွေးမရန်ဖြစ်ကြတဲ့အကြောင်းတွေရောပဲ... မင်းတောင်မှ ထူးထူးဆန်းဆန်းစကားတွေ သင်ယူနေသေးတာပဲလေ..."
"ကျွန်မတို့က TVစီးရီးအကြောင်း ပြောနေတာလေ။ ရှင်က TVစီးရီးကိုရောသိရဲ့လား? အဲဒါက အသစ်ထွက်တဲ့ဟာပဲ၊ ကွမ်ကျိုးမှာ ဟောင်ကောင်နဲ့ ထိုင်ဝမ်က TVချန်နယ်တွေ အများကြီးရှိတယ်လေ။ အခုဆို လူတိုင်းက TVဇာတ်လမ်းတွဲတွေအကြောင်းပြောရတာကို သဘောကျနေကြပြီနော်"
"မပြောတော့ပါဘူး၊ လူတွေက ဒီလိုTVစီးရီးတွေကို ဘယ်လိုတောင်ရိုက်ကူးရဲကြတာလဲမသိဘူးနော်၊ တွေးလည်းတွေးတတ်ကြပါပေ့။ ကျွန်မတို့လိုသာမန်လူတွေဆို ဒီလိုထူးထူးဆန်းဆန်းဇာတ်ကွက်တွေကို တွေးကြည့်လို့တောင်မရဘူး..."
"ထူးဆန်းလို့လား?" လောင်ဝမ်က လက်ပိုက်လျက် "အဲဒါက ဘယ်လောက်ပဲထူးဆန်းနေပါစေ၊ လောင်လုရဲ့သမီး နောက်အိမ်ထောင်ပြုတာလောက် ထူးဆန်းနိုင်သေးလား?"
"လောင်လုက နောက်ထပ်မြေးမလေးတစ်ယောက်ရဦးမှာတဲ့"
"ဘာ?" လောင်ဝမ်မိန်းမ အံ့အားသင့်သွားလျက် "လောင်လုရဲ့သမီးက အိမ်ထောင်ပြုတော့မလို့? သူ့မှာ ဘယ်တုန်းက သမီးရှိသွားတာလဲ?"
လောင်ဝမ်: "... လုရွှမ်လေ၊ ရှောင်မင်ရဲ့အမေကို မင်းမေ့သွားပြီလား"
"သူမက စားဖိုမှူးတစ်ယောက်ကိုရှာတွေ့ထားတာ၊ သူက အရမ်းချောတဲ့အငြိမ်းစားစစ်သားတစ်ယောက်ပဲတဲ့။ အဲဒီလူကိုစလိုက်ခဲ့တာ လုရွှမ်ဆိုပဲ။ နောက်ပြီးတော့ ဘယ်လိုဒိတ်လုပ်ရမလဲဆိုတာ သူ့အစ်မကို အကြံပေးတဲ့သူကလည်း လုယန်တဲ့"
လောင်ဝမ်မိန်းမ: "... ရှင် ဇာတ်လမ်းပြောတဲ့နေရာမှာ အရမ်းတော်တာပဲနော်၊ ကျွန်မဖြင့် ရှင့်လောက်တော်တဲ့ TVဒရာမာမျိုးမတွေးဖူးသေးဘူး"
လုရွှမ်မှာ ကိုယ်ဝန်ရှိနေပြီတဲ့လား? နောက်အိမ်ထောင်ပြုတော့မယ်တဲ့လား? သူ့မောင်လေးလုယန်က သူတို့ဆက်ဆံရေးကို သင်ပေးတဲ့သူတဲ့လား? ...
"အခုတော့ မင်းကိုယ်မင်း ဘယ်လောက်မိုက်မဲသလဲသိပြီလား? လောင်လုမိသားစုက TVဇာတ်လမ်းတွဲတွေထက်တောင် ပိုထူးဆန်းနေသေးတာ!"
"ရှင် မနာလိုဖြစ်နေတာလား ရဲဘော်လောင်ဝမ်ရေ"
"ဖေး ဘယ်သူကမနာလိုဖြစ်ရမှာလဲ..."
လောင်ဝမ် ခေါင်းမာစွာပြန်ဖြေလာခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး လောင်လုနှင့် ရန်ဖြစ်လာခဲ့တာကို ပြန်လည်တွေးနေမိလျက်။ သူ့ဘဝရဲ့ ပထမတဝက်လောက်မှာ သူကအမြဲခြေတစ်လှမ်းသာခဲ့ပြီး ဒုတိယတဝက်မှာတော့ လောင်လုနိုင်သွားချေပြီ။
"ရှင့်ကို အမြဲမနာလိုဖြစ်နေခဲ့ရတာက လောင်လုဆိုပေမဲ့ အခုတော့ လောင်လုကို မနာလိုဖြစ်ရမယ့် ရှင့်အလှည့်ရောက်ပြီပဲ။ ဒါ ဘယ်လိုကမ္ဘာမျိုးပါလိမ့်နော်?"
လောင်ဝမ်မိန်းမက သူ့ကို ရယ်မောကာ "နိုးထလိုက်တော့၊ အခုခေတ်က အရာရာပြောင်းလဲသွားပြီလို့ လူတိုင်းပြောနေကြတာ..."
ဒီလူဟာ အနိုင်ကိုပဲလိုချင်သူဖြစ်ပြီး အရာရာတိုင်းမှာ တခြားသူတွေနဲ့ ယှဥ်ပြိုင်လိုသူပင်။
သူပြိုင်ပြီးရင်လည်း အရှုံးကိုလက်မခံတတ်ချေ။
"အချိန်တွေဘယ်လိုပဲပြောင်းပြောင်း၊ ကံမကောင်းတဲ့သူက လောင်ဝမ်ဆိုတဲ့ငါမဖြစ်သင့်ဘူးမလား?"
လောင်ဝမ် သူ့မျက်နှာကိုဖုံးအုပ်၍ အလွန်နောင်တရမိသလို ခံစားလိုက်ရ၏။ "ဒါတွေအားလုံးက လောင်လုသားထွေးရဲ့အိမ်ထောင်ရေးက စခဲ့တာပဲ။ သူအိမ်ထောင်ပြုဖို့အတွက် အရင်က ငါ ဘာလို့ဒီလောက်သွားတိုက်တွန်းမိတာလဲကွာ။ အဲဒါကြောင့် လောင်လုက သူ့သားထွေးအတွက် ဒီလိုဇနီးကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ"
"သူမက လှလည်းလှ၊ ကောလိပ်ကျောင်းသူလည်းဖြစ်၊ သီချင်းလည်းဆိုတတ်၊ ကလည်းကတတ်သေးတယ်၊ အခုလည်း ပုလဲမွေးမြူရေးစက်ရုံဖွင့်တော့မယ်လို့ ကြားမိတယ်..."
လောင်ဝမ် အလွန်ချဉ်စူးနေလျက်။ လောင်လုရဲ့သားတွေက အိမ်ထောင်ရေးမှာ အဆင်မပြေခဲ့ကြသော်လည်း သူတို့လုယန်ကတော့ "ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုနိုင်ခဲ့ပြီး" လုမိသားစုရဲ့ နောက်ကျမှအိမ်ထောင်ပြုရတဲ့ကျိန်စာကို အောင်အောင်မြင်မြင် ချိုးဖျက်ခဲ့ကာ ဒီလိုဇနီးကောင်းလေးနဲ့ လက်ထပ်နိုင်ခဲ့သည်။
လောင်ဝမ် သက်ပြင်းချလျက် "ငါတို့က ဒီမျိုးဆက်ကို မယှဥ်နိုင်တော့ဘူးပဲ။ အနာဂတ်မှာ ငါတို့မြေးတွေအိမ်ထောင်ပြုရင် ငါတို့သားတွေကို အာရုံစိုက်ခိုင်းရမယ်"
"ရှင် ဘာကိုအာရုံစိုက်ဦးမှာလဲ? လူကဖြင့် အခေါင်းထဲကို ခြေတစ်ဖက်ဝင်ပြီးနေပြီကို၊ ရှင့်မြေးတွေကို ဒုက္ခပေးမနေနဲ့တော့"
ဒီလိုခေတ်ဟောင်းလူအိုကြီးတွေနှင့်မတူစွာပင် ကျန်းဖျင်၏လွှမ်းမိုးမှုအောက်တွင် လောင်ဝမ်မိန်းမသည်ကား ယခုခေတ် ပြောင်းလဲမှုအသစ်များနှင့် ခေတ်ရေစီးကြောင်းအသစ်များကို စတင်လက်ခံနေပြီဖြစ်သည်။ လောင်ဝမ်မိန်းမလည်း သူမဆံပင်တွေကိုကောက်ချင်သလို တေးဂီတလက်ဖက်ရည်ဆိုင်မှာ သွားကချင်ပြီး ဖားပုံစံမျက်မှန်ကိုတပ်ရင်း ကော်ဖီသောက်လိုပေသည်။
"လောင်ဝမ် ကျွန်မတို့ရော ဘယ်အချိန်တောင်ပိုင်းကိုသွားကြမလဲ?"
ယခုအခါ လူတွေက တောင်ပိုင်းသို့ပြောင်းရွှေ့လာကြပြီး တောင်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ နေရာတိုင်းမှာ စက်ရုံအလုပ်ရုံတွေ ဖွင့်လှစ်လာကြကာ လူတွေကိုလည်း နေရာတိုင်းတွင် ခေါ်ယူနေပြီး ယခုဆို တောင်ပိုင်းကိုသွားတဲ့ရထားမှာ လူတွေပြည့်လျှံနေတတ်သည်။ လူတိုင်းက အသစ်အသစ်သောအရာတွေကို ကိုယ့်မျက်စိနဲ့ကိုယ်ကြည့်လိုသည်ကြောင့် တောင်ပိုင်းကိုသွားချင်ကြလေသည်။
"မင်းကအိုနေပြီလေ၊ ဘာရှုပ်ရှုပ်ယှက်ယှက်တွေလုပ်ချင်နေသေးတာတုန်း"
လောင်ဝမ်သည် တောင်ပိုင်းရှိ ခေတ်မီဖက်ရှင်တွေကို ဂရုမစိုက်ပါချေ။ သူက အခု တယ်လီဖုန်းအကြောင်းကိုသာ ဂရုစိုက်လေ၏။ သူတို့အိမ်မှာ တယ်လီဖုန်းတပ်ဆင်တော့မယ် ! !
"နောင်ကျ အိမ်ကနေပဲ လောင်လုဆီ ဖုန်းခေါ်လို့ရတော့မယ်"
"နောက်တစ်ခါကျရင် သူ့ကို ငါSurpriseလုပ်ရမယ်!"
xxx
Ch-261
လုရွှမ်နဲ့ လွီချင်းတို့ဟာ မင်္ဂလာပွဲကို တခမ်းတနားကြီးမလုပ်ခဲ့ကြပေ။ သူတို့ရဲ့ အသိအကျွမ်းမိတ်ဆွေတချို့ကိုသာ ဖိတ်လိုက်ပြီး လွီချင်းရဲ့ လက်ဖက်ရည်ဆိုင်တွင် စားပွဲသုံးလေးလုံး ခင်းကျင်းဧည့်ခံခဲ့ကြ၏။ သူ့နေရာလေးဟာ လူတွေကိုဧည့်ခံဖို့အတွက် လုံလုံလောက်လောက်ကြီးပေသည်။
ဧည့်သည်တော်များမှာ လုမိသားစုဝင်များ၊ ရဲစခန်းမှ လုရွှမ်၏လုပ်ဖော်ကိုင်ဖက်များနှင့် အစိုးရပိုင်စားသောက်ဆိုင်မှ လွီချင်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများဖြစ်ကြသည်။
လွီချင်းနဲ့ လုရွှမ် လက်ထပ်တော့မယ့်အကြောင်း အစိုးရပိုင်စားသောက်ဆိုင်မှလုပ်ဖော်ကိုင်ဖက်ဟောင်းတွေကြားသိရတဲ့အခါ လူတိုင်း စိတ်ရှုပ်ထွေးသွားကြပြီး လျှို့ဝှက်ဆန်းကြယ်တဲ့အမူအရာများဖြင့် "..."
ဒါဟာ ဖရဲသီးဟောင်းတစ်လုံးစားလိုက်ရသလိုမျိုးပင်။ အံ့အားသင့်စရာကိစ္စဖြစ်သင့်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အထူးအဆန်းမဟုတ်တော့ပါပေ။
"နောက်ဆုံးတော့ မင်းတို့နှစ်ယောက်အတူတူရှိသွားကြပြီပဲ!!!!"
"ရှောင်မင်အမေက ရှောင်မင်ကို ငါတို့စားသောက်ဆိုင်ဆီခေါ်လာတုန်းက ငါက သူ့တို့ကိုကြိုခဲ့တာလေ"
"အဲဒါတင်မဟုတ်ဘူး၊ ရှောင်မင်က "ပါး"လို့တောင် အကျယ်ကြီးအော်လိုက်သေးတာဟယ်"
"ရှောင်မင်က သူ့အဖေဟာ ပါတနာတစ်ယောက်မရှာနိုင်ဘူးပြောတုန်းက လွီချင်းလည်းအတူတူပဲလို့ ငါပြောခဲ့သေးတာ။ မင်းတို့နှစ်ယောက်ဟာလေ တကယ်ပါပဲ၊ ဧကရာဇ်က အလျင်မလိုနေဘဲ မိန်းမစိုးက အလျင်လိုနေတယ်ဆိုတဲ့ စကားပုံနဲ့တူနေတာ။ အခု မင်းတို့နှစ်ဦး အတူတူရှိသွားတာ အရမ်းကောင်းတယ်ကွာ။ ဒါဟာကံကြမ္မာပဲ!"
...
အစိုးရပိုင်စားသောက်ဆိုင်ရှိလူတိုင်းကတော့ လွီချင်းနဲ့လုရွှမ်တို့ကြားထဲကကိစ္စတွေကို နည်းနည်းပါးပါးသာသိထားကြ၏။ သူတို့နှစ်ယောက်ဟာ အချိန်အကြာကြီး မိတ်ဆွေတွေဖြစ်နေကြတယ်လို့ သိထားခဲ့ကြသော်လည်း နောက်ဆုံးတော့ အတူတူရှိသွားကြလေပြီ။
အစိုးပိုင်စားသောက်ဆိုင်မှ စားပွဲထိုးလေးတွေက စုရုံးနေကာ တိုးတိုးပြောနေကြလျက် -
"ငါနင့်ကိုပြောသားပဲ၊ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဆိုတာ ဒီတိုင်းမိတ်ဆွေသူငယ်ချင်းပဲဆိုတာ မဖြစ်နိုင်ပါဘူးလို့"
"... ဒါပေမယ့် ငါ့အမြင်မှာတော့ သူတို့က ယောက်ျား၊ မိန်းမပုံစံမျိုးနဲ့မှမတူတဲ့ဟာကို"
"အရာရှိလုရှေ့မှာဆို ငါတို့ရဲဘော်လောင်လွီကမှ အိမ်အလုပ်တွေလုပ်တတ်တဲ့ ချိုမြိန်တဲ့ဇနီးသည်လေးနဲ့ ပိုတူတယ်နော်"
"ဘာ? ချိုမြိန်တဲ့ဇနီးလေး?"
...
အစိုးရပိုင်စားသောက်ဆိုင်မှ လူများသာမက လုစန်းကျဲ၏ လုပ်ဖော်ကိုင်ဖက်ရဲဝန်ထမ်းများလည်း ရောက်လာကြသည်။ လုစန်းကျဲရဲ့ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော အမျိုးသမီးရဲအရာရှိ ရွှယ်ဖေ့လင်နှင့် သူမရဲ့လုပ်ဖော်ကိုင်ဖက် လောင်ကျန်းနှင့် လောင်ရွှီတို့လည်းလာကြ၏။ သူတို့က လုရွှမ်အိမ်ထောင်ပြုတော့မယ်လို့ သိရှိပြီးနောက် ကောင်းကင်ပေါ်က ဥက္ကာပျံတွေ သူတို့ခေါင်းဆီထိမှန်သွားသလို ခံစားလိုက်ရပြီး အိပ်မက်လား၊ လက်တွေ့လားဆိုတာကိုတောင် သူတို့မပြောနိုင်ကြတော့ချေ။
အရာရှိရှောင်ချန်: "ငါ တကယ်ပဲ မမျှော်လင့်ထားမိဘူး..."
ရွှယ်ဖေ့လင်: "... အဖေနှစ်ယောက်လား?"
ရွှယ်ဖေ့လင်က သက်ပြင်းချ၍ "ပထမတော့ ငါ့လုကောက မိသားစုအဆောက်အဦးဆီကို သူ့မိသားစုကို သူနဲ့အတူတူခေါ်လာတယ်လို့ ထင်ခဲ့တာလေ။ ဒါ့ကြောင့် ငါ သူမကို လုကောလို့ခေါ်တုန်းကလည်း ပြုံးပြုံးကြီးတုံ့ပြန်ခဲ့တာ။ ငါတို့လုကောမှာ ဇနီးချောချောလေးရှိတယ်လို့ ထင်သွားတာပေါ့ဟ"
ရွှယ်ဖေ့လင် စကားပြောနေရင်း ဘေးဝိုင်းက ချင်းရို့အား မေးထိုးပြလိုက်သဖြင့် တစ်ဝိုင်းလုံးက သူမအကြည့်အတိုင်းလိုက်ကြည့်လိုက်ရာ လှပချောမောပြီး စွဲမက်ဖွယ်ကောင်းတဲ့အမျိုးသမီးလေး ချင်းရို့ကို တွေ့လိုက်ရလေသည်။
ရွှယ်ဖေ့လင်သည် လုရွှမ်ကို ပထမဆုံးအကြိမ်တွေ့ခဲ့တုန်းက အနှီစီနီယာဟာ ဒေါသကြီးတဲ့ ကြမ်းတမ်းတဲ့လူလို့ ထင်ခဲ့၏။ သူမဆီက အဆူငေါက်ခံခဲ့ရသော်လည်း "လုကော"အိမ်မှာ ထမင်းတစ်နပ်သွားစားပြီးတဲ့နောက် ရွှယ်ဖေ့လင်တွင် မနာလိုအားကျစိတ်သာ ကျန်ရစ်ခဲ့လေသည်။
လုကောမှာ ဒီလိုချောမောလှပတဲ့ဇနီးသည်လေးနဲ့ သားတစ်ယောက်ရှိပြီး သူဟာ အမှန်တကယ့်ကို ငါတို့မျိုးဆက်ရဲ့ မနာလိုစရာကောင်းတဲ့ ပြည်သူ့လုံခြုံရေးအရာရှိတစ်ယောက်ပင်။
ရလဒ်ကတော့ "လုကော"ပြောလိုက်တာက "ဒါက ငါ့ယောင်းမလေး"တဲ့လေ။
ဝိုး... ဆိုတော့ကား ခဲအိုနဲ့ ယောင်းမလေးပေါ့လေ၊ သူမက သူတို့ကို အထင်လွဲလုနီးနီးပဲနော်။
"မဟုတ်ပါဘူး၊ ငါက သူမရဲ့ ယောင်းမ(အစ်မကြီး)လေ"
ယောင်းမ... ယောင်းမ... ယောင်းမတဲ့လား... ဘယ်လိုယောင်းမမျိုးလဲဟ?
(note: မရှင်းကြမယ်စိုးလို့၊ ရွှယ်ဖေ့လင်က လုရွှမ်ကို ယောကျ်ားလို့ထင်နေခဲ့တာနော်၊ အာ့ကြောင့် သူက လုကောလို့ခေါ်နေတာ ကြည့်ရတာ ရဲစခန်းတစ်ခုလုံး သူ့ကိုယောကျ်ားလို့ပဲ ထင်ခဲ့ပုံရပါတယ် 😂)
သူမမျက်စိရှေ့က အလွန်ပျော်ရွှင်နေသော မိသားစုဟာ ထူးဆန်းတဲ့ဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲသွားသဖြင့် လူအများကို အနည်းငယ်စိတ်မသက်မသာဖြစ်စေခဲ့သည်။
နေရာမှာရှိနေကြတဲ့ ရဲအရာရှိများအားလုံး: "..."
"လုကော" အိမ်ထောင်ပြုတာက အရမ်းထူးခြားတာပဲနော်။
အနီးတစ်ဝိုက်ရှိလူတစ်စုရဲ့အကြည့်တွေကို လုယန်သတိပြုမိတဲ့အခါ သူ့ဇနီးလေးပုခုံးကိုဖက်၍ "ဒါ ငါ့ဇနီးပဲ"လို့ လေးလေးနက်နက် မိတ်ဆက်ပေးလိုက်လေသည်။
ချင်းရို့: "..."
ရွှယ်ဖေ့လင်: "..."
လောင်ကျန်းနှင့် လောင်ရွှီ: "..."
- ဒါက မိန်းမချောလေးရဲ့ ခင်ပွန်းအစစ်ပဲဟ...
သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တော်တော်များများက လုရွှမ်ရဲ့မောင်လေးကို တစ်ခါမှမမြင်ဖူးကြပေ။
မမြင်ဖူးတုန်းကတော့ အဆင်ပြေပေမယ့်... သူ့ကိုတွေ့ပြီးနောက်ပိုင်း... ရွှယ်ဖေ့လင်ဟာ လုရွှမ်မောင်လေးရဲ့ချောမောခန့်ညားမှုကြောင့် နှလုံးသားထဲမှာသက်ပြင်းမချဘဲမနေနိုင်တော့ပါချေ။
"နောက်ကျ နင့်မောင်စစ်တပ်ကထွက်ပြီးရင် ငါတို့ရဲအဖွဲ့ဆီ လာသင့်တယ်နော်"
"ဒါဆို သူ ရဲယူနီဖောင်းဝတ်ထားတဲ့အခါ သတင်းထောက်တွေလည်း ပရိုမိုးရှင်းဗီဒီယိုရိုက်ကူးဖို့ ငါတို့ဆီလာကြမှာပဲ"
"ငါ့မောင်က ရေတပ်ကပဲ၊ သူ့အသက်မွေးဝမ်းကြောင်းကို ပြောင်းမှာမဟုတ်လောက်ဘူး"
...
လောင်ရွှီက တခြားသူရဲ့မောင်ကိုတွေ့ပြီးနောက် မညည်းတွားဘဲမနေနိုင်တော့ "လုရွှမ်သာ ယောက်ျားဖြစ်ရင် အဲဒီအဒေါ်တွေနဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ရတာ ပိုလွယ်လိမ့်မယ်"
"ဟိုဘက်မှာသူတို့ပြောသလိုမျိုးလေ - ရှင်းနိုင်ရှားရှိုတဲ့"
(lady killerလို့ပြောတာပေါ့နော်၊ အဲဒီလူကို မိန်းကလေးတွေအားလုံးနီးပါး ကြိုက်ကြတယ်ဆိုရင် သူ့ကို lady killerလို့ခေါ်ကြတာမျိုးလေ)
ရွှယ်ဖေ့လင်: "အခုလည်း အလုပ်လုပ်ရတာ လွယ်နေတာပဲကို! အိမ်ထောင်ရှင်မတွေက သူမကို သဘောကျကြတယ်လေ"
လုရွှမ် လေးနက်စွာဖြင့် "နင်တို့ တိတ်တိတ်လေး ဘာတွေပြောနေကြတာလဲ?"
ရွှယ်ဖေ့လင်: "... ဟိုနေ့တုန်းက ကြည့်ခဲ့တဲ့TVစီးရီးအကြောင်း ပြောနေကြတာပါ"
"ငါလည်း လုကျဲလို ရဲအရာရှိတစ်ယောက်ဖြစ်ချင်ပါတယ်!"
လုစန်းကျဲလက်ထပ်ပြီးနောက် သူမရဲ့ခင်ပွန်း၊ ကလေးတွေနဲ့အတူ ရဲဝန်ထမ်းမိသားစုအိမ်ရာဆီသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မူလအိမ်ကို လုယန်နဲ့ချင်းရို့က ဆက်ငှားထားကာ ရံဖန်ရံခါနေထိုင်ခဲ့ကြသလို လောင်လုစုံတွဲလည်း တစ်ရက်၊ နှစ်ရက်ခန့် နေတတ်ကြ၏။
"ကွမ်ချန်လိုမျိုး သက်ဝင်လှုပ်ရှားနေတဲ့နေရာကို ရောက်ပြီးသွားတဲ့အခါ ကျောင်းမှာ အကျဥ်းထောင်မှာနေရသလိုမျိုး နေ့တိုင်းမနေနိုင်တော့ဘူး"
"ငါလည်း အခုဆိုအသက်ကြီးနေပြီ၊ မြို့ထဲမှာပဲ ပိုနေချင်တော့တယ်"
"ရှင်က လောင်ဝမ်ကို ကြွားချင်နေရုံပဲလေ၊ ကျွန်မ ရှင့်အကြောင်းမသိဘဲနေမလား"
...
လောင်လုနဲ့ သူ့မိန်းမလည်း သူတို့သားမက်အိမ်သို့လာကာ မကြာခဏဆိုသလို အစားအသောက်ဂုန်းဆင်းကြလေ၏။ သူတို့က ကန်တင်းမှာစားရတာ ငြီးငွေ့နေကြပြီဖြစ်ရာ သားမက်ချက်ကျွေးတာစားနေရလို့ တော်ပါသေးရဲ့။
"ကျွန်မတို့ရဲ့လောင်စန်းက သူ့မောင်ဆီက ကောင်းကောင်းသင်ယူနိုင်ခဲ့လို့ အခုလို ကောင်းကောင်းချက်ပြုတ်နိုင်တဲ့ခင်ပွန်းသည်ကို ရှာတွေ့ခဲ့တာပဲ"
"ရှောင်းဇိုင်လည်းချက်တတ်တာပါပဲ"
"စပ်လွန်းတယ်လေ!"
"လုရှောင်းက အခုဆို အစပ်ကောင်းကောင်းစားနိုင်နေပြီ၊ သူ့အဖေကိုတောင် ထိတ်လန့်သွားစေတာပဲလေ၊ နောက်ဆုံးအကြိမ်တုန်းက ကျွန်မရှေ့မှာ ငရုတ်ဆီတွေနဲ့ထမင်းသုပ်လုပ်နေခဲ့သေးတာ"
"ငါ့သားက တကယ့်ကိုအမေးဇင်းပဲကွာ..."
ကျန်းဖျင်: "ရှင့်သားတွေထဲမှာ မကောင်းတဲ့သူဘယ်သူရှိလို့တုန်း? လူငယ်ရော လူကြီးပါ လူတွေကို စိတ်ပိုင်းဆိုင်ရာအကြံပေးတွေဖြစ်နိုင်တာကို..."
"အဟွတ် အဟွတ် အဟွတ်" ရဲဘော်လောင်လုက စားသောက်နေရင်း သီးလုနီးပါးဖြစ်သွားရလျက် "စားနေတုန်း ဒီလိုထူးဆန်းတာတွေမပြောနဲ့လေ"
"ဒီကလေး လုယန်အကြောင်းကို မင်းမသိသေးလို့လား? သူက သူ့အဖေနဲ့တူတာလေ၊ ကံကောင်းလို့ပါပဲကွာ"
"လုယန်က ကံကောင်းတယ်ဆိုတာ အမေရင်းဖြစ်တဲ့ကျွန်မက အသိအမှတ်ပြုပါရဲ့။ ရှင်ကရော? ရှင်က ကံနည်းနည်းဆိုးတဲ့သူပဲလေ"
"မင်းဘာစကားပြောတာလဲ?"
"ရှင်ကံကောင်းနေတယ်ဆိုရင် ကျွန်မကိုဘာလို့လက်ထပ်ခဲ့သေးလဲ?"
"-- ငါ မင်းကိုလက်ထပ်လိုက်လို့ ငါ့ရဲ့ကံကောင်းခြင်းတွေအားလုံးသုံးပစ်ခဲ့ရတာပေါ့ကွာ"
ကျန်းဖျင် တုန်ယင်သွားရလျက်၊ "ဒီလိုအသဲယားစေတဲ့စကားလုံးတွေ ပြောနေတာကို ရပ်ပေးနိုင်မလား?"
"လူတိုင်း လမ်းပေါ်မှာ 'ထျန်မိမိ'သီချင်းဆိုနေကြတာ၊ ငါ့ကိုယ်ငါကံကောင်းတယ်လို့ပြောတာဘာမှားလို့လဲ?" ရဲဘော်လုကျုံးရီက သူ့ဇနီးကိုကြည့်၍ "မင်းက ခေတ်ကိုလိုက်မမှီနိုင်ဘူးပဲ"
ကျန်းဖျင်: "..."
"ထျန်မိမိ... နီရှောက်တဲထျန်မိမိ..... ~"
လောင်လုဇနီးမောင်နှံတောင်မှ "ထျန်မိမိ"ဆိုနိုင်သေးတာပဲနော်၊ ချင်းရို့ သူမဘေးမှာ ရပ်နေတဲ့ လူကိုကြည့်ကာ "လုကော ရှင်က ရှင့်မားနဲ့ပိုတူတယ်နော်" လို့ ရုတ်တရက်ပြောလိုက်၏။
လုယန်လည်း သူမစကားကို ထောက်ခံစွာဖြင့် "ကိုယ့်ပါးက အလေးမနက်မရှိဘူး"
"ရှင်လည်း အလေးအနက်သိပ်မရှိပါဘူးနော်"
xxx