← Chapters

အခန်း (၂၆၂-၂၆၃)

Vol. 22 Ch. 262-263

အခန်း (၂၆၂-၂၆၃)

Vol. 22 Ch. 262-263

Ch-262

"ကိုယ့်ပါးကို တိတ်တိတ်နေဖို့သွားပြောလိုက်ဦးမယ်ကွာ၊ သူ့မိတ်ဆွေဟောင်းတွေဆီ ဒီလိုအကြိမ်ကြိမ်ဖုန်းခေါ်နေရင်တော့ ကိုယ့်ရဲ့'အရာရှိလု'ဆိုတဲ့နာမည်ကို လူတိုင်းသိသွားကြတော့မယ်"

ချင်းရို့ ပါးစပ်ကိုအုပ်ကာ တိတ်တိတ်ကလေးရယ်မော၍ "ဘာမှားနေလို့လဲ?"

နာမည်ကျော်စိတ်ပိုင်းဆိုင်ရာအကြံပေးပုဂ္ဂိုလ်အရာရှိလု...

"ကုချန်အဖေက ကိုယ့်ဆီ ခဏခဏဖုန်းခေါ်ပြီး ကိုယ့်ကို မထောက်ထားတတ်သူလို့​ပြောနေတာကွာ၊ ကိုယ်က ကုချန်ရဲ့ ခေါင်းဆောင်ဖြစ်တာ နှစ်အတော်ကြာတာတောင် သူ့သားကို လူကောင်းတစ်ယောက်နဲ့ မိတ်မဆက်ပေးဘူးလို့ပြောနေတာလေ..."

"အခု မင်းရဲ့လုကောက လူတွေနဲ့မိတ်ဆက်ပေးဖို့ လျှော့ချခံရလုနီးပါးပဲ"

ချင်းရို့က သူ့ခါးကို တံတောင်နဲ့တွန်းလိုက်ကာ "ဒါဆို သူ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးတော့မှာမလား"

"ဘာမိတ်ဆက်ပေးရမှာလဲ? ဘာမှမရှိဘူး"

လုကောက လူတွေကိုမိတ်ဆက်ပေးရတာမျိုး ဝါသနာမရှိဘူးလို့ ပြောပြခဲ့သည်။

ရဲဘော်ကုရေ လူပျိုကြီးအဖြစ်ဆက်နေလိုက်ပါတော့။

လုစန်းကျဲလက်ထပ်ပြီး သိပ်မကြာခင်မှာပဲ လု မိသားစုဝင် ဒုတိယအစ်ကိုနဲ့ စတုတ္ထအစ်ကိုတို့က သူတို့မိသားစုနဲ့အတူ ကွမ်ချန်သို့ရောက်လာခဲ့ကြသည်။ ဒုတိယအကိုမှာ သားနှစ်ယောက်၊ စတုတ္ထအကိုလုရှောင်းမှာ သားတစ်ယောက်ရှိကြ၏။ တစ်မိသားစုလုံးစုံကြသည်မို့ စုပေါင်းဓာတ်ပုံရိုက်ရန် စတူဒီယိုကို ချီတက်သွားကြတော့သည်။

လုမိသားစုကြီးကိုကြည့်ပြီး ဓာတ်ပုံစတူဒီယိုပိုင်ရှင်မှာ ထိတ်လန့်သွားရလေရဲ့။

ကိုယ်ဝန်ဆောင်လုစန်းကျဲမှာ ဗိုက်ထွက်လာပြီဖြစ်၏။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ညီအကိုကလည်း အမြွှာညီအစ်မတစ်ယောက်စီကို ချီထားကြလျက်။

ဓာတ်ပုံစတူဒီယိုပိုင်ရှင်က ညီအကိုမောင်နှမ လေးယောက်ကိုကြည့်ပြီး မူးဝေသွားရကာ "ခုနကပဲ အစ်ကိုက သူ့ညီမလေးနဲ့ ဝင်ပြီးသွားကြပြီမဟုတ်လား? ဘာလို့ပြန်ထွက်လာတာလဲ?"

"သူတို့က အမြွှာမောင်နှမနှစ်စုံပဲ၊ အရမ်းရုပ်ဆင်ကြတဲ့အမြွှာတွေလေ"

"ဘာ? အမြွှာမောင်နှမနှစ်စုံလား?"

ပိုင်ရှင်ဖြစ်သူက လုကျုံးရီအား မပြောပဲမနေနိုင်တော့သဖြင့် "အရမ်းကံကောင်းတာပဲ၊ တအားကံကောင်းလိုက်တာ၊ မိသားစုထဲမှာ အမြွှာနှစ်စုံရှိနေတာပဲ၊ ပြီးတော့ သူတို့အားလုံးကတစ်ပုံစံတည်းပဲတော်"

လုကျုံးရီလည်း အပြုံးကြီးကြီးဖြင့် "ဟုတ်တယ်ကွာ၊ ငါတို့မိသားစု ဒီလောက်ကောင်းချီပေးခံရလိမ့်လို့ ငါလည်းမမျှော်လင့်ထားမိခဲ့ဘူး"

"ညီအကိုနှစ်ယောက်က ဘယ်မိသားစုကလဲ? အငယ်မလေးတွေကရော ဘယ်မိသားစုကလဲ?"

"ဘယ်မိသားစုလဲဆိုတာ ဘာကိုဆိုလိုတာတုန်းကွာ၊ သူတို့အားလုံး တစ်မိသားစုထဲကပဲ"

"တောင်းပန်ပါတယ်၊ ကျွန်မမေးခွန်းမှားမေးမိတာ။ အမြွှာညီအကိုတွေရဲ့ မိသားစုကဘယ်သူတွေလဲ? အမြွှာကလေးမလေးတွေရဲ့ မိသားစုက ဘယ်သူတွေလဲ မေးချင်တာပါရှင်"

ရဲဘော်လောင်လု: "သူတို့အားလုံးက ငါ့သားအငယ်ဆုံးမိသားစုကပဲ။ ဒီအမြွှာမောင်နှမလေးယောက်က မွေးချင်းတွေပဲလေ၊ တစ်မအေထဲကမွေးတာ"

"မွေးချင်းတွေပေါ့လေ?! မေမေကဘယ်သူတုန်း!" သူဌေးက အာမေဋိတ်သံထွက်လာလေ၏။

မျက်လုံးပေါင်းများစွာက ချင်းရို့ဆီ အလိုအလျောက်ကြည့်လာလျက်။

ချင်းရို့: "..."

ဒီလိုအကြောင်းရင်း​ကြောင့် အာရုံစိုက်ခံရတာကတော့ တကယ်ပါပဲနော်... ချင်းရို့ ချောင်းဆိုးလိုက်ပြီး မကြာသေးမီကကြည့်ခဲ့တဲ့ ကောင်းကင်ဘုံမှာဗြောင်းဆန်ခြင်းကို သတိရသွားကာ ရဲရင့်တဲ့လေသံဖြင့် အော်ခေါ်လိုက်၏။ "ကလေးတွေ ဒီကိုမြန်မြန်လာကြ!"

လုယန်: "..."

ကျိုးကျိုးလေး၊ ဖက်ထုပ်လေးနှင့် သို့သို့၊ ရုန်ရုန်: "..." ပြေးလာကြသည်မှာ မျောက်ကလေးတွေအဖြစ်ပြောင်းလဲသွားတော့မည့်နှယ်။

"မား သားလည်းလာပြီ!" ရှမင်ရှီးက အသံပိုကျယ်ကျယ်တုံ့ပြန်လိုက်ပြီး သူ့အဒေါ်ဆီ ပြေးသွားလေ၏။

လုရွှမ်: "..."

ကျိုးကျိုး၊ ဖက်ထုပ်လေး၊ သို့သို့၊ ရုန်ရုန်: "? ? ! ! ! !" 


ပိုင်ရှင်အမျိုးသမီးရဲ့ မေးရိုးပြုတ်ကျသွားကာ လောင်လုကို မယုံကြည်နိုင်စွာ ကြည့်လိုက်တော့ "သူ ငါးယောက်တောင်မွေးထားတာပေါ့လေ၊ အကြီးဆုံးက ဒီလောက်ကြီးနေပြီလား!!!"

ချင်းရို့: "???!!!"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ နားလည်မှုမလွဲနဲ့ဦး!! ဒါက ငါ့သမီးရဲ့သားလေးပါ" ရဲဘော်လောင်လုက လုရွှမ်ကို လက်ညှိုးထိုးပြလိုက်၏။

ပိုင်ရှင်အမျိုးအမီးက လုရွှမ်ကိုကြည့်ကာ "..."

သူမဗိုက်ပေါ် အကြည့်ရောက်သွားသည့်အခါ မျက်လုံးတွေက ပိုလို့တောင်ပြူးကျယ်သွားရ၏။

လုရွှမ်: "..."

လွီချင်းက ဇနီးဖြစ်သူရဲ့ ပခုံးကို ပွေ့ဖက်လိုက်ချိန်မှာတော့ သူဌေးရဲ့မျက်လုံးတွေပါ ထွက်ကျလာတော့မလိုပင်။

နောက်ဆုံးတွင်မူ ကလေးပေါက်စအဖွဲ့ဟာ သူတို့မေမေအနားအပြေးရောက်သွားကြပြီး အချင်းချင်းကြည့်နေကြလျက်။ ချင်းရို့လည်း ကလေးတစ်ယောက်ချင်းစီကို ကြည့်လိုက်ကာ မျောက်ကလေးတွေကိုခေါ်ပြီး ဟွားကော်တောင်ကို ဦးဆောင်တက်သွားတဲ့ ခေါင်းဆောင်ကြီးနဲ့တူတယ်လို့ ခံစားလိုက်ရသည်။

မျောက်ကလေးတွေအားလုံးက ပြောလာကြ၏။ "မားမားက စွန်းဝူခုန်းလား?"

"ပါးပါးက နတ်ဆိုးကျွဲဘုရင်ကြီးပေါ့နော်"

"မားမားက သံယပ်တောင်မင်းသမီးလေး၊ ငါက စွန်းဝူခုန်းပဲ"

"သံယပ်တောင်မင်းသမီးလေးက အနီရောင် ကလေးတစ်ယောက်မွေးခဲ့တာ" (နီကျားကိုပြောတာလားမသိဘူး မသေချာလို့)

"မီးတောက်က မင်းကို တကယ်လောင်ကျွမ်းစေမယ်..."

(စွန်းဝူခုန်းကားကို ကိုယ်ငယ်ငယ်တုန်းကပဲကြည့်ခဲ့တာဆိုတော့ ကာရိုက်တာတွေကိုတော်တော်လေးမေ့ကုန်ပြီ၊ မှားတာရှိရင်ဆောရီးပါနော်)

...

"ရပြီ ရပြီ ကလေးလေးတွေ ငြင်းခုံနေတာရပ်ပြီး တန်းစီကြတော့"

မိသားစုတစ်စုလုံး မိသားစုဓာတ်ပုံရိုက်ရန် တိုးဝှေ့စုရုံးလိုက်ကြတော့သည်။

ရေတွက်လိုက်တော့ ၁၉ယောက်တောင်ရှိတာပဲ...

ချင်းရို့၏မိသားစုဓာတ်ပုံအယ်လ်ဘမ်တွင် နောက်ထပ်ဓာတ်ပုံအချို့ကို ထည့်သွင်းခဲ့လေပြီ။ ရဲဘော်လောင်လုက နေရာကောင်းမှာ ချိတ်ဖို့အတွက် မိသားစုဓာတ်ပုံကို ပုံကြီးချဲ့ထားခဲ့သည်။ ရဲဘော်လောင်လုက ဤဓာတ်ပုံကိုမြင်တိုင်း မျက်လုံးမှိတ်သည်အထိရယ်မောတတ်လေ၏။

ရဲဘော်လောင်လုက ကျန်းဖျင်အား စိတ်ခံစားချက်တစ်ချို့ဖြင့် "ငါတို့လင်မယားက အကြိမ်ပေါင်းမရေမတွက်နိုင်အောင်သေခြင်းရှင်ခြင်းကြားမှာ ရှင်သန်နိုင်ခဲ့ကြပြီးတော့ ကလေးတွေအများကြီးရှိလာနိုင်မယ်လို့ ငါတကယ်မထင်ထားမိခဲ့ဘူး"

ကျန်းဖျင်: "ရှင် ပိုကောင်းတဲ့စကားလုံးတွေသုံးပေးနိုင်မလားတော်?"

"ငါတို့နှစ်ယောက် ကလေးတွေကို ကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့ကြလို့ ဒီကလေးတွေ ကောင်းကောင်းကြီးပြင်းလာခဲ့ကြတာပဲ"

"အခုဆို ငါတို့မှာ သားသမီးနှင့် မြေးလေးတွေအများကြီးရှိနေပြီ၊ ငါသေသွားရင်တောင် နောင်တရစရာဘာမှမရှိတော့ပါဘူးကွာ"

"ဒီလိုစကားတွေမပြောစမ်းပါနဲ့၊ ကျွန်မကတော့ အသက်ပိုရှည်ရှည်နေပြီး တီဗီစီးရီးတွေ ပိုကြည့်ချင်သေးတယ်နော်"

လောင်လု: "တီဗီစီးရီးက ငါ့ထက် ပိုအရေးကြီးလား?"

ကျန်းဖျင်: "ရှင်က ဘာလို့ တီဗီစီးရီးနဲ့ နှိုင်းယှဉ်ချင်နေရတာလဲ?"

လုကျုံးရီ: "..."

"ဒီလောက်ကောင်းတဲ့ဘဝမျိုးမှာ နေထိုင်ဖို့ဆိုတာ အရင်ကတစ်ခါမှမတွေးဖူးတဲ့အရာပါပဲ"

...

၁၉၈၀ခုနှစ် ဇူလိုင်လတွင် ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်းဟွတို့ မောင်နှမနှစ်ယောက်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရတော့မည်ဖြစ်သည်။ ချန်ကျင်းဟွမှာ စိတ်ရှုပ်ထွေးနေလျက်။ သူ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရလိမ့်မယ်လို့ တကယ်ကြီးမထင်ထားခဲ့ချေ။

လွန်ခဲ့သောလေးငါးနှစ်ခန့်က သူသည် စစ်တပ်ထဲဝင်မယ်၊ သို့မဟုတ် ပညာတတ်လူငယ်တစ်ယောက်အဖြစ်ကျေးလက်သို့သွားမယ်၊ သို့မဟုတ် စက်ရုံမှာအလုပ်လုပ်မယ်၊ သို့မဟုတ် သူ့အဖေလိုမျိုး ရွာမှာစာသင်ပေးမယ်လို့ တွေးထားခဲ့သည်ပင်...

ဒါပေမယ့် အခုတော့ သူနှင့် သူ့အစ်မက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းသွင်းလိုက်ကြပြီး ဝင်ခွင့်စာကျလာပါက ကောလိပ်ကျောင်းသားဖြစ်လာနိုင်ပြီတဲ့လေ!!!

မောင်နှမနှစ်ယောက်ဟာ မှတ်ပုံတင်ကြေးကို ပေးကာ သူတို့သဘောကျသည့်ကျောင်းတချို့ကို ဖြည့်လိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် စာမေးပွဲခန်းထဲသို့ ဝင်ခဲ့ကြလေသည်။

သူတို့နှစ်​​ယောက်စာမေးပွဲ​ဖြေဆိုနေသည့်​နေ့ရက်များအ​တွင်း အမေဖြစ်သူချင်းမျန့်က အလွန်​စိတ်​လှုပ်ရှား​နေခဲ့၏။ သူမက သူမညီမလေးချင်းရို့ထံ အကြိမ်ပေါင်းများစွာဖုန်းဆက်ခဲ့သဖြင့် ချင်းရို့လည်း သူမအား ဖုန်းထဲကနေ နှစ်သိမ့်ပေးခဲ့ရသည်။ "ကျင်းဟွနဲ့ကျွမ်းကျွမ်းတို့ရဲ့အဆင့်တွေကို နင်စိတ်ပူနေစရာလိုသေးလို့လားဟယ်?"

"သူတို့ သေချာပေါက်ကောလိပ်တက်ကြလိမ့်မယ်"

ချင်းမျန့် စိုးရိမ်စိတ်အပြည့်ဖြင့် "သူတို့ကျောင်းမတက်ရမှာစိတ်ပူတာမဟုတ်ပါဘူးဟယ်။ သူတို့အမှားလုပ်မိပြီး သူတို့လိုချင်တဲ့ကျောင်းကိုမရခဲ့ရင် ဘယ်လိုလုပ်ကြမလဲဟင်?"

"ဝင်ခွင့်စာမတွေ့ရမချင်း ငါစိတ်ပူနေရဦးမှာပဲဟာ" အမေတစ်ယောက်အနေနဲ့ သူမကလေးတွေအတွက် စိတ်မပူဘဲဘယ်နေနိုင်ပါ့မလဲ?

"လွန်ခဲ့တဲ့နှစ်တွေမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွင်း ထူးထူးဆန်းဆန်းတွေအများကြီးဖြစ်ကြတယ်လို့ ငါကြားခဲ့ရသေးတယ်။ ဟန်ဆောင်ပြီး အစားထိုးလာဖြေတဲ့သူတွေတောင်ရှိကြသေးတယ်တဲ့"

"ကျွမ်းကျွမ်းနဲ့ ကျင်းဟွက ကောလိပ်ကိုချောချောမွေ့မွေ့တက်ရမှာပါနော်"

"သူတို့သေချာပေါက်ချောချောမွေ့မွေ့ကောလိပ်တက်နိုင်မှာပါ!"

ချင်းရို့သည်လည်း သူမအစ်မရဲ့ ထိတ်လန့်စိုးရိမ်ကြောင့်ကြသည့်ခံစားချက်ကို ကူးစက်ခံခဲ့ရသည်။ လက်ရှိဖြစ်စေ အနာဂတ်တွင်ဖြစ်စေ ကျောင်းသားတွေအတွက်ကတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲဟာ ဘဝအတွက် ပြောင်းလဲစေသောဖြစ်ရပ်တစ်ခုပင်။

"ကျွန်မတို့မိသားစုက ကလေးလေး၄ယောက် အနာဂတ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရင် ကျွန်မလည်းစိုးရိမ်ပြီးအိပ်မပျော်ဖြစ်မှာသေချာပါရဲ့" ချင်းရို့လည်း ညဘက်အိပ်နေရင်း ကလေးတွေရဲ့ အနာဂတ်ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း လုယန်ကို ပြောပြလိုက်သည်။

"မင်းအိပ်မပျော်ဘူးဆိုရင် မင်းရဲ့လုကောက မင်းကိုအဖော်ပြုပေးမှာပေါ့"

"ကျွန်မတို့သားတွေ ဘယ်တက္ကသိုလ်တက်ကြမယ်လို့ ရှင်ထင်လဲ? သူတို့အနာဂတ်မှာဘာလုပ်ကြမလဲနော်?"

ချင်းရို့က သူမသားလေးတွေ အနာဂတ်မှာ ဘာအလုပ်လုပ်မလဲဆိုတာ အလွန်သိချင်နေမိလျက်။ သူတို့က သူတို့ဖေဖေလို စစ်သားဖြစ်လာမှာလား? ဒါမှ မဟုတ် ရုပ်ရှင်မင်းသားဖြစ်လာကြမှာလား?

"သူတို့ တကယ်ကြီးအနုပညာကျောင်းတက်ချင်ရင်ရော?"

အနာဂတ်မှာ သရုပ်ဆောင်တစ်ယောက် သို့မဟုတ် ကြယ်ပွင့်တစ်ဦးဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူးလေ။

လုယန် ပြုံးကာ "အိပ်မက်မက်မနေနဲ့တော့"

လုမိသားစုတွင် အနုပညာပိုးမပါရှိချေ။

"အနုပညာကျောင်းလား? ဘယ်လိုအနုပညာမျိုးလဲ? ကိုယ်တို့သားတွေက သီချင်းဆိုနိုင်လို့လား?"

"မင်းသား၊ ဒရာမာသရုပ်ဆောင်၊ ရုပ်ရှင်တွေမှာတောင် သရုပ်ဆောင်နိုင်တာလည်းဖြစ်နိုင်ပါတယ်နော်"

သူတို့သားတွေဟာ သီချင်းဆိုဖို့တော့ မဖြစ်နိုင်ကြပါချေ။ သရုပ်ဆောင်ဖြစ်နိုင်ကြသလို၊ စစ်တပ်အနုပညာကျောင်းမှာ ကျောင်းအိုင်ဒေါဖြစ်လာပေါ့လေ။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့နှစ်ယောက်လုံးဟာ ကြည့်ကောင်းကြပြီး မျက်ခုံးထူထူ မျက်လုံးကြီးကြီးနဲ့ ချောမောလှတဲ့ကောင်လေးတွေဖြစ်ကြသလို အသံလည်းကောင်းကြ၏။ သူတို့အသံပြောင်းသွားပြီးရင် ဘယ်လိုအသံဖြစ်လာမလဲဆိုတာ သူမအရမ်းသိချင်နေမိပါပြီနော်။

"ကောင်းကင်ဖြိုဖျက်တဲ့ စွန်းဝူခုန်းအဖြစ် သွားဆော့တော့မလို့လား?"

"ဖက်ထုပ်လေးကတော့ ကောင်းကင်မှာ ပြဿနာတက်ရှာမယ့်သူပဲ"

...

သူတို့စကားပြောနေရင်း အကြောင်းအ​ရာတွေ စတင်ရှုပ်ထွေးလာလေ၏။ အနာဂတ်အကြောင်း စိတ်ကူးယဥ်နေရတာဟာ အမြဲတစေလှပလွန်းသည်ပင်။ ချင်းရို့က သူမအမျိုးသားလေးရဲ့ ရင်ခွင်ထဲခိုဝင်ကာ မတွေးလိုက်ဘဲမနေနိုင်တော့ပေ - "ကလေးတွေ ကောလိပ်ဝင်ခွင့်စာမေးပွဲစတဲ့အခါကျ ကျွန်မတို့ ဘယ်လိုပုံစံဖြစ်နေမလဲနော်?"

"ရဲဘော်လုယန်ရေ ရှင်က ကျောင်းအုပ်ကြီးလောင်လုဖြစ်လာမယ်လို့ ရှင်ထင်သလား? မာနကြီးတဲ့ကျောင်းသားတစ်ယောက် ရောက်လာပြီး 'အကိုကြီးတို့ရေ ငါတို့တကယ်ပဲပေါင်းသင်းနိုင်ကြတာဆိုတော့ သွေးသောက်ညီအစ်ကိုလုပ်ကြတာပေါ့' လို့ပြောလိုက်လေ၏။

စစ်အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးသည်လည်း အရာရှိတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်တစ်ဦး သို့မဟုတ် ရာထူးကြီးတစ်ခုခုဖြစ်ရပေမည်။ ကွန်မန်ဒါခေါင်းဆောင်လည်း စစ်အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးဖြစ်ခဲ့ဖူး၏... သူမရဲ့လုယန်ဟာ နောင်အနာဂတ်နေ့ရက်တွေမှာ ကျောင်းအုပ်ကြီးဖြစ်လာနိုင်သေးတယ်လို့ ချင်းရို့စိတ်ကူးယဥ်နေခြင်းပင်။

ရာထူးတွေပြောင်းဖို့အချိန်ကျလာတဲ့အခါ ကျောင်းအုပ်ကြီးဟောင်းက ကျောင်းသားတွေကို ပြဿနာတက်စေလိမ့်မည်။

လုယန်က သူမကို ကူကယ်ရာမဲ့နေတဲ့အကြည့်ဖြင့် "တကယ်ကြီးလား? မောက်မာတဲ့ ကျောင်းသားတစ်ယောက်နဲ့ ကိုယ်တွေ့မယ်ပေါ့? ဘယ်သူသိမလဲ? အဲ့ဒီကျောင်းသားက ကျောင်းအုပ်ရဲ့သမီးနဲ့ လက်ထပ်ချင်နေတာလည်းဖြစ်နိုင်တာပဲလေ..."

ချင်းရို့က သူ့လက်ကိုရိုက်ပြီး "ရှင်လည်း ကျောင်းအုပ်ကြီးရဲ့သမီးကို လက်ထပ်ချင်ခဲ့တာလား?" လို့မေးလိုက်သည်။

"ကျောင်းအုပ်ကြီးမှာ သမီးမရှိပါဘူးကွာ"

ချင်းရို့: "ရှင့်မှာတော့ သမီးတစ်ယောက်တောင်မဟုတ်ဘူး နှစ်ယောက်တောင်ရှိတယ်နော်"

လုယန်: "ကိုယ် ကျောင်းအုပ်ကြီးမဖြစ်ချင်ပါဘူးကွာ"

"အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲလို့? ဒါပေမယ့် ဒီအကြောင်းကိုမပြောတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ တကယ်ပဲ သမီးတွေရှိနေပြီပဲလေ"

ချင်းရို့က ဒီကိစ္စကို ဆက်မပြောတာပိုကောင်းတယ်လို့ ထင်လိုက်၏။ ဒီလိုထူးဆန်းတဲ့အလံမျိုးမလွှင့်တာပဲကောင်းပါတယ်နော်။

လုယန်: "..."

"ကိုယ်တို့သမီးက အခုမှ သုံးနှစ်ပဲရှိသေးတာ၊ အများကြီးမတွေးနေနဲ့တော့" နောက်၁၀နှစ်၊ အနှစ်၂၀ဆို ဘယ်သူခန့်မှန်းနိုင်မှာလဲ...

xxx

Ch-263

ချန်ကျွမ်းကျွမ်းနဲ့ ချန်ကျင်းဟွတို့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်အောင်မြင်မြင်ဖြေဆိုခဲ့ကြသည်။ စာမေးပွဲခန်းမှထွက်လာပြီးနောက် ဝင်ခွင့်အကြောင်းကြားစာကို စောင့်မျှော်နေကြ၏။ ကလေးနှစ်ယောက်ဟာ သူတို့မေမေချင်းမျန့်ထက် စိတ်ဓာတ်ရေးရာတွင် ပို၍သာလွန်ကြပြီး သူတို့အဆင့်အတွက် လုံးဝမစိုးရိမ်ခဲ့ကြချေ။

ချန်ကျွမ်းကျွမ်း: "အဆိုးဆုံးမှ နောက်တစ်နှစ်ထပ်ဖြေရုံပေါ့"

ဤတစ်ခေါက်တွင် စာမေးပွဲဖြေဆိုသူများစွာရှိခဲ့သည်။ တချို့လူတွေက ၁၉၇၇တွင် ဖြေဆိုခဲ့ကြပြီး ၁၉၈၀အထိ ဆက်လက်ဖြေဆိုနေကြဆဲ။ အချို့သောသူများအတွက် ကောလိပ်တက်ရန် နှစ်ပေါင်းများစွာအချိန်ယူရသည်မှာ သိပ်မဆန်းလှချေ။

ချန်မောင်နှမနှစ်ဦးဟာ ငယ်ရွယ်သေးဆဲဖြစ်သလို နောက်ထပ်နှစ်အနည်းငယ်လောက် စာမေးပွဲဖြေရပါကလည်း သူတို့အတွက်ပြဿနာကြီးမဟုတ်ဘူးလို့ တွေးကြသည်ပင်။ ထို့အပြင် ​သူတို့ရဲ့ စိတ်ဓာတ်ရေးရာမှာ အလွန်ကောင်းမွန်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရာတွင် မိသားစုကလည်း ပံ့ပိုးပေးလေ၏။

ချန်ကျင်းဟွ: "နောက်နှစ်ဆို ကျွန်တော် ပိုကောင်းအောင်လုပ်နိုင်မှာ!"

ချန်ကျင်းဟွသည် သူ့စွမ်းဆောင်ရည်က သိပ်စံချိန်မမီဘူးလို့ ခံစားခဲ့ရ၏။ သူသာ နောက်နှစ်စာမေးပွဲထပ်ဖြေရရင်တော့ ဒီနှစ်ထက်ပိုကောင်းမယ်ဆိုတာ သေချာလေသည်။

ချင်းမျန့်ကြားသည့်အခါ နှလုံးဖောက်သွားတော့မလိုပင်။ "အောင်စာရင်းတောင်မထွက်သေးဘူး၊ မင်းကတော့ နောက်နှစ်ပြန်ဖြေဖို့ စဥ်းစားပြီးနေပြီပေါ့လေ။ မင်းတို့ကလေးတွေဟာလေ တကယ်စိတ်တိုဖို့ကောင်းလိုက်တာနော်"

ချန်မျန့်: "သားသမီးတွေ မြေးတွေမှာ သူတို့ကိုယ်ပိုင်ကောင်းချီးတွေရှိပါတယ်ကွာ၊ သူတို့ဖြေချင်သလောက်ဖြေကြပါစေ"

ချင်းမျန့်: "မင်းတို့စာမေးပွဲမ​အောင်ရင်တော့ အိမ်ပြန်ပြီး ကန်စွန်းဥရောင်းလိုက်တော့"

ချန်ကျွမ်းကျွမ်း ပြုံးလိုက်ပြီး "သမီးတို့အိမ်မှာ ကန်စွန်းဥလည်းမစိုက်ဘဲနဲ့"

ချန်ကျင်းဟွ: "သား ဗိုက်ဆာနေပြီ၊ ထမင်းစားလို့ရပြီလားဗျ? သားတို့ကန်စွန်းဥမရောင်းနိုင်ရင်လည်း မားမား၊ ဒေါ်လေးနဲ့အတူတူ ပုလဲမွေးပြီးရောင်းလို့ရတာပဲလေ"

မောင်နှမနှစ်ယောက်ဟာ သူတို့မေမေနဲ့ ဒေါ်လေးက ပုလဲမွေးနိုင်ကြသလားဆိုတာမသိကြသလို၊ ပုလဲတွေကိုဘယ်လိုရောင်းရမှန်းလည်းမသိကြပေ။

"မင်းအဘိုးနဲ့ ညီလေးကို ပန်းချီဆွဲတာရပ်ပြီး ညစာလာစားဖို့ သွားခေါ်လိုက်ဦး"

ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် တစ်လအကြာတွင် ချန်ကျွမ်းကျွမ်းနဲ့ ချန်ကျင်းဟွတို့ဟာ ကျောင်းဝင်ခွင့်စာတွေကို တယောက်ပြီးတယောက် လက်ခံရရှိခဲ့ကြသည်။

ချန်ကျွမ်းကျွမ်းက မြို့တော်သာမန်တက္ကသိုလ်တွင် အင်္ဂလိပ်စာမေဂျာဝင်ခွင့်ရခဲ့သည်။ သူမလေးက သူမအဖေလို ဆရာမတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားပေသည်။ ချန်ကျင်းဟွလည်း မြို့တော်တက္ကသိုလ်တွင် သမိုင်းမေဂျာဝင်ခွင့်ရခဲ့၏။ သူတို့နှစ်ယောက်လုံးက သူတို့စိတ်ကြိုက်ကျောင်းနှင့်မေဂျာတို့ကိုရခဲ့ပါသည်။

သူတို့ မကြာခင်တက္ကသိုလ်တက်ရတော့မယ်!

ချန်မိသားစုရဲ့ ကလေးတွေက တက္ကသိုလ်တက်ခွင့်ရပြီတဲ့!"

"ငါတို့ရွာမှာ နောက်ထပ် ကောလိပ်ကျောင်းသားနှစ်ယောက်ထပ်တိုးလာတာပဲဟေ့!"

...

ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်းဟွတို့ရဲ့ ကောလိပ်ဝင်ခွင့်အကြောင်းကြားစာလက်ခံရရှိပြီးနောက် တာ့ကျောင်းရွာမှလူတွေအားလုံး သူတို့အတွက် ဝိုင်းပျော်ပေးကြကာ ဗုံတွေဆိုင်းတွေတီးခတ်ကြလေ၏။ ချန်မိသားစုဟာ အရင်တုန်းက ဘယ်မှာနေခဲ့ကြသည်ဖြစ်စေ၊ အခုတော့ သူတို့ရွာမှာနေထိုင်နေကြလေပြီ။

သူတို့ရွာမှာ နောက်ထပ်တက္ကသိုလ်ကျောင်းသားနှစ်ယောက်ရှိလာပြီဖြစ်၏။

သည့်အပြင် သူတို့က မြို့တော်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တာလေ။ တခြားရွာတွေမှာလည်း ကောလိပ်ကျောင်းသားတစ်ယောက်ရှိတဲ့ မိသားစုဟာ ဂုဏ်ယူစရာပင်ဖြစ်၏။ ဒီနှစ်မှာတော့ သူတို့ရွာမှာ ကောလိပ်ကျောင်းသားများစွာထွက်ပေါ်လာခဲ့သလို တချို့က မြို့တော်တက္ကသိုလ်တွေမှာ ဝင်ခွင့်ရခဲ့တာတဲ့။

ယခု ချန်မျန့်စာသင်ပေးနေသည့်ကျောင်းတွင် တခြားရွာမှကျောင်းသားများစွာရှိလေ၏။ ကျောင်းသားမိဘတွေဟာ သူတို့ကလေးတွေအတွက် ချန်မျန့်ကိုပဲ သင်ကြားပေးစေလိုကြပြီး တစ်နာရီလောက်လမ်းလျှောက်ရရင်တောင်မှ ချန်မျန့်အတန်းမှာပဲတက်စေချင်ကြသည်ပင်။

"တက္ကသိုလ်ဝင်ခွင့်ရတာ အရမ်းကောင်းတာပဲ၊ နောင်ကျ အစိုးရပိုင်စားသောက်ဆိုင်တွေမှာ စားသောက်နိုင်ပြီးတော့ ရွှေရောင်ထမင်းပန်းကန်ပိုင်ဆိုင်နိုင်တော့မှာပဲ"

"လယ်လုပ်စရာလည်းမလိုတော့ဘူး"

"ငါတို့ကလေးတွေလည်း ကောလိပ်တက်နိုင်ရင် ကောင်းမှာ!!"

"ကောလိပ်တက်ချင်ရင်တော့ နင့်သားသမီးတွေကိုစာကြိုးစားဖို့ တိုက်တွန်းသင့်တယ်နော်!"

...

တာ့ကျောင်းရွာတွင် စိတ်အားထက်သန်ပြီး အသက်ဝင်သောလေထုဖြင့် ပြည့်နှက်နေလျက်။ မည်သည့်ကျေးရွာဖြစ်ပါစေ၊ ရွာထဲရှိတစ်ယောက်ယောက်က တက္ကသိုလ်ဝင်ခွင့်ရသရွေ့ တစ်ရွာလုံးဂုဏ်ယူကြပေလိမ့်မည်။ ဒါဟာ တစ်ရွာလုံးရဲ့ ဂုဏ်ကျက်သရေပဲလေ။

အရမ်းဂုဏ်ယူတယ်။

ယခု သူတို့ရွာမှာ ကောလိပ်ကျောင်းသားတွေ အများကြီးရှိတာကြောင့် သူတို့ရွာသားတွေဟာ တခြားရွာသားတွေရှေ့မှာ ခေါင်းကိုမော့ထားနိုင်ကြလေပြီ !!

အရမ်းမိုက်နေရော!

ဒေါ်လေးဖူက ဒီသတင်းကြားတဲ့အခါ အလွန်ပျော်ရွှင်နေလျက်။ ယခုနှစ်တွင် သူမရဲ့စိတ်အခြေအနေပြန်လည်ကောင်းမွန်လာခဲ့ပြီး ချင်းရို့အတွက် ဝက်ခြံဘေးမှာ စူကာသီးပင်တွေအများကြီးကူညီစိုက်ပျိုးပေးထားခဲ့သည်။ သူမသမီးဖြစ်သူ မုန့်လန်လည်း ပုလဲမွေးမြူရန်သွားခဲ့ပြီး ချင်းရို့က သူမအတွက် လစဉ်လုပ်အားခ ယွမ်ဒါဇင်ပေါင်းများစွာပေးသလို အနာဂတ်တွင် ပုလဲထုတ်လုပ်တဲ့အခါ အမြတ်ဝေစုရရှိမည်ဖြစ်သည်။

မုန့်လန်က အလွန်အလုပ်ကြိုးစားနေပြီး ယခုအခါ ပုလဲမုတ်ကောင်တွေ ပုလဲထုတ်လုပ်ဖို့ရာ နေ့တိုင်းမျှော်လင့်နေလျက်။

ချန်မိသားစုမှကလေးနှစ်ယောက် တက္ကသိုလ်တက်ခွင့်ရကြောင်း ကြားသိရသည့်အခါ မုန့်လန်လည်း ရွာသို့အမြန်ပြန်လာခဲ့သည်။ အရေးကြီးကိစ္စမဟုတ်ပါက သူမ စက်ရုံမှာပဲ နေ့တိုင်းနေလိုပေသည်။

မုန့်လန်က သူမအမေအား "မား ကျွန်မ ပိုက်ဆံပိုရှာချင်တယ်။ သမီးလေးကို စာသင်စေချင်တယ်၊ သူမလေးတက္ကသိုလ်တက်ပြီး မြို့ထဲမှာနေခွင့်ရရမယ်!!"လို့ ပြောလိုက်၏။

မုန့်လန်ဟာ ယခုအခါ စိတ်အဆင်ပြေနေပြီဖြစ်ပြီး သူမကို စွန့်ပစ်ခဲ့တဲ့လူအကြောင်း တွေးမနေတော့ဘဲ သူမရဲ့ အသက်မွေးဝမ်းကြောင်းကိုပဲအာရုံစိုက်ထားကာ ပုလဲမွေးမြူဖို့ မြှုပ်နှံထားခဲ့သည်။ ထူးဆန်းသည်ကား သူမ ပုလဲမွေးမြူရေးအကြောင်း စဥ်ဆက်မပြတ်တွေးတောနေပြီးနောက် ကျိုးယွင်ဖုန်းနှင့် စွင်းယွမ်ဖန်းတို့အကြောင်း မတွေးမိတော့ချေ။

သူမ ပိုက်ဆံပိုရှာချင်တယ်၊ သူမသမီးလေးကို ကောင်းကောင်းမွန်မွန်နေစေချင်တယ်! မုန့်လန်က ကိုယ်တိုင်အလုပ်လုပ်ပြီး လစာရတဲ့အချိန်တွေကို သဘောကျနေချေပြီ။ သူမဘဝက ပို၍ ပို၍အလားအလာကောင်းလာတယ်လို့ ခံစားမိခဲ့သည်။

မုန့်လန်သည် ပုလဲမွေးမြူရေးစက်ရုံတွင် ပုလဲတွေမွေးမြူနေခဲ့ပြီး စာသင်ရန်နှင့် ဂဏန်းသင်္ချာလေ့လာရန်အတွက် ကျောင်းစာအုပ်တချို့ကို ငှားရမ်းထားခဲ့သည်။ စမ်းသပ်စခန်းမှ သုတေသီတွေက အလွန်သတိရှိကြပြီး စိတ်ရှည်ကြသူများပင်။ မုန့်လန်က သူတို့ကို မေးခွန်းတွေအများကြီးမေးပေမယ့် သူတို့က အမြဲတမ်းစိတ်ရှည်လက်ရှည်ပြန်ဖြေပေးခဲ့ကြ၏။ သူမအား ဘယ်လိုစာဖတ်ရမလဲ၊ ဘယ်လိုလေ့လာရမလဲဆိုတာတောင် သင်ပေးသဖြင့် မုန့်လန်လည်း အရမ်းဝမ်းသာခဲ့ရသည်။

သူမဟာ တစ်နေ့ထက်တစ်နေ့ ​မတူတော့ဘူးလို့ ခံစားမိခဲ့သည်!!

"ကောင်းတာပေါ့၊ ငါတို့မြေးမလေး တက္ကသိုလ်တက်စေရမယ်! ငါတို့ကလေးတွေအားလုံး စာကြိုးကြိုးစားစားလုပ်ပြီး တက္ကသိုလ်တက်သင့်တယ်!!" သူမသမီးလေး စိတ်အားထက်သန်လာသည်ကိုမြင်သည့်အခါ ဒေါ်လေးဖူလည်း အလွန်ပျော်ရွှင်ရလေ၏။

ချန်မိသားစုကလေးနှစ်ယောက်လုံး တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီး ဒေါ်လေးဖူသည် ပုလဲမွေးမြူရေးစက်ရုံမှ ပုလဲတွေအများကြီးအမြန်ဆုံးထွက်ဖို့ မျှော်လင့်နေပါတော့သည်။

ပုလဲလှလှလေးတွေကို သူမမြင်ချင်လှပါပြီ!

"ကလေးတို့ ဝင်ခွင့်စာရကြပြီလား?! အံသြစရာပဲပေါ့..."

ချင်းရို့သည် သူမတူလေးနဲ့ တူမလေးဟာ အောင်အောင်မြင်မြင် တက္ကသိုလ်ဝင်ခွင့်ရမဟ်ဆိုတာ သိထားပြီးဖြစ်သလို သူမအစ်မအတွက်လည်း ဝမ်းသာမိပါသည်။ ဒီကလေးနှစ်ယောက်မှာ တောက်ပတဲ့အနာဂတ်ရှိလာလိမ့်မယ်။

မောင်နှမနှစ်ဦးဟာ ဝင်ခွင့်အကြောင်းကြားစာကိုလက်ခံရရှိပြီးမကြာမီတွင် ပညာသင်ကြားဖို့ မြောက်ပိုင်းကို သွားကြရတော့မည်ဖြစ်သည်။ သူတို့က အရင်ဆုံး ကွမ်ချန်သို့ သင်္ဘောစီးလာရမည်ဖြစ်ပြီး နောက်မှ မြို့တော်သို့ ရထားဖြင့်သွားရမည်ဖြစ်သည်။ ကျွန်းပေါ်က ကောလိပ်ကျောင်းသားများစွာလည်း သူတို့နဲ့အတူတူ ကွမ်ချန်သို့ သင်္ဘောစီး၍ရောက်လာခဲ့ကြသည်။

ကွမ်ချန်သည် လမ်းပန်းဆက်သွယ်ရေးကွန်ရက်အဖွံ့ဖြိုးဆုံးပင်။ သင် ဘယ်နိုင်ငံကိုသွားသည်ဖြစ်စေ ကွမ်ချန်မှာတစ်ထောက်နားရမည်ဖြစ်သည်။ ထို့အပြင် ကျွန်းပေါ်ရှိ ကလေးတွေလည်း မြို့ကြီးပြကြီးအကြောင်းကို စူးစမ်းလိုသောကြောင့် ကွမ်ချန်သို့ အတူတူသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ချန်ကျွမ်းကျွမ်းနဲ့ ချန်ကျင်းဟွတို့ မောင်နှမနှစ်ယောက်က သင်္ဘောပေါ်မှဆင်းလာသည့်အခါ သူတို့နှင့်ဆက်ဆံရေးကောင်းမွန်သောအခြားကျောင်းသားသုံးယောက်လည်းပါလာခဲ့ကြသည်။ သူတို့ ဆိပ်ခံတံတားမှ ထွက်လာသည်နှင့် သူတို့ရှေ့က စည်ကားသက်ဝင်လှုပ်ရှားနေတဲ့မြို့ကို တွေ့လိုက်ရသဖြင့် အံအားသင့်နေမိကြလျက်။

"အရမ်းသက်ဝင်လှုပ်ရှားနေလိုက်တာ!"

ကွမ်ချန်ရဲ့ ပြောင်းလဲမှုအရှိန်ဟာ မြန်ဆန်လွန်းလှသည်။ ချန်ကျွမ်းကျွမ်းနဲ့ ချန်ကျင်းဟွတို့ဟာ မနှစ်တုန်းက တစ်ကြိမ်လာဖူးခဲ့ကြပေမယ့် အခုနှစ်မှာတော့ ပြောင်းလဲသွားပြန်လေလပြီ။

ဆိပ်ခံတံတားပေါ်မှာ ကုန်ပစ္စည်းတွေရွှေ့နေကြသူများစွာရှိပြီး မြေပြင်မှထိုးထောင်နေတဲ့ အထပ်မြင့်အဆောက်အဦးအသစ်တွေလည်းရှိလာလေပြီ။ လမ်းတစ်လျှောက်လုံး ရှုပ်ထွေးနေပြီး လမ်းမပေါ်၌ စက်ဘီးတို့ဖြင့် ပြည့်ကျပ်နေသည်မှာ လူတိုင်းစက်ဘီးစီးနေကြသည့်အလား။

လက်ပတ်နီဝတ်အဘိုးအိုတစ်ဦးက လမ်းဆုံလမ်းခွ၌ ရပ်နေသလို၊ လမ်းလယ်ခေါင်တွင်လည်း ယာဉ်ထိန်းရဲတချို့ရှိနေပြီး အသစ်သစ်သောပစ္စည်းမျိုးစုံရောင်းချတဲ့ဆိုင်အမျိုးမျိုးလည်းရှိပေသည်။

စတိုးဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားသည့်အခါ အသံချဲ့စက်မှ "ထျန်းမိမိ" သီချင်းကိုထုတ်လွှင့်နေသဖြင့် ချိုမြိန်လှတဲ့အသံလေးကို ကြားရသူတိုင်း စိတ်နှလုံးအေးချမ်းစေလေသည်။

လမ်းပေါ်ရှိ ငယ်ငယ်ရွယ်ရွယ် အမျိုးသား၊ အမျိုးသမီးအားလုံးဟာ ဆံပင်ကောက်ထားကြပြီး၊ မိန်းကလေးတွေက စတိုင်မျိုးစုံစကတ်လှလှလေးတွေ ဝတ်ဆင်ထားကြကာ ယောကျ်ားလေးတွေက ခေါင်းလောင်းဘောင်းဘီအပွ၊ ပန်းပွင့်ရှပ်အင်္ကျီနှင့် သူတို့နှာခေါင်းပေါ်မှာ မျက်မှန်ကြီးကြီးတစ်လက်ကို ၀တ်ဆင်ထားကြ၏။ တချို့လူငယ်လေးတွေကလည်း ဆံပင်အရှည်ကြီးထားကြလေသည်။

တံတားပေါ်တွင် ဂစ်တာတီးနေသူတွေလည်းရှိသလို၊ ဆိုးသွမ်းတဲ့ကလေးငယ်အချို့က လိုက်တမ်းပြေးတမ်းဆော့နေကြပြီး၊ သစ်သားသေနတ်တစ်လက်ကိုင်ထားကာ သူတို့လည်ပင်းတစ်ဝိုက်တွင် စက္ကူဖြူတစ်ချို့ပတ်ထား၍ ပါးစပ်ထဲမှာဘောပင်တစ်ချောင်းကိုဟန်ပါပါကိုက်ထားရင်း big bossလို ဟန်ဆောင်နေတတ်ကြသည်ပင်။

...

သူတို့ရှေ့ရှိအရာအားလုံးဟာ လန်းဆန်းတက်ကြွနေကြလျက်။ ချန်ကျွမ်းကျွမ်း၊ ချန်ကျင်းဟွနှင့် တခြားသူတွေဟာ မြို့တက်လာကြတဲ့တောသားလူနုံများသဖွယ်။ သူတို့ဟာ ပြီးခဲ့တဲ့လအနည်းငယ်က ကောလိပ်ဝင်ခွင့်စားမေးပွဲအတွက် ပြင်းပြင်းထန်ထန်စာကြိုးစားနေခဲ့ကြရသည်။ ဒီလောက်အချိန်တိုလေးအတွင်းမှာ အပြင်လောကကြီးဟာ လုံးလုံးပြောင်းလဲသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

လမ်းပေါ်မှာတောင် TVအမျိုးမျိုး၊ အဖြူအမည်းTVများသာမက ကာလာTVများကိုပါ တွေ့မြင်နိုင်သည်။ တချို့လူတွေက သူတို့အိမ်မှာ TVရှိနေကြပြီး ကလေးတွေကလည်း ခုံတန်းလျားပေါ်မှာ TVထိုင်ကြည့်နေကြ၏။

စက်ဘီးနဲ့ ရေခဲချောင်းတွေရောင်းနေတဲ့သူတွေတောင်မှ ရပ်ပြီး TVမကြည့်ဘဲမနေနိုင်ကြချေ။

xxx

All Chapters